ရာဂ (၂)
Vol. 133 Ch. 1850
"ဆာလောင်မွတ်သိပ်ခြင်း..."
ဝိညာဉ်ထဲမှ ထွက်ပေါ်လာသည့် သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံပမာ အသံကြီးမှာ ဝေ့ဝူယင်၏ ဝိညာဉ်နှင့် ဟန်ချက်ညီစွာ ပဲ့တင်ထပ်သွားသည်။ ၎င်းမှာ သူကိုယ်တိုင် ဖန်တီးခဲ့သော၊ သူ၏ ဆန္ဒနှင့် နားလည်ထားသည့် တာအို တစ်ခု၏ အကူအညီဖြင့် စိုက်ပျိုးခဲ့သော မျိုးစေ့လေးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုတာအိုသည် မည်သည့် ပြင်ပအင်အား၏ အကူအညီကိုမျှ မလိုအပ်ချေ။ သူ ရွေးချယ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဝေ့ဝူယင်သည် တာအိုတို့၏ ခံစားချက်ကို သေမျိုးတစ်ဦးထက် ပို၍ နားလည်သူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ တာအို သုံးမျိုး၏ ကောင်းချီးကို တိုက်ရိုက် ရရှိထားရုံသာမက အဂ္ဂိရတ် တာအိုကိုလည်း ကျင့်ကြံထားပြီး၊ သွေးထဲတွင် ဟင်းလင်းပြင် တာအိုနှင့် အသိစိတ်ထဲတွင် စိတ်ဝိညာဉ် တာအိုတို့ကို ပိုင်ဆိုင်ထားသည်။
ထို့အပြင်... ကောင်းကင်တာအိုများကိုပါ ရင်ဆိုင်ခဲ့ဖူးသောကြောင့် ၎င်းတို့၏ တည်ရှိမှုနှင့် သဘောထားများကိုပါ ဝေ့ဝူယင် ကြယ်တာရာ ဝိညာဉ်များ၏ အကူအညီဖြင့် အာရုံခံနိုင်သည်။
တာအိုများ၏ ထူးခြားသော နွေးထွေးမှုမှာ သူ၏ အစစ်အမှန် ဝိညာဉ်ထဲသို့ စိမ့်ဝင်နေသည်ကို သူ ခံစားရသည်။ သူတို့က သူ့အနားတွင် အမြဲရှိနေခဲ့ကြသည်။ ထိုအသိက သူ့ကို စိတ်အေးချမ်းစေပြီး ပျော်ရွှင်စေသည်။ ဤအေးစက်ပြီး ရက်စက်လှသော လောကကြီးထဲတွင် တစ်ယောက်တည်း ဖြတ်သန်းရခြင်းမှာ အဆိုးရွားဆုံး ခံစားချက်ပင် ဖြစ်သည်။ ထိုသို့သော ခံစားချက်မျိုးကို သူ ဘယ်တော့မှ ထပ်မံ မခံစားလိုတော့ချေ။
ရုတ်တရက်... ညင်သာသော အသံတစ်ခုက သူ၏ အာရုံထဲသို့ တိုးဝင်လာ၏။
"အပြစ်ကို ခိုးယူသူ... မာန၏ အမွေခံ... ရာဂ၏ ရွေးချယ်ခံ... သင့်ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေက လွယ်ကူမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒါကို မှတ်ထားပါ... သင်ဟာ လွတ်လပ်သူ ဖြစ်တယ်... သင်ဟာ အမြဲတမ်း လွတ်လပ်နေလိမ့်မယ်..."
ဘုန်း...
မိုးကြိုးတစ်ချက် ပစ်ခတ်လိုက်သလိုမျိုး ပြင်းထန်လှသည့် တုန်ခါမှု တစ်ခုမှာ ဝေ့ဝူယင်၏ စိတ်၊ ရုပ်၊ ဝိညာဉ်တို့ကို ရိုက်ခတ်သွားပြီး အာရုံအားလုံးကို နိုးကြားသွားစေ၏။
"အဆင်ပြေရဲ့လား..."
