← Chapters

ယဉ်ရို့ပင်း

Vol. 42 Ch. 584

ယဉ်ရို့ပင်း

Vol. 42 Ch. 584

“သဲလွန်စတွေကို ဆက်ရှာ မြန်လေ ကောင်းလေပဲ သူ့အကြောင်း သတင်းရပြီ ဆိုတာနဲ့ ဘယ်လောက်ပဲ သုံးရ သုံးရ ကိစ္စမရှိဘူး။ တန်တယ်”

ကျန်းရီက အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ ချီလောင်ကလည်း ယခုအချိန်တွင် သူ အခက်တွေ့နေမှန်း သိနေ၏။ ကြာကြာနေလေ အန္တရာယ်က ပိုကြုံရလေဖြစ်သည်။ သူက အပြီးသတ်စားသောက်ရန် အချိန်တောင် မရဘဲ တံခါးအပြင်ဘက်သို့ ကမန်းကတမ်း ထွက်သွားလိုက်၏။

ချီလောင် ထွက်သွားပြီးနောက် ကျန်းရီသည် သူ့အခန်းသို့ ပြန်ကာ တွေးလိုက်တော့သည်။ ယခုအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်က ထူလွေ့၏သေဆုံးခြင်း သို့မဟုတ် သူ၏စိတ်ဝိညာဉ်အရှိန်အဝါအကြောင်း ထူလုံ သတင်းမရစေရန်သာ ဖြစ်သည်။

ထူလုံက သူ၏ စိတ်ဝိညာဉ်အရှိန်အဝါကို ရနိုင်ခဲ့လျှင်တောင် ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးဘဲ ဘာကိုမှ ရှာတွေ့မှာ မဟုတ်ပေ။ သူသည် ထူလွေ့ကို သတ်လိုက်သူ ဖြစ်ကြောင်း ရှာတွေ့သွားပြီး သူ၏ကောင်းကင်စိတ်အာရုံက သူ့ခန္ဓာကိုယ်ပေါ် တမင်တကာ ဖြတ်သွားလျှင် ထုတ်ဖော်ခံရမှာ သေချာ၏။ သူ ဖုန်းလျန်နှင့် ကျန်သည့်သူများအားလုံး သေရပေမည်။

သခင်လေး ဖေးထျန်လည်း ရှိသေးသည်။ ချီလောင်က ရှာဖွေသည်ဖြစ်စေ မရှာဖွေသည် ဖြစ်စေ မြို့ထဲ၌ ဖေးမျိုးနွယ်စုက အင်မတန်ကြီးမားပြီး အစွမ်းထက်၏ အတိတ်တုန်းက ကျန်းရီနှင့် ဖုန်းလန်တို့သည် မြေအောက် မိုင်တစ်သောင်းအကွာ၌ ပုန်းကွယ်ခဲ့ကြသည့် အချိန်တွင် သူက ကြားဖြတ်နိုင်ခဲ့သေးသည်။ သူ၏ တည်ရှိမှုကို ရှာရန် သူတို့၌ အထူးနည်းလမ်းတစ်မျိုး ရှိနေခဲ့လျှင် သူ လွတ်မြောက်ရန် ခက်ခဲပေလိမ့်သည်။ ဝူမျိုးနွယ်စုက သခင်လေး ဝူနီကိုလည်း လွတ်လိုက်သေးသည်။

ကျန်းရီက သူ့အခန်းထဲတွင် ထိုင်နေသော်ငြား ဆူးမွေ့ရာပေါ်၌ ထိုင်နေရသည့်ပမာ ခံစားမိသည်။ နေ့ရက်များက နှစ်သဖွယ် ရှည်ကြာလွန်းနေ၏။ ရံဖန်ရံခါတွင် သူ့ကိုယ်သူသာ ရယ်မောမိတော့သည်။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေမှ လူမသိသူမသိ လူတစ်ယောက်သာ ဖြစ်ပြီး အချိန်အတော်ကြာတောင် မနေခဲ့ရပေ။ သို့သော် သူသည် စံတင်မျိုးနွယ်စုနှစ်စု၏ အငြှိုးအတေးထားခြင်း ခံနေရပြီး နောက်ထပ် မဟာမျိုးနွယ်စု တစ်စုကလည်း ပါလာသေးသည်။ ဝမ်းနည်းရမည့်အစား ဂုဏ်ယူသည်ဟု ခံစားလာမိတော့သည်။

