သွင်ပြင်ပြောင်းလဲခြင်းဆေးလုံး
Vol. 42 Ch. 582
“ကျူပ်တို့သခင်လေးက ဒီရှားထူမြို့ကို သွားရမယ်လို့ ပြောနေတယ် သူ့ကိုတားရဲတဲ့လူ ဘယ်သူမဆို နောက်ဆက်တွဲကို ပြင်ဆင်ထားရမယ် ”
အသံရင့်သော်ငြား ခိုင်မြဲသည့်အသံက ပေါ်ထွက်လာလေ၏။ မြန်မြန်ဆန်ဆန်ပင် အရန်အတားတစ်ခုက လှေပျံတစ်ဝိုက်၌ တောက်ပလာပြီး ချွန်ထက်သော ဓားတစ်စင်းနှယ် ဖြစ်နေလေတော့သည်။ ရှေ့တန်း၌ စစ်သည်ရဲမက်တစ်စု ရှိနေပြီး နတ်မြင်းပျံ တစ်ဒါဇင်ကျော် ရှိနေလေ၏။ သူတို့က လှေပျံကို မတားနိုင်ခဲ့လျှင် ဝင်တိုက်မိလောက်သည်။
“စစ်သူကြီး ”
ရှေ့တန်းရှိ အဖွဲ့ငယ်ခေါင်းဆောင်က စိတ်ပူပန်စွာ အော်လိုက်ရာ စစ်သူကြီးက မှုန်ကုပ်နေတော့၏။ သူက အဖွဲ့ငယ်ခေါင်းဆောင်ကို လျစ်လျူရှု့ပြီး ပြောလိုက်လေ၏။
“ချက်ချင်းရပ်လိုက် မဟုတ်ရင် ငါတို့အင်ပါယာရဲ့ တပ်ဖွဲ့ကို စော်ကားတယ်လို့ သတ်မှတ်ရလိမ့်မယ် ပြီးတော့ အမေးထုတ်မှုမရှိ သတ်ဖြတ်ခံရမယ် ”
သူ၏အော်သံက ကွင်းပြင်ထဲ ပဲ့တင်သံထပ်သွားပြီး ရဲမက်များစွာက ဆူညံသံကြောင့် နားစည်များ နာကျင်ကုန်၏။ သို့သော် လှေပျံပိုင်ရှင်ကမူ စိတ်ပြင်ဆင်ထားပြီဖြစ်ကာ လှေကို ရပ်နားရန် ရည်ရွယ်ချက်မရှိဘဲ တန်းတန်းမတ်မတ်သွားရန် ထိန်းချုပ်လိုက်လေ၏။
“ဒီလိုဆိုရင်တော့ တိုက်ခိုက်မိတဲ့အတွက် စိတ်မကောင်းပါဘူး၊ အားလုံးပဲ နားထောင်ကြ တိုက်ကြဟေ့”
အေးတိအေးစက် အလင်းတန်းက စစ်သူကြီး၏ မျက်လုံးထဲ၌ ပေါ်လာလျှက် သူသည် တပ်သားများနှင့် သုံးကီလိုမီတာ အကွာသို့ လှေပျံရောက်လာသည့်အချိန်တွင် အမိန့်ပေးလိုက်တော့သည်။ သို့သော် ထိုစဉ် မယုံနိုင်စရာကောင်းလောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါသည် လှေပျံထဲမှ ပေါ်ထွက်လာပြီး တိုက်ခိုက်ရန် ပြင်နေသည့်လူများကို ချက်ချင်း ရပ်တန့်သွားစေပြီး အသက်ရှုတောင် ရပ်သွားစေ၏။
“ကောင်းကင်ဧကရာဇ် ”
စစ်သူကြီးက ဖြူလျော်သွားပြီး ကျန်သည့်သူများကလည်း အလွန် ကြောက်လန့်နေပုံပေါ်သည်။ တစ်ဖက်က စတင်သတ်ဖြတ်လျှင် သူတို့အားလုံး ဤနေရာ၌ သေသွားနိုင်၏။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးသည် သူတို့နှိုင်းယှဉ်နိုင်သည့် သူမဟုတ်ပေ။
“မင်းကိုလုံလောက်အောင် မျက်နှာသာပေးပြီးပြီ ”