စိုးရိမ်တကြီး မေးမြန်းသံတစ်ခု သူ့အနားမှ ထွက်ပေါ်လာ၏။ ထို့နောက်... တုန်ရင် နူးညံ့သည့် လက်တစ်စုံက သူ့လက်ကို လာရောက် ထိတွေ့လိုက်ပြီး မွှေးပျံ့သော ရနံ့တစ်ခုကလည်း နှာခေါင်းထဲ တိုးဝင်လာသည်။ လောကကြီး ပြန်လည် တောက်ပလာကာ အချိန်များ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်ရသည်။ အင်ပါယာ ကောင်းကင်၏ လှပသော ကောင်းကင်ယံနှင့် ထူးကဲစွာ လှပသည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်က သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။
ထျန်းရှောင်ချွမ်း...
တုန်ရီနေသည့် လက်များမှတစ်ဆင့် သူမ မည်မျှ ထိတ်လန့်နေသည်ကို သူ ခံစားနိုင်သည်။ ထိုကြောက်ရွံ့မှုမှာ နှစ်မျိုးဖြစ်၏။ သူမ ကိုယ်တိုင်အတွက် ကြောက်ရွံ့မှုနှင့် အနာဂတ်အတွက် ကြောက်ရွံ့မှုပင်။ သူမ၏ စိတ်ထဲတွင် ဝေ့ဝူယင်သည်သာ သူမ၏ တစ်ခုတည်းသော အနာဂတ် ဖြစ်သည်။ အခြားလမ်းစဉ်မှန်သမျှမှာ သေခြင်းတရားသို့သာ ဦးတည်မည် ဖြစ်သည်။
"သူက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို သိမ်းပိုက်ဖို့ ကြိုးစားရင်း တန်ပြန် ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရတာလား... ဒါမှမဟုတ် အင်ပါယာ အာဏာရှင်ကြီးတွေရဲ့ လက်ချက်လား...”
လျူယင်လန်း၏ အသံသည် အနီးနားမှ ထွက်ပေါ်လာ၏။
"သူတို့ စပြီး တိုက်ခိုက်နေကြပြီလား..."
လျူရှို့လန်က တုန်ရင်နေသော အသံဖြင့် မေးလိုက်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားလှသော်လည်း အာဏာရှင် အင်ပါယာကြီးများ၏ အဆင့်မှာ ပို၍ပင် မြင့်မားကာ သူတို့ နားလည်နိုင်စွမ်းထက် ပိုမိုသည့််နည်းလမ်းများကို သုံးစွဲကြပေလိမ့်မည်။ သူတို့၏ မျက်စိရှေ့တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေလျှင်ပင် ထိုပုဂ္ဂိုလ်ကြီးများ မမြင်စေလိုပါက သူတို့ မြင်နိုင်မည် မဟုတ်ချေ။
လေထုမှာ တင်းမာလာကာ ဟင်းလင်းပြင်ကြီးမှာ မွန်းကြပ်ဖွယ် ကောင်းလာ၏။ ကြီးမားလှသည့် လက်ကြီးတစ်စုံက ဟင်းလင်းပြင်ကို ဖောက်ထွက်၍ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ထင်မှတ်ကာ သူတို့အားလုံး အပေါ်သို့ မော့ကြည့်နေကြသည်။ သူတို့အတွက်မူ အာဏာရှင် အင်ပါယာကြီးများမှာ နတ်ဘုရားများသဖွယ်ပင်။
