အခန်း (၃၄၄)
Vol. 35 Ch. 344
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၄၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“လေးမြှားတွေနဲ့ ချိန်ထား.. ၊ အကုန်လုံးကို ပစ်သတ်ပစ်လိုက်”
ချက်ချင်းပင် မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်သည် သုံးထောင်ခန့်သည် လေးမြှားများကို ချိန်ရွယ်လိုက်ကြပြီး ထို လျှို့ဝှက်ရွှေချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ဝင်စီးတပ်ဖွဲ့ဝင် အယောက်တစ်ရာကို ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြ၏။ မြို့စောင့်တပ်မှူး ယန်ရှောင်သည်ကား မြှားမိုးရွာချလိုက်သည်နှင့် တစ်ပြိုင်နက် ဤလူတစ်ရာသည် ဖြူကောင်များအလား မြှားများ စိုက်ဝင်သွားကြလိမ့်မည်ဟု တွေးထင်ထားလေသည်။
“ရွှီးးး ရွှီးးး ရွှီးးး”
ထူထပ်သိပ်သည်းလှသော မြှားမိုးများသည် ရုတ်တရက် ကျဆင်းလာပြီး လူတစ်ရာ ဝင်စီးတပ်ဖွဲ့ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားကြလေသည်။
ခွမ်းးး ၊ ထန်းးး ၊ ချွမ်းးး
သို့သော် မြှားတံအားလုံးသည် ကျိုးပဲ့ကာ ပြန့်ကျဲထွက်သွားကြလေသည်။ ဝင်စီးတပ်ဖွဲ့ဝင် လူတစ်ရာအနက် တစ်ယောက်မျှ လဲကျသွားခြင်း မရှိသည့်အပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာ တစ်ခုမျှပင် မရရှိခဲ့ကြပေ။ မကြာမီမှာပင် ဝင်စီးတပ်ဖွဲ့သည် ရန်သူ့ ကျောက်ခဲပစ်စက် တပ်ဆင်ရာနေရာသို့ ရောက်ရှိသွားကြသည်။
မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်သည် ရာပေါင်းများစွာသည် ချက်ချင်းပင် ဓားများကို ဆွဲထုတ်လိုက်ကြပြီး ရန်သူကို တိုက်ခိုက်ရန်နှင့် ကျောက်ခဲပစ်စက်များကို ကာကွယ်ရန် ပြင်ဆင်လိုက်ကြ၏။
“ရွှီးးး ရွှီးးး ရွှီးးး ရွှစ်…”
လျှို့ဝှက်ရွှေချပ်ဝတ် ဝင်စီးတပ်ဖွဲ့သည် သူတို့၏ ဓားများကို အကြိမ်ကြိမ် ခုတ်ပိုင်းချလိုက်ကြသည်။ သူတို့သည် ကာကွယ်ရန် ကြိုးစားခြင်းမရှိဘဲ ရန်သူ့ဓားများ သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ဤအတိုင်း ခွင့်ပြုထားလိုက်သည်။ သူတို့သည် ထိခိုက်ဒဏ်ရာ မရရှိရုံသာမက သံချပ်ကာဝတ်စုံပေါ်တွင် ဓားရာတစ်ခုမျှပင် ထင်ကျန်ရစ်ခြင်း မရှိချေ။
ဤသည်မှာ... အမှန်တကယ်ပင် ဖောက်ထွင်း၍မရနိုင်သော လျှို့ဝှက်ရွှေချပ်ဝတ်တန်ဆာ စစ်စစ်များ ဖြစ်ပေသည်။
ထို့အပြင် သံချပ်ကာဝတ်စုံသည် ခေါင်းအစ ခြေအဆုံး လုံခြုံစွာ ကာကွယ်ပေးထားလေသည်။ မျက်လုံးနေရာတွင်လည်း သလင်းကျောက်များဖြင့် စီခြယ်ကာကွယ်ထား၏။
