ထူးခြားသည့် မိန်းမငယ်လေး
Vol. 133 Ch. 1853
ဝှစ်...
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ဝေ့ဝူယင်သည် လင်းရှန်းရှန်း ကျင့်ကြံနေသည့် ဆိတ်ငြိမ်လှသော အခန်းအတွင်းသို့ ရောက်ရှိသွားသည်။
မိန်းကလေးမှာ ဝေ့ဝူယင်၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် အံ့အားသင့်သွားပြီး လှပသည့် မျက်ဝန်းများမှာ မျှော်လင့်ချက် အလင်းရောင်များဖြင့် တောက်ပသွားခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ လမ်းညွှန်ချက် အချို့ ပေးပြီးနောက် ပြန်လည်၍ ထွက်ခွာသွားခဲ့သည်။
သူ အိပ်ခန်းသို့ ပြန်ရောက်သောအခါ မိန်းကလေး ငါးဦးလုံးမှာ တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းများ ပြုလုပ်နေကြကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ ကိုယ်စီကိုယ်စီ ထူးချွန်သည့် ပါရမီရှင်များ ဖြစ်ကြပြီး သာမန်လူများကို ရှက်ရွံ့သွားစေလောက်သည့် ကျင့်ကြံခြင်း အခြေခံများကိုလည်း ပိုင်ဆိုင်ထားကြသည်။
ဝေ့ဝူယင်၏ ယန်အမတေမှာ ထင်သလောက် မရိုးရှင်းလှပေ။ ထျန်းရှောင်ချွမ်းပင်လျှင် သူမထံသို့ ရောက်ရှိလာသည့် များပြားလှသော စွမ်းအင်များကို သန့်စင်ရန် ခက်ခဲနေပြီး သူမ၏ သွေးကြောများ၊ စိတ်ဝိညာဉ်နှင့် ထျန်းတျန်တို့တွင် သိသာထင်ရှားသည့် တိုးတက်မှုများကို ခံစားနေရသည်။ ၎င်းမှာ အဆုံးမဲ့ အကျိုးသက်ရောက်မှုများရှိသည့် လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးဆောင်နေရသကဲ့သို့ပင်။
ထူးခြားသည်က... ထျန်းရှောင်ချွမ်းမှာ လောကရှန့်ထိုများကိုပင် ကျော်လွန်ကာ အများဆုံး စုပ်ယူခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျွမ်းကျင်မှုများမှာလည်း ပထမတန်းစားပင် ဖြစ်၏။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အစီအရင် တစ်ခုကို ချမှတ်လိုက်ရင်း ဝိညာဉ်အင်အား အချို့ကို သူတို့တစ်ဦးချင်းစီ၏ ရှေ့တွင် ချန်ထားရစ်ခဲ့၏။ ထိုအထဲ၌ ညွှန်ကြားချက်များလည်း ပါဝင်ပေသည်။ အရေးအကြီးဆုံးကတော့... ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ ထွက်ခွာနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် အဆုံးမဲ့ခရီးသွား နယ်မြေမှ ကျင့်ကြံသူများ ဤနေရာတွင် မနေလိုပါက မည်သူ့ကိုမျှ အတင်းအကျပ် ထားရှိရန် ရည်ရွယ်ချက် မရှိပေ။ အကယ်၍ သူတို့ နေထိုင်ရန် ဆုံးဖြတ်ပါကလည်း အာရုဏ်ဦး အင်ပါယာအတွင်းသို့ စနစ်တကျ ဝင်ရောက်နိုင်မည့် နည်းလမ်းများကိုလည်း ချန်ထားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်သည် လမ်းကြောင်း ဝင်ရောက်ခွင့်ကို မာ့ကျန်းအား ထိန်းချုပ်ရန် လွှဲပြောင်းပေးခဲ့မည် ဖြစ်သည်။ သူ ခဏမျှ တွေးတောလိုက်၏။ ဝူယုသည် အခြားသူများကို စုစည်းပြီးလောက်ပြီ ဖြစ်သဖြင့် လူတိုင်းနီးပါး အသင့်ဖြစ်နေလောက်ပြီ ဖြစ်သည်။
အိပ်ပျော်နေသော လျူစုယင်ကို ခေါ်ဆောင်ပြီးနောက် ဝေ့ဝူယင်သည် သူမကို သူ၏ ရှန့်ထိုလက်စွပ် အတွင်းသို့ ထည့်သွင်းကာ အခြားသော ဟင်းလင်းပြင် တံခါးတစ်ခုကို ဖွင့်လိုက်သည်။
"နောက်ဆုံး သုံးယောက်ကို သွားခေါ်ရအောင်..."
