အခန်း (၄-၆)
Vol. 1 Ch. 4-6
အခန်း ၄ - အခြေခံအဆင့်
ရှဖေးသည် ကမ္ဘာမြေအဖွဲ့ချုပ်၏ အဆင့် (A) နိုင်ငံသား စီမံခန့်ခွဲရေးရုံး၏ အပေါ်ဆုံးထပ်တွင် ထိုင်ကာ ကော်ဖီကို အေးအေးလူလူ သောက်နေခဲ့သည်။
ဤနေရာမှာ ဌာနမှူး ပိုဒေါ့စကီး၏ ရုံးခန်းဖြစ်သည်။ ရှဖေးသည် စီမံခန့်ခွဲရေး ဌာနချုပ်မှ သူ၏ လက်မှတ်များအတွက် အစီရင်ခံစာကို အတည်ပြုပေးမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
လေးစားဖွယ်ကောင်းသော အဆင့် (A) နိုင်ငံသားတစ်ဦး ဖြစ်လာသည့်အတွက် ဆုငွေအဖြစ် အဖွဲ့ချုပ်ဒေါ်လာ ၁၀၀,၀၀၀ ရရှိတော့မည်ကို တွေးမိသောအခါ ရှဖေးမှာ ဝမ်းမသာဘဲ မနေနိုင်ပေ။
“မစ္စတာ ရှဖေး၊ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်” ပိုဒေါ့စကီးသည် ပုံမှန်ထက် မြန်ဆန်သော အရှိန်ဖြင့် အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။
“ဒါကတော့ ခင်ဗျားရဲ့ အဆင့် (A) နိုင်ငံသား နိုင်ငံကူးလက်မှတ်ပါ။ ခင်ဗျားရဲ့ အဆင့်က အခြေခံ ကြယ်တာရာအလင်းအဆင့်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါရှိရင် ခင်ဗျားကို စကြာဝဠာ လူသားမဟာမိတ်အဖွဲ့ရဲ့ တရားဝင် နိုင်ငံသားတစ်ဦးအဖြစ် အသိအမှတ်ပြုမှာဖြစ်ပြီး စကြာဝဠာရဲ့ နေရာအနှံ့အပြားကို ခရီးသွားနိုင်မှာ ဖြစ်ပါတယ်” ပိုဒေါ့စကီးက ပြောရင်း အစိမ်းရောင် နိုင်ငံကူးလက်မှတ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
အမှန်စင်စစ်တွင် အဆင့်သတ်မှတ်ချက်ရှိသော စွမ်းအားရှင်နှင့် သာမန် အဆင့် (A) နိုင်ငံသားတို့အကြား သိသာထင်ရှားသော ကွဲပြားမှုတစ်ခု ရှိနေသည်။ သာမန် အဆင့် (A) နိုင်ငံသားများသည် အခြားဂြိုဟ်များသို့ သွားရန် ပိုက်ဆံလုံလောက်အောင် ရှိနေစေကာမူ ငြင်းပယ်ခံရမည် ဖြစ်သည်။
သူတို့က “မင်း ခုနစ်ခုမြောက် ဉီးနှောက်နယ်ပယ်တောင် မပွင့်သေးဘူး။ စကြာဝဠာကြီးက အရမ်းအန္တရာယ်များတယ်၊ မင်း အိမ်ပြန်တာက ပိုကောင်းပါလိမ့်မယ်” ဟု ပြောကြလိမ့်မည်။
ရှဖေးသည် နိုင်ငံကူးလက်မှတ်ကို ယူကာ အသေအချာ ကြည့်လိုက်သည်။ ၎င်းပေါ်တွင် ကြီးမားသော ရွှေရောင် ‘A’ စာလုံးမှာ ထင်ရှားနေပြီး ၎င်းမှာ ဂုဏ်သိက္ခာ၏ ပြယုဂ်ပင် ဖြစ်သည်။
“ဌာနမှူး ပိုဒေါ့စကီး၊ အဆင့် (A) နိုင်ငံသားတွေအတွက် သီးသန့်ပေးတဲ့ ဆုငွေရှိတယ်လို့ ကျုပ် မှတ်မိနေပါတယ် ” ရှဖေးက စမ်းကြည့်သည့်အနေဖြင့် မေးလိုက်သည်။
ရှဖေးအတွက်မူ အဖွဲ့ချုပ်ဒေါ်လာ ၁၀၀,၀၀၀ ဆိုသည်မှာ ကြီးမားလှသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ခြောက်ဂဏန်းရှိသော ငွေပမာဏကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ဖြစ်သည်။
“ကဲကဲ၊ တောင်းပန်ပါတယ်ဗျာ။ အဲ့ဒီအထူးဆုငွေက ပထမဆုံး လျှောက်ထားတဲ့သူ ၁၀,၀၀၀ အတွက်ပဲ ပေးတာပါ။ ခင်ဗျားက ၁၀,၀၀၁ ယောက်မြောက် လျှောက်ထားသူ ဖြစ်နေတော့” ပိုဒေါ့စကီးက အကူအမဲ့မဲ့ ဖြစ်နေသကဲ့သို့ လက်ကို ဘေးသို့ ဆန့်ထုတ်ပြလိုက်သည်။
“တောက် ” ရှဖေး ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားသည်။ ဒါဟာ ရယ်စရာကောင်းလှသည်။ ပထမဆုံး ၁၀,၀၀၀ ကိုပဲ ပေးပြီး သူက ၁၀,၀၀၁ ယောက်မြောက် ဖြစ်နေရသည်တဲ့။
ပိုဒေါ့စကီးက စိတ်ပျက်နေသော ရှဖေးကို ကြည့်ကာ “ဒါပေမဲ့ ကြယ်တာရာအလင်းအဆင့် ရောက်ရှိတဲ့သူတွေအတွက်တော့ ဆုငွေ ရှိပါသေးတယ်” ဟု ပြောလိုက်သည်။
ရှဖေး၏ မျက်လုံးများမှာ တောက်ပသွားပြီး နားကိုစွင့်ကာ အာရုံစိုက်ပြီး နားထောင်လိုက်သည်။
“ကြယ်တာရာအလင်း အဆင့်ကို ပထမဆုံး ရောက်ရှိတဲ့ နိုင်ငံသား ၁၀,၀၀၀ ဟာ ဆုငွေအဖြစ် အဖွဲ့ချုပ်ဒေါ်လာ ၂၀၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ် ခင်ဗျားရဲ့ ဘဏ်အကောင့် နံပါတ်က ဘယ်လောက်လဲ ကျုပ် အခုချက်ချင်း တစ်ယောက်ယောက်ကို ငွေလွှဲခိုင်းလိုက်ပါ့မယ်”
“နှစ်သိန်း ” ရှဖေးမှာ အခြေအနေများ ပြောင်းလဲသွားသဖြင့် အတိုင်းမသိ ဝမ်းသာသွားသည်။ “ဒါ ကျုပ်ရဲ့ ဘဏ်ကတ်ပါ”
ရှဖေးသည် ကြိုတင်ပြင်ဆင်ထားသော ဘဏ်ကတ်ကို ပိုဒေါ့စကီးထံသို့ ကမ်းပေးလိုက်သည်။ မကြာမီမှာပင် သူ၏ အကောင့်လက်ကျန်မှာ ၀ မှ ၂၀၀,၀၀၀ သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဌာနမှူး ပိုဒေါ့စကီးသည် ရှဖေးကို ရုံးခန်းအပြင်အထိ လိုက်လံပို့ဆောင်ပေးကာ “လူငယ်လေး၊ ဆက်ပြီး ကြိုးစားပါ။ အကယ်၍ မင်း အလယ်အလတ် ကြယ်တာရာအလင်း အဆင့်ကို ရောက်ရင် နောက်ထပ် ဆုငွေတစ်ခု ထပ်ရဦးမှာပါ” ဟု ပြောလိုက်သည်။
ခန်းမဆောင်ထဲတွင် ကမ္ဘာ့ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များမှာ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဝမ်ပင်းသည် ရှဖေးအား ထိုကုမ္ပဏီများနှင့် အနှောင့်အယှက်မရှိ ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးခန်းမတစ်ခု စီစဉ်ပေးခဲ့သည်။
ရှဖေး၏ ကျင့်ကြံမှုမှာ အခြေခံ ကြယ်တာရာအလင်း အဆင့်သို့ ရောက်ရှိနေကြောင်း ကြားရသောအခါ ထိုကုမ္ပဏီများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ပိုမိုကောင်းမွန်သော စာချုပ်များကို ကမ်းလှမ်းလာကြသည်။ စာချုပ်များပေါ်ရှိ သုည အစီအရီများမှာ များပြားလှသဖြင့် ရှဖေးပင် မျက်စိလည်သွားရသည်။
“လူကြီးမင်းတို့၊ ကျုပ်ကို ခင်ဗျားတို့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ခိုင်းဖို့ ဘာလို့ ဒီလောက်အထိ ကြိုးစားနေကြတာလဲဆိုတာ ကျုပ် နားမလည်နိုင်သေးဘူး” ရှဖေးက မေးလိုက်သည် “ကျုပ်ရဲ့ စွမ်းအားက အမြန်နှုန်းဖြစ်တယ်၊ ဒါဟာ ခင်ဗျားတို့အတွက် ဘာမှ အကူအညီဖြစ်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်”
ဘေးမှ စောင့်ကြည့်နေသော ဝမ်ပင်းက တခိခိ ရယ်မောလိုက်သည်။ “အခုက ခေတ်သစ်ကို ရောက်နေပြီလေ။ ဂြိုဟ်ပြင်ပ နည်းပညာတွေ ရုတ်တရက် ပေါ်လာတာက ကမ္ဘာပေါ်က စီးပွားရေးလုပ်ငန်းအားလုံးကို ထိတ်လန့်သွားစေခဲ့တယ်။ စကြာဝဠာ လူသားမဟာမိတ်အဖွဲ့ဆိုတာ စွမ်းအားကသာ အဓိကဖြစ်တဲ့ နေရာတစ်ခုပဲ။ အခြေခံ ကြယ်တာရာအလင်း အဆင့်ကို ရောက်တဲ့ နိုင်ငံသားတွေသာ တခြားဂြိုဟ်တွေကို သွားရောက်ဖို့ အရည်အချင်း ပြည့်မီတာပါ”
ရှဖေး ခေတ္တမျှ စဉ်းစားပြီးနောက် ရယ်မောလိုက်သည်။ “ကျုပ် အခု နားလည်သွားပြီ။ သူတို့က ကျုပ်ရဲ့ စွမ်းအားကို တန်ဖိုးထားလို့ မဟုတ်ဘဲ သူတို့ရဲ့ ကုမ္ပဏီ ကိုယ်စားလှယ်အဖြစ် ထားချင်ကြတာပဲ။ ကျုပ်ရဲ့ အခွင့်အရေးကို သုံးပြီး ဂြိုဟ်သားတွေနဲ့ စီးပွားရေး သဘောတူညီချက်တွေ လုပ်ချင်ကြတာကိုး”
ဝမ်ပင်းက ထိန်းထိန်းသိမ်းသိမ်းဖြင့် ခေါင်းညိတ်လိုက်သည်။ကုမ္ပဏီ ကိုယ်စားလှယ်များမှာ ဝန်မခံကြသော်လည်း သူတို့၏ မျက်လုံးများကတော့ ဒါကို တိတ်တဆိတ် သဘောတူနေကြသည်။
“ကျုပ် ကုမ္ပဏီတွေအတွက် ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ပေးဖို့ စိတ်မရှိပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကို အခုချက်ချင်း ဆုံးဖြတ်ဖို့တော့ အလျင်မလိုသေးဘူး။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျုပ်အတွက် တော်တော်လေး ပင်ပန်းခဲ့တယ်၊ ဒါကြောင့် ရက်အနည်းငယ်လောက် အနားယူဖို့ စဉ်းစားထားတယ်။ ဒါ ကျုပ်ရဲ့ အီးမေးလ်လိပ်စာပါ၊ ခင်ဗျားတို့ရဲ့ စာချုပ်တွေကို အီးမေးလ်ကနေ ပို့ထားပေးပါ၊ ကျုပ် အားလုံး စီစဉ်ပြီးရင် ခင်ဗျားတို့ကို ပြန်ပြီး ဆက်သွယ်ပါ့မယ်”
ပြောပြီးနောက် ရှဖေးသည် သူ၏ အီးမေးလ်လိပ်စာကို စာရွက်ပေါ်တွင် ရေးပေးလိုက်ရာ ကိုယ်စားလှယ်များမှာ သူတို့၏ မှတ်စုစာအုပ်များပေါ်တွင် အလုအယက် လိုက်လံ ကူးယူနေကြတော့သည်။
“ကျုပ်နောက်ကို လိုက်ခဲ့ပါ၊ ကျုပ် လိုက်ပို့ပေးပါ့မယ်” ဝမ်ပင်းက ပြောလိုက်သည်။
ဓာတ်လှေကားတံခါး ပိတ်သွားသည်နှင့် ဝမ်ပင်းက ရှဖေးကို လက်မထောင်ပြလိုက်သည်။ “မင်းရဲ့ ကိုင်တွယ်ပုံက တကယ့်ကို ပြောင်မြောက်ပါတယ်။ သူတို့ကို ရက်အနည်းငယ်လောက် စောင့်ခိုင်းထားတာက မင်းအတွက် ပိုကောင်းတဲ့ ကမ်းလှမ်းချက်တွေ ရလာစေမှာဖြစ်သလို ပြိုင်ဆိုင်မှုထဲကို ကုမ္ပဏီတွေ ပိုပြီး ဝင်လာစေလိမ့်မယ်”
ပဲနင်းဆူလာ ဘေကျင်းဟိုတယ်သည် ဘေကျင်းရှိ ကျော်ကြားလှသော ဝမ်ဖူကျင်း စီးပွားရေးလမ်းမထက်တွင် တည်ရှိသည်။ ၎င်းသည် နေရာကောင်းတွင် ရှိသလို သွားရလာရ လွယ်ကူပြီး အဆင့်အတန်းလည်း မြင့်မားလှသည်။
ဘေကျင်းသည် ၅-ကြယ်ပွင့် ဟိုတယ်များစွာရှိသော မြို့ကြီးတစ်မြို့ ဖြစ်သော်လည်း သမ္မတအဆင့် ဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်သော ဟိုတယ်မှာ ယိုထိုင် ဧည့်ဂေဟာအပြင် အနည်းငယ်သာ ရှိသည်။
အမေရိကန် သမ္မတဟောင်း နစ်ဆင်ပင်လျှင် ဤနေရာတွင် တည်းခိုခဲ့ဖူးရာ ၎င်း၏ အဆင့်အတန်း မြင့်မားမှုကို သက်သေပြနေခဲ့သည်။ ရှဖေးသည် သားရေစက်ရုံ အိမ်ရာမှ ပြောင်းရွှေ့လာပြီး လက်ရှိတွင် ဤနေရာ၌ တည်းခိုနေခြင်း ဖြစ်သည်။
မူလက ရှဖေးသည် တစ်ညလျှင် ၄၅၀ ဒေါ်လာ ကျသင့်သည့် သာမန်အခန်းကိုသာ ကြိုတင်မှာယူခဲ့ခြင်း ဖြစ်သည်။ မှတ်ပုံတင်စဉ်တွင် ရှဖေးက သူ၏ အဆင့် (A) နိုင်ငံသား နိုင်ငံကူးလက်မှတ်ကို ထုတ်ပြလိုက်သောအခါ မန်နေဂျာက ရှဖေး၏အခန်းကို တစ်ညလျှင် ၂,၈၀၀ ဒေါ်လာ တန်ဖိုးရှိသည့် စီးပွားရေးအခန်းသို့ ချက်ချင်း မြှင့်တင်ပေးခဲ့သည်။ သို့သော် ရှဖေးကို တစ်ညလျှင် ၄၅၀ ဒေါ်လာသာ ကောက်ခံခဲ့သည်။
ရှဖေးသည် ထိုကမ်းလှမ်းချက်ကို တည်ငြိမ်စွာပင် လက်ခံလိုက်သည်။ အခမဲ့ ပေးအပ်သော အအေးများ၊ သစ်သီးများနှင့် လက်ဆောင်များကိုလည်း မငြင်းဘဲ လက်ခံလိုက်သည်။ ရေပူချိုးပြီးနောက် ရှဖေးသည် နူးညံ့သော ကုတင်ပေါ်တွင် လှဲလျောင်းကာ ကောင်းကောင်း အိပ်စက်ရန် ပြင်ဆင်လိုက်သည်။
အီဂျစ်ဝါဂွမ်းဖြင့် သေသေသပ်သပ် ရက်လုပ်ထားသော အိပ်ရာခင်းများမှာ သင်းပျံ့သော ရနံ့လေးများကို ထုတ်လွှတ်နေသည်။ “ဒါကိုမှ ဘဝလို့ ခေါ်တာပေါ့” ရှဖေးသည် သူ၏ခန္ဓာကိုယ်ကို အညောင်းဆန့်လိုက်ပြီး ကုတင်ဘေးရှိ မီးအိမ်ကို ပိတ်လိုက်သည်။
“အာ” ထူးဆန်းသော အရာတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
မီးအိမ်ကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဖေးသည် သူ၏ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူသည် မှောင်ရီပျိုးစ လမ်းမတစ်ခုပေါ်တွင် ရောက်ရှိနေခဲ့သည်။
ကျယ်ဝန်းသော ကွန်ကရစ်လမ်းမှာ မှန်တစ်ချပ်ကဲ့သို့ ပြားချပ်နေပြီး ဝါကျင့်ကျင့် လမ်းဘေးမီးတိုင်မှာ တဖျတ်ဖျတ် ဖြစ်နေခဲ့သည်။
“သရဲ ဒါ ဘယ်နေရာလဲ” ရှဖေးမှာ အလွန်ပင် စိတ်ရှုပ်သွားသည်။ သူသည် ၅-ကြယ်ပွင့် ဟိုတယ်အခန်းထဲမှာ ရှိနေရမှာ မဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး တောထဲမှာ ရောက်နေရတာလဲ။
“ဟုတ်တယ်၊ ဒါ သရဲပဲ” ခြောက်ကပ်ကပ် အသံတစ်ခု ထွက်ပေါ်လာသည်။
ရှဖေး ရုတ်တရက် ကျောစိမ့်သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ရာ သွယ်လျသော အရိပ်တစ်ခု သူ့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
“အစ်ကို၊ သရဲတွေမှာ အရိပ်မရှိဘူးဆိုတာ မသိဘူးလား” ရှဖေးက ပြောလိုက်သည်။
“အဲ့ဒီလိုလား”
ထိုအသံ မဆုံးခင်မှာပင် အသံရှင်မှာ ရှဖေး၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ “ဒါပေမဲ့ ငါက အရိပ်ရှိတဲ့ သရဲတစ်ကောင် ဖြစ်နေလို့ပါ”
ရှဖေး၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ‘ဒီလောက် မြန်တဲ့အရှိန်။ သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ’
ရှဖေး သံသယဖြစ်နေသော်လည်း ၎င်းကို ထုတ်မပြခဲ့ပေ။
ရှဖေးသည် ထိုသူကို အသေအချာ အကဲခတ်လိုက်သည်။ ထိုသူသည် အရပ် ၁.၇ မီတာခန့် ရှိပြီး အလေးချိန်မှာ ၅၀ ကီလိုဂရမ်ထက် မပိုပုံရပေ။ အနက်ရောင် ဂျာကင်အင်္ကျီအောက်တွင် တူတစ်စုံကဲ့သို့ ပိန်လှီပြီး ရှည်လျားသော ခြေထောက်နှစ်ဖက် ရှိနေသည်။
သူ့တွင် ကြီးမားသော ပါးစပ်ရှိပြီး ပါးလွှာသော နှုတ်ခမ်းများမှာ အောက်သို့ ကွေးကျနေခဲ့သည်။ မျက်လုံးများမှာ ထူးဆန်းသော အညိုရောင်ရှိပြီး အနက်ရောင် မျက်နှာဖုံးတစ်ခုက သူ၏နဖူးနှင့် နှာခေါင်းကို ဖုံးအုပ်ထားသည်။
“မင်း ဘယ်သူလဲ” ရှဖေးက မေးလိုက်သည် “ပြီးတော့ ဒါက ဘယ်နေရာလဲ”
“ငါက ဖန်တန်ပါ၊ ဒါက ငါ့ရဲ့ စိတ်ကူးယဉ်နယ်မြေပဲ” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ပြန်ဖြေလိုက်သည်။
“ဖန်တန် ဟို စူပါလုပ်ကြံသတ်ဖြတ်သူ ဖန်တန်လား”
“ဟုတ်တယ်”
“ငါ့ကို ဒုက္ခပေးပြီး ကြယ်ပင်လယ်ပြာထောင်ထဲမှာ တစ်လခွဲလောက် နေခိုင်းခဲ့တဲ့ ဖန်တန်လား”
“အယ်… ဟုတ်ပါတယ်”
“စကြာဝဠာမှာ အကံအဆိုးဆုံး လုပ်ကြံသတ်ဖြတ်သူ ဖန်တန်ပေါ့”
“အဲ့ဒါက…”
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားမှာ အချိန်အတော်ကြာ ထစ်ထစ်အအ ဖြစ်နေပြီး ပြန်မဖြေနိုင်ခဲ့ပေ။
ရှဖေးသည် ဖန်တန်၏ အချက်အလက်များကို အလွန်ပင် ရင်းနှီးနေခဲ့သည်။ ဒဏ္ဍာရီများအရ ဤဖန်တန်သည် သူ၏တစ်သက်လုံးတွင် လူတစ်ယောက်ကိုသာ လုပ်ကြံခဲ့ဖူးပြီး ထိုသူမှာလည်း မှားယွင်းသော ပစ်မှတ်ဖြစ်နေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် သူသည် စကြာဝဠာ၏ အလိုရှိဆုံး ရာဇဝတ်ကောင်စာရင်းတွင် ပါဝင်ခဲ့ရပြီး သူ၏တစ်သက်လုံး လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
“ငါ မယုံဘူး” ရှဖေးက ခေါင်းခါလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက လေထဲတွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင် ရှုခင်းများမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရှဖေးသည် ရုတ်တရက်ဆိုသလို နက်ရှိုင်းလှသော ချောက်ကမ်းပါးများ ဝန်းရံထားသည့် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသော အေးစက်သည့် လေတိုးသံများကိုပင် သူ ကြားနေရသည်။
“အခုရော ဘယ်လိုလဲ” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ထပ်မံ မေးလိုက်သည်။
အရာအားလုံးမှာ ရုတ်တရက်ကြီး ဖြစ်သွားသဖြင့် ရှဖေးမှာ အံ့အားသင့်သွားရပြီး စဉ်းစားရန်ပင် အချိန်မရှိခဲ့ပေ။
“လန့်သွားတာပဲ မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
“လန့်သွားတာ ” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက နားမလည်သလို ဖြစ်နေခဲ့သည်။
ရှဖေး ခေတ္တမျှ စဉ်းစားပြီးနောက် “လန့်သွားတာ ဆိုတာက တော်တော်လေး ကောင်းတယ်လို့ ပြောတာပါ” ဟု ပြောလိုက်သည်။
“အော်” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ခေါင်းကို တရစပ် ညိတ်လိုက်သည်။ “ဒါ ငါ့ရဲ့ စိတ်ကူးယဉ်နယ်မြေပဲ၊ ငါ ဒီမှာ အရာအားလုံးကို ထိန်းချုပ်ထားတာ။ မင်းကို ပိုပြီးတော့ လန့်စရာကောင်းတဲ့ အရာတွေ ထပ်ပြပါ့မယ်”
ထိုအသံ မဆုံးခင်မှာပင် ရှဖေးသည် သဲကန္တာရတစ်ခုထဲသို့ ရောက်ရှိသွားပြီး ရေတွက်မရနိုင်သော ပိုးကောင်များမှာ သူတို့၏ အစွယ်များကို ထုတ်ကာ လက်သည်းများကို ဝှေ့ယမ်းနေကြသည်။ ၎င်းတို့မှာ ထူးဆန်းသော ပုံစံများရှိကြပြီး တင့်ကားများကဲ့သို့ ကြီးမားလှသည်။
ရှဖေးကို မြင်သောအခါ ထိုပိုးကောင်များမှာ ရူးသွပ်စွာဖြင့် သူ့ဆီသို့ ပြေးဝင်လာကြသည်။ သူတို့သည် လွှသွားကဲ့သို့သော အစွယ်များကို ထုတ်ကာ ထက်မြိလှသော လက်နက်များကို ဝှေ့ယမ်းနေကြရာ တကယ့်ကို ထိတ်လန့်စရာပင် ဖြစ်သည်။
“ကောင်းပြီ၊ မင်းက ဖန်တန်ဆိုတာ ငါ နားလည်ပါပြီ။ ပုံမှန်နေရာတစ်ခုကိုပဲ ပြန်ပြောင်းလိုက်ရအောင်” ရှဖေးသည် သူ၏ရင်ထဲမှ ကြောက်စိတ်ကို ထိန်းကာ ပြောလိုက်သည်။ နောက်ထပ် အလင်းတန်းတစ်ခု လက်သွားပြီးနောက် ရှဖေးသည် ခြေထောက်အောက်တွင် နူးညံ့သော သဲသောင်ပြင်ရှိသည့် ကမ်းခြေတစ်ခုပေါ်သို့ ရောက်ရှိသွားကာ အဝေးမှ လှိုင်းလုံးကြီးများကို လှမ်းမြင်နေရသည်။
“အစောက ပိုးကောင်တွေက ဘာတွေလဲ” ရှဖေးက ထိတ်လန့်နေဆဲ လေသံဖြင့် မေးလိုက်သည်။
“အဲ့ဒါတွေက စကြာဝဠာ လူသားမဟာမိတ်အဖွဲ့ရဲ့ ရန်သူတွေဖြစ်တဲ့ ‘ပိုးကောင်လူသားတွေပဲ”
“မင်း ငါ့ကို ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ”
“ပထမအချက်က ဒါက စိတ်ကူးယဉ်နယ်မြေပဲ၊ တကယ်မရှိဘူး။ ဒုတိယအချက်ကတော့ မင်းကို ငါ ကယ်တင်ခဲ့တာပဲ” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း ငါ့ကို ကယ်တင်ခဲ့တာ ဟုတ်လား”
“အင်း၊ မနေ့ညက မျိုးရိုးဗီဇ မြှင့်တင်ဆေး သောက်ပြီးတော့ မင်း သတိလစ်သွားတာ မှတ်မိလား”
ရှဖေး သူ၏ခေါင်းကို ပွတ်လိုက်သည်။ “ဟုတ်ပုံရပါတယ်။ ဒါပေမဲ့ အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”
“အဲ့ဒီလို မျိုးရိုးဗီဇ မြှင့်တင်ဆေးမျိုးက အာနိသင် အရမ်းပြင်းထန်တယ်၊ မင်းရဲ့ ခန္ဓာကိုယ်က ဒါကို မခံနိုင်ဘဲ မင်း သေလုနီးပါး ဖြစ်ခဲ့တာ။ ကံကောင်းလို့ မင်း ရေထဲကို လဲကျသွားပြီး မင်းရဲ့ အာရုံတွေကို ပိတ်ထားခဲ့လို့ ငါ မင်းကို ကူညီပြီး ဒီဘေးအန္တရာယ်ကနေ ကယ်ထုတ်နိုင်ခဲ့တာ” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အကယ်၍ မင်းပြောတာ အမှန်ဆိုရင်တောင် မင်း ငါ့ကို ဘာလို့ ကူညီခဲ့တာလဲ” ရှဖေးမှာ ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
“ငါက စိတ်ကူးပေါက်လို့ ကူညီလိုက်တာပါဆိုရင်ရော မင်း ယုံမလား”
ရှဖေး ခေါင်းခါလိုက်သည်။ “မယုံတာ သေချာတာပေါ့ မင်းကိုယ်မင်း ဖန်တန်လို့ ပြောခဲ့တယ်၊ ဖန်တန်ဆိုတာ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပဲ ဒါ့အပြင် တစ်လောကလုံး အလိုရှိနေတဲ့သူ တစ်ယောက်လည်း ဖြစ်နေသေးတယ် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အတွက် အရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာပဲ။ စူပါလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဘယ်လိုလုပ်ပြီး စိတ်ကူးပေါက်ရုံနဲ့ လုပ်ဆောင်မှာလဲ”
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် သဲသောင်ပြင်ပေါ်တွင် လှဲလျောင်းကာ စဉ်းစားနေသည့် အမူအရာ ဖြစ်နေသည်။
“တကယ်တော့ ငါက အရည်အချင်းမရှိတဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပါ ဒါကြောင့်လည်း ငါ မှားယွင်းတဲ့ ပစ်မှတ်ကို သတ်မိခဲ့ပြီး ဒီလိုအခြေအနေကို ရောက်ခဲ့ရတာပေါ့”
ရှဖေးသည် ဖန်တန်နှင့် အလွန်နီးကပ်စွာ ထိုင်နေခဲ့ပြီး သဲတစ်ဆုပ်ကို ကောက်ယူလိုက်သည်။ ဒါက ဖန်တန်၏ စိတ်ကူးယဉ်နယ်မြေ ဖြစ်နိုင်သော်လည်း ရှဖေး၏ လက်ထဲရှိ သဲများမှာ တကယ့်သဲများကဲ့သို့ ခံစားရပြီး စိုထိုင်းမှုကိုပင် သူ ခံစားနေရသည်။
“မင်း တကယ်ပဲ ဘယ်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကို သတ်လိုက်မိလို့ တစ်လောကလုံးက မင်းကို အလိုရှိနေရတာလဲ” ရှဖေးသည် ဤသူမှာ ဖန်တန် ဖြစ်နိုင်သည်ဟု တဖြည်းဖြည်း ယုံကြည်လာခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် လူတစ်ယောက်သည် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးနှင့် တွေ့ဆုံရန် ရှောင်ရှားကြမည် ဖြစ်သလို ရာဇဝတ်ကောင် စာရင်းဝင်တစ်ဦးအဖြစ်လည်း ဟန်ဆောင်မည် မဟုတ်ပေ။
“ဒီကိစ္စကို မင်း မသိတာက ပိုကောင်းပါလိမ့်မယ်” ဖန်တန်က ကျောက်ခဲလေး တစ်လုံးကို ကောက်ယူကာ ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။
“အို ပင်လယ်ကြီး မင်းက အရမ်းကြီးမားတာပဲ အို ကောင်းကင်ကြီး မင်းက အရမ်းပြာလွင်တာပဲ ကောင်းကင်နဲ့ ပင်လယ်ကြီးရယ် မင်းတို့က အမြဲတမ်း တိတ်ဆိတ်နေတာပဲ…”
“တော်ပြီ၊ တော်ပြီ၊ တော်ပြီ ” ရှဖေးသည် သူ၏နားနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ ”
“နားမခံသာဘူးလား ဒါ ငါ သေသေသပ်သပ် ဖန်တီးထားတဲ့ ကဗျာတစ်ပုဒ်လေ” ဖန်တန်က မျက်တောင်ခတ်ရင်း ပြောလိုက်သည်။
“ဖူး နားမခံသာရုံတင် မဟုတ်ဘူး၊ ဒါက တကယ့်ကို ဆိုးရွားလွန်းတာ ” ရှဖေး လုံးဝ အားနာခြင်းမရှိဘဲ ပြောလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို နားထောင်ရခြင်းမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
“ငါက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပါ၊ ဒါပေမဲ့ ငါက ကဗျာဆရာ တစ်ယောက်လည်း ဖြစ်တယ်” ဖန်တန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
‘အာ…’
ရှဖေးမှာ ဘာပြောရမှန်း မသိဖြစ်သွားသည်။ “ဒါဆို ကျုပ် မင်းကို အကြံပေးချင်တာက လုပ်ကြံသတ်ဖြတ်သူအဖြစ်ပဲ ဆက်ပြီး လုပ်ပါတော့”
ဖန်တန်က ဇွတ်တရိုး ပြောလိုက်သည် “ငါ့ဆရာက အမြဲပြောတယ်၊ ငါက လုပ်ကြံသတ်ဖြတ်သူထက် ကဗျာဆရာအဖြစ် ပိုပြီး ပါရမီရှိတယ်တဲ့”
“မင်းဆရာက မင်းကို လိမ်နေတာပါ”
ရုတ်တရက်ဆိုသလို ကမ္ဘာကြီးတစ်ခုလုံးမှာ အတိုင်းအဆမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့ပြီး ရှဖေး၏ အရေပြားမှတစ်ဆင့် အရိုးထဲအထိ စိမ့်ဝင်သွားခဲ့သည်။
“ငါ့ဆရာက လိမ်မပြောဘူး” ဖန်တန်က အေးစက်စွာ ပြောလိုက်သည်။ သူသည် အစောက သူကိုယ်သူ လှောင်ပြောင်ပြီး အရူးလုပ်နေသည့်သူနှင့် လုံးဝ မတူတော့ဘဲ အခုဆိုလျှင် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ရက်စက်သော သားရဲတစ်ကောင်နှင့် တူနေခဲ့သည်။
ရှဖေးမှာ မရည်ရွယ်ဘဲ တုန်လှုပ်သွားသည်၊ အဘယ်ကြောင့်ဆိုသော် ဖန်တန်သည် သူ၏ဆရာအကြောင်း ပြောလိုက်သည်နှင့် ဤမျှအထိ တည်ငြိမ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သောကြောင့် ဖြစ်သည်။
“ကျုပ် စကားပြန်ရုပ်သိမ်းပါတယ်” ရှဖေး အကူအမဲ့မဲ့ ပြောလိုက်သည်။ ဟာသတစ်ခုကြောင့်နှင့် စကြာဝဠာ၏ အလိုရှိဆုံး ရာဇဝတ်ကောင်ကို စိတ်မဆိုးစေချင်ပေ။
ဖန်တန် ပြုံးလိုက်သည်နှင့် လေထုထဲရှိ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏ အမူအရာ ပြောင်းလဲမှုမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသည်။
“ကဲ၊ အခု မင်း ဝန်ခံပြီလား၊ ငါ့ရဲ့ အစောက ကဗျာက တော်တော်လေး လန့်ဖို့ကောင်းတယ် (ကောင်းတယ်) ဆိုတာ”
ရှဖေးသည် အိုးတိုးအောင့်တောင့် မျက်နှာဖြင့် “လန့်ဖို့ကောင်းတယ်၊ တကယ့်ကို လန့်ဖို့ကောင်းပါတယ်” ဟု ပြောလိုက်သည်။
“ဒါဆို ဒီကဗျာကို နားထောင်ကြည့်ဦး” ဖန်တန်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ကာ အဝေးက ပင်လယ်ပြင်ကို ညွှန်ပြလိုက်သည်။ သူသည် အနုပညာဆန်သော လူငယ်တစ်ဦးနှင့် အနည်းငယ် တူနေခဲ့သည်။
“အို ပင်လယ်ကြီး၊ မင်းမှာ ငါးတွေ အများကြီး ရှိတာပဲ။ အို ငါးလေးတွေ၊ မင်းတို့က တကယ့်ကို လတ်ဆတ်ပြီး အရသာရှိတာပဲ…”
ရှဖေးသည် ဤကဲ့သို့သော မကြားဖူးသည့် ကဗျာကို နားထောင်ပြီးသောအခါ တစ်ကိုယ်လုံး ကြက်သီးများ ထသွားပြီး သူ၏နားများကိုပင် ဖြတ်ပစ်လိုက်ချင်စိတ် ပေါက်သွားခဲ့သည်။
“လန့်စရာပဲ ” ရှဖေး လက်ခုပ်တီးလိုက်သည်။ “တကယ်ကို၊ တကယ့်ကို လန့်စရာကောင်းပါတယ်”
“တကယ်ပဲ လန့်စရာကောင်းတာလား” ဖန်တန်က မေးလိုက်သည်။
ရှဖေးက လက်မထောင်ပြလိုက်ပြီး တစ်မျိုးသားလုံး အဓိပ္ပာယ်သက်ရောက်အောင် ပြောလိုက်သည် “သေချာတာပေါ့ စကြာဝဠာမှာ အလန့်စရာအကောင်းဆုံး ကဗျာဟာ မင်းရဲ့ကဗျာပဲ ဖြစ်ရမယ်၊ တခြားသူ မရှိနိုင်ဘူး”
ရှဖေး၏ ချီးကျူးမှုကို ရရှိပြီးနောက် ဖန်တန်မှာ ချက်ချင်းပင် တက်ကြွသွားသည်။ သူသည် လက်ကို ခါးထောက်ကာ နေဝင်ချိန်ကို မျက်နှာမူလိုက်သည်။
“ဒီနေ့ ငါ ကဗျာဉာဏ်တွေ ထွက်နေတယ်၊ စိတ်ကူးတွေလည်း အများကြီးပဲ။ ငါ နောက်ထပ် ကဗျာတစ်ပုဒ် ရေးဖို့ ဆုံးဖြတ်လိုက်ပြီ”
“မလုပ်ပါနဲ့ ” ရှဖေးက ပျာပျာသလဲ တားလိုက်သည် “စိတ်ကူးတွေဆိုတာ ထိန်းသိမ်းထားရမယ့် အရာတွေပါ။ အကယ်၍ အကုန်လုံးကို အခု သုံးပစ်လိုက်ရင် မင်းမှာ ကုန်သွားလိမ့်မယ်”
ဖန်တန်က သံသယဖြင့် မေးလိုက်သည်။
“အဲ့ဒီလိုလား”
“အချို့လူတွေအတွက်တော့ အဲ့ဒီလိုပါပဲ” ရှဖေးက တီးတိုး ပြောလိုက်သည်။
“ဒီလို လုပ်ရအောင်” ရှဖေး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။
“ကျုပ် မင်းကို ကဗျာတစ်ပုဒ် ရွတ်ပြရင်ရော ဘယ်လိုလဲ”
ဖန်တန်သည် စိတ်ဝင်စားသွားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဘေးတွင် ထိုင်ကာ လမ်းညွှန်မှုကို စောင့်ဆိုင်းနေသော နှိမ့်ချသည့် အမူအရာဖြင့် ရှိနေခဲ့သည်။ ရှဖေးသည် သဲသောင်ပြင်ပေါ်တွင် မှီလျောင်းကာ ထိုင်လိုက်ပြီး သူ၏လည်ချောင်းကို ရှင်းလိုက်သည်။
“နွေဦးပန်းတွေနဲ့ ဆောင်းဦးလမင်းဟာ ဘယ်တော့မှ ကုန်ဆုံးမှာလဲ။ အတိတ်က အကြောင်းအရာတွေကို ငါ ဘယ်လောက်အထိ သတိရနေမှာလဲ”
“မနေ့ညက အရှေ့လေညင်းက ငါ့အိမ်ကို နောက်တစ်ကြိမ် တိုက်ခတ်သွားခဲ့တယ်၊ ငါ့ဇာတိမြေက တောက်ပတဲ့ လမင်းကြီးအကြောင်းကို ငါ မတွေးဘဲ မနေနိုင်ခဲ့ဘူး”
“ကျောက်စိမ်းထွင်းထုမှုတွေကတော့ ကျန်ရှိနေဆဲပဲ၊ ဒါပေမဲ့ အနီရောင် ဆေးခြယ်မှုတွေကတော့ ပြောင်းလဲသွားခဲ့ပြီ”
“အကယ်၍ ငါ့မှာ ဝမ်းနည်းစရာတွေ ဘယ်လောက်ရှိလဲလို့ မင်းမေးရင် အရှေ့ဘက်ကို စီးဆင်းနေတဲ့ နွေဦးရေပြင် တစ်စင်္ကြံစာလောက် ရှိပါတယ်လို့ပဲ ဖြေရလိမ့်မယ်…”
ဖန်တန်၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းလေးများ ထွက်ပေါ်လာခဲ့သည်။
“အကယ်၍ ငါ့မှာ ဝမ်းနည်းစရာတွေ ဘယ်လောက်ရှိလဲလို့ မင်းမေးရင် အရှေ့ဘက်ကို စီးဆင်းနေတဲ့ နွေဦးရေပြင် တစ်စင်္ကြံစာလောက် ရှိပါတယ်…”
ဖန်တန်သည် ထိုကဗျာကို ဆယ်ကြိမ်မက ရွတ်ဆိုနေခဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။
‘ဟူး၊ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က တခြားသူတွေကို အတုခိုးပြီး ကဗျာရွတ်နေရတယ်၊ တကယ့်ကို သနားစရာပဲ’ ရှဖေး သူ၏စိတ်ထဲတွင် တွေးလိုက်သည်။
“ဒီကဗျာက တကယ်ကို… တကယ်ကို…” ဖန်တန်သည် ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး စကားပင် မပြောနိုင်တော့ပေ။
“ဒါကတော့ ပြောနေစရာ မလိုပါဘူး။ ဒါဟာ နှစ်ပေါင်း ၅,၀၀၀ စာ ယဉ်ကျေးမှုတွေ စုစည်းထားတာလေ” ရှဖေးက ဂရုမစိုက်သလို ပြောလိုက်သည်။
“ငါ့ကို သင်ပေးပါ၊ ငါ့ကို နောက်ထပ် ကဗျာတစ်ပုဒ် ထပ်သင်ပေးပါဦး” ဖန်တန်က အလုအယက် မေးလိုက်သည်။ ဤလုပ်ကြံသတ်ဖြတ်သူသည် ကဗျာများကို အမှန်တကယ်ပင် စိတ်ဝင်စားနေသည်မှာ သိသာလှသည်။ မဟုတ်ဘူး၊ ဒါဟာ စွဲလမ်းမှုတစ်ခုနှင့် ပိုတူနေခဲ့သည်။
“မင်းကို သင်ပေးရမယ် ” ရှဖေး သူ၏စိတ်ထဲတွင် ခဏတာ စဉ်းစားလိုက်သည်။
“မင်းကို သင်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကရော လျော်ကြေးအနေနဲ့ ဘာပေးနိုင်မှာလဲ”
အခန်း ၅ - ဖန်တန် (ဝိညာဉ်)
ဖန်တန်သည် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့သည်။ သူသည် ဝိညာဉ်တခုသာ ဖြစ်သလို ကျရှုံးခဲ့သော လုပ်ကြံသတ်ဖြတ်သူတဉီးလည်း ဖြစ်သည်။ သူသည် သေးငယ်သော မောစတုန်း ကျောက်တုံးလေးထဲတွင် နေထိုင်နေရရာ ရှဖေးကို လျော်ကြေးအနေဖြင့် အမှန်တကယ် ဘာပေးနိုင်မည်နည်း ။
ပင်လယ်လေက သူ၏မျက်နှာကို ဖြတ်တိုက်သွားချိန်တွင် ရှဖေးသည် သူ၏အဝတ်အစားများကို ချွတ်ကာ ပင်လယ်ထဲသို့ ခုန်ဆင်းပြီး လှိုင်းလုံးများကို အန်တုလိုက်သည် ။
ဒါက ဖန်တန်၏ စိတ်ကူးယဉ်ကမ္ဘာ ဖြစ်နိုင်သော်လည်း ဤပင်လယ်၏ ခံစားချက်ကတော့ တကယ့်ပင်လယ်နှင့် ဘာမှမခြားပေ ။ပင်လယ်ထဲတွင် တပတ်ကူးခတ်ပြီးနောက် ရှဖေးသည် ကမ်းခြေသို့ ပြန်လာကာ ဗလာကိုယ်ထည်ဖြင့် လှဲလျောင်းနေလိုက်သည် ။
ရှဖေး၏ ဘယ်ဘက် ပေါင်အတွင်းပိုင်းတွင် မည်သည့်အချိန်ကတည်းက ပုံစံတခု ရှိနေခဲ့သည်ကို မသိရပေ ။ ထိုပုံစံက အလွန်သေးငယ်ပြီး မထင်ရှားလှချေ။ ၎င်းက ပွင့်အာတော့မည့် ပန်းတပွင့်နှင့်ပင် တူနေခဲ့သည် ။
“အာ” ဖန်တန်က ရှဖေး၏ ပေါင်ကို အသေအချာ ကြည့်လိုက်သည် ။
“မင်း ဘာလုပ်နေတာလဲ” ရှဖေးသည် ခဏတာ ရွံရှာသွားပြီး ဖန်တန်ကို လိင်တူချစ်သူတဉီးကို ကြည့်သကဲ့သို့ ကြည့်လိုက်သည် ။ ထိုအရာက ရှဖေးကို အလွန်ပင် မသက်မသာ ဖြစ်စေခဲ့သည် ။
“ငါ သိပီ ငါမင်းကို ‘လရိပ်ခြေလှမ်းသင်ပေးနိုင်တယ် မင်းမှာ အလင်းရဲ့ အမြန်နှုန်းကို ကျော်လွန်နိုင်တဲ့ ပါရမီ ရှိတယ် အကယ်၍ မင်းသာ လရိပ်ခြေလှမ်းကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင် မင်းရဲ့ အနာဂတ်က အကန့်အသတ် ရှိမှာ မဟုတ်ဘူး” ဖန်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
“လရိပ်ခြေလှမ်း အဲ့ဒါက ဘာလဲ” ရှဖေးက ဝေခွဲမရဖြစ်နေခဲ့သည် ။
“လရိပ်ခြေလှမ်း ဆိုတာ ငါ့ဆရာဆီက အဆင့်မြင့်ဆုံး သိုင်းပညာပဲ ဒါက စစ်မှန်တဲ့ အထူးလုပ်ကြံသတ်ဖြတ်မှု နည်းပညာတခုကွ လူအများအပြားက သင်ယူချင်ကြပေမယ့် သင့်တော်တဲ့ ဆရာကို ရှာမတွေ့နိုင်ကြဘူး”
“အော် ဒါက လုပ်ကြံသတ်ဖြတ်မှု နည်းပညာတခုပေါ့ အဲ့ဒါကို သင်ယူပြီးရင် ငါက မင်းလိုမျိုး ကျရှုံးတဲ့ လုပ်ကြံသတ်ဖြတ်သူ ဖြစ်သွားမှာလား ဒါက ငါ့ကို သိပ်ပြီး ဆွဲဆောင်မှု မရှိဘူး မင်း တခြားတခုခုကိုပဲ စဉ်းစားလိုက်ပါဦး” ရှဖေးက ရယ်မောရင်း ပြောလိုက်သည် ။
ဖန်တန်က စိတ်မရှည်စွာဖြင့် “ဘာကျရှုံးတဲ့ လုပ်ကြံသတ်ဖြတ်သူလဲ ငါက တပည့်တွေထဲမှာ အညံ့ဆုံး ဖြစ်နေရင်တောင် ကြယ်တာရာတရားသူကြီးတဉီးကို တချက်တည်းနဲ့ သတ်နိုင်သေးတယ် ဒီနည်းပညာက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ ညံ့ရမှာလဲ”
ရှဖေးက ရယ်ကျဲကျဲဖြင့် မေးလိုက်သည် “မင်း အစောက ဘယ်သူ့ကို သတ်လိုက်တာလို့ ပြောလိုက်တာလဲ”
ဖန်တန်က သူ၏ခေါင်းကို ကုတ်လိုက်သည်။ သူ အစောက စကားအမှား ပါသွားခဲ့သည် ။
“ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ ငါ မင်းကို ပြောပြလို့ မရတဲ့ အရာတွေ ရှိနေသေးတယ် မင်း သိထားဖို့က မင်းဟာ မျိုးရိုးဗီဇ မြှင့်တင်ဆေး နဲ့ ခုနစ်ခုမြောက် ဉီးနှောက်နယ်ပယ်ကို ဖွင့်ထားပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံကို မြှင့်တင်ထားနိုင်ပေမယ့် ဒီဆေးမှာ မင်း စိတ်ကူးမယဉ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတခု ရှိနေတယ်”
“လက်ရှိမှာ မင်းက အကြီးမားဆုံးသော အလားအလာကို ပိုင်ဆိုင်ထားပေမယ့် တချိန်တည်းမှာပဲ မင်းရဲ့ ကျင့်ကြံမှုက ဘယ်နည်းပညာနဲ့မှ တိုးတက်လာမှာ မဟုတ်ဘူး ငါ့ရဲ့ အကူအညီ မပါရင် မင်းဟာ မင်းရဲ့တသက်လုံး သနားစရာကောင်းတဲ့ ကြယ်တာရာအလင်း အဆင့်မှာပဲ ရှိနေလိမ့်မယ်”
ရှဖေးသည် နားထောင်ရင်း ကြောင်အသွားပြီးနောက် မျက်တောင်ခတ်ကာ မေးလိုက်သည်။
“မင်း ဘာကို ဆိုလိုတာလဲ ငါ့ရဲ့ ကျင့်ကြံမှုက ဘာလို့ တိုးတက်မှာ မဟုတ်တာလဲ အကယ်၍ ငါ့ကျင့်ကြံမှုက တိုးတက်မှာ မဟုတ်ရင် လရိပ်ခြေလှမ်းကို သင်ပေးဖို့က ဘာလိုအပ်လို့လဲ ပြီးတော့ အကြီးမားဆုံးသော အလားအလာ ဆိုတာကရော ဘာကို ဆိုလိုတာလဲ”
ရှဖေး၏ စပ်စုလိုစိတ်က နိုးကြားလာသည်ကို မြင်သောအခါ ဖန်တန်သည် ဂုဏ်ယူသလို ခံစားလိုက်ရသည် ။
“ဒါက ဒီလိုရှိတယ်။ မင်းဟာ ပုံမှန်မဟုတ်ဘဲ ပြင်းထန်တဲ့ မျိုးရိုးဗီဇ မြှင့်တင်ဆေးကို သောက်သုံးခဲ့လို့ မင်းရဲ့ ခုနစ်ခုမြောက် ဉီးနှောက်နယ်ပယ်ကို အပြည့်အဝ ဖွင့်ပေးခဲ့ပြီ အခုချိန်မှာ မင်းက ၁၀၀ ရာခိုင်နှုန်း နိုးကြားနေတဲ့ အခြေအနေမှာ ရှိနေတယ်”
“မင်းရဲ့ ဘယ်ဘက်ပေါင်က နက်မှောင်တဲ့ ဘိန်းပန်းပုံစံက အကောင်းဆုံး သက်သေပဲ ဒီလို နက်မှောင်တဲ့ ဘိန်းပန်း တံဆိပ်ကို ပိုင်ဆိုင်တဲ့သူတွေဟာ အကန့်အသတ်မရှိတဲ့ အလားအလာ ရှိကြတယ် အကယ်၍ မင်းမှာ လုံလောက်တဲ့ ကံတရားတွေ ရှိရင် မင်းဟာ စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်ကို ရောက်ရှိနိုင်တယ် လူအများစုဟာ ခုနစ်ခုမြောက် ဉီးနှောက်နယ်ပယ်ကို ဖွင့်နိုင်ကြပေမယ့် သူတို့က ၁၀၀ ရာခိုင်နှုန်း မပွင့်တဲ့အတွက် အကန့်အသတ်မရှိတဲ့ အလားအလာ မရှိကြဘူး”
“မင်းက ခုနစ်ခုမြောက် ဉီးနှောက်နယ်ပယ်ကို အပြည့်အဝ ဖွင့်နိုင်ခဲ့ပေမယ့် အလွန်အမင်း ပြင်းထန်တဲ့ စွမ်းအင်တွေက မင်းရဲ့ ခန္ဓာကိုယ်အတွင်းက တိုးတက်မှုစနစ်ကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီ အနာဂတ်မှာ မင်းဟာ မင်းရဲ့ အဆင့်ကို တိုးမြှင့်ဖို့အတွက် ကျင့်ကြံခြင်းကို အားကိုးလို့ ရမှာ မဟုတ်ဘူး မင်းရဲ့ ကျင့်ကြံမှုကို တိုးမြှင့်ဖို့အတွက် ဆေးဝါးအမြောက်အမြားကိုပဲ အသုံးပြုရလိမ့်မယ်”
ရှဖေးက ခေါင်းညိတ်လိုက်သည် ။ “ငါ အခု နားလည်သွားပြီ မင်း ဆိုလိုတာက ငါ့အဆင့်ကို တိုးချင်ရင် မင်းပြောတဲ့ ဆေးဝါးတွေကို သောက်ရမယ် အဲ့ဒါမှ မဟုတ်ရင် ငါ့တသက်လုံး ဒီအဆင့်မှာပဲ ရပ်နေလိမ့်မယ်”
ဖန်တန်က ကောင်းကင်ကို အသာအယာ ညွှန်ပြလိုက်သည်။ ကောင်းကင်ယံတွင် ရုတ်တရက်ဆိုသလို ရေတွက်မရနိုင်သော ရှားပါးပြီး ထူးဆန်းသော အပင်များ၊ သတ္တဝါများနှင့် ဆေးရည်ပုလင်းများ ထွက်ပေါ်လာခဲ့သည် ။
“ကြည့်လိုက်၊ ဒါတွေက မင်းရဲ့ အဆင့်ကို တိုးတက်ဖို့ ကူညီပေးမယ့် ဆေးဝါးတွေပဲ။ ငါက ကျရှုံးတဲ့ လုပ်ကြံသတ်ဖြတ်သူ ဖြစ်နေတယ်ဆိုတာကို ဝန်ခံပေမယ့် ငါ့ရဲ့ တပည့်တွေထဲမှာ ဆေးဝါးပညာ နဲ့ ပတ်သက်ရင် ငါ့ဆရာကလွဲလို့ ဘယ်သူမှ ငါ့ထက် မတော်ဘူး။ ငါ့ရဲ့ အားသာချက်က လုပ်ကြံသတ်ဖြတ်မှု မဟုတ်ဘဲ အသိပညာဖြစ်တယ်” ဖန်တန်က အလွန်ပင် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည် ။
ရှဖေးက အားရပါးရ ရယ်မောလိုက်သည် ။ “အကို မင်းက မင်းရဲ့ ကဗျာတွေက တပည့်တွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့ပေမယ့် မင်းရဲ့ အဆင့်အတန်းကတော့ တကယ့်ကို ဆိုးရွားလွန်းပါတယ်”
ဖန်တန်၏ မျက်နှာက ပျက်သွားသည် ။ “မင်းရဲ့ ကဗျာတွေက ငါ့ထက် အများကြီး သာလွန်တာ အမှန်ပဲ ဒါကြောင့် ငါ မင်းကို ကူညီဖို့ ဆန္ဒရှိပါတယ် ငါ့ရဲ့ ဆေးဝါးအသိပညာနဲ့ အဆင့်မြင့် နည်းပညာဖြစ်တဲ့ လရိပ်ခြေလှမ်းကို လျော်ကြေးအနေနဲ့ ပေးပါမယ် ဒီအခြေအနေက လုံလောက်တယ် မဟုတ်လား”
“သဘောတူတယ်” ရှဖေးက တည့်တည့်တိုးတိုးပင် ပြန်ဖြေလိုက်သည် ။
ကဗျာလို့ ခေါ်တဲ့ အရာတွေက ရှေးလူကြီးတွေ ချန်ထားခဲ့တဲ့ အရာတွေသာ ဖြစ်သည်။ ၎င်းတို့ကို အသုံးပြုပြီး ဖန်တန်ဆီကနေ အဆင့်မြင့် နည်းပညာတခုနဲ့ လဲလှယ်ခြင်းက အရင်းအနှီးမရှိတဲ့ ကုန်သွယ်မှုတခုပင် ဖြစ်သည်။ အကယ်၍ ရှဖေးက သဘောမတူခဲ့ရင် သူကသာ ဉီးနှောက် ချို့ယွင်းနေသူ ဖြစ်လိမ့်မည် ။
...
ကမ္ဘာမြေ အဖွဲ့ချုပ် ၏ အဆင့် (A) နိုင်ငံသား စီမံခန့်ခွဲရေးရုံး၏ အပေါ်ဆုံးထပ်တွင် ကွန်ပျူတာတလုံး ရှိသည် ။
ဤကွန်ပျူတာသည် သာမန်ကွန်ပျူတာ မဟုတ်ပေ။ ၎င်းသည် ကြယ်တာရာ အင်တာနက်နှင့် ချိတ်ဆက်နိုင်သော အေအိုင် (AI) ကွန်ပျူတာ ဖြစ်သည် ။
ဤကွန်ပျူတာကို အသုံးပြုပြီး စကြာဝဠာ လူသားမဟာမိတ်အဖွဲ့ ၏ ကွန်ရက်ထဲသို့ ဝင်ရောက်နိုင်ပြီး မဟာမိတ်အဖွဲ့အတွင်းရှိ အခြားသော ဂြိုဟ်များနှင့် ချိတ်ဆက်နိုင်သည် ။
ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော ကွန်ပျူတာ ဆယ်လုံးသာ ရှိပြီး ၎င်းတို့အားလုံးသည် စကြာဝဠာ လူသားမဟာမိတ်အဖွဲ့မှ ပေးအပ်ထားသော လက်ဆောင်များ ဖြစ်သည်။ အာရှတိုက် တခုလုံးတွင် ပေကျင်း ဌာနခွဲအပြင် တိုကျိုဌာနခွဲတွင် နောက်ထပ် တလုံးရှိသည် ။
ကွန်ပျူတာ အသုံးပြုရန် လျှောက်ထားမှု လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ပြီးဆုံးပြီးနောက် ဝန်ထမ်းတဉီးက ရှဖေးကို ကွန်ပျူတာတပ်ဆင်ထားသည့် အခန်းသို့ ခေါ်ဆောင်သွားသည် ။
ကွန်ပျူတာကို ပိတ်ဆို့ထားသော အခန်းထဲတွင် တလုံးတည်း ထားရှိထားသည်။ ထူထဲသော သတ္တုတံခါးများက ဤအခန်းကို တင်းကျပ်စွာ ပိတ်ဆို့ထားပြီး အခန်းထဲတွင် ပြတင်းပေါက် တခုမျှ မရှိပေ ။
“လူကြီးမင်း၊ အခု အသုံးပြုလို့ ရပါပြီ။ ဒီကွန်ပျူတာက နာရီအလိုက် အခကြေးငွေ ယူပါတယ်။ တနာရီကို အဖွဲ့ချုပ် ဒေါ်လာ တသောင်း (၁၀,၀၀၀) ကျသင့်ပါတယ်။ လူကြီးမင်း ဘယ်လောက်ကြာကြာ အသုံးပြုချင်ပါသလဲ” ဝန်ထမ်းက ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်သည် ။
ရှဖေးသည် ရင်ထဲတွင် နာကျင်သွားသည် ။ သူသည် တနာရီလျှင် ဒေါ်လာ တသောင်း ပေးရမည် ဖြစ်သည်။ ဤပမာဏသည် သူ မျိုးရိုးဗီဇ မြှင့်တင်ဆေး မသောက်ခင်က ဘဝတွင် ခြောက်လစာ နေထိုင်ရန် လုံလောက်သော ပမာဏ ဖြစ်သည် ။
“ဒါဆို နှစ်နာရီပေါ့” ရှဖေးက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည် ။
ဝန်ထမ်းသည် ကွန်ပျူတာကို ဖွင့်ပေးပြီးနောက် အခန်းထဲမှ ထွက်ခွာသွားရာ လုံးဝ တိတ်ဆိတ်သွားခဲ့သည် ။
ဤကွန်ပျူတာသည် သာမန်လူများ အသုံးပြုနိုင်သော အရာမဟုတ်ပေ။ အဖွဲ့ချုပ်၏ အဆင့် (A) နိုင်ငံသားများသာ အသုံးပြုရန် လျှောက်ထားနိုင်သည့် အရည်အချင်း ရှိသည် ။
အမှန်စင်စစ်တွင် ကမ္ဘာမြေသည် စကြာဝဠာ လူသားမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်သည်မှာ ကာလတိုသာ ရှိသေးပြီး အဖွဲ့ချုပ်အတွင်း အဆင့် (A) နိုင်ငံသား အလွန်နည်းပါးသည် ။ ထိုကွန်ပျူတာ ဆယ်လုံးထဲမှ အများစုမှာ အချိန်အတော်များများတွင် အသုံးမပြုဘဲ ရှိနေတတ်သည် ။
စက်သည် စတုရန်းပုံစံ ဖြစ်သော်လည်း လှပသော ငွေရောင် အရောင်အဝါဖြင့် တောက်ပနေသည် ။ ၎င်းကို ဖွင့်လိုက်ပြီးနောက် ပုံရိပ်ယောင် မျက်နှာပြင်တခု ပေါ်လာခဲ့သည် ။ လူငယ်အမျိုးသမီးတဉီး၏ စက်ရုပ်အသံက “အယ်လ်ဖာ အမျိုးအစား-၃၇၉အေအိုင် ကွန်ပျူတာကို ဖွင့်လိုက်ပါပြီ ။ ချိတ်ဆက်မှုများ ပုံမှန်ရှိနေသည်။ ကျေးဇူးပြု၍ ညွှန်ကြားချက် ပေးပါ”
သူမသည် စကြာဝဠာသုံး အထွေထွေဘာသာစကား ဖြစ်သော ရှာလော့ဘာသာစကားကို အသုံးပြုနေသည် ။ ကမ္ဘာမြေသည် စကြာဝဠာ ယဉ်ကျေးမှု၏ အစောပိုင်း အဆင့်မှာသာ ရှိနေသေးပြီး အနည်းငယ်သော လူများသာ ကြယ်တာရာပြင်ပ ဘာသာစကားများကို ကျွမ်းကျင်ကြသည် ။ ၎င်းသည် အေအိုင် ကွန်ပျူတာများ၏ အသုံးပြုနှုန်း နိမ့်ကျနေရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည် ။
ဟုတ်ပါသည်၊ ဘာသာပြန် မိုက်ခရိုချစ်ပ် ထည့်သွင်းထားသော ရှဖေးအတွက်တော့ ၎င်းက ပြဿနာ မဟုတ်ပေ ။
“ ကြယ်တာရာ အင်တာနက်ထဲကို ဝင်လိုက်ပါ” ရှဖေးက ညွှန်ကြားလိုက်သည် ။
“ဟုတ်ကဲ့၊ ကျေးဇူးပြု၍ ခဏစောင့်ပါ...” အမျိုးသမီးတဉီးက အေးစက်သောအသံဖြင့် ပြန်ဖြေသည် ။
ပုံရိပ်ယောင် မျက်နှာပြင်သည် လက်ခနဲ ဖြစ်သွားပြီး ရှုပ်ထွေးသော စာလုံးများ ရှဖေး၏ ရှေ့တွင် ပေါ်လာခဲ့သည် ။
ရှုပ်ထွေးနေသော စာလုံးများနှင့် ပုံကြမ်းများက ရှဖေး၏ မျက်လုံးများကို ဝေဝါးသွားစေခဲ့သည် ။
ရှဖေးသည် ခေါင်းကိုက်သလိုသာ ခံစားလိုက်ရသည် ။ ကြယ်တာရာပြင်ပ လူသားတွေမှာ မြင့်မားတဲ့ နည်းပညာတွေ ရှိနိုင်ပေမယ့် သူတို့ကတော့ ဒီလို ရှုပ်ထွေးပြီး စိတ်မချရတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ထားကြသည် ။ အမြင်အာရုံ မကောင်းတဲ့သူတွေဆိုရင် ဘာမှ မြင်ရမှာ မဟုတ်ပေ ။
“မင်း ဖြည်းဖြည်းချင်း အသားကျသွားမှာပါ မင်းမှာ ပိုက်ဆံရှိလာရင် ပုံရိပ်ယောင် လက်တွေ့ဘဝ ဉီးထုပ်ကို ဝယ်လို့ရတယ် အဲ့ဒီကျရင် မင်းဟာ အထဲကို အမှန်တကယ် ရောက်နေသလို ခံစားရလိမ့်မယ်။ အခုတော့ ဒီလို ရိုးရှင်းတဲ့ ပြသမှုစနစ်နဲ့ပဲ ဖြစ်သလို လုပ်ထားလိုက်ပါဦး” ဖန်တန်က ပြောလိုက်သည် ။
“ပုံရိပ်ယောင် လက်တွေ့ဘဝ ဉီးထုပ် အဲ့ဒါက တော်တော် စိတ်ဝင်စားဖို့ ကောင်းပုံပဲ ။ အဲ့ဒါ ဘယ်လောက် တန်လဲ” ရှဖေးက မေးလိုက်သည် ။
ဖန်တန်က ရယ်မောလိုက်သည် ။ “အဲ့ဒါက သိပ်ပြီးတော့ ဈေးမကြီးပါဘူး အကယ်၍ မင်းမှာ ပိုက်ဆံရှိရင် အေအိုင် ကွန်ပျူတာကိုတောင် အဆင့်မြှင့်လို့ ရသေးတယ် ဒီစက်က အခြေခံ မော်ဒယ်ပဲ ရှိသေးပြီး မင်းကို အနီးဆုံး ကြယ်စုနယ်မြေရဲ့ ကွန်ရက်ကိုပဲ ဝင်ခွင့်ပေးနိုင်တယ် စကြာဝဠာမှာ ရေတွက်လို့ မရတဲ့ ကြယ်စုနယ်မြေတွေ ရှိနေပြီး မင်းသာ အရာအားလုံးကို ကြည့်ချင်တယ်၊ လုပ်ဆောင်ချက် အစုံအလင်ပါတဲ့ အေအိုင် ကွန်ပျူတာတလုံးကို ပိုင်ချင်တယ်ဆိုရင် ပိုက်ဆံ အမြောက်အမြား လိုလိမ့်မယ်”
“အရာအားလုံးက ပိုက်ဆံနဲ့ပဲ ဆိုင်နေတာပဲ” ရှဖေးက ခေါင်းခါလိုက်ပြီး မေးလိုက်သည် “ဖန်တန်၊ ငါတို့ တကယ်ပဲ မင်းရဲ့ နည်းလမ်းနဲ့ ပိုက်ဆံရှာနိုင်ပါ့မလား ဒီအခကြေးငွေက မသက်သာဘူး၊ ငါ့ရဲ့ သနားစရာကောင်းတဲ့ ဘဏ်စာရင်းနဲ့ဆိုရင် ငါတို့ နောက်ထပ် အနည်းငယ်ပဲ လာနိုင်တော့မယ်”
ဖန်တန်က သူ၏ခေါင်းကို အားပါးတရ ညိတ်လိုက်သည် ။
“လုံးဝကို ပြဿနာ မရှိပါဘူး မင်းရဲ့ ကဗျာတွေက အဲ့ဒီ ကဗျာချစ်မြတ်နိုးသူတွေကို ရူးသွပ်သွားစေမှာ သေချာတယ် အမှန်အတိုင်း ပြောရရင် ငါ ကဗျာလောကထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့တာတောင် ဒီလောက်အထိ ဆိုးရွားတဲ့ ကဗျာမျိုး တခါမှ မကြားဖူးဘူး”
အခန်း ၆ - ပထမဆုံးအကြိမ် ကျင့်ကြံခြင်း
စကြာဝဠာအတွင်း၌ ကဗျာချစ်မြတ်နိုးသူများစွာ ရှိနေကြပြီး ကဗျာဖိုရမ်သည် ထိုသူများ စုဝေးရာနေရာပင် ဖြစ်သည်။
ကမ္ဘာမြေသည် အန်ဒါရိုဟု ခေါ်သော ကြယ်စုနယ်မြေအတွင်း၌ တည်ရှိပြီး ရှဖေး သွားရောက်ခဲ့သော ကြယ်ပင်လယ်ပြာသည်လည်း ဤနယ်မြေအတွင်း၌ပင် ရှိသည်။
ကဗျာဖိုရမ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ရှဖေးမှာ မျက်လုံးများပင် ပြာသွားရသည်။
ဤဂြိုဟ်ပြင်ပ လူသားများ၏ ကဗျာများမှာ ဖန်တန်၏ ကဗျာများနှင့် အဆင့်အတန်း တူတူပင် ဖြစ်သည်။ ၎င်းတို့မှာ ဟာသကဗျာအဆင့်ပင် မရှိသော်လည်း ကဗျာကို စွဲလမ်းသူများမှာမူ အလွန်ပင် များပြားလှသည်။ ထိုဂြိုဟ်ပြင်ပ ယဉ်ကျေးမှုများမှာ နှစ်ပေါင်းသောင်းချီသော ကာလအတွင်း ဘာတွေကို သုတေသနပြုခဲ့ကြသည်ကို မသိရသော်လည်း ကဗျာပိုင်းတွင်မူ အလွန်ပင် နောက်ကျကျန်နေခဲ့သည်မှာ သေချာလှချေ။
ဖန်တန်၏ လမ်းညွှန်ချက်အတိုင်း ရှဖေးသည် အန်ဒါရို ကြယ်တာရာဘဏ်တွင် အကောင့်တစ်ခု အရင်ဆုံး မှတ်ပုံတင်လိုက်သည်။ ကြယ်တာရာဘဏ်အကောင့် ဖွင့်လှစ်ခြင်းမှာ အခမဲ့ဖြစ်သော်လည်း မှတ်ပုံတင်သူမှာ စွမ်းအားရှင် တစ်ဦး ဖြစ်ရမည့်အပြင် အနည်းဆုံး ကြယ်တာရာအလင်းအဆင့်ရှိရမည် ဖြစ်သည်။
ရှဖေး၏ နိုင်ငံကူးလက်မှတ် နံပါတ်မှာ စကြာဝဠာ လူသားမဟာမိတ်အဖွဲ့၏ အချက်အလက်မှတ်တမ်း ထဲတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ၎င်းက သူ့ကို လူသားမဟာမိတ်အဖွဲ့တစ်ခုလုံးက အသိအမှတ်ပြုသော အဆင့်အတန်းတစ်ခုကို ရရှိစေခဲ့သည်။ ထို့ကြောင့် ရှဖေးသည် ကြယ်တာရာ အကောင့်တစ်ခုကို မည်သည့် အခက်အခဲမျှမရှိဘဲ အဆင်ပြေချောမွေ့စွာ ရရှိခဲ့သည်။
အကောင့်ရရှိပြီးနောက် နောက်ထပ်အဆင့်မှာ ကဗျာတစ်ပုဒ်ကို တင်ပြီး ဝါသနာပါသူတစ်ဦးထံ ရောင်းချရန် ဖြစ်သည်။
အန်ဒါရို ကဗျာဝါသနာရှင်ဝဘ်ဆိုဒ်တွင် အလိုအလျောက် အရောင်းအဝယ်ပြုလုပ်သည့် စနစ်တစ်ခု ရှိသည်။ စာရေးသူအနေဖြင့် သူ၏ကဗျာကို ဝဘ်ဆိုဒ်ပေါ်တွင် တင်ထားရုံသာဖြစ်ပြီး ကဗျာကို နှစ်သက်သော ဝါသနာရှင်များရှိပါက ကြယ်တာရာဒင်္ဂါးများဖြင့် ဝယ်ယူနိုင်သည်။
ဤအရောင်းအဝယ်ပုံစံမှာ ကမ္ဘာပေါ်တွင် ခေတ်စားနေသော စာဖတ်ဝဘ်ဆိုဒ်များနှင့် အနည်းငယ် တူသည်။ စာရေးသူများက ကဗျာ၏ ပထမတစ်ဝက်ကို အခမဲ့တင်ပေးထားမည်ဖြစ်ပြီး ဒုတိယတစ်ဝက်ကိုမူ ငွေပေးချေရသော ပစ္စည်းတစ်ခုအဖြစ် ရောင်းချမည် ဖြစ်သည်။
ကဗျာတစ်ပုဒ်၏ တစ်ဝက်ကိုသာ မြင်တွေ့ရခြင်းမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှရာ စာဖတ်သူများအနေဖြင့် ထိုကဗျာကို အမှန်တကယ် နှစ်သက်ပါက ကဗျာအပြည့်အစုံကို သိမ်းဆည်းထားနိုင်ရန် ဒုတိယတစ်ဝက်ကို ဝယ်ယူရန် ဝန်လေးကြမည် မဟုတ်ပေ။
လူသားမဟာမိတ်အဖွဲ့၏ မူပိုင်ခွင့်ကာကွယ်ရေး ဥပဒေအရ မူလစာရေးသူ သေဆုံးသွားပါက ထိုလက်ရာကို ဥပဒေဖြင့် ဆက်လက်ကာကွယ်ထားမည် မဟုတ်ပေ။
ထို့ကြောင့် ရှဖေးအနေဖြင့် ရှေးလူကြီးများ၏ ကဗျာကို ရောင်းချခြင်းမှာ လုံးဝ တရားဝင်လှချေ။
ကမ္ဘာမြေအဖွဲ့ချုပ်၏ ယဉ်ကျေးမှုအဆင့်မှာ အလွန်နိမ့်ကျသဖြင့် ကုန်သွယ်မှုပြုလုပ်ရန်မှာ ခက်ခဲလှသည်။ ထိုအဖိုးတန် သတ္တုများနှင့် ဓာတုဗေဒပစ္စည်းများမှာ ဂြိုဟ်ပြင်ပ လူသားများ၏ မျက်လုံးထဲတွင် အမှိုက်ထက်ပင် တန်ဖိုးမရှိပေ။ အဖွဲ့ချုပ်၏ လက်ရှိ အရင်းအမြစ်များဖြင့် ကုန်သွယ်မှုပြုရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှုတစ်ခုနှင့်သာ တူနေခဲ့သည်။
အဖွဲ့ချုပ် အစိုးရအနေဖြင့်လည်း ဤကိစ္စတွင် အကူအညီမဲ့ ဖြစ်နေရသည်။ ကြယ်တာရာဒင်္ဂါးများ မရှိဘဲ အခြားသော ယဉ်ကျေးမှုဂြိုဟ်များနှင့် ကုန်သွယ်မှု မပြုနိုင်ပေ။ အကယ်၍ ပိုမိုမြင့်မားသော နည်းပညာများကို မိတ်ဆက်ချင်ပါက လူသားမဟာမိတ်အဖွဲ့၏ နှစ်စဉ်ထောက်ပံ့ကြေးကိုသာ အားကိုးရမည် ဖြစ်သည်။ စိတ်မကောင်းစရာမှာ ထိုထောက်ပံ့ကြေးမှာ အလွန်ပင် နည်းပါးလှသဖြင့် အသုံးပြုရန်ပင် မလုံလောက်ပေ။
ရှဖေးမှာမူ ထိုအခြေနေကို အသုံးပြုကာ ကမ္ဘာမြေ၏ ယဉ်ကျေးမှုကို ထုတ်ရောင်းလိုက်သည်။ ဒါသည် အဖွဲ့ချုပ် အစိုးရပင် မစဉ်းစားမိခဲ့သော နည်းလမ်းတစ်ခု ဖြစ်သည်။
ရှဖေးသည် ကဗျာ ၁၃ ပုဒ်ကို ဆက်တိုက် တင်လိုက်သည်။ ကဗျာတစ်ပုဒ်ချင်းစီ၏ ပထမတစ်ဝက်ကို အခမဲ့ပေးထားပြီး ဒုတိယတစ်ဝက်ကိုမူ အဖိုးအခ ပေးချေစေသည်။ ဈေးနှုန်းကိုတော့ ကဗျာတစ်ပုဒ်လျှင် ကြယ်တာရာဒင်္ဂါး ၁ ပြားစီသာ သတ်မှတ်ထားသည်။
ဖန်တန်က သက်ပြင်းချကာ ပြောလိုက်သည် “ကြယ်တာရာဒင်္ဂါး ၁ ပြားဆိုတာ အရမ်းနည်းလွန်းပါတယ် ဒီလောက် ကောင်းတဲ့ ကဗျာတွေကို အနည်းဆုံး ဒင်္ဂါး ရာဂဏန်းလောက်နဲ့ ဘာလို့ မရောင်းတာလဲ”
ရှဖေးမှာမူ ဖန်တန်ကို ဂရုမစိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဤဈေးနှုန်းမှာ လုံးဝ မနည်းသောကြောင့် ဖြစ်သည်။ နိုင်ငံခြားငွေ အလွန်ရှားပါးနေသော ကမ္ဘာမြေအဖွဲ့ချုပ်တွင် ကြယ်တာရာဒင်္ဂါး ၁ ပြားကို အဖွဲ့ချုပ်ဒေါ်လာ ၁၀,၀၀၀ ပေးပြီး ဝယ်မည့်သူများစွာ ရှိနေသည်။ အဆုံးတွင် အဖွဲ့ချုပ်တစ်ခုလုံး၌ ကြယ်တာရာဒင်္ဂါး အမြောက်အမြား မရှိသဖြင့် ရှားပါးမှုကြောင့် ၎င်း၏ တန်ဖိုးမှာ ကြီးမားလှချေ။
ကွန်ပျူတာကို ၁ နာရီနှင့် မိနစ် ၅၉ မိနစ် အသုံးပြုပြီးနောက် ရှဖေးသည် အချိန်မှန်ပင် စက်ပိတ်ကာ အခန်းထဲမှ ထွက်လာခဲ့ပြီး သူ၏ ခရက်ဒစ်ကတ်ဖြင့် အဖိုးအခများကို ပေးချေလိုက်သည်။
‘ဒါဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အင်တာနက်ဆိုင် ဖြစ်လိမ့်မယ်’ ရှဖေး ဒါကို တွေးမိရင်း နှမြောတသ ဖြစ်နေခဲ့သည်။
...
နောက်တစ်နေ့ နံနက်တွင် ရှဖေးသည် သူ၏ ခရီးဆောင်အိတ်ကို သယ်ဆောင်ကာ ဘေကျင်း၏ အနောက်ဘက် တောင်ကုန်းများဆီသို့ ရောက်ရှိလာခဲ့သည်။ ဖန်တန်၏ တောင်းဆိုချက်အရ ‘လရိပ်ခြေလှမ်း’ (Shadow of Moon) ကျင့်စဉ်ကို သဘာဝတရား၏ တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် ကျင့်ကြံရမည် ဖြစ်သည်။ ထို့ကြောင့် ရှဖေးသည် ဤကဲ့သို့သော လူသူကင်းမဲ့သည့် နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တောင်နှစ်လုံးကြားရှိ ချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး လူသူကင်းမဲ့သော်လည်း ငှက်သံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။ ချိုင့်ဝှမ်းတစ်လျှောက် စမ်းချောင်းလေးတစ်ခု စီးဆင်းနေသည်။ ဒါသည် လမ်းလျှောက် အပန်းဖြေရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။
“ဒီနေရာက အရမ်းကို လူပြတ်လွန်းတယ် မင်းရဲ့ စိတ်ကူးယဉ်နယ်မြေထဲမှာပဲ ကျင့်လို့ မရဘူးလား မင်း ဖန်တီးထားတဲ့ နေရာက ဒီနေရာထက် ဘာမှ မနိမ့်ပါဘူး” ရှဖေးက မေးလိုက်သည်။
ဖန်တန်က ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။ “အဲ့ဒါက စိတ်ကူးယဉ်နယ်မြေပဲလေ။ အကျိုးသက်ရောက်မှုက ဒီနေရာလောက် မရှိနိုင်ဘူး။ မင်းက အခုမှ ကျင့်ကြံခါစဆိုတော့ အခြေခံကောင်းဖို့က အရေးကြီးတယ်။ တကယ့် လက်တွေ့ကမ္ဘာက နေရာတစ်ခုကို ရွေးချယ်တာက ပိုပြီးတော့ သင့်တော်ပါတယ်” ဟု ဖန်တန်က ရှင်းပြလိုက်သည်။
ရှဖေး ဘာမှ ထပ်မပြောတော့ပေ။ လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားတစ်ဦးအနေဖြင့် သူသည် ငြင်းခုံမနေတော့ဘဲ အိတ်ကို ချလိုက်သည်။ ထို့နောက် စမ်းချောင်းလေးဘေးရှိ ထုံးကျောက်တုံးကြီး တစ်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
“တင်ပျဉ်ခွေ မထိုင်နဲ့၊ သဘာဝကျကျပဲ ထိုင်ပါ လုပ်ကြံသတ်ဖြတ်မှု နည်းပညာကို ကျင့်ကြံတဲ့အခါ အရေးကြီးဆုံးက ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်နေဖို့ပဲ။ မင်းဟာ မင်းရဲ့ ပတ်ဝန်းကျင်က ကျောက်တုံးတွေ၊ မြက်ပင်တွေနဲ့ ရောနှောနေပြီး လူသားနဲ့ သဘာဝတရား တစ်သားတည်းဖြစ်တဲ့ အခြေအနေကို ရောက်အောင် လုပ်ရမယ်။ ဒါက အရမ်း အရေးကြီးတယ်။ လုပ်ကြံသတ်ဖြတ်မှုဆိုတာ မမျှော်လင့်ထားတဲ့ အချိန်မှာ တိုက်ခိုက်ရတာပဲ။ ကိုယ့်ကိုယ်ကိုယ် လူမသိအောင် ထားပြီး တစ်ချက်တည်းနဲ့ အသက်ထွက်အောင် လုပ်ရမယ် ”
ထို့ကြောင့် ရှဖေးသည် ထုံးကျောက်တုံးပေါ်တွင် ဒီအတိုင်းပင် လှဲလျောင်းလိုက်သည်။ ယခုက နွေဦးရာသီ ဖြစ်သဖြင့် ချိုင့်ဝှမ်းအတွင်းမှာ အနည်းငယ် ချမ်းစိမ့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အောက်မှ အေးစက်သော လေထုမှာ ရှဖေး၏ အရေပြားထဲအထိ စိမ့်ဝင်နေခဲ့သည်။
“အအေးကို မကြောက်နဲ့၊ ဒါက ခံစားချက်တစ်ခုသက်သက်ပဲ။ မင်းဟာ ဘယ်သူလဲဆိုတာကို မေ့ပစ်လိုက်၊ အရာအားလုံးကို မေ့ပစ်လိုက်ပါ။ ငါပြောပြထားတဲ့ နည်းလမ်းအတိုင်း အသက်ရှူခြင်းကို ထိန်းညှိပါ။ မင်း စိတ်ကင်းမဲ့တဲ့ အခြေအနေ ကို ရောက်သွားပြီဆိုရင် အပူနဲ့ အအေးကြားမှာ ဘာမှ ကွဲပြားမှု ရှိတော့မှာ မဟုတ်ဘူး” ဖန်တန်က ညွှန်ကြားလိုက်သည်။
ရှဖေးသည် ဖန်တန်၏ ညွှန်ကြားချက်အတိုင်း အသက်ရှူခြင်းကို ထိန်းညှိလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖော်မပြနိုင်သော အရှိန်အဝါ စီးဆင်းမှုတစ်ခုမှာ သူ၏ အကြောများတစ်လျှောက် တဖြည်းဖြည်း လည်ပတ်လာခဲ့သည်။
ပတ်ဝန်းကျင်မှ အသံများမှာ တဖြည်းဖြည်း ပိုမို ကြည်လင်လာခဲ့သည်။ လေတိုးသဖြင့် သစ်ရွက်များ လှုပ်ခတ်သံ၊ ရေစီးသံ၊ ငှက်သံများသာမက ငါးများ အစာရှာနေသည့် အသံများပင် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ ငှက်မွေးတစ်မျှ ပေါ့ပါးလာပြီး လေထဲတွင် လွင့်ပါးနေသော သစ်ရွက်ခြောက် တစ်ရွက်ကဲ့သို့ပင် ခံစားလိုက်ရသည်။
ရှဖေး မထိန်းချုပ်နိုင်သော နွေးထွေးသည့် ခံစားချက်တစ်ခုမှာ တိုးဝင်လာခဲ့သည်။ ၎င်းမှာ လျင်မြန်သော လိပ်ပြာအုပ်စုတစ်ခုနှင့် တူနေခဲ့သည်။ ရှဖေးက ၎င်းတို့ကို စုစည်းရန် ကြိုးစားလေလေ၊ ၎င်းတို့က ပို၍ လွယ်ကူစွာ ရှောင်တိမ်းသွားလေလေ ဖြစ်နေခဲ့သည်။
“သူတို့ကို ထိန်းချုပ်ဖို့ မကြိုးစားနဲ့ဦး၊ အချိန်မတန်သေးဘူး။ အခုချိန်မှာ မင်းက သူတို့နောက်ကို လိုက်ပြီး ရှေ့ဆက်သွားရမယ်။ သူတို့ ဘယ်ကိုသွားသွား မင်းက သူတို့နောက်ကို လိုက်သွားပါ” ဖန်တန်က ရှဖေးကို အချိန်ကိုက် လမ်းညွှန်ပေးနေခဲ့သည်။
ရှဖေးသည် ဖန်တန် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ ဒါသည် ဂိမ်းတစ်ခုနှင့် တူနေပြီး ရှဖေး၏ ခန္ဓာကိုယ်အတွင်းရှိ ဖော်မပြနိုင်သော စွမ်းအင်များမှာ ရှဖေးနှင့် တဖြည်းဖြည်း ရင်းနှီးလာကာ အစောပိုင်းကကဲ့သို့ အန်တုမနေတော့ဘဲ ရှဖေးနှင့်အတူ လိုက်ပါရန်ပင် ကြိုးစားလာခဲ့သည်။
ရှဖေး တရားထိုင်နေသည့် အခြေအနေထဲတွင် နှစ်မြုပ်နေစဉ် အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်နှင့် ပတ်ဝန်းကျင်မှ သေးငယ်လှသော အသံဗလံများက သူ့ကို အံ့ဩဝမ်းသာ ဖြစ်စေခဲ့သည်။ ကျောက်တုံးတိုင်း၊ သစ်ရွက်တိုင်းမှာ စကားပြောတတ်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဒါသည် အံ့ဩစရာကောင်းသော ခံစားချက်တစ်ခု ဖြစ်သည်။ ရှဖေးအနေဖြင့် သဘာဝတရားနှင့် ဤမျှအထိ နီးကပ်သော အတွေ့အကြုံမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
“ကဲ၊ ပြန်လာခဲ့တော့” ဖန်တန်၏ အသံမှာ ရှဖေး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားရာ သူသည် အနည်းငယ် မလိုလားသော်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။ကောင်းကင်တွင် မိုးဖွဲဖွဲလေးများ ရွာနေပြီး သူ၏ အဝတ်အစားများမှာ လုံးဝ စိုရွှဲနေသော်လည်း သူ လုံးဝ သတိမထားမိခဲ့ပေ။
“မင်းက အစပြုသူတစ်ယောက်အနေနဲ့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ငါ ဝန်ခံရမယ် အကယ်၍ မင်းရဲ့ အရှိန်၊ ခွန်အားနဲ့ အသိအာရုံတွေသာ ထပ်ပြီး တိုးတက်လာမယ်ဆိုရင် မင်းဟာ ကြောက်စရာကောင်းတဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်” ဖန်တန်က ကျေနပ်စွာ ပြောလိုက်သည်။
ရှဖေးမှာမူ သူ၏ ဝမ်းဗိုက်ထဲတွင် အလွန်အမင်း ဆာလောင်မှုကိုသာ ခံစားနေရသည်။ “ကျုပ် ကျင့်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ”
“သုံးရက် တိတိပဲ”
“သုံးရက် ” ရှဖေး အံ့အားသင့်သွားသည်။ သုံးရက် တိတိမှာ သူ၏ အသိစိတ်ထဲတွင် နာရီအနည်းငယ်လောက်သာ ခံစားလိုက်ရပြီး သူ လုံးဝ သတိမထားမိခဲ့ပေ။
“ပစ္စည်းတွေ သိမ်းတော့၊ ငါတို့ ပြန်ကြမယ် မင်း ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် လုပ်တဲ့ နည်းပညာကို အစပိုင်း ထိန်းချုပ်နိုင်စွမ်း ရနေပြီ နောက်ထပ် အဆင့်မှာတော့ ပိုပြီး ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာ ကျင့်ကြံဖို့ လိုလိမ့်မယ်”
ဖန်တန် စိတ်ထဲမှ ရေရွတ်နေခဲ့သည်။
‘သုံးရက် ဒါ သုံးရက်မြောက်နေ့ပဲ ရှိသေးတယ်၊ သူက အရှိန်အဝါနယ်ပယ်နဲ့ ပတ်ဝန်းကျင်ကို တစ်သားတည်း ဖြစ်အောင် လုပ်နိုင်နေပြီ အရင်တုန်းက ငါ ဒါကို သုံးလလုံးလုံး ကျင့်ခဲ့ရတာ သူ့ကို ‘လရိပ်ခြေလှမ်း’ ရဲ့ ပထမအဆင့် ပြီးဆုံးသွားပြီဆိုတာ ပြောပြသင့်လား ထားလိုက်ပါတော့၊ ဒီလောက်အထိ မြန်မြန် တိုးတက်နေတာက လူတစ်ယောက်ကို မာနတက်စေနိုင်တယ် အခုလောလောဆယ်တော့ သူ့ကို ဒါတွေ မသိအောင်ပဲ ထားလိုက်ပါဦးမယ်’
ရှဖေးသည် အိတ်ထဲမှ အစားအစာများကို ထုတ်ကာ အားပါးတရ စားသောက်လိုက်သည်။ ဖန်တန်ကတော့ ကြည့်ရင်းနှင့်ပင် သွားရည်ကျနေသော်လည်း သူသည် ဝိညာဉ်တစ်ခုသာ ဖြစ်သဖြင့် အစားအစာများကို အကူအမဲ့မဲ့သာ ကြည့်နေနိုင်ခဲ့သည်။
ထိုအချိန်မှာပင် အန်ဒါရို ကဗျာဝါသနာရှင် ဝဘ်ဆိုဒ်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ထိုသူနှစ်ဉီး လုံးဝ သတိမထားမိခဲ့ကြပေ။