← Chapters

ဖမ်းဆီးခြင်း

Vol. 133 Ch. 1857

ဖမ်းဆီးခြင်း

Vol. 133 Ch. 1857

နာရီ အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်သည် ဥက္ကာခဲ တစ်ခုပေါ်တွင် ထိုင်ရင်း နွေးထွေးသည့် အပူရှိန်များ ဖြာထွက်နေသည့် ပုံဆောင်ခဲကို အသာအယာ ပွတ်သပ် ကိုင်တွယ် နေမိ၏။ အမှောင် ဟင်းလင်းပြင်၏ တိတ်ဆိတ်မှုနှင့် မြင်တွေ့နေရသော လှပသည့် ကြယ်တာရာ ကောင်းကင်ယံမှာ သူ့ထံသို့ မထင်မှတ်ထားသည့် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးသည်။

[ညာဘက်လက်မောင်း]

ကမ္မ တန်ဖိုး : ၂၁၂,၅၃၀.၅

ပထမ ကပ်ဘေး... ဖြတ်ကျော်ခြင်း - ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း - ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း - ၃/၃

စတုတ္ထ ကပ်ဘေး တားဆီးခြင်း - ၁၈ နှစ်။

[ဘယ်ဘက်လက်မောင်း]

ကမ္မ တန်ဖိုး : ချိပ်ပိတ်ထားဆဲ (ထုံးတမ်း စတင်နေသည်)

ပထမ ကပ်ဘေး...

‘ထုံတမ်း စတင်နေသည်' ဟူသော စကားလုံးမှာ ခံစားချက်ကင်းမဲ့နေသကဲ့သို့ နိမိတ်မကောင်းသလိုလည်း ခံစားရစေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ မာန အပြစ်နှင့် ဆက်နွှယ်နေသည့် အပြစ်သား တက်တူးကို ဆက်ခံစဉ်က သူ၏ ကမ္မ ကံကောင်းမှု တန်ဖိုးမှာ ချက်ချင်းဆိုသလို အသက်ဝင်ခဲ့ပြီး ဆုလာဘ်အဖြစ် ကျင့်ကြံခြင်း အခြေခံနှင့် မလိုက်ဖက်အောင်ပင် ထူးကဲသော အတွေ့အကြုံများကို ပေးအပ်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်မှာမူ ကွဲပြားနေ၏။

"ဒါက ဒီလမ်းစဉ်ကို ရွေးချယ်တဲ့သူတွေ သွားရမယ့် ပုံမှန်လမ်းကြောင်းပဲ ဖြစ်ရမယ်..."

ဝေ့ဝူယင် ကောက်ချက်ချလိုက်သည်။ ထို့အပြင်... သူသည် အပြစ်သား တက်တူးကို မရရှိမီကတည်းက ကောင်းကင်တာအို၏ ကောင်းချီးခံ တစ်ယောက် ဖြစ်လေရာ ထိုအရာကပင် ထူးခြားသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။

ကောင်းချီးခံဆိုသည့် အချက်ကြောင့်ပင် ဝေ့ဝူယင်မှာ ကမ္မ အပြစ်များ စုဆောင်းထားသည့် အပြစ်သားများကို သတ်ဖြတ်ခြင်းဖြင့် ကမ္မ ကံကောင်းမှု တန်ဖိုးများကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အခြား မည်သည့်အရာများ ကွဲပြားနေသည်ကိုမူ ဝေ့ဝူယင် အတိအကျ မသိရှိသေးပေ။ သို့သော်လည်း... သေမျိုးတစ်ဦး ဖြစ်နေခြင်းနှင့် အစစ်အမှန် အပြစ်သား ဝိညာဉ် မရှိသေးခြင်းတို့ကြောင့် သူ၏ ကမ္မ ကံကောင်းမှု တန်ဖိုးမှာ လက်ရှိတွင် ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေဦးမည်ဟု သူ ခန့်မှန်းထားသည်။ အစစ်အမှန် အပြစ်သားများမှာမူ သူတို့၏ ရည်မှန်းချက်များ အောင်မြင်စေရန် ကောင်းကင်တာအိုကို လှည့်စား၍ ကမ္မ ကံကောင်းမှု တန်ဖိုးကို မိမိစိတ်ကြိုက် အသုံးပြုနိုင်ကြလိမ့်မည်ဟု သူ ယူဆထား၏။

