ငါကဒီလောက် တကယ်ကောင်းတာလား
Vol. 42 Ch. 579
“ဒီလိုဆန္ဒ ရှိနေတယ်ပေါ့ ”
ကျန်းရီ၏မျက်နှာက သုန်မှုန်သွားလေ၏။ သူက ဒေါသတကြီး ကပ်သွားတော့သည်။
“မင်းတို့နှစ်ယောက်ရဲ့ ဘဝက သိပ်ကိုချောမွေ့ပြီး သက်သောင့်သက်သာ ဖြစ်နေတာလား၊ ငါ့ရဲ့ရန်သူ ဘယ်သူလဲဆိုတာ မင်းတို့သိလား၊ သိုင်းခန်းမဆောင်ပဲ၊ သိုင်းခန်းမဆောင်ရဲ့ သခင်က ဘယ်သူလဲ။ မြောက်ပိုင်းဧကရာဇ် ဝူရှန်း မင်းတို့ငါ့နောက် ဆက်လိုက်နေမယ်ဆိုရင် သေမှာ သေချာတယ်၊ မင်းတို့ဖီးနစ်အော်သံနယ်မြေကို ပြန်သွားလိုက် မဟုတ်ရင် ငါတကယ် မင်းတို့ကို အားသုံးမိလိမ့်မယ် ”
ကျန်းရီ၏ လေသံက ကြင်နာခြင်းမရှိပေ။ သူတို့ကို ဒေါသထွက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဆုံးတွင်မူ ညစ်ညမ်းသည့် အရာကိုတောင် ပြောခဲ့လေ၏။
သို့သော် ဖုန်းလန်နှင့်ချင်ယွီက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အရယ်မရပ်ကြတော့ပေ။ သူတို့က ယင်းကို အလေးမထားကြ။ ကျန်းရီ တစ်စုံတစ်ခု ထပ်ပြောတော့မှာကို မြင်သည့်အချိန်၌ ဖုန်းလန်က မော့ကြည့်ပြီး ကျန်းရီကို တောက်ပသော မျက်ဝန်းများဖြင့် ရဲတင်းစွာ စိုက်ကြည့်လိုက်လေ၏။ သူမက စိတ်ရင်းဖြင့် ပြောလိုက်တော့သည်။
“သခင်လေး ထပ်ပြောမနေနဲ့တော့ ကျွန်မတို့တွေ ဆုံးဖြတ်ချက် ချပြီးပြီ ဆယ်နှစ်ကြာပြီးတဲ့နောက် ထွက်သွားမယ် သခင်လေး ကျွန်မတို့ကို မောင်းထုတ်ဖို့ မလိုဘူး ”
ဖုန်းလန်၏ ခေါင်းမာသော မျက်ဝန်းများကို ကြည့်မိချိန်၌ ကျန်းရီက သူမည်သည့်အရာကိုလုပ်လုပ် သူတို့က အလျော့ပေးမှာ မဟုတ်မှန်း သဘောပေါက်သွားသည်။ ချင်ယွီ၏ အကျင့်စရိုက်က အနည်းငယ် ပိုကောင်းသော်ငြား ဖီးနစ်အော်သံ ဧကရီကမူ ခိုင်မာသည့် ကိုယ်ပိုင်အမြင် ရှိပြီးသားဖြစ်သည်။ သူမဆုံးဖြတ်ချက် ချထားလျှင် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပေ။ မဟာဧကရာဇ် တစ်ပါးအနေဖြင့် သူမက ပြတ်သားနေကျဖြစ်သည်။
ကျန်းရီက သက်ပြင်းသဲ့သဲ့ ချလိုက်သော်ငြား သူတို့ကို ထပ်မံဖျောင်းဖျရန် ကြိုးစားလိုက်လေ၏။
“ဖုန်းအာ မင်းကိုယ်မင်း ဘာကြောင့်ခက်ခဲအောင် လုပ်နေတာလဲ မင်းရဲ့မိသားစုကို မလွမ်းဘူးလား မင်းရဲ့နယ်မြေကိုရော မတွေးမိဘူးလား မင်းတစ်ခုခု ဖြစ်လာခဲ့ရင် မင်းရဲ့နယ်မြေကို ဘယ်သူက ကာကွယ်မှာလဲ ”
“ခစ် ခစ် ”
ဖုန်းလန်က ခပ်ဖျော့ဖျော့ပြုံးလျက် မယိမ်းမယိုင် ပြောလိုက်တော့သည်။
“သခင်လေး ကျွန်မတို့မျိုးနွယ်ကို တကယ် အထင်သေးနေတာပဲ ကျွန်မတို့ သေသွားရင်တောင် ကျွန်မတို့ မျိုးနွယ်စုက တစ်ခြားမျိုးဆက်နှစ်ယောက်ကို မြန်မြန်ဆန်ဆန် ပျိုးထောင်နိုင်တာပဲ တကယ်တော့ ကျွန်မနယ်မြေကနေ ထွက်မသွားခင် မျိုးနွယ်စုထဲက လူတစ်ယောက်ကို စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံ သန့်စင်ဖို့ သတင်းတိတ်တဆိတ် ပို့ပြီးသား ဆယ်နှစ်အတွင်း ပြန်မလာရင် သူကကျွန်မရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မယ် ”
“အမ် ”
ကျန်းရီက အံ့သြသွားလျက် တအံ့တသြ မေးလိုက်သည်။
“မင်းတို့မျိုးနွယ်စုမှာ အဆင့်မြင့် စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံတောင် ရှိတယ်ပေါ့ အဆင့်မြင့်တာပဲလား ”
“ဟား ဟား ”
ဖုန်းလန်က လျှာထုတ်ပြောင်ပြလျက် ပြောလိုက်တော့သည်။
“သခင်လေးကို ပြောပြမှာ မဟုတ်ဘူး ”
“ဆိုးလိုက်တဲ့ မိန်းကလေး ”
ကျန်းရီက သက်ပြင်းချလိုက်တော့သည်။
“မင်းဘယ်လိုကြောင့် ဒီလောက် ရူးမိုက်ရတာလဲ အတိတ်တုန်းက ငါကောင်းကင်ဘုံ ကျောက်တုံးတွေ အများကြီး သန့်စင်ခဲ့ပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးမိပြီ ငါ့ရဲ့ခွန်အားက ဒီအဆင့်မှာ ရပ်နေလောက်တယ် ငါ့နောက်ကိုလိုက်ရင် မင်းတောက်ပတဲ့ အနာဂတ် ရှိမှာမဟုတ်ဘူး အဲ့ဒီအစား မင်းကိုဆွဲချမိလိမ့်မယ် တစ်နေ့ကျ မင်းနောင်တရမှာ သေချာတယ် ”
“ဟား ဟား သခင်လေးက ကျွန်မတို့ကို ဝိညာဉ်ချိတ်သင်္ကေတ ပြန်ပေးခဲ့တာပဲလေ အဲ့လိုလုပ်တာက ရူးမိုက်တဲ့လုပ်ရပ်ရော မဟုတ်ဘူးလား ”
ဖုန်းလန်က ကျက်သရေရှိရှိ ပြုံးလိုက်ပြီးနောက် ဆက်ပြောလေ၏။
“သခင်လေး ပြောတဲ့အတိုင်းပဲ အဲ့ဒီတုန်းက နယ်မြေမှာ ကျွန်မတို့တွေက ဆန့်ကျင်ဘက်မှာ တည်ရှိနေတာ၊ သခင်လေးကို ကျွန်မတို့ သန့်စင်ဖို့ ကြိုးစားခဲ့ပြီး သခင်လေးက ပိုအစွမ်းထက်ပြီး အဲ့ဒီအစား ကျွန်မကိုပဲ သန့်စင်နိုင်ခဲ့တာ သခင်လေးရဲ့ သိမြင်နားလည်နိုင်မှုအရ သခင်လေးလုပ်တာတွေက မမှားဘူး၊ ဒါပေမဲ့ သခင်လေးက ကျွန်မတို့နဲ့အတူ ထွက်သွားလို့ ရရဲ့သားနဲ့ ရေသူနတ်ဆိုး ဧကရာဇ်နဲ့ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်တို့ကို တိုက်ခိုက်ဖို့အတွက် သခင်လေးအသက်ကို စွန့်စားပြီး ကူညီပေးခဲ့တယ် ကျွန်မတို့ နယ်မြေအတွက် မဟာခြိမ်းခြောက်မှုကြီးကို ဖယ်ရှားပေးခဲ့တာ ကျွန်မတို့နယ်မြေက တိုင်းသူပြည်သား ဆယ်သန်းကျော်က သခင်လေးကို အကြွေးတင်နေပါပြီ အရှင့်ရဲ့ကြင်နာမှုကို သူတို့တွေ ပြန်မပေးဆပ်နိုင်ဘူး ဒါ့ကြောင့် ချင်ယွီနဲ့ကျွန်မက သူတို့ကိုယ်စား လုပ်ပေးတာ သဘာဝကျတယ်လေ ”
“သခင်လေးက ကျွန်မတို့ကို ဝိညာဉ်ကျွန်တွေအဖြစ် ခေါ်လာတယ်ဆိုပေမဲ့ သင့်တော်တဲ့နည်းနဲ့ ထွက်သွားဖို့လည်း ပေးအပ်ခဲ့တယ်၊ လမ်းတစ်လျှောက်မှာလည်း လေးစားသမှုနဲ့ ဆက်ဆံခြင်းလည်း ခံရတယ် သခင်လေးက ကျွန်မတို့ကို မိတ်ဆွေသူငယ်ချင်း မောင်နှမတွေအဖြစ် မြင်ခဲ့တာ၊ ဖုန်းအာနဲ့ ချင်ယွီက သံမဏိနဲ့ လုပ်ထားတာ မဟုတ်ဘူး သခင်လေးရဲ့ ကြင်နာမှုကို ဘယ်လိုလုပ် မခံစားမိဘဲ နေမှာလဲ ဆယ်နှစ် အပေးအယူ ရှိပြီးသား ဒါပေမဲ့ အချိန်စောပြီး လွတ်လပ်မှုကို ပြန်ပေးခဲ့တာ သခင်လေးက ကျွန်မတို့အပေါ် ကောင်းလွန်းတယ်၊ ချင်ယွီနဲ့ကျွန်မက ကျေးဇူးတရားကို မသိတတ်ဘူးဆိုရင် ကျွန်မတို့ လူဖြစ်ဖို့ ထိုက်တန်သေးရဲ့လား ”
သူမပြောပုံက ထည်ဝါကာ ယုတ္တိကျပြီး မက်မောဖွယ်ကောင်း၏။ ကျန်းရီတောင် သူမကို မည်ကဲ့သို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။ သူက မျက်တောင်ခတ်လျက် ကတုံးပြောင်ပြောင်ကို ပွတ်ကာ ပြောလိုက်တော့၏။
“ငါက တကယ် ဒီလောက် ကောင်းတယ်လား ”
“ခွီ ”
ဖုန်းလန်နှင့် ချင်ယွီ နှစ်ယောက်လုံးက ရယ်မောလိုက်ကြပြီး သူတို့၏ မျက်ဝန်းလှလှလေးထဲ၌ အလင်းစီးသွားတော့သည်။ ကျန်းရီက သူတို့မျက်ဝန်းထဲရှိ ညှို့ငင်မှုကြောင့် ဖမ်းစားခံလိုက်ရလေ၏။
“ဟူး ”
ကျန်းရီသည် ခဏတာ ရပ်တန့်ပြီးနောက် သပ်မောချလိုက်တော့၏။ သူမမျက်နှာကိုပွတ်ကာ ပြောလိုက်တော့သည်။
“ကောင်းပြီလေ မင်းတို့က ငါ့နောက်ဒီလောက်ထိ ဆိုးဆိုးဝါးဝါး လိုက်ချင်နေတယ်ဆိုမှတော့ လိုက်ခွင့်ပေးမယ်၊ တော်လောက်ပြီ ပြောနေလို့လည်း မင်းတို့ကို အနိုင်မရဘူး၊ သွားကြရအောင် ”
ခစ် ခစ်
ဖုန်းလန်နှင့် ချင်ယွီ နှစ်ယောက်လုံးက ရယ်မောလျက် သူတို့တိုက်ပွဲကို အနိုင်ရသည်ဟု တွေးမိလိုက်ကြသည်။ သူတို့က ကျန်းရီနောက်သို့ ဘယ်တစ်ယောက် ညာတစ်ယောက် ခြံရံလျက် လိုက်သွားကာ ကျူးဆွေ့နှင့် အဖွဲ့တို့ရှိသည့် ပင်လယ်ထဲသို့ ပြေးသွားလေတော့၏။
“မင်းရဲ့လှေလေးဆီသွား ”
ကျန်းရီက ကျူးဆွေ့တို့အဖွဲ့ဆီ လျှောက်သွားပြီး ပြောလိုက်တော့သည်။ လက်အသာယမ်းလျက် လူအုပ်ကြီးကို လှေငယ်လေးဆီ သွားခိုင်းပြီးနောက် ကီလိုမီတာ ထောင်ချီအကွာတွင်ရှိသော လှေငယ်လေးဆီ သွားခိုင်းလိုက်တော့သည်။ လူတိုင်းက အလွန်မြန်ဆန်ကာ အချိန်တိုအတွင်း လှေဆီသို့ ရောက်သွားတော့၏။
“အမ် သခင်လေး ပြန်လာပြီလား ”
