← Chapters

စုရီအတွက်သေခြင်းတရား ... ။

Vol. 68 Ch. 810

စုရီအတွက်သေခြင်းတရား ... ။

Vol. 68 Ch. 810

ကြယ်ပင်လယ်အတွင်းမှ လွတ်မြောက်လာသော စုရီသည် အသက်ရှူချိန် မရှိခဲ့ဘဲ ထိုကြယ်အလင်းရေတံခွန်ကို ရင်ဆိုင်လိုက်ရပြန်သည်။

ကြယ်အလင်းရေတံခွန်သည် အဝေးမှ ကြည့်သော် တောက်ပပြီး အေးချမ်းသော်လည်း အတွင်းရှိ စွမ်းအင်သည် ပြင်းပျချေ၏။ သူ့တွင် ငရဲဘုံကိုးပါးဓားရောင်ဝါမရှိသော် သေချာပေါက် ပြာဖြစ်သွားနိုင်၏။

တာအိုဥပဒေအဆင့်နှင့် ကျင့်ကြံမှု ကွာဟချက်သည် များစွာကြီးမားနေလေသည်။ သို့တိုင် ငရဲဘုံကိုးပါးဓားရောင်ဝါသည်လည်း အဆက်မပြတ်ဖြည့်တင်းနေရသောကြောင့် ပါးလျလာပြီဖြစ်၏။

ဤရေတံခွန်မှ မထွက်နိုင်သော် ပြီးဆုံးသွားနိုင်မည်။ သည်မတိုင်မီ ဧကရာဇ် နယ်ပယ်သို့ တက်ရောက်နိုင်ခဲ့၍သာလျှင် နတ်သံကြိုးတစ်ချောင်း ပြုတ်ထွက်ကာ ထိုမျှ အသုံးပြုနိုင်နေခြင်းလည်းဖြစ်၏။

“ မင်းရဲ့အတိတ်ဘဝရဲ့ ကျင့်ကြံမှုမှာ ဒီလျှို့ဝှက်စွမ်းအားကို သုံးခွင့်ရရင် ငါနဲ့တိုက်ဖို့ အရည်အချင်းပြည့်မီပါတယ် ဒါပေမယ့် အခု မင်းရဲ့ကျင့်ကြံမှုက အားနည်းလွန်းနေတယ်။ ”

ဝါးခမောက်ဆောင်းထားသောလူက ရောင်ဝါမတည်မငြိမ်ဖြစ်နေသော စုရီအပေါ် သတိထားမိကာ ပြောကြားလိုက်သည်။

တစ်ဆက်တည်းမှာပင် တံဆိပ်များစွာ ဖွဲ့စည်းပြီး ဓားရှည်တစ်လက်အဖြစ်ဖန်တီး၏။ ထိုဓားအတွင်း ကြယ်အလင်းများ အဆုံးမဲ့ စီးဆင်းနေသည်။

“ ဟမ့် ... ။ ”

စုရီအတွက် ပို၍ဆိုးရွားလာစေ၏။ မျက်နှာသိသိသာသာ ဖြူဖျော့လျက် တရစပ် ဆုတ်ခွာပေးနေရလေသည်။ ချီနှင့် သွေးများ လောင်မြိုက်လျက် ဖရိုဖရဲဖြစ်နေသည့် လက္ခဏာများ ပြသနေ၏။

အဆုံးတွင် တောက်ပသော ကြယ်အလင်းများသည် သူ့ကို အတားအဆီးမဲ့ လွှမ်းခြုံလာချေပြီ။ အရေပြားများတွင်း မည်းနက်နေသော လောင်မြိုက်ရာများ ဖြစ်ပေါ်လာ၏။

အရေပြားနှင့်အသားများ ခဏချင်း ပြာကျသွားနေသည်။ သို့တိုင် စုရီတစ်ယောက် လက်မလျော့ချေ။

“ ချိုးဖြတ် ... ။ ”

ဘဝအတွက် သေရှင်တိုက်ပွဲများစွာကို ဆင်နွှဲဖူးသော အဖိုးကြီးတစ်ယောက်အနေဖြင့် သေရမည်ကို မကြောက်ချေ။

