← Chapters

မတူကွဲပြားသော ပြန်လည်ဝင်စားခြင်း လမ်းကြောင်းများနှင့် ဘဝများ။

Vol. 68 Ch. 813

မတူကွဲပြားသော ပြန်လည်ဝင်စားခြင်း လမ်းကြောင်းများနှင့် ဘဝများ။

Vol. 68 Ch. 813

စုရီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝိုင်အိုးကိုထုတ်ယူကာ မော့သောက်လိုက်သည်။

ထို့နောက် ကျောက်စိမ်ဓားဘူးသီးကို သိမ်းဆည်းလျက် လေထုအလယ်ရှိ နတ်ဘုရား တစ်ပါးအလား ကြီးစိုးနေသော လောကသခင် ပုံရိပ်ထံ မော့ကြည့်သည်။

“ ဒီကိစ္စကို ငါသေသေချာချာ စစ်ဆေးကြည့်လိုက်မယ်။ ”

“ ကောင်းပြီ ... မင်းရဲ့တည်ရှိမှုက ငါဟာ လူဝင်စားနိုင်ခဲ့ပြီလို့ဆိုလိုနေတယ် ဒီလောကမှာ ငါနှစ်ယောက် ဘယ်တော့မှ မရှိနိုင်ဘူး မင်းမြင်တဲ့အတိုင်း ငါက အခုချိန်မှာ စိတ်ဝိညာဉ်အပိုင်းအစလေးပဲ။ ”

လောကသခင်မှ ခဏရပ်နားလိုက်ပြီး ဆက်ပြောလာသည်။

“ မင်းလက်ခံဖို့ ခက်ခဲသည်ဖြစ်စေ ... သံသယရှိသည်ဖြစ်စေ ငါ့မှာအသက်ရှင်ဖို့ အချိန်အများကြီး မကျန်တော့ဘူး ...

... ငါပြောမယ့်အရာကို မင်း သေချာမှတ်ထားရမယ် ဘာလို့လဲဆိုတော့ ငါက မင်းရဲ့အတိတ်ပဲ ...

... ငါ့ခန္ဓာကိုယ်ရဲ့ ကံကြမ္မာကြိုးနဲ့ ရှုပ်ထွေးမှုတွေအားလုံးဟာ အနာဂတ်မှာ မင်း ရင်ဆိုင်ရမယ့် အရာတွေဖြစ်လိမ့်မယ်။ ”

စုရီက မျက်မှောင်ကြုတ်ပြီး ‘ပြောပါ’-ဟု တုန့်ပြန်သည်။ သူသည် အသက် ဆယ့်ခုနစ်နှစ် ရောက်မှသာ စုရွှမ်​ကြွယ်ဘဝကို အမှတ်ရခြင်း ဖြစ်ချေ၏။

ဆိုလိုသည်မှာ ဤလောကသခင်ဘဝ၏ အမှတ်တရများအားလုံး မနိုးထနိုင်သေး​ချေ။ ယုံကြည်ရခက်နေသေးသည်။

“ တစ်ချိန်က ငါအသိစိတ်ပင်လယ်မှာ ငရဲဘုံကိုးပါးဓားကို ပိုင်ဆိုင်ခဲ့ဖူးတယ်။ ”

လောကသခင်မှ စကားစသည်နှင့် သူ့နှလုံးသားသည် နက်ရှိုင်းစွာ လှုပ်ရှားလာ၏။ ထို့ကြောင့် အာရုံပျံ့လွင့်စေသော အရာအားလုံး ရှင်းလင်းပြီး အာရုံစိုက်စွာ နားထောင်သည်။

“ အဲဒီတုန်းက ဒီဓားဟာ အသိစိတ်ပင်လယ်ထဲမှာ ပေါလောမျောနေပြီး လိုက်ပါနေတုန်းပဲ...

