ဧဒင်၏ စွမ်းအား
Vol. 133 Ch. 1860
"ဟုတ်တယ်..."
ဝေ့ဝူယင် စုနန်ကျူး၏ မေးခွန်းကို ခေါင်းညိတ်လိုက်ရင်း ကစားပွဲ ကမ္ဘာအတွင်းရှိ လောကထဲသို့ အာရုံခံကြည့်လိုက်ရာ အဆင့်နိမ့် ကောင်းချီးခံ အနည်းငယ်ကို တွေ့ရှိရသည်။ ထိုသူတို့၏ ကမ္မကံ ကံကောင်းခြင်း တန်ဖိုးမှာ သူ၏ အစောပိုင်း ကာလက တန်ဖိုးခန့်သာ ရှိသဖြင့် အထင်ကြီးလောက်စရာ မရှိလှပေ။ ကောင်းကင်တာအိုက အဆင့်မြင့် ကောင်းချီးခံ တစ်ဦးကို ဘာကိုမှ ဂရုမစိုက်သည့် အကြီးအကဲ တစ်ဦးနှင့် နာမည်ကြီး မိန်းမလိုက်စားသူ တစ်ဦးတို့၏ အပျင်းပြေ ကစားပွဲထဲသို့ စေလွှတ်လိုက်မည် ဆိုလျှင်ပင် ပို၍ ထူးဆန်းနေဦးမည် ဖြစ်သည်။
ထိုကမ္ဘာထဲတွင် သန်းပေါင်းများစွာသော သက်ရှိများ ရှိနေကြသည်။ ပတ်ဝန်းကျင် အနေအထားနှင့် မျိုးနွယ်စုများမှာလည်း အလွန်အမင်း စုံလင်လှပေ၏။ ထိုနည်းတူစွာပင် မတူ ကွဲပြားသော ရိုးရာယဉ်ကျေးမှုများနှင့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းများလည်း ရှိနေကြသည်။ ထိုကမ္ဘာမှာ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက် ဖန်တီးပျိုးထောင်ထားသည့် လျှို့ဝှက်ဆန်းကြယ် ကစားပွဲတစ်ခုအတွက် သီးခြား လောကတစ်ခု ဖြစ်သည်မှာ ထင်ရှားလှပြီး လွန်ခဲ့သော ခုနစ်ရက်အတွင်းမှ ဖန်တီးခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။
အကယ်၍ မမျှော်လင့်ဘဲ ရုတ်တရက် ဘေးအန္တရာယ် တစ်ခု ကျရောက်လာပါက ထိုလောကမှာ သူတို့၏ မျိုးဆက်များနှင့် ရတနာများကို ဝှက်ထားနိုင်ရန် အသုံးပြုသည့် လျှို့ဝှက်နယ်မြေ တစ်ခုပင် ဖြစ်နိုင်ပေသည်။
သေမျိုးတစ်ဦးက လောကအင်ပါယာ တစ်ဦး၏ ရတနာကို ရှာဖွေတွေ့ရှိသွားခဲ့မည် ဆိုလျှင် အလွန် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။ ထိုအရာက မည်သို့သော ပုံပြင်မျိုး ဖြစ်လာမည်နည်း။ မည်သို့သော ဝတ္ထုဇာတ်လမ်းမျိုးကို ဖန်တီးမိမည်နည်း။
ဝေ့ဝူယင် ထိုကမ္ဘာလုံးပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်ရင်း ဆေးပစ္စည်းများ၊ အဆောင်များ၊ လက်နက်များ၊ ကျင့်ကြံခြင်း နည်းလမ်းများ၊ ကျင့်စဉ်များနှင့် ဂါထာများ အပါအဝင် မတူညီသော ပစ္စည်း တစ်ဒါဇင်ကျော်ကို ထည့်သွင်းပေးလိုက်သည်။ ဤအရာက ထိုလောကကို အနည်းငယ် ပို၍ အသက်ဝင်လာစေမည် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သော်လည်း လောကအင်ပါယာ နှစ်ဦးစလုံးမှာ အံ့အားသင့်ခြင်း