အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အပိုင်း ၃၅၂ : ကျိုတိုသခင်လေးဝေ့
ကျန်းချောင်လည်း နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ထားလိုက်ပါတော့။ နားလည်မှုလွဲတာဖြစ်မယ်ထင်တယ်"
"နားလည်မှုလွဲတာလား"
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။
ကျန်းချောင်မှာ လစ်ထွက်သွားလိုက်ချင်သော်လည်း ထိုအချိန်မှာပင် လုံခြုံရေးအမြောက်အများက ဝင်ပေါက်တွင် ရောက်နေပြီဖြစ်၏။
"ဆရာ.. ခင်ဗျား သွားလို့မရပါဘူး"
လုံခြုံရေးက ခပ်တင်းတင်းပြောလိုက်သည်။
လုံခြုံရေးအစောင့်က သူ့ကို ပိတ်ကာထားသဖြင့် ကျန်းချောင်လည်း ထိတ်လန့်သွားလေသည်။ သူက ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။
"ခင်ဗျား ကျုပ်ကို ဘာလို့တားနေတာလဲ။ သူ့ကိုဖမ်း.. သူက နာရီကိုခိုးတာ"
လုံခြုံရေးက ကျန်းချောင်ကို ထူးဆန်းနေဟန်ဖြင့် ကြည့်လိုက်သည်။
"ဆရာ.. သူ ဘယ်သူလဲဆိုတာ ခင်ဗျားသိလား"
ကျန်းချောင်မှာ ခဏမျှကြက်သေသေသွားလေသည်။
"သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား"
"တက္ကစီဒရိုင်ဘာလား"
လုံခြုံရေးက အေးတိအေးစက်သရော်လိုက်လေသည်။
"သူက ရီတာ့လုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်။ သူ့လိုလူက ခင်ဗျားရဲ့တစ်သိန်းတန်နာရီကို ခိုးမှာတဲ့လား။ ခင်ဗျားရဲ့နာရီအစုတ် မြေကြီးပေါ်မှာ ပြုတ်ကျနေရင်တောင် ကျုပ်တို့သူဌေးက တစ်ချက်လှည့်ကြည့်မှာမဟုတ်ဘူး"
ထိုလုံခြုံရေး၏စကားကို ကြားသောအခါ ကျန်းချောင်လည်း ကြောင်အသွားသည်။
သူ့ဘေးရှိ ချန်းပင်းလည်း ထိတ်လန့်သွားသည်။
ချန်းပင်းက ယဲ့ချန်းကို အလွန်သဘောကျခဲ့ပါသော်ငြား ယဲ့ချန်းတွင် အနာဂတ်မရှိဘူးဟု ယူဆကာ ကျန်းချောင်ကို ရွေးချယ်ခဲ့သည်။
သို့သော် ယဲ့ချန်းက ဤမျှအထိ အံ့ဩဖို့ကောင်းနေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
ယဲ့ချန်းက အစကတည်းက သူဌေးသားတစ်ယောက် ဖြစ်ခဲ့ပါသည့်တိုင် ဘဝအတွေ့အကြုံယူရန်အတွက် အငှားတိုက်ခန်းလေးတွင် လာရောက်နေထိုင်ခဲ့လေသလား။
ဤအကြောင်းများကို စဉ်းစားမိချိန်မှာ ချန်းပင်းတစ်ယောက် အကြီးအကျယ်နောင်တရသွားသည်။
ကျန်းချောင်၏မိသားစုကလည်း အတန်အသင့်ချမ်းသာသည့်တိုင် သန်းဂဏန်းမျှသာ ပိုင်ဆိုင်ထားခြင်းဖြစ်၏။ ယဲ့ချန်းကမူ ၃.၈သန်းတန်နာရီတစ်လုံးကို အေးအေးလူလူဝယ်ယူခဲ့သည်။
တစ်နည်းဆိုရသော် ကျန်းချောင်က ယဲ့ချန်း၏ဖိနပ်ကို တိုက်ပေးရန်ပင် တန်ဖိုးမရှိပေ။
ထိုအချိန်မှာပင် ဝန်ထမ်းများက ဗီဒီယိုမှတ်တမ်းကို ယူချလာသည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်တို့ ဗီဒီယိုမှတ်တမ်းကို ယူလာခဲ့ပါပြီ။ ဒီမှတ်တမ်းအရ ဒီလူက ဥက္ကဋ္ဌကို အကွက်ဆင်ခဲ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်"
လုံခြုံရေးခေါင်းဆောင်လည်း ဒေါသထွက်သွားပေသည်။
"လူယုတ်မာ.. မင်းကများ ငါတို့သူဌေးကို အကောက်ကြံရဲတယ်ပေါ့။ မင်း ပြဿနာလာရှာနေတာလား"
လုံခြုံရေးဝန်ထမ်းအမြောက်အများက အလျင်အမြန်ရောက်ချလာပြီး သူ့အား ထိုးနှက်ကန်ကျောက်လေတော့သည်။
ရဲများလည်း ရောက်လာပြီး ကျန်းချောင်ကို ခေါ်ထုတ်သွားချေသည်။
သာမန်လူတစ်ယောက်သာဆိုပါက ဤကိစ္စမှာ ရလဒ်ပြောင်းပြန်ထွက်လာပေလိမ့်မည်။
သို့သော် ယဲ့ချန်းက မည်သူနည်း။ ရီတာ့လုပ်ငန်းစု၏ ဥက္ကဋ္ဌပင်။
ရဲများကလည်း ယဲ့ချန်းထံမှ အခြေအနေကို အတည်ပြုပြီးနောက် ကျန်းချောင်၏လုပ်ရပ်များက ပြစ်မှုမြောက်ကြောင်း သုံးသပ်နိုင်သဖြင့် ဆယ့်ငါးရက်တိတိ ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်းလည်း စုဝမ်ယိ၏လက်ကို ဆုပ်ကိုင်လျက် နာရီအရောင်းဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။
ချန်းပင်းကမူ သူတို့စုံတွဲကို အားကျနေဟန်ဖြင့် ကြည့်နေချေသည်။
သူ(မ) အကြီးအကျယ်နောင်တရမိသည်။ အကယ်၍ ထိုစဉ်က သူ(မ)သာ အချစ်ကို ရွေးချယ်ခဲ့မည်ဆိုပါက ယခုအချိန်တွင် ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်ထားသူမှာ သူ(မ)သာ ဖြစ်ချေမည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ခဏလောက်ဈေးဝယ်ထွက်ပြီးနောက် ရုပ်ရှင်ကြည့်ခဲ့ကြသည်။
ရုပ်ရှင်မှာ အချစ်ဇာတ်လမ်းဖြစ်ပြီး ရင်နင့်ဖွယ်ဇာတ်ကွက်များလည်း ပါရှိသည်။
စုဝမ်ယိခမျာ ယဲ့ချန်း၏ရင်ခွင်ထဲတွင် သနားစဖွယ်ကောင်းအောင် ငိုကြွေးခဲ့သည်။
ယဲ့ချန်း၏လက်မောင်းမှာမူ စုဝမ်ယိ၏မျက်ရည်များ ရွှဲစိုနေတော့သည်။
ရုပ်ရှင်ရုံထဲက ထွက်လာသောအခါ စုဝမ်ယိက ယဲ့ချန်း၏လက်ကို လှမ်းဆွဲထားလိုက်သည်။
"ယဲ့ချန်း.. ရှင် ကျွန်မကို တစ်ခုလောက် ကတိပေးလို့ရမလား"
ယဲ့ချန်းကလည်း စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
"ဘာများလဲ"
စုဝမ်ယိကလည်း လေးနက်တည်ကြည်စွာ ပြောလာလေသည်။
"နောက်နောင် ဘာတွေပဲဖြစ်ဖြစ် ရှင် ကျွန်မကို ထားမသွားရဘူးနော်"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"မပူပါနဲ့။ ဘာတွေပဲဖြစ်ဖြစ် ကိုယ် မင်းကို ထားမသွားဘူးလို့ ကတိပေးတယ်"
ရုပ်ရှင်ကြည့်ပြီးနောက် စုဝမ်ယိ၏ဗိုက်က အသံပေးလာပြန်သည်။
"ဗိုက်ဆာနေတာလား"
စုဝမ်ယိ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်"
ယဲ့ချန်း ပြုံးလိုက်ချေသည်။
"ကိုယ် မင်းကို ညစာစားဖို့ ခေါ်သွားပေးမယ်"
...
