← Chapters

ပြန်လည်မွေးဖွားခြင်း ရေကန်နှင့် လောကသခင်။

Vol. 68 Ch. 807

ပြန်လည်မွေးဖွားခြင်း ရေကန်နှင့် လောကသခင်။

Vol. 68 Ch. 807

ဤမတိုင်မီ တောင်ထိပ်တွင်ပေါ်လာသော သင်္ဘောသည် ဝိညာဉ်ပုံရိပ်တစ်ခုသာဖြစ်သည်။ ယခုအနားချဉ်းကပ်လာချိန်၌ ထူးခြားသော သဘာဝကို သတိထားမိလာ၏။

ပြန်လည်မွေးဖွားခြင်းရေကန်ထဲရှိ ခန်းခြောက်လုနီးပါးဖြစ်နေသော ရေများသည် နစ်မြုပ်ခြင်းစည်းမျဉ်းများ ဖြစ်သည်။

သာမန်ဧကရာဇ်များကို မဆိုနှင့် အထွတ်အထိပ် ဧကရာဇ်များပင် ရေကန်ထဲ​ ဝင်ရောက်သော် ခန္ဓာကိုယ်ကွဲကြေနိုင်၏။။

ဝိညာဉ်များကိုမူ နစ်မြုပ်ခြင်း စည်းမျဉ်းစွမ်းအားများက ထာဝရပိတ်လှောင် နစ်မြုပ်ထားပေလိမ့်မည်။

သို့သော် တစ်ဖက်လူ၏ အနက်ရောင်သင်္ဘောသည် ထိုသို့နစ်မြုပ်ခြင်း စည်းမျဉ်း၌ ပေါလောမျောနေ၏။ ယင်းသည် သင်္ဘော၏မူလ မည်မျှထူးခြားကြောင်း ပြသရာရောက်နေချေပြီ။

သူ့ကိုယ်ထည်သည် မင်ကဲ့သို့ မည်းနက်တောက်ပြောင်နေသဖြင့် သံမဏိဟု ထင်ရသော်လည်း မဟုတ်ခဲ့ချေ။

နစ်မြုပ်ခြင်း စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိနိုင်အောင် မည်သည့်အရာဖြင့် တည်ဆောက်ထားမှန်း မှန်းဆရခက်နေ၏။

“ စိတ်ဝင်စားစရာပဲ။ ”

စုရီက တစ်ဖက်လူကို လျစ်လျူရှုလျက် သင်္ဘောကို စစ်ဆေးပြီး မှတ်ချက်ချလိုက်သည်။ ဝါးခမောက်ဆောင်းထားသောလူမှ ပြုံးပြီး၊

“ ငါဒီမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ၊ ဒါကြောင့် မင်းကိုခန့်မှန်းဖို့မခက်ပါဘူး... ဒီထဲကို ဝင်နိုင်တဲ့သူက ခေါင်းတလားထမ်းအဘိုးကြီး အပြင် ... နောက်တစ်ယောက် ရှိနေတယ်ဆိုတာ ငါသိထားပါတယ်။ ”

ထိုသို့​ပြောပြီး ဝါးခမောက် ဆောင်းထားသောလူက ခေါင်းကိုအနည်းငယ် စောင်းလိုက်ကာ စုရီထံကြည့်လိုက်ပြီး၊

“ မင်း ... စုရွှမ်ကြွယ်ပဲ ... ။ ”

-ဟု ပြောကြားလိုက်၏။

သူ့စကားများသည် နွေဦးလေပြေလို နူးညံ့နေပြီး မိတ်ဆွေဟောင်းတစ်ဦးနှင့် စကား ပြောနေသလို ပေါ့ပေါ့ပါးပါးပေပင်။

သို့သော် ငရဲဘုရင်အတွက်မူ နှလုံးသားတစ်ခုလုံး မကြုံစဖူးတင်းကျပ်လာ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော သူမသည် ဤလူရှေ့၌ ပုရွက်ဆိတ်ကဲ့သို့ ခံစားရသည်။

စုရီက ဝါးခမောက်ဆောင်းထားသော ထိုလူကို လျစ်လျူရှုလိုက်ပြီး သင်္ဘောဦးထံသို့ အကြည့်များ ရွေ့လိုက်၏။

ထိုနေရာတွင် လက်ဝါးကပ်တိုင်ပုံ ဓားတစ်လက် ထိုးစိုက်ထားသည်။ ဓားရိုးတင် ‘လူ့လောက’ ဟူသော ရိုးရှင်းသည့် စာလုံးများ ထွင်းထုထား၏။

ထိုစာလုံးနှစ်လုံးသည် လုံးဝပုံမှန်ဖြစ်ပြီး ထူးခြားသောဆွဲဆောင်မှုမရှိချေ။ ကမ္ဘာပေါ်တွင် မြင်တွေ့​နေရသည့် သာမန်စာလုံး​ပေပင်။   

သို့သော် စုယီသည် ဤဓားနှင့် ထိုအမည်ကိုမြင်သောအခါ ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခု ရရှိလိုက်သည်။

အထီးကျန်မှုနှင့်ဆင်တူသော ခံစားချက်၊ ဝမ်းနည်းမှု၊ ပျက်သုဉ်းခြင်းနှင့်၊ ကမ္ဘာအသီးသီးရှိ ရေခဲခေတ်များ စသည်တို့ပေပင်။

ထိုခံစားချက်က နှလုံးသားကို အနည်းငယ်တုန်ခါသွားစေပြီး ရှားရှားပါးပါး ဇဝေဇဝါဖြစ်စေသော ရှုပ်ထွေးမှုဖြစ်လာ၏။

“ မင်းဘယ်လိုထင်လဲ။ ”

မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်နှင့်အတူ ဝါးခမောက်ဆောင်းထားသောလူက လက်များ နော်ကပို့လျက် စုရီကိုမေးမြန်းလာသည်။

“ ဓားတစ်လက်ပါပဲ ... ဒါပေမယ့် အထီးကျန်မှုနဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေကို ဖော်ညွှန်းနေတယ် ဒီဓားက ... မင်းဓားမဟုတ်ဘူး။ ”

စုရီက မှတ်ချက်ပေးလိုက်သဖြင့် ဝါးခမောက်ဆောင်းထားသည့်လူက စိတ်ဝင်စား လာတော့သည်။ ထို့နောက် စုရီမှဆက်ပြော၏။

“ ဒီဓားရဲ့ ဖိနှိပ်မှုအောက်မှာ အဲဒီအနက်ရောင်သင်္ဘောရဲ့ မူလစွမ်းအားက ချုပ်နှောင်ခံထားရတယ်။ ”

ဤတစ်ကြိမ်တွင် ဝါးခမောက် ဆောင်းထားသူသည် အံ့အားသင့်သွားပြီး စုရီထံ ပြန်ကြည့်လာ၏။

ကျောက်စိမ်းရောင်ဝတ်ရုံများ တဖျပ်ဖျပ်ခတ်လျက် ဝင်စားခြင်းရေကန်ဘေး၌ ရပ်နေသော ဤလူငယ်တွင် ရှားရှားပါးပါး တည်ငြိမ်အေးချမ်းမှုကို မြင်လိုက်ရသည်။ ထို့ကြောင့် မျက်နှာအမူအရာ ရှုပ်ထွေးသွားပြီး၊

“ မင်းက ငါသိတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တကယ်တူတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။ ထို့နောက်သက်ပြင်းချလိုက်ကာ အကြည့်များ ပြောင်းလဲသွားပြီး အတိတ်ကို ပြန်သတိရနေသလိုပေပင်။

“ ဒါပေမယ့် မင်းမှာ ခေတ်တွေကို ... လှုပ်ခါနိုင်ပြီး ကြယ်တွေကိုငုံ့ကြည့်စေနိုင်တဲ့ မောက်မာမှုမျိုးမရှိဘူး။ ”

ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်သည်။

“ ဘယ်‌လောက်တောင် မောက်မာလို့လဲ။ ”

“ ဘယ်လောက်တောင် မောက်မာသလဲဆိုရင် ဒီကမ္ဘာကြီးမှာ နတ်ဘုရားတွေ ရှိနေတယ်ဆိုရင်တောင် သူ့ရှေ့မှာ ဦးညွှတ်ရမယ်လို့ ကြွေးကြော်ထားတာ။ ”

“ ဒါဆိုရင်တော့ ... မင်းရဲ့ သူငယ်ချင်းဟောင်းက တကယ်မာနကြီးတာပဲ။”

“ ဟား ဟား ဟား ... ။ ”

စုရီ မှတ်ချက်ကြောင့် ဝါးခမောက်ဆောင်းထားသူက ရယ်၏။

“ မာနကြီးတာလား လုံးဝမဟုတ်ဘူး သူဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းမသိလို့ပါ ... ဒီစကားက သူ့အတွက် တကယ်ပဲပြောဖို့ ထိုက်တန်တယ်။ ”

ထို့နောက် ရေကန်အလယ်ရှိ အနက်ရောင်သင်္ဘောဦးတွင် စိုက်ဝင်နေသော ဓားကိုမော့ကြည့်လျက်၊

“ အဲဒီလူ့လောကဓားကို ... သူ ချန်ထားခဲ့တာပါ၊ ငါ့ဘဝရဲ့ကျင့်ကြံမှုတစ်ဝက်နဲ့ မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး သူ့ဓားက ဒီနေ့အထိ ငါ့လှေလေးကိုချည်နှောင် ထားနိုင်တုန်းပဲ။ ”

ဝါးခမောက်ဆောင်းထားသူ၏ မျက်နှာအမူအရာသည် ချက်ချင်းရှုပ်ထွေးလာပြီး အမုန်းတရားနှင့် အကြောက်တရားများ နှစ်မျိုးရောထွေးကုန်၏။

“ ဒါဆို မင်းရဲ့ သူငယ်ချင်းဟောင်းက ဒီဓားရဲ့ပိုင်ရှင်ပေါ့ ... ဒီလိုသာဆိုရင် သူ တကယ် ထူးခြားရမယ်။ ”

ဓားသမားတစ်​ယောက် အနေဖြင့် လူသားနယ်ပယ်ဟူသောဓား၏ ထူးခြားသည့် သဘောသဘာဝကို စုရီမြင်နိုင်သည်။

ထိုဓားပိုင်ရှင်သည် ဝါးခမောက်ဆောင်းထားသူထံမှ ကြောက်ရွံ့ မုန်းတီးမှုအပြင် လေးစားကိုလည်း ရရှိထား၏။ ယင်းကြောင့် သိချင်စိတ်များ ပေါ်လာသည်။

“ သူက ဘယ်သူလဲ။ ”

ဝါးခမော်ကဆောင်းထားသောလူက ကြာမြင့်စွာတိတ်ဆိတ်နေပြီးနောက် အရှုံးကို လက်ခံလိုက်သော လူတစ်ဦးကဲ့သို့ သက်ပြင်းချလိုက်သည်။

“ လောကသခင်။ ”

ထိုမျှရိုးရှင်းသော စကားများသည်ပင် ရှေးဟောင်း နတ်တောင်တစ်လုံး၏ အလေးချိန် သယ်ဆောင်ထားသလို လေထုအပေါ် လေးလံသွားစေသည်။

သည့်နောက် ဝါးခမောက် ဆောင်းထားသောလူသည် စိတ်ခံစားချက်ကို ငြိမ်သက်စေရန် အနည်းငယ်အသက်ရှူထုတ် လိုက်ပြီး၊

“ လူ့လောကဘုံကျောင်းသခင်။ ”

-ဟု ဖြည့်စွက်လိုက်၏။

တစ်ဖက်လူ၏ စကားများနှင့် အမူအရာများအရ လူ့လောကဘုံကျောင်းသခင် ဟူသည် ကြောက်မက်ဖွယ် စွမ်းအားရှိရမည်ကို သံသယဖြစ်စရာမလိုချေ။

မဟုတ်သော် ဤဝါးခမောက်ဆောင်းသူ ကဲ့သို့ ပြိုင်ဘက်ကင်းတည်ရှိသူသည် အလေး အနက် ထားနေလိမ့်မည်မဟုတ်ချေ။

တစ်ဖက်တွင် ငရဲဘုရင်သည်လည်း အံ့သြသွားလေသည်။ သူမသည် ကောင်းကင်၏ ဗဟိုဒေသမှ လာသော်လည်း လူ့လောက ဘုံကျောင်းနှင့် ဤဘုံကျောင်းသခင်ဆိုသူကို မသိချေ။

စုရီနှင့် တစ်ဖက်လူစကားများကို နားထောင်ပြီး ကြယ်မြစ်ဂိုဏ်း၏ ကြယ်တာရာ ခန်းမသခင်ကဲ့သို့ လူမျိုးသည် ကြောက်စရာ ကောင်းကြောင်း သိရှိထားသည်။

ထိုသို့သောလူမျိုးသည် မည်သည့်အချိန်မှစကာ ကြယ်မြစ်ဂိုဏ်းတွင် ရောက်ရှိနေသည်ကို နားမလည်နိုင်ချေ။

ယင်းသည် အလွန်ထူးဆန်းနေသည်။ ကြယ်မြစ်ဂိုဏ်းတွင် နေခန်းမ၊ လခန်းမနှင့် ကြယ်ခန်းမဟူ၍ရှိသည်။

ထိုခန်းမသခင်များသည် ကောင်းကင် ကိုးပါးနန်းတော်၏ လွတ်မြောက်သူသုံးဦးနှင့် တူညီသော ရာထူးမျိုးပိုင်ဆိုင်သည်။

သို့သော် ပထမ ကောင်းကင် လွတ်မြောက်သူပင် ဤဝါးခမောက်ဆောင်းလူ ကဲ့သို့ ကြောက်ရွံ့မှုနှင့် အေးစက်မှုမျိုး သူမအပေါ်မပေးနိုင်ချေ။

ထိုကြောင့် ကြယ်မြစ်ဂိုဏ်းမှ ဤလူသည် ကောင်းကင်လွတ်မြောက်သူ တစ်ယောက်ထက် များစွာပိုသန်မာကြောင်း သဘောပေါက် လာခဲ့သည်။

“ ဒီအကြောင်းတွေ မပြောရအောင် ... ငါနှစ်ပေါင်းများစွာ စောင့်နေခဲ့တာ အခုတော့ မင်းရောက်လာပြီဆိုတော့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးရမယ်။ ”

ဝါးခမောက်ဆောင်းထားသူသည် မျက်နှာအမူအရ ပုံမှန်ပြန်ဖြစ်သွားပြီး နူးညံ့ နွေးထွေးသောအပြုံးဖြင့် ပြောကြားလာ၏။

သို့သော် လေထုသည် မသိမသာ တင်းမာလာခဲ့သည်။ စုရီက၊

“ အရေးကြီးကိစ္စ ဆွေးနွေးချင်ရင် အဆင်ပြေပါတယ် ဒါပေမယ့် ... ကြက်ဖကြီး၊ ခေါင်းတလားထမ်းတစ္ဆေအိုနဲ့ စွေ့လုံရှင်းတို့ကို ငါတွေ့ချင်တယ်။ ”

-ဟု ပြောကြားလိုက်သည်။ ဝါးခမောက်ဆောင်းထားသူက မျက်ခုံးပင့်လျက် သက်ပြင်းချလိုက်၏။

“ ဒါက နည်းနည်းတော့ ဒုက္ခပေးတာပဲ။ ”

“ မင်းသူတို့ကို သတ်လိုက်ပြီလား။ ”

တစ်ဖက်လူ စကားကြောင့် စုရီမှ အနည်းငယ်စိတ်လှုပ်ရှားသွား၏။ ဝါးခမောက် ဆောင်းထားသူက လက်ဝှေ့ယမ်းပြီး ဝင်စားခြင်း ရေကန်ရှိ အနက်ရောင်သင်္ဘောကို လက်ညှိုးထိုးပြကာ၊

“ မင်းမြင်ရင် သိလိမ့်မယ်။ ”

-ဟု ပြောကြားလာသည်။

သူ ညွှန်ပြလိုက်သောအခါ အနက်ရောင်သင်္ဘောကြီးသည် ရုတ်တရက် တုန်ခါသွားပြီး မြင်ကွင်းတစ်ခုပြသလာ၏။

ဤသည်မှာ ဝင်စားခြင်း ရေကန် အောက်ခြေမှ မြင်ကွင်းပေပင်။ အနက်ရောင် သရဖူ ဆောင်းထားသော အဘိုးကြီးတစ်ဦးသည် အနက်ရောင်သင်္ဘောဝမ်းဗိုက်အောက်တွင် ဖိနှိပ်ခံထားရ၏။

