← Chapters

ရွှေတောင်ပံဂဠုန်

Vol. 42 Ch. 573

ရွှေတောင်ပံဂဠုန်

Vol. 42 Ch. 573

တစ်ရက်အပြည့်အဝ အိပ်ပြီးနောက် ကျန်းရီနိုးလာသည့် အချိန်တွင် အိပ်ယာဘေး၌ ကျန်းရှောင်နူ ထိုင်နေတာကို သိသွား၏။ သူက သူမသည်သူ့ကို အရူးမလေး တစ်ဦးသဖွယ် ကြည့်နေလေ၏။ သူမက မေးထောက်ထားလျက် သူမ၏မျက်နှာက သူ့မျက်နှာနှင့် သုံးဆယ်စင်တီမီတာ မကွာတော့သည်က ကျန်းရီကို ထိတ်လန့်သွားစေ၏။

“အမ် သခင်လေး နိုးပြီပဲ ”

ကျန်းရီမျက်လုံး ရုတ်တရက် ပွင့်လာပြီး သူမကို ကြည့်နေတာကို မြင်သောအခါ ကျန်းရှောင်နူက အံ့သြသွားပြီး ရှက်သွေးဖြာနေသော မျက်နှာဖြင့် ထခုန်လိုက်၏။ ကျန်းရီက ခေါင်းညိတ်ပြီးနောက် အပြင်ဘက်ကို သူ၏ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဖုန်းလန်နိုးနေပြီဖြစ်ကာ ချင်ယွီ၊ ယွင်ဖေးတို့နှင့်အတူ ခန်းမလေးထဲ၌ စားသောက်နေတာကို တွေ့လိုက်ရသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ နှုတ်ခမ်းများက ပိတ်ထား၏။ သူတို့က အစီအရင်များတောင် သတ်မှတ်ထားသည်။ သူတို့က တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်နိုင်၏။

ကျန်းရီက ကောင်းကင်စိတ်အာရုံကို အပြင်ဘက်သို့ ထုတ်လွှင့်လျက် အန္တရာယ်မရှိကြောင်း အတည်ပြုလိုက်၏။ ပြီးနောက် စားစရာအချို့ ထွက်စားပြီးနောက် စကားစမြည် ပြောဆိုလိုက်၏။ သို့သော် သူနှင့်ဖုန်းလန်က သူတို့အလျင်စလို ခရီးနှင်ခဲ့သည့် အကြောင်းအား လူတိုင်းကို မပြောပြခဲ့ဘဲ ရက်အနည်းငယ်အတွင်း နတ်မြင်းပျံနယ်မြေကို ဖြတ်သန်းနိုင်တော့မည့် အကြောင်းသာ ပြောနေခဲ့သည်။

စားသောက်ပြီးစီးသည့် အချိန်တွင် ကျန်းရီက ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ပြီး ပတ်ဝန်းကျင် အခြေအနေကို ထောက်လှမ်းတော့၏။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် မျက်လုံးဖွင့်လိုက်တော့သည်။ သူကဖုန်းလန်ကိုကြည့်ပြီး ထူးထူးဆန်းဆန်း ပြောလိုက်တော့၏။ “တကယ် ထူးဆန်းတယ် အနားပတ်ဝန်းကျင်က ကြောက်ဖို့ကောင်းလောက်အောင် ငြိမ်းချမ်းနေတာ ကင်းထောက်တွေ မရှိဘူး လှုပ်ရှားသွားလာနေတဲ့ တပ်ဖွဲ့တွေလည်း မရှိဘူး ”

ဖုန်းလန်၏ မျက်ဝန်းလှလှလေးများက တဖြတ်ဖြတ်ခတ်လျက် သူမက အသံပို့လိုက်တော့သည်။

“သခင်လေး ဖေးထျန်းက လက်စားချေဖို့ လက်လျှော့လိုက်တာများ ဖြစ်နိုင်လား ”

“မဖြစ်နိုင်ဘူး ”

ကျန်းရီက ခေါင်းခါလိုက်တော့သည်။ ကျန်းရှောင်နူနှင့် ယွင်ဖေး ဤနေရာတွင် ရှိနေလျှင် သူက သူတို့ပူပန်မှာကို စိုးရိမ်မိ၏။ ထို့ကြောင့် များများစားစား မပြောခဲ့ပေ။ ဖေးထျန်းက လက်စားချေတာကို အလျှော့ပေးမှာမဟုတ်မှန်း သူ့စိတ်ထဲ သေချာသိနေ၏။ သူသည် အပျော်အပါး လိုက်စားသည့် မျိုးဆက်များစွာကို ကြုံတွေ့ခဲ့ဖူးသည်။ ကျန်းရီက ထိုလူများစွာကို သတ်ခဲ့သည့်အချက်ကို ဘေးချိတ်ထားပြီး သူ မသတ်ခဲ့လျှင်တောင် ဖေးထျန်းက ဖုန်းလန်ကို တပ်မက်နေပုံအရ ကျန်သည့်ကိစ္စများကို အလွယ်တကူ အလျော့ပေးမှာမဟုတ်ပေ။

ထိုသို့ဆိုလျှင် နတ်မြင်းပျံနယ်မြေ၌ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်သွားတာ ဖြစ်ရမည်။ ထိုအကြောင်းကြောင့် ဖေးထျန်းက သူတို့ကို လျစ်လျူရှု့ထားတာ ဖြစ်နိုင်၏။

ထိုသို့တွေးတောပြီးနောက် ကျန်းရီက ထရပ်ပြီးနောက် အော်ပြောလိုက်သည်။ “ဖုန်းအာ အနားယူလို့ ပြီးပြီလား ရက်အနည်းငယ်အတွင်း ခရီးဆက်မယ်ဆိုရင် နယ်မြေအပြင်ဘက်ကို ရောက်မှာ ”

“ကျွန်မ အနားယူပြီးပါပြီ သခင်လေး ”

ဖုန်းလန်က ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ရှောင်နူနဲ့ တစ်ခြားသူတွေက ဒီမှာအရင်နေအုံး၊ ငါတို့တွေ နတ်မြင်းပျံ နယ်မြေကနေ ထွက်ခွာပြီဆိုတာနဲ့ မင်းတို့အားလုံးကို ကစားခွင့်ပေးမယ် ”

ညွှန်ကြားပြီးနောက် နန်းတော်က အဖြူရောင်အလင်း ဖြတ်ခနဲလက်လာပြီး ကျန်းရီနှင့် ဖုန်းလျန်တို့က ခန်းမလေးထဲမှ ပျောက်ကွယ်သွားတော့သည်။

ရေအိုင်၏အောက်ခြေတွင် နေနေသော ဧရာမစပါးအုံတစ်ကောင်သည် ကျန်းရီနှင့် ဖုန်းလန်တို့ ထွက်လာတာကို မြင်သည့်အချိန်၌ သူ၏မျက်ဝန်းထဲ၌ အကြောက်တရားတို့ ပေါ်နေပြီး မတိုက်ခိုက်ရဲချေ။

ဘီး

ကျန်းရီက ဧကရီနန်းတော်ကို သိမ်းလိုက်ပြီးနောက် ထိုနတ်ဆိုးဘုရင်ကိုသတ်ရန် စိတ်အနှောက်အယှက် ဖြစ်ခံမနေတော့ပေ။ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်၏။ သူတို့ကို ခြေရာခံ လိုက်နေသူများအား ခြေရာလက်ရာ ချန်ထားခဲ့သလို ဖြစ်နိုင်သည်။ ဖုန်းလန်က တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူမက ကျန်းရီ၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်လျက် ရေထဲမှ ထွက်သွားလိုက်သည်။

“တောင်ဘက်ကို ဦးတည်သွားမယ်ဆိုရင် တောအုပ်တစ်ခုရှိတယ် အဲဒီမှာ လူပိုနည်းပြီး ပိုလုံခြုံတယ် ”

ကျန်းရီက ချက်ချင်းပင် လမ်းညွှန်ပြီး ဖုန်းလန်ကို ဒီတစ်ခေါက် လိုက်မဖက်တော့ပေ။ သူကရိုးရိုးရှင်းရှင်းပင် သူ့အားဖုန်းလန်ကို သယ်ခွင့်ပေးထားပြီး အလျင်စလို ခရီးဆက်တော့၏။ မိုင်တစ်သိန်း အကွာအဝေးရောက်တိုင်း ကျန်းရီက ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီး အလုံခြုံဆုံးလမ်းကြောင်းကို ရှာဖွေ၏။ သူတို့နောက်သို့ လိုက်နေသည့် ကင်းထောက်များ သိုင်းပညာရှင်များ မရှိတာကို အတည်ပြုခဲ့သည်။

