လောကသခင်မှ ပါးရိုက်အရှက်ခွဲခြင်း။
Vol. 68 Ch. 811
သူ့အသံတွင် တွန့်ဆုတ်မှု၊ ကြောက်ရွံ့မှု အရိပ်အယောင်များပါရှိသည်။ ကမ္ဘာကြီးခမျာ လုံးဝတိတ်ဆိတ်သွားကာ လေးလံလာ၏။
သေမျိုးနယ်ပယ်ဓားကနေ အေးစက်ပြီး လေးလံသောဓားရောင်ဝါတစ်ခု ထွက်ပေါ်ကာ ပြန်လည်ဝင်စားခြင်းနယ်မြေကို ဖုံးအုပ် သွားတော့သည်။
( လူ့လောက ဓားကို သေမျိုးနယ်ပယ်ဓားအဖြစ် ပြောင်းလဲ အသုံးပြုပါမည်။)
ထိုဓားသည် လောက၏ အရှင်သခင်ဟု ထင်ရစေပြီး အဝေးမှ ကြည့်နေသူများကိုပင် အလွန်အမင်း အံ့သြတုန်လှုပ်စေ၏။
သို့သော် စုရီက မျက်မှောင်ကြုတ် လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အသိစိတ် ပင်လယ်ထဲရှိ ဆန်းကြယ်သော နတ်သံကြိုးမှာ သေမျိုးနယ်ပယ်ဓား အရှိန်အဝါကြောင့် ထူးဆန်းစွာ ပဲ့တင်ထပ်နေခြင်းဖြစ်၏။
ဆက်မတွေးနိုင်ခင် လှောင်ပြောင်မှုနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နေသောသက်ပြင်းချသံ တစ်သံထွက်ပေါ်လာသည်။
“ နှစ်တွေ အများကြီး ကြာခဲ့ပြီ ... ငါးဖမ်းဖို့အတွက် ဒီနဂါးငွေ့တန်းပိုက်ကွန်ကြီး အသုံးပြုနေတုန်းလား သနားစရာပဲ။ ”
အသံသည် ခေါင်းလောင်းနှင့် ဗုံသံကဲ့သို့ပဲ့တင်ထပ်လာ မဟာတာအိုတေးသံ အလား သာလွန်ဆန်နေသည်။
ဝင်စားခြင်းနယ်မြေသည် ထိုအသံစွမ်းအားကို မခံနိုင်သလို အနည်းငယ် တုန်ခါသွား၏။ သံသယဖြစ်စရာမလိုအောင် ကြောက်စရာကောင်းသည်။
“ ဘာပဲဖြစ်ဖြစ်၊ အဲဒါက အသံလေး တစ်သံပဲမဟုတ်လား ဘာလို့စကြဝဠာတစ်ခုလုံး ထမ်းထားရသလို နှလုံးသားကို လေးလံ လာစေရတာလဲ။ ”
ငရဲဘုရင်မှ နှလုံးသား တုန်ယင်လျက် တိုးလျလျညည်းညူလေသည်။ ထိုဆန်းကြယ် လွန်းသည့်အသံသည် သေမျိုးဓားအတွင်းမှ ထွက်လာကြောင်း သူမ သိနိုင်၏။ ဓားအတွင်းမှ တစ်စုံတစ်ရာကို နိုးထလာစေပုံရသည်။
ဝါးခမောက်နှင့်လူက ထိုသို့လှောင်ပြောင်ခံရသော်လည်း ဒေါသများ မပြချေ။ ယင်းအစား သူ့မျက်နှာအမူအရာသည် မကြုံစဖူးတည်ကြည်လာ၏။
“ တကယ် ... မင်းပဲ။ ”
ဝါးခမောက်နှင့်လူ အသံသည် လေးလံပြီးတိုးလျနေတော့၏။
“ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သေမျိုးဓားထဲမှာ မင်းအမြဲရှိနေခဲ့တာလား။ ”
“ ဟားဟားဟား ... ကြောက်သွားလား။ ”
လျှို့ဝှက်ဆန်းကြယ်သော အသံရှင်က မထီမဲ့မြင်ပြုမှုအပြည့်ဖြင့် တုန့်ပြန်မေးမြန်း၏။
“ စိတ်မပူပါနဲ့ ... မင်းရဲ့အတိတ်က လုပ်ခဲ့တာတွေကို ငါစိတ်မဝင်စားဘူး အခု ငါက သေမျိုးဓားထဲမှာ ကျန်ခဲ့တဲ့ ဆန္ဒတစ်ခုပါ။ ”
“ ဆန္ဒတစ်ခုလား။ ”
“ မျှော်လင့်ထားတဲ့အတိုင်းပဲ လောကသခင်လိုလူတစ်ယောက်က ဒီလိုဓား တစ်လက်ထဲမှာ ဘယ်လိုလုပ် ပုန်းအောင်နေမှာလဲ။ ”
ဤသည်မှာ သေမျိုးဘုံကျောင်းသခင် လောကသခင်ဖြစ်၏။ ဝါးခမောက်နှင့်လူ၏ ဘဝတစ်ဝက်ကို ဖျက်ဆီးခဲ့သော ကြောက်စရာ ကောင်းသည့် သတ္တဝါပေပင်။
