အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
အပိုင်း ၃၅၅ : ဒိတ်ဒိတ်ကြဲနှစ်ယောက်ကြားက တိုက်ပွဲ
ရှောင်တာ့ကျီက ဝါရင့်တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်သဖြင့် တုံ့ပြန်မှုက အလွန်မြန်ဆန်ပေသည်။
"ကျေးဇူးတင်ပါတယ် ယဲ့နတ်ဘုရား.. အသည်းလေးတွေပေးမယ်နော်"
"မင်း ကာယလေ့ကျင့်ခန်းရှစ်ခုကို လုပ်တတ်လား"
ယဲ့ချန်းက ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တဲ့တိုးသာ တောင်းဆိုလိုက်သည်။
"ဝိုး.. ကာယလေ့ကျင့်ခန်းလား။ ယဲ့နတ်ဘုရားက အရမ်းတစ်ဇွတ်ထိုးနိုင်တာလား"
"ဟားဟား ငယ်ဘဝကိုတောင် သတိရသွားပြီ"
"တိုက်ရိုက်ထုတ်လွှင့်သူသာ ကာယလေ့ကျင့်ခန်းလုပ်ပြရင် အရမ်းချစ်ဖို့ကောင်းနေမှာပဲ"
"ဟားဟား.. လူတိုင်း ကာယလုပ်ဖူးတယ်ဆိုတော့ နားလည်နိုင်ပါတယ်"
...
ရှောင်တာ့ကျီခမျာ ရှက်သွေးဖြာသွားလေသည်။
"နည်းနည်းတော့မှတ်မိတယ်။ လေ့ကျင့်ခန်းဗီဒီယိုလေးကြည့်လိုက်ရင်တော့ လိုက်လုပ်နိုင်ပါတယ်"
ယဲ့ချန်းက ရက်ရက်ရောရောလက်ဆောင်ပေးထားသည်ဖြစ်ရာ ဤကဲ့သို့သော နတ်ဘုရားတစ်ပါးထံမှ တောင်းဆိုချက်တစ်ခုကိုတော့ ဖြည့်ဆည်းပေးမှဖြစ်မည်။
ရှောင်တာ့ကျီလည်း အွန်လိုင်းပေါ်တွင် ဗီဒီယိုကို ရှာလိုက်ပြီးနောက် ကင်မရာရှုထောင့်ကို ပြင်လိုက်၏။
မကြာခင်မှာပင် ရှောင်တာ့ကျီက သွယ်လျသောခါးကို လိမ်ကောက်ရင်း ကလေတော့သည်။
"တစ် နှစ် သုံး လေး.. နှစ် နှစ် သုံး လေး..."
ပြီးပြည့်စုံလှသော သူ(မ)၏ကောက်ကြောင်းက လှပသော ချက်ပေါ်အင်္ကျီကြောင့် ထင်ရှားနေပေသည်။
ကာယအလှပြနေခြင်းမှာ အလွန်မှင်တက်ဖွယ်ကောင်းလှသည်။
"ဝိုး.. ကာယလုပ်တာက ဒီလောက်အထိ ကြည့်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး"
"ဟုတ်ပါရဲ့။ အရမ်းလှတာပဲ။ သူ့ကောက်ကြောင်းက အရမ်းပြီးပြည့်စုံတယ်"
"နတ်ဘုရားယဲ့က ဘယ်လိုအကွက်ရွှေ့ရမလဲဆိုတာ သိသားပဲ။ ကာယလုပ်ပြတာကတောင် အရမ်းပျော်ဖို့ကောင်းနေတာ"
တိုက်ရိုက်ထုတ်လွှင့်သူက ကာယလုပ်ပြနေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း ရတနာမြေပုံအခုနှစ်ဆယ်ကို ရက်ရက်ရောရောပေးလိုက်သည်။
"ဝိုး တကယ့်နတ်ဘုရားပဲ"
"အမလေး.. နောက်တစ်သိန်းပါလား"
"ကာယအလှပြရုံနဲ့တင် နှစ်သိန်းတောင် ဆုချလိုက်တာပေါ့။ တကယ့်နတ်ဘုရားစစ်စစ်ပါပဲ"
လူတိုင်း လုံးဝကြောင်အသွားကြသည်။
ရှောင်တာ့ကျီကတော့ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားယဲ့.. ကျေးဇူးတင်ကြောင်း ပြဖို့အတွက် ကျွန်မ နတ်ဘုရားယဲ့အတွက် ရိုးရာအက ကပြပါ့မယ်"
ထို့နောက် ရှောင်တာ့ကျီက ရိုးရာဝတ်စုံတစ်ခုကို လဲဝတ်၍ ကပြလေတော့သည်။
ကြော့မော့လှသော ဝတ်စုံ၊ လှုပ်လီလှုပ်လဲ့ဖြစ်နေသော ဂါဝန်အနားစတို့က အစောပိုင်းက သွေးဆောင်မှုနှင့် ယှဉ်လိုက်လျှင် လုံးဝကွဲပြားသွားသည်။
ကပြပြီးနောက် လူတိုင်းက ဆက်တိုက်ဆိုသလို လက်ဆောင်များ ပေးကြလေတော့သည်။
သို့သော် ဤတစ်ခေါက်တွင် ယဲ့ချန်းက ထပ်မပေးတော့သလို ပေါ်မလာတော့သဖြင့် ရှောင်တာ့ကျီလည်း အနည်းငယ်စိုးရိမ်သွားသည်။
နတ်ဘုရားယဲ့က ဒါကို သဘောမကျလို့များလား။
ထိုအချိန်တွင် ဝမ်ခုန်းခုန်းဟုခေါ်သော လူတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ရောက်လာသည်။
ဝမ်ခုန်းခုန်းက ထိပ်တန်းအဆင့် ထောက်ပံ့သူတစ်ယောက်ဖြစ်၏။ သူ ညစာစားနေစဉ် သူ့နေရာကို အခြားလူတစ်ယောက်က လုယူသွားကြောင်း သိလိုက်ရသောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒုံးကျည်အခုနှစ်ဆယ်ပို့ပြီး ထိပ်တန်းထောက်ပံ့သူနေရာကို ပြန်ယူပြမယ်"
ဝမ်ခုန်းခုန်း၏အကောင့်နာမည်ကို မြင်သော် ယဲ့ချန်းလည်း တစ်စုံတစ်ယောက်ကို ပြေးသတိရလိုက်သည်။
သူများလား...