ငရဲဘုံကိုးပါးဓားသည်လည်း မြည်သံများပြုလျက် နတ်သံကြိုးများကို ပြင်းစွာ တုန်ခါပြီး အဆက်မပြတ် ထောက်ပံ့ပေးနေ၏။ သို့သော် သူ့ခန္ဓာကိုယ်သည် ထိုစွမ်းအားကို မခံနိုင်သဖြင့် ထိရောက်မှုမရှိဖြစ်နေသည်။

“ စုရွှမ်ကြွယ် ... မင်းဂုဏ်ယူသင့်ပြီး၊ ဧကရာဇ်အထွတ်အထိပ်မှာ ဆိုနေရင်တောင် ဒီဓားက ပြာကျသွားဖို့ လုံလောက်နေပြီ မင်းမှာ အနာဂါတ်အတွက် အလားအလာကောင်းတွေ ရှိနေတယ် ကံမကောင်းစွာနဲ့ပဲ ဒီနေ့ မင်းငါနဲ့ တွေ့ခွင့်ရတာ သေခြင်းကို လက်ခံဖို့ပဲ။ ”

စကားဆုံးသည်နှင့် တိုက်ပွဲကို အပြီးသပ်ရန်ပြင်ဆင်တော့၏။ တောက်ပသော ကြယ်ရောင်များ ပြည့်နှက်နေသည့် အဆုံးမဲ့ လှိုင်းလုံးကြီးတစ်လုံး ထပ်မံပြိုကျလာသည်။

“ မင်းစကားအရမ်းများတယ်။ ”

စုရီက တစ်ချိန်လုံးတိတ်ဆိတ်နေရာမှ ဒေါသဖြင့် အော်ဟစ်လိုက်၏။ ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေပြီး ပျက်စီးကုန်သောနေရာမှ အသစ်အသစ် ပြန်လည်ထွက်ပေါ်နေသည်။

ယင်နှင့်ယန်သည် ကောင်းကင်ဖြစ်ပြီး ဒြပ်စင်ငါးပါးသည် အရာခပ်သိမ်း ဖြစ်ချေ၏။ ကောင်းကင်၌ အဓိပတိနန်းတော်၏ ပုံရိပ်ကြီး ထွက်ပေါ်လာကာ ထူးခြားသောလေထုကို ခံစားလာရ၏။

ဤသည်မှာ ကမ္ဘာတစ်ခု ဖြစ်တည်ရန် အစပျိုးသည့်အသွင်မျိုးပေပင်။ ကပ်ဘေးများ၊ ပျက်သုဉ်းခြင်း၊ လောင်မြိုက်ခြင်းနှင့် မိုးကြိုးများ ကျဆင်းလာတော့၏။

“ ကမ္ဘာဦးတာအိုဥပဒေ ... ။ ”

ရုတ်တရက် ထူးခြားသော တာအိုဥပဒေသတစ်ခု မှုန်ဝါးဝါးဖြစ်တည်ကာ လောကကြီးကို ရွှေရောင်ဆေးချယ်လာသည်။

“ ဟမ့် ... ။ ”

ဝါးခမောက်ဆောင်းထားသောလူက လေးနက်သွားပြီး၊

“ ကောင်းပြီ ... ငါမင်းကို နောက်ထပ် မနှိပ်စက်တော့ဘူး ... မင်းကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးမယ်။ ”

-ဟုဆိုကာ ညာဘက်လက်ကို ဆန့်ထုတ်ပြီး လေဟာနယ်အတွင်း ဆုပ်ကိုင်လိုက်၏။

“ ချပ် ... ချပ် ... ။ ”

သူ့လက်ဖဝါးအတွင်းမှ ကြယ်ပင်လယ်ကြီးတစ်စင်းကဲ့သို့ စုပ်ဝဲတစ်ခု ထွက်ပေါ်လာလေသည်။

“ ချွင် ... ချွင် ... ။ ”

ကောင်းကင်နှင့် မြေကြီးတုန်ခါသွားပြီး သက်ရောက်မှုသည် ဝင်စားခြင်းသစ်ပင်ကိုပင် ထိမှန်သွားခဲ့သည်။ နတ်သစ်ပင်ခမျာ ချက်ချင်း ယိမ်းနွဲ့လျက်အရွက်များ မြည်သံပေးလာ၏။