“ငါ ဒီနေရာမှာ ထပ်မနေနိုင်ဘူး ချက်ချင်း ထွက်သွားရမယ်”

သူ၏စိတ်ထဲ၌ အသံတစ်သံက သူ့ကို ထွက်သွားရန် ဆော်ဩနေ၏။ သို့သော် သူ့အခန်းထဲတွင် လေးနာရီလုံးလုံး ထိုင်နေခဲ့သည်။ အာရုံတက်ချိန်သို့ ရောက်သည့်အခါ ချီလောင်ပြန်ရောက်လာတော့၏။ သို့သော် ချီလောင်၏ မျက်နှာကို မြင်တွေ့ရသည့် အချိန်၌ သူ စိတ်လေးသွားတော့သည်။

“သခင်လေး ဘာသတင်းမှ မရဘူး ရှန်းထျန်းနွီရှန်း တည်းခိုဆောင်က စားပွဲထိုးကို လာဘ်ထိုးခဲ့ပြီး တတိယသခင်မလေး ရှိမရှိကို အတည်ပြုခိုင်းခဲ့တာ တခြားတည်းခိုဆောင်တွေမှာလည်း သူ့သတင်းမရဘူး သူက မြို့ထဲ ဒါမှမဟုတ် အပြင်ဘက်က စခန်းမှာ ပုန်းနေတာ ဖြစ်လောက်တယ်”

ချီလောင်၏ သတင်းပို့ချက်က ကျန်းရီကို စိတ်ပိုလေးလံသွားစေတော့၏။ သူသည် ဆန်းကျယ်နတ်ဘုရားနန်းတော် မပွင့်ခင် သုံးရက်လုံးကို အပြင်ဘက်၌ စောင့်ဆိုင်းနေရမည်လော။ ယင်းက စွန့်စားရာ ရောက်လွန်းသည်။ သူ ထွက်သွားသင့်လား။

ကျန်းရီက အလွန်အမင်း စိတ်မကျေမနပ် ဖြစ်နေလေ၏။ ရီမျိုးနွယ်စုက အရှေ့ပိုင်းတော်ဝင်နယ်မြေ၏ မြောက်ဘက်ခြမ်းရှိ ဗုဒ္ဓဧကရာဇ်မြို့တော်၌ တည်ရှိကြောင်း ချီလောင်ထံမှ သိရှိခဲ့ပြီး ဖြစ်သည်။ သူက အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ရောက်ခဲ့လျှင်တောင် အနောက်မြောက်ကနေ ဝင်မှ ရပေမည်။ သူတို့ခွန်အားဖြင့် အရှေ့ပိုင်းတော်ဝင်နယ်မြေကို ကျော်ဖြတ်လျက် ဗုဒ္ဓဧကရာဇ်မြို့ကို ခြေချရန်က အိပ်မက်တစ်ခုသာ ဖြစ်နေသည်။

ထိုအခွင့်အရေးကို လွဲချော်သွားပြီးနောက် သူသည် ရီမျိုးနွယ်စု၏ တတိယသခင်မလေးကို ဘယ်တော့မှ ထပ်မတွေ့ရတာ ဖြစ်နိုင်သည်။

“အာ ဟုတ်သားပဲ”

ကျန်းရီက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။

“ချီလောင်... ယွီဝန်လို့ခေါ်တဲ့ သိုင်းပညာရှင်တစ်ယောက်အကြောင်း ငါ ကြားဖူးတယ် သူ့အကြောင်း မင်းသိလား”

ရီဖျောင်ဖျောင်သည် ယွီဝန်ကို သွားရှာရန် ပြောခဲ့ဖူး၏။ ထိုလူကို သူ ရှာတွေ့ခဲ့လျှင် ရီတတိယသခင်မလေးကို မတွေ့နိုင်ခဲ့လျှင်တောင် ကိစ္စမရှိပေ။ သူက အသက်(၂၀)တောင် မပြည့်သေးချေ။ သူ့ခွန်အားက ဗာဂျရာနယ်ပယ် အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ သူက ယွီဝန်ရှိသည့် နေရာကို ရှာတွေ့နိုင်ခဲ့ပါက ရီဖျောင်ဖျောင်အကြောင်း သတင်းလည်း ရနိုင်၏။

“ယွီဝန်လား”

ချီလောင်က တွေဝေမှင်သက်စွာ မျက်တောင်ခတ်လျက် ခိုင်မာသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး”

“ဒုက္ခကတော့ များပြီပဲ”

ကျန်းရီက ခေါင်းကိုက်လာတော့သည်။ သူက ကျူးဆွေ့နှင့် ကူယွီတို့ကို မေးရန် ချီလောင်ကို ပို့လိုက်တော့၏။ စုံစမ်းပြီးနောက် ချီလောင်က စိတ်ရှုပ်ထွေးစွာ ခေါင်းခါလျက် ပြန်ပြောလိုက်သည်။

“သခင်လေး သူတို့တွေ မသိဘူး ဒီနာမည်ကို ကျွန်တော်တို့တွေ ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ ကျွန်တော်တို့ တော်ဝင်မျိုးနွယ်စုက ဒီလောကထဲက ကျွမ်းကျင်သူတွေ အားလုံးရဲ့ မှတ်တမ်းရှိပြီးသား ယွီဝန်ဆိုတဲ့နာမည်ကို အရင်က မကြားဖူးဘူး”

ဘာလား။ အမေရေ ကျွန်တော်နဲ့ လာရှုပ်နေတာလား။ ကျန်းရီက သူ့မျက်နှာကို ပွတ်သပ်လျက် ဆွံ့အသွားတော့သည်။ ကျူးမျိုးနွယ်စုက တိုက်ပွဲဝင်ဧကရာဇ်လက်အောက်ရှိ အဓိကအင်အားစု တစ်စု ဖြစ်သည်။ သူတို့က အရှေ့ပိုင်းတော်ဝင်နယ်မြေရှိ ကိစ္စရပ်များကို နားလည်မှာ သေချာ၏။ ထို့အပြင် ချီလောင်သည် သခင်လေး သခင်မလေးများအားလုံး၏ အမည်ကိုလည်း ရွတ်ပြခဲ့သည်။ သူတို့က ယွီဝန်၏ အမည်ကို အမှန်တကယ် မကြားဖူးတာ ဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် သူ အရှေ့ပိုင်းတော်ဝင်နယ်မြေသို့ သွားခဲ့လျှင်တောင် ယွီဝန်ကို မည်သည့်နေရာတွင် ရှာရမည်နည်း။

စိတ်အေးအေးထား စိတ်အေးအေးထား.. ကျန်းရီက စိတ်ငြိမ်အောင် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ရီဖျောင်ဖျောင် သူ့ကို ပေးခဲ့သည့် အချက်အလက်အရ သူမသည် ထူးကဲစွာ မွေးဖွားလာတာ သေချာ၏။ ထိုလူယွီဝန်က သာမန်လူ မဟုတ်မှာ သေချာနေသည်။ ချီလောင်‌တောင် သူ မည်သူမှန်း မသိသည့်တိုင် သိသည့်သူ ရှိရပေမည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုဝင်များက သူ့အကြောင်း သိလောက်သည်။

“ကြည့်ရတာ တတိယသခင်မလေးရီကို တွေ့ဖို့ အစီအစဉ်တစ်ခု စဉ်းစားရတော့မဲ့ပုံပဲ”

ကျန်းရီက စိတ်ပြင်ဆင်ပြီး တတိယသခင်မလေးရီကို တွေ့ရန် ဆုံးဖြတ်လိုက်တော့၏။ မဟုတ်လျှင် သူ့အဖို့ အရှေ့ပိုင်းတော်ဝင်နယ်မြေသို့ သွားရန် မလိုအပ်တော့ပေ။

