ဒီလူဘယ်သူလဲ ... ။
Vol. 68 Ch. 809
“ အံ့သြစရာပဲ ဒီဓားမှာ သဘာဝအတိုင်း တာအိုလက္ခဏာတွေရှိနေတယ် ရှားပါးလွန်းတဲ့ နတ်ဘုရား လက်ရာတစ်ခုပဲ တန်ဖိုးအရှိဆုံးက သူ့ရဲ့မူလကို အဆင့်မြှင့်တင်နိုင်တာပါ။ ”
ဝါးခမောက်ဆောင်းထားသူက ဓားကိုကြည့်ကာ မှတ်ချက်ပေးသည်။ ထိုစဉ် စုရီ ဝတ်ရုံစများလှိုင်းထကာ ရွှေရောင်ဝါများ ဖြာထွက်လာချေပြီ။
“ ဒီဓားကို အရမ်းကြိုက်တဲ့အတွက် မင်းကိုဒီဓားနဲ့ ငါလိုက်ပို့ပေးရင်ကောင်းမလား။ ”
“ ဟားဟားဟား ... အတိတ်က ရန်သူတွေအားလုံးလည်း ငါ့ကို ဒီလိုဆန္ဒမျိုးတွေ ရှိခဲ့ကြပါတယ် ဒါပေမယ့် အခုချိန်ထိတော့ ...
... ဘယ်သူမှ ငါ့ကိုမပို့နိုင်သေးဘူး ... ဒါပေမယ့် ... ငါမျှော်လင့်ပါတယ် မင်းလုပ်နိုင်ရင် အကောင်းဆုံးပဲ။ ”
သူ့လေသံများနှင့် အမူအရာအရ ရှုံးနိမ့်မှုအပေါ် ရှာဖွေနေကြောင်း မည်သူမဆို မြင်နိုင်လေသည်။
ဤလောကတွင် တစ်စုံတစ်ဦးသည် အချိန်အကြာကြီး ပြိုင်ဘက်ကင်းနေခြင်းဖြင့် များစွာအထီးကျန်ပေမည်။ ယခင်ဘဝတွင် စုရီသည်လည်း ထိုကဲ့သို့ပေပင်။
“ ကလန့် ... ။ ”
“ ရွှပ် ... ။ ”
စုရီက လေထဲလှမ်းတက်ကာ အလျားလိုက်ခုတ်ချလိုက်သည်။ ဤဓားသည် ရိုးရှင်းပြီး မြန်ဆန်၏။ သို့သော် ပါရှိသော စွမ်းအားသည် အလွန်ပြင်းထန်သည်။
“ ပြိုင်ကင်ကင်း ဓားပညာပဲ။ ”
ဝါးခမောက်ဆောင်းထားသောလူက မလှုပ်မယှက်ရပ်ဖြင့် ညာလက်ကိုဆန့်ထုတ်ပြီး ရိုက်ချလာ၏။ ယင်းသည် ယင်ကောင်ကို ရိုက်သတ်သကဲ့သို့ ပေါ့ပေါ့ပါးပါးပေပင်။
“ ဝုန်း ... ။ ”
ထက်ရှလွန်းသော ဓားအလင်းသည် ထိုလက်ဖဝါးရိုက်ချက်ကြောင့် အပိုင်းပိုင်းကွဲကာ ရွှမ်ယုဧကရာဇ်ကို သတ်နိုင်သောစွမ်းအားများ ချက်ချင်း ပျက်ပြယ်သွား၏။
ရလာဒ်အနေဖြင့် လေထဲပြေးဝင်နေသော စုရီပုံရိပ်သည် ခြေသုံးလှမ်းပြန်ဆုတ်လိုက်သည်။ ခြေလှမ်းတစ်လှမ်းစီသည် လေဟာနယ်ကို ပြိုကျစေ၏။
ဟန်ချက်တည်ငြိမ်သွားသောအခါ သွေးနှင့်ချီပွက်ပွက်ဆူလာသည်။ သူ့ပြိုင်ဘက်ရှိ ကြယ်ပျက်သုဉ်းခြင်းဥပဒေသည် မူလချီကို ကောင်းစွာဖျက်ဆီးနိုင်ချေပြီ။
သူ့နေရာ၌ အခြားသူတစ်ယောက်သာ ဆိုသော် ကူကယ်ရာမဲ့သွားမည်မှာသေချာသည်။ ပြိုင်ဘက်ထံမှ တစ်ချက်တည်းဖြင့် သွေးစွန်းရ သည်မှာ ဤတစ်ကြိမ်ပထမဆုံးပေပင်။
ဆိုလိုသည်မှာ ပြိုင်ဘက်ခွန်အားသည် ရွှမ်ဟဲအဆင့် အထွတ်အထိပ်ထက် လုံးဝပင် အားမနည်းချေ။ ထိုအသိက စုရီကိုမျက်ဝန်းများ မှေးစင်းသွားစေ၏။
“ စုရွှမ်ကြွယ် မင်းခွန်အားကို အကုန်ထုတ်ပါ မဟုတ်ရင် ငါစိတ်မရှည်တော့ဘူး။ ”
