← Chapters

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း (၃၄၁)

Vol. 35 Ch. 341

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၄၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“မြှားတွေပစ်... ဧရာမဒူးလေးတွေနဲ့ပစ်... အဆိပ်မြှားတွေသုံးကြ”

လီဝမ်ဟွေ့သည် အမိန့်ပေးလိုက်သည်။

“ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...”

စစ်သင်္ဘောပေါ်မှ မြှားမိုးရွာကျလာပြီး ရှောင်မူကျစ် ရှိရာဘက်သို့ ပိတ်ကာပစ်ခတ်လိုက်ကြသည်။ ရှောင်မူကျစ်သည်လည်း ချက်ချင်းပင် ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးသွားလေ၏။

“ဖောက်...”

မြှားတစ်စင်း သူ့ကို ထိမှန်သွားပုံရသည်။ ပင်လယ်ရေပြင်တွင် အနီရောင်သွေးများ ပျံ့နှံ့သွားလေသည်။ သူသည် ပင်လယ်ရေမျက်နှာပြင်မှ လုံးဝ ပျောက်ကွယ်သွားတော့၏။

“သခင်လေးရှောင်...” မိုဟန်သည် အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်ပြီး လျင်မြန်စွာ ကူးခတ်သွားလေသည်။

လီဝမ်ဟွေ့နှင့် ကျီပြောင်ပြောင်တို့သည်လည်း လျင်မြန်စွာ ရေကူးသွားပြီး အခွင့်ကောင်းယူကာ ရှောင်မူကျစ်ကို သတ်ဖြတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့သည် ထိုပင်လယ်ပြင်ဧရိယာကို ထပ်ခါတလဲလဲ ရှာဖွေခဲ့သော်လည်း ရှောင်မူကျစ်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ပေ။ သူတို့ တစ်နာရီကျော်ကြာအောင် ရှာဖွေခဲ့သော်လည်း ရှာမတွေ့သဖြင့် လက်လျော့လိုက်ရတော့၏။

လီဝမ်ဟွေ့နှင့် ကျီပြောင်ပြောင်တို့ သင်္ဘောပေါ်သို့ ပြန်တက်လာကြသည်။ လီဝမ်ဟွေ့က ပြောလိုက်သည်။ “ငါ မင်းတို့ကို လျန်ကျိုးဆိပ်ကမ်းအထိ လိုက်ပို့ပေးမယ်။ မင်းတို့ ဒီရွှေတွေကို ကျန်းနန်နယ်စားမင်းအိမ်တော်ဆီ အရင်ဆုံး ပို့ထားလိုက်ပါ။ အဲ့ဒီမှာပဲ စိတ်ချရဆုံး ဖြစ်လိမ့်မယ်”

ထို့နောက် သူသည် ကွမ်ရှီးရေတပ်မှ ပြောက်ကျားတပ်မှူးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဗိုလ်ချုပ်တျန်... ကျေးဇူးပြုပြီး ကျန်းနန်နယ်စားမင်းရဲ့ ရေတပ်နဲ့ သွားရောက်ပူးပေါင်းလိုက်ပါ”

တျန်ယိုကွမ်းသည် လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး နားလည်ပါပြီ။ အခုချက်ချင်း သွားပါ့မယ်... အခုချက်ချင်း သွားပါ့မယ်”

တကယ်တမ်းတွင် သူ၏ ရာထူးအဆင့်အတန်းသည် လီဝမ်ဟွေ့ထက် အနည်းငယ် မြင့်နေသေးသည်။ သို့သော် လီဝမ်ဟွေ့၏ ဂုဏ်သတင်းကျော်ဇောမှုက ကြီးမားလွန်းလှသဖြင့် သူ့ကို မြင်လိုက်ရုံနှင့် အလိုလို ကြောက်ရွံ့နေမိပြီး ဤရက်စက်တတ်သော လူသား၏ ပစ်မှတ်ထားခြင်းကို မခံချင်ရုံ သက်သက်သာ ဖြစ်သည်။