လှေငယ်လေးထံမှ နှာခေါင်းရှုံ့သံ တစ်သံပေါ်ထွက်လာပြီးနောက် အလင်းစီးကြောင်းအသွင် ပြောင်းလဲသွားကာ နတ်မြင်းပျံ ၁၂ကောင်ကို လွင့်ထွက်သွားစေပြီး စစ်သည်များကို သွေးအန်စေတော့၏။ အဆုံးတွင်မူ လှေပျံက အပြာရောင် အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ရှားထူမြို့ဆီသို့ ပြန်ဝင်သွားတော့သည်။
“စစ်သူကြီး ”
လှေပျံထွက်သွားပြီးနောက် အဖွဲ့ငယ်ခေါင်းဆောင်က ဒေါသတကြီး ထလာလျှက် အေးတိအေးစက် အော်လိုက်လေသည်။
“အဲ့ဒီပန်းရဉ် အင်ပါယာက အသုံးမကျတဲ့မင်းသားက တကယ်ပဲ စိတ်ကြီးဝင်လွန်းတယ် ကျွန်တော်တို့တွေ မင်းသားကြီးကိုပြောပြီး သူတို့ကိုဖမ်းဖို့ လူလွှတ်ခိုင်းသင့်လား ”
“မလုပ်နဲ့ သူတို့သွားပါစေ ”
စစ်သူကြီး၏ မျက်လုံးထဲ၌ ကြောက်လန့်သည့် အရိပ်အယောင် ပေါ်လာပြီး သူကသုန်မှုန်စွာ ပြောလိုက်လေ၏။
“ခုနတုန်းက ပြောတဲ့လူက ကျူးဆွေ့ မဟုတ်လောက်ဘူး ကျူးဆွေ့က ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ယောက်ကို လွှတ်နိုင်တဲ့ အရည်အချင်းမရှိဘူး သူကအရှေ့ပိုင်း တော်ဝင်နယ်မြေက မျိုးနွယ်စုတစ်ခုရဲ့ သခင်လေးတစ်ယောက် ဖြစ်လောက်တယ် ရတနာကို တိတ်တဆိတ် ယူဖို့အတွက် ကျူးဆွေ့ရဲ့ လက်အောက်ကနေ ရှားထူမြို့ဆီ ဝင်ဖို့ကြိုးစားနေတာ ဖြစ်မှာ ငါတို့ဝင်မပါသင့်ဘူး ဒီလိုပုဂ္ဂိုလ်ကို ရန်စခဲ့မိရင် မင်းသားကြီးတောင် ညှိစွန်းခံရလိမ့်မယ် ”
“ဟုတ် ”
အဖွဲ့ငယ်ခေါင်းဆောင်က လေးတွဲစွာ ခေါင်းညိတ်လိုက်ပြီး အရှေ့မြောက် အရပ်ဆီသို့ကြည့်လျှက် စိတ်ခံစားချက်ပြင်းစွာ သက်ပြင်းချလိုက်လေ၏။
“ပြောင်ပြောင်တင်းတင်း ထုတ်ဖော်လာတဲ့ သခင်လေး သခင်မလေးတွေက ၁၂ယောက်ကျော်လောက် ရှိတယ် အမှောင်ထဲမှာ ဘယ်နှစ်ယောက်များ ရှိနေမလဲ ရှားထူမြို့ထဲမှာတော့ လူကစည်ကား သိုက်မြိုက်နေပြီ သွားကြည့်ဖို့ အရည်အချင်းမရှိတာ နှမြောစရာပဲ ”
စစ်သူကြီးက ပြုံးလိုက်ပြီး အဖွဲ့ငယ်ခေါင်းဆောင်၏ ပုခုံးကိုပုတ်ကာ ပြောလိုက်တော့၏။
“ဟေ့ကောင် ကြိုးစားပြီးကျင့်ကြံ ငါတို့တွေမှာ အားကိုးလောက်ဖွယ် နောက်ခံမရှိဘူး ငါတို့တွေက ကျန်တဲ့လူတွေရဲ့ အထက်တက်ချင်ပြီး လူသိများချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းက ကျင့်ကြံတာပဲ မင်းရဲ့ခွန်အားက အဆင့်တစ်ခု ရောက်တဲ့အချိန်ကျမှ တစ်ခြားသူတွေ အသိအမှတ်ပြုတာ ခံရမယ် လေးစားမှုကို ခံရမယ် မဟုတ်ရင်မင်းက တစ်သက်လုံး သူများရဲ့နောက်မှာ နေနေရမှာ ”
