လမ်းကြောင်းမတူသော ခရီးသည်များ
Vol. 3 Ch. 26
ကျောက်ချင်းဟယ်၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ၏ ဝိညာဉ်ဓားကို လက်ရှိတွင် အပြာရောင်ဝတ် လူငယ်လေးက လက်ဗလာဖြင့် ဆုပ်ကိုင်ထားပြီး၊ သူ ဝိညာဉ်စွမ်းအင်ကို မည်မျှပင် ထုတ်သုံးပါစေ ဓားမှာ အနည်းငယ်မျှပင် မလှုပ်ရှားပေ။
ထိုအခါမှသာ သူ့ရှေ့ရှိ ငယ်ရွယ်ပုံရသော ဤကောင်လေး၏ စွမ်းအင်မှာ မည်မျှ နက်ရှိုင်းသည်ကို သူ အမှန်တကယ် နားလည်လိုက်ရသည်။
ဒီကောင်လေးက... သေချာပေါက် သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ဘူး
“စီနီယာအစ်ကို”
“နတ်ဆိုးကောင်! ငါ့စီနီယာအစ်ကိုရဲ့ ဓားကို လွှတ်လိုက်စမ်း!”
ဘေးပတ်ဝန်းကျင်ရှိ စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းမှ ဂိုဏ်းသားများမှာ ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် အံ့ဩထိတ်လန့်သွားကြပြီး ဒေါသထွက်သွားကြသည်။
သူတို့သည် သူတို့၏ စီနီယာအစ်ကိုကို အလေးစားဆုံး ဖြစ်ကြသည်။ သူ အချုပ်ခံထားရသည်ကို မြင်ရသောအခါ မည်သို့ သည်းခံနိုင်ကြမည်နည်း။ ဒေါသတကြီး အော်ဟစ်သံ အချို့နှင့်အတူ ဓားအလင်းတန်း ၇ ခု၊ ၈ ခုခန့် တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ငွေရောင်ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ စစ်ချန်ကို အရပ်မျက်နှာအသီးသီးမှ လွှမ်းခြုံတိုက်ခိုက်လိုက်ကြသည်!
တစ်ခဏချင်းမှာပင် ဓားချီများ ယှက်နွယ်သွားပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ထက်မြက်လာသည်။
စစ်ချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
မူလက သူသည် ဤမသက်ဆိုင်သူများနှင့် ရောထွေးရှုပ်ထွေးနေရန် ဆန္ဒမရှိပေ။ သူသည် ပြသနာ၏ အရင်းအမြစ်ဖြစ်သော ကျန်းချွမ်ကိုသာ ဖြေရှင်းလိုခြင်း ဖြစ်သည်။
သို့သော် သူတို့က စတင် တိုက်ခိုက်လာသည့်အပြင် တိုက်ကွက်တိုင်းကလည်း သူ့အသက်ကို ရန်ရှာနေကြသဖြင့်၊ တတိယဦးလေး၏ သင်ကြားမှုအရ ဤအခြေအနေသည် “မင်းကို သတ်ချင်နေတာ” ဟူသော ခေါင်းစဉ်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုသို့ဆိုလျှင်လည်း သူတို့ကို တစ်ခါတည်း ရှင်းပစ်လိုက်ရုံသာ။
သူ ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် မျက်လုံးထောင့်စွန်းမှ ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
ကျန်းချွမ်သည် စစ်ချန်ကို စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းသားများ ဝိုင်းထားသည်ကို အခွင့်ကောင်းယူကာ မျက်လုံးထဲတွင် တိတ်တဆိတ် ဝမ်းသာမှုနှင့် ယုတ်မာမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီးနောက် တိတ်တဆိတ် နောက်ဆုတ်သွားသည်။ သူ့လက်ချောင်းထိပ်များတွင် မှိန်ဖျော့သော သွေးရောင်အလင်းတန်းများ ပေါ်နေသည်
သူသည် သွေးအနှစ်သာရကို လောင်ကျွမ်းစေသော ထွက်ပြေးသည့်ပညာရပ်ကို အသုံးပြုရန် ထပ်မံ ပြင်ဆင်နေခြင်း ဖြစ်သည်
