← Chapters

အနက်ရောင်သင်္ဘောနှင့် တံငါသည်။

Vol. 68 Ch. 806

အနက်ရောင်သင်္ဘောနှင့် တံငါသည်။

Vol. 68 Ch. 806

အဝေးရှိ ထိုတောင်တန်းကြီးကို ပြောင်းပြန်တောင်ဟုခေါ်၏။ တောင်ထိပ်ပေါ် တက်လာနေခဲ့သော တာအိုစည်းမျဉ်းများသည် မရဏကမ္ဘာအတွင်း ပြန်လည်စီးဆင်း ပြန့်ကျဲသွားပေလိမ့်မည်။

သို့သော် ယခင် သူရောက်ရှိချိန်၌ ဤအနက်ရောင်သင်္ဘောကြီး မရှိခဲ့ချေ။

“ ဒါ ... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်တစ္ဆေသင်္ဘော ဖြစ်နိုင်မလား။”

ငရဲဘုရင်က အံ့အားသင့်မှုများဖြင့် ခန့်မှန်းလိုက်လေသည်။ ဤကာလများအတွင်း လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သင်္ဘောတစ်စင်း နာကျည်းခြင်းပင်လယ်ထဲ၌ ထွက်ပေါ်လာသည်ဟု ကောလဟာလများ မရဏကမ္ဘာတွင်ပျံနှံ့နေ၏။

ထိုသင်္ဘောကိုမြင်သော လူအများသည် ကျင့်ကြံမှုအဆင့်မည်မျှပင်ရှိကာမူ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြသည်။

ဤသင်္ဘောပေါ်လာရခြင်းသည် နာကျည်းခြင်းပင်လယ်ပြင်ကို အုံကြွမှုများစွာ ဖြစ်ပေါ်စေသည်ဟု ယုံကြည်၏။

တရားစီရင်ရေးသခင် စွေ့လုံရှင်းသည် ဤသင်္ဘောကိုမြင်ပြီးနောက် ထူးဆန်းစွာပင် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။

“ ဖြစ်နိုင်တယ်။ ”

စုရီမှ အကြည့်များ တောက်ပလာ၏။ အနက်ရောင်သင်္ဘောသည် ငါးတစ်ကောင်နှင့် တူပြီး အစွန်းနှစ်ဖက်သည် ကျဉ်းမြောင်းကာ ဝမ်းဗိုက်ကျယ်လျက် အမိုးဖုံးအုပ်ထားသည်။

သင်္ဘောကြီး၏ဦးပိုင်းတွင် သေးသွယ် ပါးလျသော လက်ဝါးကပ်ပုံစံ ဓားတစ်လက် ထိုးသွင်းထား၏။ လက်ကိုင်ကို အနက်ရောင် သံကွင်းဖြင့် အလှဆင်ထားသည်။

အပြစ်အနာအဆာကင်းကာ ထက်ရှ လွန်းချေ၏။ သို့သော် စုရီသည် ဤအနက်ရောင် သင်္ဘောသည် အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

ထို့ကြောင့် လက်ဝါးကပ်တိုင်ပုံသဏ္ဍာန် ထိုဓားတွင်အခြားလျှို့ဝှက်ချက်များ ရှိ-မရှိကို သူ မမြင်နိုင်ခဲ့ချေ။

“ ဒီဓားက အစွမ်းထက်တယ်။ ”

ဓားနှင့် အရိုးကြားတွင် ကန့်လန့်ဖြတ် တန်းတစ်ခုပါရှိသဖြင့် ၎င်းကို လက်ဝါးကပ်တိုင် ပုံစံမြင်ရစေသည်။ အလွန်အမင်း အေးစက်ပြီး တရားစီရင်ခြင်းကို ရင်ဆိုင်နေရသကဲ့သို့ မြင်ရသူများမှာ ထိတ်လန့်ကုန်သည်။

လက်ကိုင်ကို ဝန်းရံထားသော သံကွင်းသည်ပြီးပြည့်စုံပြီး မပြောင်းလဲနိုင်သော ဆန္ဒကဲ့သို့ ထင်မှားစေ၏။ ထိုလက်ကွင်းသည် ‘အစသို့ ပြန်လည်မွေးဖွားခြင်း’ဟု အဓိပ္ပါယ် ရပေမည်။   

“ ဝှစ် ... ။ ”

ရုတ်တရက် လူရိပ်တစ်ရိပ် လှေဦး၌ ထွက်ပေါ်လာရာ စုရီနှင့်ငရဲဘုရင်ခမျာ ချက်ချင်း သတိဖြင့် မော့ကြည့်လိုက်ကြသည်။

တစ်ဖက်လူသည် ဝါးခမောက်၊ ဖျင်ထည်ကြမ်းဝတ်ရုံနှင့် ကောက်ရိုးညှပ်ဖိနပ် စီးထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။

အရပ်ရှည်ပြီး ပိန်ပါးကာ ဝါးခမောက်အောက်မှ မျက်နှာတစ်ဝက်သာ ပေါ်လွင်ချေပြီ။ ထိုသူကို ရင်ဆိုင်နေရသော ငရဲဘုရင်သည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးကို ရင်ဆိုင်ရသကဲ့သို့ ဗီဇအရ သူမကို သတိပေးနေခြင်းပေပင်။

“ မင်းက လှေပိုင်ရှင်လား။ ”

စုရီက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူသည် တံငါသည်တစ်ယောက်အသွင် ထူးခြားသော ရောင်ဝါများရှိနေ၏။ တံငါသည် ဟူသည် လှေမရှိဘဲ မနေနိုင်ချေ။

စုရီမေးခွန်းကို ကြားသောအခါ ဝါးဦးထုပ်ဆောင်းထားသော အသက်လတ်ပိုင်း အရွယ် အမျိုးသားက ပြုံးသည်။

သူ့အပြုံးသည် နွေးထွေးပြီး စိတ်ခံစားမှု လုံးဝမရှိသောကြောင့် ဖြူစင်သည်ဟုထင်ရ၏။ အမျိုးသားက ​စုရီမေးခွန်းကို ပြန်မဖြေဘဲ မေးခွန်းပြန်မေးသည်။

“ မင်းငါ့ရဲ့ လက်အောက်ငယ်သားကို သတ်ခဲ့တယ် မဟုတ်လား။”

ဤမေးခွန်းသည် ဝါးဦးထုပ်ဆောင်းထားသော အသက်လတ်ပိုင်း အရွယ် အမျိုးသား မည်သူဖြစ်မည်ကို ချက်ချင်းသဘောပေါက်သွားစေ၏။

ကြယ်မြစ်ဂိုဏ်း၏ ကြယ်ခန်းမ ကာကွယ်သူဖြစ်သည်။ မိုးတိမ်ဌာန ကာကွယ်သူ ယွမ်ချီသည်ပင် ဤလူ၏မူလကိုမသိချေ။

“ ဟုတ်တယ် ... ။ ”

စုရီက ဝန်ခံလိုက်သည်။ ဝါးဦးထုပ်ဆောင်းထားသော အမျိုးသားက ဒေါသလုံးဝမပြဘဲ ပြုံးရယ်လိုက်ပြီး၊

“ ဒါဆို သင်္ဘောဦးမှာရှိနေတဲ့ ဓားက ဘာကြောင့် ဒီလောက်အစွမ်းထက်တာလဲလို့ ငါ့ကိုပြောပြနိုင်မလား။ ”

-ဟု ထပ်မံမေးမြန်းသည်။

သူသည် မိုးတိမ်ဌာန ကာကွယ်သူ၏ အသက်ကို လုံးဝဂရုစိုက်ပုံမပြချေ။ ယင်းအစား ထိုထူးခြားသော ပုံသဏ္ဌာန်ရှိသည့် ထိုဓားအပေါ် စုရီမည်သို့အကဲဖြတ်မည်ကို သိချင်နေပုံရ၏။

စုရီက ခေါင်းခါပြီး၊

“ ဒါက ပုံရိပ်ယောင်တစ်ခုပဲ ဘယ်လောက်အစွမ်းထက်လဲ ငါမခွဲခြားနိုင်ဘူး။ ”

-ဟု ပြန်ဖြေသည်။

ထိုအဖြေကြောင့် ဝါးခမောက် ဆောင်းထားသော အမျိုးသားသည် စုရီကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး၊

“ စိတ်ဝင်စားစရာပဲ ... ငါ မင်းကို ဒီမှာအကြာကြီးစောင့်နေတာ ... လာခဲ့။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူ့ပုံရိပ်သည် အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွားတော့၏။

“ ဒီလူက ... နင်လာမယ်ဆိုတာ သိနေတာလား။ ”

ငရဲဘုရင်က အံ့အားသင့်စွာမေးသည်။ စုရီမှနှာခေါင်းကိုပွတ်ပြီး၊

“ အဲဒီလိုဖြစ်လိမ့်မယ် ဒီတစ်ခါတော့ ငါတို့ပြဿနာရှိတဲ့ ဇာတ်ကောင်တစ်ယောက်နဲ့ ကြုံလာပုံရတယ် ခေါင်းတလားထမ်း တစ္ဆေနဲ့ စွေ့လုံရှင်းကိုလည်း ဖမ်းထားလောက်ပြီ။”

“ အဲဒီလိုဆိုရင် ပြဿနာကကြီးလိမ့်မယ် ကြယ်မြစ်ဂိုဏ်းက အဲဒီလူလည်း ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်ကို လိုက်ရှာနေတယ်လို့ ငါ သံသယရှိတယ်။ ”

ငရဲဘုရင်မှ မှန်းဆချက်ပေးသည်။ စုရီတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီး၊

“ သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူဒီမှာငါ့ကိုစောင့်နေတယ်ဆိုတဲ့ အချက်အရ သူ့ဆန္ဒတွေ မအောင်မြင်သေးဘူးဆိုတာ သက်သေပြနေပြီ၊ ငါ့မှာ သူလိုအပ်တဲ့ အရာတစ်ခုခု ရှိနေရမယ် သွားကြည့်ရအောင်။ ”

စကားဆုံးသည်နှင့် ​တောင်ပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားတော့၏။ ငရဲဘုရင်က နောက်ပါးမှ လိုက်ပါလာသည်။

စုရီသည် အရမ်းတုန့်လှုပ်ကာ စိုးရိမ်သွားလိမ့်မည်ဟု သူမထင်ခဲ့၏။ သို့သော် ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားလျှင်ပင် ဤလူသည် တုန်လှုပ်မည် မဟုတ်ကြောင်း သိရှိလိုက်ချေပြီ။

များမကြာခင် ကောင်းကင်နှင့် မြေကြီးကြား မှုန်ဝါးဝါးအလင်းရောင်များနှင့် ဖုံးလွှမ်းနေသော သစ်​ပင်ကြီးတစ်ပင်ကို မြင်လိုက်ရ၏။

နီးကပ်သည်နှင့်အမျှ သစ်ပင်ကြီးသည် မယုံနိုင်လောက်အောင် ကြီးမားလွန်းကြောင်း သိရှိလိုက်သည်။ ပင်စည်တစ်ခုတည်းသည်ပင် အနက်ရောင်သင်္ဘောနီးပါး ကြီးမားနေကာ အမြစ်များသည် နဂါးများကဲ့သို့ ပြန့်ကျဲနေ၏။

ထူးဆန်းစွာပင် သစ်ပင်တစ်ခြမ်းသည် အသက်ဓာတ်များဖြင့် ပြည့်ဝလျက် အရွက်များ တောက်ပနေသည်။

ကျန်တစ်ခြမ်းသည် ညှိုးနွမ်းပြီး အကိုင်းအခက်များခြောက်သွေ့ကာ အရွက်များ လုံးဝကင်းစင်နေ၏။

ဤသည်မှာ ညှိုးနွမ်းခြင်းနှင့်ပွင့်လန်းခြင်း၊ ရှင်ခြင်းနှင့်သေခြင်းအစရှိသည့် ဆန့်ကျင်ဘက် မြင်ကွင်းနှစ်ခုပေပင်။

ယင်းသည် ယင်နှင့်ယန်အဖြစ် အပြန်အလှန်ဖလှယ်ကြပြီး စက်ဝန်းတစ်ခုလို လည်ပတ်နေပေမည်။

ဤသည်မှာ ပြန်လည်ဝင်စားခြင်း နတ်ဘုရားသစ်ပင်ဖြစ်၏။ သူ့အမြစ်များသည် ဝင်စားခြင်းလမ်းကို ချိတ်ဆက်ပေးသည်။

အကိုင်းအခက်များသည် မရဏကမ္ဘာမှ အခြားဒေသများထံထိုးဖောက်ကာ အရွက်များ၌ ပြန်လည်ဝင်စားခြင်းနှင့် ဆက်စပ်သော လျှို့ဝှက်ချက်များ ပါရှိလေသည်။

မြေအောက်ကမ္ဘာဧကရာဇ်၏ (ငရဲနန်းတော်သခင်) အမြင့်မြတ်ဆုံးသော ရှေးဟောင်းပစ္စည်းဖြစ်သည့် မြေအောက်ကမ္ဘာ မှတ်တမ်းသည် ဤသစ်ပင်၏အနှစ်သာရဖြင့် ပြုလုပ်ထားကြောင်း သတင်းပြေးနေသည်။