ဝေ့ဝူယင် အထက်သို့ မော့ကြည့်လိုက်၏။ မူလအာရုဏ်ဦး နန်းတော်၏ မျက်နှာကျက်မှာ ကြည်လင်သွားပြီး အမှောင် ဟင်းလင်းပြင်၏ ကြယ်တာရာ ကောင်းကင်ယံကြီးမှာ သူ၏ရှေ့တွင် ပွင့်လင်းလာ၏။
"ဒီခရီးက ငါ့ကို ဘယ်ဆီကို ခေါ်ဆောင်သွားမလဲဆိုတာ သိချင်မိတယ်... အပြင်ဘက်က လောကကြီးရေ... ငါ လာနေပြီ"
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ဝေ့ဝူယင် ဟင်းလင်းပြင် တံခါးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေတော့၏။
...
အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်း၌ ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားသည့် နယ်မြေအချို့မှာ အမှောင် ဟင်းလင်းပြင်ကိုပင် လွှမ်းခြုံထားလေသည်။ ထိုနေရာများမျာ တည်ငြိမ် အာကာသ အလွှာများ ၊ လျှို့ဝှက်နယ်မြေများ၊ လောကနယ်မြေများနှင့် အပြန်အလှန် ချိတ်ဆက်ထားပြီး ဖီဆန် အာရုဏ်ဦးဟု ခေါ်တွင်သည့် ကျယ်ပြောလှသော နယ်မြေဒေသကြီး အဖြစ်ရော ဂြိုဟ်အစုအဝေးကြီးအဖြစ်ပါ တည်ရှိနေခြင်း ဖြစ်၏။
ထိုနယ်မြေများအတွင်း၌ အာဏာရှင်အဖွဲ့မှ တည်ဆောက်ထားသော အဆောက်အအုံများနှင့် နယ်မြေများမှာ ကျင့်ကြံခြင်းနှင့် အားဖြည့်ခြင်းတို့ ကဲ့သို့ စွမ်းဆောင်ခြင်းများအတွက် ရည်ရွယ်သကဲ့သို့ သာမန်အရပ်သားများ နေထိုင်ရာ ဒေသများတွင်လည်း စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် လူနေအိမ်ခြေများဖြင့် စည်ကားလျက် ရှိပေသည်။
ဖီဆန် အာရုဏ်ဦး၏ နယ်မြေကွန်ရက်ထဲတွင် တောက်ပသည့် လခုနစ်စင်း ခြံရံထားသည့် လောကနယ်မြေတစ်ခုလည်း တည်ရှိ၏။ ထိုလများမှာ ဖီဆန်ပေါက်စထံမှ နေရောင်ခြည်ကို တုံ့ပြန်ရောင်ပြန်ဟပ်ပေးကာ ပတ်ဝန်းကျင်ကို ပိုမိုစိုပြည်စေသည်။ လတစ်စင်းချင်းစီမှာ အဂ္ဂိရတ် တာအို၏ အရောင်ခုနစ်မျိုးဖြင့် ထိန်ထိန်ညီးနေကြသော်လည်း၊ မြေပြင်ပေါ်သို့ ဖြာကျလာသော အလင်းတန်းများမှာမူ ဖီဆန်ပေါက်စကဲ့သို့ပင် ဖြူစင်သန့်ရှင်းလှပေသည်။
ထိုလောကနယ်မြေတစ်ခွင်၌ ကောင်းကင်သို့ ထိုးထွက်နေသည့် မျှော်စင်ကြီးများစွာကို တည်ဆောက်ထားသည်။ မျှော်စင်တစ်ခုချင်းစီ၏ ထိပ်ဖျားတွင် ကြီးမားလှသည့် မှော်ဆေးအိုးတစ်လုံးစီ တပ်ဆင်ထားပြီး၊ ထိုအိုးများမှတစ်ဆင့် အလွန်အမင်း သန့်စင်သော မြူခိုးများကို ကောင်းကင်ယံသို့ ထုတ်လွှတ်ပေးနေ၏။ ထိုမြူခိုးများသည် အလွန်သန့်စင်သည့် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားကာ နေကြယ်၏ အမတေကို ကောင်းကင်အလွှာများ၌ သန့်စင်ရာတွင် များစွာ အထောက်အကူပြုလေသည်။ ထိုသို့ဖြင့် အဂ္ဂိရတ် စွမ်းအင်များနှင့် ကြယ်တာရာ စွမ်းအင်များမှာ မြေပြင်တစ်ခွင်၌ ထူးကဲသော အရည်အသွေးများဖြင့် ပျံ့နှံ့စီးဆင်းနေတော့သည်။