... နောက်ပိုင်းမှ ဓားကိုဖိနှိပ်ထားတဲ့ နတ်သံကြိုးတွေဟာ အတိတ်ဘဝရဲ့ကံကြမ္မာ ဖြစ်တယ်လို့ ငါကောက်ချက်ချနိုင်ခဲ့တယ်။ ”

ဤနေရာအရောက်တွင် ​​လောကသခင် မျက်လုံးများသည် ထူးဆန်းသော အလင်းများ လင်းလက်သွားပြီး သက်ပြင်းချလိုက်သည်။

“ ကံမကောင်းစွာနဲ့ပဲ ... ငါ နည်းလမ်းအားလုံးကို အသုံးချပြီးတာတောင် ဒီဓားရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တကယ် မမြင်နိုင်ခဲ့ဘူး။ ”

“ ဟမ့် ... မင်းတောင် မလုပ်နိုင်ဘူးပေါ့။ ”

စုရီမှ အံ့အားသင့်သွား၏။ သူ့အမြင်အရ လောကသခင်၏ ကျင့်ကြံမှုသည် နက်နဲတာအို နယ်ပယ်ကို ကျော်လွန်သွားပြီးဖြစ်သည်။

“ မှန်တယ် ... ရိုးရိုးသားသားပြောရရင် ငရဲဘုံကိုးပါးဓားပေါ်က နတ်သံကြိုးတွေရဲ့ လျှို့ဝှက်ချက်တွေကို ...

... ဖော်ထုတ်ဖို့ဆိုတာ ကျင့်ကြံမှုအဆင့်နဲ့ ဘာမှမဆိုင်ဘူး အခွင့်အရေးတစ်ခုနဲ့သာ ဖြေရှင်း နိုင်ပါတယ်။ ”

“ အခွင့်အရေးလား။ ”

“ ဟုတ်တယ် ... မင်းရဲ့စိတ်အခြေအနေ၊ ကျင့်ကြံမှုနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးမျိုးပါပဲ ... မင်းသာ ကျင့်ကြံမှုနယ်ပယ်တစ်ခုမှာ ...

... မကြုံစဖူး ထူးခြားတဲ့အဆင့်ကို ရောက်သွားတဲ့အခါ ဒီနတ်သံကြိုးတွေပြေပြီး အတိတ်ဘဝကို မြင်တွေ့နိုင်မယ်။ ”

ဤနေရာအ​ရောက်တွင် လောကသခင်၏ မျက်နှာအမူအရာသည် ဝမ်းနည်းကြေကွဲလာပြီး အကူအညီမဲ့သွားကာ သက်ပြင်းချလိုက်၏။

“ ကံမကောင်းစွာနဲ့ပဲ ... ငါဒါကို နားလည်သွားတဲ့အချိန်မှာ ကျင့်ကြံမှုလမ်းက အဝေးကြီးရောက်​နေခဲ့ပြီး ကျင့်ကြံမှုနယ်ပယ်ကို အမြင့်ဆုံးအဆင့်အထိ တက်ရောက်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ ”

စုရီတစ်ယောက် နှလုံးသား တုန်လှုပ်သွားတော့၏။ ထိုစဉ်အချိန်တုန်းက ဒုက္ခကျော်လွှားပြီး ဧကရာဇ်တစ်ပါး ဖြစ်လာချိန်၌ သူ့အတိတ်ဘဝအကြောင်း အဘယ့်ကြောင့် မြင်လာရသည်ကို နောက်ဆုံး၌ သူသဘောပေါက်သွားခဲ့သည်။

ထိုနတ်သံကြိုး ပြေလျော့ခြင်းသည် နက်နဲတာအိုနယ်ပယ်၌ မကြုံစဖူးမြင့်မားသော အဆင့်သစ်သို့ သူ ရောက်ရှိနိုင်ခဲ့ကြောင်း အဓိပ္ပါယ်ပေပင်။

ယင်းသည် စုရီကို သံသယများ ဝင်လာစေ၏။ ထို့ကြောင့် မျက်မှောင်ကြုတ် လိုက်ကာ၊

“ ဒီဘဝမှာ ငါ့အသက် ဆယ့်ခုနစ်နှစ်အရွယ်ရောက်တော့ ကျင့်ကြံမှု ဆုံးရှုံးပြီး မသန်စွမ်းသူ ဖြစ်လာခဲ့တယ် ...

... အဲဒီနောက်မှာသာ အတိတ်ဘဝ အမှတ်တရတွေနိုးထလာခဲ့တယ် ဒီအခြေအနေ ကြည့်ရတာ မင်းပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပုံရတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ မဟုတ်ဘူး၊ စုရွှမ်ကြွယ်အနေနဲ့ ပြန်လည်ဝင်စားခြင်းသံသရာထဲကို ဝင်ရောက် လာခဲ့တာကြောင့် မင်းရဲ့ အတိတ်ဘဝ အမှတ်တရတွေကိုသာ နိုးထစေတာ ...

