← Chapters

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂါတ်။

Vol. 68 Ch. 814

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂါတ်။

Vol. 68 Ch. 814

“ ငရဲဘုံကိုးပါးဓားက အဲဒီနတ်သံကြိုးတွေအပေါ် ဖိနှိပ်ထားရတဲ့ အကြောင်းအရင်းဆိုတာ အတိတ်ဘဝကနေ လက်ရှိဘဝကို အစားထိုးမှုတွေ ဖြစ်မလာအောင် တားဆီးပေးနေတာပဲ။ ”

ဝင်စားခြင်းရေကန်နားတွင် စုရီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် တစ်ကိုယ်တည်း ညည်းညူလိုက်သည်။

ထိုအရာသည်သာ အမှန်တကယ် ဖြစ်ပွားလာခဲ့သော် လုယူသိမ်းပိုက်သူများနှင့် ကွာခြားတော့မည် မဟုတ်ချေ။

ဤနည်းဖြင့် လက်ရှိဘဝ စုရီသည် ပျောက်ကွယ်သွားကာ အတိတ်ကစုရွှမ်ကြွယ် သို့မဟုတ် လောကသခင်ဖြစ်လာပေမည်။

ယခုမူ စိတ်ပူစရာမလိုတော့ချေ။ စုရွှမ်ကြွယ်နှင့်စုရီသည် အတိတ်နှင့် ပစ္စ္စုပ္ပန်ကို အတူတကွဖြတ်သန်းနေနိုင်၏။ လောကသခင် သည်သာ သူ့အတွက် အခြားတစ်ယောက် ဖြစ်နေသေးသည်။

တစ်ချိန်တွင် သူနှင့် ထိုသူ၏မှတ်ဉာဏ် ပေါင်းစည်းသော် စိတ်နေစိတ်ထားနှင့် အတွေး အခေါ်များ အစားထိုးခွင့် မပေးနိုင်ချေ။ သို့သော် သူသည် ဒုတိယအကြိမ် လောကသခင်အဖြစ် လက်ခံနေရဦးပေမည်။ ဤအချင်းအရာသည် သူ့ကိုရှုပ်ထွေးနေသေး၏။

စုရွှမ်ကြွယ်၊ လောကသခင်၊ စုရီနှင့် ကျန်ရှိနေသော နတ်သံကြိုးရှိ အခြားဘဝများမှာ သူကိုယ်တိုင်ပင်ဖြစ်သော်လည်း သူတို့အားလုံး၌ ကိုယ်ပိုင်ဘဝ၊ စရိုက်၊ စိတ်နေစိတ်ထားနှင့် အယူအဆများ ရှိနေကြသည်။

၎င်းတို့သည် ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုသည်လော၊ အရှက်မဲသူသည်လော မသိနိုင်ချေ။ ထို့ကြောင့် လောကသခင်မှ ထိုဘဝများ လွှမ်းမိုးမှုမရှိစေရန် သတိပေးခြင်းပေပင်။

“ ငါက အတိတ်ရဲ့စုရွှမ်ကြွယ်နဲ့ ပစ္စုပ္ပန်မှာစုရီပဲ အဲဒီအတိတ်ဘဝဆိုတာတွေက ဘယ်သူပဲဖြစ်ဖြစ် အဖြည့်ခံဖြစ်ရမယ် ...

... ဆန့်ကျင်ဘက်အနေနဲ့ သူတို့သာ ငါ့နေရာကိုအစားထိုးမယ်ဆိုရင် ငါသူတို့ကို ဖျက်ဆီးပစ်ရမယ်။ ”

စုရီမှ နက်ရှိုင်းစွာ အသက်ရှူသွင်း လိုက်တော့သည်။ ဓားသမားသည် ဆုံးဖြတ်ချက် ပြတ်သားပြီး ရက်စက်ချေ၏။ သူသည် အတိတ် ဘဝများကိုကျော်လွန်ရန် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။