မိုတုအပြည်ပြည်ဆိုင်ရာလေဆိပ်...
နိုင်ငံတကာဘရန်းအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်အမျိုးသားတစ်ယောက်က သက်တော်စောင့်များခြံရံလျက် လေယာဉ်ပေါ်က ဆင်းလာလေသည်။
ကျန်းရွှေမှာ ဧည့်ကြိုဌာနတွင် ခဏကြာအောင် စောင့်နေခဲ့ရသည်။
ထွက်လာသော လူငယ်လေးကို မြင်လိုက်ရချိန်ဝယ် ကျန်းရွှေလည်း အူယားဖားယား အပြေးသွားလိုက်သည်။
"သခင်လေးဝေ့ မိုတုမြို့က ကြိုဆိုပါတယ်"
ကျန်းရွှေ၏ပုံစံမှာ ထိုလူငယ်လေးရှေ့တွင် ဝပ်တွားခယနေသော ခွေးလေးတစ်ကောင်အလားပင်။
ဝေ့ပင်းက ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်သည်။
"ကျန်းရွှေ.. ကျုပ် မိုတုကိုလာတာ လူတစ်ယောက်ကို ရှာဖို့ပဲ။ ကျုပ်က မိုတုမြို့နဲ့ သိပ်မရင်းနှီးတော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ကျန်းရွှေလည်း ထိုစကားကိုကြားသော် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
"သခင်လေးဝေ့ကို ကူညီပေးရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ"
ဝေ့ပင်းက ခေါင်းညိတ်လျက် ပြောလိုက်၏။
"ကျပ်ရှာနေတဲ့လူက လင်းရှစ်ယင်တဲ့။ သူက ဗျပ်စောင်းတီးတယ်။ အရမ်းလည်းလှတယ်။ ခင်ဗျား ကျုပ်အတွက် သူ့ကို ကူရှာပေးရမယ်နော်"
"လင်းရှစ်ယင်လား"
ကျန်းရွှေလည်း ထိုနာမည်ကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုနာမည်မှာ သူ့အတွက် သိပ်မရင်းနှီးပေ။
ဝေ့ပင်း၏မျက်ဝန်းထဲတွင် တပ်မက်လေဟန် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
"ကျုပ် သူ့ကို ကျိုတိုဂီတပွဲတော်မှာ တွေ့ခဲ့တာ။ သူ ဗျပ်စောင်းတီးတာ အရမ်းလှတာပဲ။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အမူအရာလေးက ကျုပ်ကို ဖမ်းစားလိုက်တာ။ အခုလည်း မျက်လုံးမှိတ်လိုက်တိုင်း သူ့မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။ ဒီတော့ ဘာတွေပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်အတွက် သူ့ကို ကူရှာပေးရမယ်"
ကျန်းရွှေလည်း ခေါင်းညိတ်ပြလိုက်သည်။
"မပူပါနဲ့ သခင်လေးဝေ့.. ကျွန်တော် သူ့ကို တွေ့အောင်ရှာပေးပါ့မယ်"
ဝေ့ပင်းကလည်း ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းတယ်.. ခင်ဗျား တာဝန်ပြီးမြောက်အောင် လုပ်ပေးပြီးတာနဲ့ ကျိုတိုဈေးကွက်က ခင်ဗျားအပိုင်ဖြစ်သွားပြီ"
"ကျေးဇူးတင်ပါတယ် သခင်လေးဝေ့"
ကျန်းရွှေက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
သူသည် ဝေ့ပင်းအတွက် ဟိုတယ်စီစဉ်ပေးပြီး သူ့တပည့်များကို လင်းရှစ်ယင်အား လိုက်ရှာခိုင်းခဲ့သည်။
လင်းရှစ်ယင်ကို မြန်မြန်ရှာတွေ့ရန်အတွက် လင်းရှစ်ယင်ကို ရှာတွေ့သည့် မည်သူ့ကိုမဆို ငွေသားတစ်သောင်း ဆုချမည်ဟုလည်း ပြောလိုက်သေးသည်။
ဤသတင်းကိုကြားသော် ကျန်းရွှေ၏တပည့်များလည်း ချက်ချင်းလှုပ်ရှားကြလေတော့သည်။
မကြာခင်မှာပင် လင်းရှစ်ယင်နှင့်ပတ်သက်သည့် သတင်းအချက်အလက် ကျန်းရွှေဆီသို့ ရောက်လာခဲ့သည်။
ထိုသတင်းအချက်အလက်ကို ကြည့်ပြီးနောက် လင်းရှစ်ယင်က ယဲ့ချန်း၏အပိုင်ဖြစ်ကြောင်း သိလိုက်ရချိန်ဝယ် ကျန်းရွှေတစ်ယောက် စိတ်လှုပ်ရှားတက်ကြွသွားသည်။
"ယဲ့ချန်း..ဒီတစ်ခေါက် မင်း သခင်လေးဝေ့ရဲ့ကောင်မလေးကိုမှ လုသွားတာပဲ။ မင်းတော့ သေပြီသာမှတ်"
ကျန်းရွှေလည်း လင်းရှစ်ယင်နှင့်ပတ်သက်သည့် ထိုအချက်အလက်အားလုံးကို ဝေ့ပင်း၏ဖုန်းထဲသို့ ပို့ပေးလိုက်သည်။
ထိုအချိန်တွင် ဝေ့ပင်းက မိန်းမလှလေးနှစ်ယောက်ကို ပွေ့ဖက်ထားရင်း ဝိုင်နီသောက်နေပေသည်။
ထိုမက်ဆေ့ချ်ကို လက်ခံရရှိလိုက်သောအခါ ထိုသတင်းအချက်အလက်များကို တစ်ချက်ကြည့်ပြီး လင်းရှစ်ယင်တွင် ချစ်သူရှိကြောင်း သိလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ချေသည်။
ဝေ့ပင်းက ကျန်းရွှေကို သူ့အခန်းထဲသို့ ခေါ်လိုက်၏။
ကျန်းရွှေ အခန်းထဲသို့ ရောက်လာချိန်တွင် အဝတ်အစားဖရိုဖရဲဖြစ်နေသော အလှလေးနှစ်ယောက်ကို ကြည့်၍ ပြောလိုက်၏။
"သခင်လေးဝေ့.. ကျွန်တော်ခေါ်လာပေးတဲ့ မိန်းကလေးတွေကို သဘောကျရဲ့လား"
ဝေ့ပင်း၏အကြိုက်ကို သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူနှင့်အဖော်ပြုပေးရန်အတွက် ထိပ်တန်းအလှပဂေးနှစ်ယောက်ကို သေချာရှာထားခြင်းဖြစ်၏။
ဝေ့ပင်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ဒါပေမဲ့ လင်းရှစ်ယင်နဲ့ယှဉ်ရင်တော့ အပုံကြီးကွာတယ်။ ဒါနဲ့ ငါ သူအချက်အလက်တွေကို ကြည့်ပြီးပြီ။ အဲဒီယဲ့မျိုးရိုးကောင်ကို ဒီနေရာကိုခေါ်လာခဲ့လိုက်။ သူ့ကို လင်းရှစ်ယင်အနားက ချက်ချင်းထွက်သွားစေချင်တယ်"