“အွန်း ”
အဖွဲ့ငယ်ခေါင်းဆောင်က စိတ်လှုပ်ရှားပြီး လက်သီးကျစ်ကျစ် ဆုပ်လိုက်လေ၏။ သူကအနောက်မြောက်အရပ် ကောင်းကင်ဆီကို ကြည့်လိုက်လေ၏။ မျက်လုံးထဲ၌ စိတ်ပြင်းပြမှုတို့ ပြည့်နေလေတော့သည်။
“ဒုတိယသခင်လေး ရှေ့မှာရှားထူမြို့ပဲ ကျွန်တော်တို့တွေ ဒီအတိုင်း ဆက်ပျံသွားသင့်လား ”
တစ်ရက်ကြာပြီးနောက် နေဝင်ချိန်တွင် လှေပျံသည် ဧရာမ တောင်တန်းဒေသပေါ်မှ ပျံသန်းသွားတော့၏။ ရှေ့ဘက်၌ လွင်ပြင်ပေါ်လာတော့သည်။ ဝိုးတစ်ဝါးမြင်နေရသော ဧရာမမြို့ကြီးက လွင်ပြင်၏အစွန်း ရောက်သည့်အချိန်တွင် ချီလောင်က ကျန်းရီကို မေးလိုက်တော့၏။
“အရှိန်လျှော့ပြီး ဆင်းမယ် ”
ကျန်းရီကလည်း လှေဝမ်းပြတင်းမှ မြို့ကြီးကို မြင်လိုက်ပြီး အမိန့်ပေးလိုက်တော့၏။
“ရယ်စရာပဲ ”
သူက လူသိများသော မျိုးနွယ်စုမှ သခင်လေးတစ်ဦး မဟုတ်ပေ။ ပြောင်ပြောင်တင်းတင်း ပျံသန်းသွားခဲ့လျှင် တစ်ယောက်ယောက်က သူ့ကိုသတ်မှာ သေချာ၏။ သူဤနေရာတွင်ရှိကြောင်း ဖေးထျန်း သိနေခဲ့လျှင် ကျန်သည့်သူများ မဆိုထားနှင့် သူ့ကိုပထမဆုံး သတ်မည့်သူ ဖြစ်မှာသေချာနေ၏။
ကျန်းရီက သေချင်သောကြောင့် ဤနေရာသို့ ရောက်လာတာမဟုတ်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲရှိ ရတနာကို ရှာချင်သောကြောင့်လည်း မဟုတ်ပေ။ သူက တတိယသခင်မလေးရီကို ရှာပြီး ရီဖျောင်ဖျောင်အကြောင်း မေးချင်ရုံသာရှိသည်။ ထို့ကြောင့် တစ်ချိန်လုံး သိုသိုသိပ်သိပ် နေချင်၏။
လေပျံသည် မြန်မြန်ဆန်ဆန် ဆင်းသက်ပြီးနောက် အောက်သို့ဖြေးဖြေးချင်း ကျသွားလေ၏။ ကျန်းရီက အတော်ကြာ တွေးဆနေပြီးနောက် ဖုန်းလန်ကို ရုတ်တရက် ပြောလိုက်လေသည်။
“အထဲဝင်ပြီး ကျူးဆွေ့နဲ့အဖွဲ့ကို အနားတစ်ဝိုက် သွားကြည့်ပြီး သခင်မလေးရီ ဘယ်မှာလဲဆိုတာ ရှာခိုင်းရင်ရော ပြီးမှသူ့ဆီ တန်းသွားလိုက်ရင် ကောင်းမလား ”
“ဒါက အဆင်မပြေလောက်ဘူး ”
ဖုန်းလန်က ခေါင်းခါပြီး ပြောလိုက်တော့သည်။
“ဒီနားတစ်ဝိုက်မှာ သိုင်းပညာရှင်တွေ များလွန်းတယ် ကျွန်မတို့ ပုန်းနေဖို့ကြိုးစားရင် ထုတ်ဖော်ခံရဖို့ အသင့်ဖြစ်သွားလိမ့်မယ် မြို့က လက်ရှိ လူကောင်းလူဆိုး ရောနေတာလေ မြို့ထဲအောင်အောင်မြင်မြင် ဝင်သွားနိုင်ခဲ့ရင် ပိုလုံခြုံမယ်ထင်တယ် ”
“အမှန်ပဲ ”
