မင်းရဲ့လွတ်လပ်ခွင့်ကို ငါပြန်ပေးသင့်ပြီ
Vol. 42 Ch. 575
“ဝူး ဝူး ဝူး ”
ကျန်းရီက ချင့်ချိန်စဉ်းစားနေချိန် အရှေ့ဘက် ကောင်းကင်၌ ထူးဆန်းသည့် အသံတစ်သံက ပဲ့တင်သံ ထပ်လာပြန်၏။ ဖုန်းလန်က ကြည့်လိုက်ရာ သူမ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားတော့သည်။ သူမက ကျန်းရီကို အမြန်ဆွဲချလိုက်ရာ ကျန်းရီကို ထိတ်လန့်သွားစေပြီး သူကနောက်ထပ် ကြည့်တောင်မကြည့်ရဲတော့ချေ။
အရှေ့ဘက် ကောင်းကင်မှ နောက်ထပ်လူတစ်ယောက် ပျံသန်းလာ၏။ သူကအလွန်ငယ်ရွယ်ပြီး အသက် ၁၇နှစ်၊ ၁၈နှစ်ဝန်းကျင်သာ ရှိပုံပေါ်၏။ သူ၏အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး သူကလည်း ပျံသန်းနေတာ မဟုတ်ပေ။ သူက ဧရာမ ထူးဆန်းသော သားရဲ၏ ဦးခေါင်းခွံနှင့်တူသည့် လက်နက်အသုံးအဆောင်ပေါ်၌ ရပ်နေတာပဲဖြစ်သည်။ သားရဲဦးခေါင်းက အနည်းဆုံး တစ်ဆယ်မီတာ အချင်းရှိပြီး အနက်ရောင် အလင်းတစ်ခု စီးဆင်းနေလေ၏။ စီးဆင်းနေသည့် အပေါ်၌ မီးခိုးရောင် စကားလုံးများ ရှိနေပြီး ဦးခေါင်းခွံနားတောင် မကပ်ရသေးခင် မိစ္ဆာလေတို့ ဝှေ့တိုက်လာသည်က ကျန်းရီနှင့် ဖုန်းလန်တို့ ဦးရေပြားများကို ထုံကျင်သွားစေတော့သည်။
ထိုလူငယ်က အလွန်ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားလျက် လူကြီးတစ်ဦးပမာ အနီရောင်ဝတ်ရုံကို ဝတ်ထားလေ၏။ သူ၏ဆံပင်၌ ကျစ်ဆံမြှီးငယ်လေးများဖြင့် ပြည့်နေပြီး လည်ပင်း၌ အမည်မသိ သားရဲအရိုးများဖြင့် ပြုလုပ်ထားသော လည်ဆွဲ ဆွဲထားလေသည်။ သူက အလွန် ဖျတ်လတ်ပုံပေါ်သော်ငြား သူ၏မျက်လုံးထဲ၌ နိမိတ်မကောင်းသည့် အရိပ်အယောင်တစ်ခု ပြည့်နေလေ၏။ ဖုန်းလန်က တစ်ချက်မျှသာကြည့်ပြီး ထပ်မကြည့်ရဲတော့ချေ။ ထိုလူ၏ အာရုံစိုက်မှုကို ရရှိသွားပြီး မလိုလားအပ်သော ပြဿနာများ ကြုံရမှာကို ကြောက်နေမိ၏။
“ဟမ့် ”
ပြီးနောက် ထူးဆန်းသောလူငယ်က ရုတ်တရက် နှာမှုတ်လိုက်ရာ ကျန်းရီနှင့် ဖုန်းလန်၏နားထဲ မိုးကြိုးခြိမ်းသံပမာ ပေါ်ထွက်လာပြီး ကျန်းရီ၏ နားစည်ကို သွေးများစီးကျလာစေ၏။ ဖုန်းလန်၏ မျက်ဝန်းက သတ်ဖြတ်လိုစိတ် ဖြတ်ခနဲ ပေါ်လာသော်ငြား ကျန်းရီက သူမလက်ကို အမြန်ဆုပ်ကိုင်ထားလိုက်ကာ အဆင်အခြင်မဲ့ မလှုပ်ရှားရန် ညွှန်ကြားလိုက်သည်။ ထိုလူငယ်က ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါမျိုး မတည်ရှိသော်ငြား သူကအလွန် ထူးဆန်းပြီး မိစ္ဆာသိုင်း ကျင့်ကြံနေတာ ဖြစ်လောက်သည်။ သည်းခံပြီး ဘာမှ အချင်းမများတာက အကောင်းဆုံးပဲဖြစ်သည်။
ကံကောင်းသည်မှာ ထိုလူက ကျန်းရီနှင့် ဖုန်းလန်တို့ကို အမှန်တကယ် စိတ်ထဲမထားပေ။ သူက လက်နက်များအတွက် သွားကြည့်ရန် အလျင်လိုနေတာ ဖြစ်နိုင်၏။ ထို့ကြောင့် မိစ္ဆာလေများ တဝီဝီတိုက်ခတ်နေသော ဧရာမဦးခေါင်းခွံပေါ်၌ ရပ်လျက် အနောက်မြောက် အရပ်ဆီသို့ ပျံသန်းသွားတော့သည်။
“သခင်လေး အဆင်ပြေရဲ့လား ”
ဖုန်းလန်က လက်ကိုင်ပဝါ တစ်ထည်ကိုထုတ်လျက် ကျန်းရီနားမှ စီးကျနေသော သွေးများကို ညင်သာစွာ သုပ်ပေးလိုက်သည်။ ကျန်းရီခေါင်းခါလိုက်တာကို မြင်သည့်အချိန်၌ သူမက စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“သခင်လေး နဂါးညှိုးရော်မြက်ကို လုဖို့စဉ်းစားနေတာလား ”
“ခွီး ခွီး ငါအဲ့ဒီအကြောင်းပဲ တွေးနေတာ ”
ကျန်းရီက မနှစ်မြို့စွာ ရယ်မောလိုက်သည်။ ထိုဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်၌ ယင်းအမည်တွင် သူထုခဲ့ပုံကို ညွှန်ပြနေသော အမည်နာမ ရှိနေလေ၏။ အရှေ့ဘက် တော်ဝင်နယ်မြေမှ ဂုဏ်သတင်းကြီးသော မျိုးနွယ်စုများ၏ သခင်လေးများ၊ သခင်မလေးများစွာက ရောက်လာလေပြီး နတ်မြင်းပျံနယ်မြေ၏ ကျွမ်းကျင်သူများနှင့် ပန်းရဉ်နယ်မြေမှ လူများကို စေလွှတ်လိုက်လေရာ ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်၌ သိုင်းပညာရှင်များစွာ စုဝေးနေမှာ သေချာ၏။ သူထိုနေရာသို့ သွားနိုင်မည်လားဆိုတာတောင် ပြောရန်ခက်ခဲသည်။ သူကနတ်ဘုရားနန်းတော်ကို သွားနိုင်ခဲ့လျှင်တောင် ကျန်သည့်သူများထံမှ မည်ကဲ့သို့ လုရမည်နည်း။
ခြေလှမ်းတစ်သောင်း နောက်ပြန်ဆုတ်ခြင်း
သူက နဂါးညှိုးရော်မြက်ကို လုယူနိုင်ခဲ့လျှင်တောင် သိုင်းပညာရှင်များစွာ လိုက်တာခံရမှာ သေချာနေသည်။ သခင်လေးဖေးထျန်း တပ်မှူးများက သူ့ကိုခွေးတစ်ကောင်ကဲ့သို့ ပြေးစေရန် လုံလောက်နေပြီဖြစ်၏။ ထိုမျိုးနွယ်စုများ၏ မျိုးဆက်များလိုက်တာ ခံရမည်ဆိုလျှင် သူမြေလျိုးမိုးပျံလျှင်တောင် သေမှာပဲဖြစ်သည်။
သို့သော် နဂါးညှိုးရော်မြက်က နတ်ဆေးပင်တစ်မျိုးဖြစ်ပြီး နှစ်တစ်သောင်းလျှင် တစ်ကြိမ်သာ ပေါ်ပေါက်လာ၏။ တစ်ပင်ပေါ်လာတိုင်း သိုင်းပညာရှင်များစွာ တိုက်ခိုက်ကြ၏။ သူကထိုတစ်ခုကို မရဘဲ ကောင်းကင်ဖီဆန်နိုင်သည့် ကံကောင်းမှုဖြင့် နောက်တစ်ခု ကြုံတွေ့နိုင်ခဲ့လျှင်တောင် သူက ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရဦးမည်လော။
နဂါးညှိုးရော်မြက် မရှိဘဲ သူ၏ပျက်စီးနေသော ခန္ဓာကိုယ်က ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပေ။ သူ၏ရိုးတွင်းချင်စီနှင့် သွေးကြောများကို မသန့်စင်ဘဲ ဆက်လက် ကျင့်ကြံနိုင်တော့မှာ မဟုတ်ပေ။ သူ၏တတိယမြောက် ကြယ်စာလုံး အသွင်ပြောင်းသည့်အချိန်၌ သူ၏အတွင်းအားတို့က အရိုင်းဆန်လာပြီး သူ့ကိုသတ်မိလောက်သည်။ သူကစတုထ္တမြောက် ကြယ်စာလုံးကို ဆက်လက် ကျင့်ကြံမည်ဆိုလျှင် ခန္ဓာကိုယ် ပေါက်ကွဲပြီး သေမှာသေချာနေ၏။
အတွေးက အမြစ်၊ အတွင်းအားက အရင်းအမြစ်၊ စိတ်ဝိညာဉ်က အုတ်မြစ်ပဲ။
ထိုကဏ္ဍသုံးခုလုံးကို လျှော့တွက်၍ မရပေ။ သူ၏အတွင်းအားက သေချာသော နယ်ပယ်တစ်ခု မရောက်နိုင်ခဲ့လျှင် သူကအမြင့်ဆုံးအဆင့် တာအိုပုံစံကို နားလည်သဘောပေါက်ခဲ့လျှင်တောင် တစ်ဘဝလုံး ဗာဂျရာနယ်ပယ်တွင်သာ ပိတ်မိနေမှာပဲဖြစ်သည်။
သူနှင့်သိုင်းခန်းမက ရန်သူတော်များဖြစ်ပြီး ကျန်းပိုင်လီက သိုင်းခန်းမဆောင်၏ လက်ထဲ၌ သေဆုံးခဲ့သည်။ သူ၏ဖခင်ကို သတ်သွားသည့် ရန်ကြွေးအတွက် လက်စားချေရမည်။ စုလောရွှယ်ကို ကျီထင်ယွီက အရှေ့ပိုင်း တော်ဝင်နန်းဆောင်ဆီသို့ ခေါ်သွား၏။ သူက သူမသည် သူအချစ်မြတ်နိုးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုသူ ကယ်တင်ရပေမည်။ သူ၏ခွန်အားလေးများဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်ခဲ့လျှင်တောင် သူမည်သည်ကိုများ ဆောင်ရွက်နိုင်မည်နည်း။
ထို့ကြောင့် နဂါးညှိုးရော်မြက်ကို ရရှိရန် မရှိမဖြစ် လိုအပ်နေသည်။ ယခုအချိန်၌ တစ်ပင်ပေါ်လာသော်ငြား သူကကူကယ်ရာမဲ့စွာ ကြည့်နေရသည်က သူ၏ရင်ထဲ အမုန်းတရားတို့ ဖြစ်ပေါ်စေ၏။
“ထားလိုက်တော့ အန္တရာယ် များလွန်းပါတယ်လေ ငါသေသွားရင် ကိစ္စ မရှိပေမဲ့ ရှောင်နူ၊ ဝူရွှမ်း၊ ဝမ်ကွမ်နဲ့ ကျန်တဲ့လူတွေက ငါနဲ့လိုက်သေကြမှာ အရှေ့ပိုင်း တောဝင်နယ်မြေကိုသွားပြီး ယွီဝန်ကို အရင်ရှာတာပဲကောင်းမယ် ”
ကျန်းရီက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့၏။ ရီဖျောင်ဖျောင် အသက်ရှင်နေသေးကြောင်း ကြားလိုက်ရသည့် အချိန်တွင် သူ့ရင်ထဲ၌ ထိုမျှော်လင့်ချက် အပိုစောင်း ရှိလာလေသည်။ သူမကို သူအောင်မြင်စွာ ရှာနိုင်ခဲ့လျှင် စုလော့ရွှယ်ကို ကယ်တင်ရန် သူမကို အကူအညီ တောင်းနိုင်လောက်သည်။ နဂါးညှိုးရော်မြက်ကိုရှာပြီး လက်စားချေသည်က သူ၏အချိန်ကို နှေးစေမှာပဲဖြစ်သည်။
ရီဖျောင်ဖျောင်က ဆန်းကြယ်သည့် တည်ရှိမှုဖြစ်ပြီး သူမက ရီချန်းဖော၏သမီး မဟုတ်လျှင်တောင် ကိစ္စမရှိပေ။ သူမ၌ အလွန်ထူးကဲသော နောက်ခံတစ်ခုရှိမှာ သေချာနေသည်။ ကျန်းရီက ကြီးမားသည့် သိုင်းခန်းမဆောင် မြောက်ပိုင်းဧကရာဇ် ဝူရှန်းနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် သူ၏မိခင်အရင်းကို အားကိုးရလျှင် ရှက်မိမှာမဟုတ်ပေ။
ဆုံးဖြတ်ချက် ချပြီးဖြစ်ရာ ကျန်းရီက များများစားစား မတွေးတော့ချေ။ ခဏတာ စောင့်ဆိုင်းပြီး မည်သူမှ ထပ်မလာတော့တာ မြင်တွေ့ပြီးနောက် ပတ်ဝန်းကျင်ကို လိုလိုမယ်မယ် စစ်ဆေးရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ရန် ဖုန်းလန်ကို အမိန့်ပေးလိုက်တော့၏။ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက လေပြေနှယ် အရပ်မျက်နှာအနှံ့ အကန့်အသတ်မဲ့ ဆန့်တန်းသွားတော့၏။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် သူမျက်လုံးဖွင့်ကာ အချက်ပြလိုက်တော့သည်။
“ပင်လယ်ကမ်းခြေကို သွားကြရအောင် အခုလုံခြုံသွားပြီ ”
“သခင်လေး နဂါးညှိုးရော်မြက်ကို ကျွန်မတို့တွေ မယူဘူးလား ”
ဖုန်းလန်သည် ကျန်းရီအစောပိုင်းက စိတ်နှစ်နေပုံကို မြင်ခဲ့၏။ သူမက တွေဝေနေကာ အံ့ကြိတ်လျက် ပြောတော့သည်။
“သခင်လေးအဲ့ဒါကို တကယ်လိုချင်တယ်ဆိုရင် ဖုန်းလန်က သခင်လေးအတွက် အသက်စွန့်ပြီး ယူပေးပါ့မယ် ”
“အမ် ”
ကျန်းရီက ရင်ထဲ တုန်လှုပ်သွားတော့သည်။ သူ့အတွက် ဖုန်းလန်က အရင်ဦးဆုံး ပြုလုပ်ပေးသည့် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ထို့အပြင် သူမအသက်ကိုတောင် စွန့်စားရန် ပြင်ဆင်ထားသည်။ ဖုန်းလန်က ရင်ထဲထိရှသွားပြီးနောက် ပြုံးပြလိုက်တော့၏။ သူကလက်ဆန့်ထုတ်ကာ ဖုန်းလန်၏ပုခုံးကို ပုတ်လျက် စိတ်ရင်းမှန်ဖြင့် ပြောလိုက်တော့သည်။
“ဖုန်းအာ မလိုဘူး မင်းကိုကျေးဇူးတင်တယ် သွားကြရအောင် ”
ကျန်းရီ ရည်ရွယ်ချက် ခိုင်မာပုံကို ကြားပြီးနောက် ဖုန်းလန်က များများစားစား မပြောတော့ဘဲ သူ့ကိုသယ်လျက် ပင်လယ်ကမ်းခြေဆီသို့ ပျံသန်းသွားတော့သည်။ နှစ်ဦးလုံးက အစထဲက ပင်လယ်နှင့်မဝေးရာ လေးနာရီခန့်ကြာပြီး ပျံသန်းခြင်း အရိပ်ပင်လယ်ကို မြင်နေရပြီဖြစ်သည်။
ပျံသန်းခြင်း အရိပ်ပင်လယ်က ပျံသန်းခြင်း သားရဲပင်လယ်ကဲ့သို့ပင် ဖြစ်သည်။ ယင်းက နယ်မြေနှစ်ခု ပိုင်းခြားထားသော ကုန်းတွင်းပိုင်း ပင်လယ်တစ်ခုဖြစ်သည်။ ယင်းကို ကြီးမားသည်ဟု သတ်မှတ်၍မရ။ အစွမ်းထက်သော ပင်လယ်နတ်ဆိုး များများစားစား မရှိချေ။ ပင်လယ်ကမ်းခြေ၌ နတ်မြင်းပျံ အင်ပါယာ၏ စစ်သားများ ပြည့်နေပြီး အနောက်ဘက် ပင်လယ်ကမ်းခြေထက် အစောင့်အကြပ် ပိုထူ၏။ ပင်လယ်၏ မျက်နှာချင်းဆိုင်တွင် ပန်းရဉ်နယ်မြေရှိပြီး ပန်းရဉ်အင်ပါယာ၏ ခွန်အားက နတ်မြင်းပျံ အင်ပါယာနှင့် အဆင့်တူပေသည်။
“ပင်လယ် သွားကြရအောင် ”
ကျန်းရီက ထောက်လှမ်းရန်အတွက် သူ၏ကောင်းကင် စိတ်အာရုံကို သုံးပြီးနောက် လမ်းကြောင်းတစ်ခု မြန်မြန်ဆန်ဆန် ရှာဖွေလိုက်သည်။ သူကတွေဝေမနေတော့ဘဲ ပင်လယ်ဆီသို့ ခေါ်သွားရန် ဖုန်းလန်အား ပြောလိုက်လေ၏။
ပင်လယ်ထဲသို့ သွားလာသည်နှင့် သူတို့နှစ်ဦးလုံးက မရပ်တန့်ခဲ့ပေ။ ဖုန်းလန်က ကျန်းရီကိုသယ်ပြီးနောက် ကင်းလှည့်နေသော အဖွဲ့များကို ရှောင်တိမ်းလျက် နက်ရှိုင်းသော ပင်လယ်ဒေသထဲသို့ ပျံသန်းသွားတော့သည်။ ကျန်သည့်ကင်းလှည့်အဖွဲ့များ မရှိတာကို အတည်ပြုပြီးနောက် ကျန်းရီကဖုန်းလန်ကို ပင်လယ်အောက်ခြေဆီသို့ ခေါ်သွားခိုင်းပြီးနောက် သူတို့သည် ဧကရီနန်းတော်ထဲ၌ အနားယူရန် ဝင်လိုက်ကြတော့သည်။
ရက်ပေါင်းများစွာ ခရီးနှင်ပြီး ယခုအန္တရာယ်ထဲမှ လွတ်မြောက်လာပြီးနောက် သူတို့က စိတ်အေးနေကြပြီဖြစ်သည်။ ဧကရီနန်းတော်ထဲ၌ အခန်းတစ်ခန်းဆီကိုရှာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ကြသည်။
၁၆နာရီကြာ အိပ်ပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ နိုးလာတော့၏။ သူပြုလုပ်သည့် ပထမဆုံးအရာက ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တာပဲဖြစ်သည်။ အားလုံးလုံခြုံနေကြောင်း အတည်ပြုပြီးနောက် ဧကရီနန်းတော်ထဲရှိ အခြေအနေကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို သုံးလိုက်၏။
ကျန်းရှောင်နူက တကယ်တံခါးပိတ် ကျင့်ကြံနေတာလား။ သူတစ်ခုခုကို နားလည်သဘောပေါက် သွားတာများလား။ သူက မှင်ရည်တောင်ပံ မျိုးနွယ်စုရဲ့ မှင်ရည်ငှက်မွှေး ဒုတိယအဆင့်ကို နားလည်သဘောပေါက်နိုင်ခဲ့မယ်ဆိုရင် အသွင်ပြောင်းပြီးတဲ့နောက် ကောင်းကင်ဧကရာဇ်တစ်ယောက်ရဲ့ ခွန်အားရှိလာနိုင်တယ်။ ကျန်းရီကရှေ့ကို ကြည့်လိုက်လေ၏။
ယွင်ဖေး၏တံခါးက တင်းကျပ်စွာပိတ်ထားပြီး သူမကလည်း ကျင့်ကြံနေတာ သို့မဟုတ် မှော်အတတ်ပညာများ အစီအရင်များအကြောင်း လေ့လာနေဟန်တူသည်။ ကျန်းဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်၏တံခါးက ပိတ်ထားနေဆဲဖြစ်သည်က ကျန်းရီကို အလွန်စိတ်ကျေနပ်သွားစေ၏။ အထူးသဖြင့် ချမ်ဝမ်ကွမ်ဖြစ်သည်။ ထိုဖက်တီးက ကျင့်ကြံခြင်းသည် ငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခုပမာ အမြဲတမ်း ခံစားနေရတာဖြစ်ပြီး သူတံခါးပိတ်ကျင့်ကြံတာ ကြာသွားခဲ့လျှင် သူကယခုအခေါက်၌ အတည်လေ့ကျင့်ပုံရ၏။
မြေခွေးလေးကလည်း အိပ်ပျော်နေကာ ယာ့ဇီသားရဲကမူ ခန်းမကြီးထဲ၌ ဟောက်နေပြီဖြစ်သည်။ ကျန်းရီက ဖုန်းလန်၏အခန်း ရောက်ချိန်၌ ကောင်းကင်စိတ်အာရုံကို ရပ်တန့်လိုက်တော့သည်။ တံခါးက မပိတ်ထား။ အစီအရင် မချမှတ်ထားချေ။ ဖုန်းလန်က နိုးနေပြီဖြစ်ကာ ချင်ယွီနှင့် စကားပြောနေလေ၏။
ဘီး
ကျန်းရီ၏ အခန်းထဲရှိ အစီအရင်က ဖြတ်ခနဲလက်လာပြီး သူပျောက်ကွယ်သွားကာ ဖုန်းလန်နှင့် ချင်ယွီရှေ့သို့ ရောက်သွားတော့၏။ သူကဧကရီနန်းတော်ကို သန့်စင်ပြီးဖြစ်ရာ သူအလိုရှိသည့် နေရာတိုင်း သွားနိုင်ရန်အတွက် ဤနေရာရှိ အစီအရင်များကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
“သခင်လေး ”
ဖုန်းလန်နှင့် ချင်ယွီက ထိတ်လန့်သွားပြီး အမြန်ထရပ်လိုက်၏။ ကျန်းရီက ခေါင်းခါကာ ပြောလိုက်တော့သည်။ “အခုကစပြီး မင်းတို့ငါ့ကို သခင်လေးလို့ ခေါ်စရာမလိုတော့ဘူး မင်းတို့ကငါ့ရဲ့ ဝိညာဉ်ကျွန် မဟုတ်တော့ဘူး မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးမယ် မင်းတို့အခု အိမ်ပြန်လို့ရပြီ ”
***