ဝမ်ခုန်းခုန်းက အင်တာနက်ဆယ်လီများနှင့် တွဲသွားတွဲလာလုပ်ရခြင်းကို သဘောကျသည်။
ကောလာဟလများအရ သူသည် ကောင်မလေးများကို သုံးရက်တစ်ခါ ထည်လဲတွဲတတ်သဖြင့် အဝတ်လဲချိန်ထက်ပင် ပိုမြန်သည်ဟု သိရသည်။
ဝမ်ခုန်းခုန်းက ဤရက်ပိုင်း ရှောင်တာ့ကျီကို သဘောကျနေပေသည်။ သူ(မ)က အလွန်လှပလွန်းသည်။
သူ(မ)၏ရုပ်ရည်ကလည်း မှင်တက်ဖွယ်ကောင်းလှသည်။
ဝမ်ခုန်းခုန်းက မောက်မောက်မာမာပြောလိုက်သည်။
"ရှောင်တာ့ကျီရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ထိပ်တန်းထောက်ပံ့သူက ငါတစ်ယောက်တည်းပဲဖြစ်ရမယ်"
မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ အော်ဟစ်ကြွေးကြော်ကြလေတော့သည်။
"ဥက္ကဋ္ဌဝမ် ရောက်လာပြီဟေ့။ ဟားဟား..ခင်ဗျား ရှောင်တာ့ကျီ ကာယအလှပြနေတာကို မမြင်လိုက်ရဘူးနော်။ အရမ်းလှတာ"
"ဥက္ကဋ္ဌဝမ်.. သတိထားနော်။ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ရှောင်တာ့ကျီကို လုယူချင်နေတာ"
ကြည့်ရှုသူများ၏မက်ဆေ့ချ်ကို မြင်လိုက်ရချိန်ဝယ် ဝမ်ခုန်းခုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ဤတိုက်ရိုက်ထုတ်လွှင့်သူထံတွင် ရင်းနှီးမြှုပ်နှံနေသည်မှာ လဝက်ခန့်ရှိချေပြီ။
ယခုမှ အကျိုးရလဒ်ကို ရိတ်သိမ်းရန် ပြင်ထားသော်ငြား လူတစ်ယောက်က ချန်းယောင်ကျင်းလို ကြားဖြတ်ဝင်လာလိမ့်မည်ဟု ထင်မထားပေ။
တစ်ချက်တည်းနှင့် နှစ်သိန်းထုတ်သုံးလိုက်သည်ဖြစ်ရာ အခြားတစ်ယောက်ကလည်း ရှောင်တာ့ကျီကို မျက်စိကျနေဟန်ပင်။
သို့သော် ဝမ်ခုန်းခုန်းမှာ သူသဘောကျနေသည့် မိန်းကလေးကို မည်သို့များ လွယ်လွယ်နှင့် လက်လျှော့နိုင်မည်နည်း။
ဝမ်ခုန်းခုန်း၏ မောက်မာလှေသာ စကားများကြောင့် ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မပြောမဆိုနဲ့ ဆုချလိုက်တော့တာပဲ"
"ဒီတစ်ခေါက်တော့ ဖန်သားပြင်ပေါ်မှာ ဒုံးကျည်တွေနဲ့ ပြည့်သွားပြီဟေ့"
"သောက်ကျိုးနည်း"
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ပွက်လောရိုက်သွားချေသည်။
ဤသည်မှာ ဒုံးကျည်ဘယ်နှခုလေလဲ။
"အမလေး.. တစ်ချီတည်းနဲ့ ဒုံးကျည်အစင်းတစ်ရာကို လက်ဆောင်ပေးလိုက်တာတဲ့။ အရမ်းလက်ဖွာတာပဲ"
ဒုံးကျည်အစင်းတစ်ရာဆိုသည်မှာ ငွေတစ်သန်းပင်။
အစောက ဝမ်ခုန်းခုန်းသည် ဤတိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ထိပ်တန်းထောက်ပံ့သူမှာ သူတစ်ယောက်တည်းဖြစ်ကြောင်း ပြောလိုက်သည်။
ယဲ့ချန်းကမူ ငွေတစ်သန်းတန် လက်ဆောင်များဖြင့် တုံ့ပြန်လိုက်လေရာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် အလားသဏ္ဌာန်တူသည်။
တိုက်ရိုက်ထုတ်လွှင့်သူကိုယ်တိုင်ပင် ကြောင်အသွားသည်။
ဤတစ်လျှောက်လုံးတွင် ဝမ်ခုန်းခုန်းက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ နေ့တိုင်းလာပြီး ရှောင်တာ့ကျီကို ထောက်ပံ့ရန်အတွက် တစ်သိန်းနှစ်သိန်းခန့် လက်ဆောင်ပေးတတ်သည်။
သို့သော် ယနေ့တွင်မူ သူဌေးကြီးတစ်ယောက်က ရုတ်ခြည်းထွက်ပေါ်လာသည်။
ထို့ပြင် ဤသူဌေးကြီးက ပိုအထင်ကြီးဖို့ကောင်းသည်မှာ သိသာလှသည်။ တစ်ချီတည်းနှင့် တစ်သန်းလောက် လက်ဆောင်ပေးလိုက်ချေသည်။
ကြည့်ရှုသူများလည်း အတန်ငယ်မှင်တက်သွားသည်။ ထို့နောက်မှသာ သတိပြန်ဝင်လာကြသည်။
"ဝိုး.. တကယ့်ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ဟေ့"
"တစ်ခါတည်းနဲ့ တစ်သန်းတောင် လက်ဆောင်ပေးလိုက်တာတဲ့။ မိုက်လိုက်တာ"
"ခုန်းခုန်း.. မင်းရဲ့ထိပ်တန်းထောက်ပံ့သူရာထူးတော့ အလုခံလိုက်ရပြီထင်တယ်"
"ဒါကမှ တကယ့်နတ်ဘုရားအစစ်လို့ခေါ်တယ်။ ခုန်းခုန်းထက်တောင် ပိုရက်ရောသေးတယ်"
...
