ပြန်လည်ဝင်စားခြင်းနယ်မြေဆီသို့ ... ။
Vol. 68 Ch. 805
နက်နဲသော အလင်းတန်းနယ်မြေသို့ ဝင်ရောက်ပြီးနောက်၊ သူ၏ အတိတ်ဘဝ၏ တာအိုကို ကိုယ်စားပြုသည့် ငရဲကိုးခု၏ဓားဖြင့် ဖိနှိပ်ထားသော နတ်ဘုရားသံကြိုးကိုးခုအနက် တစ်ခု ပြိုကွဲသွားခဲ့သည်။ ထို့နောက် ၎င်းသည် မမြင်ရသော အမှတ်အသားတစ်ခုအဖြစ် ပြန်လည်ပေါ်လာပြီး ဓားပတ်ပတ်လည်တွင် ပေါလောမျောနေသည်။
ထိုပြောင်းလဲမှုသည် စုရီအတွက် ငရဲဘုံကိုးပါးဓားကိုအသုံးပြုရန် ပိုလွယ်ကူစေပြီး သံသယဖြစ်စရာမလိုအောင် ပင်ပန်းနွမ်းနယ်မှု များသည်လည်း လျော့နည်းသွားစေ၏။
“ မင်းငါနဲ့အတူ ဝင်စားခြင်းနယ်မြေကို လိုက်ချင်တာသေချာလား။ ”
စုရီက ငရဲဘုရင်ကိုမေးလိုက်သည်။ ငရဲဘုရင်မှ ချင်ချင်းပြန်မဖြေဘဲ လေဟာနယ် အတွင်းလွင့်ဝဲနေသော အာကာသဆုံမှတ်ကို ပြန်ကြည့်ကာ၊
“ သေချာတယ်။ ”
-ဟု ဖြည်းညှင်းစွာ ပြန်ဖြေသည်။
ထို့နောက် အပြာရောင်ဆံပင်များကို နားရွက်နောက်သပ်တင်ကာ စွဲမက်ဖွယ်ရာ အကြည့်မျိုးဖြင့်၊
“ ငါတို့ အန္တရာယ်နဲ့ ကြုံတွေ့ရင်တောင် ငါဟာ အဆိုးဆုံးအနေနဲ့ ကိုယ်ပွားတစ်ခုကို ဆုံးရှုံးရုံပါပဲ ... ငါမသွားဘူးဆိုရင်တော့ ငါ့ဘဝ တစ်လျှောက်လုံး နောင်တရနေမှာကို ငါကြောက်မိတယ်။ ”
စုရီသည် ပြန်လည်ဝင်စားခြင်းနှင့် ဆက်စပ်သော လျှို့ဝှက်ချက်များကို ဤနေရာမှ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိထား၏။
မှားယွင်းစွာ သေဆုံးခြင်း မြို့တော်ရှိ သင်္ချိုင်းမှတ်တိုင်နှင့် ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းပေါ်တွင် ထွင်းထုထားသော စည်းမျဉ်းများသည် အပိုင်းအစများသာ ဖြစ်သည်။
စစ်မှန်သော အနှစ်သာရသည် ပြန်လည်ဝင်စားခြင်း နယ်မြေ၌သာ ရှိကြောင်း စုရီမှ ပြောပြထားဖူး၏။ စုရီက စကားမဆိုဘဲ လေထဲလှမ်းတက်လိုက်သည်။
တစ်လှမ်းတည်းဖြင့် အာကာသဆုံမှတ် ရှေ့သို့ရောက်ရှိသွား၏။ ထို့နောက် လည်ပြန် လှည့်ကြည့်ကာ၊
“ မင်းရဲ့လက်ကို ငါ့ဆီပေးပါ။ ”
-ဟု ဆိုလိုက်တော့သည်။
ငရဲဘုရင်မှ အံ့အားသင့်သွား၏။ သို့တိုင် ခြေတစ်လှမ်းလှမ်းတက်ကာ ညာဘက်လက်ကို ကမ်းပေးလိုက်သည်။ စုရီက တင်းကြပ်စွာ ဆုပ်ကိုင်တော့၏။
ထူးဆန်းသောခံစားချက်တစ်ခု သူမနှလုံးသားထဲတွင် စီးဆင်းလာခဲ့လေသည်။ နှစ်ပေါင်းများစွာအတွင်း ဘဝ၏အတက်အကျ လှိုင်းများကို ခံစားဖူးသော်လည်း ဆန့်ကျင်ဘက် အမျိုးသားနှင့် ဤမျှနီးကပ်ခြင်း မရှိခဲ့ချေ။