သူ့ဆံပင်နှင့် မုတ်ဆိတ်များသည် ဖရိုဖရဲဖြစ်နေပြီး မျက်ဝန်းများ၌ဒေါသကြောင့် ချင်းချင်းနီနေကာ နဖူးတွင် သွေးကြောများ ဖောင်းကားနေချေပြီ။

ခန္ဓာကိုယ်အနှံ့တွင် သွေးစွန်းစုတ်ပြဲနေသော်လည်း သူ့လက်များဖြင့် သင်္ဘောကို ပင့်တင်ထားဆဲဖြစ်၏။

လက်မောင်းတလျှောက် အရေပြားများပေါက်ပြဲလျက် နေရာအတော် များများ အက်ကွဲနေသည်။ သွေးစွန်းပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။

“ ခေါင်းတလားထမ်း တစ္ဆေအိုကြီး။ ”

‌စုရီတစ်ယောက် နှလုံးသား တင်းမာသွားလေသည်။ ဤအဘိုးကြီးသည် ကြာမြင့်စွာတည်းကဖိနှိပ်ခြင်း ခံထားနေရပြီး ဒဏ်ရာရရှိနေကာ သေလုမျောပါးပေပင်။

ထိုမြင်ကွင်းက စုရီ၏ခန္ဓာကိုယ်ကို အနည်းငယ်တောင့်တင်းစေလျက် အမူအရာ အလွန်တည်ငြိမ်လာသည်။

ဤသည်မှာ ဟော်ယောင်းနှင့်တွေ့စဉ်က အမူအရာမျိုးဖြစ်၏။ ဒေါသထွက်နေကြောင်း လက္ခဏာတစ်ရပ်ပေပင်။

“ ငါဒီကိုရောက်တော့ လူဝင်စားခြင်း လျှို့ဝှက်ချက်တွေအကြောင်း သူ့ဆီကနေပြီး လမ်းညွှန်မှုကို တောင်းခဲ့ပေမယ့် သူက ငါ့ကို ဉာဏ်အလင်းပေးဖို့ ငြင်းဆိုခဲ့တယ် ...

... ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့တဲ့ အတွက် သူ့ကိုဒီမှာဖိနှိပ်ဖို့ နည်းလမ်းတစ်ခုခုကို ငါအသုံးချခဲ့ရတယ်။ ”

ဝါးခမောက်ဆောင်းထားသောလူက ခေါင်းခါပြီး ရှင်းပြသည်။

“ သူဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲဆိုတာ ငါတကယ် နားမလည်နိုင်ဘူး။ ”

“ ကျန်တဲ့နှစ်ယောက်ရော ... ။ ”

“ ကျန်တဲ့နှစ်ယောက်လား ... သူတို့ဘယ်သူတွေလဲ ငါမသိဘူး ဒါပေမယ့် သူတို့လည်း ဒီမှာရှိမယ်ထင်တယ်။ ”

ဝါးခမောက်ဆောင်းထားသောလူက အနက်ရောင်သင်္ဘောရှိ မြင်ကွင်းကို ပြောင်းလဲ လိုက်လေသည်။ ရုတ်တရက် တောက်ပလာပြီး မြင်ကွင်းအချို့ ပြောင်းလဲပေါ်လွင်လာ၏။

ဤသည်မှာ သင်္ဘောအတွင်း၌ နေရာလွတ်တစ်ခုလိုဖြစ်နေသော ကမ္ဘာငယ် တစ်ခု ပေပင်။ အတွင်းထဲတွင် ကြယ်တာရာများ လင်းလက်နေ၏။

ထိုကမ္ဘာအလယ်တွင် အကျဉ်းထောင် တစ်ခုရှိနေပြီး မရဏကမ္ဘာ၏ အစွမ်းထက်သော ပုဂ္ဂိုလ်အများအပြား ဖမ်းဆီးခံထားရသည်။

ထိုအမျိုးသား၊ အမျိုးသမီးများ၏ မျက်နှာအမူအရာများ၌ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

ထောင့်တစ်နေရာတွင် ဟောင်းနွမ်းနေသောဝတ်ရုံဖြင့် ဘိုးကြီး တစ်ယောက် ထိုင်နေပြီး ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ရှုပ်ပွနေ၏။

ဤသည်မှာ စွေ့လုံရှင်းဖြစ်သည်။ သူ့ဘေးတွင် ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက် (ကြက်ဖကြီး) လဲလျောင်းနေတော့၏။

*** 

All Chapters