ထိုသူအားလုံးသည် သူတို့ဘဝတွင် ပြီးပြည့်စုံခြင်းမရှိသောကြောင့် ပြန်လည်မွေးဖွား ကြခြင်းပေပင်။

စုရီဘဝသည် ကွဲပြားလေသည်။ ပြန်လည်မွေးဖွားခြင်းတာအိုကို လေ့လာကာ ပြန်လည်မွေးဖွားခဲ့ခြင်းဖြစ်၏။ မှန်ကန်သော လမ်းကြောင်းတစ်ခုပေပင်။

ဆိုလိုသည်မှာ လောကသခင်သည် ဧကရာဇ်နယ်ပယ်ထက် ကျော်လွန်နေသော်မှ ဧကရာဇ်အဆင့်တွင် အားနည်းချက်ရှိနေခဲ့၏။

ထို့ကြောင့် သူသည် ဧကရာဇ်အဆင့်၌ ပြီးပြည့်စုံနိုင်သော် ထိုဘဝထက်ကျော်လွန်သော အမြင့်သို့ ရောက်ရှိနိုင်မည်။

“ ဒီနေ့တော့ ... ငါဘယ်သူလဲဆိုတာ တကယ်သိခွင့်ရတာပဲ။ ”

“ ဝုန်း ... ။ ”

ထိုအချိန်တွင် ဝင်စားခြင်းရေကန်၏ အလယ်ဗဟိုရှိ အနက်ရောင်သင်္ဘောကြီးသည် ယိမ်းထိုးပြီး လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားကာ ထွက်ပြေးရန် ကြိုးစားနေချေပြီ။

သေမျိုးနယ်ပယ်ဓားက တောက်ပလျက် အနက်ရောင်သင်္ဘောကို ပြန်လည်ဖိနှိပ်လိုက်ပြီး ပြင်းထန်စွာ ဟိန်းဟောက်နေသည်။ အဆုံး၌ ကြယ်တစ်သောင်း စကြဝဠာအလင်းသည် ပြန်လည်ငြိမ်သက်သွားတော့၏။

များမကြာမီတွင် လူတစ်စုသည် အနက်ရောင်သင်္ဘော ဝမ်းပိုက်အတွင်းခန်းထဲမှ အပြေးအလွှားထွက်လာကြသည်။

ထိုသူများထဲတွင် စွေ့လုံရှင်းနှင့် ကြက်ဖကြီးသည်လည်း ပါဝင်သည်။ အားလုံးက ကယ်တင်ခံရသော်လည်း ကမ်းစပ်ရောက်ချိန်၌ အကြောင်းမရှိဘဲ မေ့မြောသွားကြ၏။

ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း အတည်ပြုနိုင်မှသာလျှင် စုရီတစ်ယောက် စိတ်သက်သာရာရသွားသည်။

ထို့နောက် သူ့အကြည့်အောက်တွင် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများနှင့်အတူ အနက်ရောင်သင်္ဘောသည် အာကာသအတွင်း ပျောက်ကွယ်သွားတော့သည်။

စုရီမှ ဟန့်တားရန် ဆန္ဒမရှိချေ။ ဤရတနာသည် တံငါသည်ထံမှ လာခြင်းဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခန့်မှန်းရခက်သည်။

သေမျိုးဓားဖြင့် ဖိနှိပ်ခံထားရသဖြင့် တံငါသည်ထံသို့ ပြန်လည်ရောက်ရှိသွားလျှင်ပင် ပြဿနာတစ်စုံတစ်ရာ မဖြစ်နိုင်ချေ။

“ ဟားဟားဟား ဘီလူးစု ... မင်းလာမယ်ဆိုတာ ငါသိတယ် အဟွတ် အဟွတ် ... ။ ”

ရုတ်တရက် ပြင်းထန်သော ချောင်းဆိုးသံ ထွက်ပေါ်လာပြီး သွေးစွန်းနေသော အဖိုးကြီး တစ်ယောက် ရေကန်အောက်ခြေထံပါးမှ ပျံထွက်လာသည်။