‘နတ်ဘုရားတွေတောင် ငါ့ရှေ့မှာ ဦးညွှတ်ရမယ်၊’ -ဟု ကြွေးကြော်ထားခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချေပြီ။
“ ပုန်းအောင်းနေတာလို့ မင်းထင်နေလား ... တကယ်ရိုက်နှက်ဖို့ တောင်းဆိုနေတာပဲ။ ”
လောကသခင် အသံသည် ကျယ်လောင်စွာထွက်ပေါ်လာပြီး ဓားသည် လေထဲလွှဲရမ်းသွား၏။
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
ဝါးခမောက်နှင့် လူ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ပြင်းထန်စွာ လွင့်စင်သွားသည်။ သွေးအန်ပြီး အတော်ပင် ဖရိုဖရဲဖြစ်လာ၏။
ဤမြင်ကွင်းအရ ဝါးခမောက်နှင့်လူသည် လောကသခင်နှင့် လုံးဝတူညီသောနယ်ပယ်၌ ရှိမနေကြောင်း မြင်သာ၏။ သို့သော် ဝါးခမောက်နှင့်လူသည် ကြောက်ရွံ့မှုမပြဘဲ၊
“ စိတ်ဆန္ဒတစ်ခုက နောက်ဆုံးတော့ ကုန်ဆုံးသွားမယ်မဟုတ်လား ဒါဆိုငါ့ရဲ့လှေကို ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးဆီ ပြန်ယူသွားလို့ရပါပြီ။ ”
-ဟု ပြုံးလျက်ပြောလိုက်သည်။ သူပြောနေစဉ် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာ၏။
တစ်ဖက်တွင် စုရီသည် အနည်းငယ် မသက်မသာဖြစ်နေသည်။ အဘယ့်ကြောင့် ဆိုသော် ငရဲဘုံကိုးပါးဓားသည် သေမျိုးဓားနှင့် ဆက်သွယ်နေဆဲဖြစ်၏။
ထိုဆက်စပ်မှုသည် စုရီကို မရေမရာ ထင်ကြေးများပေးခဲ့သည်။
“ ဟားဟားဟား ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးဆီ မင်းပြန်ချင်နေတာလား အဲဒီတုန်းက မင်းငါ့ကို မယှဉ်နိုင်ခဲ့ဘူး အခု ငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်လား။ ”
လောကသခင်၏အသံသည် ထပ်ပြီးထွက်ပေါ်လာကာ ပျင်းရိငြီးငွေ့ဖွယ်ရာ အရိပ်အမြိုက်များ စွက်ဖက်နေသည်။
ယင်းသည် လုံးဝ ဂရုစိုက်ခြင်း မရှိချေ။ ဝါးခမောက်နှင့်လူက အံ့အားသင့်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့်၊
“ မင်း ... မင်းက ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပြီဟုတ်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟားဟားဟား ... ဒါဆို ငါသေသွားပြီးဖြစ်တာမို့ မင်းအတွက် ပေါ့ပေါ့ ပါးပါးနဲ့ အထိန်းအကွပ်မဲ့နေနိုင်မယ်လို့ တွေးနေတာလား ... ။ ”
ဝါးခမောက်နှင့်လူက ခဏမျှ တိတ်ဆိတ်သွားကာ အသက်ပြင်းပြင်းရှူလျက် နက်ရှိုင်းသောအသံဖြင့်၊
“ ဒါဆို မင်းအသက်ရှင်နေသေးရင် အဲဒီတုန်းကဘာလို့ ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားရတာလဲ။ ”
-ဟု ပြန်မေး၏။
“ ပြီးတော့ ပန်းချီဆရာ ပေါ်လာတုန်းက ဘာလို့အဲဒီမှာမရှိခဲ့တာလဲ .. ပန်းချီဆရာမျက်နှာ ပြရဲရင် သူ့ခေါင်းကိုဖြတ်ပြီး ခွေးစာကျွေးမယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်လား ...
