မင်ရှုဖုန်း၏ ရည်ရွယ်ချက်
Vol. 133 Ch. 1858
"မင်းက အဲဒီလို လေသံမျိုးနဲ့ ပြောနေမှတော့ ငါက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ"
ဝေ့ဝူယင်၏ စကားကြောင့် မင်ရှုဖုန်း၏ ပါးပြင်လေးများမှာ နီရဲကာ အနည်းငယ် ရှက်သွေးဖြာသွားခဲ့၏။ သူမသည် စကားပြောရာတွင် ဆွဲဆောင်မှုရှိစေရန် အသံ အခြေပြု ဝိညာဉ် အစီအရင်ကို မသိစိတ်ဖြင့် အသုံးပြုထားခြင်း ဖြစ်သည်။ ထိုစွမ်းအင်သည် ကောင်းကင်တာအိုကဲ့သို့ပင် အခြားသူများအပေါ် သိမ်မွေ့စွာ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ကောင်းကင်၏ ကောင်းချီးပေးခံရသူများအပေါ်တွင်တော့ ထိုနည်းလမ်းမှာ လုံးဝအသုံးမဝင်ကြောင်း သူမ ကောင်းကောင်းသိသည်။ ဝေ့ဝူယင်မှာ ကောင်းချီးခံ တစ်ယောက် မဟုတ်ဟု မည်သူကပင် ပြောပါစေ၊ ထိုသူအား လောကတွင် အမိုက်မဲဆုံးသူအဖြစ် သူမ သတ်မှတ်မည် ဖြစ်၏။
ထို့ကြောင့်ပင်... ဝေ့ဝူယင်၏ စကားမှာ သူမ၏ လှည့်ကွက် သေးသေးလေးကို ထောက်ပြခြင်း ဖြစ်နိုင်သလို၊ စနောက်ကျီစယ်ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နှစ်ခုစလုံးလည်း ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင်က ကောင်းကင် ပုရောဟိတ် တစ်ဦးလည်းဖြစ်၊ ဝင်မင်ယာ၏ ဂိုဏ်းတူ ညီမလည်း ဖြစ်သည့် မင်ရှုဖုန်းကို အကဲခတ်လိုက်သည်။ သူမ၏ ထွားကြိုင်းလာမှုမှာ သိသာလှ၏။ ယခင်ကထက် ပိုမိုဆွဲဆောင်မှု ရှိလာခြင်းမှာ ကျင့်ကြံခြင်းကြောင့်တင် မဟုတ်ဘဲ ခန္ဓာကိုယ် ပိုမိုရင့်ကျက်လာခြင်းကြောင့်လည်း ဖြစ်သည်။
သို့သော်လည်း... သိသိသာသာ ပို၍ မြင့်မားလာခဲ့သည်ကတော့ ကျင့်ကြံခြင်း အခြေခံ ဖြစ်ပေသည်။ ယခုအခါ မင်ရှုဖုန်းမှာ လျှို့ဝှက် အာဏာရှင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အတိအကျ ပြောရလျှင် မိန်းကလေး၏ ကျင့်ကြံခြင်းမှာ လျှို့ဝှက်အာဏာရှင် အဆင့်၏ ပထမအဆင့်ဖြစ်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်မှာ မကြာသေးမီက အချိန်အရှိန်မြှင့်ထားသည့် နေရာတစ်ခုတွင် ရှိနေခဲ့ပုံ ပေါ်သည်။ မိန်းကလေးမှာ ယခုအခါ ပုံမှန်အချိန်စီးဆင်းမှုနှင့် ပြန်လည် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရလေရာ ဖြစ်ပေါ်လာသည့် အချိန်လွဲချော်မှုလှိုင်းများကိုလည်း ဝေ့ဝူယင် ခံစားမိနေ၏။
ဝေ့ဝူယင်၏ စူးရှရှ အကြည့်များကြောင့် မင်ရှုဖုန်း၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမက ဝတ်ရုံဖြူနှင့် ဆံနွယ်များကို ပြန်လည်ပြင်ဆင်ရင်း ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်... ဒါနဲ့"
ဝေ့ဝူယင်က သိချင်စိတ်ဖြင့် ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်၏။
"မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ"
စောစောကတုန်းက သူ ရည်ရွယ်ချက် ရှိရှိ ပုန်းကွယ်နေခြင်း မဟုတ်သော်လည်း အစစ်အမှန် ဟင်းလင်းပြင်နဂါး သွေးမျိုးဆက်နှင့် အပြစ်သား သွေးမျိုးဆက်တို့၏ လွှမ်းမိုးမှုကြောင့် သူ၏ အော်ရာမှာ သဘာဝအတိုင်း ဖုံးကွယ်နေခြင်း ဖြစ်သည်။ ထို့ပြင် သူ ရှိနေသည့် နေရာမှာလည်း ယခင်က လူသူကင်းမဲ့သည့် ကြယ်တာရာ နယ်မြေတစ်ခုအတွင်းရှိ သူပိုင်ဆိုင်ရာ နေရာတစ်ခုသာ ဖြစ်၏။
မင်ရှုဖုန်း၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။
"ကျွန်မ ဗေဒင်တွက်ပြီး ရှင့်ရဲ့ တည်နေရာကို ရှာဖွေခဲ့တာပါ... အာကာသ ဝေဟင် ဂိုဏ်းချုပ်ကို ကျွန်မ တွက်ခဲ့ပါတယ်... အင်ပါယာ ကောင်းကင်ကနေ ထွက်ခွာသွားတဲ့သူတွေရဲ့ အော်ရာကိုလည်း တွက်ခဲ့သလို ရွှယ်ရီဖေးနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့သူ အားလုံးကိုလည်း တွက်ချက်ခဲ့တယ်... အဲဒီနေရာတွေမှာ လောလောလတ်လတ် ဖန်တီးခဲ့တဲ့ ဟင်းလင်းပြင် တံခါးတွေက ဘယ်ကို ဦးတည်နိုင်သလဲဆိုတာကိုလည်း ကျွန်မ တွက်ခဲ့တယ်... ကျွန်မ အရင်က တွေ့ဖူးတဲ့သူတွေကိုလည်း..."
မင်ရှုဖုန်းမှာ သူမ၏ တွက်ချက်မှုများကို နောက်ထပ် နည်းလမ်း ၁၁ မျိုးကို ဆက်လက်စာရင်းပြုစုပြလေသည်။
"အဲဒီလို အားလုံးလုပ်ပြီးတဲ့နောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ နေရာအတော်များများ ရလာခဲ့ပါတယ်... ဒါပေမဲ့ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ နေရာတွေကို ပယ်ဖျက်လိုက်တဲ့အခါမှာ အချက်အလက် အများဆုံး စုဆောင်းမိတဲ့ နေရာသုံးခုပဲ ကျန်ပါတော့တယ်... ဒါကတော့ ကျွန်မရဲ့ ဒုတိယမြောက် ရွေးချယ်မှုပေါ့"
မင်ရှုဖုန်းက သူမ၏ တွက်ချက်ပုံကို ရှင်းပြလိုက်၏။
"ဘာလို့ အာကာသ ဝေဟင်ဂိုဏ်းချုပ်ရဲ့ အော်ရာကို တွက်ရတာလဲ"
ဝေ့ဝူယင် သိချင်စိတ်ဖြင့် မေးလိုက်၏။ သူသည် ထိုဂိုဏ်းချုပ်နှင့် အိပ်စက်ခဲ့ပြီး သူမ၏ အော်ရာအကြွင်းအကျန်များကို အစာခြေနေဆဲ ဖြစ်သော်လည်း၊ ထိုအချက်ကို တစ်ဦးတစ်ယောက်က သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အာကာသ ဝေဟင်ဂိုဏ်းချုပ်ကို ဗေဒင်တွက်ရင် ရှင့်ကို ရှာတွေ့ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မဟာ ပုရောဟိတ်က ကျွန်မကို ပြောခဲ့တာပါ"
မင်ရှုဖုန်းက ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။ သူမ မဖုံးကွယ်ရဲခြင်းလည်း ဖြစ်၏။
"ဪ..."