မရှိကြပေ။ တတိယမြောက် လူတစ်ဦးက အတွင်းရှိ လောကကို ကောင်းချီးပေးခြင်းမှာ မဆန်းကျယ်လှသည့် အရာပင်။ ကစားပွဲကို ပို၍ စိတ်ဝင်စားစရာ ကောင်းအောင် ပြုလုပ်ပေးသည် ဖြစ်ရာ သူတို့အတွက် အရေးမကြီးပေ။ ဝေ့ဝူယင်သည် ဤသို့သော ကိစ္စရပ်များတွင် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သဖြင့် သင့်လျော်သော အတိုင်းအတာအထိသာ ဝင်ရောက် စွက်ဖက်ခဲ့သည်။
မင်ရှုဖုန်း၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့၏။ လျှို့ဝှက်ဆန်းကြယ် ကစားပွဲ ဆိုသည်မှာ ကောင်းကင် ပုရောဟိတ်များ အမြဲတစေ ဆွေးနွေးလေ့ရှိပြီး အတုယူ ဖန်တီးလေ့ရှိသော အရာတစ်ခု ဖြစ်သည်။ အမှန်စင်စစ် ၎င်းကို ဖန်တီးခဲ့သူများမှာ ပုရောဟိတ် မျိုးနွယ်များပင် ဖြစ်ကြပြီး သူတို့၏ လမ်းစဉ် အတွက် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုကစားပွဲ၏ မူလအမည်မှာ 'ကောင်းကင်' ဟု ခေါ်ဆိုသော်လည်း... ထိုအမည်ဖြင့် ကစားခဲ့သူများ အားလုံးမှာ သိသိသာသာ ကျိန်စာသင့်ခဲ့ကြပြီး ရှင်းပြမရနိုင်သော ဘေးဒုက္ခများကို ခံစားခဲ့ကြရသည်။ ထို့နောက်တွင် အခက်ခဲဆုံးသော ရည်မှန်းချက် ဖြစ်သည့် ရွေးချယ်ခံရသူကို လျှို့ဝှက် အာဏာရှင် အဆင့်သို့ တက်လှမ်းစေပြီး ကစားပွဲ၏ ဘောင်အတွင်းမှ လွတ်မြောက်စေရန်ဟူသော အဓိပ္ပာယ်ကို ယူ၍ 'လျှို့ဝှက် ကစားပွဲ' ဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
"သူ ဘယ်မှာလဲ"
ဝေ့ဝူယင်က မေးလိုက်သည်။
“နောက်က လိုက်ခဲ့ပါ...”
စုနန်ကျူးက နှောင့်နှေးခြင်း မရှိဘဲ ဝေ့ဝူယင်ကို နန်းတော်၏ အတွင်းပိုင်းဆီသို့ ဦးဆောင် ခေါ်သွားတော့သည်။ ကျားယန်ကလည်း နောက်မှ လိုက်ပါသွား၏။
သူတို့သည် ကစားပွဲ လောက၏ အချိန် အရှိန်မြှင့်ထားမှုများကို ရပ်တန့်လိုက်ပြီး ပုံမှန် အတိုင်းအတာဖြင့် စီးဆင်းစေရန် ပြုလုပ်လိုက်သည်။ ဤနည်းဖြင့် အရေးကြီးသည့် အရာမှန်သမျှကို လွတ်သွားတော့မည် မဟုတ်ပါချေ။
မင်ရှုဖုန်းမှာ ဝေ့ဝူယင်နှင့် အလွန်နီးကပ်စွာ လိုက်ပါလာ၏။ သူမ၏ ခန္ဓာကိုယ်ဆီမှ ပျံ့လွင့်လာသည့် ကောင်းကင်ရနံ့တို့မှာ ဝေ့ဝူယင် နှာခေါင်းဝသို့ ပျံ့လွင့်လာသည်။
"ကျွန်မ ကတိပေးပါတယ်... သူက ရှင့်အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
ဤသည်မှာ သူမ၏ အသုံးဝင်မှုကို သက်သေပြရန် ပထမဆုံးသော အခွင့်အရေး ဖြစ်သည်။ သူမ အမှားအယွင်း မခံနိုင်ပေ။
"အင်း..."