စစ်ချန်၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားသည်။
အကယ်၍ ဤလူကို နောက်တစ်ကြိမ် လွတ်မြောက်ခွင့် ပေးလိုက်လျှင် ကျောက်ချင်းဟယ်ကဲ့သို့ တရားမျှတမှုကို ဖော်ဆောင်ပေးချင်သူနောက်တစ်သုတ်ကို ထပ်မံ ဆွဲဆောင်လာနိုင်ခြေ အလွန်များသည်။ ထိုအချိန်ကျလျှင် ပြဿနာမှာ ပြီးဆုံးတော့မည် မဟုတ်ပေ။
သူ့ကို နောက်တစ်ကြိမ် လုံးဝ ထွက်ပြေးခွင့် မပေးနိုင်ပေ။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် စစ်ချန် နောက်ထပ် မတွေဝေတော့ပေ။
ဓားသွားကို ဆုပ်ကိုင်ထားသော လက်က ရုတ်တရက် ဘေးဘက်သို့ လွှဲပစ်လိုက်ရာ ကြီးမားပြင်းထန်ပြီး ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုသည် ဓားသွားတစ်လျှောက် စီးဆင်းသွားသည်။
ကျောက်ချင်းဟယ်သည် တားဆီး၍မရသော ကြီးမားလှသည့် စွမ်းအားတစ်ခု ဒလဟော ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးပေါ်မှ ကြွတက်သွားကာ စစ်ချန်ကို ဓားများဖြင့် ထိုးစိုက်နေကြသော ဂျူနီယာညီငယ်၊ ညီမငယ်များထံသို့ ထိန်းချုပ်မရဘဲ လွင့်စင်သွားတော့သည်။
“စီနီယာအစ်ကို... သတိထား”
“ဓားတွေကို မြန်မြန် ပြန်ရုပ်လိုက်ကြ!”
သူတို့၏ စီနီယာအစ်ကိုကြီးက သဲအိတ်တစ်လုံးကဲ့သို့ သူတို့ဆီ လွင့်လာသည်ကို မြင်လိုက်ရသော ဂိုဏ်းသားများမှာ ကြောက်လွန်းသဖြင့် ဝိညာဉ်ပင် လွင့်မတတ် ဖြစ်သွားကြသည်။ သူတို့သည် တိုက်ကွက်များကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ကြရာ ဓားအလင်းတန်းများမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး ကျောက်ချင်းဟယ်ကို ဖမ်းရန် ကပျာကယာ ကြိုးစားကြတော့သည်။
မြင်ကွင်းတစ်ခုလုံး ချက်ချင်းပင် ရှုပ်ထွေးသွားသည်။
ထိုသို့ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော ရှုပ်ထွေးမှုများကြားတွင် စစ်ချန်သည် လှည့်ပင်မကြည့်တော့ပေ။ ကျောက်ချင်းဟယ်လက်ထဲမှ ခုနက သူ လုယူလိုက်သော ဝိညာဉ်ဓားကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်ပြီး ထွက်ပြေးရန် ပြင်နေသော ကျန်းချွမ်ဆီသို့ အားကုန် ပစ်လွှတ်လိုက်သည်!
ရွှမ်း
ထိုဝိညာဉ်ဓားသည် ငွေရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လေထုကို ခွဲဖြာသွားသော စူးရှသည့် အသံနှင့်အတူ ထွက်ပြေးနေသော ကျန်းချွမ်ဆီသို့ ပြီးပြည့်စုံသော တိကျမှုဖြင့် ပျံသန်းသွားသည်။ ဓား၏ အရှိန်မှာ ကျောက်ချင်းဟယ် ကိုင်တွယ်စဉ်ကထက် အဆပေါင်းများစွာ ပိုမြန်နေသည်!
ကျန်းချွမ်၏ မျက်နှာပေါ်မှ ဝမ်းသာသည့်အမူအရာ မပျောက်ပျက်သေးခင်မှာပင် ရင်ဘတ်ထဲတွင် အေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး၊ ကြီးမားသော တွန်းကန်အားကြောင့် နောက်သို့ လွင့်စင်သွားတော့သည်။
ဖူး
ဓားသွားသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး သူ့တစ်ကိုယ်လုံးကို အနောက်ရှိ ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီး၏ ပင်စည်တွင် မြဲမြံစွာ စိုက်ကပ်သွားစေသည်
“အွတ်...”