တာ့ကျီလည်း အလွန်စိတ်လှုပ်ရှားတက်ကြွနေသည်။
သူ(မ) တောက်တောက်ပပပြုံးလိုက်သည်။
"နတ်ဘုရားယဲ့ကို ကျေးဇူးတင်ပါတယ်။ အသည်းလေးတွေ ပေးမယ်နော်"
ဤတစ်ခေါက်တွင်မူ ရှောင်တာ့ကျီမှာ အမှန်တကယ်ပျော်ရွှင်နေသည်။
တစ်သန်းတဲ့။
ယနေ့တော့ သူ(မ) ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နှင့် တွေ့လိုက်ရလေပြီ။
ပုံမှန်ဆိုလျှင် ရှောင်တာ့ကျီက ခုန်းခုန်းကို ကျေးဇူးတင်ပါတယ်ဟုသာ ပြောတတ်သော်ငြား ဤတစ်ခေါက်တွင်မူ နတ်ဘုရားယဲ့ဟု ခေါ်ဝေါ်သုံးနှုန်းလိုက်သည်။
စံအိမ်ကြီးတစ်ခုထဲတွင် ခွေးများနှင့် ကစားနေသော ဝမ်ခုန်းခုန်းကတော့ မကျေမနပ်ဖြစ်သွားချေသည်။
ဒီကောင်က ဘယ်ကထွက်လာတာလဲ...
ဒါကြီးက ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာမဟုတ်ဘူးလား...
သူဌေးသားတစ်ယောက်ဖြစ်သည့်အတွက် ဝမ်ခုန်းခုန်းအဖို့တော့ ဂုဏ်သိက္ခာဆိုသည်မှာ အလွန်အရေးကြီးလှသည်။
ဤနှစ်များအတွင်း ဇိမ်ခံကားများကိုစီးပြီး အလှပဂေးများဖြင့် ဝန်းရံထားပြီး ပြည်သူ့ခင်ပွန်းလောင်းဟု သတ်မှတ်ထားကြသဖြင့် ဝမ်ခုန်းခုန်းမှာ အလွန်မောက်မာခဲ့သည်။
သူသွားလေရာ နေရာတိုင်းတွင်လည်း လူအများက သူ့အား တလေးတစားဆက်ဆံကြသည်။
သို့သော် ယနေ့တွင်မူ လူတစ်ယောက်က သူ့အား စိန်ခေါ်လာပေသည်။
"ဆုချတယ်ပေါ့လေ။ ငါက မင်းကို ကြောက်ရမှာလား"
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ လူများက ယဲ့ချန်းကို ကပ်ဖားနေသည်ကို မြင်သောအခါ ဝမ်ခုန်းခုန်းလည်း စိတ်ထဲ ခုသွားလေသည်။
ယခင်က သူကသာ ကိုးကွယ်ခံခဲ့ရသည်ဖြစ်ရာ ယခုမူ အခြားလူတစ်ယောက်ကို ဝိုင်းချီးကျူးနေကြသည်ကို ကြည့်နေရသည့် ခံစားချက်ကား အလွန်စိတ်ရှုပ်ဖို့ကောင်းလှသည်။
ယခင်က သူသည် လျစ်လျူရှုမခံရဖူးပေ။ အာရုံစိုက်မှု၏ ဗဟိုချက်သာ ဖြစ်ခဲ့သည်။
ဤတစ်ခေါက်တွင်မူ သူ့နေရာကို လုယူခံလိုက်ရပြီဖြစ်ရာ အသာငြိမ်မနေနိုင်ချေ။
ချက်ချင်းပင် လက်ဆောင်များ ပုံပေးလိုက်လေရာ ဖန်သားပြင်ထက်တွင် ရတနာမြေပုံများဖြင့် ပြည့်နှက်သွားသည်။
"ဝိုး.. အထင်ကြီးဖို့ကောင်းလိုက်တာ။ ဝမ်ခုန်းခုန်းလည်း တစ်သန်းတောင် လက်ဆောင်ပေးလိုက်တာနော်"
"သူဌေးကြီးပဲ။ ဘယ်သူကများ ဝမ်ခုန်းခုန်းကို ယှဉ်နိုင်မှာလဲ"
...
ဝမ်ခုန်းခုန်းက တစ်သန်းဆုချလိုက်ပြီး ထိပ်တန်းထောက်ပံ့သူရာထူးကို ပြန်အရယူလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။
နတ်ဘုရားနှစ်ပါးက နှစ်သန်းကျော် ပေးထားပြီးဖြစ်၏။
ဤသည်မှာ အလွန်အထင်ကြီးဖို့ကောင်းလှသည်။
ရှောင်တာ့ကျီ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာလည်း ချက်ချင်းပင် လူအုံလာပြီး အင်တာနက်အသုံးပြုသူများမှာ ပွဲကြည့်ရန် ရောက်ချလာကြသည်။
ဆိုရှယ်မီဒီယာထက်မှာပင် လူတစ်ယောက်က စာတစ်စောင်တင်လိုက်သည်။
"အားလုံးပဲ မြန်မြန်လာကြည့်ကြ။ ဝမ်ခုန်းခုန်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်က ထိပ်တန်းထောက်ပံ့သူနေရာအတွက် တိုက်ခိုက်နေကြတယ်။ နှစ်ယောက်စလုံးက တစ်သန်းကျော်တောင် လက်ဆောင်ပေးထားပြီးပြီ။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာနော်"
ဤအကြောင်းအရာက ချက်ချင်းပင် လူအမြောက်အများကို ဆွဲဆောင်လိုက်နိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ အစတုန်းက ကြည့်ရှုသူနှစ်သောင်းကျော်သာ ရှိသော်ငြား ရုတ်ခြည်းပင် တစ်သန်းအထိ ခုန်တက်သွားသည်။
ထိုအရေအတွက်မှာ ဆက်လက်မြင့်တက်နေဆဲပင်။
ဝမ်ခုန်းခုန်း၏ကျော်ကြားမှုက ယဲ့ချန်းထက် ပိုသာပေသည်။
သူက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အထင်ကြီးဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်၏။ ယခုမူ လူတစ်ယောက်က သူ့အား စိန်ခေါ်နေသဖြင့် အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။
ဝမ်ခုန်းခုန်းက မာန်တက်နေချေသည်။
"ဘယ်လိုလဲ ကြောက်သွားပြီလား"
ရှောင်တာ့ကျီ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အမူအရာများဖြင့် ပြည့်နှက်နေသည်။
"အစ်ကိုခုန်းခုန်းကို ကျေးဇူးတင်ပါတယ်။ တာ့ကျီက အစ်ကိုခုန်းခုန်းကို အမြဲချစ်သွားမှာပါ"
"ဒိတ်ဒိတ်ကြဲသူဌေးကြီးက အဲဒီလောက်လည်း မဟုတ်ဘူးထင်ပါရဲ့။ လွယ်လွယ်နဲ့ ကြောက်သွားရတယ်လို့"
"ဟုတ်ပါ့။ ငါတို့ရဲ့ဥက္ကဋ္ဌဝမ်ကမှ တကယ့်သူဌေးအစစ်"
သို့သော် ထိုအချိန်မှာပင် ယဲ့ချန်း၏အသံကို ကြားလိုက်ရသည်။
"အားလုံးပဲ.. တောင်းပန်ပါတယ်။ ပိုက်ဆံသွားဖြည့်နေတာ။ ပမာဏများတာမို့လို့ နည်းနည်းကြာသွားတယ်"
အစောတုန်းက ယဲ့ချန်း၏မောင့်ယာအကြွေစေ့များက ကုန်သွားသဖြင့် သွားဖြည့်နေခြင်းပင်။
ထိုအချိန်ဝယ် ဖန်သားပြင်မှာ ချက်ချင်းပြောင်းလဲသွားသည်။
ရတနာမြေပုံ၈၈၈ခု...
"ဝိုး.. မိုက်တယ်ဟေ့။ ဥက္ကဋ္ဌဝမ်က ရတနာမြေပုံ၈၈၈ခုတောင် လက်ဆောင်းပေးလိုက်တာလား"
"ထင်ထားတဲ့အတိုင်းပါပဲ"
...
"နေဦး.. ဒီရတနာမြေပုံတွေက ဝမ်ခုန်းခုန်းဆီက ဟုတ်ပုံမရဘူး"
"သေစမ်း.. နတ်ဘုရားယဲ့ ပေးနေတာဟ"
••••••••••••••••••
အပိုင်း ၃၅၆ : ချင်းချင်းနီနေသော မျက်ဝန်း
အစတုန်းက နတ်ဘုရားယဲ့က ရတနာမြေပုံ၈၈၈ခုကို ထပ်ပို့လိုက်ပြန်ပြီဟု လူတိုင်းက ထင်နေကြသည်။
ရတနာမြေပုံတစ်ခုလျှင် ငါးထောင်ကုန်ကျသည်။ ၈၈၈ခုဆိုလျှင် လေးသန်းကျော်ပေးရမည်ဖြစ်၏။
ဤသည်မှာ ဝမ်ခုန်းခုန်းကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင်။
ဝမ်ခုန်းခုန်းက အနိုင်ရလိုက်ပြီဟု ထင်နေသောအချိန်မှာပင် ဖန်သားပြင်ထက်တွင် ရတနာမြေပုံများဖြင့် ပြည့်နှက်သွားလေသည်။
ထို့နောက် ယဲ့ချန်းက ရတနာမြေပုံ၈၈၈ခုကို ပေးပို့လိုက်ကြောင်း ပြသနေသည်။
"သေစမ်း.. ဒါက ဘယ်သူလဲဟ။ ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်နေတာပေါ့"
ဝမ်ခုန်းခုန်းက ခပ်ကြမ်းကြမ်းဘုရင်လေးဟု လူသိများသည်။
ယခုမူ တစ်စုံတစ်ယောက်က သူ့ထက် ပိုဝင့်ကြွားပြလာသောအခါ သူ့အနေနှင့် မည်သို့ သည်းခံနိုင်မည်နည်း။
"ငါ တကယ်မယုံနိုင်ဘူး။ မင်းက ငါ့ထက်ပိုချမ်းသာတယ်ပေါ့"
ဝမ်ခုန်းခုန်းက ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဖြစ်သောကြောင့် လက်ထဲတွင် ငွေသားများများစားစား မရှိပေ။
တစ်စုံတစ်ယောက်က သူ့အား ငွေဖြင့် အင်အားချင်းယှဉ်ရန် ကြိုးစားလာခြင်းမှာ သူ့အား စိန်ခေါ်လာခြင်းပင်။
"အဖေ သုံးစရာပြတ်နေလို့။ ကျွန်တော့်ကို သန်းငါးဆယ်လောက် လွှဲပေးပါလား"
ဝမ်ခုန်းခုန်း၏အဖေကလည်း ဟွားနိုင်ငံ၏ထိပ်တန်းလူကုံထံစာရင်းတွင် ပါသည်။ ရီတာလုပ်ငန်းစု၏ သူဌေးဖြစ်သည့် သူ့အတွက်တော့ သန်းငါးဆယ်ဆိုသည်မှာ မပြောပလောက်ပေ။
ဝမ်တာ့မင်က ဝမ်ခုန်းခုန်းအား ပန်းတိုင်အသေးစားတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ရန်အတွက် သန်းငါးရာပေးထားပြီးဖြစ်၏။ ယခုမူ နောက်ထပ်တောင်းလာသည်ကိုမြင်သော် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် သူ့သားက လုပ်ငန်းတစ်ခုကို စတင်ချင်နေသည်ဖြစ်ရာ အဖေတစ်ယောက်အနေနှင့် သူလည်း ထောက်ပံ့ပေးရမည်သာ။
ထို့ကြောင့် ဝမ်တာ့မင်လည်း ဝမ်ခုန်းခုန်းကို နောက်ထပ်သန်းငါးဆယ်လွှဲပေးလိုက်ပြန်သည်။
ဤငွေကိုရသောအခါ ဝမ်ခုန်းခုန်းလည်း တက်ကြွဆေးထိုးထားသော ကြက်ဖတစ်ကောင်အလား တက်ကြွနေချေတော့သည်။
သူက သန်းနှစ်ဆယ်ကို ဖြည့်လိုက်လေသည်။
ဟမ့်.. ရတနာမြေပုံ၈၈၈ခုတည်းပဲမလား..
ငါက မင်းကို ကြောက်နေရမှာလား...
ကြောက်ဖို့ကောင်းအောင် ချမ်းသာတယ်ဆိုတာ ဘာမှန်း ငါပြမယ်...