ပြန်လည်မွေးဖွားခြင်းရေကန်ရှိ ဖိနှိမ်ခြင်းဥပဒေသများသည် ပွက်ပွက်ဆူလာပြီး သက်ရောက်မှုအပေါ် ချိုးနှိမ်ရန် ကြိုးစား၏။

စုရီအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတစ်ခုကို ချက်ချင်းခံစားလာရ၏။ သူ့အပေါ်တွင် အဆုံးမရှိတောက်ပနေသော ကြယ်ရေတံခွန်မှ ပြိုကျနေဆဲဖြစ်သည်။

ထိုသို့သောအချိန်၌ ကြယ်ပင်လယ်ကြီးတစ်စင်းကို ဓားအဖြစ် ကိုင်ဆောင်လာသော ပြိုင်ဘက်ထံကြည့်လျက် မကောင်းသောခံစားချက်များ ရရှိလာ၏။

သူသည် ဧကရာဇ်ဖြစ်လာသော်လည်း လေးနက်သောတာအိုကို မဖွဲ့စည်းရသေးချေ။ ထို့ပြင် ကမ္ဘာဦးတာအိုဥပဒေများသည်လည်း ပြီးပြည့်စုံခြင်း ကင်းနေသေးသည်။

ယင်းကြောင့် သူ့ပတ်ဝန်းကျင်ရှိ တာအိုဥပဒေများသည် ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေ၏ တိုက်စားမှုကို မခံနိုင်ဘဲ မှိန်ဖျော့လိုက်လာနေ၏။

“ သွား ... ။ ”

တစ်ဖက်တွင် ငရဲဘုရင်သည် ရပ်ကြည့်မနေနိုင်တော့ဘဲ ထိတ်လန့်တကြားနှင့် ကောင်းကင်ဆန္ဒဥပဒေကို ဆင့်ခေါ်ကာ စုရီအတွက်ကူညီရန် ပြေးဝင်လာသည်။

“ မင်းကို ရပ်ကြည့်နေဖို့ပြောတယ် မဟုတ်လား။ ”

“ ဝေါ့ ... ။ ”

ဝါးခမောက်ဆောင်းထားသောလူက နှာခေါင်းရှုံ့လိုက်၏။ သူမ မည်မျှပေးဆပ်ကာမူ ကြယ်ဆိတ်သုဉ်းခြင်းဥပဒေကို ချိုးဖောက်နိုင်ခြင်း မရှိဘဲ သွေးအန်သွားသည်။

ဤသည်မှာ သစ်ပင်တစ်ပင်ကို လှုပ်ခါရန်ကြိုးစားနေသော ပုရွက်ဆိတ်နှင့် တူနေချေပြီ။

“ ဒီတိုက်ခိုက်မှုကို ... ကြယ်တာရာ ပေါက်ကွဲသေဆုံးခြင်းလို့ခေါ်တယ် ငါ့ဘဝမှာ နှစ်ပေါင်းများစွာ ဖန်တီးခဲ့ရတဲ့ ရလာဒ်ပဲ ... မင်း ငြိမ်းချမ်းစွာ အနားယူနိုင်ပြီ။ ”

စကားဆုံးသည်နှင့် ကြယ်ပင်လယ် ဓားကြီးသည် ကောင်းကင်မှ ကျဆင်းလာခဲ့၏။ ကြယ်ပင်လယ်အတွင်း ကြယ်စွမ်းအင်များသည် မီးတောင်အလား ပွက်ပွက်ဆူနေချေပြီ။ ထိမှန်သော် ချက်ချင်းပျောက်ကွယ်နိုင်၏။

ဝင်စားခြင်းနယ်မြေတစ်ခုလုံး တုန်ခါလှိုက်မောလာပြီး အရာအားလုံးပျက်ပြယ် နေချေပြီ။ ဓားတစ်ချက်တည်းဖြင့် ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်၏။

“ မြန်မြန် ... ။ ”

ငရဲဘုရင်က နှုတ်ခမ်းမှ သွေးများကိုပင် မဟုတ်နိုင်သေးဘဲ စိတ်ပျက်အားငယ်မှုများဖြင့် အော်ဟစ်လိုက်သည်။ သို့သော် စုရီသည် ရှောင်တိမ်းခြင်း မပြုခဲ့ချေ။ ရှောင်တိမ်းရန် နေရာမရှိသောကြောင့်လည်းဖြစ်၏။

သွေးနှင့်ချီများ လောင်ကျွမ်းသွားကာ ကျင့်ကြံမှု၊ဝိညာဉ်နှင့်ချီသည် ပေါင်းစည်းသွားပြီး သက်စောင့်စွမ်းအားများထုတ်ယူကာ ချေဖျက်ရန် ပြင်ဆင်လိုက်ည်။

ပြန်လည်မွေးဖွားလာသည့်နောက် ဤတစ်ကြိမ်ကဲ့သို့ ပြင်းထန်လွန်းသောရန်သူကို ပထမဆုံးအကြိမ်ကြုံရခြင်းပေပင်။

ထိုဓားကို မခံယူနိုင်သော် ဤဘဝအတွက် ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ် သည်လည်း ဖြစ်နိုင်၏။

“ ချွင် ... ။ ”

တစ်ဖက်တွင် သူ့အတွေးကိုခံစားမိသော ငရဲဘုံကိုးပါးဓားသည် ရုတ်တရက်နိုးထလာကာ နတ်သံကြိုးများမှ ရုန်းကန်တော့သည်။

“ ဘရူး ... ။ ”

ထိုအချိန်တွင် အနက်ရောင်သင်္ဘော ဦးပိုင်းတွင်စိုက်ဝင်နေသော လူ့လောကဓားက တစ်စုံတစ်ရာကို ခံစားမိသွားဟန်ဖြင့် သိမ်မွေ့စွာတုန်ခါသွား၏။

“ ချွင် ... ။ ”

ရုတ်ချည်း ကျယ်လောင်သော ဓားမြည်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ ထက်ရှမှုတစ်ခု ပေါ်လာခဲ့သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

တစ်ချိန်တည်းမှာပင် ဓားရည်ရွယ်ချက်တစ်ခုသည် မုန်တိုင်းတစ်စင်း ကဲ့သို့ ကြယ်တာရာပေါက်ကွဲသေဆုံးခြင်း ဓားအပေါ် ဖြတ်သန်းတိုက်ခတ်သွား၏။

“ ဝုန်း ... ဝုန်း ... ။ ”

ကြယ်စွမ်းအင်များ အပိုင်းပိုင်း ဖြတ်တောက်သွားကာ အဆုံးတွင် ပြင်းစွာ ပေါက်ကွဲသွားတော့သည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

ကြယ်စွမ်းအင်များသည် မီးခိုးငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားချေပြီ။ စုရီအပေါ် ပြိုကျနေသော ကြယ်ရေတံခွန် သည်လည်း ပေါက်ကွဲသွားတော့၏။

လျှို့ဝှက်နယ်မြေတစ်ခုလုံး သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များသာ ရစ်သိုင်းကျန်ရစ်ခဲ့သည်။ လေထုသည် တင်းကြပ်ပြီး ဖိနှိမ်လွန်း၏။

ဝါးခမောက်ဆောင်းထားသောလူက ချာခနဲလှည့်ကြည့်လိုက်သည်။ သင်္ဘောဦးပေါ်ရှိ ထူးခြားသောထိုဓားသည် တစ်စုံတစ်ယောက်မှ ဆွဲထုတ်နေသကဲ့သို့ ဖြည်းဖြည်းခြင်း တိုးထွက်လာတော့၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

စုရီတစ်ယောက် မျက်လုံးများ အနည်းငယ် မှေးစင်းသွားသည်။ သူ့ကျင့်ကြံမှုကို အပြည့်အဝ ထုတ်လွှတ်ကာ ရှင်ခြင်းနှင့်သေဆုံးခြင်းကို လျစ်လျူရှုလျက် တိုက်ပွဲဝင်ရန် ရည်ရွယ်ထား၏။

သို့သော် တိုက်ခိုက်မှုကို အမှန်တကယ် ထုတ်လွှတ်နိုင်ခြင်းမပြုမီ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းပေပင်။

အသိစိတ် ပင်လယ်ထဲရှိ ပြင်းစွာ တုန်ခါနေသော ငရဲဘုံကိုးပါးဓားသည် တဖြည်းဖြည်း ပြန်လည်တိတ်ဆိတ်သွား၏။

၎င်းကို ဖိနှိပ်ထားသော နတ်သံကြိုးမှသာလျှင် ဖော်ပြ၍မရသည့် စွမ်းအားတစ်ခု ပျံ့နှံ့လာသည်။

ထို့နောက် သက်ပြင်းချသံနှင့်အတူ သင်္ဘော၏ ထိပ်ဖျားတွင် ဓားတစ်လက်ပျံဝဲလာ နေတော့၏။

“ ချွင် ... ချွင် ... ။ ”

ဓားမြည်သံများသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လျက် ပြိုင်ဘက်ကင်း ဓားရည်ရွယ်ချက်တစ်ခု ဖြန့်ကျက်လာ၏။

“ ဒါ ... ။ ”

ဝါးခမောက် ဆောင်းထားသောလူက အံ့အားသင့်သွား၏။ ဝတ်ရုံများ တောက်ပလျက် အရှိန်အဝါ မြင့်တက်လာကာ မယုံနိုင်စရာ ဖြစ်လာတော့သည်။

“ ဟမ့် ... ။ ”

ထို့နောက် အေးစက်စွာ ခေါင်းရှုံ့လိုက်ပြီး သတ်ဖြတ်ချင်စိတ်များပေါ်လာကာ စုရီထံသို့ ပြန်လှည့်ဆွဲယူရန် လက်လှမ်းလိုက်သည်။

ကြယ်တာရာများစွာပါဝင်သော ဂလက်ဆီကြီးတစ်ခု ပေါ်ထွက်လာပြီးနောက် ဓားစွမ်းအင်အဖြစ် ပြောင်းလဲကာ စုရီဆီသို့ တစ်ဖန်ကျဆင်းလာ၏။

သေမျိုးနယ်ပယ်ဓား၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုသည် ဤစုရီနှင့်ဆက်စပ်နေကြောင်း သူ သဘောပေါက်ထားသည်။

ထို့ကြောင့် အလွန်စိတ်မသက်မသာ ဖြစ်စေပြီး မနှောင့်နှေးဝံ့ဘဲ ဆက်နွယ်မှုများ ဖြတ်တောက်ရန်ရည်ရွယ်ကာ စုရီကိုချက်ချင်း သတ်လိုခြင်းဖြစ်၏။

ကောင်းကင်နှင့် မြေကြီးတုန်ခါသွားသည်။ နဂါးငွေ့တန်းတစ်ခုကဲ့သို့ လောင်ကျွမ်းနေသော ဓားစွမ်းအင်သည် ယခင်တိုက်ခိုက်မှုထက်ပင် ပို၍ကြောက်စရာကောင်းသည်။

“ ဟမ့် ... ။ ”

“ ရွှပ် ... ။ ”

သို့သော် ထိုအချိန်တွင် ဓားစွမ်းအင်တစ်ခု ရုတ်တရက် ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး ပျံ့နှံ့သွားတော့၏။

“ ဘောင်း ... ဘောင်း ... ။ ”

ထိုခဏ ဝါးခမောက်ဆောင်းထားသူ ထုတ်လွှတ်လိုက်သော နဂါးငွေ့တန်းကြီးအသွင် ဓားစွမ်းအင်သည် စက္ကူကဲ့သို့ ပေါက်ကွဲသွားပြီး ပြန့်ကျဲသွားလေသည်။

စုရီမှ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ မည်မျှလွှမ်းမိုးနိုင်သော ဓားတစ်ချက်ပေနည်း။ ဝါးခမောက်နှင့်လူခမျာ တုန့်ဆိုင်းသွား၏။

ထို့နောက် စုရီကိုဂရုမစိုက်နိုင်တော့ဘဲ လေထဲလွင့်ဝဲနေသောဓားထံသို့ သံသယများဖြင့် ပြန်လှည့်ကြည့်ကာ မေးမြန်းလိုက်တော့သည်။

“ ဒီမှာ မင်းရှိနေတာလား ... ။ ”

***

All Chapters