... ပြီးတော့ အဲဒီရှေးဟောင်းပစ္စည်းလို အိုမင်းနေတဲ့အဘိုးကြီးက မင်းနဲ့ရင်းနှီးနေတဲ့ သူငယ်ချင်းပဲ ... ဘာလို့ဒီကမ္ဘာကြီးကို မင်း ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကြေငြာနေခဲ့ရတာလဲ။ ”
ဝါးခမောက်နှင့် လူက မေးခွန်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုမေးခွန်းများသည် စုရီနှင့် ငရဲဘုရင်အပေါ် စိတ်ရှုပ်ထွေးသွားစေ၏။
အရာအားလုံးသည် လျှို့ဝှက် ဆန်းကြယ်လွန်း၏။ သေမျိုးနယ်ပယ်ဓားသည် လေထုအလယ်ဝဲလယ်ပြီး ဖိနှိပ်ချုပ်ချယ်သော ဓားအရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ ဘာလို့မေးခွန်းတွေ အများကြီး မေးနေရတာလဲ ငါအသက်ရှင်နေသေးလား သေသွားပြီလား မင်းသိချင်နေတာလား ဒါပေမယ့် ငါမင်းကို မပြောပြဘူး။ ”
“ ဟမ့် ... သေမျိုးဘုံကျောင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဘုံကျောင်းသခင်တစ်ပါးက ကိုယ့်ကိုယ်ကိုတောင် သေလားရှင်လား မပြောဝံ့အောင်ဖြစ်နေပြီလား။ ”
“ မင်းအတွက် ရိုက်နှက်ဖို့ တောင်းဆိုနေတာလား။ ”
“ ရွှပ် ... ။ ”
ရုတ်တရက် ဟိန်းဟောက်လျက် လေထုအလယ် ရိပ်ခနဲ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ဓားသည်အပြားလိုက်အသွင် ဝါးခမောက်နှင့်လူ၏ ပါးပြင်အပေါ် ပြင်းထန်စွာ ကျရောက်သွားတော့၏။
“ ဘန်း ... ။ ”
ဝါးခမောက်နှင့်လူသည် အရိုးများ အပိုင်းပိုင်းကွဲအက်သွားပြီးနောက် သွေးများစွာ ပန်းထွက်လာသည်။
အရဲစွန့်ကာကွယ်မှုနှင့် ခုခံမှုများ ပြုလုပ်ခဲ့သော်လည်း ခန္ဓာကိုယ်ပျက်စီးသွားပြီး နာကျည်းမှုဖြင့် ပြန်ကြည့်ချေ၏။
“ မယုံနိုင်စရာပါပဲ ။ ”
စုရီမှ မျက်ခုံးပင့်လိုက်သည်။ ဝါးခမောက်နှင့်လူသည် အုပ်စိုးရှင်တစ်ပါးကဲ့သို့ အံ့မခန်းအစွမ်းထက်လှပြီး ဧကရာဇ်နယ်ပယ်ရှိ တန်ခိုးရှင်များကို အလွယ်တကူဖျက်ဆီးနိုင်၏။
သို့သော် ဓားတစ်လက်ရှေ့တွင် လုံးဝရင်ဆိုင်နိုင်ခြင်းမရှိဘဲ အကူအညီမဲ့နေ တော့သည်။
“ ရယ်စရာကောင်းလိုက်တာ ... ငါတို့အဆင့်မျိုးမှာ ဂုဏ်သိက္ခာနဲ့ အရှက်တရား အပေါ် မေ့ထားပြီး ရှင်ခြင်းနဲ့ သေဆုံးခြင်းကို လျစ်လျူရှုထားခဲ့ကြတယ် ...