ဝါးခမောက်ဆောင်းထားသောလူက လက်နှစ်ဖက်ကို နောက်ပို့လျက် အော်ဟစ် လိုက်သည်။ သူ့ဝန်းကျင်၌ ကြယ်အလင်းများ လောင်ကျွမ်းပြီး နတ်ဘုရားတစ်ပါးလို ကြီးမြတ်လွန်းနေ၏။
စုရီတစ်ယောက် ကျောက်စိမ်းရောင် ဝတ်ရုံစများတဖျပ်ဖျပ်ခတ်ပြီး ဓားစွမ်းအင်များ ပင်လယ်တစ်ခုလို လှိုင်းထလာသည်။
“ ရွှပ် ... ။ ”
ထို့နောက် ရှေ့သို့ ပြေးတက်လျက် ထပ်မံတိုက်ခိုက်၏။ ဤတစ်ကြိမ်တွင်လည်း ယခင်ဓားကဲ့သို့ ရိုးရှင်းကာ ပြင်းထန်သည်။ ယင်းကြောင့် ဝါးခမောက်ဆောင်းထားသူက မျက်မှောင်ကြုတ်လျက်၊
“ မင်းမှာရှိတာ ဒါပဲလား။ ”
-ဟု ထပ်မေးသည်။
တစ်ဆက်တည်းမှာပင် ညာဘက်လက်က ကောင်းကင်ခွဲဖွင့်လိုသည့် ဓားကဲ့သို့ရုတ်တရက် ရောင်ဝါများပွင့်လာကာ လွှဲရမ်းလိုက်၏။
အံ့မခန်း နတ်မီးတောက်များ လောင်ကျွမ်းနေသော ကြယ်ဓားတစ်လက်က ရုတ်ချည်းပေါ်လာသည်။ လက်ဖဝါးချက်ထက် များစွာပိုကြောက်စရာကောင်း၏။
“ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ ဓားလဲ။ ”
ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် ဓားရည်ရွယ်ချက်များ ကမ္ဘာကြီးတစ်ခုလုံးတွင် ပြည့်နှက်လာသည်။ အဝေးမှ ကြည့်နေသော ငရဲဘုရင်သည်ပင် ဝိညာဉ်နာကျင်လာသဖြင့် နတ်အာရုံကို ချက်ချင်းရုတ်သိမ်းလိုက်ရ၏။
ဝါးခမောက်ဆောင်းထားသောလူ၏ ဓားကိုအနီးကပ် မကြည့်ဝံ့တော့ချေ။ များစွာ ကြောက်စရာကောင်းချေပြီ။ အနည်းငယ်သော တုန့်ပြန်မှုလေးသည်ပင် သူမဝိညာဉ်အပေါ် ဒဏ်ရာပေးနိုင်၏။
“ ဟမ့် ... ။ ”
“ ဝုန်း ... ။ ”
ဓားအလင်းနှစ်လက် တိုက်မိသွာသည်။ ဤတစ်ကြိမ်တွင် ကြယ်အလင်းဓားရောင်ဝါမှာ ချက်ချင်း ပြိုကျသွားတော့၏။
“ ဟမ့် ... အဲဒီစွမ်းအား ... ။ ”
ကြယ်ဆိတ်သုဉ်းခြင်းဥပဒေကို နှိမ်နင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်လွန်းသည့် စွမ်းအားတစ်ခု ဝင်ရောက်ပါရှိနေပြီဖြစ်ကြောင်း ဝါးခမောက်ဆောင်းထားသူက သတိထားမိလာတော့၏။
“ ဂျိန်း ... ။ ”
သူ ဆက်မတွေးနိုင်ခင်မှာပင် နောက်ထပ် ဓားတစ်ချက်ကို စုရီမှ အသုံးပြုလာပြီဖြစ်သည်။ အလျင်စလိုဖြင့် မိုးကြိုးတံဆိပ်တစ်ခုဖန်တီးကာ ဟန့်တားလိုက်ရ၏။
“ ဝုန်း ... ။ ”
အဆုံး၌ အောင်မြင်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဓားအလင်းသည် သုံးပေအကွာ၌ ပြက်ပျယ်လျက် ဓားလှိုင်းတစ်စ သာလျှင် သူ့နဖူးကို ဖြတ်သန်းသွားခဲ့၏။
“ ဒါ ... ။ ”
ဆံပင်အချို့ ပြတ်ကျကာ နဖူးတွင် သွေးစို့သွားလေသည်။ စုရီမှ မျက်ခုံးပင့်လိုက် တော့၏။ တစ်ဖက်လူသည် မြင့်မားသော ကျင့်ကြံမှု ရှိနေချေပြီ။
သူ့ဓားသည် ထိုသူ၏တာအိုစွမ်းအားကို ဖျက်ဆီးနိုင်သော်လည်း အခြေခံအုတ်မြစ်သည် နက်ရှိုင်းလွန်းနေ၏။