ပြင်ပတွင် တည်ငြိမ်နေသော်လည်း သူမစိတ်နှလုံးသည် ခံစားချက်တစ်ခု စီးဆင်း လာတော့၏။ ရှက်ရွံ့မှု၊ တုန်လှုပ်မှုနှင့် နွေးထွေးမှုဖြစ်သည်။
“ စိတ်လှုပ်ရှားနေလား။ ”
စုရီက အံ့အားသင့်လျက် ပြန်လည် ငုံ့ကြည့်လိုက်သည်။ ဤအမျိုးသမီးအနေဖြင့် မသက်မသာဖြစ်နေပြီး ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းနေသည်ကို ခံစားနိုင်၏။
“ ငါစိတ်လှုပ်ရှားနေပုံပေါက်လို့လား။ ”
“ ဟားဟားဟား ... ။ ”
ငရဲဘုရင်မှ ဝန်မခံချေ။ စုရီက ပြုံးရယ်လျက်ဖြင့် သူမလက်ဖဝါးအလယ်တွင် လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။
“ နင် ... ။ ”
ပျားတစ်ကောင်သည် ဝတ်မှုန်ကူးနေ သကဲ့သို့ ငရဲဘုရင်တစ်ယောက်ခမျာ နူးညံ့သော ခံစားမှုတစ်ခုတိုးလာပြီး စုရီထံဒေါသတကြီး ပြန်မော့ကြည့်၏။
“ ဟားဟားဟား ... နည်းနည်းလောက် စိတ်အေးအေးထားပါ ဒီအာကာသဆုံမှတ်ထဲကို ဝင်တဲ့အခါမှာ ခြေတစ်လှမ်းမှားသွားရင် အားလုံး ဆွဲချသွားနိုင်တယ် ...
... ဒီအာကာသရဲ့ နိယာမတွေက ပေါက်ကွဲလွယ်ပြီး ခန့်မှန်းရခက်တယ်ဆိုတာ မင်းသိထားရမယ် အမှားလေးတစ်ခုကြောင့် အပိုင်းအစတွေအဖြစ် ပျောက်ကွယ်နိုင်မယ်။ ”
“ ဟမ့် ... ။ ”
ငရဲဘုရင်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ နင်ငါ့ကို အခွင့်ကောင်းယူနေတာလား တကယ်သတိပေးနေတာလား ... စုရွှမ်ကြွယ် နင်က တကယ့်ကို အရှက်မဲ့တာပဲ။ ”
“ ဝိုး ... ဒါဆို မင်းကိုယ်တိုင် ဝင်ကြည့်နိုင်ပါတယ်။ ”
စကားဆုံးသည်နှင့် စုရီက သူမ လက်ကိုလွှတ်ချလိုက်ရာ ငရဲဘုရင်တစ်ယောက် ထိတ်လန့်တကြား ပြန်လည်ဖမ်းဆွဲလိုက်ရ၏။
“ ဟား ဟား ဟား ... ။ ”
စုရီက ရယ်သည်။ ငရဲဘုရင်ခမျာ မျက်နှာတစ်ပြင်လုံးနီရဲလျက် ခေါင်းငုံ့သွား၏။ ထို့နောက်တွင် စုရီသည် အာကာသဆုံမှတ် အတွင်းသို့ ပျံဝဲသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဥပဒေစည်းမျဉ်းများသည် ဒီရေလှိုင်းတစ်ခုလို ပေါက်ကွဲအားပြင်းထန်စွာ လည်ပတ်နေပြီး အရာရာကို ဖျက်ဆီးရန် ကြိုးစားနေ၏။
အသက်အန္တရာယ်ရှိသော ထိုခြိမ်းခြောက်မှုသည် ငရဲဘုရင်၏ဆံပင်များကို အဆုံးထိထောင်မတ်သွားစေသည်။