လှေပေါ်၌ အလွန်လှပသည့် ရံရွှေတော်ငါးဦး ရှိသော်ငြား သူတို့က အလွန်အားနည်းကာ ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်သာရှိသည်။ မလှမ်းမကမ်းရှိ လူအုပ်ကြီး ပြန်လာတာကို မြင်သည့်အချိန်၌ သူတို့က ပျော်ရွှင်သွား၏။ အစောပိုင်းက သန်မာသည့် လူများအားလုံး ထွက်သွားသည်က သူတို့ကို အလွန်စိတ်ပူပန်သွားစေသည်။
“အမ် ”
လူအုပ်က နီးကပ်လာသည့် အချိန်တွင် သူတို့၏ သခင်လေးက ရှေ့ဆုံးနေရာတွင် မရှိကြောင်း ရံရွှေတော်မလေးငါးဦးက သတိပြုမိလိုက်သည်။ ထိုအစား ထူးဆန်းသော သွင်ပြင်ဖြင့် လူငယ်လေးက အားလုံးရှေ့မှ လျှောက်လာနေသည်။ သူက ကတုံးအပြောင်ရိတ်လျက် သားရေသံချပ်ကာကို ဝတ်ဆင်ထားကာ နားတွင်လည်း နားဆွဲများ ဝတ်ဆင်ထားလေ၏။ သူတို့သခင်လေးထက်တောင် ပိုထူးဆန်းပုံ ပေါ်နေသည်။ သူ့လှုပ်ရှားမှုမှ ထုတ်ဖော်နေသော ရဲတင်းမှုများက အစေခံလေးများကို အနည်းငယ် စိတ်ဓာတ်ကျမှု ခံစားရစေ၏။
“လာပြီး မင်းတို့ရဲ့သခင်ကို နှုတ်ဆက်လိုက် ”
ကျန်းရီနှင့်အဖွဲ့က လှေပေါ်သို့ ပျံသန်းသွားပြီးနောက် ကျူးဆွေ့သည် ထိုရံရွှေတော်မှ ဘာမှမလုပ်တာကို တွေ့လိုက်ရသောကြောင့် သူ၏မျက်နှာက သုန်မှုန်သွားကာ အေးတိအေးစက် အော်လိုက်တော့သည်။ ရံရွှေတော်များသည် အစက ထိတ်လန့်အံ့အားသင့်သွားပြီး သူတို့သခင်လေးသည် ကျန်းရီကို သူ၏သခင်အဖြစ် အမည်တပ် ခေါ်ဝေါ်ရသည့် အကြောင်းအရင်းကို အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော် သူတို့က မမေးရဲတော့ဘဲ ကြောက်လန့်တကြား ဒူးထောက်ချလိုက်တော့၏။
“အရှင်တို့ကို နှုတ်ဆက်ပါတယ် ”
“ထကြ ”
ထိုရံရွှေတော်များကိုကြည့်ပြီး ကျန်းရီက အနည်းငယ် စိုးရိမ်ပူပန်နေ၏။ သူတို့က အားနည်းလွန်းသည်။ သူတို့၏ ဝိညာဉ်ချိတ်သင်္ကေတကို ယူခြင်းက သူ့ကိုအထောက်အကူ ဖြစ်စေမှာ မဟုတ်ပေ။ လူတစ်ဦး၏ စိတ်ဝိညာဉ်ထဲတွင် ဝိညာဉ်ချိတ်သင်္ကေတများစွာ ရှိနေခြင်းက မကောင်းသည့် သက်ရောက်မှုလည်း ဖြစ်စေသည်။ သို့သော် ကျန်းရီက သူတို့ကို သတ်ရလောက်သည်အထိ နှလုံးမမာ။ သို့သော် သူတို့ကို အသက်ရှင်ခွင့် ပေးလိုက်လျှင် သူ၏ပုံစံ အစစ်အမှန်ကို သူတို့သိသွားလျှင် မည်သို့ဖြစ်မည်နည်း။
မီးခိုးရောင် ဆံပင်ဖြင့် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် အစောင့်ချီလောင်က ကျန်းရီတွေဝေနေတာကို မြင်လိုက်ရသည်။ သူကလက်သီးဆုပ်လျက် ပြောလိုက်တော့၏။