တိုတောင်းလှသော နှစ်မိနစ်အတွင်းမှာပင် ကျောက်ခဲပစ်စက်များကို ကာကွယ်ရန် စောင့်ကြပ်နေသည့် စစ်သည်ရာပေါင်းများစွာ၏ ခံစစ်စည်းသည် လုံးဝကျိုးပေါက်သွားခဲ့ရပြီး တုပိုင်၏ လျှို့ဝှက်ရွှေချပ်ဝတ် ဝင်စီးတပ်ဖွဲ့သည် ကျောက်ခဲပစ်စက်တပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားကြတော့သည်။
သူတို့၏ လက်ထဲတွင်ကား နက်မှောင်နေသော စစ်ဓားများကို ကိုင်ဆောင်ထားကြသည်။
“ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး”
သူတို့ကိုင်ဆောင်ထားသည် များမှာလည်း ဖျက်ဆီး၍မရနိုင်သော စစ်ဓားများပင် ဖြစ်၏။ မည်မျှပင် ထူထဲသော သစ်တုံးဖြစ်ပါစေ ၊ တိုက်ရိုက် ခုတ်ပိုင်းခံလိုက်ရ၏။ မိနစ်ဝက်အတွင်းမှာပင် ကျောက်ခဲပစ်စက် ၁၈ ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရလေသည်။ နောက်ထပ် တစ်မိနစ်အကြာတွင်တော့ မဟာလေးမြှားစက်ကြီးများ အားလုံး ပျက်စီးသွားရပြန်သည်။
ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ရန်သူများသည် မြှားများဖြင့် မရပ်မနား ပစ်ခတ်နေခဲ့ကြ၏။ ရန်သူများသည် အလစ်ဝင်တိုက်ရန် မရပ်မနား ပြေးဝင်လာခဲ့ကြသည်။
သို့သော် ထိုအရာအားလုံးသည် အချည်းနှီးသာ ဖြစ်ချေသည်။ တုပိုင်၏ လျှို့ဝှက်ရွှေချပ်ဝတ် ဝင်စီးတပ်ဖွဲ့သည် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဓားဖြင့်သာ အကြိမ်ကြိမ် ခုတ်ပိုင်းနေကြလေသည်။
တုပိုင်သည် ကြွားဝါချင်သောကြောင့် ကျောက်ခဲပစ်စက်များနှင့် မဟာလေးမြှားစက်ကြီးများ တပ်ဆင်ပြီးစီးသည်အထိ စောင့်ဆိုင်းကာ ဖျက်ဆီးခဲ့ခြင်း မဟုတ်ပေ။ ဤအချိန်သည် ယင်းလက်နက်များကို ဖျက်ဆီးရန် အလွယ်ကူဆုံးအချိန် ဖြစ်သောကြောင့်သာ ဖြစ်သည်။
မြို့စောင့်တပ်မှူး ယန်ရှောင်သည် သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် အမှန်တကယ်ပင် မှင်သက်သွားရတော့သည်။
‘ဒါ.. ဒါက ဘယ်လို စစ်တပ်မျိုးလဲ။’
‘ဒါက ဘယ်လို သံချပ်ကာမျိုးလဲ။’
ထို့နောက်တွင်တော့ အဆုံးစမဲ့သော လောဘစိတ်များသည် သူ၏ရင်ထဲတွင် လှိုင်လှိုင်ထလာပြီး အော်ဟစ်လိုက်လေသည်။ “တိုက်စမ်း.. ၊ ဒီသံချပ်ကာဝတ်ထားတဲ့ ကုန်းကုန်းခွေးကောင်တွေကို သတ်ပြီး သံချပ်ကာတွေကို သိမ်းပိုက်ကြစမ်း”
ရန်သူ့ဒီရေလှိုင်းလုံးကြီးသည် လျှို့ဝှက်ရွှေချပ်ဝတ် ဝင်စီးတပ်ဖွဲ့ဝင် အယောက်တစ်ရာဆီသို့ လှိမ့်ဝင်သွားပြီး လုံးဝ ဝိုင်းရံထားလိုက်ကြသည်။