၎င်းသည် အခြားသူ မဟုတ်ချေ။ ခေါင်းတလားထမ်းတစ္ဆေမျိုးရိုး တည်ထောင်သူ အဖိုးကြီးပေပင်။ မရဏကမ္ဘာတွင် အလျှို့ဝှက် ဆုံးသော ဒဏ္ဍာရီလာပုဂ္ဂိုလ်များအနက်မှ တစ်ပါးဖြစ်သည်။

ဖရိုဖရဲနှင့် သွေးစွန်းနေသော ဆံပင်ကို ချောမွေ့အောင်သပ်တင်လိုက်ပြီး ကျေနပ်ပြုံးရွှင် နေခဲ့သည်။

“ဒါက ရယ်စရာကောင်းလို့လား။ ”

စုရီမှ ပင်ပန်းလွန်းပြီဖြစ်သဖြင့် ကုလားထိုင်ထုတ်ယူပြီး သက်တောင့်သက်သာ လှဲလျောင်းကာ ဆေးပုလင်းတစ်လုံးကို သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။

တံငါသည်ကိုယ်ပွားနှင့် တိုက်ပွဲသည် သူ့ကို ပြင်းထန်စွာဒဏ်ရာရစေခဲ့ပြီး သူ့ခွန်အားများမှာ ကုန်ဆုံးသွားပြီဖြစ်၏။ သံမဏိဆန္ဒဖြင့်သာ ထိန်းထားနိုင်ခြင်းပေပင်။

“ ဟားဟားဟား ... ဘယ်လို မရယ်ပဲနေနိုင်မလဲ မင်းဒီလောက်ရှုပ်ပွနေတာ ငါ့အတွက် ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ ”

ခေါင်းတလားထမ်း သရဲအိုကြီးက မြေပြင်ပေါ် ထိုင်ချလိုက်ပြီးနောက် အသက်ကို ခဲယင်းစွာရှူသွင်းနေရ၏။

“ အသက်ရှင်ခြင်းရဲ့ ခံစားချက်က တကယ့်ကိုစွဲမက်ဖွယ်ကောင်းတယ် အသက် ပိုရှည်လေ ... သေမှာကို ပိုကြောက်လေပဲလို့ လူတွေပြောနေကြတာ အံ့သြစရာမရှိပါဘူး ...

... အဲဒီနှစ်တွေမှာ အဲဒီလူက ငါ့ကို အဆက်မပြတ်ဖိနှိပ်ထားခဲ့ပြီး ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပြိုလဲလုနီးပါးဖြစ်နေခဲ့ရတယ်။ ”

“ ဝှစ် ... ။ ”

စုရီက အဖိုးတန်ဆေးပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။

“ မင်းဒဏ်ရာတွေကို အရင်ကုပါ။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးက ယဉ်ကျေးမနေတော့ဘဲ ဆေးပုလင်းဖွင့်ပြီး တစ်ကျိုက်တည်းမော့ကာ တရားထိုင်၏။

နှစ်ယောက်စလုံးသည် အမြင်တွင် သနားစရာကောင်းနေသော်လည်း တည်ငြိမ်စွာ တရားထိုင်လိုက်ကြတော့သည်။   ထိုအချိန် ငရဲဘုရင်နိုးထလာ၏။

“ ငါဘာကူညီရမလဲ။ ”

သူမက တိုးတိုးလေးမေးသည်။

“ ဖြစ်နိုင်ရင် သတိလစ်နေတဲ့ လူတွေကို ဖယ်ရှားပေးပါဦး ... စွေ့လုံရှင်းတစ်ယောက်ပဲ ချန်ထားခဲ့။ ”

“ ကောင်းပြီ။ ”

များမကြာခင် ကြယ်မြစ်လှောင်အိမ် အတွင်းမှ လွတ်မြောက်လာသောသူများကို သေခြင်းနှင့်ရှင်ခြင်းတံဆိပ်ရှိ အာကာသထဲ လွှဲပြောင်းလိုက်သည်။

