အခန်း (၃၄၉)
Vol. 35 Ch. 349
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၄၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“တိတိကျကျပြောရရင် လုပ်ဆောင်ချက် နှစ်ခုရှိတယ်။ မင်းက အဲ့ဒီထဲက တစ်ခုကို ရွေးရမယ်။ အဲ့ဒီရွေးချယ်မှုက မတူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွေကိုလည်း ကိုယ်စားပြုနေတယ်” ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ပြောလေသည်။
တုပိုင်က မေးလိုက်သည်။ “လုပ်ဆောင်ချက် နှစ်ခုက ဘာတွေလဲ”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဆိုသည်။ “မိုထျန်နန်ရဲ့ ဂူသင်္ချိုင်းထဲက နိုက်ထရိုဂလစ်ဆရင်း ၊ လျှို့ဝှက်ရွှေ သံချပ်ကာ ၊ လျှို့ဝှက်ရွှေ စစ်ဓား နဲ့ အက်ဆစ်ရည်တွေကို မင်းမြင်ခဲ့မှာပေါ့”
တုပိုင်က ပြောသည်။ “မြင်ခဲ့ရုံတင်မကပါဘူး။ မယုံနိုင်လောက်အောင်ကို နက်နဲဆန်းကြယ်လွန်းပါတယ်။ မြို့စောင့်တပ်မှူး ယန်ရှောင်ကို အနိုင်ယူဖို့ အဲ့ဒါတွေကို ငါအသုံးပြုခဲ့ရတာလေ။ အဲ့ဒါတွေက အရမ်းစွမ်းအားကြီးပြီး ကောင်းကင်ဘုံကို အာခံနိုင်လောက်တဲ့အထိပါပဲ”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဆက်ပြောသည်။ “ပထမ လုပ်ဆောင်ချက်ကတော့ ခေတ်သစ်ကမ္ဘာမြေ နဲ့ အခြားကမ္ဘာက လက်နက်ပြုလုပ်နည်းမျိုးစုံကို ရယူနိုင်တာဖြစ်ပြီး ကုန်ကြမ်းပစ္စည်းတွေကို ဘယ်မှာရှာရမလဲ ၊ အခြေခံအဆောက်အအုံတွေကို ဘယ်လိုတည်ဆောက်ရမလဲ ၊ အဂ္ဂိရတ်ပညာရှင်တွေကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာတွေကို ငါလမ်းညွှန်ပေးမယ်။ တကယ်လို့ မင်းဒီလုပ်ဆောင်ချက်ကို ရွေးချယ်မယ်ဆိုရင် ၈ နှစ်လောက်ကြာတဲ့အခါ မင်းလည်း လျှို့ဝှက်ရွှေ သံချပ်ကာ ၊ လျှို့ဝှက်ရွှေ စစ်ဓား ၊ အက်ဆစ်ရည် နဲ့ နိုက်ထရိုဂလစ်ဆရင်း စတာတွေကို ထုတ်လုပ်နိုင်လိမ့်မယ်”
“၈ နှစ်တောင်လား” တုပိုင် အံ့အားသင့်သွားရသည်။
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဆိုသည်။ “ငါက လျှော့ပြောထားတာတောင် ရှိသေးတယ်။ ဘာလို့လဲဆိုတော့ ကုန်ကြမ်းပစ္စည်းတွေကို ရှာဖွေစုဆောင်းတာနဲ့ သန့်စင်တာတွေက အချိန်အရမ်းပေးရလို့ပဲ။ အခြေခံအဆောက်အအုံ တည်ဆောက်တာက ပိုလို့တောင် အချိန်ကုန်သေးတယ်။ ပြီးတော့ အဂ္ဂိရတ်ပညာရှင် အမြောက်အမြားကို ပျိုးထောင်ဖို့က အချိန်ပိုလိုအပ်တယ်။ ဒီအတွက် မင်းမှာ အနည်းဆုံး နယ်မြေအကျယ်အဝန်း လီတစ်ထောင် နဲ့ လုပ်သားအင်အား သိန်းချီရှိဖို့ လိုအပ်တယ်”
