ရာဂ အပြစ်သား
Vol. 133 Ch. 1861
ဝေ့ဝူယင် စွမ်းအားကို ပြန်လည် ရုတ်သိမ်းပြီး အသိစိတ် ပင်လယ် အတွင်းရှိ ဧဒင်နှင့် ဆက်သွယ်လိုက်၏။
“တကယ်ကို အံ့ဩစရာကောင်းတဲ့ စွမ်းအားပဲ... ဧဒင်... ဒီစွမ်းအားက ဘာလဲဆိုတာ မင်း သိပြီလား... ဘယ်လို ဖြစ်လာတာလဲ...'
စိတ်အာရုံ သိမြင်မှု အတိမ်အနက်မှာ အံ့မခန်း ကြောက်စရာ ကောင်းလှသည်။ စုနန်ကျူး၏ လက်ရှိ အတွေးများနှင့် အစစ်အမှန် ပင်ကိုယ်စရိုက်ကိုသာမက သူ့ နှလုံးသားထဲရှိ မျှော်လင့်ချက်၊ မနာလိုမှု၊ ရမ္မက်နှင့် ဖောက်ပြန်သော စိတ်ကူးယဉ်မှု ကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကိုပါ မြင်နေရသကဲ့သို့ ဖြစ်သည်။
တစ်ဖန်ပြန်စဉ်းစားကြည့်ရသော်... ဝေ့ဝူယင်ကိုယ်တိုင်လည်း တစ်ချိန်က သူ၏မိသားစုအား သတ်ခဲ့သူများကို သုတ်သင်ရန် နေ့စဉ်နှင့်အမျှ အိပ်မက်မက်ခဲ့ဖူးသည်။ ထိုအရာကပင် သူ့ကို အောင်မြင်မှုဆီသို့ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ သူ ကိုယ့်ကိုယ်ကို ရက်စွဲများနှင့် ကန့်သတ်ထားခြင်း မရှိပဲ တစ်နေ့တွင် မည်သို့ပင်ဖြစ်စေ အောင်မြင်ရမည်ဟူသော ပြင်းပြသည့် ဆုံးဖြတ်ချက်နှင့် ယုံကြည်ချက်အပေါ်တွင်သာ ရပ်တည်ခဲ့သည်။ ၎င်းမှာ သူ့ ကျင့်ကြံခြင်း နှလုံးသား၏ အလွှာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ပိုမိုကြီးမားသော စွမ်းအားနှင့် အဆင့်အတန်းကို လိုလားသည့် ခံစားချက်ကို သူ အတိုင်းအတာတစ်ခုအထိ နားလည်ပေးနိုင်ပါသည်။
"မသိသေးဘူး..."
ဧဒင်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော လေသံဖြင့် တိုတိုတုတ်တုတ် ပြန်ဖြေသည်။ ဧဒင် အနေဖြင့် မိမိ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ရုန်းကန်နေရသည်ကို မြင်ရခြင်းမှာ ပထမဆုံး အကြိမ်ပင်။
ဧဒင် မည်ကဲ့သို့သော စွမ်းအားမျိုးအား နိုးထစေခဲ့ကြောင်း ဝေ့ဝူယင် မတွေးဘဲ မနေနိုင်တော့ပေ။
"ဒါပေမဲ့... နီးနေပါပြီ"
ဧဒင်က ပြင်းပြသော ဆုံးဖြတ်ချက်နှင့်အတူ ထပ်မံ ပြောကြားလိုက်၏။ ဝေ့ဝူယင်သည် ဧဒင်၏ စကားကို ယုံကြည်သည်။ ကျင့်ကြံခြင်းဆိုသည်မှာ ခက်ခဲလှပြီး ၎င်း၏ လျှို့ဝှက်ချက်များကို ဆုပ်ကိုင်နိုင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ဤအရာမှာ ဧဒင်၏ မူလအစ သို့မဟုတ် ၎င်း၏ မွေးဖွားခြင်းနှင့်ပင် သက်ဆိုင်နေပေလိမ့်မည်။ ဝေ့ဝူယင် အလျင်လိုခြင်း မရှိပါချေ။
ဟူး... ဟူး...