သို့သော် သူ မသိလိုက်သည်က သူသည် လီဝမ်ဟွေ့၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီးဖြစ်ကာ သေဆုံးရမည့်နေ့ရက်က မဝေးတော့ဟူသော အချက်ပင်။

ထို့နောက် လီဝမ်ဟွေ့၏ ရေတပ်ဖွဲ့သည် တုပိုင်၏ သင်္ဘောကို မြောက်ဘက်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သင်္ဘောပေါ်တွင် တုပိုင်သည် ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ စာပို့ချိုးငှက်များ လွှတ်လိုက်ပြီး ကျီယိနှင့် ကျီအော့အား ကောင်းကင်မိစ္ဆာ သွေးစစ်တပ်မှ စစ်သည် နှစ်ရာကို ဦးဆောင်ကာ အမြန်ဆုံးနှုန်းဖြင့် လျန်ကျိုးစီရင်စုသို့ လာရောက်ရန် ညွှန်ကြားလိုက်သည်။

စာပို့ချိုးငှက်များ လမ်းပျောက်သွားမည်ကို စိုးရိမ်သဖြင့် သူသည် တစ်ခါတည်း တစ်ဒါဇင်ကျော် လွှတ်လိုက်လေသည်။ တစ်နေ့နှင့် တစ်ည ကြာပြီးနောက် တုပိုင်၏ သင်္ဘောသည် လျန်ကျိုးဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

သွေးနဂါးဂိုဏ်းမှ သင်္ဘောသားများနှင့် လီဝမ်ဟွေ့၏ စစ်သည်များသည် ရွှေတုံး လေးသိန်းကို ကျန်းနန်နယ်စားမင်းအိမ်တော်သို့ သယ်ယူပို့ဆောင်ပေးလိုက်ကြသည်။ တုပိုင်သည်ကား သူ့ကိုယ်ပိုင်အတွက် ရွှေတုံး လေးသောင်း ချန်ထားလိုက်သည်။

သွေးနဂါးဂိုဏ်းမှ သင်္ဘောသားများသည် အတွင်းထဲတွင် ရွှေများ ရှိနေကြောင်း သိပြီးဖြစ်သော်လည်း သူတို့၏ မျက်နှာအမူအရာများသည် အနည်းငယ် ထူးဆန်းနေသည်။ လိုချင်တပ်မက်စိတ်ကြောင့် မဟုတ်ဘဲ ရွှေတွေ အများကြီးကို မြင်လိုက်ရသည့်အတွက် မည်သူမဆို စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရခြင်းမျိုး ဖြစ်သည်။

သွေးကွမ်ရင်က ဆူပူကြိမ်းမောင်းလိုက်သည်။ “အသုံးမကျတဲ့ရုပ်တွေ လုပ်မနေကြနဲ့။ နင်တို့ကို ပုံမှန် ငွေမပေးဘူးလို့လား”

တုပိုင်သည် ဒေါသထွက်နေသော အစ်မကြီး သွေးကွမ်ရင်ကို တားလိုက်ပြီး ရွှေချိန်ခွင် တစ်ဒါဇင်ခန့် အလေးချိန်ရှိသော ရွှေချောင်းတစ်ချောင်းကို ထုတ်ယူကာ သွေးနဂါးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို ပေးလိုက်ရင်း ပြောလိုက်သည်။

“ဒီရွှေတွေအကုန်လုံးက စစ်စရိတ်အနေနဲ့ သုံးရမှာမို့လို့ပါ။ ဒါကြောင့် အစ်ကိုကြီးတို့ကို ဒီလောက်ပဲ ပေးနိုင်တော့မယ်။ ဒီရွှေချောင်းကို ယူပြီး အစ်ကိုကြီးတို့ ခွဲဝေယူလိုက်ကြပါလားဗျာ”