ဝေ့ဝူယင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။ သူတို့နှစ်ဦးသည် စုနန်ကျူး၏ နောက်မှ လိုက်ပါရင်း နန်းတော်ခန်းမဆောင်များကို ခြေကျင်ဖြတ်ကျော်လာခဲ့ကြသည်။ လမ်းများမှာ ရှုပ်ထွေးလှပြီး နောက်ဆုံးတွင် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည့် သံတံခါးကြီး တစ်ချပ်ရှေ့သို့ ရောက်ရှိလာသည်။
မင်ရှုဖုန်းမှာ သူမ၏ ကံကြမ္မာ ဝိညာဉ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး ကိုယ်တွင်းစွမ်းအင် စီးဆင်းမှုများမှာလည်း တုံ့ဆိုင်းသွားသည်။ ထိုခံစားချက်က အလွန်အမင်း နေရထိုင်ရခက်လှပေသည်။
"လောက တားမြစ်ထောင်..."
ဝေ့ဝူယင် ထိုတံခါးကို အသေးစိတ် စစ်ဆေးကြည့်လိုက်ရာ ရွှယ်ရီဖေး၏ လောက တားမြစ်ခြင်း အစီအရင်နှင့် ဆင်တူနေကြောင်း တွေ့လိုက်ရသည်။
ရွှယ်ရီဖေးမှာ မြေကြီးရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များ အပါအဝင် ထူးချွန်ထက်မြက်သူများကို များစွာသော အဖိုးအခများပေး၍ ထိုအစီအရင်ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ ၎င်းကို စုမေ့အား ခေတ္တချုပ်နှောင်ရန် အသုံးပြုခဲ့ပြီး မူလက စုမေ့နှင့် ကျူးဟိုင်တို့ နှစ်ဦးစလုံးအတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ယခုရှေ့မှ တံခါးနှင့် အတွင်းခန်းမှာမူ စစ်မှန်သော 'လောက တားမြစ်ထောင်' ပင် ဖြစ်သည်။
"ကျန်းကျဲဝူရှုရဲ့ လက်ရာလား..."
ဝေ့ဝူယင်က မေးမြန်းလိုက်၏။ စုနန်ကျူးမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ခေါင်းကို ညိတ်ပြကာ အတည်ပြုပေးသည်။
"ဟုတ်ပါတယ်... ဒါက လောကအင်ပါယာ အများစုကို ဖမ်းဆီးထားနိုင်ပြီး သူတို့ကို သေမျိုးတွေလိုပဲ အကူအညီမဲ့သွားအောင် လုပ်နိုင်ပါတယ်"
သူက စကားကို ထိုမျှနှင့် ဖြတ်လိုက်၏။ ဤထောင်အား အဘယ်ကြောင့် ဖန်တီးခဲ့ရသနည်းဟူသော အကြောင်းရင်းကို မပြောလိုကြောင်း သိမြင်နိုင်သည်။ ဝေ့ဝူယင်ကလည်း သိလိုစိတ် ပြင်းပြမနေပါချေ။
ထို့အပြင်... သူ့တွင် အခြား နည်းလမ်း ရှိနေပေသည်။ ဝေ့ဝူယင် စုနန်ကျူးကို ကြည့်လိုက်ရင်း ဧဒင်၏ စွမ်းအားအပေါ် တားမြစ်ထားသည့် ချိပ်စည်းကို ဖြေလျှော့လိုက်၏။ သူ၏ မျက်ဝန်းများမှာ အရောင်ခုနစ်မျိုးဖြင့် ခဏမျှ တောက်ပသွားသည်။ ထို့နောက်တွင်တော့... စုနန်ကျူး၏ အတွေးများမှာ ဝေ့ဝူယင်အတွက် ပုရပိုက်ပေါ်မှ စာသားများကို ဖတ်နေရသကဲ့သို့ ထင်ရှားနေတော့သည်။