ဝေ့ဝူယင် ထိုအချက်ကို မစဉ်းစားမိခဲ့ပေ။ မင်ရှုဖုန်းမှာ တိုက်ရိုက် တွက်ချက်ခြင်း မပြုပဲ ယေဘုယျ အချက်အလက်များကိုသာ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရှေးဟောင်း ချိပ်ပိတ်နယ်မြေရှိ ကျင့်ကြံသူများ အသုံးပြုလေ့ရှိသည့် နိမိတ်ဖတ် ကာကွယ်ရေး အစီအရင်များကို ကျော်ဖြတ်နိုင်သည့် ဟာကွက် တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။
"ဘာလို့ ငါ့ကို ရှာတာလဲ"
ဝေ့ဝူယင်က အနည်းငယ် ရှေ့ကို တိုးရင်း မေးလိုက်၏။ မင်ရှုဖုန်း တစ်ယောက် အနည်းငယ် တုန်လှုပ်သွားကာ တံတွေးမြိုချလိုက်မိသည်။
"ကျွန်မ..."
သူမ ခဏတာမျှ ဝေခွဲမရဖြစ်နေပြီးနောက်မှ မျက်ဝန်းများထဲတွင် ခိုင်မာသည့် အလင်းတန်းများ ပေါ်လာကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မအနေနဲ့ ရှင့်ရဲ့ အင်ပါယာ အကြံပေး ဖြစ်ဖို့ ကြိုးစားသင့်တယ်လို့ မဟာ ပုရောဟိတ်က လမ်းညွှန်ခဲ့ပါတယ်... အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်လို့ ပြောခဲ့ပါတယ်"
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမဲ့..."
မင်ရှုဖုန်းမှာ သူမ၏ ဦးခေါင်းနှင့် အတွေးများကိုပင် ဖောက်ထွင်းမြင်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး လက်သီးကို အသာအယာ ဆုပ်လိုက်သည်။
"ဒီတာဝန်ကို ကျွန်မတစ်ယောက်တည်း ပေးအပ်ခံရတာ မဟုတ်ပါဘူး... ကိုးခုမြောက် တံခါးက မင်းသား၊ မင်းသမီးတွေလည်း ပါပါတယ်... သူတို့က ကျွန်မထက် ပိုတော်တာကြောင့် အခွင့်အလမ်းက နည်းတယ် ဆိုတာ ကျွန်မ သိတယ်... ဒါကြောင့် သူတို့ထက် အရင် ကျွန်မ လျှို့ဝှက် အာဏာရှင် အဆင့်ကို ကျွန်မ ချိုးဖောက်ခဲ့တယ်... အဲဒီနောက် ကျွန်မရဲ့ ကျင့်ကြံခြင်း အခြေခံ အသစ်ကို အသုံးချပြီး ရှင့်ကို ရှာခဲ့တာပါ..."
"နောက်ပြီး ကျွန်မရဲ့ ရည်ရွယ်ချက်က အင်ပါယာ အကြံပေး တစ်ယောက် ဖြစ်လာဖို့ မဟုတ်ဘူး... ကျွန်မကို ရှင့်နဲ့အတူ ခေါ်သွားပေးဖို့ တောင်းဆိုချင်တာပါ..."
သူမက ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။
"မင်းကို ငါနဲ့အတူ ခေါ်သွားရမယ် ဟုတ်လား... ဘယ်ကိုလဲ... ငါ့ရဲ့ အိပ်ရာပေါ်ကိုလား..."
ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း စနောက်လိုက်၏။
"ရှင် ထွက်သွားတော့မှာကို ကျွန်မ သိပါတယ်... ရှင့်လိုမျိုး ကံကြမ္မာတွေ မကုန်ဆုံးသေးတဲ့သူတွေဟာ အမြဲတမ်း ပိုကောင်းတဲ့ နေရာတွေ၊ ပိုကျယ်ပြန့်တဲ့ ကမ္ဘာတွေဆီကို သွားလေ့ရှိကြတယ်... ပိုမြင့်မားတဲ့ ကျင့်ကြံခြင်း အခြေခံကို ရှာဖွေဖို့နဲ့ မိမိကို ချည်နှောင်ထားတဲ့ အရာတွေ ဒါမှမဟုတ် ဖျက်ဆီးမယ့် အန္တရာယ်တွေကနေ လွတ်မြောက်ဖို့ ထွက်သွားကြလေ့ ရှိတယ်”
မင်ရှုဖုန်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။ သူမသည် ကောင်းကင် တာအို၏ ကောင်းချီးခံများ သွားလေ့ရှိသော လမ်းကြောင်းကို ရင်းနှီးပြီးသား ဖြစ်၏။
လုံချန်းသည်လည်း ထိုလမ်းစဉ်ကိုပင် လိုက်ခဲ့သည်။ သူမ ရွေးချယ်ခဲ့ပြီးမှ စွန့်ခွာခဲ့သော အခြား ကောင်းချီးခံ တစ်ယောက်သည်လည်း ထိုအတိုင်းပင်။ ကောင်းကင် ပုရောဟိတ်များမှာ ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို ချောင်းကြည့်နေသူများ ဖြစ်သဖြင့် ကောင်းကင်တာအို၏ လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်ကြပေသည်။
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"ငါက အခုမှ အာရုဏ်ဦး အင်ပါယာကို စပြီး တည်ထောင်ခဲ့တာလေ... ဘာလို့ အခု ထွက်သွားမှာလဲ"
"ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးက နီးနေပြီလေ... ဒါကြောင့်..."
မင်ရှုဖုန်းက ခဏမျှ ရပ်နားလိုက်ပြီးနောက်မှ စကားကို ပြန်ဆက်လိုက်၏။
"ရှင့်ကို ဖျက်ဆီးနိုင်မယ့် ကိန်းအောင်းနေတဲ့ အန္တရာယ်တွေဆီကနေ ရှောင်သွားဖို့ လိုတယ် မလား..."
မင်ရှုဖုန်း မသိရှိသည့် အရာမှာ ဝေ့ဝူယင်အတွက် မည်သည့် အန္တရာယ်မှ မရှိခြင်းပင်။ မိစ္ဆာ အာဏာရှင်နှင့် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး ပင်လျှင် သူ့အတွက် အန္တရာယ် မဟုတ်ပေ။ အမှန်တကယ်တော့ ထိုအရာနှစ်ခုစလုံးမှာ သူ အလိုရှိသလောက် စားသုံးနိုင်မည့် ပွဲတော်ကြီးများသာ ဖြစ်သည်။ မိစ္ဆာအာဏာရှင်မှာ သူ့ အမိန့်ကို နာခံနေရသူဖြစ်ပြီး၊ ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး၏ အကြောင်းတရားနှင့် အကျိုးတရားများကိုလည်း သူ အပြည့်အဝ တွက်ချက်ထားပြီး ဖြစ်သည်။
သူ ထွက်ခွာခြင်းမှာ ကောင်းကင်တာအိုနှင့် သိပ်မသက်ဆိုင်ဘဲ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ မာနနှင့် လိုအပ်ချက်များကြောင့်သာ ဖြစ်၏။ ကောင်းကင်စစ်ဝိညာဉ်၏ ကျင့်ကြံခြင်း တစ်ခုတည်း အတွက်ဆိုလျှင် ဝေ့ဝူယင် အပြင်သို့ပင် ထွက်ခွာရန် မလိုပေ။ စစ်ဥပဒေသ မျိုးစေ့အား ဖွဲ့စည်းဖို့ အတွက် ဆိုလျှင် ဝေ့ဝူယင် အနေဖြင့် အဇူရာ မူလ ဂလက်ဆီဇုံရှိ အဖွဲ့အစည်းများကို စစ်ကြေညာ၍ ရပေသည်။
ဝေ့ဝူယင် ခဏမျှ စဉ်းစားလိုက်၏။ ဤခရီးစဉ်တွင် ကောင်းကင် ပုရောဟိတ် တစ်ယောက်ကို ခေါ်သွားဖို့ သူ့ထံတွင် ဆန္ဒရှိခဲ့ပေသည်။ ဝမ်မင်ယာက မရှိသည့် အကြောင်း ယင်နှင့်ပင် ပြောခဲ့ရသေးသည်။ ယခုတွင်တော့ အဆင်သင့်ခဲ့လေပြီ ဖြစ်သည်။
***