အထူးသဖြင့်... ဝေ့ဝူယင်မှာ ရုတ်တရက် သွေးမျက်ရည်များ ကျလာကာ စက္ကန့်အနည်းငယ်မျှ ကျောက်ရုပ် တစ်ခုကဲ့သို့ ငြိမ်သက်သွားခြင်းကြောင့် ပို၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ အာရုံများကို ပြန်လည် ရရှိလာသည်နှင့်အမျှ မျက်လုံးအောက်မှ စိုစွတ်မှုများကို ခံစားလိုက်ရရာ ညာဘက်ပါးကို ထိတွေ့လိုက်သည်။
သူ ပိုင်ဆိုင်ထားသည့် ‘မသေမျိုး မျက်လုံး’ မှာ ‘ကောင်းကင်ဘုံ နတ်မျက်လုံး’ ပျက်စီးမှုများ ကြုံရသည့် အကြိမ်တိုင်း ထူးကဲလှသည့် ပြန်လည်ကုစားနိုင်စွမ်းကို ချီးမြှင့်ထားသည်။ ဤစွမ်းရည်သာ မရှိပါက ကောင်းကင်တာအို၏ လျှို့ဝှက်ချက် သို့မဟုတ် အနက်ရောင် အရိုးစုကို ကြည့်ရှုရန် ကြိုးစားခြင်းကြောင့် သူ၏ အမြင်အာရုံမှာ တစ်ကြိမ်မက ဆုံးရှုံးသွားနိုင်ပေသည်။
ဖြစ်ပျက်သမျှကို ပြန်လည်သုံးသပ်ပြီးနောက် ဝေ့ဝူယင် အတွေးတစ်ချက်ဖြင့် မိမိကိုယ်ကိုယ် သန့်စင်လိုက်သည်။ မူလရေ တို့က သူ၏ မျက်နှာကို ဆေးကြောပေးသွားသည်။ ထိုလှုပ်ရှားမှုကြောင့် အမျိုးသမီး ငါးဦးလုံး၏ အာရုံမှာ သူ့ထံသို့ ချက်ချင်း ရောက်လာ၏။ စိုစွတ်နေသည့် ဝေ့ဝူယင်၏ မျက်နှာနှင့် ဆံနွယ်တို့မှာ သူ၏ မွေးရာပါ လှပသော ရုပ်ရည်ကို ပို၍ပင် ဆွဲဆောင်မှုရှိစေကာ တားမြစ်ထားသော အလှတရားတစ်ခုသဖွယ် ဖြစ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ထျန်းရှောင်ချွမ်းမှာ ရင်ခုန်သံများ မြန်လာကာ ဒူးများပင် တုန်ရီသွားခဲ့၏။
စိုစွတ်နေသည့် မျက်နှာကို မူလမီး၏ အပူရှိန်ဖြင့် ခြောက်သွေ့စေရင်း ဝေ့ဝူယင် ထျန်းရှောင်ချွမ်း၏ ယိုင်နဲ့နဲ့ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
"အာဏာရှင် အင်ပါယာတွေ မလုပ်ရဲပါဘူး... အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရော အာရုဏ်ဦး ကြယ်ကွင်းပြင် တစ်ခုလုံးပါ ကျုပ် အပိုင် ဖြစ်ခဲ့တာ ကြာပါပြီ...”
အိပ်ပျော်နေသည့် လျူစုယင်၏ ခန္ဓာကိုယ်ကို ပြန်လည် ပြင်ဆင်ပေးပြီးနောက် ဝေ့ဝူယင် ထိုနေရာရှိ အမျိုးသမီး ခြောက်ဦးလုံးကို အကဲခတ်ကြည့်လိုက်သည်။
ကျန်းကျဲဝူရှု၊ ဟူမေ့ဖန်း၊ လျူယင်လန်း၊ လျူရှို့လန်၊ လျူစုယင်နှင့် ထျန်းရှောင်ချွမ်း...