'နည်းနည်းပါးပါး ပြုပြင် မွမ်းမံပြီးတာနဲ့ ဒီထောင်ကို သုံးပြီး ဟိုစုန်းမကို ဖမ်းလို့ရပြီ... ငါ သူ့ကို နှစ်ပေါင်းတစ်သောင်း ပြည့်အောင် နှိပ်စက်မယ်၊ သူ့ဝိညာဉ်ကို အစအနမကျန် ဖျက်ဆီးပစ်မယ်၊ ပြီးရင် ပြန်ပြင်မယ်... ငါ ကျေနပ်တဲ့အထိ အဲဒီလိုပဲ ထပ်ခါတလဲလဲ လုပ်နေမယ်... သူ့ကို မျှော်လင့်ချက်မဲ့တယ် ဆိုတာ ဘာလဲဆိုတာ သိအောင် လုပ်ပြမယ်... မဟုတ်သေးဘူး... သူကိုယ်တိုင်ကိုက မျှော်လင့်ချက်မဲ့ခြင်းရဲ့ ပြယုဂ် ဖြစ်လာစေရမယ်... ထာဝရ အိပ်မက်ဆိုးထဲမှာ ရှင်သန်ရင်း သေခွင့်ပေးဖို့ တောင်းပန်နေစေရမယ်'
စုနန်ကျူး၏ ရိုင်းစိုင်းကြမ်းတမ်းပြီး အထိန်းအကွပ်မဲ့နေသည့် အမုန်းတရားများကို ဝေ့ဝူယင် မြင်တွေ့လိုက်ရသည်။ ထိုအမုန်းတရားနှင့်အတူ ပါလာသည့် အတွေးများ၊ ထိုအရာကြောင့် ဖြစ်ပေါ်လာသော အိပ်မက်များ... စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အရာမှန်သမျှ ဝေ့ဝူယင်၏ ရှေ့မှောက်တွင် ဗလာကျင်းနေတော့၏။
စုနန်ကျူး၏ ပစ်မှတ်မှာ မည်သူဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်ရပြီ ဖြစ်သည်။ အကြောင်းရင်းကိုလည်း သူ သိသည်။ ထိုကိစ္စ အောင်မြင်လိမ့်မည်ဟူသော အတွေးမျှဖြင့်ပင် ရရှိနေသည့် ကျေနပ်မှုကိုလည်း သူ မြင်ရသည်။ သို့သော်လည်း... စုနန်ကျူး၏ နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာတွင်မူ ထိုအရာမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟူသော ခိုင်မာသည့် ယုံကြည်ချက်ကိုလည်း သူ 'မြင်' နေရသည်။
၎င်းမှာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သည်။ လက်တွေ့ဖြစ်လာစေလိုသော ဆန္ဒဖြင့် တွန်းအားပေးထားသည့် စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပေသည်။
သူ့ပစ်မှတ်မှာ အစစ်အမှန် ကောင်းကင်ရှန့်ထို တစ်ဦး၏ ဇနီးပင် ဖြစ်သည်။ သူမသည် စုနန်ကျူး၏ ချစ်လှစွာသော မြေးမလေးကို လက်ဝါးတစ်ချက် ရိုက်ရုံဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုမြေးမလေးမှာ သူမ၏ အဆင့်အတန်းကို မသိဘဲ စုနန်ကျူး၏ မြေးဖြစ်သည်ဟူသော အချက်ကို အားကိုး၍ မောက်မာစွာ စကားပြောခဲ့မိသောကြောင့် ဖြစ်သည်။ စုနန်ကျူးမှာ သူ၏ အသက်ကို အလွန်တန်ဖိုးထားသူ ဖြစ်သဖြင့် အကြွင်းမဲ့ ယုံကြည်ချက် မရှိဘဲ စွန့်စားရန် ဝန်လေးနေခြင်း ဖြစ်သည်။
"မျှော်လင့်ချက်..."