ကျန်းရီက စဉ်းစားပြီးနောက် သူမပြောတာကို လက်ခံလိုက်သည်။ ရှားထူမြို့က ယခုအချိန်တွင် ပြင်းပြင်းထန်ထန် စောင့်ကြပ်မှုအောက် ရောက်နေ၏။ ကင်းလှည့်နေသူ များစွာလည်းရှိသည်။ အမှားတစ်ချက်ဖြင့် အရေးပါသည့် လူများထံမှ အာရုံစိုက်မှုကို ရသွားနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့ပြေးစရာ နေရာမရှိတော့ပေ။
သို့သော် သူတို့က လှေပျံဖြင့် မြို့ထဲမဝင်သွားနိုင်ပေ။ သိသာထင်ရှားလွန်းနေ၏။ ဖေးထျန်းက သူ့အကြောင်း ကြားသွားလျှင် ချက်ချင်း ရောက်လာလောက်သည်။
“ဒုတိယသခင်လေး ”
ချီလောင်က ရုတ်တရက်ပြောပြီး သူ၏လက်ပေါ်ရှိ ရှေးဟောင်း နတ်ဘုရားလက်စွပ်က လင်းလာပြီး ကျောက်စိမ်းသေတ္တာများ ပေါ်လာတော့သည်။ ပြီးနောက် ရိုရိုသေသေ ပေးလိုက်၏။
“ဒါက ကျွန်တော်တို့ ပန်းရဉ်နယ်မြေက အထူးဆေးတစ်မျိုးဖြစ်ပြီး သွင်ပြင်ပြောင်းလဲခြင်း ဆေးလုံးလို့ခေါ်တယ် သခင်လေးရဲ့ သွင်ပြင်ကို ပြောင်းလဲပေးနိုင်တယ် ဒါပေမဲ့ အာနိသင်က သုံးရက်ပဲခံမှာ စိတ်ဝိညာဉ် အရှိန်အဝါနဲ့ ပြောင်းလဲလို့ မရဘူး ကျွန်တော်တို့နား အနီးကပ်ကြည့်မဲ့ သိုင်းပညာရှင် မရှိလောက်ဘူး ထင်တာပဲ ”
“အမ် ”
ကျန်းရီ၊ ဖုန်းလန်နှင့် ချင်ယွီတို့က မျက်ဝန်းများ တောက်ပသွားကြ၏။ ဒီလိုရတနာတောင် ရှိတယ်တဲ့လား။ ဒီလောကကြီးက အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ။
သုံးယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လေ၏။ ကျန်းရီသည် ကျောက်စိမ်းသေတ္တာကို ယူလိုက်ရာ ဆေးလုံး တစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။ သို့သော် အနံ့က ရယ်စရာ ကောင်းနေလေ၏။
“သခင်လေး အဆင်ပြေတယ် ဆေးတွေက အဆိပ်မရှိဘူး ”
ဖုန်းလန်သည် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် သူ့ကိုအသံပို့လိုက်တော့၏။ ကျန်းရီက ဆေးလုံးတစ်လုံးကိုယူပြီး မြိုချလိုက်တော့သည်။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်နှင့် မျက်နှာက စတင်ပြောင်းလဲသွား၏။ သူကအရပ်ပိုပုသွားပြီး နှာခေါင်းပြားသွားကာ မျက်နှာကလည်း အနည်းငယ် ချွန်လာတော့သည်။ ကွဲပြားခြားနားသည့် လူတစ်ယောက်အသွင် ပြောင်းလဲသွားတော့၏။
“ပစ္စည်းကောင်းပဲ ”
ဖုန်းလန်၏ လှပသော မျက်ဝန်းများက ထပ်မံတောက်ပလာပြန်၏။ သို့သော် ချင်ယွီက မျက်မှောင်ကြုတ်ကာ ရေရွတ်ပြောလိုက်တော့သည်။
