အခန်း (၃၄၂)
Vol. 35 Ch. 342
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၄၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်သည် ပြောလိုက်၏။ “အရှင်မင်းသား... တော်ဝင်ဘိုးဘေးပိုင် စနစ်ကြီးကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။ ဒီတစ်ခါ ကျွန်တော် မိုမိသားစု တော်ဝင်ရတနာသိုက်ကနေ ရွှေတုံးပေါင်း ငါးသိန်းကိုးသောင်းရရှိခဲ့ပါတယ်။ အဲ့ဒီထဲက ရွှေတုံးငါးသောင်းကို မိုမိသားစုရဲ့ မျိုးဆက်တွေဆီ ပေးခဲ့ပြီး နောက်ထပ် ရွှေတုံးတစ်သိန်းကိုတော့ ကျန်းနန်နယ်စားမင်းဆီ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ရွှေတုံးလေးသောင်းပဲ ချန်ထားခဲ့တာပါ။ ကျန်တဲ့ ရွှေတုံးလေးသိန်းကတော့ အခုလက်ရှိ ကျန်းနန်နယ်စားမင်း အိမ်တော်ထဲမှာ ရှိနေပါတယ်”
“လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို သိမ်းပိုက်လိုက်တာက ထင်ထားတာထက် ပိုမြန်နေတယ်။ ဒီပုံစံအတိုင်းဆိုရင် နောက်နှစ် ဒါမှမဟုတ် နောက်နှစ်တစ်ဘက်လောက်ဆိုရင် လီရူဟိုင်က စစ်တပ်ကိုဦးဆောင်ပြီး ပုန်ကန်ပါတော့မယ်။ အဲ့ဒီအချိန်ကျရင် စစ်တပ်အင်အားက တစ်သိန်းကျော်လောက်တင်မကဘဲ သုံးသိန်း ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုများလာနိုင်ပါတယ်။ အခုလက်ရှိ အန်နမ်နိုင်ငံ ၊ ယူနန်ပြည်နယ် ၊ ကွေ့ကျိုးပြည်နယ် ၊ စိချွမ်းပြည်နယ် နဲ့ ကွမ်ရှီးပြည်နယ်တွေမှာရှိတဲ့ ကျန်းနန်နယ်စားမင်းရဲ့ စစ်တပ်အင်အားက စုစုပေါင်းလိုက်ရင်တောင် တစ်သိန်းမပြည့်ပါဘူး။ ပြီးတော့ အဲ့ဒီကောင်တွေက လုံးဝ အသုံးမကျတဲ့ကောင်တွေချည်းပါပဲ”
“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လက်ရွေးစင်စစ်တပ်တစ်ပ်ကို အမြန်ဆုံး လေ့ကျင့်ပေးဖို့ လိုအပ်နေပါပြီ။ ဒါမှသာ လီမိသားစု ပုန်ကန်တဲ့အခါ ကျွန်တော်တို့ဘက်မှာ စစ်သားမရှိဘဲ ဖြစ်မနေမှာပါ။ ကျွန်တော်က မွေးစားအဖေ လီဝမ်ဟွေ့ကို ဧကရာဇ်မင်းမြတ်ဆီ သဝဏ်လွှာဆက်သဖို့ ပြောထားပြီးပါပြီ။ ပြီးတော့ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကိုလည်း သဝဏ်လွှာအတူတူရေးပြီး တင်ပြဖို့ တိုက်တွန်းခိုင်းထားပါတယ်။ ဒါမှသာ ဧကရာဇ်မင်းမြတ်က အရှင်မင်းသားရယ် ၊ ပြည်နယ်ဘုရင်ခံ ကျန်းရန်မင် ရယ် ၊ ကျန်းနန်နယ်စားမင်းရဲ့ အမွေခံသားတော်ရယ် သုံးယောက်ပေါင်းပြီး ဒီစစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးကို ကြီးပ်ကွပ်ကဲဖို့ အမိန့်တော်ချမှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီရွှေတွေက စစ်သည်အင်အား တစ်သိန်းခွဲလောက်ကို လေ့ကျင့်ပေးဖို့ လုံလောက်ရုံတင်မကဘဲ ပိုတောင်ပိုနေပါသေးတယ်”
ကွေ့မင်းသားတစ်ယောက် တုပိုင်၏ ရက်ရောလှသော လုပ်ရပ်ကြီးကြောင့် ကြက်သေသေသွားရချေသည်။