ငွေဖြည့်ပြီးနောက် ဝမ်ခုန်းခုန်းလည်း ရတနာမြေပုံ၁၈၈၈ခုကို ပို့လိုက်တော့သည်။
ထင်ထားသည့်အတိုင်းပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် တစ်ဖန်ပေါက်ကွဲသွားပြန်သည်။
ရှောင်တာ့ကျီခမျာ ကြောက်လန့်သွားလေသည်။
ဤမျှများပြားလှသော သုံးဖြုန်းမှုမျိုးကို သူ(မ) တစ်ခါမှမမြင်ဖူးပေ။
ထို့ပြင် ဝမ်ခုန်းခုန်းနှင့် လျှို့ဝှက်ဆန်းကြယ်သော သူဌေးကြီးတို့က အဆင့်အတန်းမြင့်မားလှကြောင်း သူ(မ) ခံစားမိသည်။
ဤကိစ္စသာ ကြီးကျယ်သွားပါက သူ(မ)က တိုက်ရိုက်ထုတ်လွှင့်သူလေးတစ်ယောက်မျှသာ ဖြစ်သောကြောင့် ကြားညပ်သွားပေလိမ့်မည်။
"သူဌေးတို့.. တော်ကြပါတော့"
ရှောင်တာ့ကျီခမျာ ငိုတော့မတတ်ပင်။
ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးကား အုတ်အော်သောင်းတင်းဖြစ်ကုန်သည်။
"ဝိုး ရတနာမြေပုံ၁၈၈၈ခုတဲ့"
"အရမ်းချမ်းသာတာပဲ"
"ရတနာမြေပုံ၁၈၈၈ခုဆိုရင် ငါ့တစ်သက်လုံးရှာရင်တောင် ရပါ့မလား။ မရနိုင်တာ သေချာတယ်"
"ဒါက လူကုံထံတွေရဲ့ကမ္ဘာပဲ"
...
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ငိုကြွေးမြည်တမ်းသံများဖြင့် ပြည့်နှက်သွားသည်။
ဝမ်ခုန်းခုန်းကတော့ မာန်တက်နေတော့သည်။
"ကိုယ့်လူ မရပ်လိုက်နဲ့နော်။ မင်း ခုနတုန်းကတော့ တအားကြွစောင်းစောင်းနိုင်နေတာမဟုတ်ဘူးလား။ ဆက်ဟန်ဆောင်နေလိုက်ဦး"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"မင်းက ငွေနည်းနည်းလောက်နဲ့ ဟိတ်ဟန်ထုတ်ချင်နေတော့တာကိုး"
အစတုန်းက ယဲ့ချန်းဘက်က အရှုံးပေးလိုက်ပြီဟု ဝမ်ခုန်းခုန်း ထင်ခဲ့မိသည်။
သို့သော် လက်လျှော့ရမည့်အစား ပြိုင်ဘက်က သူ့အား လှောင်ပြောင်လာလိမ့်မည်ဟု ထင်မထားပေ။
ယဲ့ချန်း၏တုံ့ပြန်မှုကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များမှာ ကြောင်အသွားကြသည်။
"ဝိုး မဖြစ်နိုင်တာ.. ရတနာမြေပုံ၁၈၈၈ခုက ဆယ်သန်းနီးပါးဖြစ်နေပြီလေ။ နတ်ဘုရားယဲ့ရဲ့လေသံက ထပ်သုံးပြဦးမဲ့ပုံပဲ"
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ပွက်လောရိုက်သွားပေသည်။
ကြည့်ရှုသူအရေအတွက်ကလည်း သုံးသန်းအထိ မြင့်တက်သွားသည်။
ပင်မဝက်ဘ်ဆိုက်များကလည်း ပေါက်ကွဲအားပြင်းသော ဤသတင်းကို တင်ဆက်နေကြသည်။
"မောင့်ယာသတင်းက တင်ဆက်နေပါတယ်။ ဝမ်ခုန်းခုန်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်ရဲ့ ပြိုင်ပွဲ။ ဝမ်ခုန်းခုန်းက ဒေါသတကြီးနဲ့ ဆယ်သန်းသုံးလိုက်ပါပြီ"
သို့သော် ယဲ့ချန်းက ကြွားဝါနေရုံသက်သက်သာဟု ပရိသတ်များက ထင်နေကြသဖြင့် ဝမ်ခုန်းခုန်းဘက်တွင်သာ ပါကြသည်။
"ကိုယ့်လူ.. အပြောကြီးမနေနဲ့။ လုပ်ရပ်နဲ့ သက်သေပြစမ်းပါ"
"လုပ်မပြနိုင်ရင်လည်း အရှုံးလိုက်လက်ခံလိုက်တော့ ကိုယ့်လူ.. မင်းမှာရော သန်းငါးရာတန်လုပ်ငန်းတစ်ခုရှိတယ်များ ထင်နေတာလား"
ယဲ့ချန်း၏နှုတ်ခမ်းကား တွန့်ကွေးသွားချေသည်။
"ဟူး.. နောက်ပိုင်းကျရင် ပလက်ဖောင်းကို ပြန်ပြင်ဆင်ဖို့လိုလိမ့်မယ်။ ရတနာမြေပုံတစ်ခုကို ငါးထောင်တည်းပေးရတာဆိုတော့ ငွေသုံးဖို့ တော်တော်ဒုက္ခများတာပဲ"
ယဲ့ချန်းက ရတနာမြေပုံ၅၈၈၈ခုကို ပို့လိုက်လေသည်။
ဖန်သားပြင်ထက်တွင်လည်း လက်ဆောင်များဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်းကတော့ စိုးရိမ်ပူပန်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းက သူ့အပိုင်ဖြစ်သဖြင့် ဤပိုက်ဆံများက အိတ်ကပ်တစ်ဖက်မှ ကျန်တစ်ဖက်သို့ ရောက်သွားခြင်းသာဖြစ်၏။
ဝမ်ခုန်းခုန်းကတော့ မတူပေ။ သူသည် တကယ့်ငွေကြေးများကို သုံးနေရခြင်းပင်။
ယဲ့ချန်းက နောက်ထပ်ရတနာမြေပုံ၅၈၈၈ခုကို ထပ်ပို့လိုက်ကြောင်း မြင်လိုက်ရသောအခါ ဝမ်ခုန်းခုန်းလည်း ကြောင်အသွားသည်။
"ဝိုး.. ဒါက ဘယ်က သူဌေးကြီးပါလိမ့်"
"အရမ်းချမ်းသာတာပဲ။ ဒါက ဒဏ္ဌာရီတွင်လောက်တဲ့ သုံးဖြုန်းမှုမျိုးပဲ"
"သွားပြီ။ ဒီတစ်ခေါက်တော့ ခုန်းခုန်း ဒုက္ခရောက်ပြီ"
"ဒီလောက်ပိုက်ဆံအများကြီးကို ပို့နေတာဆိုတော့ ဒီလူက ဘယ်လောက်တောင်ချမ်းသာတာလဲ"
...
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်သောအခါ ရီတာ့လုပ်ငန်းစု၏ ဥက္ကဋ္ဌဝမ်တာ့မင် ဖြစ်နေချေသည်။
ယဲ့ချန်းက သူ့သားနှင့် လက်ဆောင်များ အပြိုင်ပို့နေပေသည်။ ဝမ်ခုန်းခုန်း၏အဖေက ဘာကြောင့်ဖုန်းဆက်ရလေသလဲ။
ဖုန်းကိုင်လိုက်သောအခါ ဝမ်တာ့မင်၏အသံက ထွက်ပေါ်လာသည်။
"ညီလေးယဲ့.. ဘာတွေအလုပ်များနေတာလဲ"
ယဲ့ချန်းကမူ တဟားဟားရယ်လိုက်၏။
"ခင်ဗျားသားနဲ့ လက်ဆောင်တွေ အပြိုင်ပေးနေတာလေ"
"ဘာရယ် လက်ဆောင်အပြိုင်ပေးနေတာလား"
ဝမ်တာ့မင်လည်း အံ့အားသင့်သွားလေသည်။
"ဒါနဲ့ ဥက္ကဋ္ဌ... ကျွန်တော့်ကို ဘာလို့ဆက်သွယ်ရတာလဲ"
ယဲ့ချန်းက မေးလိုက်၏။
"ခင်ဗျားက ကုမ္ပဏီမှာ ဒုတိယရှယ်ယာအများဆုံးလူဆိုတော့ မကြာခင် ရှယ်ယာရှင်အစည်းအဝေးတစ်ခု ကျင်းပမှာမို့ လာတက်နိုင်မလားလို့ပါ"
"အခုတလော ကျုပ် အလုပ်များနေလို့ လာနိုင်မှာမဟုတ်ဘူး။ ကုမ္ပဏီကို ခင်ဗျားလက်ထဲမှာ လွှဲပေးထားတာ ကျုပ် စိတ်ချပါတယ်"
"ဒါဆို ကျွန်တော်တို့ တစ်ခါလောက် ညစာအတူစားကြမလား"
"ကိစ္စမရှိပါဘူး"
ဖုန်းချလိုက်ပြီးနောက် ဝမ်တာ့မင်လည်း တစ်ခုခုထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
လက်ဆောင်တွေ အပြိုင်ပေးတာတဲ့လား...
ထိုအချိန်မှာပင် ဝမ်တာ့မင်၏ကွန်ပျူတာထက်တွင် အသိပေးစာတစ်စောင် ရုတ်တရက်ကြီး ပေါ်လာလေသည်။
"မောင့်ယာသတင်းက တင်ဆက်နေပါတယ်။ ဝမ်ခုန်းခုန်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်ရဲ့ ပြိုင်ပွဲ။ ဝမ်ခုန်းခုန်းက ဒေါသတကြီးနဲ့ ဆယ်သန်းသုံးလိုက်ပါပြီ"
သေစမ်း..
ငါက မင်းကို လုပ်ငန်းလုပ်ဖို့ ပိုက်ဆံပေးလိုက်တာလေ... မင်းက အဲဒီပိုက်ဆံတွေနဲ့ လက်ဆောင်ဗုံးတွေကြဲနေတာလား..
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ပေါက်ကွဲသွားသည်။
ယဲ့ချန်းဘက်က လက်ဆောင်များကို ပေးပြီးနောက် ကြည့်ရှုသူအရေအတွက်က ဆယ်သန်းကို ရောက်သွားလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်း၏ စံချိန်ဟောင်းများကို ချိုးလိုက်ခြင်းပင်။
ဤဒေတာကိုမြင်သော နည်းပညာအသင်းလည်း ကြောင်အသွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကို စတင်တည်ထောင်ချိန်ကတည်းက မည်သူကမှ ဤမျှငွေပမာဏအများကြီးကို မသုံးခဲ့ဖူးပေ။
မန်နေဂျာလင်းမင် : "တစ်ဖက်လူရဲ့ငွေဖြည့်မှတ်တမ်းက တစ်ခုခုလွဲနေတာလားဆိုတာ စုံစမ်းလိုက်"
ဝမ်ခုန်းခုန်း၏ပိုက်ဆံက လုံးဝအဆင်ပြေပါသော်ငြား လျှို့ဝှက်ဆန်းကြယ်သော ဤသူဌေးကြီးက သန်းသုံးဆယ်ကို တစ်ချီတည်းနှင့် ပို့လိုက်ခြင်းမှာမူ လွန်လွန်းလှသည်။
ထိပ်တန်းအဆင့် ပျော်ပါးသူများပင် တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတွင် ဤမျှများပြားသော ပမာဏကို ထုတ်မသုံးကြပေ။
ဤသည်မှာ ထိပ်တန်းအဆင့်တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကိုပင် ထောက်ပံ့ပေးနိုင်လေသည်။
နည်းပညာအသင်းကလည်း အထွေထွေမန်နေဂျာလင်းမင်အနားသို့ ချဉ်းကပ်သွားသည်.
"မန်နေဂျာလင်း.. ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ အဲဒီပိုက်ဆံတွေကို တကယ်ဖြည့်ထားတာပါ"
"ဝိုး.. လူတစ်ယောက်က လက်ဆောင်ပေးဖို့အတွက်နဲ့ သန်းသုံးဆယ်ဖြည့်ထားတာပေါ့"
မန်နေဂျာလည်း ကြောင်အသွားလေသည်။
"ဒီသတင်းကို ပင်မဝက်ဘ်ဆိုက်တွေမှာ ချက်ချင်းဖြန့်ဖို့ လူထုဆက်ဆံရေးဌာနကို အကြောင်းကြားလိုက်"
လင်းမင်လည်း ဤသည်မှာ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်း၏ ကျော်ကြားမှုကို ဖြန့်ကြက်နိုင်မည့် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း ကောင်းကောင်းသိသည်။
မကြာခင်မှာပင် သတင်းခေါင်းစီတစ်ခုက ပင်မဝက်ဘ်ဆိုက်များပေါ်တွင် ပေါ်လာခဲ့သည်။
"မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် သန်းသုံးဆယ်ကို ပစ်ပေးပြီး ဝမ်ခုန်းခုန်းကို အနိုင်ပိုင်းလိုက်ပါတယ်"
အွန်လိုင်းပေါ်ရှိ မှတ်ချက်များကိုဖတ်ရင်း ဝမ်ခုန်းခုန်းခမျာ လည်ချောင်းထဲတွင် ဆို့နင့်သွားချေသည်။
သေစမ်း.. ငါ ဒီလောက်ပိုက်ဆံအများကြီးသုံးထားတာတောင် သူများဆီမှာ ရှုံးရတယ်လို့..