ကျန်းရွှေခမျာ အတန်ငယ်ရှက်ရွံနေဟန်ပင်။
ယခင်က တင်းပေါ်သည် မိုတုမြို့ရှိ သခင်လေးအယောက်တစ်ရာကျော်ကို စုစည်းခဲ့ပါသော်ငြား ယဲ့ချန်းခေါ်လာသော သက်တော်စောင့်များထံမှ အရိုက်ခံခဲ့ရသည်။
သူ့တွင် ယဲ့ချန်းကို ဖမ်းဆီးနိုင်မည့် အစွမ်းအစမျိုးမရှိပေ။
ကျန်းရွှေက နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"သခင်လေးဝေ့.. ကျွန်တော် ခင်ဗျားအတွက် တခြားကိစ္စတွေကို ဖြေရှင်းနိုင်ပေမဲ့ ဒီတစ်ခုကတော့ နည်းနည်းခက်တယ်ဗျ"
"ဘာလ"
ကျန်းရွှေ၏စကားကို ကြားလိုက်ရချိန်ဝယ် ဝေ့ပင်း မျက်နှာပျက်သွားချေသည်။
ကျန်းရွှေ ခပ်မြန်မြန်ရှင်းပြလိုက်သည်။
"သခင်လေးဝေ့.. ခင်ဗျားကတော့ သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ ယဲ့ချန်းက သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ သူ့မှာ အရင်းအမြစ်တွေ အများကြီးရှိတယ်"
ယဲ့ချန်းအကြောင်း သူသိထားသမျှ ဝေ့ပင်းအား ပြောပြလိုက်၏။
ဝေ့ပင်းကလည်း ထိုစကားများကို နားထောင်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကြည့်ရတာတော့ ဒီလူက ပြဿနာကောင်ဖြစ်မယ်ထင်တယ်"
ကျန်းရွှေက အချက်အလက်တော်တော်များများ ပြောပြထားသည့်တိုင် သူကတော့ အလေးမထားပေ။
ယဲ့ချန်း၏သရုပ်မှန်က သူတို့ထင်ထားသည်ထက် ပိုကြောက်ဖို့ကောင်းပေသည်။
ဝေ့ပင်းလည်း ယဲ့ချန်း၏ဓာတ်ပုံကို ကြည့်လိုက်မိလေရာ အနည်းငယ်ကြက်သေသေသွားရသည်။
သူ့ထက်ပိုချောမောပြီး မောက်မာသော လူများကို မုန်းတီးစက်ဆုပ်သည်။
သိရသလောက်ဆိုလျှင် ယဲ့ချန်းက ထိုလက္ခဏာများကို ပိုင်ဆိုင်ထားပေသည်။ အရေးအကြီးဆုံးမှာ ယဲ့ချန်းက သူ့ကောင်မလေးကို လုယူထားခြင်းပင်။
ယဲ့ချန်းတွင် နောက်ခံအင်အားတောင့်တင်းမှုရှိသော်ငြား ဝေ့ပင်း၏အမြင်တွင်မူ အရေးလုပ်စရာမရှိချေ။
••••••••••••••••••
အပိုင်း ၃၅၃ : မသေချင်ရင် ကျိုတိုကိုပြန်လိုက်တော့
ဝေ့ပင်းလည်း ခဏမျှတွေးကြည့်ပြီးနောက် ပြောလိုက်၏။
"အဲဒီလိုဆိုရင် ခင်ဗျားကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းစရာမလိုဘူး။ ကျုပ်ကိုယ်တိုင် လူလွှတ်လိုက်မယ်။ ခင်ဗျားက ကျုပ်ကို နည်းနည်းပါးပါးကူညီပေးရုံပဲ"
"ဟုတ်ကဲ့။ ဟုတ်ကဲ့ နားလည်ပါပြီ"
ကျန်းရွှေမှာ ခပ်မြန်မြန်ခေါင်းညိတ်ပြပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် အေးစက်မာကျောစွာ ပြုံးလိုက်လေသည်။
"ယဲ့ချန်း ယဲ့ချန်း.. မင်းကိုယ်မင်း သိပ်ဟုတ်လှပြီထင်နေတာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်း သခင်လေးဝေ့ကို စော်ကားမိသွားပြီ။ မင်းတော့ သွားပြီကွ"
နောက်ဆုံးတစ်ခေါက်က ကျန်းရွှေခမျာ ယဲ့ချန်းထံတွင် အရှက်ခွဲခံရပြီး အလုပ်ထုတ်ခံခဲ့ရသည့်အတွက် သူ့ကို အလွန်မုန်းတီးနေချေသည်။
ဤတစ်ခေါက်တွင် ကျိုတိုမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ဤကိစ္စအား သူ့လက်ထဲသို့ တာဝန်အပ်နှင်းလာလေရာ ယဲ့ချန်း မည်မျှပင်မောက်မာနေပါစေ ဝေ့ပင်းကိုတော့ ယှဉ်နိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
ကျန်းရွှေ ထွက်သွားချိန်မှာပင် ဝေ့ပင်းက လူငယ်အမျိုးသားတစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။
"အားပေါင်.. လူတစ်ယောက်ကို သတ်ပေးစမ်း။ လိုအပ်တဲ့သတင်းအချက်အလက်တွေကို ကျန်းရွှေဆီက တောင်းလိုက်"
"ဟုတ်ကဲ့ သခင်လေး"
အားပေါင်က မွေထိုင်းချန်ပီယံတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ့စွမ်းရည်မှာ အံ့ဖွယ်ကောင်းလှသည်။
ကျိုတိုတွင် အားပေါင်က ဝေ့ပင်းအတွက် လူတချို့ကို ရှင်းပေးခဲ့ဖူးသည်။
တချို့က အသေးအဖွဲကိစ္စလေးအတွက်နှင့် ဝေ့ပင်းကို ရန်စမိခဲ့ပြီး ကျန်လူများမှာမူ သူသဘောကျသည့် မိန်းကလေးများနှင့် ပတ်သက်နေပေသည်။
အနှစ်ချုပ်ဆိုရသော် သူသည် ဝေ့ပင်း၏ကြေးစားလူသတ်သမားဖြစ်ပြီး သူသေစေချင်သည့်လူတိုင်း ဘယ်တုန်းကမှ မလွဲဖူးပေ။
အားပေါင်က ကျန်းရွှေကို ဆက်သွယ်လိုက်၏။
"ယဲ့ချန်းက အခု ဘယ်မှာလဲဆိုတာ ခင်ဗျားသိလား"
ကျန်းရွှေက ပြောလိုက်သည်။
"ခုနတုန်းက ကျွန်တော့်လူတစ်ယောက်က သူနဲ့ သူ့ကောင်မလေး အနောက်တိုင်းစားသောက်ဆိုင်ထဲ ဝင်သွားတာကိုမြင်ခဲ့တယ်တဲ့"
"ကျုပ်ကို လိပ်စာနဲ့ သူတို့ရဲ့အခန်းနံပါတ်ပေးပါ"
အားပေါင်က အေးတိအေးစက်ဆိုလိုက်ချေသည်။
အားပေါင်က ယဲ့ချန်း၏လိပ်စာကို ဘာကြောင့်လိုချင်ရသလဲဆိုသည်ကို ကျန်းရွှေ ကောင်းကောင်းသိသည်။
"ယဲ့ချန်း..မင်းက သိပ်မောက်မာနေတာဆိုတော့ ဒီနေ့ မင်း သေနေ့စေ့ပြီ"
