← Chapters

ခေါ်ဆောင်ခြင်း

Vol. 133 Ch. 1855

ခေါ်ဆောင်ခြင်း

Vol. 133 Ch. 1855

"ခမည်းတော် ခရီးဝေး သွားတော့မလို့လား"

ပေ့ယင်ယင်မှာ ကလေးတစ်ဦး၏ ထူးခြားသော အာရုံခံစားမှုဖြင့် ဝေ့ဝူယင်၏ အသံနှင့် စကားလုံးများ၊ စနောက်နေပုံများကို ကြည့်ကာ အခြား တစ်နေရာရာသို့ ခဏတာ ထွက်ခွာတော့မည် ဖြစ်ကြောင်း ရိပ်မိလာခဲ့ပြီ ဖြစ်သည်။ ယခင်က ဟင်းလင်းပြင် နဂါးကြီးနှင့် မရင်ဆိုင်မီကလည်း သူသည် ဤကဲ့သို့ပင် ပြုမူခဲ့ဖူးသည်။

"မင်းက အမြဲတမ်း အကဲခတ် တော်တာပဲ... ဟုတ်တယ်... ငါ နှစ်ပိုင်းလောက် သွားရမယ်... ဒါပေမဲ့ ငါ မင်းနဲ့ အမြဲတမ်း အတူရှိနေမှာပါ... မင်း ငါနဲ့ စကားပြောချင်တာပဲဖြစ်ဖြစ်၊ ပျင်းလာတာပဲဖြစ်ဖြစ် ဒီဆွဲကြိုးလေးကို အသုံးပြုဖို့ တွန့်ဆုတ် မနေပါနဲ့... ငါ မင်းအတွက် ရှိနေပေးမယ်... ဒါပေမဲ့ အင်အားတွေ အများကြီး မသုံးလိုက်နဲ့ဦး၊ မဟုတ်ရင် ဝေဝေက မင်းကို ဆူလိမ့်မယ်"

'ဝေဝေ' ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ပေ့ယင်ယင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ၏။ သူမ၏ အစ်မကြီးသည် စိတ်ဆိုးလာလျှင် အကြောက်ရဆုံး ဖြစ်ပေသည်။

ဝေ့ဝူယင်က ပေ့ယင်ယင်၏ လည်ပင်းတွင် ပုံဆောင်ခဲ ဆွဲကြိုးလေး တစ်ကုံးကို ညင်သာစွာ ဆင်မြန်းပေးလိုက်၏။

"ဒါလေးကို ပျောက်အောင် မလုပ်နဲ့နော်... ဟုတ်ပြီလား"

ပေ့ယင်ယင်က ဆွဲကြိုးလေးကို လောကတွင် အဖိုးတန်ဆုံး ရတနာတစ်ခုကဲ့သို့ အသာအယာ ကိုင်တွယ်လိုက်ရင်း အလေးအနက်ပင် ကတိပေးလိုက်သည်။

"ပျောက်အောင် မလုပ်ပါဘူး... စိတ်ချပါ"

သူမက ဝေ့ဝူယင် ယုံကြည်စေရန် မျက်နှာကို အသားကုန် တည်ထားရသည်။ လူငယ် ကလေးမလေးကို ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်မိ၏။

"အေးပါ... မင်း ကတိပေးပြီးပြီဆိုမှတော့ မင်း ပျောက်အောင် မလုပ်ဘူးဆိုတာ ငါသိတာပေါ့"

သူ ပေ့ယင်ယင်၏ နူးညံ့သော ပါးလေးများကို သူ၏ပါးဖြင့် ဖိကပ်လိုက်သည်။

"ဟီးဟီး..."

ပေ့ယင်ယင်က ရယ်မောရင်း ပြန်လည် ပွတ်သပ်လိုက်သည်။ သူမက ထိုအပြုအမူကို အလွန်နှစ်သက်လှသည်။

ပေ့ယင်ယင်က ဟင်းလင်းပြင် ပုံဆောင်ခဲအတွင်းရှိ ကမ္ဘာငယ်လေးထဲသို့ ဝိညာဉ်အာရုံကို ထည့်သွင်းရင်း အာရုံများနေစဉ် ဝေ့ဝူယင်က လော့နင်ကို စကားပြောလိုက်၏။