လေများက ဒီရေအလား အတွင်းသို့ တိုးဝင်သွားပြီး တံခါးများ ပွင့်ဟသွား၏။ ထိုအခန်းအတွင်း၌ လေထု လုံးဝ မရှိပေ။
စုနန်ကျူးက အရင်ဝင်သွားပြီးနောက် ဝေ့ဝူယင်ကို ယဉ်ကျေးစွာဖြင့် လိုက်ဝင်ရန် အမူအရာ ပြလိုက်သည်။ ဝေ့ဝူယင် လိုက်ဝင်သွားသောအခါ အဖြူရောင် လောကကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သာမန်ထက် ထူးခြားနေပြီး စိတ်ကို ထုံထိုင်းသွားစေသည့် အဖြူရောင်မျိုး ဖြစ်သည်။ အခန်းမှာ ကုဗပေ တစ်ထောင်ခန့်သာ ရှိသော်လည်း ထိုအဖြူရောင်ကြောင့် အဆုံးမဲ့နေသကဲ့သို့ ခံစားရသည်။ ဤနေရာတွင် အကွာအဝေးနှင့် အရပ်မျက်နှာကို အလွယ်တကူ ပျောက်ဆုံးသွားနိုင်သည်။
အခန်း၏ အလယ်ဗဟိုတွင် ကိုယ်လုံးတီး ပုံရိပ်တစ်ခု ရှိနေသည်။ သူမ၏ ခြေလက် အင်္ဂါများကို မြူခိုးရောင် အဖြူရောင် သံကြိုးများဖြင့် ချည်နှောင်ထား၏။ ထိုသံကြိုးများကို သူမ၏ အသားအရောင်ကြောင့်သာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။ သူမသည် အားအင်များ ဆုတ်ယုတ်နေပြီး စိတ်ဓာတ်ကျဆင်းနေသော ပုံစံဖြင့် တစ်ဖက်သို့ လှည့်၍ လဲလျောင်းနေသည်။ ဝေ့ဝူယင်သည် သူမ၏ သွယ်လျသော ခန္ဓာကိုယ် ကောက်ကြောင်းများနှင့် အရောင်အဆင်း မှေးမှိန်ကာ ရှုံ့တွနေသည့် အစိမ်းရောင် အမွေးပွ အမြီးကို မြင်နေရသည်။
တစ်ချိန်က ဂုဏ်သိက္ခာ မြင့်မားလှသည့် မြေကြီး ရှန့်ထို တစ်ဦး ဖြစ်ပြီး မကြာသေးမီကမှ လောကအင်ပါယာ အဖြစ် တက်လှမ်းနိုင်ခဲ့သူမှာ ယခုအခါတွင် အကျဉ်းသား ဘဝသို့ ကျရောက်နေရလေပြီ။ ဤအခန်းအတွင်း သူတို့၏ ခြေသံများမှာ လုံးဝ ထွက်ပေါ်မလာပေ။
မင်ရှုဖုန်းမှာ အခန်းအလယ်ရှိ မြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ချောက်ချားသွား၏။
"ရှင်တို့... သူ့ကို ဘာလုပ်လိုက်ကြတာလဲ...”
"သူ့ကို ဖမ်းဆီးပြီး ပိုင်ဆိုင်သမျှတွေကို သိမ်းဆည်းလိုက်ရုံပါပဲ"
စုနန်ကျူးက မင်ရှုဖုန်း၏ မေးခွန်းကို အေးဆေးစွာ တုံ့ပြန်လိုက်၏။
ပုံမှန်အားဖြင့် ဖမ်းဆီးခံရသော ကျင့်ကြံသူ အမျိုးသား သို့မဟုတ် အမျိုးသမီးများသည် ယန်စွမ်းအင် သို့မဟုတ် ယင်စွမ်းအင်များကို ထုတ်ယူခံရခြင်းဖြင့် အရှက်ခွဲခံရလေ့ ရှိသည်။ အချို့သော ယုတ်မာရက်စက်သူများမှာမူ ပို၍ပင် ဆိုးရွားစွာ ပြုမူတတ်ကြသည်။ အထူးသဖြင့် အမျိုးသားများအတွက်မူ ထိုအခြေအနေမှာ ကယ်တင်၍ မရနိုင်တော့ဘဲ မျှော်လင့်ချက် ကင်းမဲ့လှပေသည်။
သို့သော် အမျိုးသမီးများမှာမူ မိမိတို့၏ အသက်ရှင်သန်ခွင့် အတွက်ဖြစ်စေ၊ နှစ်ကိုယ်တူ ကျင့်ကြံရန် အတွက်ဖြစ်စေ... မိမိကိုယ်ကို ယင်မီးဖို အဖြစ် ဆက်သနိုင်ကြသည်။ အဇူရာ မူလ ဂလက်ဆီဇုန် တစ်လျှောက်တွင် တစ်ချိန်တစ်ခါက အကျဉ်းသား ဖြစ်ခဲ့ဖူးသူများမှာ ထင်ရှား ကျော်ကြားသည့် ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ဖူးသည့် ပုံပြင်များစွာ ရှိခဲ့သော်လည်း ထိုသူများ၏ ၉၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။
ဝေ့ဝူယင်သည် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့၏ ဂုဏ်သိက္ခာကြီးမားသော ခေါင်းဆောင်နှင့် အနည်းငယ်မျှသာ ကွာဝေးသော နေရာအထိ ရှေ့သို့ လျှောက်သွားလိုက်၏။
သူမ၏ အဖျားချွန် နားရွက်များမှာ တုန်ခါသွားသည်။ သူမ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ရာ အနက်ရောင် ကြယ်ပုံ သဏ္ဌာန် သူငယ်အိမ် တစ်စုံနှင့် မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ သူမ၏ အသားအရောင်မှာ နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေပြီး မျက်ခုံးများမှာ ထူထဲကာ နှုတ်ခမ်းလွှာများမှာ သွယ်လျသော ခန္ဓာကိုယ်ကဲ့သို့ပင် ပါးလွှာလှသည်။ မေးစေ့မှာလည်း သိသိသာသာ ချွန်ထက်နေသည်။ သူမသည် ထူးထူးခြားခြား ထင်ပေါ်သည့် လက္ခဏာများ မရှိသည့် သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း... သူမ၏ မျက်ဝန်း အနက်ရှိုင်းဆုံး နေရာတွင်မူ ယုတ်မာ ကောက်ကျစ်သော အငွေ့အသက်များ ကိန်းအောင်းနေပေသည်။
သူမ၏ ကြယ်ပုံသဏ္ဌာန် သူငယ်အိမ်များထဲတွင် ဝေ့ဝူယင်၏ ပုံရိပ်မှာ ဝေဝါးစွာ ထင်ဟပ်နေ၏။ သူမ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့နေပြီး ပါးစပ်ကို အားယူ၍ ဖွင့်ဟလိုက်သည်။
"မိစ္ဆာပေါက်စလေး... မင်း ရောက်လာပြီပဲ..."
သူမ၏ အသံမှာ အက်ရှနေပြီး အားအင်ကုန်ခမ်းနေကြောင်း ထင်ရှားလှသည်။
“...”
ဘေးမှ ကြည့်နေသော မင်ရှုဖုန်းမှာ သူမ၏ စကားကြောင့် မှင်သက်သွားခဲ့၏။
‘မိစ္ဆာပေါက်စလေး...’
ထိုအသုံးအနှုန်းက ရဲတင်းလွန်းလှသည်။ စုနန်ကျူးပင်လျှင် တုန်လှုပ်သွားရ၏။ သူတို့နှစ်ဦးက ရင်းနှီးနေကြသည်လား။ သို့သော်လည်း... အာရုဏ်ဦး လောကရှန့်ထို၏ မျက်ဝန်းထဲတွင်မူ အမျက်ဒေါသ အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ဝေ့ဝူယင် အတွက်တော့ သူမမှာ အပြစ်ဒုစရိုက်များဖြင့် ပြည့်နှက်နေသော တည်ရှိမှုတစ်ခု ဖြစ်သည်။ အကယ်၍ သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်းသာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေအတွင်း အနှိုင်းမဲ့အဆင့်တွင် ရှိမနေခဲ့ပါက ကောင်းကင်တာအိုမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် သူမကို သုတ်သင်ခဲ့ပြီးလောက်ပြီ ဖြစ်သည်။ အမှန်စင်စစ် ကြိုးပမ်းခဲ့ဖူးခြင်းလည်း ဖြစ်နိုင်သည်။ ကောင်းကင်တာအို၏ စီစဉ်မှုများမှာ အမြဲတမ်း အောင်မြင်လေ့မရှိပေ။ ကောင်းချီးခံတိုင်းမှာလည်း နှစ်ပေါင်းထောင်ချီ၍ အသက်ရှင်သန်ပြီးသည့် ကောက်ကျစ် ယုတ်မာသော ဗီဇနှင့် အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းများစွာကို ဆုပ်ကိုင်ထားသည့် အပြစ်သား ရန်သူများကို ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။
ဥပမာအားဖြင့် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ခေါင်းဆောင်သည် သူမ၏ ဧရာမ အရိပ်ဥ အတွင်းမှ ထွက်ခွာလေ့ မရှိသလောက်ပင်။ ထို့ကြောင့်ပင်... သူမကို ရှာဖွေရန် ခက်ခဲပြီး ရင်ဆိုင်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။
မင်ရှုဖုန်းက ဝေ့ဝူယင် အနားကို တိုးတက်၍ ဝိညာဉ်အာရုံဖြင့် ဆက်သွယ် ပြောဆိုလိုက်၏။
"သူက ပြင်ပလောက အကြောင်းတွေကို အသေးစိတ် သိထားတာ... မဟာ ပုရောဟိတ် ပြောဖူးတာကတော့ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ခေါင်းဆောင်ဟာ တစ်ဖက်လောကရဲ့ အကြောင်းအရာတွေနဲ့ လျှို့ဝှက်ချက်တွေကို အသိဆုံး လူသားပဲတဲ့... ပြီးတော့ သူ့မှာ ထူးဆန်းတဲ့ အဆင့်အတန်းတစ်ခု ရှိနေပြီး အပြင်လောကနဲ့ အမြဲတမ်း ဆက်သွယ်နေတာ... သူက ချိပ်ပိတ်နယ်မြေထဲကနေ ဘေးကင်းကင်းနဲ့ ဘယ်လို ထွက်ခွာရမလဲ ဆိုတာကိုလည်း သိလိမ့်မယ်"