ယဲ့ချန်းနှင့် စုဝမ်ယိက အနောက်တိုင်းအစားအသောက်များကို စားပြီးနောက် နှစ်ယောက်သား စားသောက်ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။
ထိုအခိုက်ဝယ် စားသောက်ဆိုင်နှင့် မလှမ်းမကမ်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ထားသဖြင့် လမ်းတစ်ခုလုံး ပိတ်ဆို့နေပေသည်။
"ကျွန်မတို့ မြေအောက်ရထားနဲ့ပဲ ပြန်ရအောင်လေ"
စုဝမ်ယိက အကြံပြုလိုက်၏။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေရာ နှစ်ယောက်သား မီတာရာဂဏန်းမျှဝေးသော မြေအောက်ရထားဘူတာရုံသို့ ထွက်လာခဲ့လိုက်သည်။
ယဲ့ချန်း၏အကြည့်က ရုတ်ခြည်းထက်ရှသွားလေသည်။ ထို့နောက် စုဝမ်ယိ၏လက်ကို ဆုပ်ကိုင်ထားလိုက်သည့်တိုင် သူ့အကြည့်ကတော့ အနောက်သို့ ရောက်နေပေသည်။
"ဝမ်ယိ.. ကိုယ် မုန့်စားချင်လာသလိုပဲ။ မင်း ရှေ့နားက မက်ဒေါ်နယ်ဆိုင်ကိုသွားပြီး ကိုယ့်အတွက် ရေခဲမုန့်တစ်ခုလောက် ဝယ်ပေးလို့ရမလား"
စုဝမ်ယိကလည်း ခေါင်းညိတ်ပြလိုက်၏။
"ရတယ်လေ။ ကျွန်မကိုစောင့်နေနော်"
စုဝမ်ယိထွက်သွားသည်ကိုမြင်သော် ယဲ့ချန်းလည်း အနီးအနားရှိ အများသုံးသန့်စင်ခန်းထဲသို့ တည်တည်ငြိမ်ငြိမ်ဝင်သွားလိုက်၏။
ယဲ့ချန်းက သန့်စင်ခန်းထဲသို့ ဝင်သွားသည်ကိုမြင်သော် အားပေါင်၏မျက်နှာထက်တွင် အေးစက်စက်နိုင်လှသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာချေသည်။
"မင်းတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
အားပေါင်လည်း သန့်စင်ခန်းအဝင်ဝသို့ လျှောက်သွားပြီး ဘေးဘက်ရှိ ဆိုင်းဘုတ်တစ်ခုကို ယူလိုက်သည်။
"သန့်စင်ခန်းပြုပြင်နေသည်"
ထို့နာက် အားပေါင်က ယဲ့ချန်းအနောက်က ကပ်လိုက်၍ သန့်စင်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
တံခါးတွန်းဖွင့်လိုက်ချိန်မှာပင် ယဲ့ချန်းက အပေါက်ဝတွင်ရပ်ပြီး သူ့အား လှောင်ပြုံးပြုံးလျက် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားချေသည်။
"မဖြစ်နိုင်တာ"
အားပေါင်က အထူးလေ့ကျင့်ရေးဆင်းထားသဖြင့် ခြေလုံလက်လုံရှိလှသည်။ သို့တိုင် ယဲ့ချန်း သူ့ကို မည်သို့ရိပ်မိသွားသလဲဆိုသည်ကို နားမလည်နိုင်ပေ။
ပိုအံ့ဩဖို့ကောင်းသည်မှာ ယဲ့ချန်းသည် နောက်ယောင်ခံလိုက်ခံနေရကြောင်း သိပါလျက်နှင့် လူမရှိသော သန့်စင်ခန်းထဲသို့ ဝင်ရလောက်အောင်အထိ ရဲရင့်နေလေသလား။
"မင်း ငါ့နောက်က လိုက်နေတာ တော်တော်ကြာပြီမလား။ ပြော.. ဘာကိစ္စနဲ့ ငါ့နောက်ကို လိုက်နေတာလဲ။ အမှန်အတိုင်းပြောရင် အသက်ချမ်းသာပေးမယ်"
အားပေါင်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
အစတုန်းက ယဲ့ချန်းမှာ သူသတ်ခဲ့ဖူးသည့် သူဌေးသားများနှင့် အတူတူပဲဟု အားပေါင် ထင်ထားခဲ့မိသည်။ ထင်မှတ်မထားပါဘဲ ယဲ့ချန်း၏အစွမ်းအစက သူထင်ထားသည်ထက် ပိုသာနေခဲ့သည်။
သို့သော် အားပေါင်ကတော့ မတုန်မလှုပ်ပင်။ ယဲ့ချန်းကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေပေသည်။
"ချာတိတ် မင်းက တော်တော်တုံးအတာပဲ။ ငါ မင်းနောက်ကို နောက်ယောင်ခံနေမှန်းသိရက်နဲ့ ဒီလိုလူရှင်းတဲ့နေရာမျိုးကိုလာရဲတာ သေချင်နေတာလား"
အားပေါင်က စကားအဆုံးတွင် သူ့အင်္ကျီလက်အနားစထဲကို လျှိုသွင်းလိုက်လေရာ ထက်ရှသော ဓားမြောင်တစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာလေသည။ ထို့နောက် သူက ထိုဓားမြောင်ဖြင့် ယဲ့ချန်း၏လည်ပငးကို ချိန်ပစ်လိုက်သည်။
ဤပစ်ချက်က ယဲ့ချန်း၏သေစေနိုင်သောနေရာကို တည့်တည့်ပစ်လိုက်ခြင်းပင်။
ယဲ့ချန်း၏မျက်ဝန်းထဲရှိ အေးစက်မှုက ပိုပြင်းထန်သွားသည်။ သူ့ပြိုင်ဘက်က သူ့အား သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း မြင်နေရသည်။
ယဲ့ချန်းလည်း ရုတ်တရက်လှုပ်ရှားလိုက်လေရာ ဓားမြောင်က သူ့လည်ပင်းနားက ပွတ်ကာသီကာ ဖြတ်သွားချေသည်။
ထို့နောက် လက်မြှောက်ကာ အားပေါင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်တော့သည်။
လက်ကောက်ဝတ်ထက်ရှိ နာကျင်စူးရှမှုကို ခံစားလိုက်ရချိန်ဝယ် အားပေါင်၏မျက်ဝန်းထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်း၏တုံ့ပြန်မှုကား မြန်ဆန်လွန်းလှသဖြင့် သူ့အား အံ့အားသင့်သွားစေသည်။
ထို့ပြင် ယဲ့ချန်း၏ခွန်အားကြောင့် အားပေါင်ခမျာ အသက်ရှူကျပ်သွားရပြီး ယနေ့ အခြေအနေကို သူ လျှော့တွက်ထားခဲ့မိကြောင်း နားလည်လိုက်သည်။
အားပေါင်လည်း အေးစက်စက်နှာခေါင်းရှုံ့ပြီး ယဲ့ချန်း၏ရင်ဘတ်ကို ဘေးတိုက်ကန်ပစ်ရန် ရွယ်လိုက်သည်။
သို့သော် သူ့ခြေထောက်က လေထဲသို့အရောက်မှာပင်...
"ဂျွတ်"
အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာသည်။
အားပေါင်လည်း ယိုင်ကျသွားပြီးနောက် ယဲ့ချန်းဘေးနားတွင် ဒူးထောက်ကျသွားလေတော့သည်။
ခြေထောက်ထံမှ နာကျင်မှုက ပြင်းထန်လွန်းလှပြီး ညို့သကျည်းမှာ အရိုးကျိုးသွားကြောင်း သူ ခံစားမိသည်။
ယဲ့ချန်းက လက်ကောက်ဝတ်ကိုကိုင်ထားသည့် လက်အား ပိုအားထည့်လိုက်သဖြင့် သူ့မှာ ပိုနာကျင်သွားရပြီး လက်ထဲတွင်ကိုင်ထားသော ဓားမြောင်ကို လွှတ်ချလိုက်မိလေရာ ထိုဓားမြောင်က ယဲ့ချန်း၏လက်ထဲသို့ ကျသွားချေသည်။
ယဲ့ချန်းလည်း လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ရှားပြီးနောက် ဓားမြောင်ကို အားပေါင်၏လည်ပင်းထက်တွင် ဖိထားလိုက်သည်။
"ပြောစမ်း။ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"
အားပေါင်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ယဲ့ချန်းက ဤမျှအထိ သန်မာလိမ့်မည်ဟု သူ လုံးဝတွေးထင်မထားချေ။
သူက မွေထိုင်းချန်ပီယံတစ်ယောက် ဖြစ်သော်ငြား ဤတစ်ချီတွင်မူ ယဲ့ချန်းထံတွင် ရှုံးခဲ့ရသည်။
"ဟမ့်.. ငါ့ဆီက သတင်းနှိုက်ဖို့ကြိုးစားနေတာလား။ မေ့လိုက်စမ်းပါ"
ယဲ့ချန်းလည်း ပြုံးလိုက်မိ၏။
"တကယ်လား။ ငါ့ရှေ့မှာ ဘယ်သူမှ နှုတ်ဆိတ်မနေနိုင်ဘူး"
ဘန်း ဘန်း ဘန်း...
ယဲ့ချန်း၏လက်ချောင်းများက အားပေါင်၏ခန္ဓာကိုယ်ထက်ရှိ အပ်စိုက်အမှတ်များကို ထိလိုက်သည်။
ရုတ်ခြည်းပင် အားပေါင်တစ်ယောက် ပုရွက်ဆိတ်အများကြီးက ဝိုင်းကိုက်နေသလို ခံစားလိုက်ရသည်။
"အား အား အား"
အားပေါင်လည်း နာနာကျင်ကျင်အော်ဟစ်ပါလေတော့သည်။
...
သုံးမိနစ်အတွင်းမှာပင် အားပေါင် အကုန်ဝန်ခံလိုက်သည်။
နာကျင်မှုက သည်းမခံနိုင်သဖြင့် မည်သူမှ တောင့်ခံမထားနိုင်ပေ။
ယဲ့ချန်းလည်း အေးစက်မာကျောစွာ ပြောလိုက်၏။
"မင်းပြောတာတွေက မှန်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်လို့ကတော့ ဒီနေ့ မင်း နာနာကျင်ကျင်နဲ့ သေရမှာ"
ယဲ့ချန်း၏အေးစက်စက်အကြည့်ကြောင့် အားပေါင်လည်း စိတ်ထဲမှာ တုန်လှုပ်နေတော့သည်။
ဤလူချောလေးက ဤမျှကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကို ထုတ်သုံးလာလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
"သခင်လေးဝေ့ရဲ့သရုပ်မှန်က မင်းထင်ထားတာထက် ပိုသာတယ်။ ချာတိတ်.. ငါ မင်းကို ဒီလောက်ပဲပြောနိုင်တယ်"
ယဲ့ချန်းက ကျိုတိုရှိ ဝေ့မိသားစုအပေါ် ဘာအမြင်မှမရှိပေ။
သို့သော် ယခုမူ ဤကိစ္စကို နောက်ကွယ်က ကြိုးကိုင်နေသူကို သိလိုက်ရပြီဖြစ်ရာ ပိုလွယ်ကူသွားပြီဖြစ်၏။
ယဲ့ချန်းလည်း အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။
"သခင်လေးဝေ့ကို ပြောလိုက်။ ရှစ်ယင်က ငါ့အပိုင်ပဲ။ မသေချင်ဘူးဆိုရင် ကျိုတိုကို ချက်ချင်းပြန်လိုက်တော့လို့"
ယဲ့ချန်းက သခင်လေးဝေ့၏သရုပ်မှန်ကို သိပြီးသည့်တိုင် ဤမျှရဲတင်းလိမ့်မည်ဟု အားပေါင် မျှော်လင့်မထားချေ။ သူ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ပြောလိုက်မယ်"
သူ့အကြည့်က တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားသော်လည်း ဘာမှမပြောပေ။
ယဲ့ချန်းလည်း အေးစက်စက်ရယ်မောလိုက်၏။
"လုပ်ကြံသူက မင်းတစ်ယောက်တည်းမဟုတ်ဘူးမလား။ ငါ့ကိုလုပ်ကြံဖို့ ကားမတော်တဆမှုတွေဘာတွေ ပြင်ထားတာမလား။ ဒါမှမဟုတ် လမ်းတစ်လျှောက်မှာ လုပ်ကြံရေးသမားတွေကို စီစဉ်ထားတာမလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ အားပေါင် မျက်နှာပျက်သွားချေသည်။
သို့တိုင် ယဲ့ချန်းကတော့ စနောက်ကျီစယ်လိုဟန်ဖြင့် ပြောလိုက်၏။
"မင်းတို့ အတွက်မှားသွားတာတော့ အရမ်းဆိုးတယ်။ ငါက လမ်းမပေါ်ကနေ သွားမှာမဟုတ်ဘူး"
ယဲ့ချန်း၏စကားကြောင့် အားပေါင်လည်း နားမလည်နိုင်ဖြစ်သွားရသည်။
ထို့နောက် ယဲ့ချန်းက သန့်စင်ခန်းထဲမှ အေးအေးလူလူထွက်သွားလေသည်။
ထိုအခိုက်ဝယ် စုဝမ်ယိက ရေခဲမုန့်ကတော့ကိုကိုင်ထားရင်း ယဲ့ချန်းကို လိုက်ရှာနေသည်။