“ သူ့ဝိညာဉ်က ဒဏ်ရာရခဲ့ပေမယ့် ပြင်းထန်မှုမရှိဘူး သတိလစ်နေတာ မကြာခင် ပြန်နိုးလာလိမ့်မယ်။ ”

စုရီက ခေါင်းညိတ်ကာ ကုသခြင်းကို ပြန်လည်အာရုံစိုက်၏။ ထို့ကြောင့် ငရဲဘုရင်မှ လုပ်စရာမရှိတော့ဘဲ ဝင်စားခြင်းရေကန်ဘေးရှိ ကျောက်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လိုက်တော့သည်။

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေ၏။ ယခင်တိုက်ပွဲကြီးအပြီးတွင် လူသူကင်းမဲ့နေပြီး ခြောက်သွေ့နေတော့သည်။

အဝေးရှိ ဝင်စားခြင်းသစ်ပင်သည်ပင် တိတ်ဆိတ်စွာရပ်နေပြီး အကိုင်းအခက်များမှာ လေထဲတကျွီကျွီမြည်နေတော့၏။ သူမက နက်ပြာရောင်ဆံပင်တစ်ချောင်းကို နားရွက် နောက်သို့ သပ်တင်လိုက်သည်။

မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး ပုံမှန်လွှမ်းမိုးနိုင်သော မာနတရားများ မရှိဘဲ ပင်ပန်းနွမ်းနယ်မှုနှင့် ဝမ်းနည်းမှုများ အစားထိုးသွားချေပြီ။

ယနေ့ အဖြစ်အပျက်သည် သူမကို နက်ရှိုင်းစွာထိခိုက်စေခဲ့ပြီး စိတ်ခံစားချက်များ ယိုင်နဲ့နေတုန်းပေပင်။

ကြယ်မြစ်ဂိုဏ်းမှ တစ်ဖက်လူသည် စိတ်ပျက်အားငယ်မှုများဖြင့် သူမနှလုံးသားကို ပြည့်နှက်စေသည်။ ယင်းသည် ကိုယ်ပွားတစ်ခု မျှသာ ဖြစ်နေသေး၏။

လောကသခင်နှင့် စုရီ စကားဝိုင်းကို ကြားခွင့်မရခဲ့သော်လည်း စုရီနှင့်ပတ်သတ်မှန်း နားလည်ထားသည်။

သူသည် ပြန်လည်ဝင်စားခြင်း၏ လျှို့ဝှက်ချက်များကို ထိန်းချုပ်နိုင်ရုံသာမက ကောင်းကင်ဆန္ဒဥပဒေနှင့် ကြယ်တာရာ ဆိတ်သုဉ်းမှုဥပဒေကို ထိန်းချုပ်နိုင်သည်။

ထို့ကြောင့် စုရီအပေါ် စမ်းသပ်ရန် စိတ်ကူးများသည် မည်မျှ အန္တရာယ်များကြောင်း နားလည်လိုက်ပြီဖြစ်၏။

အချိန်များ ဖြည်းဖြည်း ကုန်ဆုံးနေ၏။ ပြန်လည်ဝင်စားခြင်းနယ်မြေသည် တိတ်ဆိတ် နေရာမှ စုရီတစ်ယောက် ဦးစွာနိုးထလာသည်။

“ ကျေးဇူးတင်ပါတယ်။ ”

ထို့နောက် ငရဲဘုရင်ကို ကြည့်ကာ စကားဆိုလာသဖြင့် ငရဲဘုရင်အံ့ဩသွားသည်။ အဆုံး၌ ပြုံးလျက်၊

“ ငါသာ မမှားရင် နင်ငါ့ကို ကျေးဇူးတင်လိုက်တာ ဒါပထမဆုံးအကြိမ် ဖြစ်သင့်တယ်။ ”