“ချီလောင် ငါ့ကို ကာကွယ်ပေး”

အတော်ကြာ မှင်တက်နေပြီးနောက် ကျန်းရီသည် နည်းလမ်းအသစ်တစ်ခုကို ကြိုးစားရန် ဆုံးဖြတ်ချက် ချလိုက်၏။ သူက ကောင်းကင်နှင့်မြေကြီ၏ တစ်သားတည်း ဖြစ်သော ဆန်းကျယ်သည့် အခြေအနေထဲ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခြေအနေထဲ ဝင်ရောက်သည်နှင့် သူက ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားမည်။ မိုးနှင့်မြေမှ ထောက်ပံ့မှုကိုလည်း ရရှိပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကာ သူ လိုချင်သည့် အချက်အလက်ကို ရရှိနိုင်မည်။

ယခုက ထူးကဲသော အခြေအနေ ဖြစ်၏။ သူ၏ ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ခြင်း ပြုလုပ်၍ မရပေ။ သူအနားတွင် ရှိနေမှန်း မည်သူမှ မသိပေ။ လွန်ခဲ့သည့် လအနည်းငယ်က သူ သွားရောက်စုံစမ်းချိန်၌ ဖုန်းလန်တောင် သတိမပြုခဲ့မိပေ။ သူ ထိုအခြေအနေထဲ ဝင်ရောက်နေပါက မည်သူကမှ အရာဝတ္ထုတစ်ခုကို သတိပြုမိကြမှာ မဟုတ်ပေ။

သူ စွန့်စားရန် အသင့်ဖြစ်နေရသည့် အကြောင်းအရင်းက ရီတတိယသခင်မလေးကို ရှာဖွေရန် ဖြစ်သည်။ သူက ထူလုံ၊ ဝူနီနှင့် ဖေးထျန်တို့ကိုလည်း စစ်ဆေးကြည့်ပြီး လုံခြုံရေးကို အတည်ပြုရမည်။ မသိလိုက်မသိဘာသာဖြင့် သူ မသေသွားချင်ပေ။ ညသန်းခေါင်ယံ အချိန်ရောက်နေပြီ ဖြစ်၍ သူက လုံခြုံမှုကို ပိုခံစားလာရ၏။

ချီလောင်က ကျန်းရီ ဘာလုပ်ချင်မှန်း မသိသော်ငြား ကျန်းရီ ခပ်မတ်မတ် ထိုင်နေတာကို မြင်လိုက်ရ၏။ သူက အဆင်အခြင်မဲ့စွာ မပြုမူရဲတော့ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ခြံဝန်းလေးက ထောင့်လေးထောင့်ကို ကာလိုက်တော့သည်။

ယခုအခေါက်တွင် သူက ကံသိပ်မကောင်းပေ။ ခြောက်နာရီကျော် တရားထိုင်ပြီးသည့်တိုင် မိုးမြေနှင့်တစ်သားတည်း အခြေအနေထဲ မဝင်ရောက်နိုင်ခဲ့ချေ။ သူက ရောင်နီသည် ကမ္ဘာမြေပေါ်သို့ ပထမဆုံး ကျရောက်လာချိန်မှသာ ဝင်နိုင်တော့၏။

သူသည် ခြံဝန်းထဲမှ တိုက်ခတ်နေသော လေပွေနှယ် အသွင်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ အပြင်ဘက်ရှိ ပုံရိပ်များအားလုံးက သူ့စိတ်ထဲ၌ ပေါ်လာပြီး အတွေးတစ်ချက်ဖြင့် ထိုလေပြည်က သူ့ရှေ့ရှိ တတိယခြံဝန်းဆီသို့ ဦးတည်သွားတော့၏။ ခြံဝန်းနားတစ်ဝိုက် ခုခံမှုများကို လျစ်လျူရှုထားလျက် အထဲသို့ အလွယ်တကူ ဝင်သွားသည်။ ယခုအချိန်တွင် သူက မိုးမြေနှင့် သဟဇာတ ဖြစ်နေပြီဖြစ်ကာ အစီအရင်အရံအတားများက အသုံးမဝင်တော့ချေ။

အရှေ့အရပ်မှ အဖြူရောင်ပေါ်ထွက်လာပြီး ကောင်းကင်၏အရောင်က အတော်လေး မှုန်မှိုင်းနေ၏။ သို့သော် ကျန်းရီ၏စိတ်ထဲတွင် ပေါ်လာသော ပုံရိပ်က အလွန်ကြည်လင်နေသည်။ သူ့ရှေ့ရှိ တတိယခြံဝန်းထဲတွင် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောအခါ ကျန်းရီက မှင်တက်သွားတော့သည်။

သူက အင်မတန်မှင်တက်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရတာ ဖြစ်သည်။ ခြံဝန်းထဲ၌ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးသည် ကျော့ရှင်းစွာ ကနေလေ၏။ သူမက ခြေဗလာဖြစ်နေကာ ခြေဖဝါးလေးများက ကျောက်စိမ်းဖြူနှယ် တလက်လက် တောက်ပနေပြီး ကြည်လင်နေတော့၏။ သူမ၏ သွင်ပြင်က ကျော့ရှင်းကာ ရုပ်ခန္ဓာက ကြည့်ကောင်းသည်။ သူမ၏ရုပ်ရည်သွင်ပြင်က လင်းရှီယာ့ကဲ့သို့ အသက်ရှုမှားလောက်ဖွယ် မဟုတ်သည့်တိုင် မျက်စိပသာဒ ဖြစ်စေသည်။

ဖမ်းစားနိုင်ဆုံးအပိုင်းက သူမ၏ နှင်းကဲ့သို့ အသားအရည် ဖြစ်သည်။ နာမကျန်းဖြစ်မှုကြောင့် ဖြူရော်နေတာ မဟုတ်ဘဲ ထိုအစား အလွန်ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိသော အလင်းဖျော့ဖျော့ ထုတ်ဖော်နေတာပဲ ဖြစ်သည်။ သူမက လင်းရှီယာ့နှင့် သက်တူရွယ်တူ အသက်(၁၆)နှစ်ဝန်းကျင်သာ ရှိပုံပေါ်၏။ ယခုအချိန်တွင် အလှတရားကို ပြသရမည့် အရွယ်သို့ ရောက်နေတာပဲ ဖြစ်သည်။

ဟုတ်ပေသည်။ ယင်းက အဓိကအချက် မဟုတ်ပေ။ ကျန်းရီသည် ဘဝ၌ ပထမဆန်းစား အလှပဂေးများစွာကို တွေ့ခဲ့ဖူး၏။ သူမ၏ သွင်ပြင်က သူ့ကို မှင်တက်စေခြင်း မဟုတ်။ သူ့ကို ထိတ်လန့်သွားစေသည်က သူမ၏အကပဲ ဖြစ်၏။ ကျန်းရီသည် အကနှင့်ဂီတအကြောင်း ဘာမှမသိသော်ငြား ခြံဝန်းထဲရှိ မိန်းမပျိုလေးထက်သာအောင် နတ်မိမယ်များတောင် မကနိုင်ဟု ခံစားမိသည်။ မိန်းမပျို‌လေး ခြံဝန်းထဲတွင် ကနေစဉ် ပန်းများအားလုံး စတင်ဖူးပွင့်လာသောကြောင့် ဖြစ်၏။

မတူညီသော ပန်းပွင့်များသည် ကွဲပြားသည့် အချိန်၌ ဖူးပွင့်ကြောင်း လူတိုင်း သိကြသည်။ ကျန်းရီ၏ ခြံဝန်းထဲ၌လည်း ပန်းပွင့်များစွာ ရှိပြီး အများစုက အဖူးအငုံ ဖြစ်နေသေးဆဲပင် ဖြစ်သည်။ သို့သော် တတိယခြံဝန်းထဲရှိ ပန်းပွင့်များက ငွားငွားစွင့်စွင့် အပြည့်အဝ ဖူးပွင့်နေကြ၏။

သခင်မလေး ကခုန်သည်နှင့် ပန်းပွင့်တစ်ရာချီ ဖူးပွင့်လာတော့သည်။ ယင်းက ကျန်းရီအတွက် မမေ့နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။

ငါ ထပ်မကြည့်နိုင်တော့ဘူး ဒီသခင်မလေး ယဉ်ရို့ပင်းက ထူးကဲတဲ့ စွမ်းရည်တွေ ရှိနေတာပဲ ငါ့ရဲ့မိုးနဲ့မြေတစ်သားတည်း အခြေအနေတောင် နက်နဲလှပြီ ထင်နေတာ၊ သူသာ ငါ့ကို ရှာတွေ့နိုင်တဲ့ အထူးစွမ်းရည် တစ်မျိုးမျိုး ရှိနေခဲ့ရင် ပြဿနာများမှာ။

ထိုမိန်းမပျိုလေးက အင်မတန်လှပပြီး အကကလည်း ဖမ်းစားနိုင်စွမ်း ရှိသည်။ ပန်းပွင့်များအားလုံး ဖူးပွင့်နေသည့် မြင်ကွင်းက မှင်တက်စရာ ကောင်း၏။ သို့သော် ကျန်းရီက ဆက်မကြည့်သင့်ကြောင်း သတိပြုမိသည်။ တစ်ခုခု ဖြစ်လာလျှင် သူ့အတွက် ထာဝရအဆုံးသတ်သွားပေလိမ့်မည်။

သူက လှုပ်ရှားရန် သူ့ကိုယ်သူ ဖိအားပေးလိုက်၏။ သူ့ရင်ထဲရှိ ပုံရိပ်က ဆက်တိုက် ပြောင်းလဲနေပြီးနောက် ရှားထူမြို့ထဲရှိ ကျန်နေရာများကို ကြည့်လိုက်သည်။ ကျန်းရီ၏စိတ်ထဲရှိ မြင်ကွင်းက ပြောင်းလဲသွားသည်နှင့် တတိယခြံဝန်းထဲရှိ သခင်မလေး ယဉ်ရို့ပင်းက လှုပ်ရှားတာ အားလုံး ရုတ်တရက် ရပ်တန့်လိုက်၏။ အထူးဆန်းဆုံးအရာက သူမ လှုပ်ရှားတာ အားလုံးရပ်တန့်လိုက်သည်နှင့် ပန်းပွင့်များအားလုံး ညှိုးရော်ကုန်တာပဲ ဖြစ်သည်။

“တတိယသခင်မလေး.. ဘာဖြစ်တာလဲ”

မိန်းမလှလေးတစ်ဦးက ခြံဝန်းထဲရှိ ခန်းမထဲမှ ထွက်လာတာ တအံ့တဩမေးလိုက်လေ၏။

တတိယသခင်မလေးယဉ်၏အကြည့်က သူမဘေးရှိ စတုတ္ထခြံဝန်းဆီသို့ ရောက်သွား၏။ သူမ၏ နွေးထွေးသော နှုတ်ခမ်းက ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။ သူမက သာမန်ကာလျှံကာ ပြောလိုက်တော့၏။

“ဘေးခြံက တစ်ယောက်ယောက်က ကျွန်မလေ့ကျင့်နေတဲ့ အတောအတွင်း ကျွန်မတို့ကို ချောင်းကြည့်နေတယ်”

“အမ်..”

မိန်းမလှ၏ မျက်ဝန်းထဲတွင် အေးတိအေးစက် အလင်းတန်း ဖျတ်ခနဲ ပေါ်လာလျက် မျက်နှာထက်တွင် ကြမ်းကြုတ်သော အကြည့် ပေါ်လာသည်။ သူမက ဒေါသတကြီး ဟိန်းဟောက်လိုက်တော့၏။

“အဲဒီလူက သခင်မလေးကို ရာရာစစ ကြည့်ရဲတယ်လား သူ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

***

All Chapters