ငါ့ကိုအရူးမလုပ်နဲ့
Vol. 16 Ch. 151
နတ်ဆိုးနှိမ်နင်းရေးဌာန၏ ရုံးတော်အတွင်းရှိ လူသူဆိတ်ငြိမ်သော ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခုတွင်..
ညကားအတော်နက်နေချေပြီ။
အတွင်း၌တော့ မီးအိမ်များ လင်းထိန်နေဆဲဖြစ်ပြီး ရယ်မောသံများနှင့် စကားပြောသံများကို ရံဖန်ရံခါ ကြားနေရသည်။
စားပွဲပုလေး၏ နောက်တွင် အဘွားချမ်၏ မျက်နှာသည် ရှားရှားပါးပါး တည်ကြည်လေးနက်နေ၏။ သူမသည် စုတ်တံကိုကိုင်ကာ ရွှေရောင်မှတ်တမ်းစာအုပ်ပေါ်တွင် စာကြောင်းများ ရေးသားနေသည်။
ကျန်းချန်ယွင် သည် သူမ၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အဘွားဖြစ်သူ၏ အာရုံစိုက်နေပုံကို ကြည့်နေပေသည်။ ထို့နောက် ပဲပင်ပေါက်ကဲ့သို့ ဖြစ်နေသော လက်ရေးများကို ကြည့်လိုက်ရင်း အလိုအလျောက် အကြည့်လွှဲလိုက်မိ၏။
သူမ နုပျိုစဉ်က လှပသပ်ရပ်သော လက်ရေးဖြင့် ရေးသားခဲ့သည်ကို သူ မှတ်မိနေသေးပါသည်။
မဟာလနတ်ဆိုး နှင့် အချိန်အကြာကြီး နေထိုင်ခဲ့ရသဖြင့် စုတ်တံ ကိုင်ရသည်မှာပင် အနည်းငယ် ကိုးရိုးကားရား နိုင်လာခဲ့ပြီ။
ဂိုဏ်းစတားလူမိုက်များကဲ့သို့ပင် ပြည့်နှက်နေသော နတ်ဆိုးဖမ်းစီးသူ ဒါဇင်ပေါင်းများစွာသည် တိတ်တဆိတ် တန်းစီရန်ပင် ခက်ခဲနေပေ၏။
မိန်းကလေးတစ်ဦးက တခစ်ခစ်ရယ်ကာ သူမ၏ လုပ်ဖော်ကိုင်ဖက်ကို လှောင်ပြောင်လိုက်၏။
"နင် ပျော်ပွဲစားထွက်လာတာလား။ ကျောက်စိမ်းအဆင့် နတ်ဆိုးအငွေ့အသက် သုံးခုတည်းနဲ့ နင် ဘယ်လို မျက်နှာပြောင်တိုက်ပြီး ပြန်လာရဲတာလဲ"
"နင်နဲ့ မဆိုင်ပါဘူး"
ထိုအမျိုးသားက မျက်လုံးလှန်ကြည့်လိုက်ပြီး စားပွဲပေါ်မှ ကြေးခေါင်းလောင်းကို ကောက်ယူကာ အဆောက်အအုံထဲမှ ထွက်ခွာရန် လှည့်ထွက်လိုက်၏။ သူ့အတွက် စိမ်းသက်နေသော မျက်နှာတစ်ခု လာနေသည်ကို တွေ့လိုက်ရပေသည်။
သူ ရပ်တန့်လိုက်ပြီး အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မင်ရောင်ဝတ်ရုံနှင့် လူငယ်ကို မေးလိုက်သည်။
"ညီကို၊ ခင်ဗျားက လူသစ်ထင်တယ်။ ဒီကို အခုမှရောက်တာလား"
စောစောက သူ့ကို လှောင်ပြောင်ခဲ့သော မိန်းကလေးသည် လက်ကို အားပါးတရ ဝှေ့ယမ်းလိုက်၏။ သူမသည် သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော လင်းယောင်ပင်။
"သခင်ရှန်း ၊ ရှင်လည်း ပြန်ရောက်နေပြီလား"
ရှန်းယီ သည် ထိုအမျိုးသားကို ခေါင်းညိတ်ပြလိုက်ပြီး အဆောက်အအုံထဲသို့ ဝင်လိုက်သည်။
"သခင်"
ထိုအမျိုးသားသည် ခေတ္တမျှ ကြောင်သွားပြီး ဝင်ပေါက်တွင် ငြိမ်သက်စွာ ရပ်နေမိ၏။ ချက်ချင်းပင် အဘွားချမ်နှင့် ကျန်းချန်ယွင်တို့ ပြိုင်တူ မော့ကြည့်လိုက်ကြသည်ကို သူ တွေ့လိုက်ရသည်။
"မင်း ပြန်ရောက်တာ ဘာလို့ နှုတ်မဆက်တာလဲ"
ကျန်းချန်ယွင်သည် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ရာ အခြား နတ်ဆိုးဖမ်းစီးသူများ ချက်ချင်း အံ့အားသင့်သွားကြသည်။ မိုးကောင်းကင်ထက်မြင့်သော ရည်မှန်းချက်ရှိသည့် ခေါင်းဆောင်ကြီးကျန်း မှာ တကယ်တမ်းတော့ ခံစားချက်မဲ့သူ မဟုတ်ပေ။
"ခုလေးတင် ပြန်ရောက်တာ"
ရှန်းယီသည် အတန်း၏ အနောက်ဆုံးသို့ လျှောက်သွားလိုက်သည်။
အဘွားအိုချမ်သည် စုတ်တံကို မင်တို့လိုက်သည်။ လူများစွာ၏ ရှေ့မှောက်တွင် သူမသည် ငယ်ရွယ်ချင်ယောင် ဆောင်မနေတော့ပေ။
"ဒီကို လာခဲ့လိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က စကားကောင်းနေကြတာ၊ ခဏလောက် စောင့်ခိုင်းလိုက်လို့ ရပါတယ်"
အမှန်အတိုင်း ပြောရလျှင် ရှန်းယီ ဤကိစ္စတွင် ပါဝင်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူ ထွက်သွားသည်မှာ ဘယ်လောက်ကြာပြီနည်း။ အများဆုံး နှစ်လမပြည့်သေးပေ။ သူ စိတ်လောနေပုံပင်။
ကျန်းချန်ယွင်၏ အဆိုအရ ဤလူငယ်သည် ယုံအန်းမြို့ တွင် ကျားနတ်ဆိုးသုံးကောင်ကို သတ်ဖြတ်ခဲ့ပြီး တစ်ကောင်မှာ ကနဦးအမြုတေအဆင့် ဖြစ်သည်။
သာမန် အမြုတေဖွဲ့စည်းခြင်း နည်းစနစ် အတွက်ဆိုလျှင် ၎င်းမှာ သေချာပေါက် လုံလောက်သည်ထက် ပိုနေပြီ။
အဘွားချမ်၏ စကားဆုံးသည်နှင့် အခြား နတ်ဆိုးဖမ်းစီးသူများသည် သတိရှိရှိဖြင့် လမ်းဖယ်ပေးလိုက်ကြသော်လည်း သူတို့၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ပေါ်လာ၏။
ကြားဖြတ်ခြင်းမှာ ကိစ္စမရှိသော်လည်း လက်တွေ့ပြနိုင်သော စွမ်းရည်ရှိရမည်။ သူတို့က ထိုအရာကိုသာ အသိအမှတ်ပြုကြသည်။
ရှန်းယီ စားပွဲပုလေးဆီသို့ လျှောက်သွားသောအခါ ကျန်းချန်ယွင်က သတိပေးလိုက်၏။
"မင်းရဲ့ ခေါင်းလောင်းကို ထုတ်လိုက်"
ချက်ချင်းပင် လူငယ်လေးသည် အလင်းရောင်များ တောက်ပနေသော ငွေရောင်ခေါင်းလောင်းတစ်ခုကို စားပွဲပေါ်သို့ တင်လိုက်သည်။
မျက်စိကျိန်းလောက်သော ငွေရောင်အလင်းအောက်တွင် နတ်ဆိုးဖမ်းစီးသူများသည် အလိုအလျောက် အသက်အောင့်လိုက်မိကြသည်။
လင်းရိုယောင် တစ်ဦးတည်းသာလျှင် သူမ မျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်မှုကိုထိန်းချုပ်ထားသော အမူအရာဖြင့် ကြည့်နေ၏။ သူမသည် တစ်ကြိမ် ထိတ်လန့်ခဲ့ဖူးပြီးပြီ ဖြစ်ရာ သူမ၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း အလားတူ ခံစားစေချင်သည်မှာ သဘာဝပင်။
"ဒါပေမဲ့..."
လင်းယောင်သည် စားပွဲပေါ်သို့ အကြည့်ပို့လိုက်သည်။ သခင်မရှောင်ကို ယုံအန်းမြို့မှ ပြန်ပို့ပြီးနောက် လူငယ်လေး၏ ခရီးစဉ်တွင် အခြားသော အကျိုးအမြတ်များ ရှိမရှိ သူမလည်း သိချင်နေမိနေ၏။
အဘွားချမ်သည် ဘာမျှဆက်မပြောတော့ဘဲ လက်တစ်ဖက်ဖြင့် လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သည်။စားပွဲပေါ်ရှိ ငွေရောင်ခေါင်းလောင်းသည် အနည်းငယ် တုန်ခါသွား၏။
ထို့နောက် အကြိမ်အနည်းငယ် လည်ပတ်သွားသည်။
“…”
လင်းယောင်နှင့် နတ်ဆိုးဖမ်းစီးသူများ အားလုံး အနည်းငယ် ကြောင်အသွားကြ၏။
တုံ့ပြန်မှုတော့ ရှိသည်၊ သို့သော် အရှိန်အဝါ ဘယ်မှာနည်း။
ကျန်းချန်ယွင်သည် မျက်မှောင်ကြုတ်လျက် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်အောက်တွင် လူတိုင်းသည် အတင်းတုတ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး အချင်းချင်း အဓိပ္ပာယ်ပါသော အကြည့်များဖြင့်သာ ကြည့်ရဲကြသည်။
ထိုအရာကိုမြင်တော့ ကျန်းချန်ယွင်က ဖြည်းညှင်းစွာ အကြည့်လွှဲလိုက်၏။
ရှန်းယီ နတ်ဆိုးဖမ်းစီးသူ ဖြစ်လာသည်မှာ ဘယ်လောက်ကြာပြီနည်း။ သူသည် ကနဦးအမြုတေအဆင့် နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ပြီးပြီ။ ဤလူပျင်းများက သူ့အား မေးခွန်းထုတ်ရန် အရည်အချင်းရှိ၍လော။
သူ ခေါင်းအနည်းငယ် ငြိမ့်ပြကာ အားပေးလိုက်သည်။
"ကိစ္စမရှိပါဘူး။ မင်း ဝင်တာ နှစ်လပဲ ရှိသေးတယ်၊ မင်းရဲ့ ချီစုစည်းခြင်းနည်းလမ်း ကလည်း မကျွမ်းကျင်သေးဘူးလေ"
ဤစကားသံ ထွက်လာသည်နှင့် မူလက ဘာမျှမပြောရန် ရည်ရွယ်ထားသော နတ်ဆိုးဖမ်းစီးသူများသည် ထူးဆန်းသော အမူအရာကို ချက်ချင်းထုတ်ဖော်လာကြ၏။
နှစ်လ၊ မကျွမ်းကျင်သော ချီစုစည်းခြင်းနည်းလမ်း၊ ငွေရောင်ခေါင်းလောင်း။
ဤအရာသုံးခုကို လူတစ်ယောက်တည်းတွင် တွေ့ရသောအခါ သူတို့အတွက် မကောင်းသော အရာတစ်ခုနှင့် ဆက်စပ်တွေးတောရန် လွယ်ကူသွားပြီး နတ်ဆိုးဖမ်းစီးသူ အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကိုပင် ခြိမ်းခြောက်လာနိုင်သည်ဟု ယူဆမိကြသည်။
“…”
အဘွားချမ်သည် လူတိုင်း၏ အတွေးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ တည်ငြိမ်စွာ ပြုံးလိုက်၏။ သူမသည် အချိန်ဆွဲမနေတော့ဘဲ နောက်ထပ် လက်ဟန်သင်္ကေတတစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
သူမ ပေးလိုက်သော ငွေရောင်ခေါင်းလောင်းသည် မည်သူမဆို ကိုင်ဆောင်ထိုက်သော အရာမဟုတ်ကြောင်း ဤကလေးလေးများကို ပြသရမည်။
ငွေရောင်ခေါင်းလောင်းသည် အနည်းငယ် တုန်ခါသွားခဲ့၏။
နောက်တစ်ခဏတွင် အဆောက်အအုံတစ်ခုလုံးသည် ကြက်သွေးရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။
ပြင်းထန်သော သွေးညှီနံ့သည် လူတိုင်း၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူတို့၏ အမူအရာများကို ချက်ချင်းပင် အံ့အားသင့်မှုသို့ပြောင်းလဲသွားစေသည်။
ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော နတ်ဆိုး သွေးအဆီအနှစ် များကို သူတို့ တွေ့လိုက်ရ၏။ ၎င်းတို့မှာ ရေတွက်ရန် များလွန်းသဖြင့် ဖြစ်သလို ထည့်သွင်းထားပုံပင်။
အဘွားချမ်၏ တည်ငြိမ်သော အပြုံးသည် သူမ၏ မျက်နှာငယ်လေးပေါ်တွင် တောင့်တင်းသွား၏။
သူမ၏ လက်ထဲမှ စုတ်တံသည် အနည်းငယ် တုန်ခါသွားပြီး မင်စက်အချို့ မှတ်တမ်းစာအုပ်ပေါ်သို့ ကျသွားပေသည်။
ကျန်းချန်ယွင်၏ မျက်နှာသည် ထိန်းချုပ်မရအောင် ရှုံ့မဲ့သွားသည်။ သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း သွေးအဆီအနှစ်များကို ခွဲခြားရန် အလျင်စလို လှုပ်ရှားလိုက်သော သူ၏ လက်က သူ၏ အတွင်းစိတ် ထိတ်လန့်မှုကို ဖော်ပြနေ၏။
ပထမဆုံး၊ အသိဉာဏ်မြင့် နတ်ဆိုးငယ်များ၏ နှလုံးသွေးအဆီအနှစ် သုံးမျှင်။
ထို့နောက် ကနဦးအမြုတေအဆင့် နတ်ဆိုးများပိုင်ဆိုင်သော နှလုံးသွေးအဆီအနှစ် လေးမျှင်။
ထို့နောက် အမြုတေဖြစ်တည်ခြင်းအဆင့် နတ်ဆိုးများထံမှ နှလုံးသွေးအဆီအနှစ် ငါးမျှင်ကို ခွဲထုတ်လိုက်၏။
“…”
ကျန်းချန်ယွင်သည် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးပေ။ နတ်ဆိုး၏ အဆင့် မြင့်မားလေ သွေးချီပမာဏ ပိုသိပ်သည်းလာလေပင်။ သို့သော်လည်း တစ်ခုခုလွဲချော်နေသလို ဖြစ်နေ၏။
သူသည် ကျန်ရှိနေသေးသော သိပ်သည်းလှသည့် သွေးချီအစုအဝေးကို စိုက်ကြည့်နေပြီး သူ၏ အမူအရာသည် တဖြည်းဖြည်းနှင့် အခြားသူများကဲ့သို့ ထုံထိုင်းသွားတော့သည်။
အမြုတေပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးများ၊ သွေးချီ လေးမျှင်တိတိ လေထဲတွင် တိတ်ဆိတ်စွာ မျောပါနေသည်။ တစ်ခုစီသည် ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော အမည်နာမတစ်ခုကို ကိုယ်စားပြုလေ၏။
၎င်းတို့အနက် သူ အလွန် ရင်းနှီးသော တစ်ခုပင် ပါဝင်နေသည်... ရှီးထိုက်တောင်၏ တောသခင်။
ဤအဆင့်ရောက်သည့်တိုင်အောင် ကိစ္စက မပြီးဆုံးသေးပေ။
သွေးချီများ အားလုံးကို ဖယ်ရှားလိုက်သောအခါ အထူထဲဆုံး အမျှင်တစ်ခု ကျန်ရှိနေသေး၏။
အခြားသူများ မတုံ့ပြန်နိုင်မီ ကျန်းချန်ယွင်သည် နောက်သို့ ယိုင်သွားပြီး ထိုသွေးချီမျှင်ကို စူးစိုက်ကြည့်လိုက်သည်။
"ဒါက ဘယ်သူလဲ"
အဘွားချမ်သည် စုတ်တံကို ချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့၏။
သူမ၏ ရင်ထဲမှ အံ့သြမှုကို ငြိမ်သက်အောင် လုပ်နေသကဲ့သို့ပင်။
သို့သော် စားပွဲပေါ်တွင် တင်ထားသော လက်သေးသေးလေးနှစ်ဖက်မှာ ပို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ နောက်ဆုံးတွင် သူမသည် အမည်ကို ပြောလိုက်၏။
"သမင်ဖြူ "
ထိုအရာသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တစ်ဆယ့်နှစ်ဦးနှင့် ရွှေခေါင်းလောင်း နတ်ဆိုးဖမ်းစ္းသူများကို နှစ်ပေါင်းရာချီ၍ ရှုပ်ထွေးစေခဲ့သော ဖြစ်တည်မှုတစ်ခုပင်။
ယခုအချိန်တွင်မူ ၎င်းသည် လေထဲတွင် တိတ်ဆိတ်စွာ မျောပါနေပြီး လေပြင်းတစ်ချက် တိုက်လိုက်ရုံဖြင့် လွင့်ပျောက်သွားနိုင်မည့် ပုံစံရှိနေသည်။
အဘွားချမ်သည် တစ်ချိန်က နတ်ဆိုးဖမ်းစီးသူများနှင့် နတ်ဆိုးနှိမ်နင်းရေးဌာနသည် အခြေခံအားဖြင့် ကွဲပြားသော အဖွဲ့အစည်းများ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ သူတို့ အသုံးမပြုရဲသော လူများကို နတ်ဆိုးဖမ်းစီးသူများက အသုံးပြုရဲ၏။ မိမိကိုယ်ကို ထိခိုက်မည်ဟု ကြောက်ရွံ့သော ထက်ရှသည့် ဓားများကို နတ်ဆိုးဖမ်းစီးသူများက မကြောက်ရွံ့ကြပေ။
သို့သော် ယခုအချိန်တွင် ဤဓားသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ထက်ရှနေပေပြီ။ နောက်တစ်ခဏတွင် မိမိတို့၏ လည်ပင်းကိုပင် ဖောက်ထွင်းသွားတော့မည်ဟု ခံစားရစေ၏။
တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အအုံထဲတွင် မင်ရောင်ဝတ်ရုံနှင့် လူငယ်လေး တစ်ဦးတည်းသာလျှင် ယခင်ကဲ့သို့ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားပြီး ကြက်သွေးရောင် သွေးချီများကို အသုံးပြုကာ စားပွဲပေါ်ရှိ ငွေရောင်ခေါင်းလောင်းကို အရောင်မှိန်သွားစေရန် ပြုလုပ်လိုက်သည်။
ရှန်းယီ ငုံ့ကြည့်လိုက်၏။
"ကျွန်တော် ဘာနဲ့ လဲလှယ်နိုင်မလဲ"
သူက ထိုအရာကိုသာ ဂရုစိုက်သည်။
၎င်းကို ကြားလိုက်ရလျှင် ကျန်းချန်ယွင်သည် ယုံအန်းမြို့ရှိ ပင်မခန်းမထဲသို့ လူငယ်လေး ဝင်လာစဉ်က အမူအရာကို ရုတ်တရက် သတိရသွား၏။
နှစ်လ ကွာခြားသွားသော်လည်း အလွန် ဆင်တူနေတုန်းပင်။ သူ၏ မျက်လုံးများသည် လူငယ်လေးအပေါ်တွင် စူးစိုက်နေပြီး သွားများကိုတင်းတင်းစေ့ထားလိုက်၏။
သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သောအရိပ်အယောင်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာပေသည်။