တုပိုင်က ဤအချက်ကို သဘောတူလေသည်။ ဤကမ္ဘာတွင် စက်မှုဖွံ့ဖြိုးတိုးတက်မှုသည် လုံးဝမရှိသေးပေ။ ဆိုဗီယက်ယူနီယံ၏ အကူအညီပါလျှင်တောင် တရုတ်ပြည်သစ်သည် စက်မှုစနစ်တစ်ခုကို တည်ထောင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်။
တုပိုင်က ပြောလိုက်သည်။ “ဒါဆို ဒီလမ်းကြောင်းက တိုင်းပြည်ထူထောင်ပြီး အာဏာစက်ဖြန့်ကျက်တဲ့ လမ်းကြောင်းပေါ့”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဆိုသည်။ “မိုထျန်နန်က ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာပဲ”
တုပိုင်က မေးသည်။ “သူလည်း အဆင့်မြှင့်တင်ထားတဲ့ စနစ်ကို ရခဲ့တာလား”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဖြေသည်။ “ဟုတ်တယ်။ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အထူးချောမွေ့ခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သူက အန်နမ်နိုင်ငံကို ပေါင်းစည်းနိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကျွန်ပြုနိုင်ခဲ့သလို အိန္ဒိယကိုလည်း စစ်တပ်အကြီးကြီးနဲ့ ကျူးကျော်ဖို့ ပြင်ဆင်နေခဲ့တာလေ။ ဒါကြောင့် ငါတို့က သူ့ကို ဆုချီးမြှင့်တဲ့အနေနဲ့ သူ့စနစ်ကို အဆင့်မြှင့်ပေးခဲ့တာ”
တုပိုင်က မေးလိုက်သည်။ “ဒါဆို ဘာလို့ သူက မင်းရဲ့ဆန္ဒကို ဆန့်ကျင်ပြီး မင်းတို့ရှင်းထုတ်တာကို ခံလိုက်ရတာလဲ”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ပြောသည်။ “ငါမပြောချင်ဘူး။ ရမလား” အလင်းရောင်အရိပ်က ခွင့်ပြုချက်တောင်းလေ၏။ ဆိုလိုသည်မှာ တုပိုင်သာ အတင်းအကြပ်ပြောခိုင်းလျှင် ပြောလိမ့်ပေမည်။ ဤသည်မှ တစ်ဆင့် အိမ်မက်စနစ်စည် တုပိုင်အား သခင်အဖြစ်အသိအမှတ်ပြုလိုက်ကြောင်း မြင်နိုင်သည်။
“ကောင်းပြီလေ” တုပိုင်က ပြောလိုက်သည်။ “ဒုတိယ ရွေးချယ်စရာကကော ဘာလဲ”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဖြေသည်။ “ကောင်းကင်မျက်လုံး”
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင် လန့်သွားသည်။ ကောင်းကင်မျက်လုံးဆိုသည်မှာ အဘယ်နည်း။
ခေတ်သစ်ကမ္ဘာမြေတွင် ဆိုလိုသော ကောင်းကင်မျက်လုံးဆိုသည်မှာ ဒန်တျန်အတွင်း၌ အတွင်းပိုင်းကို ကြည့်ရှုနိုင်ခြင်း ၊ အဝေးကို လှမ်းမြင်နိုင်ခြင်း နှင့် အဏုကြည့်မှန်ဘီလူးကဲ့သို့ အသေးစိတ်ကြည့်ရှုနိုင်ခြင်းတို့ကို ဆိုလိုကြောင်း သူသိထားသည်။
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ရှင်းပြသည်။ “ကောင်းကင်မျက်လုံးကို ဖွင့်လိုက်တာနဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို ထင်းရှူးသီးပုံဂလင်းမှာ စုစည်းလိုက်ရင် ငါ့ရဲ့ အလင်းရောင်နဲ့ အရိပ်တစ်စိတ်တစ်ပိုင်းက မင်းရဲ့ ထင်းရှူးသီးပုံဂလင်းထဲမှာ စုစည်းသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူတစ်ယောက်ရဲ့ သွေးကြောလည်ပတ်ပုံ ၊ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ဒဏ်ရာရထားလဲ ၊ ဘယ်နေရာက အိုမင်းရင့်ရော်နေလဲ ၊ ဘယ်နေရာမှာ အဆိပ်သင့်နေလဲ ၊ ဘယ်နေရာမှာ ပျက်စီးနေလဲ ဆိုတာတွေကို မင်းဖောက်ထွင်းမြင်နိုင်လိမ့်မယ်။ ဒါတင်မကသေးဘူး။ ကျောက်သားနံရံ တစ်ပေလောက်ကိုလည်း ဖောက်ထွင်းမြင်နိုင်ပြီး ဘယ်နေရာမှာ ရတနာသိုက်ရှိလဲ ၊ ဘယ်နေရာမှာ လျှို့ဝှက်ရွှေ ရှိလဲ ဆိုတာတွေကို ရှာဖွေတွေ့ရှိနိုင်မယ်။ ဒါ့အပြင် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ပြီးသွားရင် အခင်းဖြစ်ပွားတဲ့နေရာမှာ စွမ်းအင်လမ်းကြောင်း ကျန်ရစ်ခဲ့လေ့ရှိတယ်။ ကောင်းကင်မျက်လုံးနဲ့ဆိုရင် အရင်က ဘာဖြစ်ခဲ့လဲဆိုတာကို မင်းမြင်နိုင်လိမ့်မယ်။ ဒါပေမဲ့ အချိန်က တစ်စိတ် (၁၅ မိနစ်) ထက် မကျော်လွန်ရဘူး။ ဘာလို့လဲဆိုတော့ ၁၅ မိနစ်ကျော်သွားရင် စွမ်းအင်အားလုံး ပျောက်ကွယ်သွားလို့ပဲ”
ဤလုပ်ဆောင်ချက်သည်လည်း ကောင်းကင်ဘုံကို အာခံနိုင်လောက်အောင် စွမ်းအားကြီးပုံရသော်လည်း ပထမတစ်ခုလောက်တော့ မစွမ်းပေ။
ပထမလုပ်ဆောင်ချက်သည် ဘုရင်အဖြစ်အုပ်စိုးခြင်းနှင့် အာဏာစက်ဖြန့်ကျက်ခြင်း လမ်းကြောင်းအတွက် သီးသန့်ဖြစ်ပုံရသည်။
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က မေးလိုက်သည်။ “မင်း ဘယ်လုပ်ဆောင်ချက်ကို ရွေးမလဲ”
တုပိုင်သည် စဉ်းစားခန်းဝင်သွားပြီး ခဏအကြာတွင် မေးလိုက်သည်။ “အရင်တုန်းကသာဆိုရင် မင်းငါ့ကို ရွေးချယ်ခွင့်မပေးဘဲ မင်းဘာသာ ရွေးပေးမှာမလား”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဖြေသည်။ “ဟုတ်တယ်”
တုပိုင်က မေးပြန်သည်။ “မင်းသာဆိုရင် ငါ့အတွက် ဘယ်တစ်ခုကို ရွေးပေးမှာလဲ”
“ဒုတိယတစ်ခု” ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ပြောလေသည်။
တုပိုင်က ဆိုသည်။ “ဒါဆို ငါ ဒုတိယတစ်ခုကိုပဲ ရွေးမယ်”