"လော့နင်... မင်းရဲ့ ကျင့်ကြံခြင်းအတွက် လမ်းညွှန်ချက်တွေကို ငါ ချန်ထားပေးခဲ့မယ်... ပြီးတော့ ငါ ရွေးချယ်ထားတဲ့ မြေကြီး အဂ္ဂိရတ် ရှန့်ထိုလောင်းလျာ အချို့လည်း ရှိတယ်... သူတို့က အတော်လေး အလားအလာ ရှိတယ်... သူတို့ကို လေ့ကျင့်ပေးဖို့ မင်းဘက်က ကူညီစေချင်တယ်... နောက်ပြီး သူတို့ရဲ့ စိတ်ထဲမှာ အဂ္ဂိရတ် တာအို သီးနှံတစ်ချို့ ငါ ချန်ထားပေးခဲ့တယ်... အလျင်မလိုဘဲ အဲဒါကို ဖြည်းဖြည်းချင်း အစာခြေခိုင်းလိုက်ပါ... အဲဒီထဲမှာ သူတို့ တစ်ယောက်ချင်းစီရဲ့ ဝါသနာအလိုက် မတူညီတဲ့ အထူးပြုလမ်းစဉ်တွေ အသီးသီး ပါဝင်နေလိမ့်မယ်"

လော့နင်မှာ ငေးမောနေရာမှ သတိဝင်လာကာ မျက်ဝန်းများ တောက်ပသွားခဲ့၏။

"ဟုတ်ကဲ့ပါ..."

ဝေ့ဝူယင်သည် သူ ပြန်မလာခင်မှာ အနည်းဆုံး နောက်ထပ် မြေကြီး ရှန့်ထို အဂ္ဂိရတ် ပညာရှင် လေးဦးခန့်ကို တစ်ဦးလျှင် လမ်းစဉ် တစ်ခုစီ၌ အထူးပြုတတ်မြောက်ထားစေချင်သည်။ ထို့အပြင် အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်ကို အသုံးပြုခြင်းဖြင့် ပိုမိုများပြားလာနိုင်သည့် အခွင့်အလမ်းများလည်း ရှိနေသည်။ သူ မရှိခိုက်တွင် သူတို့ကပင် အာဏာရှင်အဖွဲ့ဝင်များအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ကူညီပံ့ပိုးပေးရမည် ဖြစ်၏။

ဝေ့ဝူယင် ဆက်လက်၍ ပြောလိုက်၏။

"ငါ ဟွမ်ရီကောင်းနဲ့ လူတစ်ချို့ကို လွှဲပေးထားမယ်... သူတို့က အဆင့်ကိုးနဲ့ အောက်အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေ ဖော်စပ်တဲ့နေရာမှာ မြေကြီး အဂ္ဂိရတ် ရှန့်ထိုတွေနဲ့ မခြားနားတဲ့အတွက် မင်း သူတို့ကို စိတ်တိုင်းကျ ခိုင်းစေနိုင်တယ်... အားမနာနဲ့... မင်း လိုအပ်တဲ့ နေရာမှန်သမျှမှာ သူတို့ကို အသုံးချလိုက်ပါ"

ဝေ့ဝူယင်သည် သူ စုဆောင်းထားသည့် အဂ္ဂိရတ် တာအို အထူးပြုသည့် စစ်ဝိညာဉ် အချို့ကိုလည်း ချန်ထားပေးရန် စီစဉ်ထားသည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို သိမ်းပိုက်ထားနိုင်ခြင်းကြောင့် ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တစ်ခုလုံးမှာ သူ၏ အတွင်းပိုင်း လောကကဲ့သို့ပင် ဖြစ်နေပြီး၊ ကြေးမုံကို ထိန်းချုပ်ထားနိုင်သရွေ့ မည်မျှပင် ဝေးကွာပါစေ စစ်ဝိညာဉ်များကို ချန်ထားရစ်နိုင်ပေသည်။

ဤသည်မှာ သူ ယုံကြည်စိတ်ချစွာ ထွက်ခွာနိုင်သည့် အကြောင်းရင်းတစ်ခု ဖြစ်၏။ လိုအပ်လာပါက စစ်ကူများကို လွယ်ကူစွာ စေလွှတ်နိုင်သောကြောင့်ပင်။