“ဘာပစ္စည်းကြီးလဲ သခင်လေးကို ရုပ်ဆိုးသွားစေပြီ ”
“ဟီး ဟီး ”
ကျန်းရီက သူ့မျက်နှာသူ ဆိတ်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
“ရုပ်ဆိုးတာကောင်းတယ် လူတွေအများကြီး ငါတို့ကို သတိမပြုမိလောက်တော့ဘူး၊ ကောင်းပြီ ဖုန်းအာ မင်းတို့နှစ်ယောက် ဧကရီနန်းတော်ထဲ အရင်ဝင်သွားလိုက်၊ ငါသူတို့နောက်ကနေလိုက်ပြီး မြို့ထဲဝင်မယ် ”
ဖုန်းလန်နှင့် ချင်ယွီတို့က မခြားပေ။ လူပိုများစွာ ရှိခြင်းက ပစ်မှတ်ကြီး ဖြစ်လာနိုင်၏။ ကျန်းရီက သူတို့နှစ်ဦးကို ဧကရီနန်းတော်ထဲ ထည့်ပြီးနောက် သူကအခန်းထဲသို့ ဝင်လိုက်ကာ သာမာန်ဝတ်စုံ ပြောင်းလဲလိုက်သည်။ သူ၏ခေါင်းပေါ်၌ ခေါင်းဆောင်း ဆောင်းလျှက် နားကပ်ကိုချွတ်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့်သူက ချီလောင်နှင့် ကျန်သည့်သူများတို့နှင့် မကွဲပြားသည့် သူတစ်ဦး ဖြစ်သွားသည်။ သူကသာမာန် အစောင့်နှင့် တူသွားတော့သည်။
“အားလုံးပဲ ဂရုတစိုက် နားထောင်ကြ အခုကစပြီး ကျူပ်က သခင်လေးရဲ့ အစောင့်ပဲ၊ ကျူပ်ရဲ့နာမည်က တစ်ကိုယ်တော် ဝံပုလွေ အနားမှာ သူစိမ်းရှိနေတဲ့အချိန် ကျူပ်က အစောင့်တစ်ယောက်ပဲ နားလည်လား ”
ကျန်းရီသည် သူ၏ရက်စက်သော မျက်ဝန်းများဖြင့် လူအုပ်ကြီးကို သိမ်းကြုံးကြည့်လိုက်ရာ အားလုံးက ဆက်တိုက် ခေါင်းညိတ်လိုက်ကြ၏။ လှေပျံက ရှေ့သို့ဆက်လက် ပျံသန်းသွားပြီး ဂိတ်နှင့် ငါးကီလိုမီတာ အကွာသို့ ရောက်သွားလေ၏။ ကောင်းကင်စိတ်အာရုံက ဖြန့်ကျက်သွားပြီးနောက် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတော့သည်။
ကျန်းရီက ကျူးဆွေ့ကို တစ်ချက်ကြည့်လိုက်ရာ တစ်ဖက်လူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်တော့၏။
“လှေပျံကို မြင်းလှည်းအဖြစ်ပြောင်းပြီး မြို့ထဲသွားကြမယ် ”
ဘီး
လူအားလုံးက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ လှေပျံက အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးနောက် ချီလောင်က သိမ်းလိုက်တေ့သည်။ သူ၏လက်စွပ်က လင်းလာလေ၏။ ရထားလုံးပျံ နှစ်စင်းက ပေါ်လာတော့သည်။ ကျူးဆွေ့နှင့် ရံရွှေတော်များက အနောက်ဘက်သို့ ဝင်သွားပြီး ကျန်းရီနှင့် ကျန်သည့်သူများက အရှေ့ဆီသို့ ဝင်သွားကြသည်။ ရထားလုံးများက အရှိန်ဖြင့်မသွားဘဲ မြင်းလှည်းများကဲ့သို့ပင် ဖြေးဖြေးချင်း သွားလေ၏။
