ကျွမ်းကျင်သူများ စုစည်းခြင်း
Vol. 42 Ch. 583
စင်္ကြန်က သိပ်မကျယ်ပေ။ လူငါးယောက် ခြောက်ယောက် တစ်တန်းတည်း သွားနိုင်လောက်သည်။ သို့သော် သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ လူများက အတန်းလိုက် လျှောက်လာ၏။ ကျန်းရီနှင့်သူ့အဖော်က သူတို့နှင့် မတိုက်မိချင်လျှင် ရှောင်ပေးရမှာပဲ ဖြစ်သည်။
ကျန်းရီက ပြဿနာမတက်ချင်သောကြောင့် သူတို့ သတိမပြုမိလာစေရန် မျှော်လင့်နေမိသည်။ ထို့ကြောင့် လူတိုင်းက နာနာခံခံဖြင့် ဘေးထွက်ရပ်နေလိုက်၏။ မင်းသားကြီးဖေးချီက သူတို့ကို သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်လိုက်သည်။ အာရုံသိပ်မစိုက်ဘဲ သူ၏ ရံရွှေတော်များနှင့်အတူ ထွက်သွားလေ၏။
“အမ်..”
ဖေးချီက သူတို့ကို အာရုံမစိုက်သော်ငြား သူ့ဘေးရှိ အစောင့်တစ်ဦးက ရပ်တန့်သွားလေ၏။ သူက ကျီစယ်သည့် အပြုံးဖြင့် ပြောလိုက်တော့သည်။
“ရို့ ဒါက သခင်လေး ကျူးဆွေ့ မဟုတ်လား”
ထိုစကားကို ကြားပြီးနောက် ဖေးချီနှင့် ကျန်သူများက ရပ်တန့်သွားပြီး ကျူးဆွေ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားလျက် နောက်သို့ အမြန်ဆုတ်ကာ အကြည်ချင်းဆုံမှာကို ရှောင်တိမ်းလိုက်တော့သည်။
ကျူးဆွေ့က တုံးအသူ မဟုတ်ဘဲ ဖေးချီကို ကြည့်လျက် လက်သီးနှစ်ဖက် ဆုပ်လိုက်တော့သည်။
“ကျူးဆွေ့က အရှင်မင်းသားကို နှုတ်ဆက်ပါတယ်”
“ကျူးမျိုးနွယ်စုလား”
ဖေးချီက မျက်ခုံးပင့်လိုက်၏။ ပြောလိုက်သည့်အစောင့်က ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလိုက်တော့သည်။
“ကျူးမျိုးနွယ်စုထဲမှာ မင်းရဲ့အဆင့်က ဘာလဲ ဒီတတိယမင်းသားက ရှန်းထျန်းနွီရှန်း တည်းခိုဆောင်မှာ တည်းနေတာ၊ ဒီမှာ ဘာကြောင့်နေနေတာလဲ မင်းအတွက် စီစဉ်ပေးခိုင်းလိုက်ရမလား”
ကျူးဆွေ့က အမြန်မြှောက်ပင့်ပြောလိုက်ပြီး ပြေရာပြေကြောင်း ပြုံးကာ ပြောလိုက်တော့၏။
“ကျူးဆွေ့ရဲ့အဆင့်က ၁၆ပါ။ အရှင်မင်းသားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က တိတ်တိတ်ဆိတ်ဆိတ် နေရတာပဲ ကြိုက်တယ် သွားမပြောချင်ပါဘူး”
“ဒါဆို ကောင်းပြီလေ လိုတာရှိရင် မြို့အရှင်ရဲ့အိမ်တော်မှာ ငါ့ကို လာရှာ”
ထိုမင်းသားကြီးက ယဉ်ကျေးသမှုဖြင့် ပြောရုံသာ ဖြစ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ခဏအကြာတွင် သူက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားပြီး နောက်ဖေးခြံဝန်းကို လှည့်ကြည့်လိုက်သည်။
“ကျူးဆွေ့ တတိယခြံဝန်းလေးထဲမှာ သီးသန့်ဧည့်သည်တစ်ယောက် ရှိတယ်။ သူက ယဉ်မျိုးနွယ်စုက သခင်မလေးပဲ ဂရုစိုက်ဖို့လိုတယ်။ အဲဒီသခင်မလေးကို မင်း ရန်စမိရင် ငါတောင် မကယ်နိုင်ဘူး”
“ယဉ်မျိုးနွယ်စုလား”
ကျူးဆွေ့က တုန်ယင်သွားပြီး ချီလောင်နှင့် ကူယွီတို့က ဖြူရော်သွားကြသည်။ သူတို့သုံးယောက်က မင်းသားကြီး ဤတည်းခိုဆောင်လေးထဲ၌ ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို ချက်ချင်း နားလည်သွားသည်။ ကျူးဆွေ့က လက်သီးနှစ်ဖက်ဆုပ်လျက် အရိုအသေပေးကာ ပြောလိုက်တော့သည်။
“မင်းသားကြီးရဲ့ လမ်းညွှန်ပြသပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျူးဆွေ့ နားလည် သဘောပေါက်ပါတယ်”
“အင်း..”
ဖေးချီက သူ့အဖွဲ့နှင့် ထွက်သွားတော့သည်။ ဖြစ်စဉ်တစ်လျှောက်လုံး၌ ကျန်းရီကို မည်သူမျှ မကြည့်သွားကြချေ။
“ဟူး..”
ကျန်းရီက သက်ပြင်းချလိုက်၏။ သူသည် အရိပ်ပျံသန်းခြင်း ပင်လယ်ထဲ၌ ထိုလူများကို ဝိညာဉ်ကျွန်အဖြစ် ခေါ်လာခဲ့တာ မှန်ကန်သည်ဟု တွေးလိုက်မိ၏။ ရှေ့တွင် ကျူးဆွေ့ ရှိနေလေရာ လူအများက သူ့ကဲ့သို့ မထင်မရှား ဗာဂျရာနယ်ပယ် အစောင့်တစ်ဦးကို သတိပြုမိမှာ မဟုတ်ပေ။ ကျူးဆွေ့ကလည်း ကျန်သူများနှင့်အတူ ခြံဝန်းထဲသို့ ဝင်သွားလိုက်၏။ စတုတ္ထမြောက် ခြံဝန်းသေးလေး ဖြစ်သည့် သူတို့ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ကျူးဆွေ့နှင့်အဖွဲ့က ဘေးဘယ်ညာကို ချောင်းကြည့်နေသည်မှာ နှာဘူးကျသူများပမာ ဖြစ်နေလေ၏။
ဖေးချီ၏ စကားက ကျန်းရီနားထဲ ရောက်သွားတော့သည်။ သူက ချီလောင်ကို တီးတိုးမေးလိုက်တော့၏။
“ဒီနေရာမှာ နေတဲ့သူတွေက အရေးပါတဲ့သူတွေလား”
ချီလောင်က ထိတ်လန့်အံ့အားသင့်သွားပြီး သူ့ကို အမြန်တားလိုက်လေ၏။ အသံကူးပြောင်းကာ ပြောလိုက်တော့သည်။
“ဒုတိယသခင်လေး ဒီလိုစကားမျိုးကို အဆင်အခြင်မဲ့ မပြောနဲ့.. အဲဒီကသိုင်းပညာရှင်တစ်ယောက်သာ ကြားသွားခဲ့ရင် ကျွန်တော်တို့ ပြဿနာတက်ပြီပဲ၊ သခင်မယဉ်ရို့ပင်းက အဲဒီမှာ နေနေတာ ဖြစ်လောက်တယ် ယဉ်မျိုးနွယ်စုရဲ့ခေါင်းဆောင် ဧကရာဇ်ယဉ်က ဧကရာဇ်ကိုးပါးထဲက တစ်ပါးပဲလေ သူက မျိုးနွယ်စုရဲ့ တတိယမျိုးဆက်ထဲမှာ တစ်ဦးတည်းသော သူပဲ”
ဧကရာဇ်ကိုးပါး ဖြစ်နေပြန်ပြီ။ ကျန်းရီက အံ့ဩသွားလေ၏။ အရှေ့ပိုင်းတော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုက ကောင်းကင်ကြယ်တာရာနယ်နိမိတ်တစ်ခုလုံး၌ ထိပ်တန်းမျိုးနွယ်စု ကိုးစု ဖြစ်သည်။ သူတို့သည် ယဉ်မျိုးနွယ်စုမှ သခင်မနှင့် အိမ်နီးချင်းနေရသည်က ဂုဏ်တောင်တက်သင့်သည်။ ကျူးဆွေ့ ထိုကဲ့သို့ ဖြစ်နေတာ အံ့ဩစရာ မရှိပေ။ ကျန်းရီ၌ သန်မာသည့် စိတ်စွမ်းအား ရှိသည့် မျိုးနွယ်စု ကိုးခု ကြားထဲ၌ ရီမျိုးနွယ်စုမှ သခင်မလေးက သူ့ကို ကယ်တင်ခဲ့ဖူးသည်။ သူတို့က မှော်လှေပေါ်၌ လဝက်ခန့် ချိန်ကုန်ဆုံးခဲ့ဖူးသည်။ သားရဲလူသားနယ်မြေ၌ သားရဲဧကရာဇ် ထူရှန်း၏မြေးကိုလည်း သူ သတ်ခဲ့သည်။ မကြာခင်ကမှ ထင်ရှားကျော်ကြားသော မျိုးနွယ်စုများ၏ မျိုးဆက်များစွာကို ကြုံတွေ့ခဲ့ပြီး သူတို့ထဲမှ အချို့က ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုမှ ဖြစ်လောက်သည်။ ထို့ကြောင့် ယင်း မျိုးနွယ်စု၏ သခင်မက သူတို့ဘေးခြံဝန်းတွင် နေခဲ့လျှင်တောင် သူက ယင်းကို ဂရုမစိုက်ဘဲ စိတ်က တည်ငြိမ်သွားတော့၏။