ထိုကဲ့သို့ အာမခံချက်များ ရှိနေသော်လည်း... သူသည် အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောက အင်ပါယာ(လောကရှန့်ထို) များကိုမူ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချက်များဖြင့်သာ သွားလာခွင့် ပြုထားခဲ့သည်။

ပေ့ယင်ယင်နှင့် အတူ အချိန်အနည်းငယ် ဖြုန်းပြီးနောက် ဝေ့ဝူယင်သည် သူမ လာဘ်ထိုးထားခဲ့သော ဟင်းလင်းပြင် တံခါးစောင့်ထံသို့ သူမကို အပ်နှံလိုက်သည်။

"သူနဲ့အတူ နှစ်ရက်ပဲ သွားရမယ်... နှစ်ရက်ပဲနော်... အတိအကျပဲ"

ဝေ့ဝူယင်က ပေ့ယင်ယင်ကို ကြည့်လိုက်ရာ သူမက မျက်လုံးလေးများ ဝိုင်းသွားပြီးနောက် ခေါင်းကို တစိုက်မတ်မတ် ညိတ်ပြလိုက်သည်။

"ငါးဆယ့်လေး... အဲလေ... မဟုတ်ဘူး... လေးဆယ့်ရှစ် နာရီပါ"

သူမက ပြန်၍ပင် စနောက်လိုက်သေး၏။ ဝေ့ဝူယင်က နွေးထွေးသော မျက်ဝန်းများဖြင့် ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

အခြားလူများက တိတ်တိတ်ပုန်း သားအဖဟု သမုတ်ကြတာလည်း မပြောနှင့်။ ပေ့ယင်ယင်လေးမှာ အချို့နေရာများတွင် သူနှင့် အလွန်တူပေသည်။ ဝေ့ဝူယင် ကိုယ်တိုင်လည်း သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးထဲသို့ မဝင်ခင်က ဟင်းလင်းပြင် တံခါးစောင့်တစ်ဦးကို လာဘ်ထိုးခဲ့ဖူးပေသည် မဟုတ်ပါလား။ သို့သော်လည်း... သူက ပို၍ အကွက်စေ့ခဲ့သည်။ ပြောရလျှင် သူသည် အနန္တ ဧကရာဇ်ဂိုဏ်းရှိ မဟာ အင်ပါယာ အားလုံးကိုပင် တစ်ဦးနှင့်တစ်ဦး မသိစေဘဲ လာဘ်ထိုးကာ သိမ်းသွင်းထားခဲ့ခြင်း ဖြစ်သည်။

လော့နင်မှာလည်း ဝေ့ဝူယင်၏ အမိန့်ကို မဖီဆန်ရဲပေ။ သူမက ပေ့ယင်ယင်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့၏။ ပေ့ယင်ယင်မှာ လော့နင်၏ လက်ကို ကိုင်ရင်း အစ်မကြီးများက သူမကို ပြောပြထားသည့် သုခဘုံရေပြင် နယ်မြေအကြောင်းများကို ရွှင်မြူးစွာ ပြောပြနေလေတော့သည်။ သူမမှာ ထိုနေရာသို့ သွားရောက်ရန် အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရပေသည်။

ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း နှလုံးသားတစ်ခုလုံး နူးညံ့သွားခဲ့၏။ အကယ်၍ သူ၏ ကလေးလေးသာ မွေးဖွားလာခဲ့မည် ဆိုပါက... သည်နှစ်လောက် ဆိုလျှင် သူ...

ထိုအကြောင်းကို ခဏတာ တွေးတောမိပြီးနောက် သူ သက်ပြင်းချကာ ခေါင်းကို ခါလိုက်သည်။ သူ၏ အရိပ်မှာလည်း လှုပ်ခတ်သွား၏။

"ယန်... ငါတို့ မသိသေးတဲ့ အင်ပါယာတစ်ခုဆီကို သွားကြမယ်... ဝမ်မင်ယာ ထွက်သွားတာတော့ ကံဆိုးတာပဲ... ဒါပေမဲ့ အဆင်ပြေပါတယ်"

သူ၏ အရိပ်မှာ တစ်ဖန် လှုပ်ခတ်သွားပြန်၏။

ဝေ့ဝူယင် ပြုံးလိုက်သည်။

"ဒါပေါ့... ငါ့ရဲ့ အစွယ်နဲ့ လက်သည်းတွေ မပါဘဲတော့ ဘယ်လို သွားမှာလဲ..."