နှစ်ယောက်သားက ထူးဆန်းနေသလို ခံစားရသော်ငြား တိတ်တဆိတ် ပျော်ရွှင်နေကြ၏။ ခြောက်ရက်တာ ကြာညောင်းပြီးနောက် နတ်မြင်းပျံနယ်မြေ၏ အရှေ့ဘက် ပင်လယ်ဆီသို့ ရောက်သွားတော့သည်။ လိုက်နေသည့် စစ်သားများ မရှိသေးတာကို သတိပြုမိလိုက်၏။ ဆယ်ရက်တာ ကာလအတွင်း သူတို့ဤနေရာသို့ ရောက်နေသင့်ပြီဖြစ်သည်။ ထိုသို့တိုင် ဖေးထျန်းက သူတို့နောက်လိုက်ရန် လူလွှတ်ခဲ့ပုံမရ။

“ဟုတ်ပြီ နောက်ထပ် မိုင်တစ်သိန်းလောက်ဆိုရင် ပင်လယ်ဘက်ကို ရောက်ပြီ ပျံသန်းခြင်း အရိပ်ပင်လယ်ကိုရောက်ဖို့ နောက်ထပ်နေ့ဝက်လောက် အချိန်ယူရမယ် ပျံသန်းခြင်း အရိပ်ပင်လယ်ကို ကျော်ဖြတ်ပြီးသွားရင် ပန်းရဉ်နယ်မြေကို ရောက်ပြီ အဲ့ဒီကရှေ့ဆက်ရင် ယန်ကျင်းရှေးနယ်မြေကို ရောက်မယ် နောက်ဆုံးကျ အရှေ့ပိုင်း တော်ဝင်နယ်မြေကို ရောက်နိုင်ပြီ ”

တောင်ထွတ်ပေါ်၌ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီး အားလုံးလုံခြုံစိတ်ချမှု သေချာအောင် စစ်ဆေးနေ၏။ သူတို့က ပင်လယ်ဘေးသို့ ရောက်ခါနီးသည့်အချိန်၌ ကျန်းရီက သူ၏တင်းမာမှုတို့ အတော်ပေါ့သွားသည်။ သူကအလျင်မလိုတော့ဘဲ ကျောက်ဆောင်ပေါ်၌ အေးအေးလူလူထိုင်ကာ အကြောဆန့်လိုက်တော့၏။

ဟူး ဟူး

တောင်ထွတ်ပေါ်၌ လေကအတော်ပြင်းပြီး ဖုန်းလန်၏ အဝတ်အစားများကို လွင့်နေစေ၏။ ဖုန်းလန်ကလည်း စိတ်အေးလက်အေး ဖြစ်နေကာ ဆောင့်ကြောင့်ထိုင်ချပြီး အရှေ့ဘက်ခြမ်းကို ကြည့်နေလိုက်၏။ ကျယ်ဝန်းသော ကောင်းကင်ကိုကြည့်ပြီး အတွေးနစ်နေလေသည်။

ကျန်းရီက ဖုန်းလန်ဘေး၌ထိုင်ကာ သူ၏အပိုအမြင်အာရုံကနေ ဖုန်းလန် ဝမ်းနည်းနေသည့် အမူအရာ ပေါ်နေတာကို မြင်လိုက်သည်။ သူက ရုတ်တရက် ပြောလိုက်၏။

“ငါတို့ပင်လယ်ကမ်းစပ် ရောက်ပြီဆိုတာနဲ့ မင်းရဲ့စိတ်ဝိညာဉ် အမှတ်အသားကို ပြန်ပေးမယ် ငါ့နောက် ထပ်လိုက်စရာ မလိုတော့ဘူး ဖီးနစ်အော်သံ နယ်မြေကို ပြန်လို့ရပြီ ”

“အမ် ”

ဖုန်းလန်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူမ၏မျက်ဝန်းထဲ၌ ဝမ်းသာကြည်နူးရိပ် တစ်စွန်းတစ်စ ပေါ်လာလေ၏။ ပြီးနောက် ကျန်းရီကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လိုက်ကာ မေးလိုက်တော့သည်။