ချီလောင် သတိပေးပြီးနောက် ကျူးဆွေ့က ထိုမျှ အရှက်မမဲ့တော့ပေ။ သို့သော် သူ့မျက်လုံးက ထိန်းချုပ်မရဘဲ ဘေးဘယ်ညာကို ကြည့်နေသေးသည်။ ကျန်းရီက ပြုံးလိုက်လေ၏။ ထိုကဲ့သို့ စိတ်နေသဘောထား အခြေအနေဖြင့် ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ သခင်နှင့်သခင်မလေးများနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားပြီး မျိုးနွယ်စုမှ သခင်မလေးများ၏ အသိအမှတ်ပြုမှုကို အိပ်မက်မက်နေသည်က ရူးမိုက်ရာ ရောက်နေသည်။ သူက သူ့အတွက်သာ ကောင်းသည့်သူ ဖြစ်၏။
အခန်းထဲသို့ ဝင်ပြီးနောက် ချီလောာင်သည် ခြံဝန်းတစ်လျှောက် အစီအရင်များ ချမှတ်လိုက်၏။ သို့သော် ကျန်းရီကမူ သူ မည်သူမည်ဝါဆိုတာ ထုတ်ဖော်ရဲခြင်း မရှိသေးချေ။ အရံအတားကို တိတ်တဆိတ် ဖောက်ဝင်လာသည့် အစွမ်းထက်သော သိုင်းပညာရှင်ရှိနေလျှင် မည်သို့ ဖြစ်မည်နည်း။
သူက အစောင့်တစ်ယောက်၏ အခန်းကဏ္ဍကို သစ္စာရှိရှိ ပြုမူပြီးနောက် သူ့တာဝန်အတိုင်း ထမ်းဆောင်ကာ ကျူးဆွေ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ခေါင်းဆောင် ဖြစ်ခွင့် ပေးထားလိုက်သည်။
နေရာချပြီးနောက် ကျန်းရီသည် ချီလောင်ဘက် လှည့်လိုက်၏။ ပြီးနောက် သူ့ကို အခန်းထဲ ခေါ်ကာ တီးတိုးပြောလိုက်တော့၏။
“လောင်ချီ သွားပြီး စုံစမ်းကြည့်အုံး ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ ဆိုင်တဲ့ အချက်အလက်တချို့ရှာ ပြီးတော့ မျိုးနွယ်စုတိုင်းက သခင်လေးတွေ သခင်မလေးတွေ အကြောင်းကို စုံစမ်း ဒါမှ ဒီသခင်မလေးက သူတို့ဆီ တစ်ယောက်ပြီးတစ်ယောက် သွားလည်နိုင်မှာ”
ချီလောင်က ခေါင်းညိတ်လိုက်ပြီး ကျန်းရီ၏ သတိထားမှုကို တိတ်တဆိတ် ချီးကျူးလိုက်လေ၏။ သူက ကျူးဆွေ့ကို ခွင့်ပန်ပြီးနောက် တစ်ကိုယ်တည်း ထွက်သွားသည်။ ကျန်းရီနှင့် ကူယွီတို့က စားသောက်ဖွယ်ရာအချို့နှင့် သေရည်ကောင်းတို့ သယ်လာရန်အတွက် စားပွဲထိုးကို မှာလိုက်လေသည်။ သူတို့က ကျူးဆွေ့ကို သူ့ဘာသာသူ စားခိုင်းပြီး သူနှင့် ကျန်သည့်ရံရွှေတော်ငါးဦးကမူ အတူတကွ စားသောက်၏။
နှစ်နာရီခန့် ကြာပြီးနောက် ချီလောင်ပြန်လာတော့သည်။ သူက ကျူးဆွေ့ဆီ သာမန်ကာလျှံကာ သတင်းပို့ပြီးနောက် ကျန်းရီဆီ အသံပို့ကာ ပြောလိုက်တော့၏။
“သခင်လေး ကျွန်တော် သတင်းရလာတယ် ဆန်းကြယ်နတ်ဘုရားနန်းတော်က မြို့ရဲ့မြောက်ဘက် ကီလိုမီတာ အတော်လေး ကွာတဲ့ တောင်ထွတ်ပေါ်မှာပဲ မျိုးနွယ်စုကြီးတွေရဲ့ သခင်လေးတွေ သခင်မလေးတွေက ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်ဘက်မှာ စခန်းချပြီး သုံးရက်အကြာမှာ ပွင့်လာမဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွက် စောင့်နေကြတယ် အထင်ရှားဆုံးလူတွေကတော့ မြို့ထဲက အခမ်းနားဆုံး တည်းခိုဆောင်ဖြစ်တဲ့ ရှန်းထျန်းနွီရှန်းမှာ တည်းနေကြတဲ့သူတွေပဲ”
“ရှန်းထျန်းနွီရှန်းတည်းခိုဆောင်မှာ နေတဲ့သူတွေအကြောင်း သိလိုက်ရတယ်၊ အဲဒီမှာ ထူမျိုးနွယ်စုရဲ့ အကြီးဆုံးသခင်လေး ထူလုံ၊ ဝူမျိုးနွယ်စုရဲ့ သတ္တမမြောက်သခင်လေး ဝူနီ၊ မိစ္ဆာဧကရာဇ်ရဲ့မြေး ရှီဖေးနဲ့ ရွှမ်ဧကရာဇ်ဖြစ်တဲ့ လင်းယွီရွှမ်းမြေး လင်းချီကျန့် လင်းယီရွှမ်းရဲ့မြေးမ လင်းရှီယာ့နဲ့ ဓားဧကရာဇ်ရဲ့မြေး”
ချီလောင်သည် အမည်စာရင်းများ ရွတ်ပြလိုက်ရာ ကျန်းရီကို ခေါင်းမူးသွားစေတော့သည်။ သူက စိတ်ချရသည့်နည်းကိုသာ မေးလိုက်ရာ ချီလောင်က သူတို့ကို ရှင်းပြလိုက်ပြီး နောက်ဆုံးတော့ သူ အကြံရလာတော့သည်။
ဧကရာဇ်ကိုးပါးက မြောက်ပိုင်းဧကရာဇ်၊ ဓားဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်၊ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ စစ်(ကျန့်)ဧကရာဇ်၊ ည(ယဲ့)ဧကရာဇ်တို့ ဖြစ်သည်။ သူတို့က မျိုးနွယ်စု ကိုးခု၏ လက်ရှိမျိုးဆက်ကို ကိုယ်စားပြုသူများ ဖြစ်ပြီး ကောင်းကင်ကြယ်တာရာနယ်နိမိတ်ထဲ၌ အစွမ်းအထက်ဆုံး တည်ရှိမှု ဖြစ်သည်။ သူတို့အပြင် နှစ်တစ်သိန်းကျော် တည်ရှိလာသည့် မျိုးနွယ်စုကြီးများ ရှိသည်။ ဥပမာအားဖြင့် နှစ်သုံးသိန်းကျော် တည်ရှိလာသည့် ဖေးမျိုးနွယ်စုကဲ့သို့ ဖြစ်သည်။ သူတို့က နတ်မြင်းပျံနယ်မြေကို သိမ်းပိုက်နိုင်ရုံသာမက ဓားဧကရာဇ်အောက် နံပတ်တစ် အဖွဲ့လည်း ဖြစ်သည်။
နောက်ထပ် ဥပမာက ပန်းရဉ်နယ်မြေကို အုပ်စိုးနေသော ကျူးမျိုးနွယ်စု ဖြစ်သည်။ သူတို့က တိုက်ပွဲဧကရာဇ်လက်အောက်ရှိ မျိုးနွယ်စုကြီး ဖြစ်သည့် ကျူးမျိုးနွယ်စုက အရှေ့ပိုင်းတော်ဝင်နယ်မြေတွင် လွှမ်းမိုးမှု ရှိလေ၏။ ကျန်သည့် မျိုးနွယ်စုများနှင့် ထူးဆန်းသော လူမျိုးစုများလည်း ရှိသည်။ သူတို့အားလုံးက ရှုပ်ထွေးလွန်းလေရာ သူတို့အကြောင်း နားထောင်ရုံဖြင့် ကျန်းရီ ခေါင်းကိုက်လာလေ၏။