... ဟုတ်ပါတယ် ဒါက ရွှမ်ဟွမ် ကြယ်တာရာနယ်မြေမှာ တည်ရှိနေတာနဲ့ ဆက်စပ်နေပါတယ် ...

... ကြယ်တွေပြည့်နေတဲ့ ကောင်းကင်မှာ ရွှမ်ဟွမ်ကြယ်ကသာ ပြန်လည်ဝင်စားခြင်းဆိုတဲ့ ဥပဒေစွမ်းအားကို ပိုင်ဆိုင်ထားတယ် အဲဒါကို ငါတောင်မှ မသေချာခဲ့ဘူး ... ။ ”

စုရီက အံ့အားသင့်သွားပြီး၊

“ မင်းဆိုလိုတာက မင်းပြန်ဝင်စားတာက ငါနဲ့မတူဘူးလို့ပြောချင်တာလား။ ”

-ဟု မေးလိုက်သည်။

“ ဟုတ်တယ် မတူဘူး ... ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းက ငရဲဘုံကိုးပါးဓားရဲ့ ရောင်ဝါကနေ ရရှိခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ...

... အဲဒီနည်းလမ်းက လူတစ်ယောက်ရဲ့ လောကီကံကို ဖြတ်တောက်ပြီး ငရဲဘုံကိုးပါးဓား စွမ်းအားနဲ့ ပြန်ဝင်စားခဲ့တာ ...။ ”

ထိုစကားကြောင့် စုရီတစ်ယောက် ဇဝေဇဝါဖြစ်လာသည်။

“ ဒါဆို ငါ့ရဲ့အရင်ဘဝတုန်းက မင်းအခုပြောနေတဲ့ လျှို့ဝှက်ချက်မျိုးတွေကို ဘာလို့မမြင်ရဘဲ မဟာတာအိုရဲ့နက်နဲမှုကိုသာ သိမြင်နိုင်ရတာလဲ ... ။ ”

“ အဲဒီတုန်းက ဧကရာဇ်နယ်ပယ်မှာ မင်းအတွက်အတားအဆီးတစ်ခု ကြုံတွေ့ခဲ့ရလို့ ငရဲဘုံကိုးပါးဓားရဲ့ ပြန်ဝင်စားခြင်းနည်းလမ်းကို နားလည်နိုင်အောင် မလုံလောက်ခဲ့ဘူး။ ”

ဤတစ်ကြိမ်တွင် စုရီသည် လုံးဝ နားလည်သွား၏။ လောကသခင် စကားများအရ ငရဲဘုံကိုးပါးဓားရှိတံဆိပ်ကို ဖွင့်လှစ်ရန်အတွက် ကျင့်ကြံမှုအဆင့်နှင့် သက်ဆိုင်မှုမရှိချေ။

ဧကရာဇ်နယ်ပယ်တွင် မကြုံစဖူး အစွမ်းထက်သောအဆင့်သို့ ရောက်ရှိဖို့ရန်သာ လိုအပ်ချေပြီ။

ထိုအရာကို နားလည်သွားသောအခါ လောကသခင်သည် နောက်ကျသွားပြီဖြစ်သဖြင့် ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့ရသည်။

စုရွှမ်ကြွယ်အတွက်မူ ကွဲပြားသည်။ သူဘဝသည် ပြန်လည်မွေးဖွားခြင်းအတွက်သာ အချိန်ပေးခဲ့ပြီး ပန်းတိုင်သို့ ရောက်ရှိခဲ့၏။

ထို့ကြောင့် စုရီဘဝ ကျင့်ကြံမှု ပျက်စီးသွားသောအခါ အတိတ်ဘဝ အမှတ်တရ နိုးထလာခြင်းဖြစ်သည်။

“ နောက်ဆုံးတော့ ငါနေထိုင်တဲ့ ရွှမ်းဟွမ်ကြယ်တာရာနယ်မြေက ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးခဲ့တာပဲ ... ။ ”