ကျန်းချွမ်သည် တိုတောင်းပြီး နာကျင်သော ညည်းတွားသံတစ်ချက် ပြုလိုက်သည်။ သူ ခေါင်းငုံ့ကာ သူ့ရင်ဘတ်မှ ထိုးထွက်နေပြီး တုန်ခါနေဆဲဖြစ်သော ဓားလက်ကိုင်ရိုးကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မယုံကြည်နိုင်လောက်အောင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသည်။
သူ ပါးစပ်ဟလိုက်ပြီး တစ်ခုခု ပြောချင်နေသကဲ့သို့ ရှိသည်
အသနားခံချင်တာ ဖြစ်နိုင်သလို၊ ကျိန်ဆဲချင်တာလည်း ဖြစ်နိုင်သည်။
သို့သော် စစ်ချန်က သူ့ကို အခွင့်အရေး မပေးတော့ပေ။
ပျံသန်းသောဓား ပစ်ထွက်သွားသည်နှင့် တစ်ချိန်တည်းလိုလိုတွင်ပင် စစ်ချန်၏ ပုံရိပ်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ နောက်မှ ကပ်လိုက်သွားပြီး၊ သစ်ပင်တွင် ကပ်နေသော ကျန်းချွမ်၏ ရှေ့သို့ ရောက်ရှိသွားသည်။ မလိုအပ်သော စကားများ၊ အမူအရာများ မပါဘဲ လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်ကာ ရိုးရှင်းစွာပင် ထိုးချလိုက်သည်။
လက်သီးထိပ်ဖျားတွင် မှိန်ဖျော့သော လျှပ်စီးအလင်းတန်း တစ်ချက် လက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။
ဘုန်း!
ကျန်းချွမ်၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ပူနွေးသော အရာဝတ္ထုများ နေရာအနှံ့ လွင့်စဉ်သွားသည်။ သစ်ပင်တွင် ဓားရှည်ဖြင့် စိုက်ကပ်ခံထားရသော ခေါင်းမပါသည့် အလောင်းတစ်ခုသာ ယိမ်းထိုးလျက် ကျန်ရစ်ခဲ့တော့သည်။
ကမ္ဘာကြီး တိတ်ဆိတ်သွားသည်။
ဤအရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ စစ်ချန်က ကျောက်ချင်းဟယ်ကို လွှဲပစ်လိုက်ခြင်းမှသည်၊ ဓားဖြင့် ပစ်သတ်ခြင်း၊ ပြီးနောက် ရန်သူကို လက်သီးဖြင့် အဆုံးသတ်လိုက်ခြင်း အထိ အားလုံးမှာ အသက်တစ်ရှူစာ အချိန်အတွင်း ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းမှ ဂိုဏ်းသားများ ကိုးရိုးကားရားဖြင့် သူတို့၏ စီနီယာအစ်ကိုကို ဖမ်းလိုက်နိုင်ပြီး တည်ငြိမ်အောင် နေနိုင်ချိန်တွင် မော့ကြည့်လိုက်ရာ ဤသွေးသံရဲရဲ ကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။
လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။
ချစ်စရာကောင်းသော ဂျူနီယာညီမလေးမှာ နေရာတွင်ပင် အော်ဟစ်လိုက်ပြီး မျက်လုံးများကို အုပ်ထားကာ ဆက်မကြည့်ရဲတော့ပေ။
အခြားဂိုဏ်းသားများလည်း မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ပြီး ရင်ထဲတွင် ပျို့အန်ချင်သလို ဖြစ်လာကြသည်။
သူတို့၏ နေ့စဉ် လေ့ကျင့်မှုများနှင့် တာအိုဆွေးနွေးမှုများတွင် ဤမျှ ရက်စက်ပြီး တိုက်ရိုက်ကျသော သတ်ဖြတ်နည်းမျိုးကို ဘယ်တုန်းက မြင်ဖူးခဲ့ကြသနည်း။
သတ်ဖြတ်ခြင်းဆိုသည်မှာ ခေါင်းဖြတ်လိုက်ရုံမျှသာ ဖြစ်လေ့ရှိသော်လည်း၊ ဤလူငယ်၏ လုပ်ရပ်များမှာ ကောလာဟလ သတင်းများထဲက မိစ္ဆာကျင့်ကြံသူများထက်ပင် သုံးဆခန့် ပို၍ ရက်စက်နေသည်
လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေသော်လည်း ခြေထောက်များမှာ အလိုအလျောက် နောက်ဆုတ်နေကြပြီး၊ တစ်ယောက်မှ အမှန်တကယ် ရှေ့မတိုးရဲကြပေ။