... လောကသခင် လမ်းဘေးက လူယုတ်မာတစ်ယောက်လို မင်းငါ့ကိုအရှက်ခွဲဖို့ ဒီလိုနည်းလမ်းတွေကို သုံးရဲတာလား။ ”
ဝါးခမောက်နှင့်လူက အေးစက်စက် ပြောကြားလိုက်လိုက်၏။ သူ့ဆံပင်များအားလုံး ဖရိုဖရဲဖြစ်နေပြီး ခန္ဓာကိုယ်က ကြေမွလျက် သနားစရာမြင်ကွင်းပေပင်။
“မင်းလို လူအိုတစ်ယောက်ကို အရှက်ခွဲဖို့အတွက် ဒီလိုနည်းလမ်းတွေက အထိရောက်ဆုံးဆိုတာ ငါသိတယ် ...
... မင်းလိုလူက အချိန်အကြာကြီး ကြီးကျယ်ခမ်းနားနေခဲ့တယ် မင်းဘယ်တုန်းက ပါးရိုက်ခံရဖူးလဲ ... မင်းဘယ်တုန်းက နင်းခြေခံရဖူးလဲ ...
... ကံမကောင်းစွာနဲ့ပဲ ဒီမှာနိမ့်ကျတဲ့ ပုရွက်ဆိတ်တွေလို့ မင်းသတ်မှတ်ထားခဲ့ဖူးတဲ့ သေမျိုးတွေမရှိခဲ့ဘူး ... မဟုတ်ရင် သူတို့က မင်းရဲ့မျက်နှာကို ငါပါးရိုက်တာကို ထောက်ခံကြလိမ့်မယ်။ ”
“ ဘန်း ... ။ ”
ဒုတိယအကြိမ်မောက် ပါးရိုက်သံ ထွက်ပေါ်လာပြီး ပါးရိုးနှစ်ဖက်ကျိုးသွားခဲ့ကာ ယိမ်းယိုင်သွားလေသည်။
“ ဘန်း ... ။ ”
ဟန်ချက် မထိန်းနိုင်ခင် နောက်ထပ်ဓားဖြင့် ပါးရိုက်ချက် ခံလိုက်ရ၏။ နောက်ခဏအတွင်း အဆက်မပြတ် ရိုက်နှက်သံများစွာ ထပ်မံ ထွက်ပေါ်လာသည်။
“ ဘန်း ... ။ ”
“ အား ... ။ ”
များမကြာခင် ထိုလူ၏မျက်နှာသည် သွေးစွန်းနေပြီး မမှတ်မိနိုင်လောက်အောင် ညစ်ပတ်သွားတော့၏။ လမ်းဘေးမှ ခွေးလေ ခွေးလွင့်တစ်ယောက်လိုပေပင်။
“ လုံလောက်ပြီ ... ။ ”
အဆုံးတွင် ဝါးခမောက်နှင့်လူသည် ဒေါသထွက်လာကာ အော်ဟစ်လိုက်တော့၏။ သို့သော်။
“ ဘန်း ... ။ ”
သူ့မျက်နှာအပေါ် နောက်ထပ် ပါးရိုက်ချက်တစ်ခု ကျဆင်းလာပြီး ခန္ဓာကိုယ် မြေပြင်ပေါ် လဲကျသွားကာ အမြင်အာရုံများ မှုန်ဝါးသွားတော့၏။
ထိုအချိန်တွင် အမှန်တကယ် ဒေါသထွက်လာပြီး နှလုံးခုန်နှုန်းများ တဒိန်းဒိန်း ခုန်လျက် မကျေမနပ်ဖြစ်နေခဲ့သည်။ သူအဆင့် တည်ရှိမှုများအတွက် မျက်နှာရိုက်ခြင်းသည် လုံးဝတားမြစ်လုပ်ရပ်ပေပင်။
သို့သော် တစ်ဖက်လူသည် တမင်တကာ ကျူးလွန်းနေသည်။ မျက်နှာတစ်ပြင်လုံးသည် မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်၏။ အရမ်းဆိုးရွားချေပြီ။
***