သို့သော် မိနစ်ဝက်အတွင်းမှာပင် ထိုဝိုင်းရံထားမှုကြီးသည် စုတ်ပြဲသွားရလေသည်။ ဤနေရာတွင်လည်း စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြ၍ ရနိုင်ပေသည်။
ဓားဖြင့်ခုတ်ပိုင်းခြင်း..။ တစ်ဖက်သတ် သတ်ဖြတ်ပွဲပင် ဖြစ်လေ၏။
“ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး”
ဓားချက် ကျရောက်တိုင်းတွင် ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်ထွက်သွားကြရ၏။ ဓားချက် ကျရောက်တိုင်းတွင် ခါးမှနေ၍ ထက်ပိုင်းပြတ်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော် ထိုဓားများသည် လျှို့ဝှက်ရွှေစစ်ဓားများ ဖြစ်သောကြောင့်ပင်။ ဤလူတစ်ရာ၏ ချီအတွင်းအား မကုန်ခမ်းသရွေ့ သူတို့၏ ဓားချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိသည့် ရန်သူဟူ၍ ရှိလာမည် မဟုတ်ပေ။
ဤလျှို့ဝှက်ရွှေချပ်ဝတ် ဝင်စီးတပ်ဖွဲ့ဝင် တစ်ရာကို တိုက်ခိုက်ရန်အတွက် မြင်းစီးတပ်ဖွဲ့ဖြင့် ဝင်ဆောင့်ခြင်းကသာ ထိရောက်မှု ရှိနိုင်ပေလိမ့်မည်။ သို့သော် ဤနေရာတွင် မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် နေရာအနှံ့ ရှိနေသဖြင့် မြင်းတပ်များ ပြေးလွှားရန် နေရာမရှိချေ။
လူတစ်ရာ ဝင်စီးတပ်ဖွဲ့သည် ရန်သူ့ပိတ်ဆို့မှုကို လွယ်ကူစွာ ဖောက်ထွက်လိုက်ပြီး တပ်ရင်းမှူးရုံးဆီသို့ ပြန်လည်ဝင်ရောက်ကာ တံခါးမကြီးကို စောင့်ကြပ်လိုက်ကြသည်။
မြို့စောင့်တပ်မှူး ယန်ရှောင်၏ မျက်လုံးများသည် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “တပ်ဖွဲ့အားလုံး.. တိုက်စမ်း။ တပ်ရင်းမှူးရုံးတစ်ခုလုံးကို မြေလှန်ပစ်။ ကုန်းကုန်းခွေးကောင်တွေ အကုန်လုံးကို သတ်ပစ်ကြ”
တုပိုင်သည် သူ့ဘာသာသူ အေးစက်စွာ ပြုံးလိုက်ပြီး ရေရွတ်လိုက်၏။ “မြို့စောင့်တပ်မှူး ယန်ရှောင်.. ၊ ခင်ဗျားရဲ့ ဘေးအန္တရာယ်က အခုမှ တကယ်စတာပါ”
“ပစ်လိုက်...” သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် နိုက်ထရိုဂလစ်ဆရင်းများ ထည့်ထားသော ပုလင်းပေါင်း တစ်ရာသည် လေထဲသို့ ပျံဝဲသွားကြလေ၏။ ယင်းတို့သည် ပုလင်းများမဟုတ်... ၊ သေမင်းတမန်ဆေးရည်များသာ ဖြစ်သည်။ ငရဲပြည်မှ အသက်ရိတ်သိမ်းသူများ ဖြစ်လေ၏။
“ဘုန်းးးး ဘုန်းးးးး ဘုန်းးးး” ချက်ချင်းပင် သေမင်းတမန် ပန်းပွင့်ကြီးများ ပွင့်အာလာကြ၏။
“ဘုန်းးးး ဘုန်းးးးး ဘုန်းးးး”
ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားစေမည့် ပေါက်ကွဲသံကြီးများနှင့်အတူ မရေမတွက်နိုင်သော မီးတောက်များသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်များနှင့် လူတစ်ယောက်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်သည့် လေလှိုင်းများနှင့်အတူ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာလေသည်။
သို့သော် ထိုအရာအားလုံးသည် အကုန်မဟုတ်သေးပေ။
လေလှိုင်းများနှင့်အတူ သံမဏိသံများ ၊ သံအစအနများနှင့် သံလုံးများလည်း ပါဝင်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အောက်တွင် ထိုအရာများသည် ကျည်ဆန်များထက်ပင် ပိုမိုသေစေနိုင်သော လက်နက်များအဖြစ် ပြောင်းလဲသွားကြ၏။
ယင်းတို့သည် မြို့စောင့်တပ်သားများ၏ သံချပ်ကာများနှင့် အသွေးအသားများကို လွယ်ကူစွာ ဖောက်ထွင်းသွားနိုင်ပြီး အရိုးများကို ကျိုးပဲ့စေရုံသာမက အတွင်းကလီစာများကိုပါ ကြေမွသွားစေ၏။ ထို့ကြောင့် ဤသည်မှာ စစ်ပွဲမဟုတ်တော့ချေ။ သေမင်းများက သေမျိုးများ၏ အသတ်ကို နှုတ်ယူနေသည့် တစ်ဖတ်သက်တိုက်ပွဲလာဖြစ်လာတော့၏။
တုပိုင်၏ ကောင်းကင်မိစ္ဆာစစ်သည်များသည် သေမင်း၏ တံစဉ်သွားများကို ကိုင်ဆောင်၍ သေမင်းများကဲ့သို့ အသက်များကို ရိတ်သိမ်းနေလေ၏။ မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် ဂျုံခင်းများ ရိတ်သိမ်းခံရသကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျသွားကြရသည်။
အသားစများနှင့် သွေးများသည် လေထဲတွင် ပျံဝဲနေပြီး အလောင်းကောင်များသည် ကောင်းကင်ပေါ်သို့ လွင့်စင်သွားကြ၏။ ဤအခိုက်အတန့်တွင် မြို့စောင့်တပ်မှူး ယန်ရှောင်သည် တစ်ကိုယ်လုံး အေးစက်သွားပြီး အမှန်တကယ်ပင် ကြက်သေသေသွားရတော့သည်။
အစောက လျှို့ဝှက်ရွှေချပ်ဝတ်တန်ဆာနှင့် စစ်ဓားကို ကိုင်ဆောင်ထားသော လူတစ်ရာ ဝင်ရောက်တိုက်ခိုက်သည်ကို မြင်လိုက်ရချိန်တွင် သူသည် အံ့အားသင့်ရုံသာ အံ့အားသင့်ခဲ့ပြီး အတိုင်းအဆမဲ့သော လောဘစိတ်များ ဖြစ်ပေါ်ခဲ့သေးသည်။ အကယ်၍သာ သူသည် ထိုသံချပ်ကာအစုံတစ်ရာကို ရရှိမည်ဆိုပါက သူ့စစ်တပ်၏ ထက်ဝက်ကို ဆုံးရှုံးလိုက်ရလျှင်ပင် တန်နေသေးသည်ဟု တွေးခဲ့၏။ ထိုသံချပ်ကာများသည် သူ့လက်ထဲသို့ ရောက်ရှိလာပါက ဧကန်မုချ အောင်နိုင်သူအဖြစ်သာ ရှိနေမည့် သံမဏိစစ်တပ်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော် ယခု တုပိုင်က သေမင်းတမန်ပန်းပွင့်များကို ထုတ်ဖော်လိုက်သည့်အခါတွင်တော့ သူ၏ ဆန္ဒအာသီသအားလုံးသည် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ပထမဆုံးအကြိမ်အဖြစ် သူ ကျရှုံးနိုင်ကြောင်း ၊ သူ အမှန်တကယ်ပင် ကျရှုံးသွားနိုင်ကြောင်းကို စတင်စဉ်းစားမိလိုက်သည်။