ရွှေတုံးပေါင်း ငါးသိန်းကျော်ကို ဤအတိုင်းပင် လွှဲပေးလိုက်သည်တဲ့လား။ ဘယ်လောက်တောင် မြင့်မြတ်လိုက်သလဲ။ ဘယ်လောက်တောင် သစ္စာရှိလိုက်သလဲ။
ကွေ့မင်းသား၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာကာ ခါးကိုကိုင်းညွတ်၍ ရှိုက်ကြီးတငင် ဆိုလိုက်သည်။
“ငါတို့ နင်မိသားစုမှာ ဘယ်လိုကုသိုလ်ကံမျိုး ရှိနေလို့များ ဒီလောက်သစ္စာရှိပြီး အရည်အချင်းရှိတဲ့ စစ်သူကြီးမျိုးကို ပိုင်ဆိုင်ခွင့်ရတာလဲ။ မင်းအတွက် ၊ မင်းရဲ့ မွေးစားအဖေအတွက် ကြည့်ရင်တောင်မှ ဒီတာ့နင်အင်ပါယာကြီးက မပြိုလဲသင့်ပါဘူးကွာ”
ထို့နောက် ကွေ့မင်းသားသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ရည်များကို ထိန်းကာ ပြောလိုက်၏။
“လီမိသားစုကို ခုခံဖို့ ကွမ်ရှီးပြည်နယ်မှာ စစ်တပ်လေ့ကျင့်ခွင့်ပေးဖို့ ငါအခုချက်ချင်းပဲ အရှင်မင်းမြတ်ဆီ သဝဏ်လွှာရေးပြီး တင်ပြလိုက်မယ်။ အဆိုးဆုံးအခြေအနေအနေနဲ့ စစ်ပွဲပြီးတာနဲ့ ငါ့ရဲ့ မင်းသားဘွဲ့ကို စွန့်လွှတ်လိုက်မယ်။ ပြီးရင် အမွေခံသားတော်ကို ဆက်ခံခွင့်ပေးလိုက်မယ်။ ငါ့ရဲ့ ကွေ့မင်းသားမျိုးဆက် ဖျက်သိမ်းခံရမယ်ဆိုရင်တောင် လက်ခံနိုင်ပါတယ်”
ကွေ့မင်းသားသည် ဟန်ဆောင်မှုကင်းစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ သူသာ စစ်တပ်လေ့ကျင့်သည့် တာဝန်ကို ယူလိုက်သည်နှင့်တစ်ပြိုင်နက် စစ်ပွဲကြီးပြီးဆုံးသွားချိန်တွင် သူ့အတွက် ဘေးဒုက္ခရောက်မည့်အချိန် ကျရောက်လာပေလိမ့်မည်။
ထိုအချိန်ကျလျှင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ အများအပြားက မင်းသားတစ်ပါးသည် စစ်အာဏာကို ကိုင်စွဲထားခြင်းက နန်းတော်အတွက် ဘေးအန္တရာယ်ဖြစ်ကြောင်း ၊ ယနေ့မပုန်ကန်လျှင်တောင် နောက်နေ့တွင် ပုန်ကန်နိုင်ကြောင်း အကြောင်းပြချက်များဖြင့် ဧကရာဇ်မင်းမြတ်ထံ သဝဏ်လွှာများ တင်သွင်းကြပေလိမ့်မည်။
ထို့ကြောင့် ထိုအချိန်တွင် ကွေ့မင်းသားအနေဖြင့် သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် မင်းသားဘွဲ့ကို စွန့်လွှတ်ခြင်း သို့မဟုတ် သူ၏နယ်မြေကို ဖျက်သိမ်းပေးရန် တောင်းဆိုခြင်းသည် ဖြစ်နိုင်ချေအများဆုံးသော လမ်းကြောင်းပင်ဖြစ်သည်။ သူ၌ စစ်မှန်သော ပဒေသရာဇ်နယ်မြေ မရှိတော့သော်လည်း ဝူကျိုးစီရင်စုသည် အမည်ခံအားဖြင့် သူ့နယ်မြေဖြစ်နေဆဲပင်။ သို့သော် သူအမှန်တကယ် အုပ်ချုပ်နိုင်သည်က ကွေ့မင်းသားအိမ်တော်၏ မြေကွက်ကျဉ်းကျဉ်းလေးသာ ဖြစ်လေ၏။
တုပိုင်သည် ကွေ့မင်းသားကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “တိုင်းပြည်အတွက် သည်းခံပေးပါ အရှင်မင်းသား”