"ဟေး.. ရှင် ဘယ်သွားတာလဲ"
စုဝမ်ယိက မေးလိုက်သည်။
ယဲ့ချန်းကလည်း ပြုံးလိုက်သည်။
"သန့်စင်ခန်းဝင်နေတာ။ ဪ.. လမ်းက တော်တော်ပိတ်နေတာဆိုတော့ လေကြောင်းနဲ့ပဲ သွားရအောင်"
"လေကြောင်းနဲ့ သွားမှာလား"
စုဝမ်ယိလည်း ခဏမျှတုံ့ဆိုင်းသွားသည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သားလည်း ဓာတ်လှေကားစီး၍ ရီတာ့အဆောက်အအုံ၏ ထိပ်ဆုံးသို့ တက်လာခဲ့လိုက်သည်။
ခေါင်မိုးထပ်တွင် လေယာဉ်ဆင်းသက်ရာကွင်းတစ်ခု ရှိ၏။
ဆယ်မိနစ်အကြာတွင် ရဟတ်ယာဉ်တစ်စင်း ရောက်ချလာသည်။
ယဲ့ချန်းက ပြုံးသည်။
"ကိုယ့်ရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်က ကြိုဆိုပါတယ်"
•••••••••••••••••••
အပိုင်း ၃၅၄ : သခင်လေးဝေ့၏ဖိတ်ကြားမှု
စုဝမ်ယိလည်း ယဲ့ချန်း၏ရဟတ်ယာဉ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
မိုတုမြို့၏ ညရှုခင်းကိုကြည့်ရင်း စုဝမ်ယိ ရေရွတ်လိုက်မိသည်။
"ယဲ့ချန်း... ကျွန်မကို မိုတုမြို့ရဲ့ညရှုခင်း လိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။
"ကိုယ့်ချစ်သူဆိုရင် အတွေ့အကြုံတွေအများကြီး ခံစားရမှာ။ ဒါက အစပဲရှိသေးတယ်"
စုဝမ်ယိလည်း ပြတင်းပေါက်ကို မှီတွယ်၍ အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိသည်။
အောက်ဘက်ရှိ ကားများမှာ မြွေလေးများအလားပင်။
"ဝိုး.. ကျွန်မအိမ်ကို မြင်နေရတယ်"
"ယဲ့ချန်း.. ဟွမ်ဖူမြစ်က အပေါ်ကနေကြည့်တော့ ဖဲကြိုးတစ်ကြိုးနဲ့တောင် တူနေသေးတယ်"
...
ထိုအခိုက်ဝယ် အားပေါင်က ထော့နင်းထော့နင်း လမ်းလျှောက်နေပေသည်။
ယဲ့ချန်းပြောသည့်အတိုင်း သူသည် ကားမတော်တဆမှုတစ်ခုကို ပြင်ဆင်ထားခဲ့သည်။ အပြင်ဘက်တွင်လည်း သူ့လူတချို့ရှိ၏။
ဤအစီအစဉ်မှာ အကယ်၍ သူကျရှုံးခဲ့ပါက အပြင်ရှိ လုပ်ကြံရေးသမားများက ယဲ့ချန်းကို ကြားဖြတ်တိုက်ခိုက်ပြီး သတ်ဖြတ်နိုင်ပေသည်။
သို့သော် ယဲ့ချန်းက ရဟတ်ယာဉ်ဖြင့် ထွက်သွားနိုင်လောက်သည်အထိ အံ့မခန်းဖွယ်ကောင်းလိမ့်မည်ဟုတော့ ထင်မထားပေ။
သို့ဖြစ်လေရာ သူက ထိုလူ့ကို မည်သို့သတ်နိုင်မည်နည်း။
အားပေါင် မျက်မှောင်ကြုတ်လိုက်လေသည်။ ကြည့်ရပုံထောက်သော် သခင်လေးဝေ့က အလွန်အင်အားကြီးသော လူတစ်ယောက်ကို အပြစ်ပြုမိလေဟန်တူသည်။
မိုတုမြို့တွင် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီး ပိုင်ဆိုင်ထားသူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။
သို့သော် အားပေါင်ကို ပိုသောကရောက်စေသည့်အရာမှာ သခင်လေးဝေ့ကို မည်သို့တင်ပြရမှန်း မသိခြင်းပင်။
ယဲ့ချန်းက စုဝမ်ယိကို အလည်တစ်ပတ်ခေါ်သွားပြီးနောက် အိမ်ကို ပြန်ပို့ပေးလိုက်သည်။
အားပေါင်လည်း ဟိုတယ်သို့ ပြန်လာခဲ့သည်။
ဝေ့ပင်းက အားပေါင်တစ်ယောက် ခြေထောက်ဒဏ်ရာဖြင့် ပြန်လာသည်ကိုမြင်သော် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်လာတာလဲ"
အားပေါင်ကလည်း ယဲ့ချန်းနှင့် ကြုံခဲ့ရသည့်အဖြစ်အပျက်ကို အကျဉ်းချုပ်ပြောပြလိုက်၏။
သို့သော် အမှန်တရားကိုတော့ မပြောခဲ့ပေ။ ဖြစ်စဉ်အစအဆုံးကို ပြောင်းလဲလိုက်သေးသည်။
ယဲ့ချန်းတွင် သက်တော်စောင့်အများကြီးရှိသည့်အပြင် ရဲကိုဖုန်းဆက်လိုက်သောကြောင့်ဟု ပြောခဲ့သည်။
အတိုချုပ်ပြောရလျှင် လူအင်အားမမျှတမှုကြောင့် ဖြစ်ရသည်ဟု ပြောလိုက်ခြင်းပင်။
ဝေ့ပင်းက ဘယ်လိုလူစားမျိုးလဲဆိုသည်ကို အားပေါင် ကောင်းကောင်းနားလည်သည်။
အားပေါင်တွင် တန်ဖိုးရှိပါက သူ့အနားကို ခေါ်ထားမည်ဖြစ်ပြီး အကယ်၍ တန်ဖိုးမရှိတော့ပါက သူ့အား အသက်ရှင်ခွင့်ပေးမည်မဟုတ်ချေ။
ထို့ကြောင့် အားပေါင်လည်း သူ့ကိုယ်သူ လွတ်လမ်းတစ်ခုတော့ ချန်ထားရမည်ဖြစ်၏။
ယဲ့ချန်း၏ခွန်အားကြောင့် အားပေါင် အတန်ငယ်အံ့အားသင့်သွားလေသည်။
ဝေ့ပင်း၏သရုပ်မှန်ကို ကြားသည့်တိုင် တစ်ဖက်လူက တည်ငြိမ်နေဆဲသာ။ ဤမျှမြင့်မားလှသော တိုက်ခိုက်ရေးခွန်အားနှင့် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်းကလည်း ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ သူကြုံဖူးသော ဒိတ်ဒိတ်ကြဲသူဌေးများနှင့် မတူပေ။