သူ၏ နှလုံးသားက မခံမရပ်နိုင်အောင် ယားယံလာခဲ့၏။ ၎င်းမှာ စောစောက ရာဂ မျိုးစေ့ကြောင့်ပင် ဖြစ်ပြီး ဤအမျိုးသမီးများ၏ တည်ရှိမှုက ၎င်းကို ပို၍ အားပေးနေသယောင် ရှိသည်။
ထို့အပြင် သူတို့ တစ်ဦးချင်းစီ၏ စိတ်ထဲတွင် ဘာတွေးနေသည်၊ ဘာကို လိုလားနေသည်ကိုလည်း သူ အာရုံခံနိုင်စွမ်း ရှိနေသည်။ ထိုမျိုးစေ့မှာ မည်ကဲ့သို့ အမြစ်မတွယ်ဘဲ ရှိပါမည်နည်း။
"အားလုံးပဲ... ကျွန်တော့်မှာ အချိန်အနည်းငယ် အားလပ်နေတယ်... ဒါကြောင့် ခင်ဗျားတို့ အားလုံးကို ကျွန်တော့်ရဲ့ မူလအာရုဏ်ဦး နန်းတော်ဆီ သီးသန့် တာအို ဆွေးနွေးပွဲ လုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်"
ဝေ့ဝူယင် တိုက်ရိုက်ပင် ပြောချလိုက်၏။ သူ ရည်ရွယ်ချက်ကို လုံးဝ ဖုံးကွယ်မထားဘဲ ထိုအမျိုးသမီးများ၏ ထူးကဲလှသော အလှတရားများကို တက်မက်စွာ ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ နောက်ကျောဘက်တွင် ကြီးမားလှသည့် ဟင်းလင်းပြင် တံခါး တစ်ခု ပေါ်ထွက်လာတော့၏။
ဝေ့ဝူယင် သူတို့ထံမှ အဖြေကို စောင့်စားမနေတော့ဘဲ ဟင်းလင်းပြင် တံခါး ဆီသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။ သူ၏ ခြေလှမ်းတိုင်းမှာ အမျိုးသမီးတို့၏ ရင်ထဲတွင် မိုးကြိုးပမာ တုန်ဟည်းသွားစေ၏။
ကျန်းကျဲဝူရှု၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။
‘အားလုံးကိုလား’...
၎င်းက လောဘကြီးလွန်းသည်။ ထို့ပြင် သူက သေမျိုးတစ်ဦးမျှသာ ရှိသေးသည်။ ကျန်းကျဲဝူရှု တစ်ယောက် သူ့ဘေးရှိ အခြားလူများကို ဝှေ့ကြည့်လိုက်၏။ သူတို့အားလုံးမှာ သက်တမ်းရင့်ပြီး အတွေ့အကြုံများလှသူများ ဖြစ်ကြရုံသာမက ထျန်းရှောင်ချွမ်းဆိုလျှင် ထျန်းတိုက်ကျုံး၏ ဧကရီအဖြစ်ပင် ဘွဲ့အပ်နှင်းခံထားရသူ ဖြစ်ပေသည်။ ဤလုပ်ရပ်မှာ အလွန်ပင် ရဲတင်းလွန်းလှသည်။
စောစောပိုင်းက ဝေ့ဝူယင် ဖော်ထုတ်ခဲ့သည့် အစီအစဉ်များအရ လျူရှို့လန်မှာ ပရိယာယ်ကြွယ်ဝသူဖြစ်ပြီး ထျန်းရှောင်ချွမ်းမှာ သွေးမျိုးဆက် ပုံတူပွား မွေးမြူရန် အသုံးချခံရသူ ဖြစ်ကြောင်း သိခဲ့ရသဖြင့်... ထိုမိန်းကလေး နှစ်ဦးစလုံး ထျန်းတိုက်ကျုံးအပေါ် ထူးထူးခြားခြား သံယောဇဉ်ရှိမည်မဟုတ်ဟု ကျန်းကျဲဝူရှု ခန့်မှန်းမိသော်လည်း ဤသို့ အခြေအနေမျိုးမှာ ရုတ်တရက် ဆန်လွန်းနေသည်။
သို့သော်လည်း... ထျန်းရှောင်ချွမ်း၏ အတိတ်နှင့် လက်ရှိ အခြေအနေအရ သူမ မည်သို့ ရွေးချယ်မည်ကိုမူ ကျန်းကျဲဝူရှု မသံသယဖြစ်မိပေ။