ထို့နောက်... သူက အသက်ရှူသကဲ့သို့ လွယ်ကူစွာပင် ဟင်းလင်းပြင် တံခါးတစ်ခုကို ဖွင့်လိုက်လေတော့သည်။

...

ကျူးဟိုင်သည် သွေးနီရောင် လတစ်ခုထက်တွင် တင်ပျဉ်ထွေထိုင်ကာ ကျင့်ကြံနေ၏။ သူ၏ အသက်ရှူသံများမှာ ယခင်က မရှိခဲ့ဖူးသော တောရိုင်းဆန်သည့် ရက်စက်မှုများ အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ သူ၏ ငွေရောင်ဆံနွယ်များမှာ လှပစွာ ဖြာကျနေပြီး ရုပ်ရည်သွင်ပြင်မှာလည်း ထူးခြားလှသည်။ ထိုငွေရောင် ဝံပုလွေ၏ တည်ကြည်သော ရုပ်ရည်နောက်ကွယ်တွင် တောရိုင်းဆန်သည့် ခန့်ညားမှုတစ်ခုမှာ ဖုံးကွယ်နေ၏။

ကျူးဟိုင် သွေးရောင် မျက်ဝန်းများကို ဖွင့်လိုက်သောအခိုက်၌ ဝေ့ဝူယင်က သူ့ရှေ့တွင် ပြုံးလျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်... ဝေ့ဝူယင်က အသင့် ဖွင့်ထားသည့် ဟင်းလင်းပြင် တံခါးဆီသို့ လမ်းလျှောက်ဝင်သွား၏။

ကျူးဟိုင်သည်လည်း မတ်တတ်ရပ်ကာ နောက်မှ လိုက်ပါသွားတော့သည်။

စကားလုံးများ မလိုအပ်ပါချေ။

...

စက္ကန့်များ ကုန်လွန်သွားတိုင်း လောကကြီး၏ အပြောင်းအလဲများမှာ တားဆီး၍ မရနိုင်သော နှုန်းဖြင့် ဖြစ်ပေါ်နေကြသည်။ အံ့ဩသော ခံစားချက်များက ရှေးဟောင်း ချိပ်ပိတ်နယ်မြေအတွင်းရှိ သက်ရှိတိုင်း၏ စိတ်နှလုံးတွင် ပဲ့တင်ထပ်နေခဲ့ပြီး၊ အာရုဏ်ဦး ဖီဆန်ခြင်း ခေတ်ဦး၏ အပြောင်းအလဲများမှာ နေ့တစ်ခု၏ အစပျိုး အရုဏ်ဦး လိုပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနေခဲ့ပြီ ဖြစ်၏။ အာရုဏ်ဦး အင်ပါယာ၏ ထွန်းကားလာမှု၊ အင်ပါယာထျန်းမျိုးနွယ်၏ နိမ့်ပါးသွားမှု၊ ပြင်ပ ကျူးကျော်သူများ ခက်ထန်စွာ ရောက်ရှိလာမှုနှင့် အခြားသော အဖြစ်အပျက်များစွာမှာ ဆယ်စုနှစ်အနည်းငယ်အတွင်း၌ပင် ရုတ်ခြည်း ဖြစ်ပျက်ခဲ့လေသည်။

ထိုအပြောင်းအလဲ အားလုံးမှာ တစ်ခုတည်းသော တည်ရှိမှုနှင့်သာ ဆက်နွှယ်နေခဲ့၏။ ထိုသူကတော့ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၊ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုနှင့် ကောင်းကင်အောက်ဝယ် အစွမ်းအထက်ဆုံး သေမျိုး ကျင့်ကြံသူ ဖြစ်သည့် ဝေ့ဝူယင်ပင် ဖြစ်ပေသည်။

သို့သော်လည်း ဤသည်က ခေတ်ဦး အခါသမယ အချိန်အခါတွင်သာ ရှိနေသေးသည်။ နောက်ထပ် မည်သို့သော အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ်ဦးမည်နည်း။ ဤခေတ်ဦး၏ အစပြုခြင်းသည် များလှစွာသော အရာများကို ယူဆောင်လာရန် သေချာနေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters