ချင်းချူမှ တပည့်
Vol. 16 Ch. 160
ကောင်းကင်ယံသည် ဖျော့တော့သော အနီရောင် သန်းသွားပြီး အရှိန်အဟုန်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပေသည်။
မြေခွေးနတ်ဆိုးနှင့် ကျင့်ကြံခြင်းအဆင့် တူညီသော အမြုတေပြီးပြည့်စုံခြင်းအဆင့် ရှိ လျိုယွီချွမ်ပင်လျှင် ဤစွမ်းအင်ကြောင့် ထိတ်လန့်သွားရ၏။
ကြက်သွေးရောင် ဓားအနှစ်သာရသည် ထပ်မံထွက်ပေါ်လာသော ခေါင်းလောင်းပုံရိပ်ယောင်နှင့် ပြင်းထန်စွာ ရိုက်မိသွားရာ ဓားကိုယ်ထည်တစ်ခုလုံး တုန်ခါသွားပြီး ပုံရိပ်ယောင်မှာမူ လျင်မြန်စွာ မှေးမှိန်သွားလေသည်။
ဝတ်ရုံဖြူနှင့် အမျိုးသား၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း ၎င်း၏မျက်ဝန်းအတွင်းရှိ ဒေါသများမှာမူ ပို၍ ပြင်းထန်လာ၏။
ဤဓားပုံရိပ်သည် အမှန်တကယ်ပင် မူလအနှစ်သာရ အတတ်ပညာတစ်မျိုး ဖြစ်ပေသည်။ ၎င်းသည် အနည်းငယ် ကြမ်းတမ်းနေသော်လည်း တစ်ဖက်လူမှာ ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားသဖြင့် လျှော့တွက်၍ မရပေ။
အကယ်၍ သူ့အနေဖြင့် စွမ်းရည်အစစ်အမှန်ကို မပြသပါက ဤလူစုသည် သူ့အား သူတို့ခဏခဏ တွေ့နေကျ တောရိုင်းနတ်ဆိုးများကဲ့သို့ ထင်မှတ်သွားပေလိမ့်မည်။
သူ၏စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ရာ လုံးဝန်းသော ကျောက်စိမ်းအရည် များသည် သူ၏ ဘေးပတ်ပတ်လည်တွင် တစ်ခုပြီးတစ်ခု တိတ်ဆိတ်စွာ ပေါ်ပေါက်လာလေသည်။ စုစုပေါင်း ကျောက်စိမ်းအရည် တစ်ဆယ့်နှစ်ခုစလုံး ပေါ်လာသောအခါ ပတ်ပတ်လည်တွင် ဖြည်းဖြည်းချင်း လည်ပတ်နေ၏။
အရည်တစ်ခုချင်းစီတိုင်းတွင် အမြုတေပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအင်များ ကိန်းအောင်းနေပေသည်။
ခေါင်းလောင်းပုံရိပ်ယောင်သည် ချက်ချင်းဆိုသလိုပင် ဖျက်ဆီး၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားပြီး ကြက်သွေးရောင်ဓားပုံရိပ်ကို အပြင်ဘက်၌ မြဲမြံစွာ ပိတ်ဆို့ထားလေသည်။
"ချင်းချူရဲ့ပြင်ပအမြုတေ အတတ်ပညာပဲ..."
ဟဲကျန်းမှာ စိတ်ထဲမှ ထိတ်လန့်သွားသော်လည်း ကူညီရန် အင်အား မရှိပေ။ ကောင်းကင်ယံ၌ တိုက်ပွဲမှာ အရှိန်အဟုန်ဖြင့် စတင်နေပြီ။
စစ်သူကြီးရှန်းအနေဖြင့် အနည်းဆုံးတော့ ကောင်းကင်နေခွင်းလေးကို ထားခဲ့သင့်သည်ဟု သူ တွေးနေမိ၏။ နာမည်ကျော် ချင်းချူဆက်ခံသူပီသစွာပင် ၎င်း အမှတ်မထင် ထုတ်ပြလိုက်သော အတတ်ပညာတိုင်းသည် သာမန်သိုင်းပညာရှင်များကို အံ့အားသင့်စေနိုင်ပေသည်။
ပြင်ပအမြုတေ တစ်ဆယ့်နှစ်ခုစလုံးမှ စွမ်းအင်များကို ကြေးခေါင်းလောင်းအတွင်းသို့ တစ်ပြိုင်နက်တည်း ထည့်သွင်းနိုင်ခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလှ၏။
"ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်း... ဖမ်းဆီးစမ်း"
ဝတ်ရုံဖြူနှင့် အမျိုးသားသည် လေဟာနယ်အတွင်းသို့ ၎င်း၏ လက်ဖဝါးဖြင့် ဖိချလိုက်သည်။
ထိုမျှ ပြင်းထန်သော စွမ်းအင်များ၏ အကူအညီဖြင့် ၎င်း၏ခါးရှိ ကြေးခေါင်းလောင်းသည် အပြင်သို့ ထွက်ပေါ်လာပြီး လေထဲတွင် တစ်ကျန်း အထိ ကြီးမားလာကာ အဝေးရှိ လူငယ်လေးကို လွှမ်းအုပ်ရန် အရှိန်ဖြင့် ကျဆင်းသွားလေတော့သည်။
"အရည်အချင်းမရှိတဲ့ သိုင်းသမား၊ မင်းက ငါနဲ့ တိုက်ရဲသေးတယ်ပေါ့"
မြေခွေးနတ်ဆိုးသည် ကျောက်စိမ်းဓားကို နင်းထားပြီး သူ့ဝတ်ရုံဖြူမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ ၎င်းက အောက်ဘက်သို့ ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"မိန်းကလေး၊ ငါ မင်းကို တစ်ခါ လွှတ်ပေးခဲ့တာက ချင်ကျိုးကို အားနာလို့ပဲ။ စိတ်မပူပါနဲ့၊ ဒုတိယအကြိမ်တော့ ရှိမှာမဟုတ်ဘူး"
သူပြောပြီးသည်နှင့် လက်ဟန်တစ်ခုကို ထပ်မံပြုလုပ်လိုက်သည်။
"သူရဲ့ဝိညာဉ်ကို အရည်ဖျော်စမ်း"
စိမ်းပြာရောင် ကြေးခေါင်းလောင်းပေါ်တွင် အလင်းတန်းများ လှုပ်ခတ်လာသည်နှင့်အတူ ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေ၏။
ဝုန်း
ဤကြီးမားသော အရှိန်အဟုန်ကြောင့် အနီးကပ်တွဲဖက် ဒု-စစ်သူကြီး နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။ လင်းပိုင်ဝေ့မှာလည်း အသက်ရှူပင် မှားသွားမိသည်။
ဤမြင်ကွင်းမှာ အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး တတ်နိုင်သည့် အရာထက် များစွာ ကျော်လွန်နေပေသည်။
သို့သော် လေထဲတွင် ဓားကို စီးနင်းထားသော မြေခွေးနတ်ဆိုးမှာမူ အမူအရာ ပြောင်းလဲသွားလေသည်။
ဤဆူညံသံမှာ သူပြုလုပ်လိုက်သော လက်ဟန်နှင့် ဘာမျှ မသက်ဆိုင်ပေ။
နောက်တစ်ခဏတွင်ပင် ဟိန်းဟောက်သံကြီးမှာ ကောင်းကင်ယံ၌ ထပ်မံပေါက်ကွဲသွားပြန်သည်။
ထုထည်ကြီးမားသော စိမ်းပြာရောင် ကြေးခေါင်းလောင်းသည် ကြီးမားသော အင်အားတစ်ခုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဆန်းကြယ်ချပ်ဝတ်များ ဖုံးအုပ်ထားသော လက်သီးဆုပ်ထားသည့် လက်မောင်းတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထို့နောက် လက်ချောင်းငါးချောင်းသည် အက်ကွဲကြောင်း၏ အစွန်းကို ဆုပ်ကိုင်ကာ အားဖြင့် ဆွဲဖြဲလိုက်၏။
ရှန်းယီသည် တည်ငြိမ်စွာပင် အပြင်သို့ လမ်းလျှောက်ထွက်လာပြီး သူ၏ ပုံရိပ်မှာ လေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
၎င်း ပြန်လည်ပေါ်လာသောအခါ မြေခွေးနတ်ဆိုး၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ။
ကြေးခေါင်းလောင်း ကွဲအက်သွားချိန်တွင် ဝတ်ရုံဖြူနှင့် အမျိုးသားကို လွှမ်းခြုံထားသော ပုံရိပ်ယောင်မှာလည်း ပျောက်ကွယ်သွားလေ၏။ သူသည် ရှေ့ရှိ ကြက်သွေးရောင်ဓားပုံရိပ်ကို မြင်သောအခါ ပျာပျာသလဲ ပြင်ပအမြုတေတစ်ခုကို ထုတ်၍ ကာကွယ်လိုက်သည်။
သို့သော် ဘေးဘက်မှ ရောက်ရှိလာသော တံတောင်ဆစ်ဖြင့် တိုက်ခိုက်မှု၏ အန္တရာယ်မှာ ဓားပုံရိပ်ထက် များစွာ သာလွန်နေပေသည်။
လက်မောက်းကာသည် သူ၏မျက်တွင်းထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားလေသည်။
ထိုအချိန်ကျမှသာ မြေခွေးနတ်ဆိုးသည် သူ၏ ဝိညာဉ်ဖိနှိပ်ခြင်း ခေါင်းလောင်းကို ဖျက်ဆီးနိုင်သော စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း အမှန်တကယ် နားလည်သွားတော့၏။
သူ၏ ဦးခေါင်းခွံတစ်ခုလုံး ကွဲအက်သွားပြီး မျက်လုံးမှာလည်း ပေါက်ထွက်သွားလေသည်။
ကျန်ရှိနေသော နှုတ်ခမ်းတစ်ဝက်ဖြင့်သာ လက်ဟန်များအတွက် မန္တန်များကို အသည်းအသန် ရွတ်ဆိုနေ၏။
"ကျောက်စိမ်းနတ်ဘုရား နုပျိုခြင်း အတတ်ပညာ..."
နွေးထွေးသော အဖြူရောင် အလင်းတန်းများက ၎င်း၏ ဦးခေါင်းကို ဖုံးအုပ်သွားပြီး ခြေဖဝါးအောက်ရှိ ကျောက်စိမ်းရတနာဓားသည် ၎င်းအား အဝေးသို့ လျင်မြန်စွာ သယ်ဆောင်သွားလေသည်။
ရှန်းယီသည် ဓားကို ဆွဲထုတ်ကာ ပိုင်းဖြတ်လိုက်ရာ စိမ်းလန်းသောအလင်းတန်းများ ထွက်ပေါ်လာပြီး မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေခွေးနတ်ဆိုး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာ ပျောက်ကွယ်သွားတော့သည်။
ကြေးခေါင်းလောင်း မရှိတော့သောအခါ မြေခွေးနတ်ဆိုး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ လူငယ်လေး၏ ရှေ့တွင် စက္ကူကဲ့သို့ပင် နုနယ်လှပေသည်။
ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းများ၏ နာကျင်မှုကို ခံစားရင်း မြေခွေးနတ်ဆိုး၏ စိတ်ထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်ပေါက်လာလေသည်။ ထို့နောက် ၎င်း၏ ဒဏ်ရာများကို ပြင်းထန်သော အဆိပ်တစ်ခုက တိုက်စားနေပြီး သူ၏အသွေးအသားအားလုံးကို ဝါးမြိုရန် ကြိုးစားနေသည်ကို ခံစားလိုက်ရ၏။
သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ကို ဝေ့ယမ်းလိုက်သည်။
ကျန်ရှိနေသော ပြင်ပအမြုတေ တစ်ဆယ့်တစ်ခုမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရှန်းယီ၏ ဘေးတွင် ပေါက်ကွဲသွားလေ၏။
၎င်းတို့အတွင်းရှိ အမြုတေပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအင်များ ပေါက်ကွဲထွက်လာခြင်းကြောင့် မိုးမြေပင် အရောင် ပြောင်းလဲသွားပေသည်။
သူ၏ပြင်ပအမြုတေများ ဆုံးရှုံးသွားသည်ကို နောင်တရရန်ပင် အချိန်မရှိတော့ဘဲ မြေခွေးနတ်ဆိုးသည် ဓားကိုစီး၍ အသည်းအသန် ထွက်ပြေးလေတော့သည်။ သို့သော် နောက်ဘက်တွင်မူ ညှီစို့စို့ အနံ့အသက်များ ပါဝင်သော လေပြင်းတစ်ခု ပေါ်ထွက်လာပြီး သူ၏ လမ်းကြောင်းကို လျင်မြန်စွာ ပိတ်ဆို့လိုက်၏။
လူငယ်လေးသည် လေထဲတွင် မတ်တပ်ရပ်နေပြီး သူ၏ အနက်ရောင် ချပ်ဝတ်ကြားမှ ကြက်သွေးရောင် ဝတ်ရုံမှာ ကောင်းကင်ယံရှိ အလင်းတန်းတစ်ခုကဲ့သို့ တဖျတ်ဖျတ် လွင့်နေပေသည်။
...
ထိုအေးစက်သော ပုံရိပ်ကို ကြည့်ရင်း မြေခွေးနတ်ဆိုးသည် နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သော သူ၏မွေးရာပါ နတ်ဘုရားစွမ်းရည် ကို နောက်ဆုံးတွင် သတိရသွား၏။
၎င်း၏ကျန်ရှိနေသော မျက်လုံးတစ်ဖက်မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လူငယ်လေး၏ စိတ်ကို မိန်းမောအောင် ပြုလုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်တွင် မြေခွေးနတ်ဆိုးသည် မိမိကိုယ်ကိုယ် အဖြူရောင်မြူခိုးများအတွင်း ပိတ်မိနေသည်ကို တွေ့ရှိသွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်သော ထောင်အိမ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးတွင် လူငယ်လေး၏ ပုံရိပ်များကိုသာ တွေ့နေရ၏။
၎င်းမှာ လွတ်မြောက်နိုင်ခြင်းမရှိသော အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ပင်။
အတိုင်းအဆမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုများက သူ၏နှလုံးသားကို တိုက်ခိုက်လာ၏။
မျက်လုံးများအတွင်းရှိ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး မျက်ဝန်းများမှာလည်း အာရုံလွင့်ပါးသွားလေသည်။
သူ၏စိတ်ဓာတ်မှာ နောက်ဆုံးတွင် ပြိုလဲသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ကျွန်တော် အခုပဲ ထွက်သွားပါ့မယ်... အခုချက်ချင်း သွားပါ့မယ်... တောင်းပန်ပါတယ်... အခုချက်ချင်း ထွက်သွားပါ့မယ်!"
၎င်း စကားမဆုံးမီမှာပင် တည်ငြိမ်သော အသံတစ်ခုမှာ နားထဲတွင် ပဲ့တင်ထပ်သွား၏။
"ငါက ဘယ်တုန်းက မင်းကို ထွက်သွားခွင့် ပေးခဲ့လို့လဲ"
လူငယ်လေး၏ တိုးညင်းသော စကားသံနှင့်အတူ မြေခွေးနတ်ဆိုးသည် သူ၏လည်ပင်းကို ဆုပ်ကိုင်ခံလိုက်ရသည်ကို ခံစားလိုက်ရပေသည်။
အသက်ရှူကျပ်သည့် ဝေဒနာကိုပင် မခံစားရသေးမီမှာပင် သူ၏လည်ပင်းမှာ အသာအယာ ချိုးဖျက်ခံလိုက်ရလေတော့သည်။
【အမြုတေပြီးပြည့်စုံခြင်းအဆင့်ရှိ မြေခွေးနတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်၊ စုစုပေါင်း သက်တမ်း ၅၈၀ဝ နှစ်၊ ကျန်ရှိသက်တမ်း ၄၁၀ဝ နှစ်၊ စုပ်ယူခြင်းပြီးဆုံး】
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၁၃၀၅၀ နှစ်။ အနှစ်သာရအဖြစ် ပြောင်းလဲနိုင်သည်】
【နတ်ဆိုး၏ မူလအစ - နတ်ဆိုးဝိညာဉ်များကို ပုံဖော်နိုင်သည်၊ မိမိအနားတွင် အစေခံရန်၊ ထာဝရ ကျွန်ပြုရန်၊ မည်သည့်အခါမျှ လွတ်မြောက်ခွင့်မရှိစေရန်၊ လောကဒုက္ခအားလုံးကို ခံစားစေရန်】
ရှန်းယီသည် မူလပုံစံ မြေခွေးအဖြစ် ပြန်လည်ပြောင်းလဲသွားသော နတ်ဆိုးအလောင်းကို သယ်ဆောင်ထားရင်း ၎င်း၏ မျက်နှာတွင် အံ့ဩရိပ်အချို့ နောက်ဆုံး၌ ပေါ်လာလေသည်။
သူသည် ယခင်က အမြုတေပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်ဆိုးလေးကောင်ကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ဤမျှသက်တမ်းနုနယ်သော နတ်ဆိုးကို တွေ့ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံး ဖြစ်ပေသည်။
အသစ်တိုးလာသော အချက်အလက်များကိုမူ ၎င်းက လှည့်ပင်မကြည့်ပေ။ နတ်ဆိုး ပုံဆောင်ခဲများ ဆိုလျှင် တော်သေး၏။ အနည်းဆုံးတော့ သိုင်းပညာများ ဖော်ထုတ်ရာတွင် ကူညီပေးနိုင်သည်။
အဖိုးတန်လှသော နတ်ဆိုးသက်တမ်းများကို သုံး၍ နတ်ဆိုးများကို ကျွေးမွေးရန်မှာမူ သူ၏ဦးနှောက်ထဲ ရေဝင်နေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဤမြေခွေးနတ်ဆိုးအပြင် ယခင်က အသိပေးချက်များအရ နတ်ဆိုးငယ် စုစုပေါင်း နှစ်ဆယ့်လေးကောင် ရှိပေသည်။ ငယ်သူ၊ ကြီးသူ၊ အသိဉာဏ်ပွင့်ရုံသာရှိသူမှ ပြီးပြည့်စုံခြင်းအစောပိုင်းအဆင့်အထိ ပါဝင်ပြီး ကျောက်စိမ်းအဆင့် အစောပိုင်းရှိ မြေခွေးအိုကြီးတစ်ကောင်လည်း ပါဝင်လေသည်။
အများဆုံးမှာ သက်တမ်း လေးရာခန့် ကျန်ရှိပြီး အနည်းဆုံးမှာ နှစ်ပေါင်း ဆယ်ဂဏန်းမျှသာ ကျန်ရှိ၏။ အားလုံးကို ပေါင်းလိုက်ပါက သက်တမ်း ငါးထောင်ကျော် ရရှိပေသည်။
ဤကဲ့သို့ မိသားစုတစ်ခုလုံး စုဝေးနေကြပြီး နတ်ဆိုးနှိမ်နင်းရေးဌာန ရောက်လာချိန်တွင်ပင် ထွက်မပြေးကြသည့် အခြေအနေမျိုးမှာ ချင်ကျိုးတွင်ပင် ထူးခြားလှ၏။
ရှန်းယီသည် နတ်ဆိုးအမြုတေကို ထုတ်ယူကာ ငွေရောင်ခေါင်းလောင်းလေးအတွင်းသို့ ထည့်လိုက်၏။ ထို့နောက် ၎င်း၏နှလုံးသွေးအဆီအနှစ် နှင့် စိမ်းပြာရောင် ရတနာဓားကိုလည်း သိမ်းဆည်းလိုက်လေသည်။
ရှန်းယီသည် နတ်ဆိုး၏အဝတ်အစားများကို ချွတ်၍ သေချာစွာ ရှာဖွေရာ ငွေဖြူရောင် အိတ်ငယ်လေးတစ်အိတ်ကို တွေ့ရှိသဖြင့် ၎င်းကိုလည်း သိမ်းဆည်းလိုက်လေသည်။
ထိုအခါမှသာ ၎င်းသည် ကမ်းပါးယံအောက်သို့ ပြန်လည်ဆင်းသက်လာပြီး ပျက်စီးနေသော အလောင်းကို အနီးကပ်တွဲဖက် ဒု-စစ်သူကြီး နှစ်ဦးထံသို့ ပစ်ပေးလိုက်၏။
"ကဲ၊ ပြန်ကြစို့"
ရှန်းယီသည် ဘိုင်ယွင်ခရိုင်ဆီသို့ ဦးတည်ကာ လှမ်းလျှောက်သွားလေသည်။
အနီးကပ်တွဲဖက် ဒု-စစ်သူကြီး နှစ်ဦးမှာမူ မြေခွေးနတ်ဆိုးအလောင်းကို ကိုင်ထားရင်း မူးနောက်နောက် ဖြစ်နေကြ၏။
ဤအလောင်းမှာ ကိုင်ထားရသည်မှာ အလွန်ပူလောင်လှသည်ဟု ခံစားနေကြရပေသည်။
"စစ်သူကြီးရှန်း... ကျုပ်တို့ လာတာက သူ့ကို သတိပေးဖို့လေ..."
စစ်သူကြီးချုပ်၏ ပိန်ပါးသော ခန္ဓာကိုယ်သည် ဤမျှကြီးမားသော ပြဿနာကို တကယ်ပင် ခံနိုင်ရည် ရှိပါ့မည်လော။
"ငါ သတိပေးခဲ့တာပဲလေ"
ရှန်းယီက ဇဝေဇဝါဖြင့် လှည့်ကြည့်ကာ ပြန်ပြောလိုက်၏။
ကောင်းကင်နေခွင်းလေးဖြင့် ထိုမျှ ကြီးမားသော ဆူညံမှုကို ဖန်တီးခဲ့ပြီး မိသားစုဝင် နှစ်ဆယ်ကျော်၏ အသက်များကို ရယူခဲ့ခြင်းမှာ တစ်ဖက်လူအတွက် ထွက်ပြေးရန် လုံလောက်သော သတိပေးချက် မဟုတ်ပါလော။