ယင်းသည် ဓားတစ်လက်ဖြင့် ကျောက်တောင်ကြီးတစ်ခုကို ခုတ်ပိုင်းနေသလို ထိရောက်မှု အားနည်းနေသည်။
“ စိတ်ဝင်စားစရာပဲ။ ”
ဝါးခမောက်ဆောင်းထားသော လူသည်လည်း အနည်းငယ် စိတ်လှုပ်ရှားလာ တော့၏။ သူ့ညာလက်ကို ဖွင့်ကြည့်လိုက်ချိန်၌ ပြတ်ရှရာတစ်ခုကို မြင်လိုက်ရသည်။
ထို့ကြောင့် စိတ်ဝင်တစားဖြင့် မော့ကြည့်လိုက်၏။ ရောင်ဝါများမြင့်တက်လျက် တာအိုဥပဒေများက ကြယ်မီးတောက်အလား သူ့အပေါ် သိုင်းခြုံလာသည်။
“ ငါ့ရဲ့ ကြယ်ဆိတ်သုဉ်းဥပဒေကို တကယ်ထိန်းချုပ်နိုင်တဲ့ မင်းရဲ့အဲဒီစွမ်းအားက ဘယ်လိုစွမ်းအားမျိုးလဲ ငါသိချင်ပြီ။ ”
သူ့အသံတွင် အံ့သြမှုနှင့် သံသယများ ရောယှက်နေကာ ဆန္ဒများတောက်လောင်လာ ခဲ့လေသည်။
“ ငါ့ကိုသတ်နိုင်ရင် သဘာဝအတိုင်း မင်းသိခွင့်ရလိမ့်မယ် ... မင်းသေသွားရင်တော့ သိဖို့မထိုက်တန်ပါဘူး။ ”
“ ဟမ့် ... ။ ”
စုရီက လေဟာနယ်အတွင်း လှမ်းတက်လာကာ ထပ်မံတိုက်ခိုက်လိုက်၏။ ဝါးခမောက်ဆောင်းထားသောလူသည်လည်း လက်ဓားဖြင့် ပြန်လည်တုန့်ပြန်သည်။
“ ကလန် ... ကလန် ... ။ ”
“ စုရွှမ်ကြွယ် ... မင်းက ငါ့ကို တကယ်ဆဲဆောင်နိုင်တယ် ငါ့ခွန်အားတွေကို အကုန်ထုတ်ဖို့ တွေဝေနေမှာမဟုတ်ဘူး ဟားဟားဟား ... ။ ”
“ ဝုန်း ... ။ ”
ထိုနောက်တွင် အဆုံးမရှိသော ကြယ်ရောင်အလင်းများနှင့် နတ်မီးလျှံများက ကောင်းကင်အပြည့် ဖြစ်တည်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကို လောင်မြိုက်ရန်ကြိုးစားနေ၏။
လေဟာနယ်တစ်ခုလုံး ပြိုကျလာပြီး အသက်ဓါတ်များ ခမ်းခြောက်ကုန်တော့သည်။ အဝေးရှိ ငရဲဘုရင်သည် သူမအရေးပြားပေါ်တွင် အက်ကွဲရာများပေါ်လာခဲ့သဖြင့် တာအိုစွမ်းအင် အလွှာကို ချက်ချင်းအသက်သွင်းလိုက်ရ၏။
ပြန်လည်မွေးဖွားခြင်းရေကန်နှင့် ဝင်စားခြင်းသံသရာ နတ်ဘုရားသစ်ပင်မှတပါး ပေတစ်သောင်းဧရိယာအတွင်း အရာအားလုံး မီးလောင်ကျွမ်းပြာကျကုန်သည်။
ထိုမြင်ကွင်းက ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းနေသည့် မြင်ကွင်းပေပင်။ ယင်းသည် အန္တရာယ်များသဖြင့် သေခြင်းနှင့်ရှင်ခြင်း ဗုဒ္ဓ တံဆိပ်ကို ဆင့်ခေါ်ကာ အကာအကွယ် တိုးမြှင့်လိုက်ရ၏။
သို့တိုင် ကြယ်မီးတောက်များက သူမနှလုံးသားထိတိုင် ပူလောင်လာစေသည်။ ကြောက်ရွံ့မှုနှင့် စိတ်မသက်မသာဖြစ်မှုများ နေရာအနှံ့အပြားမှ ဝင်ရောက်လာ၏။
ဤလူသည် သူမ၏ ကောင်းကင်ကိုးပါး နန်းတော်ရှိ လွတ်မြောက်သူသုံးပါးထက်ပင် သာလွန်သော အုတ်မြစ်ရှိနေချေပြီ။ နန်းတော် သခင်သာလျှင် ယှဉ်နိုင်နေချေ၏။
( ဒီလူ ဘယ်သူလဲ။ )
“ ဝမ် ... ။ ”
ရပ်တန့်၍မရသော တောက်ပလွန်းသည့် ကြယ်အလင်းများသည် ကြာပွတ်တစ်ချောင်း ကဲ့သို့ ရူးသွပ်စွာ ဝင်ရောက်လာသည်။
၎င်းသည် ရက်စက်ကြမ်းကြုတ်ကာ ကောင်းကင်နှင့် မြေကြီးကြား ပြိုလဲသွားစေပြီး အရာအားလုံး ပြာကျသွားနိုင်၏။
ခဏလေးအတွင်းမှာပင် စုရီသည် အကန့်အသတ်မဲ့ ကြယ်မြစ်ကြောင်းအလယ်သို့ သက်ဆင်းသွား၏။ ကြယ်စွမ်းအင်များက ပြင်းထန်သောလှိုင်းလုံးများအလား သူ့ကို နစ်မြုပ်ရန်ကြိုးစားတော့သည်။
ဤသေစေနိုင်သော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် ခွန်အားရှိသမျှ ထုတ်ဖော်ရန် တွန့်ဆုတ်မနေတော့ချေ။
“ ဝှစ် ... ဝှစ် ... ။ ”
ဓားအလင်းများသည် အထည်စများ ယှက်နွယ်နေသကဲ့သို့ လေထုအလယ်ပျံ့နှံ့သွား ခဲ့သည်။ ၎င်းတို့အားလုံးတွင် ငရဲဘုံကိုးပါးဓား၏ ရောင်ဝါများပါဝင်ချေပြီ။
“ ဝုန်း ... ။ ”
ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲမှုတစ်ခုထွက်ပေါ်လာ၏။ ဓားအလင်း များသည် အပိုင်းပိုင်းပြိုကျလျက် ငရဲဘုံကိုးပါး ဓားရောင်ဝါ ပြိုကွဲသွားသည်။
ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေသည်လည်း အငွေ့အသက်များအားလုံးမှာ မြူခိုးများအဖြစ် လွင့်ပြယ်ကုန်ချေပြီ။
“ တကယ်ပဲ ကြယ်ဆိတ်သုဉ်းမှုဥပဒေကို တန်ပြန်နိုင်တယ် … ဒီလိုစွမ်းအားမျိုး တကယ် မမျှော်လင့်ထားဘူး မဟူရာရွှေကြယ်နယ်မြေကို ငါလျော့တွက်မိပုံရတယ် ... ။ ”
ဝါးခမောက်ဆောင်းထားသောလူက တစ်ကိုယ်တည်း ညည်းတွားလိုက်တော့၏။ ဤနယ်မြေသည် ယခင်ကြီးကျယ်ခမ်းနားသော ကြယ်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမရှိတော့ချေ။
၎င်းသည် ကြယ်ရောင်စုံ ကောင်းကင်ကြီးအတွင်း ခေတ်အဆက်ဆက် တောက်ပခဲ့သည့် တာအိုဘိုးဘေးမြေပေပင်။ သူသည်ပင် ဤနယ်မြေအုတ်မြစ်အကြောင်း နက်ရှိုင်းစွာမမြင်နိုင်ချေ။
ပြန်လည်ဝင်စားခြင်းဥပဒေ တစ်ခုတည်းဖြင့်ပင် ကြယ်ရောင်စုံကောင်းကင်မှ တန်ခိုးရှင်များကို အံ့ဩသွားစေနိုင်မည်။
လက်ရှိအချိန်၌ ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေကိုထိန်းချုပ်နိုင်သော စွမ်းအားပိုင်ဆိုင် နေသည့် လူငယ်တစ်ဦးကို ကြုံနေရပြီဖြစ်၏။
ယင်းက သူ့မျှော်လင့်ချက်ကို ပို၍ တောက်ပလာစေသည်။ ဤလူငယ်မှ ပြန်လည် ဝင်စားခြင်းဥပဒေနှင့် ထိုစွမ်းအားကိုရရှိသော် လူ့လောကဓားကို အနိုင်ယူနိုင်ပေမည်။
“ ကောင်လေး နာခံမှုရှိရှိ ဒူးထောက်ပါ။ ”
မျက်ဝန်းများတောက်ပလျက် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။ ရုတ်တရက် ကောင်းကင်မှ ကြယ်အလင်းများက ရေတံခွန်လို စုရီအပေါ်ပြိုကျသွားတော့၏။
***