ခြောက်ခြားဖွယ်ရာ စနစ်သည် မည်သည့်အမူအရာမှ မပြသော်လည်း အံ့အားသင့်သွားပုံရသည်။
တုပိုင်က ပြောလိုက်သည်။ “ငါက လွတ်လပ်ခွင့်အတွက် ကြိုးစားနေရုံပါပဲ။ မင်းကို ဆန့်ကျင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ မင်းရဲ့ မဟာဗျူဟာစီမံကိန်းတွေကို ငါသဘောတူလက်ခံနေတုန်းပါပဲ။ ပြီးတော့ ငါက မင်းလောက် မတော်ဘူးဆိုတာကိုလည်း ဝန်ခံပါတယ်”
ခြောက်ခြားဖွယ်ရာ စနစ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလေသည်။ “ကောင်းကင်မျက်လုံးကို ရွေးချယ်ရတဲ့ အကြောင်းရင်းက အရေးပေါ်လိုအပ်နေပြီး မကြာခင် အသုံးပြုရတော့မှာမို့လို့ပဲ။ ကျီချင်းကျူကို အနိုင်ယူဖို့အတွက် အသုံးဝင်ရုံသာမက ပေမင်ဓားဂိုဏ်းမှာလည်း ချက်ချင်း အသုံးဝင်လာမှာမို့လို့လား”
“ပေမင်ဓားဂိုဏ်း” တုပိုင် အံ့သြသွားရသည်။ “ငါ ပေမင်ဓားဂိုဏ်းကို သွားရတော့မှာလား”
ပေမင်ဓားဂိုဏ်းသည် ဤကမ္ဘာ၏ တွင်းနက်ကြီးကဲ့သို့ သတ်မှတ်ခံထားရသော နေရာဖြစ်သည်။ ပြိုင်ဘက်ကင်း အဆင့် လျှို့ဝှက်သိုင်းကျမ်းအများစုသည် ပေမင်ဓားဂိုဏ်းတွင် ရှိနေပြီး ၊ ဆရာသခင်ကြီးအဆင့်နှင့် အထက် ကျွမ်းကျင်ပညာရှင်အများစုသည်လည်း ပေမင်ဓားဂိုဏ်းတွင် ရှိနေကြသည်။ သူကြုံတွေ့ခဲ့ရသော ရန်သူများသည်ပင်လျှင် ပေမင်ဓားဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေကြသည်။
“အဲ့ဒီကိစ္စကို နောက်မှပြောကြတာပေါ့” ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ဆိုသည်။ “ပထမလုပ်ဆောင်ချက်က ဘုရင်အဖြစ်အုပ်စိုးခြင်းနဲ့ အာဏာစက်ဖြန့်ကျက်ခြင်းလမ်းကြောင်း ဖြစ်ပေမဲ့ မင်းအတွက်တော့ အချိန်မတန်သေးဘူး။ မင်းရဲ့ ကိုယ်ပိုင်သိုင်းပညာက လုံလောက်အောင် မစွမ်းသေးဘူး။ မင်း ဆရာသခင်ကြီးအဆင့် ကျွမ်းကျင်ပညာရှင်အဖြစ် အဆင့်တက်သွားတဲ့အခါ ငါမင်းကို ပထမလုပ်ဆောင်ချက် ဆုချီးမြှင့်မယ်။ အဲ့ဒီအချိန်ကျမှ မင်းက ဘုရင်အဖြစ်အုပ်စိုးခြင်းနဲ့ အာဏာစက်ဖြန့်ကျက်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာ”
တုပိုင်က ပြောလိုက်သည်။ “ငါက ပုန်ကန်မှာ မဟုတ်ဘူး”
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်ကဆို “ဘုရင်အဖြစ်အုပ်စိုးခြင်းနဲ့ အာဏာစက်ဖြန့်ကျက်ခြင်းလမ်းကြောင်းက ပုန်ကန်တာ မဟုတ်ပါဘူး”
တုပိုင်က ပြောသည်။ “ကောင်းပြီ။ ငါ ကောင်းကင်မျက်လုံး လုပ်ဆောင်ချက်ကို ရွေးမယ်”