“သခင်လေး ဘာကြောင့်ဒီလို လုပ်တာလဲ ဆယ်နှစ်ကြာပြီးမှ ကျွန်မတို့ရဲ့ လွတ်လပ်မှုကို ပြန်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ”

“ခွီး ခွီး ”

ကျန်းရီက ရယ်မောပြီးနောက် လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ငါစိတ်ပြောင်းသွားပြီ မင်းရဲ့လွတ်လပ်ခွင့်ကို မလိုချင်ဘူးလား မင်းကငါ့ရဲ့ အစေခံလေး ဖြစ်ချင်နေသေးတုန်းလား ”

“ကျွန်မ ” ဖုန်းလန်က ရုတ်တရက် ဆွံ့အသွားလေ၏။ သူမသည် ဝိညာဉ်ကျွန် မဖြစ်ချင်ပေ။ မည်သူကများ ဝိညာဉ်ကျွန် ဖြစ်လိုမည်နည်း။ သူတို့ကံကြမ္မာ ထိန်းချုပ်ခံရတာကို မည်သူကများ  ပျော်ရွှင်မည်နည်း။ တစ်ပါးသူအလိုကျ အဆင့်သင့် ဆောင်ရွက်ပေးနေရသည်ကို မည်သူက သဘောကျမည်နည်း။

သူမသည် ကျန်းရီနောက် လအနည်းငယ် လိုက်လာခဲ့ပြီးဖြစ်ကာ သူမ၏အဆင့်အတန်းက ဝိညာဉ်ကျွန်အနေဖြင့် အသားကျနေပြီဖြစ်သည်။ သူမက ကျန်းရီ၏ အမိန့်များကို နားထောင်ပြီး ကျန်းရီခိုင်းတာကိုလည်း အသားကျနေပြီဖြစ်၏။

ကျန်းရီက ရေသူနတ်ဆိုး ဧကရာဇ်ကို ဖယ်ရှားပေးပြီး ခြင်္သေ့ချည် နတ်ဆိုးဧကရာဇ်ကိုလည်း သူမဖယ်ရှားနိုင်အောင် ကူညီပေးခဲ့သည်။ ယခုဖီးနစ်အော်သံ နယ်မြေက နောက်နှစ်ပေါင်း တစ်သောင်းကြာသည်အထိ ရေသူမျိုးနွယ်စု၏ ကျူးကျော်မှုကို စိုးရိမ်ပူပန်စရာ လိုတော့မှာမဟုတ်ပေ။ သူက သူတို့နယ်မြေ၏ ကျေးဇူးရှင်ဖြစ်ပြီး သူမနှင့်ချင်ယွီက စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မိသည်။

ယခုကျန်းရီက သူမ၏လွတ်လပ်ခွင့်ကို ပြန်ပေးမည်ဟု ရုတ်တရက် ပြောလာ၏။ ထို့အပြင် သူကသူမကို စမ်းသပ်နေပုံမပေါ်။ သို့သော်သူက စိတ်ရင်းမှန်ဖြင့် ပြန်ပေးချင်နေတာဖြစ်၏။ ယင်းက ဖုန်းလန်ကို ပျော်ရွှင်စေပြီး ဆုံးရှုံးသလိုလည်း ခံစားရစေကာ စိုးရိမ်ပူပန်မှုကိုလည်း ခံစားရစေ၏။

နေအုံး။ ငါက ဘာကို စိုးရိမ်ပူပန်နေတာလဲ။

ဖုန်းလန်၏ နုနယ်သော ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူမတကယ် စိုးရိမ်ပူပန်နေတာလား။ ကျန်းရီက သူမကို ထွက်ခွာခွင့် ပေးနေ၏။ သူမက ပျော်ရွှင်နေသင့်သည်။ အဘယ့်ကြောင့် စိုးရိမ်ပူပန်နေရသနည်း။ သူမက ကျန်းရီကို ချန်မထားချင်ဘဲ သူ၏ဝိညာဉ်ကျွန်အဖြစ် အသုံးခံရသည်ကို သဘောကျနေသည်လော။ အသားကျနေသည်လော။

“ဒါက ”