ချက်ချင်းပင် ထိုခေါင်းဆောင်က လက်ကာပြပြီး ပြောလိုက်သည်။ “သခင်လေးက ကျွန်တော်မျိုးတို့ကို အားနာအောင် လုပ်နေပါပြီ။ လုံးဝ မယူပါရစေနဲ့။ လုံးဝ မဖြစ်ပါဘူး”

သွေးကွမ်ရင်က အေးစက်စွာ ပြောလိုက်သည်။ “ငါယောင်္ကျားက ယူခိုင်းရင် ယူလိုက်စမ်းပါ။ အသုံးမကျတဲ့ကောင်တွေ...”

ထိုအခါမှ ခေါင်းဆောင်သည် ရွှေချောင်းကို ယူလိုက်ပြီး ဝမ်းသာအားရဖြင့် တုပိုင်ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ “ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး”

နယ်စားမင်းကတော်ကြီးသည် သူမ၏ အိမ်တော်ထဲသို့ ရွှေတွေအများကြီး သယ်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။ တုပိုင်သည် အကြောင်းစုံကို ရှင်းပြပြီးနောက် နယ်စားမင်းကတော်ကြီးနှင့် ကျန်းနန်နယ်စားမင်း၏ ဆက်ခံသူ သားတော်တို့က တုပိုင်ကို ချက်ချင်း ဦးညွှတ်လိုက်ကြပြီး ပြောသည်။

“သခင်လေးတုက တကယ် မြင့်မြတ်တဲ့သူပါပဲ။ ကျွန်မတို့ ကျန်းနန်နယ်စားမင်းအိမ်တော်က ဒီရွှေတွေ လုံခြုံမှုရှိအောင် အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးထားပါ့မယ်။ အရှင်မင်းမြတ် စေလွှတ်လိုက်တဲ့သူ လာယူမဲ့အချိန်ကို စောင့်နေပါ့မယ်”

တုပိုင်သည် ပြန်လည် ဦးညွှတ်လိုက်ပြီး ကိုယ်ကို ပိုကိုင်းညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်မကြီး။ ကျေးဇူးတင်ပါတယ် ဆက်ခံသူသခင်လေး။ ကျွန်တော်ကို သွားခွင့်ပြုပါဦး”

နေ့ဝက်ခန့် ကြာပြီးနောက်တွင်တော့ ကျီယိနှင့် ကျီအော့တို့သည် လူအင်အားနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။

တုပိုင်က မေးလိုက်သည်။ “အိမ်မှာ အဆင်ပြေရဲ့လား”

ကျီယိက ပြန်ဖြေသည်။ “အိမ်မှာရှိတဲ့ သခင်ကြီးတွေကြောင့် အရာအားလုံး အဆင်ပြေပါတယ်”

တုပိုင်၏ တပ်ဖွဲ့ ရောက်လာပြီဖြစ်၍ လီဝမ်ဟွေ့ ထွက်ခွာရတော့မည်ဖြစ်သည်။ နှုတ်ဆက်ရမည့်အချိန် ရောက်လာပြန်လေပြီ။

“မွေးစားအဖေ ၊ ဂရုစိုက်ပါ”

လီဝမ်ဟွေ့သည် စကားတစ်ခွန်းမျှ မဆိုဘဲ တုပိုင်၏ ပခုံးကို နောက်တစ်ကြိမ် ဆုပ်ကိုင်ကာ အချိန်အတော်ကြာအောင် ကြည့်နေပြီးမှ ပြောလိုက်သည်။