“သခင်လေး စိတ်မပူပါနဲ့ သူတို့အားလုံးကို တော်ဝင်မိသားစုက ကျွန်တွေအဖြစ် သန့်စင်ထားတာ သူတို့အသက်ကို ကျွန်တော်ရဲ့ စိတ်ထဲမှာ ထိန်းချုပ်ထားပြီးသား သူတို့ကို စိုးရိမ်ပူပန်နေစရာ မလိုဘူး”
“အော် ”
ကျန်းရီက စိတ်သက်သာရာ ရသွားသည်။ သူက လူအုပ်ကြီးနှင့်အတူ လှေဝမ်းထဲသို့ ဝင်လိုက်လေ၏။ တွေဝေမနေဘဲ အရှေ့ခုံ၌ ထိုင်ချလိုက်သည်။ သူကဖုန်းလန်နှင့် ချင်ယွီတို့ကို သူ့ဘေးနားထိုင်ရန် ညွှန်ကြားပြီးနောက် ကျူးဆွေ့တို့ အဖွဲ့ကိုလည်း ထိုင်ခိုင်းလိုက်၏။
“မင်းတို့တွေလည်း ထိုင်ကြ ”
သူတို့မည်ကဲ့သို့ ထိုင်ရဲမည်နည်း။ သို့သော် ကျန်းရီက အမိန့်ပေးလေရာ သူတို့မနာခံရန် သတ္တိမရှိပေ။ ရွေးချယ်စရာမရှိဘဲ ထိုင်ချလိုက်ရ၏။ သို့သော် အကြည့်များ လွှဲဖယ်နေပြီး သူတို့က ကြောက်ရွံ့ကာ မသက်မသာ ဖြစ်နေပုံပေါ်သည်။
“မင်းတို့တွေ ဒီလောက်ထိ စိုးရိမ်ပူပန်နေစရာ မလိုဘူး ”
ကျန်းရီက ချီလောင်ဘက်လှည့်ပြီး ပြောလိုက်လေ၏။
“တစ်နှစ်ကြာပြီးရင် မင်းတို့ရဲ့ ဝိညာဉ်စည်းတံဆိပ် ပြန်ပေးမယ်လို့ ကတိပေးပြီးသားပဲ ငါကစကားတည်တဲ့လူပဲ ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်ဆီ ငါနဲ့လိုက်ပေးဖို့ပဲလိုတယ် အဆင်ပြေရင် မကြာခင် မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးမှာ မင်းတို့ နေနေကြပုံစံအတိုင်း ဆက်နေလို့ရတယ် ငါမနှောက်ယှက်ဘူး ”
“ကျေးဇူးတင်ပါတယ် သခင် ”
ချီလောင်က မြန်မြန်ထရပ်လိုက်ရာ ကျူးဆွေ့နှင့် ကူယွီတို့ကလည်း ထရပ်လိုက်လေ၏။ သူတို့ကသူ့ကို ကျေးဇူးတင်ပြီး ကြောက်လန့်နေကြ၏။
ကျန်းရီက လက်ကာပြလျက် ပြောလိုက်သည်။
“ငါ့မှာစည်းမျဉ်းတွေ အများကြီးမရှိဘူး င့ါကို သခင်လို့မခေါ်နဲ့ အဲ့ဒီအစား ဒုတိယ သခင်လေးလို့ ခေါ်လိုက်၊ နတ်မြင်းပျံ အင်ပါယာကို သွားတဲ့အချိန် ငါကကျူးဆွေ့ရဲ့ ဒုတိယညီလေး၊ ကျန်တဲ့လူတွေရဲ့ အမြင်မှာ ငါကကျူးဆွေ့ရဲ့ လိုအပ်ချက်ကိုပဲ ဖြည့်ဆည်းပေးသင့်တယ်၊ ငါ့ကို အလွန်အကျွံ့ လေးစားနေလို့မရဘူး အထူးသဖြင့် ကျူးဆွေ့ပေါ့ နားလည်လား ”
“နားလည်ပါပြီ ”
သုံးဦးက လက်သီးဆုပ်လျက် တညီတညွှတ်ထဲ ဖြေလိုက်သည်။ သူတို့က စိတ်သက်သာရာ ရသွား၏။ ကိစ္စများက ထင်သလောက် မဆိုးပုံရသည်။ ကျန်းရီက ကတိတည်ခဲ့လျှင် တစ်နေ့၌ သူတို့လွတ်လပ်ခွင့် ပြန်ရပေမည်။
“ကောင်းပြီ ”
ကျန်းရီက ခေါင်းညိတ်လျက် ပြုံးလိုက်တော့၏။ သူကသိမ်မွေ့စွာ ပြောလိုက်သည်။
“ဒါဆိုငါတို့ ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်အကြောင်း ဆွေးနွေးသင့်ပြီလား ”
***