ဤအဖြစ်မှာ အလွန်မွန်းကျပ်လှချေသည်။
မဖြစ်နိုင်တာ.. ငါဆိုတဲ့ ဝမ်ခုန်းခုန်းက ဘယ်တုန်းကများ ဒီလောက်အထိ မွန်းကျပ်ရဖူးလို့လဲ..
ငါ ဆက်ပို့နေမှဖြစ်မယ်..
သို့သော် သွေးပူနေသည့် ဝမ်ခုန်းခုန်းမျာ ကျန်နေသည့် သန်းလေးဆယ်ကို ဖြည့်လိုက်တော့သည်။
ထိုအချိန်တွင် ဝမ်တာ့မင်ကတော့ ဒေါသူပုန်ထနေတော့သည်။
သူက ဝမ်ခုန်းခုန်းကို ဖုန်းဆက်လိုက်ပါသော်ငြား ဖုန်းမအားသေးပါဟုသာ ပြောနေပေသည်။
ယဲ့ချန်းက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်း၏ ပိုင်ရှင်ဖြစ်ကြောင်း ဝမ်တာ့မင် သတင်းကြားလိုက်လေသည်။
ဤပိုက်ဆံမှာ ချောက်ထဲကျသွားသည့်အလားပင်။
သူက သူ့ကုမ္ပဏီအတွက် ငွေသုံးနေခြင်းဖြစ်သော်ငြား ဝမ်ခုန်းခုန်းကတော့ ကိုယ့်ပိုက်ဆံကိုယ် ထုတ်သုံးနေရခြင်းပင်။
ထိုအချိန်တွင် ဝမ်ခုန်ခုန်းကတော့ ချင်းချင်းနီနေသော မျက်လုံးများဖြင့် လက်ဆောင်ပို့နေချေသည်။
သူ့အဖေ ဖုန်းဆက်နေသည်ကို မြင်သောအခါ စိုးရိမ်ကြောင့်ကြသွားသည်။
သူ့အဖေက လုပ်ငန်းလုပ်ရန်အတွက် သူ့အာ သန်းငါးဆယ်ပေးထားခြင်းဖြစ်သော်ငြား သူကတော့ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ထံတွင် သုံးလိုက်ပေသည်။
သူ့အဖေ သတင်းကို မြင်သွားပြီးလောက်လေပြီ။
ထို့ကြောင့် ဤဖုန်းကို ကိုင်၍မဖြစ်ပေ။
ဝမ်ခုန်းခုန်းက ဖုန်းမကိုင်သဖြင့် ဝမ်တာ့မင်လည်း အော်ဆဲပစ်ချင်စိတ်ပေါက်သွားသည်။
ထိုစဉ်မှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ မက်ဆေ့ချ်တစ်စောင် ပေါ်လာသည်။
"ဝမ်ခုန်းခုန်းက ဒေါသတကြီးနဲ့ သန်းလေးဆယ်ကို သုံးလိုက်ပါပြီ။ စုစုပေါင်းသန်းငါးဆယ်ဖြစ်သွားပါပြီ"
ဤမက်ဆေ့ချ်ကို မြင်လိုက်ရချိန်ဝယ် ဝမ်တာ့မင်ခမျာ သွေးအန်လုမတတ်ပင်။
ငါ့ပိုက်ဆံသန်းငါးဆယ်က ဒီအတိုင်းကုန်သွားတာလား...
"ဒီကောင်စုတ်လေးက ဖုန်းလည်းမကိုင်ရဲတော့ဘူး။ အတွင်းရေးမှူး.. ငါ့ကို မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးအကောင့်တစ်ခု ဖွင့်ပေးစမ်းပါ"
ဝမ်တာ့မင်လည်း ဒေါသတကြီးပြောလိုက်လေတော့သည်။
••••••••••••••••
အပိုင်း ၃၅၇ : ငါက မင်းအဖေကွ
ဝမ်တာ့မင်မှာ ဒေါသထွက်လုမတတ်ပင်။
ဒီကောင်စုတ်လေးကတော့.. ငါက မင်းကို လုပ်ငန်းတစ်ခုစတင်ပြီး ငါးဘီလျံရအောင် လုပ်ခိုင်းထားတာလေ...
ဒါပေမဲ့ မင်းကတော့ တိုက်ရိုက်ထုတ်လွှင့်သူတွေကို လက်ဆောင်လိုက်ပေးနေတယ်ပေါ့...
အဆိုးဆုံးမှာ သူက ယဲ့ချန်းနှင့် တိုက်ရိုက်ယှဉ်ပြိုင်နေခြင်းပင်။
မင်းအဖေရဲ့စည်းစိမ်နဲ့တောင် ယဲ့ချန်းကို သွားယှဉ်လို့မရဘူးကွ..မင်းက ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ...
ဝမ်တာ့မင်ကို ဆွံ့အသွားစေသော အရာမှာ မောင့်ယာပလက်ဖောင်းက ပိုင်ရှင်ပြောင်းသွားပြီး ပိုင်ရှင်အသစ်ကလည်း ယဲ့ချန်းဖြစ်နေခြင်းပင်။
ယဲ့ချန်းနှင့် လက်ဆောင်အပြိုင်ပေးနေခြင်းမှာ တုံးအမိုက်မဲခြင်းပင် မဟုတ်လော။
အတွင်းရေးမှူးက မှတ်စုစာအုပ်တစ်အုပ်ယူလာပြီး မေးလိုက်သည်။
"သူဌေး.. ခင်ဗျားရဲ့အွန်လိုင်းနာမည်ကို ဘယ်လိုထားမလဲ"
"ဝမ်ခုန်းခုန်းရဲ့အဖေလို့သာ ရေးလိုက်"
အတွင်းရေးမှူးက အကောင့်ဖွင့်ပေးလိုက်သော်ငြား ထိုနာမည်ပြောင်ကို ယူထားပြီးဖြစ်ကြောင်း ပြသနေပေသည်။
"သူဌေး.. ဒီနာမည်ကို သူများကယူထားပြီးသားကြီး"
"ဘာ"
ဝမ်တာ့မင်ခမျာ ခဏမျှတုံ့ဆိုင်းသွားလေသည်။
အတွင်းရေးမှူးကလည်း ပြန်ပြောလိုက်သည်။
"ဒီနေ့ခေတ်လူငယ်တွေက ဘယ်လိုနာမည်ကိုမဆို သုံးရဲကြတယ်လေ"
"တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီကောင်လေး ဝမ်ခုန်းခုန်းက ငါ့ကိုမှတ်မိလောက်မဲ့ နည်းလမ်းမျိုးရှိလား"
အတွင်းရေးမှူးလည်း ခဏမျှစဉ်းစားကြည့်လိုက်သည်။ ထိုနာမည်တွင် ဂဏန်းများ ထပ်ဖြည့်လိုက်လျှင် ရနိုင်လောက်သည်။
ထို့နောက် အတွင်းရေးမှူးက ဝမ်ခုန်းခုန်း၏အဖေဟူသော နာမည်၏နောက်တွင် ဂဏန်းတစ်လုံးကို ထပ်ဖြည့်ပြီးနောက် ဝမ်ခုန်းခုန်း၏အဖေ၅၆၇ဟု ပြောင်းလိုက်သည်။
စာရင်းသွင်းမှု အောင်မြင်ပါပြီ...