လမ်းစဉ်ခြောက်ပါးဌာနနှင့် တရားစီရင် ရေးဌာနမှ ကိုင်ဆောင်ထားသော တရားရေး ကလောင်သည်လည်း ဤသစ်ပင်မှ ထွင်းထုထားကြောင်း ဆိုကြ၏။

သစ်ပင်၏ အောက်ခြေတွင်ရှိသော အမြစ်အများစုသည် သိပ်သည်းပြီး ပရမ်းပတာ အသွင်ဖြင့်ပြန့်ကားနေသည်။

အနီးကပ်စစ်ဆေးကြည့်သောအခါ ဝင်စားခြင်းနတ်သစ်ပင်၏ ခြောက်သွေ့နေသော အခြမ်းသည် မရဏအငွေ့အသက်အလွှာတစ်ခု ဖုံးအုပ်နေခဲ့၏။

“ ဒီဝင်စားခြင်းနတ်သစ်ပင်ဟာ ပြင်းထန်တဲ့ပျက်စီးမှုကိုခံရပြီး မူလစွမ်းအား ကုန်ဆုံးလာနေသလိုပဲ။ ”

ငရဲဘုရင်မှ မှတ်ချက်ပေးသည်။ စုရီကစကားမဆိုဘဲ ဝင်စားခြင်းနတ်သစ်ပင်ကို ခဏတာစစ်ဆေးပြီးနောက် အဝေးသို့ မျှော်ကြည့်လိုက်၏။

ထိုအရပ်တွင် ခြောက်သွေ့လုနီးပါး ရေကန်တစ်ကန်ရှိနေပြီး အနက်ရောင် သင်္ဘော တစ်စင်း ပေါလောမျောနေသည်။

ရေကန်ပတ်ပတ်လည်တွင် ပျက်စီးယို့ယွင်းနေသော ရုပ်တုခြောက်ခုရှိ၏။ ဝါးခမောက်နှင့်လူသည် ရုပ်တုတစ်ခုကို ဂရုတစိုက် စစ်ဆေးနေသည်။

“ ခေတ်အဆက်ဆက်မှာ လူတစ်ယောက်တည်းကသာ ပြန်ဝင်စားခြင်းရဲ့ စွမ်းအားကိုနိုးထစေပြီး ... နှစ်ပေါင်းများစွာ ပျက်စီးနေတဲ့ အဲဒီလမ်းကြောင်းကို ဖွင့်လှစ်နိုင်တယ်။ ”

သူကပင် စုရီ ရောက်ရှိလာမှုကို ဂရုမစိုက်ဘဲကျောခိုင်းလျက်ဖြင့် ပြောကြားလာ တော့သည်။

ထိုသူ၏ စကားများကြောင့် ခန်းခြောက်လုနီးပါးဖြစ်နေသော ရေကန်သည် ဒဏ္ဍာရီလာ ပြန်လည်မွေးဖွားခြင်း ရေကန် ဖြစ်ကြောင်း ငရဲဘုရင်သိလိုက်၏။

ရှေးယခင်က မရဏနိုင်ငံ၏ ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်သည် ဤပြန်လည်မွေးဖွားခြင်း ရေကန်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်သည်။

ထို့ကြောင့်ပင် တရားစီရင်ရေးဌာနမှ အမိန့်ချပြီးဖြစ်သော အကျဉ်းသားများစွာအပေါ် ဤရေကန်၌ ထာဝရဖိနှိမ်ထားနိုင်ခြင်းဖြစ်၏။

သို့သော် မရဏကမ္ဘာသည် ပျက်စီးသွားခဲ့ခြင်းကြောင့် ပြန်လည်ဝင်စားခြင်း ရေကန်သည်လည်း ဒဏ္ဍာရီတစ်ပုဒ်အဖြစ်သာ လူအများကြား ပြောကျန်ရစ်ခဲ့သည်။

“ မင်းကြည့်ရတာ ငါ့ကိုသိပြီးပုံပဲ။ ”

စုရီက စကားဆိုလျက် ရှေ့သို့ လျှောက်လှမ်းသွားကာ ရေကန်အလယ်ရှိ အနက်ရောင်သင်္ဘောထံ စစ်ဆေးလိုက်တော့၏။

***

All Chapters