အကယ်၍သာ သူမသာ ဝေ့ဝူယင် တည်းဟူသော ဤရွှေတုံးကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်မထားပါက ယနေ့မကုန်မီမှာပင် လျူယင်လန်း သို့မဟုတ် လျူရှို့လန် တစ်ဦးဦးက သူမကို အဆုံးစီရင်ပစ်ကြပေလိမ့်မည်။
အံ့ဩစရာကောင်းသည်က ပထမဆုံး စတင်လှုပ်ရှားလာသူမှာ ဟူမေ့ဖန်း ဖြစ်နေခြင်းပင်။ သူမက ဝေ့ဝူယင်၏ ကျောပြင်ကို ငေးမောကြည့်ရင်း မိန်းမောနေပုံရပြီး နောက်ချန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်နှယ် ခပ်သွက်သွက် လိုက်ပါသွားလေ၏။ သူမ၏ အမူအရာက မိမိ စွဲလန်းရသူ နောက်သို့ အသည်းအသန် လိုက်ပါနေသော မိန်းမငယ်လေးလေးများနှင့်ပင် တူနေတော့သည်။
ထျန်းရှောင်ချွမ်းလည်း သေချာပေါက် လိုက်သွားလိမ့်မည်ဟု ကျန်းကျဲဝူရှု ထင်ထားသော်လည်း နောက်ထပ် ဖြစ်ပျက်လာသည့် အရာက သူမကို တုန်လှုပ်သွားစေသည်။
လျူရှို့လန်က ညီမဖြစ်သူ၏ လက်ကို ဆွဲကာ ဟင်းလင်းပြင် တံခါးဆီသို့ ခေါ်ဆောင်သွားခြင်းပင်။ သူတို့ ညီအစ်မ နှစ်ဦးကြား ဝိညာဉ်ချင်း ဆက်သွယ်ကာ စကားပြောနေကြပုံရပြီး လျူယင်လန်းမှာမူ ဇဝေဇဝါ ဖြစ်နေပုံရသည်။
ခဏအကြာတွင် လျူယင်လန်း၏ မျက်နှာ၌ အံ့ဩခြင်း၊ ငြင်းဆန်လိုခြင်းတို့နှင့် အတူ မသိမသာ မျှော်လင့်ခြင်း အရိပ်အယောင်များ ဖြတ်သန်းသွား၏။
လျူရှို့လန်မှာ သူမ၏ အစီအစဉ်များ ပျက်စီးသွားပြီ ဖြစ်သဖြင့် လွတ်မြောက်ခွင့်ရရန်အတွက် ညီမဖြစ်သူ၏ အလှတရားနှင့် ကျင့်ကြံခြင်းအဆင့်ကို အသုံးချကာ ဝေ့ဝူယင်၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်ဟု ကျန်းကျဲဝူရှု တွေးမိလိုက်သည်။
သူမ၏ အတွေးများမှာ မှန်ကန်လုနီးပါးပင်။ လျူယင်လန်းမှာမူ အစ်မဖြစ်သူ၏ လှည့်ကွက်များကို မြင်ပုံ မရချေ။ သူ၏ သွေးမျိုးဆက် ပုံတူပွားကို အစ်မဖြစ်သူကပင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း တုံ့ပြန်ခြင်း မရှိချေ။ သူမအတွက် ထိုအချက်က အရေးမကြီးတော့ပုံရသည်။
အစ်မဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ရသည့် ပျော်ရွှင်မှုနှင့် အစောပိုင်းက အိပ်မက်၏ အငွေ့အသက်များက ထိုအရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
အမှန်စင်စစ် ဤနေရာရှိ မည်သူမျှ လျူရှို့လန်နှင့် လျူယင်လန်းတို့၏ ပတ်သက်မှုကို နားမလည်ကြချေ။ သူတို့မှာ အန္တရာယ်များလှသည့် ခေတ်ကာလတွင် ကြီးပြင်းလာခဲ့ကြရသူများ ဖြစ်ကြပြီး လျူရှို့လန်မှာ လျူယင်လန်းအတွက် အမြဲတမ်း အားကိုးရာ တိုင်တစ်လုံး ဖြစ်ခဲ့သည်။ ထို့ကြောင့် လျူယင်လန်းထံတွင် သူမအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိခဲ့သည်။
သွေးမျိုးဆက် ပုံတူပွားလား...