ထို့ပြင် ယဲ့ချန်းက သူ့အား ဘာကြောင့်လွှတ်ပေးလိုက်သလဲဆိုသည်ကို အားပေါင် နားမလည်ပေ။ ဤအဓိပ္ပာယ်မှာ သူက ထိုမျှအထိ ယုံကြည်မှုရှိနေခြင်းလေလား။
တကယ်တမ်းတွင် ယဲ့ချန်းက ဝေ့ပင်းဟူသောနာမည်ကို ကြားသည့်တိုင် ဘာမှမတုံ့ပြန်ရသည့် အကြောင်းအရင်းမှာ ဝေ့ပင်းကို မသိသလို ကျိုတိုရှိ ဝေ့မိသားစုအကြောင်း ဘာမှမသိသောကြောင့်ပင်။
အားပေါင်ကိုလွှတ်လိုက်ခြင်းမှာမူ ယဲ့ချန်းအနေနှင့် ဘာပြဿနာမှ မများချင်ရုံသာ။
စုဝမ်ယိကလည်း အပြင်တွင် ရှိနေသေးသည်ဖြစ်ရာ သူသာ လူသတ်လိုက်လျှင် သူ့အပေါ်ထားသော စုဝမ်ယိ၏ခံစားချက်များမှာ သေချာပေါက်ပြောင်းလဲသွားလိမ့်မည်။
အားပေါင်၏စကားကို ကြားလိုက်ရချိန်ဝယ် ဝေ့ပင်း မျက်မှောင်ကြုတ်လိုက်မိ၏။
"ငတုံး.. ဒါလေးတောင် မလုပ်နိုင်ဘူး။ ဒါက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲနော်"
"ဟုတ်ကဲ့ပါ သခင်လေး"
အားပေါင်က ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
ဝေ့ပင်းလည်း စိတ်မရှည်ဟန်ဖြင့် သူ့အား လက်ခါယမ်းပြလိုက်လေရာ အားပေါင်လည်း လှည့်ထွက်လာခဲ့သည်။
"ယဲ့ချန်း.. ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ"
ဝေ့ပင်းက ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုကို ပြသလာသည်။
ပထမဆုံးကြိုးစားမှုက အရာမထင်သည့်တိုင် ဝေ့ပင်းကတော့ ဘာမှမခံစားရပေ။
သူ့အမြင်တွင် ယဲ့ချန်းက သူနှင့် အဆင့်ချင်းမတူပေ။
အင်အားသုံးခြင်းက အလုပ်မဖြစ်ပါက သူကိုယ်တိုင်သွားတွေ့ရမည်သာ။ တစ်ဖက်လူသာ သူ့သရုပ်မှန်ကို သိသွားလျှင် လင်းရှစ်ယင်ကို နာနာခံခံစွန့်လွှတ်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်သည်။
ဝေ့ပင်းလည်း ကျန်းရွှေကို ဖုန်းဆက်လိုက်သည်။
"ကျန်းရွှေ.. ယဲ့ချန်းနဲ့တွေ့ဖို့ စီစဉ်လိုက်"
"ဟုတ်ကဲ့ သခင်လေးဝေ့"
ထိုအချိန်တွင် ယဲ့ချန်းက လင်းရှစ်ယင်၏အဆောင်တွင် ရောက်နေပေသည်။
ဤတစ်ခေါက်တွင် ဝေ့ပင်းက လင်းရှစ်ယင်ကို ပစ်မှတ်ထားနေခြင်းသာ။
ဝေ့ပင်းက သူ့အား အာရုံလွှဲ၍ လင်းရှစ်ယင်ကို တစ်ခုခုလုပ်လိုက်မည်ကို ယဲ့ချန်း စိုးရိမ်မိသည်။ ထို့ကြောင့် လင်းရှစ်ယင်ကို ကာကွယ်ရန်အတွက် နဂါးသံချပ်ကာလုံခြုံရေးတပ်ဖွဲ့ထဲရှိ အတော်ဆုံးလုံခြုံရေးများကို စီစဉ်ပေးထားပြီးဖြစ်၏။
"ရှစ်ယင်... ကျောင်းမှာ အခြေအနေတွေက ဘယ်လိုရှိလဲ"
ယဲ့ချန်းက လင်းရှစ်ယင်ဖျော်ပေးထားသော လက်ဖက်ရည်ကိုသောက်ရင်း မေးလိုက်သည်။
"ကျောင်းက အဆင်ပြေပါတယ်။ လူတိုင်းကလည်း ပြိုင်ပွဲနဲ့ပတ်သက်ပြီး စိတ်အားထက်သန်နေကြတာ။ ပြင်ဆင်မှုတွေကလည်း အဆင်ပြေပါတယ်"
"ကောင်းတယ်။ ဒီအတောအတွင်း မင်း ပင်ပန်းသွားပြီ"
လင်းရှစ်ယင်က ပြုံးလိုက်၏။
"ကျွန်မသဘောကျတဲ့အလုပ်ကို လုပ်နေရတာဆိုတော့ ပင်ပန်းတယ်လို့ မခံစားမိပါဘူး"
"ဒါနဲ့ ဝေ့မိသားစုက ဝေ့ပင်းကို မင်းသိလား"
ထိုနာမည်ကိုကြားသော် လင်းရှစ်ယင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
"ကျွန်မ သူ့ကိုသိတယ်။ ကျိုတိုမှာ ကျွန်မ ပြိုင်ပွဲဝင်နေတုန်းက သူ ကျွန်မကို ဒိတ်ဖို့တောင်းဆိုဖူးတယ်။ ဒါပေမဲ့ ကျွန်မ ငြင်းလိုက်တာပဲ။ ဘာလို့လဲ"
လင်းရှစ်ယင်က စိုးရိမ်ပူပန်စွာ ပြောလိုက်လေသည်။
"ဪ ဘာမှမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က သူ့နာမည်ကိုပြောတာ ကြားဖူးလို့ မေးကြည့်တာ"
ယဲ့ချန်းက ပြုံးလိုက်သည်။
ထိုအခိုက်ဝယ် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။
"ဟယ်လို ဘယ်သူလဲ"
"ငါက ကျန်းရွှေပဲ။ သခင်လေးဝေ့က မင်းနဲ့တွေ့ချင်နေတယ်"
ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးပြုံးလိုက်လေသည်။
"ဪ မန်နေဂျာကျန်း.. မန်နေဂျာအလုပ်ကိုစွန့်လွှတ်ပြီး သူများရဲ့ခိုင်းဖက်ခွေးဖြစ်နေပြီပေါ့"
"မင်း..."