ဤနေရာကား ဖီဆန် အာရုဏ်ဦးအတွင်းရှိ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့အတွက် သတ်မှတ်ထားသည့် လောကနယ်မြေများအနက် တစ်ခုဖြစ်ပြီး၊ ယခင် သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင်၏ နယ်နိမိတ်ကို ကျော်လွန်ကာ ဆက်လက်ကြီးထွားနေသော နယ်မြေလည်း ဖြစ်သည်။ ၎င်းကို ဗဟို သူတော်စင် အာရုဏ်ဦး နယ်မြေဟု ခေါ်ဆိုကြ၏။
"ဟီး... ဟီး... ဟီး...”
အပြစ်ကင်းစင်သည့် ရယ်မောသံကလေးများ ပျံ့လွင့်နေ၏။ မျှော်စင်တစ်ခုအတွင်း၌ အဂ္ဂိရတ် ပညာရှင် ခြောက်ဦးခန့်သည် အလွန် ဖိအားများနေသည့် မျက်နှာများဖြင့် မိန်းမငယ်လေးတစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ထိုမိန်းမငယ်လေးမှာ ခုံတန်းလေးတစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ သူမ၏ ခန္ဓာကိုယ်လေးထက် အဆပေါင်းများစွာ ကြီးမားသည့် မှော်ဆေးအိုးကြီးပေါ်တွင် လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းနေလေ၏။ သူမသည် အရေးကြီးသည့် အဂ္ဂိရတ် စီမံကိန်းကြီးတစ်ခုကို ဦးဆောင်နေသည်ဟု မထင်ရလောက်အောင်ပင် ကလေးသဘာဝ ရယ်မောနေလေ၏။
အဂ္ဂိရတ် ပညာရှင်များ အလွန်အမင်း ဖိအားများ နေခြင်းမှာလည်း အကြောင်းရှိပေသည်။ သူတို့သည် မိန်းမငယ်လေး၏ ကျင့်ကြံခြင်း အခြေခံ နိမ့်ပါးမှုကို ဖာထေးရန်အတွက် မှော်ဆေးအိုးအတွင်းသို့ သူတို့၏ အဂ္ဂိရတ် အင်အားများကို အဆက်မပြတ် လောင်းထည့်ပေးနေရသည်။ ထိုအတွက် သူတို့မှာ စွမ်းအင်အမြောက်အမြား အကုန်အခံပြု၍ ကူညီပေးနေရပေသည်။
"ပြီးတော့မယ်... ပြီးတော့မယ်..."
ပေ့ယင်ယင် ခြေဖျားထောက်ကာ လက်နှစ်ဖက်ကို လက်ဟန်ချိပ်စည်းများအဖြစ် ကျွမ်းကျင်စွာ ပြောင်းလဲလိုက်သည်။ သူမ၏ လက်ဖျားများမှတစ်ဆင့် ဝိညာဉ် အင်အားလှိုင်းများ ထွက်ပေါ်လာကာ ပြင်ပမှ အဂ္ဂိရတ် စွမ်းအင်များကို ရုပ်သေး ပညာရှင် တစ်ဦးကဲ့သို့ လိုသလို ထိန်းကျောင်းနေလေသည်။
ဤမိန်းမငယ်လေးမှာ အဂ္ဂိရတ် ဖော်စပ်မှုတစ်ခု၏ အဓိက ဦးဆောင်သူဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်နိုင်မည် မဟုတ်သလို၊ သူမထက် အသက်ရာချီကြီးရင့်သည့် အခြားအဂ္ဂိရတ် ပညာရှင်များမှာ သူမ၏ လက်ထောက်များသာဖြစ်ပြီး အဂ္ဂိရတ် တာအို ပညာရပ်တွင် သူမအောက် နိမ့်ကျသူများ ဖြစ်နေသည်ဆိုသည်မှာလည်း စဉ်းစားရခက်လှပေသည်။
"ဟီး ဟီး... ရတော့မယ်... တောင့်ထား..."
မိန်းမငယ်လေး၏ အမူအရာက ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်အပေါ် အာရုံစူးစိုက်ကာ တိတ်ဆိတ်ငြိမ်သက်နေသည့် အခြားအဂ္ဂိရတ် ပညာရှင်များနှင့် လုံးဝမတူပေ။ သူမက ရွှင်မြူးစွာ ရယ်မောနေပြီး ကိုယ်လုံးလေးကို ဘေးဘယ်ညာ ယိမ်းခါနေသေး၏။
သူမ၏ အပြုအမူများမှာ ကလေးဆန်နေသော်လည်း၊ သူမ ပြုလုပ်လိုက်သည့် လက်ဟန်ချိပ်စည်းများမှာမူ သေမျိုးရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး၏ အသိဉာဏ်နှင့် ဗဟုသုတများကို ထုတ်ယူသုံးစွဲနေသကဲ့သို့ အပြစ်ဆိုဖွယ်မရှိ တိကျလွန်းလှသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်... စိုးရိမ်စိတ်ကြောင့် ဝတ်ရုံများပင် ရွှဲရွှဲစိုအောင် ချွေးပြန်နေကြသည့် အဂ္ဂိရတ် ပညာရှင်များမှာ ဖိအားများ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ ပေ့ယင်ယင်မှာ သူတို့၏ စွမ်းအင်များကို ဆက်လက် မထုတ်ယူတော့ပေ။
ဘုန်း...
မှော်ဆေးအိုးအတွင်းမှ သာသာယာယာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ အဂ္ဂိရတ် ပညာရှင် ခြောက်ဦးစလုံး မောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။ သူတို့အားလုံးသည် သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့မှ အဂ္ဂိရတ် အင်ပါယာများ ဖြစ်ကြပြီး၊ ကျင့်ကြံခြင်း အဆင့် ခိုင်မာသူများ ဖြစ်ကြသည်။ သူတို့သည် အဂ္ဂိရတ် ကျင့်စဉ်များကို ကျင့်ကြံထားကာ ကြယ်တာရာ အမြုတေ အဆင့်တွင် အဂ္ဂိရတ် ဝိညာဉ်ကို ဖွဲ့စည်းထားနိုင်သူများ ဖြစ်ကြလေရာ အဂ္ဂိရတ် တာအို၏ အစစ်အမှန် လမ်းစဉ်ကို လျှောက်လှမ်းနေသူများဟု ဆိုနိုင်ပေသည်။
သူတို့သည် အနာဂတ်တွင် သေမျိုး အာဏာရှင် အဂ္ဂိရတ် ပညာရှင်များ၊ အဂ္ဂိရတ် ရှန့်ထိုများ ဖြစ်လာနိုင်ခြေရှိသည့် လူမျိုးစုံ၊ ကျားမစုံ ထူးချွန်သော ပါရမီရှင်များပင် ဖြစ်ကြသည်။
ပေ့ယင်ယင် မှော်ဆေးအိုး၏ နှုတ်ခမ်းသားကို ကိုင်ကာ ခြေဖျားထောက်ရင်း အထဲသို့ ငုံ့ကြည့်လိုက်၏။ သူမ၏ နဖူးထက်တွင် ချွေးတစ်စက်ပင် မတွေ့ရချေ။ သူမ၏ မျက်ဝန်းများတွင်မူ မြင်ရသူတိုင်း၏ စိတ်နှလုံးကို အေးချမ်းသွားစေနိုင်သည့် ကလေးငယ်တစ်ဦး၏ တောက်ပမှုများ ပြည့်နှက်နေ၏။ ဆေးအိုးအတွင်း၌ ရောင်စုံအရည်များမှာ ရေအလျင်ကဲ့သို့ စီးဆင်းနေသည်။
"ဟီးဟီး... အောင်မြင်သွားပြီ... ငါလုပ်နိုင်သွားပြီ"
***