အခန်း (၃၅၀)
Vol. 35 Ch. 350
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၅၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ကျီပြောင်ပြောင် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ကျီချင်းကျူ၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သို့သော် ချက်ချင်းပင် သူသည် ခေါင်းကို လှည့်လိုက်ပြီး ပြောလေသည်။ “ငါနဲ့မင်းက သားအဖဆက်ဆံရေး ပြတ်စဲပြီးသားလေ။ ဘာလို့ ဒီကို ရောက်နေသေးတာလဲ။ ငါသေသွားရင်တောင် မင်းလာကြည့်စရာ မလိုဘူး”
ကျီပြောင်ပြောင်သည် ဖခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးလျက် ပြောလိုက်သည်။ “အဖေရယ်။ အမှားပေါင်းထောင်သောင်းမက အကုန်လုံးက သမီးရဲ့ အမှားတွေပါ။ ကျေးဇူးပြုပြီး သမီးအပေါ် အပြစ်မမြင်ပါနဲ့တော့။ အဖေ ပြန်ကျန်းမာလာမယ်ဆိုရင် သမီးကို ဘာပဲလုပ်ခိုင်းခိုင်း သမီးလုပ်ပါ့မယ်”
ကျီချင်းကျူက ပြောလိုက်သည်။ “မင်း နောက်ခံကောင်းကောင်း ရှာတွေ့ထားတယ် မဟုတ်ဘူးလား။ တုပိုင်က ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ။ သူက အတွင်းအားဖောက်ပြန်လို့ ဖြစ်သွားတဲ့ မင်းရဲ့ သွေးကြောတွေကိုတောင် ကုသပေးနိုင်တယ်လေ။ သူရှိနေမှတော့ ဘယ်သူက ငါလိုအဖေမျိုးကို လိုအပ်တော့မှာလဲ။ ငါ့ကို လွှင့်ပစ်လိုက်လို့ ရနေပြီပဲ”
“မဟုတ်ပါဘူး။ တုပိုင်က သမီးရဲ့ ရင်ဖွင့်ဖော်၊ သမီးနဲ့ စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်ပါ” ကျီပြောင်ပြောင်က ငိုကြွေးလျက် ဆိုသည်။ “ဒီကမ္ဘာမှာ အဖေက သမီးအတွက် အချစ်ရဆုံး လူသားပါ”
ထိုစကားများက ကျီချင်းကျူ၏ မျက်နှာထားကို အနည်းငယ် ပြေလျော့သွားစေပြီး သူ၏ အကြည့်များသည်လည်း အနည်းငယ် နူးညံ့သွားခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ သမားတော်အဂ္ဂိရတ်ပညာရှင်က ပြောလိုက်သည်။ “ဆေးကျိုလို့ ပြီးပါပြီ။ ကျေးဇူးပြုပြီး မဟာဆရာသခင်ကြီး ဆေးသောက်ပေးပါ”
ကျီချင်းကျူ၏ တပည့်ငါးဦးသည် ချက်ချင်း ရှေ့သို့တိုးလာကြပြီး ဇွန်းငယ်တစ်ချောင်းစီကို ကိုင်ကာ ဆေးရည်တွင် အဆိပ်ပါမပါ သိရှိနိုင်ရန် ဆရာသခင်အတွက် ကိုယ်တိုင် မြည်းစမ်းကြည့်ကြလေသည်။
အမှန်စင်စစ် ဤသည်မှာ ဟန်ပြသက်သက်သာ ဖြစ်၏။ မည်သို့သော အဆိပ်မျိုး ပါဝင်နိုင်မည်နည်း။ မည်သည်က အဆိပ်ခတ်ရဲမည်နည်း။
ထို့နောက် ဂိုဏ်းတူအစ်ကိုကြီးက ဆေးပန်းကန်လုံးကို ကျီပြောင်ပြောင်အား ကမ်းပေးလိုက်ပြီး ဆရာသခင်အား ကိုယ်တိုင် ဆေးတိုက်ကျွေးစေလိုက်သည်။
ကျီပြောင်ပြောင်သည်လည်း ဇွန်းအသစ်တစ်ချောင်းဖြင့် ဆေးတစ်ငုံကို ကိုယ်တိုင်မြည်းစမ်းကြည့်လိုက်ပြီးနောက် ကျီချင်းကျူအား ပြောလိုက်သည်။ “အဖေ.. ဆေးသောက်ချိန် ရောက်ပါပြီ”
“ငါ မသောက်ဘူး” ကျီချင်းကျူက အေးစက်စွာ ပြောလိုက်သည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဂိုဏ်းတူအစ်ကိုကြီးက လက်ကို အမြန်ဝှေ့ယမ်းပြလိုက်ပြီး သားအဖနှစ်ယောက်တည်း လွတ်လပ်စွာ ရှိနေစေရန် လူအားလုံးကို ထွက်သွားခိုင်းလိုက်လေသည်။ ဆရာသခင်ကဲ့သို့ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးသည် တပည့်များရှေ့တွင် ဤကဲ့သို့ စိတ်ကောက်နေသည်မှာ အမှန်တကယ်ပင် မသင့်လျော်လှပေ။ 😂😂
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “အဖေ.. သမီး အမှားကို ဝန်ခံပါတယ်။ ကျေးဇူးပြုပြီး ဆေးသောက်ပါနော်။ ဆေးသောက်ပြီးရင် အဖေ နေပြန်ကောင်းလာမှာပါ။ ဒီအပြာရောင်နဂါးဂိုဏ်းထဲက လူထောင်ပေါင်းများစွာရဲ့ ကံကြမ္မာက အဖေ့အပေါ်မှာပဲ မူတည်နေတာလေ။ အဖေက အပြာရောင်နဂါးဂိုဏ်းရဲ့ ကျောထောက်နောက်ခံသာမက ပိုင်ဆယ်စီရင်စုရဲ့ ကျောထောက်နောက်ခံလည်း ဖြစ်ပါတယ်။ တကယ်လို့ သမီးတို့ အဖေ့ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဟိုမိစ္ဆာဂိုဏ်းတွေ ၊ သစ္စာဖောက်လူယုတ်မာတွေနဲ့ ဓားပြဂိုဏ်းတွေက ဘယ်လောက်အထိတောင် သောင်းကျန်းလာကြမလဲ”
ကျီချင်းကျူက ဆိုသည်။ “အဲ့ဒီအထဲမှာ မင်းရဲ့ တုပိုင်လည်း သေချာပေါက် ပါတာပေါ့။ သူက အဆိုးရွားဆုံး မိစ္ဆာကောင်ပဲ”
ကျီပြောင်ပြောင်သည် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤအချိန်တွင် တုပိုင်ဘက်မှ ကာကွယ်ပြောဆို၍ လုံးဝမဖြစ်ကြောင်း သူမသိရှိပေသည်။ သို့မဟုတ်ပါက ဖခင်ဖြစ်သူသည် ပို၍ပင် ဒေါသထွက်လာပေလိမ့်မည်။
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ သူက မကောင်းတဲ့သူပါ” ကျီပြောင်ပြောင်သည် ကလေးတစ်ယောက်ကို ချော့မြှူသကဲ့သို့ ပြောလိုက်သည်။ “ကဲ... အခု ဆေးသောက်သင့်ပြီ မဟုတ်လား”
ကျီချင်းကျူသည် သမီးဖြစ်သူကို လေးလေးနက်နက် ကြည့်လိုက်ပြီး ပြောလေသည်။ “မင်း တုပိုင်ဆီကနေ ထွက်မလာသရွေ့ ငါအသက်ရှင်နေတာ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ ဒီတိုင်း သေလိုက်တာက ပိုကောင်းမယ်”
ပုံမှန်အခြေအနေမျိုးတွင် ပြတ်သားခိုင်မာသော ကျီချင်းကျူသည် ဤကဲ့သို့သော စကားမျိုးကို လုံးဝ ပြောမည်မဟုတ်ပေ။ သို့သော် ပြင်းထန်စွာ နေမကောင်းဖြစ်နေချိန်တွင် သူသည် အနည်းငယ် စိတ်ဆတ်ပြီး ခံစားလွယ်နေပုံရသည်။
“အဖေရယ်” ကျီပြောင်ပြောင်က တောင်းပန်တိုးလျှိုးလိုက်သည်။
ကျီချင်းကျူက ဒေါသတကြီး ပြောလိုက်သည်။ “ဒါက ဘာကိုသက်သေပြနေလဲဆိုတော့ မင်းရဲ့စိတ်ထဲမှာ ငါက တုပိုင်ကို မယှဉ်နိုင်သေးဘူးဆိုတာပဲ။ မင်းက သူ့ဆီကနေ ထွက်လာမယ့်အစား ငါသေတာကိုပဲ ကြည့်နေတော့မယ်ပေါ့။ ကောင်းပြီလေ။ ကောင်းပြီ။ ငါသေပေးမယ်။ ဒါဆိုရင် ဘယ်သူကမှ မင်းတို့နှစ်ယောက်ကို တားဆီးတော့မှာ မဟုတ်ဘူး”
ဒေါသထွက်နေသော ကျီချင်းကျူသည် သူ၏လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ကျီပြောင်ပြောင်လက်ထဲမှ ဆေးပန်းကန်လုံးကို ရိုက်ခွဲရန် ပြုလုပ်လိုက်သည်။
ကျီပြောင်ပြောင် အမြန်ရှောင်တိမ်းလိုက်ရာ ကျီချင်းကျူသည် ပိုမိုဒေါသထွက်သွားပြီး အော်ဟစ်လေတော့သည်။ “မိဘစကားနားမထောင်တဲ့ သမီးမိုက်။ သမီးမိုက်။ မင်းက တုပိုင်ဆီကနေ ထွက်လာမယ့်အစား ငါသေတာကိုပဲ ကြည့်နေတော့မယ်ပေါ့။ မင်း ငါ့ကို သေစေချင်နေတာမလား...”
ဖခင်ဖြစ်သူက ဤမျှအထိ ကျိုးကြောင်းဆီလျော်မှုမရှိ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျီပြောင်ပြောင် အမှန်တကယ်ပင် ဆွံ့အသွားရသည်။ သူမ၏ဖခင်သည် အသက်ခြောက်ဆယ်နီးပါး ရှိပြီဖြစ်သော်လည်း သူငယ်ပြန်သည့်အရွယ်သို့ မရောက်သေးချေ။
ကျီပြောင်ပြောင်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး ပြောလိုက်သည်။ “ကောင်းပါပြီ။ ကောင်းပါပြီ။ သမီး ကတိပေးပါတယ်။ တုပိုင်ဆီကနေ ထွက်လာပြီး အဖေ့နားမှာပဲ နေပါ့မယ်လို့ သမီး ကတိပေးပါတယ်”
ထိုစကားပြောပြီးနောက် ကျီပြောင်ပြောင်၏ မျက်ရည်များ စီးကျလာခဲ့သည်။
“မောင်လေးတုပိုင်.. တောင်းပန်ပါတယ်။ အမ အဖေ့ကို စွန့်ပစ်လို့မရဘူး။ အဖေ့ရောဂါအခြေအနေ ပိုဆိုးလာအောင် လွှတ်ထားလို့မရဘူး။ အစ်ကို့ရဲ့ အန္တရာယ်အများဆုံးအချိန်က ကျော်လွန်သွားပါပြီ။ အခု အဖေက အမကို ပိုလိုအပ်နေတယ်။ ဒါကြောင့် အမ အဖေ့နားမှာပဲ နေရလိမ့်မယ်။ နောက်တစ်ကြိမ် မောင်လေး အမကို လိုအပ်လာတဲ့အခါ အမ သေချာပေါက် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”
ကျီပြောင်ပြောင်သည် စိတ်ထဲမှနေ၍ တုပိုင်အား ထပ်ခါထပ်ခါ တောင်းပန်နေမိသည်။
“တကယ်လား” ကျီချင်းကျူက မေးလိုက်သည်။
“တကယ်ပါ” ကျီပြောင်ပြောင်က ဖြေသည်။
ကျီချင်းကျူက ဆိုသည်။ “ကျိန်ဆိုလိုက်”
ကျီပြောင်ပြောင် လန့်သွားပြီးနောက် သူမ၏ မျက်နှာထားသည် နာကျင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
ကျီချင်းကျူက ဒေါသတကြီး ပြောလိုက်သည်။ “မင်း ငါ့ကို ချော့ပြောနေတယ်ဆိုတာ ငါသိတာပေါ့။ ဟားဟားဟား... ထွက်သွား။ ထွက်သွား။ ထွက်သွားတော့...”
“ကောင်းပြီလေ။ သမီး ကျိန်ဆိုပါတယ်” ကျီပြောင်ပြောင် အံကြိတ်ကာ ပြောလိုက်သည်။ “သမီး တုပိုင်ဆီကနေ ထွက်လာပြီး အဖေ့နားမှာပဲ နေပါ့မယ်။ တကယ်လို့ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် မိုးကြိုးပစ်ပါစေ”
ကျီချင်းကျူသည် နောက်ကျောကို မှီချလိုက်ပြီး မျက်နှာထား တည်ငြိမ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ “လိမ္မာလိုက်တဲ့ သမီးလေး။ အဖေက သမီးကောင်းဖို့အတွက် လုပ်နေတာပါ။ တုပိုင်ရဲ့ အောင်ပွဲက အရမ်းထိတ်လန့်ဖို့ကောင်းတယ်လို့ မထင်လိုက်ပါနဲ့။ အဖေ မမှားဘူးဆိုရင် သူက မိုမိသားစု ရတနာသိုက်ထဲက လျှို့ဝှက်လက်နက်တွေကို ရရှိသွားလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုလျှို့ဝှက်လက်နက်တွေက တစ်ချိန်ချိန်ကျရင် ကုန်သွားမှာပဲ။ အဲ့ဒီအချိန်ကျရင် သူက ကျရှုံးပြီး သေဆုံးရမယ့် ဇာတ်သိမ်းနဲ့ပဲ ကြုံတွေ့ရမှာ။ သူ့ဆီကနေ ထွက်ခွာလာခြင်းက အဲ့ဒီသံသရာဝဲကတော့ထဲကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီရက်ပိုင်း သူ့အကြောင်း အဖေလေ့လာကြည့်တော့ သူက လုံးဝကို ဘေးဒုက္ခဆောင်ကြဉ်းလာတဲ့သူနဲ့ တူတယ်။ လီဝမ်ဟွေ့ဆိုရင် သူ့ကြောင့်နဲ့ သတ်သေလုနီးပါး ဖြစ်ခဲ့ရတယ်။ လီလျန်တင်း အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲရာထူး ဆုံးရှုံးရတာလည်း အဓိကက သူ့ကြောင့်ပဲ။ သူ့နားကပ်တဲ့လူ ဘယ်သူမှ ကောင်းကောင်း အဆုံးသတ်ရတာ မရှိသလောက်ပဲ”
ကျီပြောင်ပြောင်သည် ရှင်းပြရန် အားအင်မရှိတော့ပေ။ အမတ်မင်း လီဝမ်ဟွေ့၏ လုပ်ရက်များသည် အင်ပါယာအတွက်ဖြစ်ပြီး ၊အမတ်မင်း လီလျန်တင်းသည် အမတ်မင်း လီဝမ်ဟွေ့၏ အသက်ကို ကယ်တင်ရန်အတွက် ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားသည်။
ဤမှောင်မိုက်သော ကမ္ဘာကြီးထဲတွင် မျိုးချစ်စိတ်ရှိသူတိုင်းသည် အဖြစ်ဆိုးနှင့် ကြုံတွေ့ရနိုင်သဖြင့် တုပိုင်၏ ဘေးနားတွင် ရှိနေခြင်းနှင့် မသက်ဆိုင်ပေ။
သို့သော်လည်း သူတို့၏ စရိုက်များက ကွဲပြားနေပြီး ရပ်တည်ချက်များကလည်း လုံးဝ မတူညီကြပေ။
သူမ၏ဖခင်သည် နယ်မြေငယ်လေးတစ်ခုကို အချိန်ကြာမြင့်စွာ စိုးမိုးထားခဲ့သဖြင့် အလွန်ကျဉ်းမြောင်းသော စိတ်သဘောထား ရှိနေသည်။ ကျီပြောင်ပြောင်အနေဖြင့် သူမ၏ဖခင်အား အရာရာကို ရှင်းပြ၍ ရနိုင်မည် မဟုတ်ပေ။
မျိုးချစ်စိတ်အကြောင်း ပြောလိုက်သည်နှင့် သူက လှောင်ပြောင်လိမ့်မည်။
ကျီပြောင်ပြောင်သည် စိတ်ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ တိုးတိုးလေး ပြောလိုက်သည်။ “ကဲပါ အဖေရယ်။ ဆေးသောက်ချိန်တန်ပြီ။ ဆေးတွေ အေးကုန်ပါတော့မယ်”
ကျီချင်းကျူ ပါးစပ်ဟလိုက်ရာ ကျီပြောင်ပြောင်သည် ဆေးရည်ကို တစ်ဇွန်းချင်းစီ ခွံ့တိုက်ပေးလိုက်သည်။
ဆေးအနည်းငယ် သောက်ပြီးနောက်တွင် သူ၏ မျက်နှာအရောင်အသွေးသည် တဖြည်းဖြည်း ပန်းရောင်သန်းလာသည်။ “ဆေးအစွမ်းပြတာ မြန်ဆန်လိုက်တာ” ကျီပြောင်ပြောင် ဝမ်းသာသွားသည်။
သို့သော်... ရုတ်တရက် ကျီချင်းကျူ၏ မျက်နှာသည် ပြင်းထန်စွာ နီရဲလာပြီး သွေးများ စုပုံလာသကဲ့သို့ ဖြစ်သွားကာ မျက်လုံးများ ပြူးထွက်လာပြီး ခန္ဓာကိုယ်မှ သွေးကြောများအားလုံး ရုတ်တရက် ကြီးမားလာကာ ဖောင်းပွလာသည်။
ကုတင်ပေါ်ရှိ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အပေါ်သို့ ခုန်တက်သွားပြီး နှစ်ပေခန့် မြင့်တက်သွားသည်။
သူသည် လေကို အငမ်းမရ ရှူရှိုက်နေရသည်။
သူ၏မျက်နှာသည် ပို၍ပို၍ နီရဲလာပြီး အသက်ရှူရ ပို၍ခက်ခဲလာကာ မျက်နှာထားသည် ပို၍ ရှုံ့မဲ့လာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။
“အဆိပ်...”
“ပြောင်ပြောင်... ပြေးတော့... သမီး ပြေးတော့... တုပိုင်ဆီ အမြန်ပြန်သွား...”
“သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းက ရေအောက်မှာ...”
“အား...”
ကျီချင်းကျူ၏ စကားပင် မဆုံးသေးခင် သူသည် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာခဲ့သည်။
ထို့နောက် သူ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ဒွါရခုနစ်ပေါက်လုံးမှ သွေးမည်းများ ပန်းထွက်လာခဲ့သည်။
ထို့နောက်တွင်တော့ သူ၏ခန္ဓာကိုယ်သည် ကုတင်ပေါ်သို့ လေးလံစွာ ပြန်ပြုတ်ကျသွားပြီး မလှုပ်မယှက် ဖြစ်သွားတော့သည်။
အပိုင်း (၃၅၀) ပြီး၏။
(တန်းလန်းကြီးထားခဲ့မယ်နော်။ ကျန်တဲ့နှစ်အုပ်ကို ညကြမှ ယူတော့။ 😛)