အဖျက်စွမ်းအားသည် ကျယ်လောင်ပြီး အလွန်နီးကပ်စွာ ရေဝဲကြီးအသွင်လည်ပတ်နေ သောကြောင့် နှလုံးသားမှာ သည်းမခံနိုင်ဘဲ စုရီ လက်ကို တင်းကြပ်စွာ ဖက်တွယ်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် စုရီသည်လည်း အင်မော်တယ်တူအသက်သွင်းလျက် ထိုရေဝဲကို လမ်းဖွင့်နေခဲ့သည်။
ပထမတစ်ကြိမ် ဝင်ရောက်ထားဖူးသဖြင့် အာကာသရေဝဲစွမ်းအားကို မည်သို့ရှောင်ရှားပြီး မည်သို့ပျက်ပြယ်အောင် လုပ်ရမည်မှန်း ကောင်းကောင်းသိသည်။
သို့သော် ငရဲဘုရင်အတွက်မူ ကြောက်စရာကောင်းလွန်းသော ခံစားချက်များ ရရှိလာသဖြင့် စုရီအနားပို၍တိုးကပ်လာခဲ့၏။
ရုတ်တရက် လက်မောင်းကိုဖိကပ်လာသော နူးညံ့လွန်းသော အထိအတွေ့နှစ်ခုကြောင့် စုရီမှ ပြန်ငုံ့ကြည့်သည်။ အံ့မခန်း အထိအတွေ့ပေပင်။
ငရဲဘုရင်သည် မျက်ဝန်းများမှိတ်လျက် သူ့လက်ကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ပြီး ရနံ့တစ်ခုကညှို့ယူနေတော့၏။
ရုတ်တရက် ပတ်ဝန်းကျင်တွင် အာကာသလှိုင်းများ ငြိမ်သက်သွားသည်ကို သတိပြုမိလာပြီးနောက် ငရဲဘုရင်မှ မျက်ဝန်းများပြန်ဖွင့်လိုက်သည်။
ရင်းနှီးပြီးချောမောနေသော မျက်နှာတစ်ခုသည် သူမမျက်နှာအနီးတွင် မိုးကြည့်နေသဖြင့် မျက်နှာနီရဲသွား၏။
ရှက်ရွံ့ဖွယ်ကောင်းလွန်းသော အနေအထားပေပင်။ စုရီလက်ကိုလွှတ်ကာ ခန္ဓာကိုယ်ကို ချက်ချင်းခွာလိုက်၏။
“ ငါနည်းနည်း စိတ်လှုပ်ရှားသွားတယ်။ ”
စုရီက အနည်းငယ် ပြုံးလျက်၊
“ ဟုတ်တယ်၊ ငါ ခံစားမိတယ်။ ”
-ဟု တုန့်ပြန်သည်။
“ ဟမ့် ... ဘာခံစားမိတာလဲ။ ”
“ မင်း ဘယ်လိုထင်လဲ။ ”
စုရီက ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်မေးသည်။ ငရဲဘုရင်မှ အသက်ပြင်းပြင်းရှူ ရှိုက်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်စေကာ ပတ်ဝန်းကျင်ထံ စူးစမ်းတော့၏။
“ ငါတို့ ဘယ်ရောက်နေတာလဲ။ ”
“ ဝင်စားခြင်းနယ်မြေ လမ်းမှာ။ ”
စုရီက ပြန်ဖြေသည်။ ပတ်ဝန်းကျင်သည် ရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် တွန့်လိမ်နေကာ စိတ်ကူးယဉ်ဆန်ချေပြီ။
“ သွားရအောင် ... သတိထားပါ မကြာခင်မှာ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်နယ်မြေကို ရောက်လိမ့်မယ်။ ”
ထို့နောက် စုရီက ရှေ့သို့လှမ်းသွား၏။ အဝေးတွင် အဖြူရောင်အလင်းတန်းတစ်ခုကို မှုန်ဝါးဝါးမြင်နေရသည်။ ယင်းသည် ပြန်လည် ဝင်စားခြင်းနယ်မြေ၏ ဝင်ပေါက်ဖြစ်၏။
“ ဝှစ် ... ။ ”
စုရီက သူ့လက်ဖဝါးကိုလှန်ပြီး ကျောက်စိမ်းဘူးသီးထုတ်ယူကာ ခါးတွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဓတံဆိပ်ကို ငရဲဘုရင်ထံ ပြန်လည်ပေးအပ်လိုက်၏။
ဤတံဆိပ်ထဲရှိ ပထမလွတ်မြောက်သူ ချန်ထားသော ဝိညာဉ်တံဆိပ်ကိုဖျက်ပစ်ပြီး ဖြစ်သည်။ ယင်းကြောင့် ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခြင်းပေပင်။
များမကြာမီတွင် နှစ်ယောက်သား အာကာသလမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိ လာခဲ့ကြသည်။ သူတို့သည် အဖြူရောင်အလင်း အတွင်း လှမ်းဝင်လိုက်သည်နှင့် မြင်ကွင်းများ လျင်မြန်စွာပြောင်းလဲလာ၏။
မြင်ကွင်းအားလုံး ငြိမ်သက် သွားသောအခါတွင် ထူးဆန်းမှောင်မိုက်သည့် ကမ္ဘာတစ်ခုသည် သူတို့ရှေ့ပေါ်လာသည်။
ထိုကမ္ဘာကြီး၏ ကောင်းကင်သည် အချိန်မရွေး ပြိုကျသွားနိုင်သည့်အလား ပဲ့ကြွေ လုမတတ် လေဟာနယ်အက်ကြောင်းများသည် ပင့်ကူအိမ်များလို ပြန့်ကျဲနေတော့၏။
မြေပြင်သည် မှိန်ဖျော့လျက် မီးခိုးရောင်မြူများဖုံးလွှမ်းကာ လူသူကင်းမဲ့ပြီး စွန့်ပစ်ကမ္ဘာကြီးတစ်ခုလိုပေပင်။
“ ဒါ ... ပြန်လည်ဝင်စားခြင်း နယ်မြေလား။ ”
ငရဲဘုရင်က မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ လေထုအတွင်း သေစေနိုင်သော ရှုပ်ထွေးပြီး မှုန်ဝါးဝါးနိုင်သည့် စည်းမျဉ်းများကို အတိုင်းအဆမရှိခံစားနိုင်၏။
“ ဝုန်း ... ။ ”
ရုတ်တရက် အဝေးရှိကောင်းကင် အစိတ်အပိုင်းတစ်ခုကျဆင်းပြီး ကျယ်လောင်စွာ ပေါက်ကွဲလျက် အာကာသစွမ်းအားအတွင်း ပျော်ဝင်ပျောက်ကွယ်သွား၏။
မြေပြင်တလျှောက် တုန်ခါလျက် လှိုင်းထလာကာ ထိုအပိုင်းအစတစ်ခုလုံးကို မျိုချသွားချေပြီ။
ထိုကောင်းကင်အပိုင်းအစဟူသည် တာအိုစွမ်းအားတစ်ခုဖြစ်ပြီး ညှိုးနွမ်းပြုတ်ကျခဲ့ သော်လည်း မြေပြင်နှင့်ထိချိန်၌ အဖျက်စွမ်းအား ပြင်းစွာပေါက်ကွဲသွား၏။
အဆိုပါအဖျက်စွမ်းအားရောင်ဝါကို အဝေးမှပင်ခံစားနိုင်သည်။ သူမကိုထိမှန်သော် စစ်မှန်သည့်ခန္ဓာကိုယ်ရှိနေလျှင်ပင် ပြင်းစွာ ဒဏ်ရာရရှိစေနိုင်၏။
“ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ အဆိုအရဆိုရင် ရှေးခေတ်တုန်းက မရဏကမ္ဘာ ပျက်စီးမှုဟာ ဒီနေရာနဲ့ဆက်စပ်နေတယ် ...
... ဒီနေရာကို မူလက ဝင်စားခြင်း လမ်းကြောင်းခြောက်ခု စည်းမျဉ်းဥပဒေတွေနဲ့ ဖုံးလွှမ်းထားပေမယ့် ...
... အကြောင်းရင်းတစ်ခုခုကြောင့် ကြီးမားတဲ့ကပ်ဘေးတစ်ခုမှာ ဝင်စားခြင်းတာအို ပျက်စီးစေခဲ့တယ်။ ”
စုရီ၏မျက်လုံးများသည် အတိတ်ကို ပြန်ပြောင်းသတိရသော အရိပ်အယောင်များ ပြသနေ၏။
ထိုစဉ်တုန်းက သူနှင့် ခေါင်းတလားထမ်း သရဲအဘိုးကြီးတို့သည် ဤအရပ်သို့ အတူတူ ဝင်ရောက်လာခဲ့ကြသည်။
ရုတ်တရက် စုရီကိုဗဟိုပြုလျက် အဖြူဖျော့ဖျော့မြူများ ဆယ်ပေပတ်လည် အတွင်း သိုင်းခြုံလာတော့၏။
“ ဝင်စားခြင်းစည်းမျဉ်း ... ။ ”
ငရဲဘုရင်က အံ့အားသင့်သွားသည်။ ဝင်စားခြင်းစည်းမျဉ်းသည် ပြန်လည်ဝင်စားခြင်း တာအို၏တစ်စိတ်တစ်ပိုင်းဖြစ်၏။
မကြာသေးခင်က စုရီသည် ဝင်စားခြင်းပလက်ဖောင်း၌ ဧကရာဇ်ဖြစ်စေရန် ထိုစည်းမျဉ်းစွမ်းအားကို အသုံးပြုခဲ့သည်။
“ ဒါဆို ဒီနတ်ဘုရားသင်္ချိုင်းမှာ ... ပျံ့နှံ့နေတဲ့တားမြစ်ရောင်ဝါတွေက ဝင်စားခြင်း ဥပဒေရဲ့ အပိုင်းပိုင်းကွဲနေတဲ့ စွမ်းအားအချို့ ဖြစ်နိုင်မလား။ ”
“ ဟုတ်တယ်။ ”
စုရီက ခေါင်းညိတ်လိုက်သည်။
“ ပြန်ဝင်စားခြင်းဥပဒေစွမ်းအားကို မီးအိမ်အဖြစ် ငါအသုံးပြုပြီး လမ်းပြခိုင်းထားတာ ဒါက မင်းကိုလမ်းတစ်လျှောက် အန္တရာယ်ကင်း စေနိုင်တယ် ...
... ပြန်ဝင်စားခြင်းဥပဒေသာ မရှိခဲ့ရင် ... ငါတို့ဒီလမ်းမှာ တစ်လက်မတောင် မရွေ့နိုင်ဘူး အတင်းအကျပ်ဝင်ခဲ့ရင် သေချာပေါက် သေရလိမ့်မယ်။ ”
စုရီစကားကြောင့် ငရဲဘုရင်မှ ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လေသည်။
အမှန်ပင် စုရီတစ်ယောက် လျှောက်လှမ်းလာသောအခါ အပိုင်းပိုင်းကွဲအက် နေသည့် လေဟာနယ်နှင့် ကောင်းကင်ကြီးသည် မလှုပ်မယှက်ငြိမ်သက်သွား၏။
အချို့သော အက်ကြောင်းများသည် စုရီအနား ဆယ်ပေပတ်လည်ဝင်စားခြင်းနိယာမ စက်ဝန်းထံ ထိမိပြီး ရပ်တန့်သွားသည်။
“ ဒါဆို အရင်က နင်ဘယ်လို ရောက်လာတာလဲ။ ”
ငရဲဘုရင်မှ သိချင်သွားသည်။
“ သဘာဝအတိုင်း ငါ့သူငယ်ချင်းက ဦးဆောင်ခဲ့တာပါ။ ”
စုရီက ပြန်ဖြေ၏။ ထိုစဉ်က ခေါင်းတလားထမ်း သူရဲအိုကြီးသည် ဝင်စားခြင်း နိယာမစွမ်းအားကိုအသုံးပြုပြီး ယခုကဲ့သို့ပင် လမ်းခရီးကိုဦးဆောင်သည်။
နာရီဝက်လောက်ကြာပြီးနောက် ငရဲဘုရင်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး မျက်လုံးများပြူးကျယ်လာ၏။
“ တာအိုစု၊ အဲဒါကို ကြည့်ပါဦး ... ။ ”
အဝေးတွင် ဆိတ်သုဉ်းနေသော တောင်ထိပ်ပေါ်သို့ နေရာပေါင်းစုံမှတာအိုများ ရေစီးကြောင်းများအလား ပြောင်းပြန်စီးနေ၏။
ထိုတာအိုစည်းမျဉ်းများ ပေါင်းဆုံရာ တောင်ထိပ်တွင်မူ အနက်ရောင်သင်္ဘောကြီး တစ်စင်း လေထုအလယ်ဆိုင်းငံ့နေခဲ့ကာ အရာအားလုံးကို စုပ်ယူနေသည်။
မဟူရာ ဝေလငါးကြီးအလား ထင်မှားစေတော့၏။ ထိုမြင်ကွင်းကြောင့် စုရီက မျက်ဝန်းများမှေးစင်းသွားသည်။
***