“ကောင်းပြီ” ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်က ပြောလိုက်သည်။
ထို့နောက် တုပိုင်၏ ဦးနှောက်သည် ဂုန်ခနဲ မြည်သွားကာ အလင်းရောင်ဖြူဖြူ တစ်ချက်လက်သွားပြီး ဘာမှမရှိတော့သည့် အခြေအနေသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။
ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်သည် သူ၏ ဦးနှောက်အစိတ်အပိုင်း ၊ အာရုံကြောများနှင့် အထူးသဖြင့် ထင်းရှူးသီးပုံဂလင်းကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလိုက်သည်။
ထို့နောက် ခြောက်ခြားဖွယ်ရာ အလင်းရောင်အရိပ်သည် ပြန်လည်ကွဲသွားပြီး အလင်းရောင်နှင့်အရိပ်၏ အနီရောင်အပိုင်းသည် တုပိုင်၏ ထင်းရှူးသီးပုံဂလင်းထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားကာ ထိုနေရာတွင် အမြဲတမ်း နေထိုင်သွားတော့သည်။
အလင်းရောင်အရိပ်နှစ်ခု လိုအပ်ရသည်မှာ အံ့သြစရာမရှိပေ။ တုပိုင်သည် ကောင်းကင်မျက်လုံး၏ အာနိသင်ကို ရရှိရန်အတွက် အိပ်မက်စနစ်၏ စွမ်းအင်ကို မှီခိုအားထားရန် လိုအပ်သည်။ ထိုအချိန်တွင် တုပိုင်သည် တရားထိုင်ခြင်းကမ္ဘာ၏ နက်ရှိုင်းသောနေရာတွင် နစ်မြုပ်နေဆဲဖြစ်သည်။
ကျီပြောင်ပြောင်သည် အိပ်စက်ခြင်းသိပ်မရှိဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး၏ အမြင့်ဆုံးနေရာတွင် တရားထိုင်လေ့ရှိသည်။ သူမသည် တုပိုင်ကဲ့သို့ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ အခန်းထဲတွင် အောင်းနေရသည်ကို မကြိုက်ဘဲ ကွင်းပြင်ကျယ်ကျယ်တွင် တရားထိုင်ရသည်ကို နှစ်သက်သည်။
ထိုအချိန်တွင် သူမ၏ ဂိုဏ်းတူအစ်ကိုကြီး အပြေးဝင်လာပြီး ပြောလိုက်သည်။ “ဂိုဏ်းတူညီမလေး။ ပြဿနာတက်ပြီ။ ဆရာသခင် ရုတ်တရက် နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေပြီ”
ကျီပြောင်ပြောင်သည် ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ပြီး လှေကားမှပင် မဆင်းတော့ဘဲ ခေါင်မိုးပေါ်မှ မြေပြင်ပေါ်သို့ တိုက်ရိုက်ခုန်ချလိုက်သည်။ သူမသည် ကျားသစ်မလေးတစ်ကောင်ကဲ့သို့ အသံပင်မထွက်ချေ။
“အဖေ့ကျန်းမာရေးက အရမ်းကောင်းပြီး သိုင်းပညာကလည်း အရမ်းမြင့်တာလေ။ ဘယ်လိုလုပ် ရုတ်တရက် နေမကောင်းဖြစ်ရတာလဲ” ကျီပြောင်ပြောင်က စိုးရိမ်တကြီး မေးလိုက်သည်။