မင်ရှုဖုန်းက ပြင်ပလောကသို့ စွန့်စားသွားမည့် မည်သူမဆို သိထားသင့်သည့် အရေးကြီးသော အချက်အလက်များကို ရေတွက်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာမူ တုန်လှုပ်ခြင်း မရှိပေ။ သူသည် ပြင်ပလောက အကြောင်းကို များစွာ သိရှိထားပြီး ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင် အချို့၏ မှတ်ဉာဏ်များကို သူ ရှာဖွေ ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူ့ထံ၌ ရှုယု အပါအဝင် လောက အင်ပါယာများလည်း ရှိနေသည်။
ထွက်ခွာရန် ကိစ္စလား။ သူ့ထံတွင် 'အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ’ ရှိနေသည်။ ဤလောကသည် သူ၏ လောကသာ ဖြစ်သည်။ သူ အလိုရှိသည့် အချိန်တိုင်း ဘေးကင်းစွာ ဝင်ထွက်သွားလာနိုင်ပေသည်။ မင်ရှုဖုန်းမှာမူ ဝေ့ဝူယင်၏ ဂျိုးငှက်နီမြို့မှ သာမန် ဇစ်မြစ်နှင့် ထူးခြားလှသော အဂ္ဂိရတ် ပါရမီကြောင့် မရပ်မနား တက်လှမ်းလာမှုကိုသာ သိရှိထားပြီး ဝေ့ဝူယင်၏ အစစ်အမှန် နည်းလမ်းများကိုမူ မသိရှိပေ။ သူမ အမှန်တကယ်ပင် မသိနားမလည် ဖြစ်နေခဲ့သည်။
အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ခေါင်းဆောင်ကို လာရောက်တွေ့ဆုံခြင်းမှာ ဝေ့ဝူယင် အနေဖြင့် အချက်အချို့ကို အတည်ပြုလိုသောကြောင့် ဖြစ်သည်။ အကယ်၍ သူမ၏ အသိပညာများကို လိုချင်ပါက သူမကို သတ်ဖြတ်၍ စစ်သည်တော် အဖြစ် ပြောင်းလဲလိုက်ရုံသာ ရှိသည်။ အမှန်တကယ်တွင်လည်း သူသည် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ထားဆဲ ဖြစ်သည်။
သူ သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး ငွေရောင်မျက်ဝန်းများဖြင့် သူမ၏ အားအင်ချည့်နဲ့ကာ ဝေဝါးနေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမသည် သူ မြင်တွေ့ဖူးသမျှထဲတွင် ကမ္မအပြစ် အငွေ့အသက် အများဆုံး လွှမ်းခြုံထားသော ပုံရိပ်တစ်ခုပင်။ မရေမတွက်နိုင်သည့် အပြစ်သားများ၏ အကြီးအကဲ ဖြစ်သည့်အတိုင်းပင် သူမသည် ထိုသူတို့၏ အပြစ်အားလုံးကို ပုခုံးထမ်းထားရသူ ဖြစ်သည်။
ဝေ့ဝူယင်သည် အပြစ်သား အော်ရာများ၏ အနက်ရှိုင်းဆုံး အခြေအနေ၊ လွှမ်းမိုးမှုနှင့် ကြီးထွားနှုန်းတို့ကို စမ်းသပ်ရန်အတွက် သူမကို စမ်းသပ်ချက် တစ်ခုအနေဖြင့် ချန်ထားခဲ့ခြင်း ဖြစ်သည်။ သူမကို အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေထဲတွင် ပိတ်မိနေအောင် ပြုလုပ်ခဲ့ပြီး သူမ၏ သဘောအတိုင်း ရှင်သန်ခွင့် ပေးထားခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ်ပါက သူမ၏ အပြစ်သား အော်ရာမှာ ၂၀ ရာခိုင်နှုန်းခန့် ပိုမို ထူထဲလာသည်။ ထိုအရာကို မြင်ရရုံမျှဖြင့် မည်သူမဆို စိတ်မအီမသာ ဖြစ်သွားနိုင်ပေသည်။
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ ငရဲခန်းအလား အခြေအနေများကို သူမ၏ အော်ရာတွင် မြင်တွေ့နိုင်ပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
သို့သော်လည်း... ထိုအရာက သူ လိုအပ်သည့် အတိုင်းအတာ ပမာဏ အထိ မရောက်ပါသေးချေ။
***