သို့မဟုတ်... နှစ်ပေါင်း နှစ်သောင်းကြာ အစီအစဉ်လား...
ထိုအရာများမှာ သူမ ကြုံတွေ့ဖူးခဲ့သည့် အစ်မ ဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ချေ။
ထို့အပြင်... အစ်မဖြစ်သူမှာ သူမကို နာကျင်စေရန် မရည်ရွယ်ခဲ့သဖြင့် ဘာအရေးစိုက်နေစရာ လိုသနည်း။ ထို့အပြင်... စဉ်းစားကြည့်လျှင် ဤလှောင်အိမ်ထဲမှ လွတ်မြောက်ခွင့် ရခြင်းမှာ သူမ အမြဲတမ်း မက်ခဲ့ရသော အိပ်မက်ပင် ဖြစ်သည်။ လျူရှို့လန် အနားမှာ ရှိနေသရွေ့ လျူယင်လန်း ကျန်အရာအားလုံးကို ဂရုမစိုက်တော့ချေ။
မကြာမီတွင် ကျန်းကျဲဝူရှုတစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ ထျန်းရှောင်ချွမ်းသည်လည်း သူမ၏ လှပ နူးညံ့လှသည့် နှုတ်ခမ်းလွှာကို ကိုက်ရင်း ဟင်းလင်းပြင် တံခါးထဲသို့ လိုက်ဝင် သွားခဲ့ပြီ ဖြစ်သည်။
ကျန်းကျဲဝူရှု သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်၏။ အတွေးစများ တည်ငြိမ်သွားချိန်တွင် သူမကိုယ်တိုင်လည်း ဟင်းလင်းပြင် တံခါး အစပ်နားသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။ လျှို့ဝှက် ဆန်းကြယ်လှသည့် ဝေ့ဝူယင် ဆိုသည့် လူငယ်အကြောင်း သူမ သိချင်နေသည်များ များပြားလှသည်။ ထိုအခွင့်အရေးကို သူမ မည်သို့ စွန့်လွှတ်နိုင်ပါမည်နည်း။
ကျန်းကျဲဝူရှု ဝင်သွားပြီးနောက်တွင် ဟင်းလင်းပြင် တံခါးမှာ တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားတော့၏။
...
ထိုနေ့တွင် လောကရှန့်ထိုသုံးဦးနှင့် မြေကြီးရှန့်ထို နှစ်ဦးတို့သည် မူလအာရုဏ်ဦး နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုနေ့မှစ၍ နောက်ထပ် ရက်အနည်းငယ်တိုင်အောင် မူလအာရုဏ်ဦး နန်းတော် အတွင်းရှိ လှုပ်ရှားမှုများမှာ ယခင်က မရှိဖူးလောက်အောင် ပြင်းထန်လှသည်။
ဤနေ့တွင် အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဝေ့ဝူယင်သည် အသစ်အဆန်း အရသာအမျိုးမျိုးကို စံစားခဲ့ရသည်။
ဤနေ့တွင် သက်တမ်း သောင်းချီရှိသည့် အမျိုးသမီးကြီးများမှာ သူတို့၏ အတွေ့အကြုံ၊ ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်များဖြင့်ပင် ကြိုတင် ပြင်ဆင် မထားနိုင်သည့် ကြီးမားလှသော အံ့အားသင့်မှု နှင့် ဆုံတွေ့ခဲ့ကြရလေတော့၏။
***