‘ဒါက ဘာကြီးလဲဟ။’
ဤအရာသည် ရှင်းလင်းလှသည်၊ ဤကမ္ဘာလောကမှ အရာဝတ္ထုတစ်ခု မဟုတ်သည်မှာ သေချာလှသည်။
ယခု သူ့ရှေ့တွင် ရွေးချယ်စရာလမ်း နှစ်လမ်း ရှိနေသည်။
ဆက်လက်တိုက်ခိုက်မည်လား၊ သို့မဟုတ် တိုက်ခိုက်မှုကို စွန့်လွှတ်ပြီး အဓိကအင်အားစု မပျက်စီးသေးခင် အတတ်နိုင်ဆုံး အင်အားကို ထိန်းသိမ်းကာ ဆုတ်ခွာမည်လား။
သို့သော် တိုက်ခိုက်မှုကို စွန့်လွှတ်ခြင်းသည် ထွက်ပြေးခြင်းနှင့် အတူတူပင်ဖြစ်သည်။ အသက် ၁၉ နှစ်ပင် မပြည့်သေးသော ကုန်းကုန်းဂိုဏ်းဝင် လူငယ်လေးတစ်ယောက်၏ ရှေ့မှ ထွက်ပြေးရခြင်းသည် သူ့အနာဂတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သူ၏ ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်သွားတော့မည်လော။ နန်းတွင်းစစ်ဘက်စာမေးပွဲ အောင်မြင်ပြီး အကယ်ဒမီတွင် ထိပ်ဆုံးမှ ဘွဲ့ရရှိရန်အတွက် သူ၏ နံနက်စောစော လေ့ကျင့်မှုများနှင့် ကြိုးစားအားထုတ်မှုများသည် နာမည်တစ်ခု ရရှိရန်အတွက်သာ ဖြစ်ခဲ့သည်။ သို့သော် ပထမရရှိခဲ့သည့်တိုင်အောင် အားကိုးစရာ ကျောထောက်နောက်ခံမရှိလျှင် ဘာမျှလုပ်မရကြောင်း သူ တွေ့ရှိခဲ့ရသည်။
ထို့အပြင် စစ်တပ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သိုင်းအကယ်ဒမီ၌ သင်ယူခဲ့ရသော ပညာများသည် လက်တွေ့တွင် အသုံးမဝင်သလောက်ဖြစ်ကြောင်း သူ သဘောပေါက်လာခဲ့၏။ စစ်ဘက်အရာရှိမျိုးရိုးမှ ဆင်းသက်လာသော ကလေးများသည် ထိုအရာများကို အသက် ၁၃ နှစ်မတိုင်ခင်ကတည်းက သင်ယူပြီးသား ဖြစ်နေတတ်ကြသည်။ သိုင်းအကယ်ဒမီသို့ တက်ရောက်ကြသော စစ်ဘက်အရာရှိမျိုးရိုးမှ ကလေးများသည် အသုံးမကျသော ကလေကချေများ သို့မဟုတ် ဂုဏ်ရှိန်ဝါရအောင် ဟန်ပြသက်သက်သာ လာတက်ကြသူများ ဖြစ်ကြသည်။
ထို့နောက်တွင် သူသည် ပေမင်ဓားဂိုဏ်းတွင် အစေခံတစ်ယောက်အဖြစ် အရှက်တကွဲ အကျိုးနည်း ခံခဲ့ရသည်။ ထိုသို့လုပ်မှသာ အားကောင်းသော သိုင်းပညာများကို သင်ကြားခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး သူ၏ သိုင်းပညာအဆင့်အတန်းသည် တစ်ရှိန်ထိုး တိုးတက်လာခဲ့ခြင်း ဖြစ်၏။
ထို့နောက် သူသည် အဆင့်မြင့် စစ်ဘက်အရာရှိကြီးတစ်ဦးကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုကာ သုံးနှစ်တိတိ အစေခံကျွန်တစ်ယောက်ကဲ့သို့ ပြုစုခဲ့ရပြန်သည်။ ထိုသုံးနှစ်အတွင်း သူသည် ရင်းချာသားသမီးတစ်ယောက်ထက်ပင် ပို၍ မိဘကို ရိုသေကိုင်းရှိုင်းခဲ့သည်။ ထိုစစ်ဘက်အရာရှိကြီး နေမကောင်းဖြစ်ချိန်တွင် ရောဂါအခြေအနေကို သိရှိနိုင်ရန်အတွက် ထိုသူ၏ မစင်ကိုပင် ကိုယ်တိုင် မြည်းစမ်းကြည့်သည်အထိ ပြုစုခဲ့ရဖူးလေသည်။ (ဟင် 🤢)