စုရီက တိုးတိုးလေးပြောသည်။ ရွှမ်ဟွမ်ကြယ်တာရာနယ်မြေကို ရှေးဟောင်း ကြယ်တာရာ အပျက်အစီးတစ်ခုအဖြစ် သတ်မှတ်ခံထားရ၏။

လောကသခင်ကဲ့သို့ လူသည်ပင် ရွှမ်ဟွမ် ကြယ်တာရာနယ်မြေ၌ ပြန်လည်မွေးဖွားခြင်း ဥပဒေ တကယ်ရှိကြောင်း မသိခဲ့ချေ။

ထို့ကြောင့် ယခင်ဘဝက စုရွှမ်ကြွယ်သည် ပြန်လည်ဝင်စားခြင်း ဥပဒေကိုသာရှာဖွေနေခြင်း ဖြစ်သည်။ လောကသခင်နှင့် လုံးဝကွာခြား၏။

“ ချပ် ... ချပ် ... ။ ”

လေကသခင်၏ မှုန်ဝါးနေသောပုံရိပ်သည် ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာပြီး အမှုန်များအဖြစ် လွင့်ပြယ်လာနေ၏။

“ အချိန်က အရေးကြီးတယ် ... ဒါကြောင့် မင်းအရာသုံးခုကို မှတ်မိနေရမယ်။ ”

ထို့နောက်တွင် လောကသခင်၏ မျက်နှာအမူအရာသည် တည်ကြည် လေးနက် လာတော့သည်။

ပထမဆုံး ဝါးခမောက်ဆောင်းထားသော လူနှင့်ပတ်သက်၏။ ဤလူသည် ကြယ်မြစ်ဂိုဏ်း ကြယ်ခန်းမ၏ ကာကွယ်သူမဟုတ်ဘဲ ကြယ်မြစ် ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လေသည်။

ထိုတံငါသည်သည် သန်မာလွန်ပြီး နားမလည်နိုင်သည့် ခွန်အား ပိုင်ဆိုင်ထား၏။ ကြယ်ဆိတ်သုဉ်းခြင်းဥပဒေကို ပြီးပြည့်စုံစွာ ကိုင်ဆောင်ထားနိုင်ကာ ကြယ်တွေစုံလင်သော အရပ်တွင် အစွမ်းထက်ဆုံး ရှေးဟောင်းမိစ္ဆာများ အနက်မှတစ်ကောင်ဖြစ်သည်။

သူသည် လောကသခင်၏ အနိုင်ယူခြင်းကိုခံခဲ့ရပြီး နက်ရှိုင်းလွန်းသော ရန်ငြိုးများ ထားရှိနေ၏။

အနက်ရောင် သင်္ဘောသည် ကြယ်တစ်သောင်း စကြာဝဠာအလင်းဟု ခေါ်တွင်ကာ ထိုတံခါသည်ဘဝတစ်ဝက်ကို ပိတ်လှောင်ထားသည်။

သေမျိုးဓားဖြင့် ချိုးနှိမ်ထားသော်မှ ထိုတံငါသည်သည် သင်္ဘောကို ထိန်းချုပ်နိုင်နေ သည်မှာ မည်မျှသန်မာကြောင်း ပြသနေ၏။ ကံကောင်းစေသည်မှာ ခွန်အားအပြည့် မထုတ်နိုင်ခြင်းပေပင်။

သို့သော် ယခုမူ အရာအားလုံး ကွဲပြားသွားလေသည်။ လောကသခင်၏ ဆန္ဒ နိုးကြားလာပြီး တံငါသည်အပေါ် ထိန်းချုပ်မှု လျော့ကျသွားစေခဲ့၏။

ယင်းသည် လှောင်အိမ်တစ်ခုတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသလိုပေပင်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအက်ကြောင်း ပို၍ကျယ်လာပေမည်။

နှစ်တစ်ရာအတွင်း လွတ်မြောက်နိုင်၏။ ထို့ကြောင့် သေမျိုးနယ်ပယ်ဓားပြန်ယူပြီးနောက် နှစ်တစ်ရာအတွင်း တံငါသည်ကို စုရီသတ်ရန် ဖြစ်သည်။

ဒုတိယသည် ကျင့်ကြံမှုနှင့် သက်ဆိုင်၏။ လောကသ​ခင် ပြန်မွေးဖွားရသည့် အကြီးမားဆုံး နောင်တသည် ရွှမ်ဟဲအဆင့်တွင် ပြီးပြည့်စုံမှုသို့ မရောက်ရှိ​ခဲ့ခြင်းဖြစ်သည်။