ဖုန်းလန်က ကျန်းရီကို တွေဝေစွာ ကြည့်နေလေ၏။ သူ့ကိုထားရစ်ခဲ့ရန် သူမကို တွန့်ဆုတ်စေအောင် မည်သည့် ထူးခြားသည့် ညို့ငင်မှုမျိုး သူ့တွင်ရှိနေကြောင်း သူမမြင်ချင်၏။

“မင်းငါ့ကို ဘာကြည့်နေတာလဲ ”

ကျန်းရီက သူ၏ကတုံးပြောင်ပြောင်ကို အလိုလိုပွတ်လိုက်မိပြီး မျက်တောင်ခတ်လိုက်တော့၏။

“ငါ့မျက်နှာ တစ်ခုခုဖြစ်နေလို့လား ငါလတ်တလောမှာ ပိုချောလာတာများလား ”

“ဖွီ ” ဖုန်းလန်က ကျို့များစွာ ပြုံးလိုက်ပြီးနောက် ကျန်းရီကို ချစ်ခင်ဖွယ် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ဖုန်းလန်က ပြန်မပြောဘဲ ကျန်းရီကို တောင်အောက်ဆီသို့ ခေါ်သွားပြီး ပင်လယ်ကမ်းခြေသို့ လျှောက်သွားတော့သည်။

ငါတို့ပင်လယ်ကမ်းခြေ ရောက်တဲ့အချိန် ငါ ဖုန်းလန်နဲ့ ချင်ယွီရဲ့ လွတ်လပ်ခွင့် ပြန်ပေးရမှာပဲ။

ကျန်းရီက ဆုံးဖြတ်ချက် ချပြီးဖြစ်သည်။ သူက ထိုနှစ်ယောက်နှင့် အငြိုးအတေး ကြီးကြီးမားမားမရှိ။ လမ်းတစ်လျှောက်၌ ချင်ယွီကသူ့ကို ကောင်းမွန်စွာ ခစားခဲ့ပြီး ဖုန်းလန်ကသူ့ကို ကူညီခဲ့တာ လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ သခင်လေးဖေးထျန်းနှင့် တိုက်ပွဲ၌ သူသည် အားလုံးကို အမှုမထားဘဲ ကျန်းရီ၏ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သည်။ သူ၏ရင်ထဲ၌ ဖုန်းလန်က ဝိညာဉ်ကျွန် မဟုတ်တော့ဘဲ မိတ်ဆွေတစ်ဦး ဖြစ်နေပြီဖြစ်သည်။

သူတို့က မိတ်ဆွေများဖြစ်သောကြောင့် သူတို့ကို ဝိညာဉ်ကျွန် ဖြစ်ခွင့်မပေးနိုင်ပေ။ သူ၏အသိစိတ်က သူ့ကိုခွင့်လွှတ်နိုင်မှာမဟုတ်။ ထို့အပြင် ပန်းရဉ်နယ်မြေနှင့် နတ်မြင်းပျံနယ်မြေက အရွယ်အစား တူညီသောကြောင့် အန္တရာယ် ပိုတောင်များနိုင်သည်။ ကျန်းရီက သူတို့ကို ပါဝင်ပတ်သတ်စေလိုခြင်း မရှိတော့ပေ။

“သခင်လေး အရှိန်အဝါ တည်ရှိမှုကို ရုပ်သိမ်းပေး ”

လေးနာရီကြာ ခရီးဆက်ပြီးနောက် သူတို့သည် ပင်လယ်ကမ်းခြေနား ကပ်လာသည့်အချိန် ဖုန်းလန်က ရုတ်တရက် ရပ်တန့်ပြီး သူမ၏အရှိန်အဝါ တည်ရှိမှုကို မြန်မြန်ဆန်ဆန် ရုပ်သိမ်းလိုက်၏။ သူမက တောအုပ်ထဲသို့ ပြေးဝင်လိုက်ကာ ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းရဲခြင်းတောင် မရှိတော့ပေ။

“ဘာဖြစ်တာလဲ ”