အကယ်၍ ထိုအယူအဆသာ မှန်ကန်ခဲ့လျှင် ကောင်းချီးပေးခံရသူများနှင့် အပြစ်သားများအကြား ခြားနားချက်မှာ အလွန်ကြီးမားသွားပေလိမ့်မည်။ ကောင်းချီးပေးခံရသူများက ပိုမိုကြီးမားသော ကံကောင်းမှုများ ရရှိရန် အပြစ်သားများကို သတ်ဖြတ်လိုကြသကဲ့သို့၊ အစစ်အမှန် အပြစ်သားများကလည်း ကောင်းချီးပေးခံရသူများကို သတ်ဖြတ်ကာ သူတို့၏ ကံကြမ္မာကို လုယူလိုကြပေလိမ့်မည်။

"ငါ ဒီတက်တူးတွေကို မြင်နေရ ဖတ်နေရတာဟာ ဖြစ်သင့်ရဲ့လား"

ဝေ့ဝူယင် အင်္ကျီလက်များကို ပင့်တင်ကာ လက်မောင်းနှစ်ဖက်ပေါ်မှ ရှုပ်ထွေးလှသည့် တက်တူးများနှင့် သူ အလိုအလျောက် သိနေသော်လည်း အမည်မဖော်နိုင်သည့် ထူးဆန်းလှသော ဘာသာစကားများကို ကြည့်ရင်း တွေးနေမိသည်။

ကောင်းချီးခံ တစ်ယောက်မှ အပြစ်သား ဖြစ်လာသူတစ်ဦး သို့မဟုတ် သဘာဝအပြစ်သားတစ်ဦးအနေဖြင့် ဤတက်တူးများကို မြင်တွေ့နိုင်စွမ်း မရှိသင့်ဟု ခပ်ရေးရေး ခံစားနေရ၏။

"မက်ဂီ များလား..."

ဝေ့ဝူယင်၏ အတွေးများမှာ ဖူရှီ ဟု ခေါ်သည့် နတ်ဘုရားကဲ့သို့ တည်ရှိမှု တစ်ခုနောက်ကွယ်မှ ထိုဝေါဟာရထံသို့ ရောက်ရှိသွားသည်။ ဖူရှီမှာ ကောင်းကင်တာအိုနှင့် အချိန်မြစ်ကိုပင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိပြီး သူ့အား သေဘေးမှ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သူ ဖြစ်၏။

ကောင်းကင်ဘုံ နတ်မျက်လုံးကို စတင်ရရှိစဉ်က ဝေ့ဝူယင် ဖူရှီ၏ ဒဏ္ဍာရီများနှင့် မှတ်တမ်းများကို လေ့လာခဲ့ဖူးသည်။ ၎င်းတွင် ကောင်းကင်၊ မြေကြီး၊ မြစ်ချောင်း၊ တောင်တန်း၊ မီးတောက်နှင့် လေထုတို့ကို ပုံဖော်ထားသည့် ပုံရိပ် တစ်ခု ပါရှိသည်။ ၎င်းမှာ ရှုပ်ထွေးသော်လည်း ထူးခြားစွာ လိုက်ဖက်ညီနေသည်။

"မီးတောက်များ ရှိပါစေ၊ စကားလုံးများ ရှိပါစေ၊ လုံခြုံမှု ရှိပါစေ၊ သာယာဝပြောမှု ရှိပါစေ၊ ပြီးတော့ သိရှိနားလည်နိုင်မယ့် အနာဂတ်လည်း ရှိပါစေ"

ထို့နောက် သူသည် ထူးဆန်းသော အာရုံတစ်ခုအတွင်းသို့ ကျဆင်းသွားခဲ့သည်။ ဝါကျင်ကျင် ရေများ ပြည့်နှက်နေပြီး ဝိညာဉ်ကို ညှို့ယူနိုင်သော အလင်းတန်းတစ်ခုသာ ရှိသည့် ကမ္ဘာတစ်ခုပင်။