ယခုအခေါက်တွင်မူ မြို့စောင့်တပ်က သူတို့ကို အမေးမထုတ်ပေ။ မြို့သည် အပြင်ဘက်၌ အစောင့်အကြပ် ထူသောကြောင့် ဖြစ်ဟန်တူ၏။ ကျန်းရီနှင့်အဖွဲ့ ဂိတ်ဝသို့ ရောက်သည့်အချိန်တွင် သူတို့ကို ထပ်မံစစ်မေးစရာ မလိုတော့ဟု ခံစားမိတာဖြစ်သည်။ လူတိုင်းက မြို့ထဲသို့ လွယ်လွယ်ကူကူ ဝင်သွားတော့၏။
ရှားထူမြို့သည် နတ်မြင်းပျံ အင်ပါယာထဲရှိ အကြီးမားဆုံး မြို့ဆယ်မြို့ထဲမှ တစ်မြို့ဖြစ်သည်။ မြို့ထဲတွင် ပုံမှန်မဟုတ် စည်ကားနေပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ပေါ်ပေါက်လာသည့် နန်းတော်က မြို့၏မြောက်ဘက် ကီလိုမီတာ ငါးဆယ်အကွာတွင် ပေါ်ပေါက်လာသောကြောင့် လူများစွာက ဤနေရာသို့ တစ်ဟုန်ထိုး ရောက်လာကြသည်။ မြို့သည် နတ်မြင်းပျံ အင်ပါယာ၏ မြို့တော်ထက်တောင် ပိုအသက်ဝင် လှုပ်ရှားနေတော့၏။ ကျူးဆွေ့နှင့် အဖွဲ့က လမ်းတောက်လျှောက် သိုသိုသိပ်သိပ် နေခဲ့သည်။ သူတို့က တန်ဖိုးကြီး တည်းခိုဆောင်များတွင် မနေရဲဘဲ သင့်တော်သည့် တည်းခိုဆောင်လေးတွင်သာ နေထိုင်ပြီး သူတို့အဖွဲ့အတွက် ခြံဝန်းသေးလေး ငှားယမ်းခဲ့၏။
ရွှီး ရွှီး ရွှီး
လူအုပ်ကြီးက ဧည့်ဆောင်ကို ဖြတ်သန်းသွားလာပြီး နောက်ဖေးခြံဝန်းသို့ သွားတော့မည့်အချိန်တွင် စင်္ကြံမှ လူတစ်စု ရုတ်တရက် ထွက်လာလေသည်။ သူတို့က ပြိုင်ဘက်ကင်း ရဲတင်းမှုများဖြင့် ထူးခြားသောဝတ်ရုံများကို ဝတ်ဆင်ထား၏။ ကျန်းရီ၊ ချီလောင်နှင့်အဖွဲ့က သူတို့ကို အာရုံခံလိုက်ပြီးနောက် ချက်ချင်းပင် ဖြူလျော်သွား၏။ ထိုသူများထဲတွင် ကောင်းကင်ဧကရာဇ် အဆင့်တစ်ယောက်တောင် ရှိနေသည်။
“သခင်လေး သတိထား ဒီလူအကြောင်း သတင်းရထားတယ် သူကနတ်မြင်းပျံ အင်ပါယာရဲ့ အကြီးဆုံးမင်းသား မင်းသားဖေးချီပဲ၊ ဒါပေမဲ့ ဒီလိုတည်းခိုဆောင်လေးမှာ သူဘာကြောင့် ပေါ်လာလည်းဆိုတာ မသိဘူး ”
ချီလောင်သည် အသံပို့လိုက်ရာ ကျန်းရီကို စိတ်လေးသွားစေ၏။ သူအဘယ့်ကြောင့် ထိုမျှကံဆိုးရသနည်း။ သူသည် ကြုံရာတည်းခိုဆောင်တစ်ခုကို ရွေးချယ်ခဲ့ရုံဖြင့် အကြီးဆုံး မင်းသားနှင့်တောင် ကြုံတွေ့၏။ မတော်တဆ မဖြစ်ပွားရန် မျှော်လင့်မိသည်။ မဟုတ်လျှင် နောက်ဆက်တွဲက မယုံနိုင်စရာ ဖြစ်ပေလိမ့်မည်။
***