သူ့ မဟာတာအိုသည် အားနည်းချက်ရှိနေခဲ့၏။ ရွှမ်ဟဲအဆင့်သည် မဟာတာအိုများကို ပေါင်းစပ်လိုက်ရုံဖြင့် မလုံလောက်ကြောင်း သတိပေးခြင်းပေပင်။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် သူ့မဟာတာအိုများကို ပေါင်းစပ်နိုင်ရုံသာမက တည်ရှိရာကြယ်နယ်မြေ၏ မူလနှင့် ချိတ်ဆက်နိုင်ရပေမည်။

သို့မှသာ ထိုကြယ်နယ်မြေ၏ စစ်မှန်သောအုပ်စိုးရှင်တစ်ပါး ဖြစ်လာပြီးနောက် မြင့်မားသော အလားအလာပိုင်ဆိုင်ရပေမည်။

ထိုသတိပေးချက်သည် မိုးကြိုးပစ်သလိုထိမှန်ခဲ့ပြီး ရုတ်တရက် စုရီကို ဉာဏ်အလင်းရစေတော့၏။

ယခင်ဘဝတွင် ​ဤအရိုင်းမြေကိုးပါးသည် မဟာတာအိုများမပြည့်စုံသဖြင့် မြင့်မားသော နယ်ပယ်သို့ တက်ရောက်ရန် မဖြစ်နိုင်ကြောင်း သိရှိထားသည်။

ထို့ကြောင့် ဤကြယ်နယ်မြေမှ စွန့်ခွာကာ ကြယ်စုံလင်သောအရပ်သို့ ထွက်ခွာရန်မှတပါး အခြားမရှိဟု ယူဆခဲ့၏။

သို့သော် လောကသခင်၏ အဆိုအရ ရွှမ်းဟွမ်ကြယ်တာရာနယ်မြေသည် ပျက်စီးနေ သော်လည်း ပြန်လည်ဝင်စားခြင်း ဥပဒေများ ရှိနေသေးသဖြင့် မထွက်ခွာခင် ၎င်းကိုရှာဖွေ ချိတ်ဆက်ရန် သတိပေးခဲ့သည်။

ရွှမ်းဟွမ် ကြယ်တာရာနယ်မြေသည် တစ်ချိန်ကအလွန်တောက်ပသော ဘုန်းအသရေ ရှိနေသော တာအိုများ၏ ဘိုးဘေးအဖြစ် သတ်မှတ်ခံထားရသည်။

ထို့ကြောင့် ဝင်စားခြင်း ဥပဒေအပေါ် ပေါ့ပေါ့တန်တန်သဘောထားခြင်း မပြုသင့်ဟု ဆိုလာသည်။ ဤသို့သော် သတိပေးချက်သည် စုရီအတွက် အဖိုးမဖြတ်နိုင်သော အချက်အလက် တစ်ခုပေပင်။

ဆိုလိုသည်မှာ စုရွှမ်ကြွယ်ဘဝ ပြန်လည်ဝင်စားခြင်းနှင့် ပြန်ကျင့်ကြံခြင်းသည် ပိုမိုမြင့်မားသောလမ်းအပေါ် လျှောက်လှမ်းရန် မဟုတ်တော့ချေ။

၎င်းထက်ပို၍ နက်ရှိုင်းသည့် ပန်းတိုင်းတစ်ခုရှိနေကြောင်း ရှင်းလင်းသော အသိ ရရှိစေသည်။ ယင်းသည် ငရဲဘုံကိုးပါး ဓားရှိ နတ်သံကြိုးများကို ဖြေရန်ဖြစ်ချေ၏။

တတိယအချက်သည် ကြယ်တွေစုံလင်သောအရပ်သို့ သွားရောက်စဉ် အပ်ချုပ်သမားဆိုသည့် ရှေးအကြွင်းအကျန် ဘီလူးအိုကြီးတစ်ပါးကို သတိထားရန်ဖြစ်၏။