ကွေ့မင်းသားက ပြန်လည်ဦးညွှတ်လိုက်ပြီး “တိုင်းပြည်အတွက် သည်းခံပါ့မယ်။ ငါတို့ ထွက်သွားတာနဲ့ မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ စစ်တပ်က မင်းရဲ့ တပ်ရင်းမှူးရုံးကို လာပြီး ဝိုင်းရံတော့မယ်။ သူတို့ဆီမှာ စစ်သည်အင်အား ထောင်ချီရှိနေတာ။ မင်းဘယ်လို ခုခံမှာလဲ”
တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းသား စိတ်ချပါ။ ဒီတစ်ခါ မိုမိသားစုရဲ့ ရတနာသိုက်ကနေ လျှို့ဝှက်လက်နက်တစ်သုတ် ကျွန်တော်ရလာခဲ့ပါတယ်။ အရေအတွက်က မများပေမဲ့ ဒီတိုက်ပွဲကို တိုက်ဖို့တော့ လုံလောက်ပါတယ်။ ကျွန်တော်တို့က ကြီးမားတဲ့ အောင်ပွဲကို ရယူနိုင်ရုံတင်မကဘဲ ဓားပြခေါင်းဆောင် ယန်ရှောင်ရဲ့ စစ်တပ်ကိုပါ လာလမ်းသာရှိပြီး ပြန်လမ်းမရှိအောင် လုပ်ပစ်လိုက်ပါ့မယ်။ အဲ့ဒီလိုလုပ်ပြီး တာ့နင်မင်းဆက်ရဲ့ အဆိပ်ဆူးကို ဖယ်ရှားပစ်ရပါမယ်”
ကွေ့မင်းသားသည် တုပိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “လူခြောက်ရာနဲ့ လူငါးထောင်ကို ဘယ်လိုအနိုင်တိုက်မလဲဆိုတာ ငါမတွေးတတ်ပေမဲ့ ငါမင်းကို ယုံကြည်ပါတယ်။ မင်းက အမြဲတမ်း အံ့ဖွယ်အမှုတွေကို ဖန်တီးခဲ့တာပဲ။ မင်းလုပ်မယ်လို့ ပြောခဲ့တဲ့ ကိစ္စတိုင်းကိုလည်း မင်းအောင်မြင်အောင် လုပ်နိုင်ခဲ့တာပဲ။ ဒါဆိုရင်လည်း ငါတို့ ပိုင်ဆယ်စီရင်စုကနေ စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာတော့မယ်။ ငါတို့စောစော ထွက်ခွာလေ အပြစ်မဲ့ပြည်သူတွေ သေဆုံးရမှု နည်းလေပဲ မဟုတ်လား”
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ကွေ့မင်းသား ၊ ပြည်နယ်ဘုရင်ခံ ကျန်းရန်မင် နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး တုကျန်း တို့သည် ပိုင်ဆယ်စီရင်စုမှ ထွက်ခွာသွားကြလေသည်။
တစ်နာရီခန့်အကြာတွင် အပြင်ဘက်၌ သတ်ဖြတ်နေကြသော မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်ပြီး လူစုရုံးလိုက်ကြသည်။
ထောင်ချီသော စစ်သည်များ၏ ခန္ဓာကိုယ်များတွင် သွေးညှီနံ့များ နံစော်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက အတိုင်းအဆမဲ့ ထွက်ပေါ်နေ၏။
မြို့စောင့်တပ်မှူး ယန်ရှောင်က အေးစက်စွာ ပြောလိုက်သည်။ “ကွေ့မင်းသားဆိုတဲ့ သာမန်အရပ်သားက တကယ်ပဲ ဖိအားကို မခံနိုင်တော့ဘူးပဲ။ နောက်ဆုံးတော့ သူက မိန်းမစိုးခွေးမသားလေး တုပိုင်ကို စွန့်ပစ်လိုက်ပြီပေါ့လေ။ နောက်ဆုံးတော့ သူက အရှက်တကွဲနဲ့ ထွက်ပြေးသွားပြီပေါ့”
ထို့နောက် သူ၏ မျက်နှာက မထီမဲ့မြင်အပြုံးဖြင့် တွန့်လိမ်သွားပြီး အော်ဟစ်လိုက်သည်။ “တပ်ကို ရှေ့တိုးကြစမ်း။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်ရင်းမှူးရုံးကို မြေလှန်ပစ်ကြ။ တုပိုင်ဆိုတဲ့ ကုန်းကုန်းခွေးမသားလေးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး သူ့နောက်လိုက်တွေကို မျိုးဖြုတ်သုတ်သင်ပစ်ရမယ်”
တိုက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ ပိုင်ဆယ်စီရင်စုရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသည် အံ့ဩစရာကောင်းလောက်အောင်ပင် တင်းမာမှုအရိပ်အယောင်မရှိဘဲ အတော်လေးကို အေးဆေးသက်သာ ရှိနေလေသည်။
ကောင်းကင်မိစ္ဆာ သွေးစစ်တပ်မှ စစ်သည်ခြောက်ရာသည် ငယ်စဉ်ကတည်းက ဦးနှောက်ဆေးခြင်း ခံထားရသူများဖြစ်သဖြင့် ကြောက်ရွံ့ခြင်းဆိုသည်ကို နားမလည်ကြပေ။
တုပိုင်သည်ကား ဤတိုက်ပွဲအပေါ် ယုံကြည်မှုအပြည့် ရှိနေသည်။ သွေးကွမ်ရင်မယ်တော်ကလည်း တုပိုင်၏ မိန်းမအလေး ဖြစ်သည်နှင့်အညီ တုပိုင်အေးဆေးနေသည်ကို မြင်သောအခါ သူသည်လည်း လိုက်ပါ၍ အေးဆေးနေလေတော့သည်။
ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးမလေးအဖြစ် ဟန်ဆောင်ထားသော ကျီယင်ယင်ကလည်း ကြောက်ရွံ့မှုဆိုတာ ဘာလဲ လုံးဝမသိသလို ဟန်ဆောင်နေ၏။
အစ်မကြီး ပြောင်ပြောင်တစ်ယောက်တည်းသာလျှင် သူမကိုယ်သူမ မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး စိုးရိမ်တကြီးဖြင့် လျှောက်သွားနေကာ ခံစစ်များကို ထပ်ခါတလဲလဲ စစ်ဆေးနေတော့သည်။ သူမ စစ်ဆေးနေသည်မှာ ဆယ်ခါကျော်နေပြီ ဖြစ်သည်။
ခံစစ်များကို စစ်ဆေးပြီးနောက် ပုလင်းငယ်လေးများထဲတွင် ထည့်ထားသော နိုက်ထရိုဂလစ်ဆရင်းများကို စစ်ဆေးပြန်သည်။
တုပိုင်သည် ကျီယင်ယင်အား ပွေ့ဖက်ထားပြီး အနောက်သို့ ခရီးသွားခြင်းပုံပြင်များကို ပြောပြနေသည်ကို မြင်လိုက်ရပြီး ၊ သွေးကွမ်ရင်မယ်တော်ကလည်း ဘေးနားတွင် ထိုင်လျက် စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့လိုက်ရသောအခါ အစ်မကြီး ပြောင်ပြောင်မှာ ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“ဒါ ဘယ်အချိန်ရှိနေပြီလဲ။ နင်တို့က ပုံပြင်ပြောပြီး ပုံပြင်နားထောင်ဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့လေ။ နိုက်ထရိုဂလစ်ဆရင်း လို့ခေါ်တဲ့ အရာတွေက အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မလဲ”
တုပိုင်က ပြုံးပြီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်မကြီးပြောင်ပြောင်ရယ်။ ကျွန်တော်က နမူနာစမ်းသပ်မှု လုပ်ပြီးပါပြီ။ ထိရောက်မှုက ၁၀၀ ရာခိုင်နှုန်းပါပဲ”
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “ဒါဆို တိုက်ပွဲဖြစ်နေတဲ့အချိန်ကျမှ အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မလဲ”
တုပိုင်တစ်ယောက် ဆွံ့အသွားသည်။ ‘အစ်မရေ... ဒီလိုသာဆိုရင်တော့ စကားပြောလို့ ရတော့မှာ မဟုတ်ဘူး’
သို့သော် ဤအချက်သည် ကျီပြောင်ပြောင်၏ စိတ်နေသဘောထားသည် ကျီချင်းကျူနှင့် အတော်လေးတူကြောင်း ပြသနေခြင်းဖြစ်ပြီး စိတ်ထဲရှိသည်ကို မြိုသိပ်မထားတတ်သည့် ပုံစံမျိုးဖြစ်သည်။ သေချာသည်ကတော့ ကျီချင်းကျူလိုမျိုး အစွန်းရောက်ခြင်းတော့ မရှိပေ။ သူမ၏ စိတ်နှလုံးသည် သည်းခံခြင်းနှင့် တရားမျှတမှုတို့ဖြင့် ပြည့်နှက်နေ၏။
တုပိုင်သည် ဘာမှပြန်မပြောဘဲ ကျီပြောင်ပြောင်ကို အပြုံးတစ်ဝက်ဖြင့် ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ ခဏအကြာတွင် ကျီပြောင်ပြောင်၏ မျက်နှာလေး ရဲသွားပြီး ခြေဆောင့်ကာ ပြောလိုက်သည်။ “နင် တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ”
သွေးကွမ်ရင်မယ်တော်ကလည်း ဘေးမှနေ၍ ဝင်ပြောလေသည်။ “အစ်မကြီးပြောင်ပြောင်... လာထိုင်ပြီး နားထောင်ပါလား။ တုပိုင်ပြောတဲ့ ပုံပြင်တွေက အရမ်းပျော်ဖို့ကောင်းတယ်။ ကျွန်မ တစ်ခါမှ မကြားဖူးဘူး”
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “ငါက နင့်လို မပူမပင်နေနိုင်တဲ့သူ မဟုတ်ဘူး။ ငါ ထပ်ပြီး စစ်ဆေးရဦးမယ်။ တစ်ခုခု လွဲချော်သွားရင် ပြဿနာအကြီးကြီး ဖြစ်သွားလိမ့်မယ်”
အမှန်စင်စစ်တွင် စစ်ဆေးစရာ ဘာမှမကျန်တော့ပေ။ တုပိုင်သည် လိုအပ်သော ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားပြီးဖြစ်ကာ အပြင်ပန်းတွင် တင်းမာနေပုံရသော်လည်း အတွင်းစိတ်ထဲတွင် တည်ငြိမ်နေလေသည်။
သူမရှိသည့် ရက်များအတွင်း ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် တပ်ရင်းမှူးရုံး၏ တံတိုင်းများကို ပေပေါင်းများစွာ မြှင့်တင်ထားပြီး တစ်ပေကျော်ခန့် ထူအောင် ပြုလုပ်ထားခဲ့သည်။
နိုက်ထရိုဂလစ်ဆရင်း ပေါင်နှစ်ထောင်ကိုလည်း အပိုင်းပေါင်း သုံးထောင်ခွဲ၍ ပုလင်းငယ်များထဲတွင် ထည့်ထားကာ မီးကူးဂွမ်းစများ တပ်ဆင်ထားပြီး ဖြစ်သည်။
လျှို့ဝှက်ရွှေ သံချပ်ကာများကို ဝတ်ဆင်ထားပြီး လျှို့ဝှက်ရွှေ ဓားများကို ကိုင်ဆောင်ထားသော ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သား တစ်ရာသည်လည်း ပြင်ဆင်မှုအားလုံး ပြုလုပ်ပြီးဖြစ်ကာ တိုက်ခိုက်ရန် အမိန့်ကိုသာ စောင့်မျှော်နေကြသည်။ ထို့ကြောင့် တပ်ရင်းမှူးရုံး အတွင်း၌ အလွန်အမင်း အေးချမ်းသော မြင်ကွင်း ဖြစ်ပေါ်နေခြင်းပင်။
မုချဧကန်ပင် ကျီပြောင်ပြောင်ထက် ပို၍ စိတ်လှုပ်ရှားနေသူများလည်း ရှိကြပေသည်။ ဥပမာအားဖြင့် လင်းချီနျန် ၊ ကျန်းယွီလွန်း နှင့် အခြားသူများသည် အဆက်မပြတ် ကြောက်ရွံ့နေကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းနေကြပြီဖြစ်သည်။ တုပိုင်က မျောက်ဘုရင် ကောင်းကင်ဘုံကို မွှေနှောက်ခြင်းအကြောင်း ပြောပြနေစဉ် ရုတ်တရက် အပြင်ဘက်မှ သိပ်သည်းသော ခြေသံများကို ကြားလိုက်ရသည်။
သူ အံ့အားသင့်သွား၏။ ‘မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ စစ်တပ်က ဒီလောက်မြန်မြန် ရောက်လာတာလား။ မဖြစ်သင့်ဘူးလေ။’
သူ အပြင်သို့ ထွက်ကြည့်လိုက်ရာ မိုယဲ့က ဒဏ်ရာရ သွေးဂိုဏ်းမှ စစ်သည် သုံးရာကို ဦးဆောင်ပြီး တပ်ရင်းမှူးရုံး၏ တံခါးဝသို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
“သခင်ကြီးတု... မိုယဲ့က ကူညီဖို့အတွက် တပ်ဖွဲ့တစ်ဖွဲ့ကို အထူးဦးဆောင်ပြီး လာခဲ့ပါတယ်” မိုယဲ့က ဦးညွှတ်ပြီး ပြောလိုက်သည်။
တုပိုင် အံ့အားသင့်သွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။
မိုယဲ့ နှင့် တုပိုင်တို့၏ ဆက်ဆံရေးက တကယ်တမ်းတွင် အတော်လေး ဝေးကွာလှသည်။ သူသည် မိုယင်၏ မွေးစားသား ၊ ဒေသခံစော်ဘွား ဖြစ်ပြီး ခွေးအိမ်သခင်ကြီး၏ မွေးစားသားလည်း ဖြစ်သည်။ တုပိုင်သည် ခွေးဂေဟာ သခင်ကြီး၏ ဝိညာဉ်ရေးရာ အမွေဆက်ခံသူသာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဒေသခံစော်ဘွား မိုယင်၏ ယုံကြည်အပ်နှံခြင်း ခံရသူသာ ဖြစ်သည်။
ယခုအချိန်တွင် သူသည် စစ်တပ်ကို ဦးဆောင်၍ လာရောက်ကူညီခြင်းမှာ လိုအပ်နေချိန်တွင် အကူအညီပေးရုံ သက်သက်မဟုတ်တော့ဘဲ အသက်နှင့်ခန္ဓာ အတူတူ စွန့်စားရန် ရောက်လာခြင်းပင်ဖြစ်သည်။
ဤတိုက်ပွဲကို သေချာပေါက် အနိုင်ရမည်ဖြစ်ကြောင်း တုပိုင်သိသော်လည်း မိုယဲ့မှာမူ မသိရှာချေ။ လူတိုင်း၏ မျက်လုံးထဲတွင် တုပိုင်၏ တိုက်ပွဲသည် ရှုံးနိမ့်မှာ သေချာရုံသာမက မြေမြှုပ်စရာ နေရာမရှိအောင် သေဆုံးရမည့် ပွဲဖြစ်သည်။ မိုယဲ့လည်း ထိုအတိုင်းပင် ထင်မြင်ယူဆထား၏။
တုပိုင်၏ အကြည့်ကို မြင်သောအခါ မိုယဲ့က ပြောလိုက်သည်။ “တောင်းပန်ပါတယ် သခင်ကြီး။ ကျွန်တော် လူတိုင်းကို စုစည်းခဲ့ပေမဲ့ သေမင်းကို မကြောက်တဲ့ လူသုံးရာပဲ ကျွန်တော်နဲ့အတူ ပါလာခဲ့ပါတယ်”
လူသုံးရာ ပါလာခဲ့သည် ဆိုခြင်းကပင် တုပိုင်အား မိုမိသားစု၏ ကျန်ရှိနေသော အင်အားစုများကို အထင်ကြီးလေးစားသွားစေသည်။
‘ဒီမိသားစုက အတော်လေးကို ကြောက်ဖို့ကောင်းနေတုန်းပါပဲလား။ ဒီအခြေအနေ ရောက်နေတာတောင်မှ သူတို့ဆီမှာ သေမင်းကို လုံးဝမကြောက်တဲ့ စစ်သည် သုံးရာတောင် ရှိနေသေးတာပဲ။’
ချက်ချင်းပင် တုပိုင်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ပြောလိုက်သည်။ “ဒီနေ့ ငါနဲ့အတူတူ တိုက်ပွဲဝင်မယ့်သူတွေက ငါ့ရဲ့ ညီအစ်ကိုတွေပဲ”
ထို့နောက် တပ်ရင်းမှူးရုံး၏ တံခါးပွင့်သွားပြီး မိုယဲ့က ဒဏ်ရာရ သွေးဂိုဏ်းမှ စစ်သည် သုံးရာကို ဦးဆောင်ကာ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်မှာပင် မြင်းခွာသံများ ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦး၏ ပုံရိပ်သည် လျင်မြန်စွာ ရောက်ရှိလာလေသည်။
“နေဦး”
အပိုင်း ၃၄၂ ပြီး။