ထိုအရာက ဘာလဲ၊ ဘယ်မှာလဲဟု မဆုံးဖြတ်နိုင်မီမှာပင် ထိုကမ္ဘာကြီးသည် ပြိုကွဲသွားခဲ့သည်။ အပြစ်သား ကျမ်းစာများပါ အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်မှသာ ထိုမြစ်မှာ ငရဲဘုံ၏ ကပ်ဘေး ၁၈ ခုကို ဝန်းရံထားသည့် မြစ်ဝါမြစ် ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။ ၎င်းမှာ သေဆုံးသွားသည့် ဝိညာဉ်များကို သန့်စင်ရန်အတွက် ကပ်ဘေးများ အတွင်းသို့ မပို့ဆောင်မီ ဖြတ်သန်းရသော နေရာဖြစ်၏။

ဖူရှီကို လူသားများအား ချစ်မြတ်နိုးသော ကရုဏာရှင်အဖြစ် ဖော်ပြထားသည်။ သူသည် လူသားတို့၏ အထင်ရှားဆုံးသော ဆရာတစ်ဦး ဖြစ်ပြီး၊ ခန္ဓာကိုယ် နွေးထွေးစေရန်၊ အစားအစာ ချက်ပြုတ်ရန်နှင့် အမှောင်ထုကို လင်းစေရန် မီးဖန်တီးနည်းကို သင်ကြားပေးခဲ့သည်။

ဆာလောင်မွတ်သိပ်မှုမှ လွတ်မြောက်ရန် အမဲလိုက်နည်းနှင့် ငါးဖမ်းနည်းများကို သင်ပေးခဲ့သလို၊ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ရှိစေခြင်းဖြင့် အနာဂတ်အပေါ် ကြောက်ရွံ့မှု ကင်းဝေးစေရန်လည်း လမ်းပြခဲ့သည်။

ဝေ့စီ၏ ကျေးဇူးကြောင့် မက်ဂီများအကြောင်း ကြိုတင်သိရှိခဲ့ရပြီးနောက်တွင် ထိုပုဂ္ဂိုလ်များမှာ ဖူရှီ၏ လမ်းစဉ်ကို လိုက်နာကြသည့် ကျင့်ကြံခြင်းလောက၏ ထိပ်တန်း ပညာရှင်များ ဖြစ်ကြောင်း သူ နားလည်ခဲ့သည်။ ဝေ့စီက သူတို့အပေါ် ကောင်းမွန်စွာ ဖော်ပြခဲ့ခြင်း မရှိသော်လည်း၊ ဖူရှီက သူ့အား သေဘေးမှ အကြိမ်ကြိမ် ကယ်တင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ထိုကဲ့သို့ မဟုတ်နိုင်ဟု ယူဆထားသည်။

တက်တူး၌ ရေးသားထားသည့် ဘာသာစကားများကို အလိုအလျောက် နားလည်နေခြင်းမှာ မက်ဂီများ၏ မွေးရာပါ စွမ်းရည်များလော။ ယခုအချိန်တွင် အမှန်တရားကို သိရန် မဖြစ်နိုင်သေးပေ။ သို့သော်လည်း... ဝေ့ဝူယင် နားမလည်နိုင်သော မေးခွန်းများ ရှိနေဆဲ ဖြစ်သည်။

ဖူရှီ၏ မှတ်တမ်းများကို ဖတ်ရှုခြင်းက သူ့အား မြစ်ဝါမြစ်ကို အဘယ်ကြောင့် ပြသခဲ့သနည်း။

မက်ဂီများ၊ အပြစ်သား သွေးမျိုးဆက်နှင့် ကောင်းကင်တာအိုတို့အကြား မည်သို့သော ဆက်နွှယ်မှု ရှိသနည်း။

သို့မဟုတ်ပါက ထိုအရာမှာ အနာဂတ် နိမိတ်ကို ကြိုတင်မြင်လိုက်ရခြင်းလား။

ငရဲဘုံ၏ ကပ်ဘေးကြီး ၁၈ ခုကို သူ သွားရောက်ရမည်လော။

"..."

ရုတ်တရက်... ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပသွား၏။ အာဏာရှင်ဆန်သော အလင်းတန်းများက ပတ်ဝန်းကျင်ကို လှိုင်းကဲ့သို့ ဖြာထွက်သွားသည်။

"ဧကရာဇ် ဝေ့... နေပါဦး..."

တုန်လှုပ်ချောက်ချားနေသည့် အသံတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင် မိုင်နှစ်ထောင်ခန့် အကွာအဝေးရှိ ဟင်းလင်းပြင်မှာ တုန်ခါသွား၏။

"ကျွန်မ ရှင့်ကို ရန်မူဖို့ လာတာ မဟုတ်ပါဘူး..."

