အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အပိုင်း ၃၄၉ : ဂိမ်းဘုရင်
ယဲ့ချန်းက ပထမဆုံးပြိုင်ပွဲ၏အိမ်ရှင်အဖြစ် စတားတက္ကသိုလ်ကို စာရင်းသွင်းလိုက်သည်။
ပြိုင်ပွဲ၏ပြင်ဆင်မှုအားလုံးကို ယဲ့ချန်းထံမှ အကူအညီမယူပါဘဲ ကျောင်းသားများအားလုံးကပင် လုပ်ဆောင်ခဲ့ကြသည်။
မကြာခင်မှာပင် ကောလိပ်ပြိုင်ပွဲအတွက် လျှောက်လွှာမှာ အတည်ပြုခံလိုက်ရသဖြင့် တစ်ကျောင်းလုံး တက်ကြွနေကြတော့သည်။
စတားတက္ကသိုလ်၏အားသာချက်များမှာ အလျင်အမြန်ပင် ပေါ်လာလေသည်။
တစ်ကျောင်းလုံးရှိ ကျောင်းသားများမှာ အတူတကွလုပ်ဆောင်ပြီး အဆင့်မြင့်အီလက်ထရောနစ်အားကစားစင့်မြင့်ကြီးတစ်ခုကို ဆောက်လုပ်လိုက်ကြသည်။
ခန်းမကိုတော့ အားကစားခန်းမထဲတွင် ရွေးချယ်ထားပြီး အပြင်အဆင်များကို ဒီဇိုင်းမေဂျာမှ ကျောင်းသားများက ပြင်ဆင်လုပ်ဆောင်ကြသည်။
သို့သော် ဂိမ်းကိုကြော်ငြာခြင်းက အခက်ခဲဆုံးတာဝန်တစ်ခုပင်။
ပိုမိုကောင်းမွန်သော ပရိုမိုးရှင်းများကို လုပ်ဆောင်နိုင်ရန်နှင့် ပိုပြီးပရော်ဖက်ရှင်နယ်ဆန်သော ဝါသနာရှင်များ ဤပြိင်ပွဲအကြောင်း သိသွားစေရန်အတွက် ယဲ့ချန်းက သတင်းဌာနကြီးများတွင် ကြော်ငြာထည့်ရန် ငွေထုတ်သုံး၍ရသော်ငြား သူကတော့ ထိုသို့မလုပ်ခဲ့ပေ။
ယဲ့ချန်းက တခြားနည်းလမ်းကို ရွေးချယ်၍ ကျောင်းသားများကိုသာ နည်းလမ်းရှာခိုင်းထားသည်။
ဤသည်မှာ စတားတက္ကသိုလ်ရှိ ကျောင်းသားများအတွက် ရှားပါးလှသော လက်တွေ့အခွင့်အလမ်းတစ်ခုပင်တည်း။
ဂီတဌာန၏ကျောင်းသားများကလည်း ပူးပေါင်းပါဝင်ကြသည်။ လော့ကျင်းရှန်နှင့် ဂီတဌာနရှိ အခြားကျောင်းသမားများက e-sportsသီချင်းတစ်ပုဒ်ကို ရေးစပ်သီကုံးခဲ့ကြသည်။
အန်နီမေးရှင်းဌာနရှိ ကျောင်းသားများကမူ ဖိတ်ဖိတ်လက်နေသော ကြော်ငြာအန်နီမေးရှင်းများကို ဖန်တီးကြ၏။
စတားတက္ကသိုလ်တစ်ခုလုံးက ဤပြိုင်ပွဲအတွက် ပြင်ဆင်မှုများအားလုံးကို ပါဝင်လုပ်ကိုင်ခဲ့ကြသည်။
စတားတက္ကသိုလ်၏ အထင်ကြီးလောက်သော စည်းလုံးမှုနှင့် ဖန်တီးနိုင်စွမ်းတို့က ဤပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ပြည့်စုံစေခဲ့သည်။
ထို့ပြင် ကွန်ပျူတာသိပ္ပံဌာနရှိ ကျောင်းသားများကလည်း တက္ကသိုလ်ပြိုင်ပွဲအတွက် ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ကြသည်။
မော့ရှောင်ရှောင်ကတော့ ဟက်ကာမေဂျာရှိ ကျောင်းသားများကို စုစည်း၍ ဟက်ကင်းနည်းပညာများကို အသုံးချ၍ တက္ကသိုလ်အသီးသီးရှိ ကျောင်းသားများ၏ QQဂရုထဲသို့ ကြော်ငြာလင့်ခ်များ ပေးပို့ခဲ့သည်။
မကြာခင်မှာပင် တက္ကသိုလ်အဆင့် အီလက်ထရောနစ်အားကစားပြိုင်ပွဲကြီးကို ဟွားနိုင်ငံရှိ ထိပ်သီးတက္ကသိုလ်များအကြား ကြော်ငြာဆင်းနိုင်ခဲ့သည်။
အမည်မသိစစ်မြေပြင်းဂိမ်းက တက္ကသိုလ်ကျောင်းသားများအကြား ရေပန်းစားနေပြီးဖြစ်လေရာ စတားတက္ကသိုလ်၏ ပရိုမိုးရှင်းကြောင့် ထိုကစားသမားများလည်း ဤပြိုင်ပွဲနှင့်ပတ်သက်ပြီး အာရုံစိုက်လာကြသည်။
ဖုတန်တက္ကသိုလ်တွင် ကောင်းယွီက အမည်မသိစစ်မြေပြင်ဂိမ်းတစ်ပွဲကို ဆော့ပြီးခါစအချိန်ဖြစ်၏။
ထိုအချိန်တွင် ဝက်ဘ်ဆိုက်လင့်တစ်ခုက QQဂရုထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။
"အလှလေးတစ်ယောက်က ညနက်ကြီးမှာ ဒီလိုကိစ္စမျိုးကို ရုတ်တရက်ကြီးကျူးလွန်ခဲ့တယ်..."
လင့်ခ်ကား စိတ်ကူးနိုင်စွမ်းကို လှုံ့ဆော်ပေးနေချေသည်။
ကောင်းယွီလည်း သိချင်စိတ်ကြောင့် လင့်ခ်ကို ကောက်နှိပ်လိုက်သည်။ ထိုအခါမှသာ အမည်မသိစစ်မြေပြင်၏ e-sportsပြိုင်ပွဲနှင့်ပတ်သက်သည့် ကြော်ငြာဝက်ဘ်ဆိုက်ထဲသို့ ရောက်သွားခဲ့သည်။
မိမိုက်လှသော ဝက်ဘ်ဆိုက်အပြင်အဆင်ကြောင့် ချက်ချင်းဆိုသလို စိတ်ပါသွားခဲ့သည်။
ထိုအရာကိုကြည့်ပြီးနောက် ကောင်းယွီလည်း အလွန်စိတ်ဝင်သွားရလေသည်။
ဤပြိုင်ပွဲ၏ဆုငွေများမှာ အလွန်ရက်ရောလှသည်။ ပမာဏမှာ တစ်သန်းအထိရှိသည်။
အရေးအကြီးဆုံးမှာ ဤပြိုင်ပွဲက အမည်မသိစစ်မြေပြင်ဂိမ်း၏ ဝါသနာရှင်များအတွက် သူတို့အစွမ်းကို ထုတ်ပြနိုင်မည့် စင်မြင့်တစ်ခုပင်။
ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန်အတွက် အုပ်စုလိုက်ပြိုင်ပွဲတွင် ကစားသမားငါးယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့ လိုအပ်ပေသည်။
ထိုအကြောင်းအရာများကို ကြည့်ပြီးနောက် ကောင်းယွီလည်း သူ့ကစားဖော်များကို ဖုန်းဆက်ရန်ပြင်လိုက်ချိန်မှာပင် သူတို့ဘက်က အရင်ဖုန်းခေါ်လာသည်။
"ကောင်းယွီ... အမည်မသိစစ်မြေပြင်ဂိမ်းရဲ့ ပြိုင်ပွဲကြော်ငြာကို မြင်ပြီးပြီလား"
"အင်း မြင်ပြီးပြီ။ အရမ်းမိုက်တယ်နော်"
"ဟုတ်တယ်ကွ။ ရေလည်လန်းတာ"
"မင်း စမ်းကြည့်ချင်လား"
"ဒါပေါ့ကွ"
...