ထိုအပ်ချုပ်သမားသည် အိပ်မက်စားသူမျိုးနွယ်စုကြီး၏ ဘိုးဘေးဖြစ်ပြီး သူ့တွင်အခြားအမည်မသိသော နောက်ခံ တစ်ခုလည်း ရှိနေသေးသည်။

ဤရှေးအကြွင်းအကျန် အိုကြီးသည် အလွန်ထူးဆန်းပြီး ပဟေဠိဆန်သည်။ လောက သခင်ချန်ထားသော အမှတ်တရများ နိုးထသော် ထိုအကြောင်းကို စုရီမှပို၍သိရှိနိုင်ပေမည်။

ထိုစကားများပြောကြားနေစဉ် လောကသခင်၏ ပုံပန်းသဏ္ဌာန်အပိုင်းပိုင်းကွဲပြီး သေမျိုးဓားသည် တုန်ယင်လာ၏။ ယင်းသည် ဝမ်းနည်းကြောင်း ပြသနေခြင်းပေပင်။

“ ဟားဟားဟား ... ငါမသေသေးဘူး မင်းဘာအတွက် ငိုကြွေးနေတာလဲ။ ”

လောကသခင်မှ ရယ်မောလျက် စုရီထံပြန်ကြည့်သည်။

“ သတိရပါ ... တစ်နေ့မှာ မင်းဟာ အဲဒီတုန်းက ငါ့လိုအစွမ်းထက်ရမယ် မဟုတ်ရင် မင်းရဲ့နာမည်ကို ဘယ်တော့မှ မဖော်ပြနဲ့။ ”

ထိုစကားများက စုရီကို အနှောင့်အယှက်ဖြစ်လာစေ၏။ ဤသည်မှာ သူ့အပေါ် အထင်သေးခြင်းပေပင်။ ဤလူသည် မည်မျှ မြင့်မားသော တည်ရှိမှုမည်နည်း။

“ စိတ်မပူနဲ့ ... မင်းရဲ့ဂုဏ်သိက္ခာကို ငှားသုံးဖို့အထိ ငါပျော့ညံ့တဲ့လူတစ်ယောက် မဟုတ်ဘူး ... ငါ့နာမည် စုရီ။ ”

“ ဟားဟားဟား ... ။ ”

လောကသခင်မှ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ ငါက မင်း ... ၊ မင်းက ငါပဲလေ မင်းငါ့ရဲ့ဂုဏ်သိက္ခာကို ငှားသုံးနေတယ်လို့ ဘယ်သူပြောနိုင်လဲ ငါ့ဒီဘဝချန်ထားရစ်တဲ့ မှတ်ဉာဏ်နဲ့ မင်းရဲ့ဘဝပေါင်းစည်းသွားရင် ငါတို့က တစ်ယောက်တည်းဖြစ်လာမှာပါ။ ”

ထိုသို့ ပြောပြီးသောအခါ တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူ့မျက်နှာပေါ်ရှိ အပြုံးများလည်း ပျောက်ကွယ်သွား၏။

“ ဒါကိုမှတ်ထားပါ ... မင်းက ငါပဲ ... လက်ရှိအချိန်မှာ စုရီဖြစ်နေပေမယ့် အတိတ်မှာ လောကသခင်ပဲ ... ဒါပေမယ့် မမေ့ပါနဲ့ ...

... စုရီကို စုရွှမ်ကြွယ်ဖြစ်ဖြစ် လောကသခင်ဖြစ်ဖြစ် အစားထိုးခွင့်မပြုပါနဲ့ ... ငါတို့ကအတိတ်ပဲ ... မင်း မဟုတ်ဘူး။ ”

“ ဘရူး ... ။ ”

အဆုံး၌ စကားသံပဲ့တင်ထပ်လျက် လောကသခင်ပုံရိပ် လုံးဝပင်ပျောက်ကွယ်သွား တော့သည်။ သေမျိုးဓားသည် တုန်ခါလျက်ဖြင့် ဝမ်းနည်းကြေကွဲစွာ တုန်ရင်လာ၏။

ငရဲဘုံကိုးပါးဓား၌ ချန်ထားရစ်သော အတိတ်မှတံဆိပ်များသည် လက်ရှိသူ့ဘဝတွင် အစားထိုးနိုင်သည်လော။ ထိုအတွေးက စုရီကို ကျောရိုးများ အေးစက်လာစေတော့၏။

***

All Chapters