ဂိုဏ်းတူအစ်ကိုကြီးက ပြောလေသည်။ “ဂိုဏ်းတူညီမလေး အိမ်ကထွက်သွားကတည်းက ဆရာသခင်က ထုတ်မပြောပေမဲ့ စိတ်ဓာတ်ကျနေခဲ့တာ။ နေ့တိုင်း ထမင်းမစားနိုင်ဘူး။ တိတ်တိတ်လေး အရက်ပဲ သောက်နေပြီး ညဘက်ဆိုလည်း အိပ်မပျော်ဘူး။ ဒီနေ့ တုပိုင်က အနိုင်ရပြီး ဂိုဏ်းတူညီမလေးရဲ့ သွေးကြောတွေကိုပါ ကုသပေးလိုက်တယ်ဆိုတာ ကြားလိုက်ရတော့ ဂိုဏ်းတူညီမလေးက သူ့ကို မလိုအပ်တော့ဘူး ၊ သူ့သမီးကို ထာဝရဆုံးရှုံးလိုက်ရပြီဆိုပြီး နေမကောင်း ဖြစ်သွားတာပါ”
ကျီပြောင်ပြောင်၏ မျက်ရည်များ ချက်ချင်း စီးကျလာပြီး ငိုကြွေးလျက် ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အမြဲတမ်း သမီးချစ်တဲ့ အဖေပါ။ သမီးကလည်း အမြဲတမ်း သူ့ရဲ့သမီးပါ။ သမီးတို့ရဲ့ ရပ်တည်ချက်တွေက နည်းနည်း ကွာခြားပေမဲ့ သားအဖသံယောဇဉ်ကို ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ”
တပည့်ကြီးဂိုဏ်းတူအစ်ကိုကြီးက ပြောသည်။ “စိတ်ရောဂါက စိတ်ဆေးနဲ့မှ ပျောက်မှာပါ။ ဒါကြောင့် ဂိုဏ်းတူညီမလေး။ အမြန်ဆုံးပြန်လိုက်ပြီး ဆရာသခင်ကို လေသံပျော့ပျော့နဲ့ တောင်းပန်ပြီး အမှားဝန်ခံလိုက်ပါ။ ဂိုဏ်းတူညီမလေး သွားလိုက်တာနဲ့ ဆရာသခင် သေချာပေါက် ချက်ချင်းပြန်ကောင်းလာမှာပါ။ သူက အပြာရောင်နဂါးဂိုဏ်းရဲ့ ကျောထောက်နောက်ခံလေ။ သူ ဘာမှဖြစ်လို့မရဘူး”
“ကောင်းပြီ။ သမီး အခုချက်ချင်းလိုက်မယ်” ကျီပြောင်ပြောင်က ပြောလိုက်သည်။ “တုပိုင်ကို သွားပြောလိုက်ဦးမယ်”
ဂိုဏ်းတူအစ်ကိုကြီးက စိတ်မရှည်စွာ ပြောလိုက်သည်။ “ဘယ်အချိန်ရှိနေပြီလဲ။ အခြေအနေက အရေးကြီးနေပြီလေ”
ကျီပြောင်ပြောင်သည် တုပိုင်၏အခန်းသို့ သွားရောက်ပြောကြားရန် ဆန္ဒပြင်းပြနေသော်လည်း သူတရားထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် မနှောင့်ယှက်တော့ပေ။ သူမသည် စာတစ်စောင် ချက်ချင်း ရေးထားခဲ့လိုက်သည်။ “မောင်လေးတုပိုင်…။ အမ အဖေကို သွားကြည့်ဖို့ အပြာရောင်နဂါးဂိုဏ်းကို ပြန်လိုက်ဦးမယ်”
ထို့နောက် သူမသည် အပြာရောင်နဂါးဂိုဏ်းသို့ အလျင်အမြန် ပြန်သွားခဲ့တော့သည်။
လမ်းတစ်လျှောက်လုံးတွင် အဖေဖြစ်သူက သူမကို ခြောက်လှန့်ရန် ဟန်ဆောင်နေခြင်းဖြစ်ပါစေဟု ကျီပြောင်ပြောင် အပြင်းအထန် ဆုတောင်းနေခဲ့သည်။ သို့သော် သူမ အခန်းထဲသို့ အပြေးဝင်သွားသောအခါ အဖေဖြစ်သူ ကျီချင်းကျူ အမှန်တကယ် နေမကောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ရောဂါရနေသည့် အနီရောင်သန်းနေကာ အသက်ရှူသံများပင် အလွန်အားနည်းနေသည်ဟု ထင်ရသည်။
အပိုင်း (၃၄၉) ပြီး၏။