“တစ်နေ့... အင်ပါယာကြီး ပြန်လည်ဦးမော့လာတဲ့ တစ်နေ့ကျရင် ငါ့ရဲ့ ရာထူးတွေအားလုံးကို စွန့်လွှတ်လိုက်တော့မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ သားအဖတွေ မိုင်ထောင်ချီ ဝေးကွာနေစရာ မလိုတော့ဘူး။ အဲရက်က အဝေးကြီး လိုပါသေးတယ်။ ဆယ်နှစ် ဖြစ်နိုင်သလို အနှစ်နှစ်ဆယ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီနေ့ရက် မုချရောက်လာမယ်လို့ ငါယုံကြည်တယ်”

ထို့နောက် သူသည် ရုတ်တရက် လှည့်ထွက်သွားပြီး သင်္ဘောပေါ်သို့ ပြန်တက်ကာ တောင်ဘက်သို့ ရွက်လွှင့်ထွက်ခွာသွားတော့သည်။ တုပိုင်သည် ကျီယိလက်အောက်ရှိ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်မှ စစ်သည် တစ်ရာကို လျှို့ဝှက်ရွှေချပ်ဝတ်တန်ဆာများ ဝတ်ဆင်စေပြီး လျှို့ဝှက်ရွှေစစ်ဓားများကို ကိုင်ဆောင်စေလိုက်သည်။

ချက်ချင်းပင် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာသည်။ အမည်းရောင် ချပ်ဝတ်တန်ဆာများ ၊ အမည်းရောင် စစ်ဓားများဖြင့် ကြည့်ရသည်မှာ အမှောင်ဓားသွားများအလား ထင်မှတ်ရပြီး မလှုပ်မယှက် ရပ်နေရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်အရှိန်အဝါများ ထွက်ပေါ်နေသည်။ သတ်ဖြတ်လိုသည့်အရှိန်အဝါ သက်သက်သာမကဘဲ နက်နဲဆန်းကြယ်သော ခံစားမှုမျိုးကိုပါ ပေးစွမ်းနေလေသည်။

သူသည် နိုက်ထရိုဂလစ်စရင်း ပေါင်နှစ်ထောင်နှင့် မည်ကဲ့သို့လျှို့ဝှက်လက်နက်မှန်း မသိရသော အစိမ်းရောင်အရည် ပုလင်းနှစ်ထောင်ကို မြင်းလှည်းနှစ်စီးပေါ်သို့ တင်လိုက်သည်။ စည်ပိုင်းများကြားတွင် သဲများကို ဖြည့်သွင်းပြီး လှုပ်ရှားမှုမရှိအောင်နှင့် တုန်ခါမှုသက်သာအောင် ပြုလုပ်ထားလိုက်သည်။

“ထွက်ခွာမယ်... ပိုင်ဆယ်စီရင်စုကို ပြန်မယ်”

သူ၏ အမိန့်ပေးသံနှင့်အတူ လူနှစ်ရာသည် မြင်းလှည်းနှစ်စီးကို ဝိုင်းရံကာ ပိုင်ဆယ်စီရင်စုဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လာရောက်လုယက်မည့်သူ ရှိခဲ့လျှင် လူတစ်ထောင်လာလည်း အလကားပင် ဖြစ်လိမ့်မည်။ လျှို့ဝှက်ရွှေချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ဤအစွမ်းထက်စစ်သည် တစ်ရာနှင့်ဆိုလျှင် ရန်သူတစ်ထောင်ကို ချမှုန်းနိုင်မည်ဟု တုပိုင် ယုံကြည်ထားသည်။

သို့သော် ပိုင်ဆယ်စီရင်စု အစွန်အဖျားသို့ ရောက်သည်အထိ မည်သူမှ လာရောက်လုယက်ခြင်း မရှိခဲ့ပေ။

ဤသည်ကလည်း ဖြစ်သင့်ပေသည်။ ရှောင်မူကျစ်သည် ဤရတနာသိုက်ကို အခြားသူများနှင့် ဝေမျှမသုံးစွဲချင်သည်မှာ သေချာသဖြင့် လီတောက်အန်းဖြစ်စေ ၊ ပိုင်ဆယ်မြို့စောင့်တပ်မှူး ယန်ရှောင်ကိုဖြစ်စေ တုပိုင်၏ တည်နေရာကို ပြောပြမည် မဟုတ်ချေ။ ထို့အပြင် တုပိုင်သည် မြို့ထဲသို့ ဝင်ထွက်တိုင်း လျှို့ဝှက်လမ်းကြောင်းကိုသာ အမြဲအသုံးပြုလေ့ရှိသည်။

သို့သော် လမ်းတစ်လျှောက်တွင် သွေးများနှင့် အလောင်းများစွာကို တွေ့ခဲ့ရသလို စစ်တပ်၏ ဖျက်ဆီးထားသော ခြေရာလက်ရာများကိုလည်း တွေ့ခဲ့ရသည်။ ထိုအလောင်းအားလုံးသည် ခေါင်းဖြတ်ခံထားရသဖြင့် တုပိုင်တစ်ယောက် ဒေါသပိုထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာခဲ့ရသည်။

ဤတစ်ကြိမ်တွင်လည်း တုပိုင်သည် မြို့ထဲသို့ လျှို့ဝှက်လမ်းကြောင်းမှ ဝင်ရောက်လာခဲ့သည်။ သူ ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ ပြန်ရောက်သည့်အချိန်တွင် ညရောက်နေပြီဖြစ်သည်။

လှုပ်ရှားမှုသံ ကြားသည်နှင့် ကွေ့မင်းသားသည် ပြေးထွက်လာပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “မင်း ပြန်ရောက်လာပြီပဲ... ပြန်ရောက်လာပြီပဲ”

တုပိုင်သည် မေးလိုက်သည်။ “အခြေအနေ ဘယ်လိုလဲ။ ဘာလို့ သွေးညှီနံ့တွေ ဒီလောက်တောင် ပြင်းနေရတာလဲ”

ကွေ့မင်းသားသည် ပြောသည်။ “ငါတို့ကို ဒီကနေ ထွက်သွားအောင် ဖိအားပေးဖို့အတွက် မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ စစ်တပ်နဲ့ လီတောက်အန်းရဲ့ ထျန်တောက်အဖွဲ့သိုင်းသမားတွေက ဓားပြတွေအဖြစ် ရုပ်ဖျက်ပြီး အနီးအနားက စီရင်စုတွေမှာ ရူးရူးမူးမူး သောင်းကျန်းနေကြတယ်။ နေ့တိုင်း လူတွေအများကြီးကို သတ်နေကြတာ။ အစတုန်းက လူရာဂဏန်းလောက်ပဲ သတ်တာ။ အခုတော့ နေ့တိုင်း လူတစ်ထောင်လောက်ကို သတ်နေပြီ။ ပြီးတော့ အဲ့ဒီလူခေါင်းတွေကို အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးရဲ့ မျက်နှာချင်းဆိုင်မှာ လာပုံထားကြတယ်။ ငါတို့ ဒီလူခေါင်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရပြီး ဒီအပြစ်မဲ့ ပြည်သူတွေက ငါတို့ကြောင့် သေရတာဆိုပြီး သိအောင်လို့လေ”

“ဘာ” တုပိုင် ထိုစကားကို ကြားလိုက်ရသည့်အခါ သွေးများ ဆူပွက်သွားရတော့သည်။

ဤနေရာတွင် သွေးညှီနံ့ ပြင်းထန်နေခြင်းမှာ မဆန်းတော့ချေ။ လမ်းတစ်လျှောက်တွင် သွေးများနှင့် ခေါင်းပြတ်အလောင်းများကို တွေ့ခဲ့ရခြင်းမှာ မဆန်းတော့ချေ။ သူသည် တပ်ရင်းမှူးရုံး၏ နောက်ဖေးတံခါးမှ ဝင်လာခြင်းဖြစ်၍ ထိုခေါင်းများကို မမြင်ခဲ့ရခြင်း ဖြစ်သည်။ ချက်ချင်းပင် သူသည် အရှေ့ဘက်တံခါးမကြီးဆီသို့ ပြေးသွားပြီး ကြည့်လိုက်သည်။

အမှန်တကယ်ပင်... မရေမတွက်နိုင်သော လူခေါင်းများကို စုပုံထားပြီး ကျင်းကွမ် (ခေါင်းခွံတောင်ပို့ကြီး) တစ်ခုအဖြစ် ဖန်တီးထားလေသည်။ အကြမ်းဖျင်း ရေတွက်ကြည့်လျှင်ပင် အနည်းဆုံး လူခေါင်း နှစ်ထောင် ၊ သုံးထောင်ခန့် ရှိပေလိမ့်မည်။

ဤသူများအားလုံးသည် အပြစ်မဲ့ ပြည်သူများဖြစ်ကြသည်။ မြို့စောင့်တပ်မှူး ယန်ရှောင်နှင့် လီတောက်အန်း ၊ ဤတိရစ္ဆာန်နှစ်ကောင်က ကွေ့မင်းသားကို မောင်းထုတ်ဖို့နဲ့ တုပိုင်ကို သတ်ဖို့အတွက် အပြစ်မဲ့ပြည်သူတွေ အများကြီးကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့က တိရစ္ဆာန်ထက်ပင် ဆိုးရွားသောကောင်များ ဖြစ်သည်။

တုပိုင်သည် နေရာမှာပင် အကြာကြီး ကြောင်အမ်းကာ ရပ်နေမိသည်။ မျက်လုံးများက ကွဲထွက်လုမတတ် ဖြစ်နေပြီး ရင်ထဲတွင် အတိုင်းအဆမရှိသော ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။

‘တိရစ္ဆာန်တွေ... တိရစ္ဆာန်ထက်ဆိုးတဲ့ကောင်တွေ...’

တုပိုင်သည် လျှာကို သွေးထွက်သည်အထိ ကိုက်ထားမိပြီး ထိုလူခေါင်းများရှေ့တွင် ဦးညွှတ်ကာ ပြောလိုက်သည်။

“စိတ်ချကြပါ။ ခင်ဗျားတို့အတွက် ကျွန်တော် မုချ လက်စားချေပေးပါ့မယ်။ အဲ့ဒီ တိရစ္ဆာန်ကောင်တွေကို မုချ အမြစ်ဖြတ် သတ်ဖြတ်ပစ်ပါ့မယ်”

ကွေ့မင်းသား ထွက်လာပြီး ပြောလိုက်သည်။

“ငါ့ရင်ထဲမှာ နေ့တိုင်း ပူလောင်နေရတယ်။ ဒါပေမဲ့ မင်းအနေနဲ့ စိတ်ဖိစီးမှုတွေ အရမ်းမထားပါနဲ့။ အပေါ်ယံကြည့်ရင် သူတို့က မင်းကြောင့် သေရတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ပါဘူး။ သူတို့သေရတာက ငါတို့ တာ့နင်အင်ပါယာကြီးအားနည်းနေလို့ပါ။ ဒါကြောင့် ဒီလို ဝံပုလွေတွေ ၊ ကျားတွေက ထင်တိုင်းကြဲပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်ရဲကြတာ။ ဒီနေ့ မင်းလုပ်နေတဲ့အရာက မနက်ဖြန်ကျရင် ဒီထက်ပိုဆိုးတဲ့ သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးဖို့အတွက် လုပ်နေတာပါ။ တာဝန်ယူမှုအကြောင်း ပြောကြကြေးဆိုရင် အင်ပါယာမင်းသားတစ်ပါးဖြစ်တဲ့ ငါ့ရဲ့ တာဝန်က ပိုကြီးမားပါတယ်”

အပိုင်း (၃၄၁) ပြီး၏။

All Chapters