သိပ်မကြာခင်မှာပင် အမည်မသိစစ်မြေပြင်ဂိမ်းထဲတွင် အလွန်အင်အားကြီးလှသော အတန်းဖော်များကလည်း သူ့ကို ဖုန်းဆက်လာသည်။
မကြာခင်မှာပင် ငါးယောက်အဖွဲ့ကို ဖွဲ့စည်းလိုက်နိုင်သည်။
လမ်းတစ်လျှောက်တွင်လည်း ကျောင်းသားများအားလုံးက စတားတက္ကသိုလ်က ဦးစီးကျင်းပသော အီလက်ထရောနစ်အားကစားပြိုင်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
အွန်လိုင်းပေါ်တွင် ပြောထားသည့် အကြောင်းအရာများက အမှန်ဖြစ်ဟန်တူသည်။
ကျောင်းသားငါးယောက် အဆောင်ခန်းထဲတွင် စုဝေး၍ လျှောက်လွှာဖြည့်လိုက်ကြသည်။
...
ဖုတန်တက္ကသိုလ်တစ်ခုတည်း မဟုတ်ပေ။
အမည်မသိစစ်မြေပြင်ဂိမ်းကို သဘောကျသည့် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များကလည်း ဤသတင်းကို ရသောအခါ စာရင်းသွင်းကြလေသည်။
ဤကျောင်းသားများက အမည်မသိစစ်မြေပြင်ဂိမ်း၏ အမာခံကစားသမားများပင်။
ဤသတင်းကို ကြားလိုက်ရချိန်ဝယ် သူတို့အားလုံး စိတ်လှုပ်ရှားတက်ကြွကုန်သည်။
ယခင်က သူတို့သည် စိတ်လှုပ်ရှားမှုအတွက် အင်တာနက်ကဖေးများတွင်သာ ကစားခဲ့ရသည်။
ယခုမူ ပညာရှင်အစစ်များနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကို ရလိုက်လေပြီ။
အရေးအကြီးဆုံးမှာ သူတို့မှာ သူတို့ကျောင်းကို ကိုယ်စားပြုနိုင်လေပြီ။
မကြာခင်မှာပင် စာရင်းသွင်းသူများက စွန်းကျယ်စီစစ်နေသော အီးမေးလ်သို့ တစ်ခုပြီးတစ်ခု ပို့နေကြတော့သည်။
စတားတက္ကသိုလ်၏ အီလက်ထရောနစ်ပြိုင်ပွဲက ဟွားနိုင်ငံရှိ တက္ကသိုလ်များအကြား ရေပန်းစားလာခဲ့သည်။
ကျောင်းသားတော်တော်များများက စိတ်လှုပ်ရှားတက်ကြွနေကြပြီး ဤပြိုင်ပွဲကို မျှော်လင့်စောင့်စားနေကြသည်။
မိုတုမြို့ရှိ ဘလူးဟိုးဌာနချုပ်တွင်...
စွေ့လုံကျူးက စိုးရိမ်ပူပန်လေဟန်ဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့.. ဒီလိုအရေးကြီးတဲ့ပြိုင်ပွဲတစ်ခုကို ကျောင်းသားတွေဆီမှာ တာဝန်ပေးထားတာ အဆင်ပြေပါ့မလား"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျုပ်ရဲ့ကျောင်းသားတွေကို ကျုပ်ယုံတယ်"
"ဘယ်လို.. ခင်ဗျားရဲ့ကျောင်းသားတွေလား"
စွေ့လုံကျူးလည်း အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက ရယ်သည်။
"ဟုတ်တယ်။ သူတို့က ကျုပ်ရဲ့ကျောင်းသားတွေပါ။ ကျုပ်က စတားတက္ကသိုလ်ရဲ့ဥက္ကဋ္ဌလေ။ ကျုပ်တို့ကျောင်းက ဟွားနိုင်ငံမှာ e-sportsမေဂျာရှိတဲ့ တစ်ခုတည်းသောတက္ကသိုလ်ပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ စွေ့လုံကျူးက ပြောလိုက်၏။
"မစ္စတာယဲ့.. ခင်ဗျား ဂိမ်းပိုင်းဆိုင်ရာကို အထူးပြုဖို့ စီစဉ်နေတာလား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဘာလို့မရရမှာလဲ"
"ဒါပေမဲ့ တခြားရှယ်ယာရှင်တွေက e-sportsကို သိပ်စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး အမြင်မတူတဲ့လူတွေအများကြီးရှိတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ ရင်းနှီးမြှုပ်နှံမှာထက်စာရင် ကြော်ငြာတွေမှာပဲ ငွေထည့်လိုက်တာက ပိုအကျိုးရှိတယ်လို့ ထင်နေကြတာလေ"
ယဲ့ချန်းက ဤစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။
စည်းလုံးမှုမရှိပါက ဤဂိမ်းကို ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲဂိမ်းအဖြစ် ပြောင်းလဲရန် အလွန်ခက်ခဲပေသည်။
ယဲ့ချန်းလည် ခေါင်းညိတ်ပြလိုက်သည်။
"မပူပါနဲ့။ ကျုပ်တာဝန်သာထားလိုက်"
နောက်တစ်နေ့တွင် ယဲ့ချန်းက ကုမ္ပဏီ၏ရှယ်ယာ၂၀ရာခိုင်နှုန်းကို ထပ်ဝယ်လိုက်သဖြင့် သူ့ရှယ်ယာပမာဏက သုံးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း စွေ့လုံကျူး သတင်းရလိုက်သည်။ သို့ဖြစ်လေရာ ဘလူးဟိုးကုမ္ပဏီ၏ ရှယ်ယာအများဆုံးလူနှင့် ဥက္ကဋ္ဌအသစ်ကလည်း ယဲ့ချန်းပင် ဖြစ်လာလေသည်။
ဤသတင်းကိုကြားသော် စွေ့လုံကျူးခမျာ လုံးဝကြက်သေသေသွားချေသည်။
ဤလူငယ်လေးတွင် ငွေမည်မျှပိုင်ဆိုင်ထားသလဲ။
ရှယ်ယာပြဿနာကို ဖြေရှင်းပြီးနောက် နောက်တစ်ဆင့်မှာ ဤအီလက်ထရောနစ်ပြိုင်ပွဲကို ကောင်းကောင်းပြင်ဆင်ရန်သာ လိုတော့သည်။
မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးဘက်တွင်လည်း အသင့်ပြင်ထားပြီဖြစ်ရာ အရာအားလုံး အဆင့်သင့်ဖြစ်နေလေပြီ။ ပြိုင်ပွဲကျင်းပရန်သာ လိုတော့သည်။
ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုက သူ့အတွက် ညစာပြင်ထားပြီးပြီဖြစ်၏။
တစ်နေကုန်အလုပ်များနေသဖြင့် ယဲ့ချန်းမှာ ဗိုက်ဆာနေသည်ဖြစ်ရာ ခဏလေးအတွင်း အကုန်ပြောင်အောင် စားပစ်လိုက်သည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ဝမ်ယို.. ကိုယ့်ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ဤနေရာကို အိမ်ဟုသဘောထားကြောင်း သိလိုက်ရချိန်ဝယ် လင်းဝမ်ယိုလည်း အတန်ငယ်ရှက်သွေးဖြာသွားသည်။
"သခင်လေး..ဟွားအိမ်တော်က အမြဲ ရှင့်အိမ်ဖြစ်နေမှာပါ။ ဝမ်ယိုကလည်း ရှင့်ကို ဒီနေရာမှာပဲ စောင့်နေမှာပါ"
ယဲ့ချန်းလည်း လင်းဝမ်ယိုအား ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။
ဤကာလအတွင်း သူတို့နှစ်ယောက်သား ဆက်ဆံရေးအဆင်ပြေနေသလို လင်းဝမ်ယိုကလည်း ယဲ့ချန်းအကြောင်း ကောင်းကောင်းသိလာသည်။
ယဲ့ချန်း သူ(မ)ကိုပေးသော ခံစားချက်က နက်ရှိုင်းလှချေသည်။
ယဲ့ချန်းက နေ့တိုင်းတက္ကစီမောင်းနေရသဖြင့် အိမ်မှုကိစ္စများကို သိပ်မလုပ်ရသော်လည်း ယဲ့ချန်း၏နာမည်အောက်တွင် လုပ်ငန်းစုများစွာရှိသဖြင့် ကိုင်တွယ်ပေးရသည်။
"ဒါနဲ့.. ကိုယ်တို့ရဲ့ဗွီအာဂိမ်းက ဘယ်လိုအခြေအနေရှိလဲ"
"ပစ္စည်းပထမအသုတ်ကို ထုတ်လုပ်ပြီးပါပြီ။ တချို့ပြင်ဆင်မှုတွေကတော့ လုပ်ဖို့လိုပါသေးတယ်။ နောက်ဆုံးပေါ်နမူနာကတော့ သုံးလေးရက်အတွင်း အဆင်သင့်ဖြစ်တော့မှာပါ"
ယဲ့ချန်းလည်း အံ့အားသင့်သွားချေသည်။
"မြန်လိုက်တာ"
လင်းဝမ်ယိုက ပြုံးလိုက်သည်။
"ဟုတ်တယ်။ ကျွန်မကိုယ်တိုင် ကြီးကြပ်ထားတာလေ"
ယဲ့ချန်းလည်း ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဝမ်ယို ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းမှာ သူ့ကိုယ်သူ အလွန်ကံကောင်းလှသည်ဟု ခံစားရသည်။
သူ့ဘေးနားရှိ မိန်းမလှလေးများက သူ့အား ကူညီပေးနေချေသည်။
ယခုလည်း စုရှောင်ယာက ကျောင်းစီရင်စုအိမ်များ၏ ငှားရမ်းမှုမှန်သမျှကို စီမံပေးနေရသဖြင့် မြေရှင်တစ်ယောက် ဖြစ်နေလေပြီ။
သူတို့ကြောင့်သာ ယဲ့ချန်းလည်း တက္ကစီမောင်းရန် အချိန်ရခြင်းပင်။
ယဲ့ချန်း၏ချီးကျူးမှုကြောင့် လင်းဝမ်ယိုလည်း အလွန်ပျော်ရွှင်သွားသည်။
"ရှင့်ဒီဇိုင်းပုံကြမ်းက အဓိကပါပဲ သခင်လေး.. အရမ်းမိုက်တာပဲ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ အဲဒါကိုထုတ်လုပ်ပြီးရင် ငါတို့ ဂိမ်းဈေးကွက်ထဲမှာ ပေါက်သွားနိုင်တယ်"
ယခု ဘလူးဟိုးကုမ္ပဏီကိုလည်း ဝယ်ထားပြီဖြစ်ရာ နောက်တစ်ဆင့်ကား ဘလူးဟိုးကုမ္ပဏီကို စတားဂိမ်းကုမ္ပဏီဟု အမည်ပြောင်းရမည်။
ယဲ့ချန်း၏ဆန္ဒမှာ သူ့ကိုယ်ပိုင်ဂိမ်းအင်ပါယာကြီးတစ်ခုကို ဖန်တီးရန်ပင်။
••••••••••••••••••••
အပိုင်း ၃၅၀ : မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
မနက်စောစောတွင် လင်းဝမ်ယိုမှာ ဆန်ပြုတ်ရနံ့ခပ်သင်းသင်းကြောင့် နိုးလာခဲ့သည်။
လင်းဝမ်ယိုကို မြင်သောအခါ ယဲ့ချန်းကလည်း ပြုံးလျက် ပြောလိုက်၏။
"မနေ့ညတုန်းက မင်း အရမ်းပင်ပန်းထားလို့ ကိုယ်က မေတ္တာတွေနဲ့ မနက်စာချက်ပေးနေတာ"
မနေ့ညက အဖြစ်အပျက်ကို သတိရမိသောအခါ လင်းဝမ်ယို၏မျက်နှာကား အနည်းငယ်နီမြန်းသွားလေသည်။
ယဲ့ချန်းက ဆန်ပြုတ်ပန်းကန်ကို ယူလာပြီးနောက် ပြုံးစစဖြင့် ပြောလိုက်၏။
"လာ.. ကိုယ်လက်ရာကိုမြည်းကြည့်"
လင်းဝမ်ယိုလည်း တစ်ဇွန်းခပ်သောက်ကြည့်ပြီးနောက် ချီးမကျူးဘဲ မနေနိုင်တော့ပေ။
"ရှင်ပြုတ်ထားတဲ့ဆန်ပြုတ်က အရမ်းအရသာရှိတာပဲ။ ကျွန်မ ဒီလောက်အရသာရှိတဲ့ ဆန်ပြုတ်မျိုုး မပြုတ်တတ်ဘူး"
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။
"မင်းကြိုက်ရင် နည်းနည်းထပ်စားလိုက်ဦးလေ"
မနက်စာစားပြီးနောက် ယဲ့ချန်းလည်း တက္ကစီမောင်းရန် ထွက်လာခဲ့လိုက်သည်။
နေ့လယ်ဘက်တွင် စုဝမ်ယိက ဖုန်းဆက်လာသည်။
"ယဲ့ချန်း.. ကျွန်မ ဒီနေ့လယ် အလုပ်နားတယ်။ ကျွန်မနဲ့အတူ ဈေးဝယ်ထွက်ဖို့ အချိန်ရှိလား"
"ရှိတာပေါ့။ ကိုယ် မင်းကို ရုံးခန်းမှာ လာခေါ်လှည့်မယ်"
ယဲ့ချန်းလည်း ကျီလီကားဖြင့် ယာရှီလုပ်ငန်းစု၏ဝင်ပေါက်ဆီသို့ မောင်းလာခဲ့လိုက်သည်။
ကားထဲကဆင်းလိုက်သောအခါ အလွန်ချောမောလှသော ယဲ့ချန်း၏ရုပ်ရည်ကြောင့် အလုပ်ဆင်းလာကြသည့် အမျိုးသမီးဝန်ထမ်းများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
"အမလေး.. ဟိုလူက အရမ်းချောတာပဲ"
"သူက ရုပ်ရှင်စတားလား။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချောရတာလဲ"
"ငါတော့ ကြွေသွားပြီ။ အချစ်ဆိုတာ ဒါမျိုးလား"
စုံတွဲတစ်တွဲက ကုမ္ပဏီထဲမှ ထွက်လာလေသည်။ မိန်းကလေးဖြစ်သူက ယဲ့ချန်းကိုမြင်သောအခါ အံ့ဩသွားချေသည်။
ဘုရားရေ... ဒီလူက အရမ်းခန့်ညားတာပဲ
ထိုမိန်းကလေးမှာ ထူးခြားလှသော ယဲ့ချန်း၏ရုပ်ရည်ကြောင့် ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
သူ(မ)၏ချစ်သူက သူ(မ)ကို ခေါ်နေပါသော်ငြား ပြန်မထူးမိပေ။
ကောင်လေးကလည်း မပျော်မရွှင်ဖြစ်သွားပေသည်။
"ဟေး.. မင်းမှာ ချစ်သူရှိရက်နဲ့ တခြားကောင်တစ်ယောက်ကို ငေးနေတာ ဖြစ်သင့်ရဲ့လား"
"ကျွန်မ မသိဘူးများထင်နေတာလား။ ကျွန်မတို့ ဈေးဝယ်ထွက်တိုင်း ရှင့်မျက်လုံးတွေက ခြေတံရှည်တဲ့ မိန်းမလှလေးတွေဆီက မခွာနိုင်ဘူးလေ"
ထိုကောင်လေးခမျာ တဒင်္ဂမျှဆွံ့အသွားရလေသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့ စကားများခဲ့ဖူးသည်။
မိန်းကလေးက နှာခေါင်းရှုံ့လိုက်ပြီးနောုက် ယဲ့ချန်းကို နှမြောတသဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ(မ)ချစ်သူ၏ကားထဲသို့ ဝင်သွားလိုက်သည်။
သူ(မ)၏ချစ်သူက ဘီအမ်ဒဗလျူစီးသော်ငြား အကယ်၍ ယဲ့ချန်းကသာ ဆန္ဒရှိမည်ဆိုလျှင် သူ(မ)ကတော့ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်မည်သာ။
ဤမြင်ကွင်းကြောင့် ယောကျ်ားတော်တော်များများ မကျေမနပ်ဖြစ်ကုန်ကြသည်။
"ဟမ့်.. ရုပ်ချောတော့ရော ဘာလုပ်ရမှာလဲ။ သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား"
"ဟုတ်တယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကြီးက ရုပ်ရည်လောက်ပဲ ကြည့်နေကြတာ"
ထိုအချိန်တွင် ကုမ္ပဏီထဲမှ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပဂေးတစ်ယောက် ထွက်လာလေသည်။
ဤအလှလေးကို မြင်လိုက်ရချိန်ဝယ် လူတိုင်း အားကျသလိုအကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
ဟူး.. အဆင်းလည်းလှသလို အချင်းလည်း လှတယ်ဟေ့...
ဘယ်သူကများ ဒီလိုနတ်ဘုရားမကို ပိုင်ဆိုင်ထားရတဲ့အထိ ကံကောင်းတာပါလိမ့်...
စုဝမ်ယိက ယာရှီလုပ်ငန်းစု၏ အဆောက်အအုံထဲမှ ထွက်လာသောအခါ တက္ကစီဘေးတွင် ရပ်နေသော ယဲ့ချန်းကို မြင်လိုက်ရသည်။
လူအုပ်ကြီးလည်း အံ့ဩကုန်သည်။
တက္ကစီမောင်းသော ခပ်ချောချောကောင်လေးက ယာရှီလုပ်ငန်းစုဥက္ကဋ္ဌ၏ ချစ်သူဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
အစောတုန်းက ယဲ့ချန်းကို လှောင်ပြောင်ခဲ့သော ယောကျာ်းများ၏အမူအရာများမှာ ထူးဆန်းသွားပြီး မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ယဲ့ချန်းမြင်သော် စုဝမ်ယိကလည်း ချိုသာစွာပြုံး၍ သူ့ထံသို့ လျှောက်သွားလိုက်၏။
"ဆောရီး... ကျွန်မ ခုနတုန်းက နာရီကို မတော်တဆခွဲလိုက်မိလို့ နည်းနည်းနောက်ကျသွားတယ်"
ယဲ့ချန်းလည်း ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
"အာ..မင်းမသိဘူးနော်. ဟိုမိန်းကလေးဝန်ထမ်းတွေက ကိုယ့်ကို ဝါးစားတော့မတတ် ကြည့်နေကြတာ"
စုဝမ်ယိလည်း အော်ရယ်လိုက်မိတော့သည်။
"ဟားဟား..ကျွန်မလည်းမြင်ပါတယ်။ ကျွန်မချစ်သူကို ဘယ်သူက ဒီလောက်အထိချောခိုင်းထားလို့လဲ"
ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"နာရီကွဲသွားလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ် မင်းကို အသစ်တစ်လုံး ထပ်ဝယ်ပေးမယ်"
"ကောင်းပြီလေ။ မဟုတ်လည်း ကျွန်မတို့ ဈေးဝယ်ထွက်မှာပဲကို"
စုဝမ်ယိက ရယ်လိုက်လေသည်။
"ကျွန်မတို့ အတူဈေးဝယ်မထွက်ရတာ ကြာပြီမလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ ကိုယ်တို့ အတူဈေးဝယ်မထွက်ရတာကြာပြီ။ ဈေးဝယ်ထွက်တာကလွဲရင် မင်း တခြားဘာလုပ်ချင်သေးလဲ။ ကိုယ် ဒီနေ့ မင်းရဲ့ဆန္ဒတွေအကုန်လုံးကို ဖြည့်ဆည်းပေးမယ်"
စုဝမ်ယိလည်း ခဏမျှစဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည်။
"အင်း... ကျွန်မ ရုပ်ရှင်ကြည့်ချင်တယ်"
"ကိစ္စမရှိဘူး။ ဒီနေ့ ကိုယ်က မင်းကို အပြည့်အဝခစားမယ်"
ယဲ့ချန်း ရယ်လိုက်လေသည်။
စုဝမ်ယိကတော့ ဝမ်းသာပျော်ရွှင်သွားသည်။
ယဲ့ချန်းကမူ ကားစက်နှိုး၍ ရီတာ့ကုန်တိုက်သို့ မောင်းလာခဲ့လိုက်သည်။
သူတို့နှစ်ယောက်သား ပေါ့ပေါ့ပါးပါးစားသောက်ပြီးနောက် ရီတာ့ကုန်တိုက်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ရီတာ့ကုန်တိုက်တွင် ပါတက်ခ်ဖီးလစ်၊ ရိုးလက် စသဖြင့် နာမည်ကြီးနာရီများစွာရှိသည်။
ယောကျ်ားများက မျက်နှာပန်းလှစေရန်အတွက် နာရီများကို ဝယ်ကြသည်။
အမျိုးသမီးများကမူ မတူပေ။ ကြည့်ကောင်းစေရန်အတွက် ဝယ်ယူကြ၏။
သူတို့နှစ်ယောက်သား တန်ဖိုးကြီးနာရီအရောင်းဆိုင်များစွာကို ဝင်ကြည့်ကြသော်ငြား စုဝမ်ယိကတော့ အကြိုက်မတွေ့ပေ။
တကယ်တမ်းတွင် ယဲ့ချန်းက သန်းပေါင်းများစွာတန်ဖိုးရှိသော နာရီများကို မျက်စိကျခဲ့သော်လည်း စုဝမ်ယိကတော့ အကုန်ငြင်းပယ်လိုက်သည်။
သူတို့နှစ်ယောက်သား ဗာချီရွန်ကွန်စတန်တင်အရောင်းဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။
ဗာချီရွန်ကွန်စတန်တင်ကလည်း အဖိုးတန်နာရီဘရန်းတစ်ခုပင်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့က လူအများ၏အာရုံစိုက်မှုဗဟိုချက် ဖြစ်လာခဲ့သည်။
ယဲ့ချန်းက ချောမောခန့်ညားပြီး စုဝမ်ယိက အလွန်လှပသည်။
သူတို့နှစ်ယောက်၏ ဆွဲဆောင်ဖမ်းစားမှုက အလွန်မြင့်မားနေလေရာ လူအာရုံစိုက်ခံရသည်မှာလည်း မဆန်းပါချေ။
အမျိုးသမီးတစ်ယောက်က စုဝမ်ယိကို အကြောင်သားငေးနေချေသည်။
"ဒီလူက အရမ်းချောတာပဲ။ သူ့ဩဇာတိက္ကမနဲ့ ရုပ်ရည်က လူငယ်အိုင်ဒေါတစ်ယောက်ထက်တောင် သာသေးတယ်"
သူ(မ)ဘေးရှိ ချစ်သူကတော့ မကျေနပ်ပေ။
"ဟေး... မင်း နာရီကြည့်ပြီးပြီလား။ နာရီဝယ်ချင်တာလား။ ဒါမှမဟုတ် ငါ့ရှေ့မှာတင် ပေါ်တင်ကြီး အီစီကလီလုပ်ချင်တာလား"
ထိုမိန်းကလေး၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားပြီးနောက် ကပျာကယာပြောလိုက်သည်။
"ဟုတ်ပါပြီ အချစ်ရဲ့.. ကျွန်မ မှားသွားပါတယ်။ ကမ္ဘာပေါ်က ဘယ်သူကများ ရှင့်လောက်ချောမှာလဲ"
သူ(မ)က ထိုသို့ပြော်သော်ငြား ယဲ့ချန်းထံမှ အကြည့်မလွှဲနိုင်ပေ။
ထိုအမျိုးသားကလည်း သူ(မ)၏စကားကြောင့် ကျေနပ်သွားသည်။ သူသည် မချောပါသော်ငြား ချမ်းသာပေသည်။
ဤမိန်းကလေးက သူတို့တက္ကသိုလ်၏ အလှဘုရင်မပင်။ ယခင်တုန်းက သူ(မ)သည် သူ့အား အကြည့်တစ်ချက်မျှပင် မစွန့်ကြဲပါဘဲ အနူလက်နှင့် ရွှေခွက်နှိုက်ချင်သူဟူ၍ပင် သမုတ်ခဲ့သေးသည်။
ဘွဲ့ရပြီးနောက်တွင်မူ သူက ချမ်းသာကြောင်း သိသွားသည့်အခါ ဤမိန်းကလေးက သူ့အငယ်အနှောင်းအဖြစ် သစ္စာရှိခွေးတစ်ကောင်အလား သူ့အနားတွင် ကပ်တွယ်နေတော့သည်။
ကောင်တာတွင် စုံတွဲတစ်တွဲက ငွေရှင်းနေသည်။ ထိုအမျိုးသမီးက သူ့ချစ်သူ၏အင်္ကျီလက်အနားစကို ဆွဲကိုင်လိုက်သည်။
"အချစ်ရေ.. ကြည့်လိုက်ဦး။ အဲဒါ ယဲ့ချန်းမဟုတ်လား။ အငှားတိုက်ခန်းမှာ ကျွန်မတို့ရဲ့ အိမ်ဘေးမှာနေခဲ့တဲ့တစ်ယောက်လေ"
"ယဲ့ချန်း မင်းက ဒီမှာဘာလုပ်နေတာလဲ"
ထိုအမျိုးသားလည်း ကြက်သေသေသွားလေသည်။
အစတုန်းကတော့ ထိုအမျိုးသားမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေပါသော်ငြား ယဲ့ချန်း၏ဘေးနားရှိ စုဝမ်ယိကိုမြင်သော် နည်းနည်းစိတ်တိုသွားသည်။
ဒီကောင့်ချစ်သူက ငါ့ချစ်သူထက် ဘယ်လိုလုပ်ပြီး ပိုချောနေရတာလဲ...
သူ့ဘေးရှိ မိန်းကလေးက ရုပ်ရည်ရမှတ်ရှစ်ဆယ်ဝန်းကျင်ရှိပါသော်ငြား စုဝမ်ယိ၏ ရုပ်ရည်ရမှတ်ကိုးဆယ့်ကိုးနှင့် ယှဉ်လိုက်လျှင် ဘဲရုပ်ဆိုးလေးအလားပင်။
ထိုလူမှာ မနာလိုဖြစ်နေသဖြင့် ယဲ့ချန်းဝတ်ထားသော ဒီဇိုင်နာအဝတ်အစားများကို မြင်သောအခါ သူ့မျက်နှာထက်တွင် လှောင်ပြောင်ထေ့ငေါ့လေဟန် အမူအရာတစ်မျိုး ပေါ်လာလေသည်။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်ကြောင်း သူ မှတ်မိသည်။ သို့ဖြစ်လေရာ ဤဘရန်းများကို သူ မည်သို့ဝတ်နိုင်မည်နည်း။
ဤအလှလေးကို ယဲ့ချန်း လှည့်စားထားခြင်းဖြစ်ပေမည်။ သူ့အကြောင်းကို ထုတ်ဖော်ပစ်ရမည်။
သူတို့နှစ်ယောက်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်း တဒင်္ဂမျှမှင်တက်သွားလေသည်။
ထို့နောက် သူ အိမ်ငှားနေစဉ်က အိမ်နီးချင်းဟောင်းများဖြစ်သော ကျန့်ချောင်နှင့် ချန်းပင်းတို့ကို ပြန်အမှတ်ရမိသည်။
အထူးသဖြင့် ချန်းပင်းက သူ့ကို ယခင်က လိုက်ပိုးဖူးသည်။
သို့သော် ကျန့်ချောင်တွင် လူကုံထံဖခင်တစ်ယောက်ရှိကြောင်း ရုတ်တရက်သိလိုက်ရချိန်တွင် သူ(မ)က သူ့ထံသို့ ချက်ချင်းပစ်ဝင်လာသည်။
သူတို့ဘက်က တက်တက်ကြွကြွနှုတ်ဆက်လာသောအခါ ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးပြလိုက်သည်။
"မင်္ဂလာပါ"
ကျန့်ချောင်လည်း ရယ်လိုက်လေသည်။
"အာ.. ငါ မင်းကို အားကျတယ်ကွာ။ ရုပ်ကချောတော့ အနားမှာ အလှလေးတွေဝိုင်းနေတာပဲ"
တကယ်တမ်းတွင် ကျန့်ချောင်က ဤစကားကို စုဝမ်ယိကြားအောင် ပြောလိုက်ခြင်းပင်။
အဓိပ္ပာယ်ကတော့ ယဲ့ချန်းသည် ရုပ်ရည်ဖြင့် မိန်းကလေးများကို လှည့်စားနေသော ဆန်ကုန်မြေလေးတစ်ယောက်ဟု ညွှန်းဆိုခြင်းပင်။
စုဝမ်ယိတော့ ယဲ့ချန်းအား စိတ်ဆိုးလိမ့်မည်ဟု သူ ထင်ထားသော်ငြား ထင်မှတ်မထားပါဘဲ စုဝမ်ယိက ခပ်ဖွဖွပြုံး၍ ရက်ရောစွာ ပြောလာလေသည်။
"မင်္ဂလာပါ ကျွန်မက ယဲ့ချန်းရဲ့ချစ်သူပါ"
စုဝမ်ယိ၏အပြုံးကို မြင်သောအခါ ကျန့်ချောင်၏နှလုံးသားလေး အရည်ပျော်ကျရလေတော့သည်။
သေစမ်း.. ဒီလိုအလှလေးကို ယဲ့ချန်းလို ဆင်းရဲသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အပိုင်သိမ်းနိုင်ခဲ့ရတာလဲ...
အခုလိုတွေ့လက်စနဲ့ သူ့ကို ငါ သိမ်းပိုက်မှဖြစ်မယ်...
••••••••••••••••••
အပိုင်း ၃၅၁ : နားလည်မှုလွဲခြင်း
ကျန့်ချောင်က ယဲ့ချန်းကို အားကျနေဟန်ဖြင့် ကြည့်၍ ပြောလိုက်လေသည်။
"ဝိုး.. ယဲ့ချန်း.. ဒီဇိုင်နာအဝတ်အစားတွေချည်းပါလားကွ။ မင်း ငါးသန်းတန်ထီပေါက်ထားတာလား"
ဤသည်မှာ ဟာသလုပ်နေဟန်တူသော်ငြား ကျန့်ချောင်၏မျက်နှာထက်တွင်မူ လှောင်ပြောင်ထေ့ငေါ့လေဟန် အမူအရာတစ်မျိုး ရှိနေလေသည်။
ယဲ့ချန်း၏အဝတ်အစားများက အတုများဖြစ်ရမည်ဟု ကျန့်ချောင် ခန့်မှန်းထားသည်။
စုဝမ်ယိက ယဲ့ချန်းနှင်တွဲနေရသည့် အကြောင်းအရင်းမှာ ယဲ့ချန်းက သူ(မ)ကို လှည့်စားထားသောကြောင့်ဟု ထင်နေပေသည်။
ယဲ့ချန်းကမူ အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"ပုံမှန်ပါပဲ"
တစ်ဖက်လူ၏လေသံကတစ်ဆင့် သူတို့ထံတွင် မကောင်းသောရည်ရွယ်ချက်များရှိနေကြောင်း ယဲ့ချန်း အာရုံခံစားမိသည်။
သို့သော် ယဲ့ချန်းကတော့ သူတို့နှင့် စကားမများချင်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့က အိမ်နီးချင်းဟောင်းများဖြစ်ပြီး သိပ်လည်းမရင်းနှီးပေ။
အပြန်အလှန်နှုတ်ဆက်ပြီးနောက် ယဲ့ချန်းက စုဝမ်ယိနှင့်အတူ နာရီဆက်ကြည့်နေလိုက်၏။
ကျန်းချောင်ကလည်း သူ့အပေါ်ထားသော ယဲ့ချန်း၏သဘောထားမှာ အလွန်အေးတိအေးစက်နိုင်နေသဖြင့် ချက်ချင်းဆိုသလို ဒေါသထွက်သွားချေသည်။
သူက အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်လေသည်။
"ယဲ့ချန်း.. မင်းက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။ မင်းသာ ထီပေါက်ထားလို့မဟုတ်ရင် ဒီဇိုင်နာဘရန်းတွေကိုဝယ်ဖို့ ဘယ်က ပိုက်ဆံရမှာလဲ။ မင်းရဲ့ဝတ်စုံက သောင်းဂဏန်းလောက်ပေးရမှာပဲ"
သောင်းဂဏန်းတဲ့လား..
ယဲ့ချန်း၏နှုတ်ခမ်းအစုံကား အနည်းငယ်ကွေးညွတ်သွားလေသည်။
တစ်ဖက်လူက သူ့အား အထင်သေးနေပေသည်။ သူဝတ်ထားသော အဝတ်အစားများနှင့် နာရီက သန်းပေါင်းများစွာ ကုန်ကျပေသည်။
ကျန်းချောင်လည်း အေးတိအေးစက်နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"မိန်းကလေး... ဒီနေ့ခေတ်မှာ လူလိမ်တွေအများကြီးရှိတယ်။ ချစ်သူရွေးတဲ့အခါ သတိထားနော်။ လှည့်စားခံရဦးမယ်။ တချို့ဆင်းရဲသား အရှုံးသမားတွေက ဒီဇိုင်နာဘရန်းအတုတွေကိုဝတ်ပြီး ဘီအမ်ဒဗလျူကားတွေကိုငှားစီးပြီး ပိုက်ဆံရော အချစ်ရော ချူစားကြတာ။ ထောင်ချောက်ထဲ မကျသွားစေနဲ့ဦး"
အစတုန်းက ယဲ့ချန်းလည်း ကျန့်ချောင်ကို အရေးမလုပ်ချင်ပါသော်ငြား တစ်ဖက်လူက အလွန်ကျိုးကြောင်းဆီလျော်မှုမရှိပါဘဲ သူ့အား ဆက်တိုက်စော်ကားနေပေသည်။
ယဲ့ချန်း၏အမူအရာကား အေးစက်သွားလေသည်။
သို့သော် စုဝမ်ယိကတော့ ပြုံးရုံသာ ပြုံးလိုက်လေသည်။
"ကျွန်မကို ယဲ့ချန်း လှည့်စားထားတယ်ဆိုရင်တောင် ကျွန်မကတော့ လှည့်စားခံရဖို့ လိုလားပါတယ်။ ရှင့်ရဲ့စေတနာကိုတော့ အသိအမှတ်ပြုပေမဲ့ ကိုယ့်ကောင်မလေေးကိုယ်ပဲ ဂရုစိုက်လိုက်ပါ"
စီအီးအိုတစ်ယောက်ဖြစ်သည့်အတွက် စုဝမ်ယိက အမြင်စူးရှလွန်းလှသည်။ ချန်းပင်းက သစ္စာမရှိသော မိန်းမတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။ ကျန့်ချောင်ကလည်း လှည့်စားတတ်သူတစ်ယောက် ဖြစ်နိုင်ခြေရှိသည်။
စုဝမ်ယိ၏စကားကိုကြားသော် ကျန့်ချောင်လည်း အံ့အားသင့်သွားချေသည်။ စုဝမ်ယိက ယဲ့ချန်းကို ဤမျှအထိချစ်လိမ့်မည်ဟု ထင်မထားပေ။
ဤကမ္ဘာပေါ်ရှိ မိန်းကလေးတချို့က တုံးအပုံရသည်။ သွေးခွဲ၍မရသည့်အဆုံး ကျန့်ချောင်လည်း သူ့ကိုယ်ပိုင်နည်းလမ်းကို ထုတ်သုံးရန် ဆုံးဖြတ်ချက်ချလိုက်၏။
ကျန့်ချောင်၏နှုတ်ခမ်းအစုံကား တွန့်ကွေးသွားပြီးနောက် ယဲ့ချန်းအနားသို့ ချဉ်းကပ်သွားလိုက်သည်။
"ယဲ့ချန်း.. မင်း ဒီလောက်ကောင်းတဲ့ ချစ်သူမျိုး ရထားလိမ့်မယ်လို့ ထင်မထားဘူးကွာ။ ငါ မင်းအတွက် အရမ်းပျော်တာပဲ"
သူတို့နှစ်ယောက် နီးကပ်သွားချိန်မှာ ကျန့်ချောင်က ရိုးလက်စ်နာရီတစ်လုံးကို ယဲ့ချန်း၏အိတ်ကပ်ထဲသို့ လျှိုထည့်လိုက်၏။
သူ့လုပ်ရပ်က စင်းလုံးချောပြေပြစ်သည်ဟု ထင်ထားသော်ငြား ယဲ့ချန်းကတော့ ရုတ်တရက်ဆန်လှသော ကျန့်ချောင်၏ချဉ်းကပ်မှုက မကောင်းသောရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကြောင်း အစောကြီးကတည်းက သံသယဖြစ်နေပြီးသားပင်။
သူ့အိတ်ကပ်ထဲရှိ အလေးချိန်ကို ခံစားမိသောအခါ ယဲ့ချန်း၏အကြည့်လည်း အနည်းငယ်အေးစက်သွားသည်။
အစတုန်းက ယဲ့ချန်းအနေနှင့် ကျန့်ချောင်ကို အရေးလုပ်ချင်စိတ်မရှိခဲ့ပေ။ သို့သော် ဤလူကတော့ သူ့အား ချောက်ချချင်နေပေသည်။
နှုတ်ဆက်ပြီးနောက် ယဲ့ချန်းလည်း ဘာမှမဖြစ်သလို ဟန်ဆောင်၍ စုဝမ်ယိနှင့်အတူ နာရီကြည့်နေလိုက်သည်။
ကျန်းချောင် ဘာလုပ်မလဲဆိုသည်ကို သူမြင်ချင်သေးသည်။
သူတို့နှစ်ယောက်သား ကောင်တာတစ်ဝိုက် လျှောက်သွားပြီးနောက် စုဝမ်ယိက နာရီတစ်လုံးကို သဘောကျသွားသည်။
ဤနာရီက ပန်းရောင်သိုင်းကြိုးနှင့် အလွန်တောက်ပလှသော ဒိုင်ခွက်တစ်ခု ပါဝင်သဖြင့် အလွန်လှပလေသည်။
ဈေးနှုန်းကိုကြည့်လိုက်ချိန်တွင်လည်း ၃.၈သန်းရှိ၏။
သိပ်မကြာခင်က စတော့ရှယ်ယာဈေးကွက်ထဲရှိ တိုက်ပွဲကြောင့် စုဝမ်ယိ၏စုစုပေါင်းးပိုင်ဆိုင်မှုမှာ တစ်ဘီလျံကျော်သွားခဲ့သည်။ သို့သော် နာရီတစ်လုံးအတွက်နှင့် ငွေအများကြီးသုံးပစ်ရန်လည်း တွန့်ဆုတ်နေမိသည်။
ယဲ့ချန်းက ရယ်လိုက်သည်။
"မင်းသဘောကျရင် ငွေပမာဏက ပြဿနာမဟုတ်ပါဘူး"
ထိုအချိန်တွင် အရောင်းဝန်ထမ်းအမျိုးသမီးက ဆိုလာလေသည်.
"ဆရာ ဒီနာရီက ဒီနှစ်အတွက် အကန့်အသတ်နဲ့ထုတ်တဲ့ ထုတ်ကုန်ပါ။ တစ်ကမ္ဘာလုံဂမှာ အလုံးတစ်ရာပဲရှိပါတယ်။ ဟွားနိုင်ငံမှာတော့ ဆယ်လုံးတည်းပဲရှိတာပါ။ မိန်းကလေးက အမြင်ရှိသားပဲ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီနာရီကို ထုတ်လိုက်ပါ။ ဝတ်ကြည့်ရအောင်"
အရောင်းဝန်ထမ်းအမျိုးသမီးက နာရီကိုထုတ်၍ စုဝမ်ယိ၏လက်တွင် ပတ်ပေးလိုက်သည်။
သေးသွယ်ပိန်လျသော စုဝမ်ယိ၏လက်ကောက်ဝတ်ထက်တွင် နာရီက ပြီးပြည့်စုံစွာ လိုက်ဖက်နေချေသည်။ ယဲ့ချန်းလည်း ဤနာရီကိုဝယ်ရန် ဆုံးဖြတ်လိုက်သည်။
အစတုန်းက စုဝမ်ယိမှာ တွေဝေနေသေးသော်ငြား ယဲ့ချန်း၏စကားများကြောင့် အလွန်ထိရှသွားသည်။
စုဝမ်ယိက ဆို၏။
"ကျေးဇူးတင်ပါတယ် ယဲ့ချန်း"
ယဲချန်း၏ရက်ရောမှုကြောင့် အရောင်းဝန်ထမ်းအမျိုးသမီးကလည်း အားကျသွားလေသည်။
သူ(မ)၏ချစ်သူက ချောမောခန့်ညားရုံသာမက အလွန်တရာလည်း ရက်ရောပေသည်။
ဤသည်မှာ မိန်းကလေးတိုင်း၏ နှလုံးသားထဲရှိ မြင်းဖြူရှင်မင်းသားလေးပင်။
နာရီ၏တန်ဖိုးက ၃.၈သန်းရှိသည့်တိုင် ယဲ့ချန်းကတော့ သူ့ချစ်သူအတွက် ချက်ချင်းဝယ်ပေးလိုက်သည်။
ရက်ရောလိုက်တာ...
အထူးသဖြင့် ယခုတင်ပြောလိုက်သော "မင်းသဘောကျရင်ရပြီ"ဟူသော ယဲ့ချန်း၏စကားက ရိုးရှင်းလှသော်ငြား အလွန်တရာလည်း ခမ်းနားပေသည်။
အရောင်းဝန်ထမ်းအမျိုးသမီးက ပြောလိုက်၏။
"ဆရာ.. ကျွန်မ ဒီနာရီကို ထုပ်ပိုးလိုက်ရတော့မလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ။ ကတ်ဖြတ်လိုက်တော့"
အရောင်းဝန်ထမ်းမလေးကလည်း ဘဏ်ကတ်ကို တလေးတစားလှမ်းယူလိုက်သည်။
ကတ်ဖြတ်ပြီးနောက် အရောင်းဝန်ထမ်းမလေးက လေးစားစွာ ပြောလိုက်သည်။
"ဆရာ.. ရှင့်ကို ကျွန်မတို့အရောင်းဆိုင်ရဲ့ရွှေရောင်မန်ဘာအဖြစ် အဆင့်မြှင့်ပေးလိုက်ပါပြီ။ နာရီက ပြဿနာတစ်ခုခုရှိခဲ့ရင် ကျွန်မတို့အရောင်းဆိုင်ကို အချိန်မရွေး လာပြင်လို့ရပါတယ်"
ယဲ့ချန်းလည်း ရွှေရောင်မန်ဘာကတ်ကို လက်ခံလိုက်ပြီးနောက် စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေတော့သည်။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ ကျန့်ချောင်ခမျာ ရုတ်ခြည်းထိတ်လန့်သွားချင်ယောင်ဆောင်လိုက်သည်။
"ငါ့နာရီ.. ခုနကမှ တစ်သိန်းနဲ့ဝယ်ထားတဲ့ ငါ့နာရီ ဘယ်ရောက်သွားတာလဲ"
ကျန်းချောင်၏အမူအရာကို မြင်သော် ယဲ့ချန်း၏နှုတ်ခမ်းကား တွန့်ကွေးသွားလေသည်။
"ဆရာ ဘာဖြစ်တာလဲ"
ဝန်ထမ်းတစ်ယောက်က အနားသို့ကပ်သွားပြီး မေးလိုက်၏။
"ကျုပ်ရဲ့တစ်သိန်းတန်ရိုးလက်နာရီကို အိတ်ကပ်ထဲမှာထည့်ထားတာ။ အခုကျတော့ ရုတ်တရက်ကြီးမရှိတော့ဘူး"
"ဘာ"
အရောင်းဝန်ထမ်းမလေးကလည်း အံ့အားသင့်သွားပေသည်။
ဆိုင်ထဲတွင် ပျောက်ဆုံးသွားခြင်းအတွက် သူတို့တွင်လည်း တာဝန်ရှိသည်။
ကျန်းချောင်က ပြောလိုက်သည်။
"သိပြီ။ သူပဲဖြစ်ရမယ်"
ဤအခြင်းအရာကိုမြင်သော် ကျန်းချောင်က ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။
"ကျုပ်ရိုးလက်စ်နာရီကို ခိုးသွားတာ သူပဲဖြစ်ရမယ်"
ကျန့်ချောင်လည်း အေးစက်ခက်ထန်စွာဖြင့် ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။
"ခုနတုန်းက သူနဲ့ကျုပ်အပြင် ဒီနားမှာ တခြားဘယ်သူမှမရှိဘူး။ ကျုပ်နာရီကိုခိုးသွားတာ သူပဲဖြစ်ရမယ်"
အရောင်းဝန်ထမ်းမလေးက တုံ့ခနဲရပ်တန့်လိုက်ပြီးနောက် ယဲ့ချန်းကို ကြည့်လိုက်၏။
ထိုအခါ အရောင်းဝန်ထမ်းမလေးက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
"ဆရာ...ကျွန်မတို့ဖောက်သည်ကို မစွပ်စွဲပါနဲ့။ သူက အခုလေးတင် ၃.၈သန်းတန်နာရီတစ်လုံးကို ဝယ်ထားတာပါ။ သူက ရှင့်ရဲ့တစ်သိန်းတန်နာရီကို ဘာလို့ခိုးရမှာလဲ"
"ဘာ"
ကျန်းချောင်လည်း ဤစကားကြောင့် ထိတ်လန့်သွားပေသည်။
"မဖြစ်နိုင်တာ။ ယဲ့ချန်းက ဆင်းရဲသားတစ်ယောက်လေ။ သူက ဒီလိုဈေးကြီးတဲ့နာရီမျိုးကို ဘယ်လိုလုပ်ပြီးဝယ်နိုင်မှာလဲ"
ယဲ့ချန်းက အေးတိအေးစက်ဟန်ပန်ဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"ကျန်းချောင်.. ငါတို့က အိမ်နီးချင်းတွေပဲဟာကို.. မင်း ဒီလောက်ကောက်ကျစ်လိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် သူ့အိတ်ကပ်ထဲရှိ ရိုးလက်စ်နာရီကို ထုတ်ယူ၍ ဝန်ထမ်းကို ပြောလိုက်သည်။
"ရဲခေါ်လိုက်"
"ရဲခေါ်ရမှာလား"
လူတိုင်း ကြက်သေသေသွားကြသည်။
နာရီက ယဲ့ချန်း၏အိတ်ကပ်ထဲတွင် ရှိနေပေသည်။ သို့တိုင် ယဲ့ချန်းက ရဲခေါ်ချင်နေလေသည်။ သူက ကိုယ့်ကိုယ်ကိုယ်ဝန်ခံတော့မလို့လား...
ထို့ပြင် အရောင်းဝန်ထမ်းမလေးမှာ နားလည်ရခက်သွားချေသည်။ ယဲ့ချန်းက ၃.၈သန်းတန်နာရီတစ်လုံးကို ဝယ်နိုင်ပါလျက်နှင့် တစ်သိန်းတန်ရိုးလက်စ်နာရီကို အဘယ်ကြောင့်များ ဂရုစိုက်နေမည်နည်း။
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ အရောင်းဆိုင်ရဲ့စီစီတီဗီမှတ်တမ်းကို စစ်လို့ရတယ်မလား။ ငါ သူ့ကို မဟုတ်မမှန်စွပ်စွဲမှုနဲ့ တရားစွဲချင်တယ်"
ယဲ့ချန်း၏စကားကြောင့် ကျန်းချောင်၏အမူအရာလည်း ချက်ချင်းပြောင်းလဲသွားသည်။
သူသည် ယဲ့ချန်းအား ဆင်းရဲသားတစ်ယောက်ဟု ယူဆထားသဖြင့် အကယ်၍ သူသာ တစ်ဖက်လူကို အကွက်ဆင်လိုက်မည်ဆိုလျှင် ယဲ့ချန်းက သူခိုးဖြစ်ကြောင်း မည်သူမှ သံသယဖြစ်လိမ့်မည်မဟုတ်ဟု တွေးထားခဲ့သည်။
ထို့နောက် သူ့အနေနှင့် ရက်ရောချင်ယောင်ဆောင်ပြလိုက်ပြီး ယဲ့ချန်းအား သူ့ချစ်သူကို လက်လျှော့ခိုင်းလိုက်မည်။ ထိုအခါ အလှပဂေးလေးကလည်း သူ့အပိုင်ဖြစ်လာလိမ့်မည်။
သို့သော် ယဲ့ချန်း ၃.၈သန်းတန်နာရီတစ်လုံးကို ဝယ်နိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ယခုမူ ယဲ့ချန်းက စီစီတီဗီမှတ်တမ်းကို စစ်ကြည့်ချင်နေသည်ဖြစ်ရာ သူလုပ်ထားသမျှ အရာအားလုံး ထုတ်ဖော်ခံရပေတော့မည်။