ယခုအခေါက်တွင် အပေါ်ယံမှာ မျိုးနွယ်စု ကိုးစုမှ ခြောက်စုက ရောက်လာသည်။ ကျန်ရှိသည့် မျိုးနွယ်စု သုံးခုမှ လူများ ဤနေရာသို့ ရောက်လာ မရောက်လာအား မည်သူမျှ သေချာမသိချေ။ သူတို့ ဤနေရာတွင် ရှိနေလျှင်တောင် တစ်နေရာရာတွင် ပုန်းနေလောက်ပြီး ဆန်းကျယ်နတ်ဘုရားနန်းတော် ဖွင့်သည့်အချိန်ကျမှ ပေါ်လာလောက်သည်။ ကျန်းရီက ထိုသူများ မည်သူမည်ဝါဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိသွားသည်။ ဥပမာအနေဖြင့် ဧရာမရွှေတောင်ပံဂဠုန်ကို စီးနင်းလာသော ကလေးက ဓားဧကရာဇ်၏မြေး ဖြစ်သည်။ သူ့နောက်တွင် လိုက်ပါလာသော နတ်မြင်းပျံ စစ်ရထားလုံးနှင့် ကောင်းကင်ဧကရာဇ်ရံရွှေတော်လေးဦး လိုက်ပါလာသူက သူ၏ဘုံရန်သူ ဝူနီဖြစ်ပြီး မြောက်ပိုင်းဧကရာဇ်၏ မြေးဖြစ်သည်။ သူ့နောက်တွင် ပါလာသည့် ဘူးသီးခြောက်ပေါ်တွင် ရပ်နေသည့်သူက ရွှမ်ဧကရာဇ်၏ မြေးနှင့် မြေးမဖြစ်သော လင်းချီကျန့်နှင့် လင်းရှီယာ့တို့ ဖြစ်သည်။ နောက်ဆုံးတွင် ဧရာမဦးခေါင်းပေါ် စီးနင်းလာသူက မိစ္ဆာဧကရာဇ်၏မြေး ရှီဖေး ဖြစ်သည်။
ကျန်းရီသည် အရေးပါသော မျိုးနွယ်စုမှ ထိုသခင်လေးနှင့် သခင်မလေးများအားလုံးကို မြင်တွေ့ရသည့် အချိန်၌ မပျော်သွားပေ။ ထိုအစား စိတ်လေးလံလာတော့သည်။ အကြောင်းမှာ ချီလောင်သည် ဤနေရာရှိ တတိယသခင်မလေးရီအကြောင်း သတင်းရခဲ့သော်ငြား သူမက ရှန်းထျန်းနွီရှန်း တည်းခိုဆောင်တွင်တောင် မနေပေ။ သူသည် စုံစမ်းရန်အတွက် ခရမ်းရွှေများစွာ သုံးခဲ့သော်ငြား သတင်းမရခဲ့။ မြို့ထဲတွင် တစ်ခါမှ မပေါ်မလာ။ သူမ မည်သည့်နေရာတွင် နေနေကြောင်း ရှာဖွေရန် အရည်အချင်းတောင် မရှိပေ။
ကျန်းရီသည် အချိန်မရွေး အသတ်ခံရပြီး အလိုက်ခံရနိုင်၏။ ထိုသတင်းစကား ရရန်အတွက်မျှ သူသည် ရှားထူမြို့ဆီသို့ ရောက်လာတာပဲ ဖြစ်သည်။ သတင်းမရသည်က သူ့ကို အတော်စိတ်ပျက်သွားစေသည်။ ဤနေရာ၌ တစ်မိနစ်ပိုနေလျှင် သူ သေဆုံးနိုင်သည့် အန္တရာယ် ပိုတိုးလာနိုင်ကြောင်း သိနေပေသည်။
ထူလွေ့ သေသွားသည့် အချိန်၌ ကျန်းရီ၏ အရှိန်အဝါအချို့ကို ထူမျိုးနွယ်စုဆီသို့ ပို့ရန် လျှို့ဝှက်မှော်အတတ်ကို အသုံးပြုခဲ့သည်။ ထူမျိုးနွယ်စု၏ အကြီးဆုံးသခင်လေး ထူလုံကလည်း ယခုအချိန်တွင် မြို့ထဲတွင် ရှိနေသည်။
***