ကျန်းရီ၏မျက်လုံးက အေးစက်စက် အလင်းဖြင့် ဖြတ်ခနဲလက်လာ၏။ သူကဂရုမစိုက်ဘဲ မနေရဲချေ။ တောအုပ်ထဲတွင် သူလည်းပုန်းလိုက်တော့၏။ ဖုန်းလန်က စိုးရိမ်ပူပန်စွာ တံတွေးမျိုချလျက် အရှေ့ဘက် ကောင်းကင်ကို လက်ညိုးထိုးပြလိုက်သည်။ “အဲဒီမှာ အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင် ပျံသန်းနေတယ် နတ်ဆိုးဧကရာဇ်ပဲ ”

“နတ်ဆိုးဧကရာဇ်လား ”

ကျန်းရီက ပါးစပ်ပိတ်လိုက်ပြီး သူ၏ကြယ်ကိုးလုံး ကြယ်တာရာ စာလုံးကိုးခုကို လှည့်ပတ်တာ ရပ်တန့်လိုက်၏။ သူ၏ကောင်းကင် စိတ်အာရုံကိုလည်း မထုတ်ဖော်ရဲဘဲ အရှေ့ဘက်ကောင်းကင်သို့ ကြည့်လိုက်လေ၏။

“ရှုး ”

အသက်ရှုသံ အနည်းငယ်ကြားပြီးနောက် အရှေ့ဘက်ကနေ ဧရာမ နတ်ဆိုးသားရဲတစ်ကောင် ပျံသန်းလာ၏။ ယင်းက ရွှေတောင်ပံဂဠုန်ဖြစ်သည်။ တောင်ပံများက အနည်းဆုံး တစ်ရာမီတာကျော်ခန့် ရှည်လျှားပြီး ပျံသန်းနေစဉ်၌ ကောင်းကင်ကို လွှမ်းမိုးနိုင်သည့် ဧရာမ တိမ်စိုင်တိမ်းမည်းပမာ ဖြစ်နေတော့သည်။

ရွှေတောင်ပံဂဠုန်က ခွန်အားအမြင့်ဆုံးတွင်ရှိပြီး အသက်ရှုကြပ်စေလောက်သော တည်ရှိမှုကို ထုတ်လွှင့်နေ၏။ တောင်ပံတစ်ချက်ခတ်သည်က လေပြင်းများကို ဖြစ်ပေါ်စေကာ ကျန်းရီနှင့်ဖုန်းလန်တို့ ပုန်းနေသည့်တောအုပ်ကို လေများတိုက်ခတ်စေပြီး သစ်ပင်များကို ယိမ်းယိုင်သွားစေ၏။ ကျန်းရီနှင့် ဖုန်းလန်ကလည်း လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။

ရှုး ရှုး

ကျန်းရီက အေးစက်သော လေထုကို နှစ်ချက်ခန့် ရှုရှိုက်လိုက်၏။ သူ၏မျက်ဝန်းတို့ ကျုံ့သွားပြီး စိတ်ဝိညာဉ် တုန်လှုပ်သွားသည်။

သူကနတ်ဆိုးဧကရာဇ်ကြောင့် ကြောက်လန့်ခဲ့တာမဟုတ်ပေ။ သူသည် နတ်ဆိုးဧကရာဇ်နှစ်ပါးကို ဖုန်းလန်နှင့်အတူ ပူးပေါင်းသတ်ဖြတ်ခဲ့ဖူး၏။ ထိတ်လန့်ခဲ့သည်မှာ ရွှေတောင်ပံဂဠုန်ပေါ်၌ လူတစ်ယောက် ထိုင်နေသောကြောင့်ဖြစ်၏။ ယင်းက အရေးမကြီးပေ။ အရေးကြီးသည်က ထိုလူသည် ကလေးတစ်ဦး ဖြစ်နေ၏။ ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ဦးဖြစ်၏။

ရွှေတောင်ပံဂဠုန်က နတ်ဆိုးချီ ဧကရာဇ်နှင့် ယှဉ်နိုင်စွမ်းရှိသော တည်ရှိမှုဖြစ်၏။ ထိုသို့တိုင် ဝိညာဉ်သားရဲ ဖြစ်နေသည်လော။ ထို့အပြင် ပိုင်ရှင်က ကလေးတစ်ဦး အမှန်တကယ် ဖြစ်နေသည်လော။ ထိုထူးဆန်းသော မြင်ကွင်းက ကျန်းရီ၏မျက်ဝန်းကို သံသယများဖြင့် ပြည့်သွားစေ၏။

***

All Chapters