ဝေ့ဝူယင် သူ့ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ဥက္ကာခဲကို ထိုလူရိပ်ရှိရာသို့ ဖြည်းဖြည်းချင်း ရွေ့လျား သွားစေလိုက်သည်။

"ဟုတ်လို့လား..."

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်၏။ လူရိပ်မှာ အစိုင်အခဲဖြစ်နေသော စွမ်းအင်ကွင်းဆက်များဖြင့် အကျဉ်းချခံထားရသည်။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အတွင်ရှိ အရာအားလုံးမှာ ဝေ့ဝူယင်၏ အကြွင်းမဲ့ ထိန်းချုပ်မှုအောက်တွင် ရှိပေသည်။ မည်သူမျှ သူ၏ အခွင့်အာဏာကို မဖီဆန်နိုင်သရွေ့ အားလုံးမှာ သူပိုင်ဆိုင်သော အရာများသာ ဖြစ်၏။

"တကယ်ပါ... ရှင် မယုံဘူးဆိုရင် ကျွန်မ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ပြရဲပါတယ်...”

ထိုသူက အလောတကြီး ဆိုလိုက်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်သည် ပေအနည်းငယ်အကွာတွင် ဥက္ကာခဲကို ရပ်တန့်လိုက်၏။

ဝတ်ရုံဖြူနှင့် မိန်းကလေး တစ်ဦး...

သူမ၏ ရွှေဝါရောင် ဆံနွယ်များက တောက်ပနေပြီး မျက်ဝန်းများမှာလည်း ဝိညာဉ်ကို လှုပ်ခတ်စေလောက်အောင် ပြာလွင်နေ၏။ ချည်နှောင် ခံထားရသဖြင့် သူမ၏ ကောက်ကြောင်းအလှများမှာ ပိုမိုထင်ရှားနေပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေ၏။ သူမကို နတ်မိမယ်တစ်ပါးဟု ခေါ်ဆိုလျှင်ပင် မည်သူမျှ ငြင်းဆန်နိုင်မည်မဟုတ်ပေ။

"မတွေ့တာ ကြာပြီပဲ... မင်ရှုဖုန်း..."

"ရှင်... ကျွန်မကို မှတ်မိနေသေးတာပဲ..."

မင်ရှုဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါနဲ့ လောင်းကြေးထပ်ပြီး ထွက်ပြေးသွားတဲ့ မိန်းကလေးကို ငါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ... အဲဒီနေ့ကစလို့ အခုထိ နှစ်ပေါင်း ငါးဆယ်လောက်ပဲ ရှိပါသေးတယ်... ငါ အဲလောက်အထိ မေ့တတ်တဲ့သူ မဟုတ်ပါဘူး"

ဝေ့ဝူယင်က အရွှန်းဖောက်ရင်း ပြုံးလိုက်၏။

မင်ရှုဖုန်းမှာ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကို ကြည့်ရင်း ခဏတာမျှ ကြောင်အ သွားခဲ့သည်။ လူတစ်ယောက်၏ မျက်လုံးများမှာ ဤမျှအထိ လှပနိုင်ပါသလော။ ဤမျှအထိ ခန့်ညားနိုင်သလား။ သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

လွန်ခဲ့သော နှစ်များက သူမ လုံချန်အစား ဝေ့ဝူယင်ကိုသာ ရွေးချယ်ခဲ့လျှင် သူမ၏ လမ်းစဉ်မှာ ယခုထက် အများကြီး ပိုမို ကြီးမြတ်နေလောက်ပြီ ဖြစ်သည်။

"ကျွန်မကို လွှတ်ပေးနိုင်မလား..."

မင်ရှုဖုန်းက ချိုသာစွာ တောင်းပန်လိုက်၏။ သူမ၏ အသံမှာ နားဝင်ချိုလွန်းလှသဖြင့် မည်သည့် အမျိုးသားမဆို ငြင်းပယ်ရန် ခဲယဉ်းလှပေသည်။

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမအား ချည်နှောင်ထားသော စွမ်းအင်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

"မင်းက အဲဒီလို လေသံမျိုးနဲ့ ပြောနေမှတော့ ငါက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ"

***

All Chapters