စုနန်ကျူးက သူ့ဘက် လှည့်လာပြီး လောက တားမြစ်ထောင် အကြောင်းကို စိတ်ရှည်စွာဖြင့် ရှင်းပြနေသည်ကို ဝေ့ဝူယင် မြင်နေရ၏။ တစ်ချိန်တည်း၌ သူက အတွင်းရှိ များပြားလှသော ချိပ်စည်းများနှင့် ကန့်သတ်ချက်များကို ဖြည်းညင်းစွာ ဖြေလျှော့နေသည်။ သူ၏ အတွေးထဲတွင် ဝေ့ဝူယင်၏ ပုံရိပ်သည် အာရုဏ်ဦး လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်နှင့် ဆက်နွှယ်နေသော 'သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ်အဖွဲ့' ၏ ပုံရိပ်နှင့်အတူ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။
"မနာလိုမှု..."
ယခင်က စိတ်ကူးယဉ် သက်သက်သာ ရှိခဲ့သော်လည်း ဝေ့ဝူယင်၏ ပေါ်ပေါက်လာမှုက စုနန်ကျူးအား လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုကို ပေးစွမ်းလိုက်သည်။ ထိုလောက အင်ပါယာ အဘယ်ကြောင့် ဤမျှအထိ အောက်ကျနောက်ကျ ခံနေရသနည်းဟူသော အဓိက တွန်းအားကို ဝေ့ဝူယင် နားလည်လိုက်သည်။ ၎င်းမှာ သူ၏ မြေးမလေးအတွက် ကဲ့သို့သော သာမည ကိစ္စများထက် ထိုမိန်းမကဲ့သို့ မောက်မာနိုင်ပြီး အားအင်ကြီးမားသော စွမ်းအားကို ရရှိလိုခြင်းကြောင့် ဖြစ်သည်။ သူ၏ အသုံးမကျမှုဟူသော ခံစားချက်ကို အမြစ်ပြတ် သုတ်သင်လိုခြင်း ဖြစ်သည်။
စုနန်ကျူးသည် ခွင့်လွှတ်ရန် တောင်းပန်နေပြီး သူ၏မြေးမလေးမှာ မိုက်မဲလွန်းလှသည်ဟု ကျိန်ဆဲနေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူသည် ဒူးထောက်နေခဲ့၏။ မြင့်မြတ်သော လောကအင်ပါယာ တစ်ဦးဖြစ်ပါလျက်နှင့်... မိမိထက် ကျင့်ကြံခြင်း အဆင့်နိမ့်သော၊ လူငယ်မျိုးဆက်သစ် အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ဝပ်တွား၍ တောင်းပန်နေရသည်။ ထိုအမျိုးသမီးမှာ ညဘက်တွင် နဂါးတစ်ကောင်၏ ပေါင်ပေါ်၌ ထိုင်ခွင့်ရရုံမျှဖြင့် ဤမျှအထိ အာဏာရှိနေခြင်း ဖြစ်သည်။
"ရမ္မက်..."
သူမအား သူ့ ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး အိပ်ရာထဲတွင် အဖော်ပြုခိုင်းလိုသည့် အတွေးတစ်ခု စုနန်ကျူး၏ စိတ်အတွင်း ခဏမျှ ဖြတ်ပြေးသွားသော်လည်း လွှမ်းမိုးချုပ်ကိုင်လိုသော ပြင်းပြသည့် ဆန္ဒများက ထိုအတွေးကို ဖုံးလွှမ်းသွားသည်။
ထိုအချိန်မှာပင် စုနန်ကျူးမှာ နောက်ဆုံးသော ချိပ်စည်းကို ဖြေလျှော့လိုက်ပြီ ဖြစ်သည်။
***