ကျန်းရွှေမှာ ဒေါသထွက်သွားရပြီးနောက် မျက်နှာတစ်ခုလုံး စိမ်းဖန့်လာသည်။
ယဲ့ချန်းကြောင့်သာမဟုတ်ပါက သူလည်း ဤမျှအထိ အဖြစ်ဆိုးမည်မဟုတ်ပေ။ ယခုမူ ခွေးတစ်ကောင်ကဲ့သို့ အမိန့်ပေးခံနေရသည်။
ယဲ့ချန်းကို ကျန်းရွှေ ပိုမုန်းတီးသွားသည်။
သို့သော် မကြာခင် ယဲ့ချန်းကို သခင်လေးဝေ့က သတ်ပစ်တော့မည်ဖြစ်ကြောင်း တွေးလိုက်မိသောအခါ ကျန်းရွှေ၏စိတ်အခြေအနေလည်း တိုးတက်သွားသည်။
"ယဲ့ချန်း.. မင်း သခင်လေးဝေ့အကြောင်း သိတယ်မလား။ ငါ မင်းကိုပြောမယ်။ ဒီည ရှစ်နာရီကျရင် ရွေ့ချန်းဟိုတယ် အခန်း၈၁၈ကိုလာခဲ့"
ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
"ခင်ဗျားမှာ ကျုပ်ကို ဖိတ်ကြားနိုင်တဲ့ အရည်အချင်းမျိုးမရှီဘူး။ သူကိုယ်တိုင် လာဖိတ်ပါစေ"
ကျန်းရွှေက တစ်ချိန်လုံး စပီကာဖွင့်ထားသဖြင့် ဝေ့ပင်းလည်း ဖုန်းကို လှမ်းယူလိုက်သည်။
"ယဲ့ချန်း ဟုတ်တယ်မလား။ ငါက ဝေ့ပင်းပဲ။ ငါ မင်းနဲ့ လင်းရှစ်ယင်အကြောင်း ပြောချင်တယ်"
ယဲ့ချန်းက သူ့ဘေးရှိ လင်းရှစ်ယင်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ကောင်းပြီလေ။ ဒီည အဲဒီကိုလာခဲ့မယ်"
ဤကိစ္စကို လင်းရှစ်ယင်အတွက် သူ ဖြေရှင်းမှဖြစ်မည်။ မဟုတ်ပါက သူ(မ)အနားတွင် ကျားချောင်းချောင်းနေမည့်အဖြစ်ကို ယဲ့ချန်း မမြင်ချင်ပေ။
လင်းရှစ်ယင်က မေးလိုက်၏။
"ဘာဖြစ်လို့လဲ ယဲ့ချန်း"
ယဲ့ချန်းကမူ ပြုံးရုံသာ ပြုံး၏။
"ဘာမှမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က ညစာစားဖို့ ဖိတ်လို့ပါ"
"ဪ ကောင်းသားပဲ။ ဒါနဲ့ ကျွန်မ သံစဉ်အသစ်တစ်ပုဒ်ရေးထားတယ်။ ရှင့်အတွက် တီးပြပေးမယ်"
"ကောင်းတာပေါ့"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာသည်အထိ စကားစမြည်ပြောနေပြီးမှ လင်းရှစ်ယင်က အိပ်ချင်လာသဖြင့် အိပ်ရာဝင်သွားချိန်တွင် ယဲ့ချန်းလည်း မောင့်ယာအက်ပ်ကို ဖွင့်လိုက်၏။
မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကို ယခု သူပိုင်နေပြီဖြစ်၏။
သူ့အကောင့်ထဲတွင် မောင့်ယာအကြွေစေ့တစ်သန်းကျော်ရှိသဖြင့် သုံးလိုက်သင့်သည်။
ယဲ့ချန်းလည်း အကောင့်တစ်ခုကို နှိပ်ကြည့်လိုက်သည်။ ထိုအကောင့်နာမည်မှာ ရှောင်တာ့ကျီပင်။ အထဲကိုဝင်ကြည့်လိုက်သောအခါ အက်ပ်ထဲရှိ အလှပဂေးလေးကြောင့် ယဲ့ချန်း ကြက်သေသေသွားရသည်။
သူ(မ)၏မျက်နှာက ရုပ်ရည်ရမှတ်ကိုးဆယ်သာ ရှိသော်ငြား ကောက်ကြောင်းကတော့ ပြီးပြည့်စုံလှသည်။
သူ(မ)၏ခန္ဓာကိုယ်က ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် ပြည့်စုံပြီး ညှို့ငင်ဖမ်းစားနိုင်သော မျက်ဝန်းတစ်စုံ၊ အပြုံးနှင့် အကြည့်တို့ကား စိတ်အစဉ်ကို ဆွဲဆောင်နိုင်စွမ်းရှိ၏။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပရိသတ်အရေအတွက် နှစ်သောင်းခန့်ရှိသည်။
ယဲ့နတ်ဘုရား၏အကောင့် ဝင်ရောက်လာကြောင်း မြင်လိုက်ရချိန်ဝယ် ရှောင်တာ့ကျီ၏မျက်ဝန်းများ လင်းလက်သွားချေသည်။
"ယဲ့နတ်ဘုရားကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြိုဆိုပါတယ်"
သူ(မ)က ထိုသို့ပြောပြီးနောက် ယဲ့ချန်းအား အသည်းပုံသင်္ကေတတစ်ခု လုပ်ပြလိုက်သည်။ တစ်ဖက်လူက အလွန်တက်ကြွနေသည်ဖြစ်ရာ ယဲ့ချန်းကလည်း နှမြောတွန့်တိုခြင်းမရှိပေ။
သူ(မ)ကို ဒုံးကျည်ဆယ်ခု လက်ဆောင်ပေးလိုက်သည်.
ဖန်သားပြင်အနှံ့ ပြည့်နှက်နေသော ဒုံးကျည်များကြောင့် လူတိုင်း အံ့ဩမှင်တက်ကုန်သည်။
ဝိုး.. လူကုံထံစစ်စစ်ကြီးဟ မိုက်လိုက်တာ...
ပထမဆုံးတွေ့ဆုံမှုမှာတင် ဒုံးကျည်ဆယ်စင်းကို လက်ဆောင်ပေးသတဲ့...
ဒီနေ့ ရှောင်တာ့ကျီတစ်ယောက် ကံထနေတာပဲ...
ယခုမှတွေ့ရသေးသော်လည်း ဒုံးကျည်ဆယ်စင်း လက်ဆောင်ရလိမ့်မည်ဟု ရှောင်တာ့ကျီ ထင်မထားချေ။ ထို့ကြောင့် သူ(မ) အလွန်စိတ်လှုပ်ရှားသွားသည်။
ယနေ့ကား ကံကောင်းလျသည်။
ထိုအချိန်မှာပင် အောက်ဘက်ရှိ အလကားကုန်းဆင်းသူများမှာ မနာလိုဖြစ်ကုန်ကြသည်။
"သေစမ်း..ဒုံးကျည်ဆယ်စင်းတောင်.. ငါ့တစ်နှစ်စာလစာလောက်ရှိတယ်"
"ငါလည်း တိုက်ရိုက်ထုတ်လွှင့်သူကို လက်ဆောင်ပေးချင်ပေမဲ့ ငါက ငမွဲဖြစ်နေတယ်"
ယဲ့ချန်းပေးလိုက်သော ဒုံးကျည်များကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အံ့အားသင့်နေဟန် သင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်။