-ဟု ပြောကြားလိုက်၏။

“ အရင်တိုက်ပွဲမှာ မင်းရဲ့ စိုးရိမ်တကြီးစွက်ဖက်မှုက သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်နဲ့ တူပေမယ့် ငါဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ။ ”  

“ ဟမ့် ... ။ ”

ငရဲဘုရင်တစ်ယောက် စုရီအကြောင်းပြချက်ကြောင့် မျက်ခုံးပင့်မိ၏။ သူမကို ပုရွက်ဆိတ်နှင့် ခိုင်းနှိုင်းခြင်းပေပင်။ ကျေးဇူးတင်ကြောင်း ဖော်ပြရန် ထိုမျှ လုအပ်သည်လော။

“ ဟားဟားဟား စိတ်မဆိုးပါနဲ့ ... မင်းရဲ့အစစ်အမှန်ပုံသဏ္ဌာန် လွတ်မြောက်ခဲ့ရင် ငါမင်းကို ကောင်းကင်ကိုးပါးနန်းတော်ဆီ လိုက်ပို့ပေးမယ်။ ”

“ မင်း ငါ့ကို ကျေးဇူးပြန်ဆပ်တာလား။ ”

ငရဲဘုရင်ခမျာ ချက်ချင်းရပ်တန့်သွားပြီး ဆွဲဆောင်မှုရှိသော ကြယ်ရောင်မျက်လုံးများက စုရီကို စိတ်လှုပ်ရှားမှုများဖြင့် ငေးကြည့်နေ၏။

“ စုရွှမ်ကြွယ် မင်းရဲ့ယုံကြည်မှုကို ရယူဖို့ဆိုတာက တကယ့်ကို မလွယ်ကူဘူး သေလုမျောပါးပါပဲ။ ”

စကားဆုံးသည်နှင့် ကေားကင်နှင့်မြေကြီး မှိန်ဖျော့သွားစေလောက်အောင် တောက်ပသော အပြုံးတစ်ပွင့် သူမမျက်နှာ၌ ပေါ်လာသည်။

“ ဒါပေမယ့် ဒီခံစားချက်က တကယ်ကိုကောင်းပါတယ် ဟမ့် ... အတွေးလွန် မနေနဲ့ ... ။ ”

“ ဟားဟားဟား ... ငါစုရီက စကားလုံးတွေထက် လုပ်ရပ်ကိုတန်ဖိုးထားတာ ကြာလာရင် မင်းသိလာမယ်။ ”

“ ဟမ့် ... အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပါဘူး ဒါပေမယ့် အခုချိန်မှာတော့ မင်းကို ယုံကြည်လိုက်မယ်။ ”

ငရဲဘုရင်မှ ကျက်သရေရှိပြီး မာနကြီးသောကိုယ်ဟန် အနေအထားမျိုးဖြင့် ပြန်လည်ရယူလိုက်တော့သည်။

သူမသည် ကျောက်ဆောင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသော်လည်း အပြုံးများမှာ မရည်ရွယ်ဘဲ ကမ္ဘာကြီးကို သိမ်းပိုက်နိုင်နေ၏။

အထူးသဖြင့် သူမစကားပြောသည့် အခါမျိုးတွင် သွယ်လျပြီး ဖြောင့်တန်းနေသော ကျောက်စိမ်းရောင် ခြေ‌ပေါင်တံများသည် လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေသည်။

စုရီတစ်ယောက် စိတ်ကောင်းဝင်နေသဖြင့် နှလုံးသားတဒိတ်ဒိတ်ခုန်သွား၏။ တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် ခေါင်းတလာထမ်း သရဲအိုကြီး နိုးလာခဲ့သည်။

ထို့နောက် အဖိုးကြီးက ပြုံးလိုက်ပြီး အံ့အားသင့်စွာဖြင့် နှုတ်ခမ်းကိုလျှာဖြင့် သပ်ကာ၊

“ ဘီလူးစု၊ မင်းဒီလောက် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး ငရဲဘုရင်ကိုတောင် မင်းလက်ထဲ ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters