အခန်း (၃၄၆)
Vol. 35 Ch. 346
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၄၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ကျီပြောင်ပြောင်သည် အင်ပါယာကို စိတ်နှလုံးအပြည့်ဖြင့် အလုပ်အကျွေးပြုကာ အင်ပါယာအတွက် တိုက်ပွဲဝင်လိုသူ ဖြစ်သောကြောင့် သူမသည် ကြမ်းတမ်းပြီး အားကောင်းသော သိုင်းလမ်းစဉ်ကို လေ့ကျင့်ထားသူ ဖြစ်သည်။
မြို့စောင့်တပ်မှူး ယန်ရှောင်သည်လည်း စစ်သူကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ကြမ်းတမ်းပြီး အားကောင်းသော သိုင်းလမ်းစဉ်ကို လိုက်စားသူပင် ဖြစ်သည်။
ထို့ကြောင့် ကျီပြောင်ပြောင်က အသာစီးရနေသော်လည်း မြို့စောင့်တပ်မှူး ယန်ရှောင်၏ သိုင်းပညာသည် သူမထက် အများကြီး နိမ့်ကျမနေသဖြင့် အနိုင်အရှုံးကို ချက်ချင်း အဆုံးအဖြတ် မပေးနိုင်သေးပေ။
သူတို့နှစ်ဦးသည် တိုင်ရန်နိုဆောရပ်စ်သားရဲကြီးနှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး မြေကြီးများ တုန်ခါကာ နားကွဲလုမတတ် ဟိန်းဟောက်သံများနှင့်အတူ ရွှမ်းချီစွမ်းအင် လှိုင်းဂယက်များသည် အမြောက်ဆန်များအလား လွင့်စင်ပြန့်ကျဲနေကြလေသည်။
“ဘုန်းးးး ဘုန်းးးး ဘုန်းးးး ဘုန်းးးး”
တစ်ချိန်တည်းတွင် သေမင်းတမန် မီးတောက်များသည် ပွင့်အာနေဆဲပင်။ ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော မီးတောက်များသည် ပေါက်ကွဲထွက်ပေါ်နေဆဲ ဖြစ်သည်။
မရေမတွက်နိုင်သော ခန္ဓာကိုယ်များသည် လွင့်စင်နေဆဲဖြစ်ပြီး အသားစနှင့် သွေးပန်းပွင့်များသည် လေထဲသို့ ပက်ဖျန်းသွားနေဆဲပင် ဖြစ်သည်။
ပိုင်ဆယ်စီရင်စု မြို့တော်တစ်ခုလုံး တုန်ခါနေပြီး တစ်ခါမျှ မကြုံဖူးသော ကြောက်မက်ဖွယ် နေ့တစ်နေ့နှင့် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို ကြုံတွေ့နေရလေ၏။
သို့သော် မည်သူမျှ ထွက်မကြည့်ရဲကြပေ။ နေအိမ်များထဲတွင် ပုန်းအောင်းနေကြပြီး ဒူးထောက်ကာ ဘုရားစာရွတ်ဆို ဆုတောင်းနေကြရသည်။ ဤကပ်ဘေးမှ အသက်ရှင်လွတ်မြောက်ခွင့်ပေးရန် ကောင်းကင်ဘုံကို တောင်းပန်နေကြရ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆူညံသံများသည် အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှပြီး ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်ဖြစ်လေ၏။
မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် တဖြည်းဖြည်း ကုန်ခမ်းလာပြီ ဖြစ်သည်။ အမှန်စင်စစ် ဤမျှအထိ အထိအခိုက် အကျအဆုံးများနေပြီ ဆိုလျှင် စစ်တပ်တစ်ခုသည် စောစီးစွာကပင် ပြိုကွဲပြီး ထွက်ပြေးလေ့ရှိကြသည်။ မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည်လည်း အမှန်တကယ်ပင် ပြိုကွဲနေပြီ ဖြစ်သည်။
သို့သော် တုပိုင်၏ သေမင်းတမန် မီးတောက်လက်နက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် သူတို့အားလုံး မှင်သက်သွားစေသည်။ အချို့မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေကြပြီး အချို့မှာမူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးခိုက်ဆုတောင်းနေကြသည်။ အင်ပါယာအပေါ် သူတို့၏ သစ္စာဖောက်မှုအတွက် ကောင်းကင်ဘုံက အပြစ်ပေးရန် မီးတောက်များ စေလွှတ်လိုက်ပြီဟု ယုံကြည်နေကြလေသည်။
ထွက်ပြေးသော စစ်သားများပင်လျှင် ခေါင်းပြတ်နေသော ယင်ကောင်များအလား ဦးတည်ချက်မဲ့စွာ ပြေးလွှားနေကြသည်။ ထို့နောက် သူတို့သည် မြို့ရိုးပေါ်ရှိ တုပိုင်၏ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်၏ ဒူးလေးများဖြင့် ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခြင်းကို ဆက်တိုက် ခံလိုက်ကြရလေသည်။
မြို့စောင့်တပ်မှူး ယန်ရှောင်၏ ခံနိုင်ရည်သည်လည်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူသည် ပို၍ အားနည်းလာပြီး ကျီပြောင်ပြောင်မှာမူ ပို၍ ရဲရင့်လာကာ နောက်ဆုံးတွင် သူ့ကို လုံးဝ အပေါ်စီးမှ တိုက်ခိုက်လာနိုင်သည်။ နှစ်ယောက်ကြားရှိ နောက်ဆုံးသိုင်းကွက်အနည်းငယ်သည် အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင်မှ အသက်ရှင်ရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း သူ သတိရလာလိုက်၏။ သေရမည်ကို ကြောက်ရွံ့သောစိတ်သည် တဖန်ပြန်လည် လွှမ်းမိုးလာပြီး သူ၏ မလိုလားစိတ်နှင့် ရဲရင့်မှုများကို ဖိနှိပ်လိုက်လေသည်။
သေသွားသည်နှင့် ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။ ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် သူသည် လီရူဟိုင်၏ ယောက်ဖ ဖြစ်နေဆဲပင်။
အဆိုးဆုံးအနေဖြင့် နောင်တစ်ချိန်တွင် ဘုရင်အဖြစ် သရဖူဆောင်းရတော့မည် မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သူသည် ယခင်က မွေးစားအဖေကို ဖားခဲ့သလို လီရူဟိုင်ကို ပြန်လည် ဖားရပေဦးမည်။ အဆိုးဆုံးအနေဖြင့် လီရူဟိုင်၏ မစင်ကို ပြန်စားရရုံသာ ရှိပေမည်။
မသေသရွေ့တော့ သူ့အတွက် အခွင့်အရေး ရှိလာဦးမည်သာ။ ဤလက်ထောက်စစ်သူကြီးသည် အမှန်တကယ်ပင် အရာသာခံနိုင်စွမ်းရှိသူဖြစ်ပြီး ဟန်ရှင်းထက်ပင် အရှက်တကွဲ အကျိုးနည်း ခံနိုင်သူ ဖြစ်သည်ဟု ဆိုရပေမည်။ သူသည် အဆိုးရွားဆုံး အခြေအနေတွင်ပင် မျှော်လင့်ချက်ကို လက်မလွှတ်တတ်ပေ။
“ဟားဟားဟား တုပိုင် သေပြီဟေ့” မြို့စောင့်တပ်မှူး ယန်ရှောင်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။
အချို့လူများသည် လှည့်ကွက်မှန်း သိနေလျှင်ပင် ယုံမိတတ်ကြသည်။ သူတို့သည် ထိုမျှလောက် ရိုးသားကြလေသည်။ ကျီပြောင်ပြောင်သည် ထိုကဲ့သို့သော လူစားမျိုးဖြစ်၏။ ယန်ရှောင်၏ စကားကို ကြားလိုက်သည်နှင့် သူမသည် အလိုအလျောက်ပင် တုပိုင်ရှိရာဘက်သို့ လှမ်းကြည့်မိလိုက်သည်။
တုပိုင်သည် ဘာမှမဖြစ်ဘဲ စစ်ပွဲကို ကွပ်ကဲလျက် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ သူမ ချက်ချင်း ဒေါသထွက်သွားပြီး မြို့စောင့်တပ်မှူး ယန်ရှောင်ကို ခုတ်ပိုင်းရန် သူမ၏ အစွမ်းကုန် အားထုတ်လိုက်လေ၏ သို့သော် သူမ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မြို့စောင့်တပ်မှူး ယန်ရှောင်သည် မီတာဆယ်ကျော်အကွာသို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။
“ဆုတ်မယ်.. ဆုတ်မယ်.. ဆုတ်မယ်...” မြို့စောင့်တပ်မှူး ယန်ရှောင်က အသည်းအသန် အော်ဟစ်လိုက်သည်။ ထို့နောက်မှ တုံ့ပြန်သူ နည်းပါးလှကြောင်း သူ သတိထားမိလိုက်သည်။ သူ မနေနိုင်ဘဲ လှည့်ကြည့်လိုက်ရာ ကျန်ရှိနေသူ မများတော့ကြောင်း တွေ့လိုက်ရသည်။ သူ့စစ်တပ်သည် ခုနစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ထိခိုက်ကျဆုံးနေခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် ယန်ရှောင်ကြောင်အသွားလေ၏။ အဘယ်ကြောင့်နည်း။ သူနှင့် ကျိပြောင်ပြောင်တို့၏ တိုက်ပွဲမှာ ဆယ့်ငါးမိနစ်ခန့်သာ ရှိသေး၏။ ထိုမျှ တိုတောင်းလှသော အချိန်ကလေးအတွင်းတွင် အဘယ်ကြောင့် သူ၏လက်ရွေးစင်စစ်တပ်က ဆိုးရွားစွာ ရှုံးနိမ့်သွားရသနည်း။
ထိုအချိန်တွင် တုပိုင်သည် သူ၏ စစ်ဓားကို ဆွဲထုတ်လိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “ကောင်းကင်မိစ္ဆာတပ်သား အားလုံး.. ၊ တိုက်စမ်း။ ပုန်ကန်တဲ့ စစ်သားမှန်သမျှ အကုန်သတ်။ တစ်ယောက်မှ အရှင်မထားနဲ့”
ချက်ချင်းပင် ကောင်းကင်မိစ္ဆာ သွေးစစ်သည် ရာပေါင်းများစွာနှင့် လျှို့ဝှက်ရွှေချပ်ဝတ်ဝင်စီးတပ်ဖွဲ့ဝင် ကိုးဆယ်တို့သည် ကြမ်းတမ်းစွာ ပြေးထွက်သွားကြပြီး ထွက်ပြေးနေသော မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်ကို နောက်ဆုံးအကြိမ် လိုက်လံသတ်ဖြတ်ကြလေတော့သည်။
အစတုန်းက တုပိုင်အနေဖြင့် သူတို့အားလုံးကို သတ်ပစ်ရန် စိတ်ကူးမရှိချေ။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ထိုသူများသည် အပြစ်မဲ့ ပြည်သူ နှစ်ထောင် သုံးထောင်ခန့်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ တိရစ္ဆာန်များထက်ပင် ဆိုးရွားစွာ ပြုမူခဲ့ကြပြီး လူသားအဖြစ် ရပ်တည်ရန် မထိုက်တန်တော့ချေ။ ထိုကဲ့သို့သော တိရစ္ဆာန်များသည် သေခြင်းတရားနှင့်သာ ထိုက်တန်ပေသည်။
မြို့စောင့်တပ်မှူး ယန်ရှောင် အံ့အားသင့်နေသော ခဏတာအတွင်းမှာပင်။ ကျီပြောင်ပြောင်သည် တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးကို ချက်ချင်း အရယူလိုက်ပြီး ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်ပြန်သည်။ မြို့စောင့်တပ်မှူး ယန်ရှောင်သည် မျှော်လင့်ချက်မဲ့ခြင်း ၊ နာကျည်းခြင်းများဖြင့် ပြည့်နှက်သွားရသည်။
သူ အမှန်တကယ်ပင် လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။
ကောင်းကင်ဘုံ... ၊ အဘယ်ကြောင့် ကျုပ်ကို ဤသို့ ဆက်ဆံရသနည်း။ ဤနေ့ဤနေရာကို ရောက်ရန် ကျုပ်မည်မျှတောင် ကြိုးစားခဲ့ရသနည်း၊ မည်မျှတောင် သွေးထွက်သံယို ဖြစ်ခဲ့ရသနည်း၊ မည်မျှတောင် ဆင်းရဲဒုက္ခနှင့် အရှက်တကွဲ အကျိုးနည်းမှုများကို သည်းခံခဲ့ရသနည်း။ ကျုပ်ကဲ့သို့ သူရဲကောင်းတစ်ယောက်ကိုမှ အဘယ်ကြောင့် လမ်းပိတ်အောင် ဖိအားပေးရသနည်း။ တုပိုင်ကဲ့သို့ လူပြက်တစ်ယောက်ကမူ အဘယ်ကြောင့် လွယ်လွယ်ကူကူ အနိုင်ရသွားရသနည်း။
အဘယ်ကြောင့်နည်း။
“အား... အား... အား...”
“အတူတူ သေကြတာပေါ့ကွာ.. ၊ အတူတူ သေကြမယ်”
“ကောင်းကင်မိစ္ဆာသွေးစတေးခြင်းမဟာအတတ်”
မြို့စောင့်တပ်မှူး ယန်ရှောင်၏ မျက်လုံးများသည် ချက်ချင်းပင် သွေးရောင်လွှမ်းသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးပျံပူဖောင်းတစ်ခုအလား လျင်မြန်စွာ ဖောင်းပွလာလေသည်။ အတိုင်းအတာတစ်ခုထိ ဖောင်းပွသွားသည်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုပေါက်ကွဲမှု၏ စွမ်းအားကို ဆရာသခင်ကြီးအဆင့် ရှိသော ကျီပြောင်ပြောင်ပင်လျှင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
“အစ်မပြောင်ပြောင်.. မြန်မြန် ထွက်သွား” တုပိုင်က အသည်းအသန် အော်ဟစ်လိုက်သည်။
ထိုအသံကို ကြားလိုက်ရသောအခါ မြို့စောင့်တပ်မှူး ယန်ရှောင်သည် အတူတူ သေပွဲဝင်ရန် ပိုမိုကောင်းမွန်သော ပစ်မှတ်တစ်ခု ရှိနေကြောင်း သတိပြုမိလိုက်သည်။ ထိုသူကား တုပိုင်ပင် ဖြစ်သည်။
ထို့ကြောင့် သူသည် မြို့ရိုးရှိရာဘက်သို့ အသည်းအသန် ပြေးဝင်သွားလေတော့သည်။ အကယ်၍သာ သူသည် မီတာအနည်းငယ် အကွာအဝေးအတွင်း ပေါက်ကွဲနိုင်ခဲ့လျှင် အမှိုက်သိုင်းပညာသာရှိသော ကုန်းကုန်းခွေးကောင်လေး တုပိုင်သည် အပိုင်းပိုင်းဖြစ်သွားပေလိမ့်မည်။
ထိုအရာကို မြင်လိုက်ရသောအခါ ကျီပြောင်ပြောင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မြို့စောင့်တပ်မှူး ယန်ရှောင်၏ နောက်သို့ လိုက်လေတော့သည်။
သို့သော် ကောင်းကင်မိစ္ဆာ သွေးဖြိုခွင်းခြင်း မဟာအတတ်ကို အသုံးပြုထားသော မြို့စောင့်တပ်မှူး ယန်ရှောင်သည် သူ့အသက်စွမ်းအင်ကို လုံးဝ လောင်ကျွမ်းစေထားသဖြင့် အလွန်အမင်း လျင်မြန်နေပြီး ကျီပြောင်ပြောင်ပင်လျှင် အမီမလိုက်နိုင်တော့ပေ။
တုပိုင် ပေါက်ကွဲသေဆုံးရတော့မည့် မြင်ကွင်းကို ကြည့်ရင်း ကျီပြောင်ပြောင်၏ နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် စုတ်ပြဲလုမတတ် ဖြစ်သွားရသည်။ ထိုအချိန်တွင် သွေးကွမ်ရင်မယ်တော်သည် သူမ၏ အမြန်ဆုံးအရှိန်ဖြင့် တုပိုင်၏ ရှေ့တည့်တည့်သို့ ဝင်ရောက်ကာ ကာကွယ်ပေးလိုက်သည်။
တုပိုင်သည် အေးစက်စွာ ပြုံးလိုက်ပြီး လေးကို ဆွဲတင်ကာ မြှားတစ်စင်း တပ်လိုက်ပြီးနောက် မြို့စောင့်တပ်မှူး ယန်ရှောင်အား ပြင်းထန်စွာ ပစ်ခတ်လိုက်လေသည်။ ဖြစ်စဉ်တစ်ခုလုံးသည် တစ်စက္ကန့်ဝက်ပင် မကြာမြင့်လိုက်ချေ။
သူ အသုံးပြုလိုက်သော မြှားသည် သာမန်မြှားမဟုတ်ဘဲ ထူးဆန်းသော အစိမ်းရောင် အရည်များ သုတ်လိမ်းထားသည့် မြှားတစ်စင်း ဖြစ်သည်။
“ရွှီးးး”
မြှားတံသည် ကြယ်တံခွန်တစ်ခုအလား မြို့စောင့်တပ်မှူး ယန်ရှောင်ကို တည့်တည့်ထိမှန်သွားလေသည်။
“ကုန်းကုန်းခွေးကောင်လေး ပစ်လိုက်တဲ့ မြှားလောက်က ငါ့ကို ဘယ်လိုလုပ် ဒဏ်ရာရစေမှာလဲ” မြို့စောင့်တပ်မှူး ယန်ရှောင်သည် ရယ်မောလိုက်ပြီး တုပိုင်၏ မြှားကို ပေါ့ပေါ့ပါးပါးပင် ဖမ်းဆုပ်လိုက်ကာ ချိုးပစ်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် မြှားကို ကိုင်ထားသော သူ၏ လက်ဖဝါးသည် လျင်မြန်စွာ တိုက်စားခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။ ထိုမျှမကသေးပေ ၊ သူ၏ ကောင်းကင်မိစ္ဆာ သွေးဖြိုခွင်းခြင်း မဟာအတတ်သည်လည်း တိုက်ရိုက် ရပ်တန့်သွားခဲ့ရသည်။
“ဒါ.. ဒါက ဘယ်လို မိစ္ဆာအဆိပ်မျိုးလဲ” မြို့စောင့်တပ်မှူး ယန်ရှောင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သို့သော် သူ့ကို မည်သူမျှ အဖြေမပေးကြချေ။ ကျီပြောင်ပြောင်သည် လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာလေသည်။
“ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်..”
လျှပ်စီးလက်သည့်အလား ဓားချက်လေးချက်ဖြင့် သူမသည် မြို့စောင့်တပ်မှူး ယန်ရှောင်၏ ခြေလက်လေးဖက်လုံးကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ ပိုင်ဆယ်စီရင်စု၏ ဘီလူးဟောင်း ၊ နန်းတွင်းအစိုးရ ပိုင်ဆယ်စီရင်စုကို လက်လွှတ်ရခြင်း၏ တရားခံကြီးဖြစ်သော မြို့စောင့်တပ်မှူး ယန်ရှောင်သည် ရုတ်တရက် ခေါင်းတစ်လုံးစာခန့် ကျုံ့ဝင်သွားသယောင် ထင်ရသည်။
သူ၏ ခြေလက်လေးဖက်လုံးသည် အရင်းမှ ပြတ်တောက်သွားပြီး လူတိုင်တစ်တိုင်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။
“အားးးးးးး” ဤသူရဲကောင်းဟောင်းကြီးသည် တစ်ခါမျှ မကြုံဖူးသော နာကျင်စွာ အော်ဟစ်ညည်းညူသံကြီးကို ထုတ်ဖော်လိုက်ရ၏။ ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အပြင်ဘက်မှ တိုက်ပွဲသည်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် သေမင်းများကဲ့သို့ တွေ့သမျှ ရန်သူအကုန်လုံးကို သုတ်သင်နေလေ၏။ မကြာမီမှာပင် မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်သည်ငါးထောင်သည် လုံးဝ ချေမှုန်းခံလိုက်ရပြီး အတန်းလိုက် သေဆုံးသွားကြကာ အမှန်တကယ်ပင် အပြတ်ရှင်းခံလိုက်ရလေပြီ။
တုပိုင်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ အိမ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ကာ ပြောလိုက်သည်။
“စနစ်ရေ.. ၊ ငါ လုပ်နိုင်လိုက်ပြီ။”
“ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်ကို ငါ အပြတ်ရှင်းနိုင်လိုက်ပြီ.. မင်းမြင်လား”
အပိုင်း ၃၄၆ ပြီး။