ထိုသို့လုပ်ဆောင်ပြီးမှသာ အာဏာရှိသော အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်ရင်းမှူးနေရာကို ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အာဏာကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ တပ်ရင်းမှူးရာထူးဆိုသည်မှာ စစ်သည် သုံးရာအောက်ကိုသာ ကွပ်ကဲရသော ရာထူးတစ်ခုသာ ဖြစ်လေသည်။
တပ်ရင်းမှူးရာထူးကို ရရှိချိန်တွင် သူသည် အလွဲသုံးစားလုပ်ခြင်း၊ အကျင့်ပျက်ခြစားခြင်း မရှိခဲ့ပေ။ အခြားသူများက စစ်သည်များအပေါ် ခေါင်းပုံဖြတ်နေချိန်တွင် သူသည် သူ့တပ်ဖွဲ့ကို ထောက်ပံ့နိုင်ရန်အတွက် ငွေရှာရန် မနားမနေ ကြိုးစားခဲ့သည်။
အခြားစစ်သည်များ ပိန်လှီချည့်နဲ့နေချိန်တွင် သူ့စစ်သည်များသည် ကြံ့ခိုင်သန်စွမ်းနေကြသည်။
သူသည် စစ်သည်များအပေါ် ကောင်းမွန်ရုံသာမက ရက်စက်ရာတွင်လည်း နာမည်ကြီးသည်။ သူသည် နေ့ညမပြတ် မနားမနေ လေ့ကျင့်ပေးလေ့ရှိပြီး သေလုနီးပါးအထိပင် လေ့ကျင့်ခိုင်းတတ်သည်။
ဆုပေးဒဏ်ပေး ပြတ်သားပြီး မေတ္တာနှင့် အာဏာကို မျှတစွာ အသုံးပြုတတ်သော သူ၏ ထူးချွန်သည့် စီမံခန့်ခွဲမှုအောက်တွင် စစ်သည်များသည် သူ့ကို လေးစားသလို ကြောက်ရွံ့ကြသည်။ သူ့တပ်ဖွဲ့သည် တဖြည်းဖြည်းနှင့် လူသုံးရာမှ တစ်ထောင်အထိ တိုးပွားလာခဲ့သည်။
ဤနည်းအားဖြင့် အကြီးစား စစ်ရေးလေ့ကျင့်မှုများတွင် လွယ်ကူစွာ ထင်ပေါ်ကျော်ကြားနိုင်သော ထူးခြားသည့် စစ်တပ်တစ်ခုကို သူ ပိုင်ဆိုင်လာခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ် ထျန်ယွင်သည် ထိုအချက်ကို မြင်တွေ့သွားပြီးနောက် အင်ပါယာတွင် နောက်ထပ် ထက်မြက်သော စစ်သူကြီးတစ်ဦး ပေါ်ထွက်လာပြီဟု ခံစားမိကာ သူ့ကို များစွာ သဘောကျ နှစ်သက်ခဲ့သည်။ နောက်ထပ် နှစ်အနည်းငယ်မျှ ထပ်မံလေ့ကျင့်ပေးလိုက်လျှင် သူသည် နောက်ထပ် ကျန်းနန်နယ်စားမင်း ဖြစ်မလာနိုင်ပေလော။
ထို့ကြောင့် ဧကရာဇ်သည် ချက်ချင်းပင် အမိန့်တော်ထုတ်ပြန်ကာ မြို့စောင့်တပ်မှူး ယန်ရှောင်အား လက်ထောက်စစ်သူကြီး ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး သူ၏ စစ်တပ်အင်အားကိုလည်း တစ်ထောင်မှ သုံးထောင်အထိ တိုးမြှင့်ခွင့်ပေးအပ်ခဲ့လေ၏။
အပိုင်း ၃၄၄ ပြီး။