အတွင်းရေးမှူးက ပြောလိုက်၏။
"သူဌေး အဆင်ပြေသွားပါပြီ"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်သောအခါ ဝမ်တာ့မင်က စာရိုက်လိုက်သည်။
ဝမ်ခုန်းခုန်း၏အဖေ၅၆၇ : "ကောင်စုတ်လေး.. ငါ မင်းကို သန်းငါးဆယ်ပေးထားတာက လုပ်ငန်းလုပ်ဖို့လေ။ မင်းကတော့ ကောင်မလေးတွေကို လက်ဆောင်တွေလာပေးနေတယ်ပေါ့။ မင်း သေချင်နေပြီလား"
ထိုအချိန်တွင် ဝမ်ခုန်းခုန်းက ကြည့်ရှုသူများ၏ စိတ်အားထက်သန်မှုကြောင့် ပျော်ရွှင်နေဆဲပင်။
ဝမ်ခုန်းခုန်းအဖေ၅၆၇က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရုတ်တရက်ပေါ်လာသဖြင့် သူ စိတ်တိုသွားရသည်။
ဒါက ဘယ်သူလဲဧ.. ငါ့အဖေဆိုပြီး ဟန်ဆောင်ရဲတယ်ပေါ့...
သူက ရှောင်တာ့ကျီကို သီးသန့်မက်ဆေ့ချ်ပို့လိုက်သည်။
"တာ့ကျီ.. ငါ့အဖေဆိုပြီး ဟန်ဆောင်နေတဲ့လူကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကန်ထုတ်ပစ်လိုက်"
ဝမ်တာ့မင် စာရိုက်နေချိန်မှာပင် အသိပေးချက်တစ်ခု တက်လာသည်။
"သင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကန်ထုတ်ခံလိုက်ရပါပြီ"
"သေစမ်း ကျေးဇူးကန်းတဲ့သားမိုက်.. သူကများ ငါ့ကို တိုက်ရိုက်ထုတ်လွှင်ခန်းထဲက ကန်ထုတ်ရဲတယ်ပေါ့"
ဝမ်တာ့မင်မှာ အလွန်ဒေါသထွက်သွားလေတော့သည်။
အတွင်းရေးမှူးကလည်း နောက်တစ်ကောင့်ထပ်ဖွင့်ပေးလိုက်သည်။ သို့သော် ထိုအကောင့်လည်း အထုတ်ခံလိုက်ရသည်။
ဝမ်တာ့မင်မှာ အံတင်းတင်းကြိတ်၍ ပြောလိုက်၏။
"မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးမန်နေဂျာရဲ့ဖုန်းနံပါတ် ပေးစမ်းပါ"
မိနစ်ပိုင်းခန့်အကြာတွင် မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးမန်နေဂျာဟူသော အကောင့်တစ်ခုက အွန်လိုင်းပေါ်တွင် တက်လာခဲ့သည်။
ဤအကောင့်တွင် အထူးအမှတ်အသားတစ်ခု ပါရှိပေသည်။
"သေစမ်း... ငါတို့ရဲ့ခုန်းခုန်းက အရမ်းမိုက်တာပဲ။ မန်နေဂျာကိုယ်တိုင် အင်အားလာဖြည့်ပေးရတယ်တဲ့"
"နတ်ဘုရားယဲ့က ဘယ်မှာလဲ။ သူ ကြောက်ချေးပါနေပြီလား။ ဆက်မပြိုင်နိုင်တော့ဘူးလား"
"ဪ.. ခုန်းခုန်းက တကယ့်သူဌေးကြီးထင်ပါရဲ့"
...
ယဲ့ချန်းလည်း တိတ်တိတ်လေးပြုံးလိုက်မိသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ခဏခဏအထုတ်ခံလိုက်ရသူမှာ ဝမ်ခုန်းခုန်း၏အဖေဖြစ်ကြောင်း သူသိထားပြီးဖြစ်၏။
ထိုလူက ဝမ်တာ့မင်ဖြစ်နိုင်ခြေများကြောင်း သူ ခံစားမိသည်။
သူ့အဖေရောက်လာပြီဖြစ်ရာ သားဖြစ်သူကို အနိုင်ကျင့်နေခြင်းမှာ မသင့်တော်လှပေ။
ထို့ပြင် သူက ရီတာ့လုပ်ငန်းစု၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်သဖြင့် ဝမ်တာ့မင်ကို နည်းနည်းပါးပါးမျက်နှာသာပေးရန် လိုပေသည်။
မောင့်ယာမန်နေဂျာက နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဥက္ကဋ္ဌဝမ်ကို သက်သေခံဖို့ ရောက်လာတာပါ။ ဝမ်ခုန်းခုန်းရဲ့အဖေ၅၆၇ဆိုတာက မင်းရဲ့အဖေပါ။ ခုန်းခုန်း... သူ့ကို ထုတ်မနေပါနဲ့တော့"
ဝမ်ခုန်းခုန်း : "..."
ဤတစ်ခေါက်တွင်မူ သူ တကယ်ကြောင်အသွားသည်။
သူ့အဖေက သူ့အား လက်ပူးလက်ကြပ်ဖမ်းရန်အတွက် အကောင့်ဖွင့်ပြီး ရောက်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။ ယခုတော့ သူ ဒုက္ခလှလှတွေ့ချေပြီ။
ဝမ်ခုန်းခုန်း၏အဖေ၈၈၆ : "ဝမ်ခုန်းခုန်း ကောင်စုတ်လေး မင်းတော့သေပြီသာမှတ်"
"အဖေ ကျွန်တော် ရှင်းပြပါရစေ"
"ချီးကိုရှင်းပြမှာလား။ ဒီနှစ် ငါ့ဆီက မုန့်ဖိုးတစ်ပြားမှရမယ်မကြံနဲ့။ နတ်ဘုရားယဲ့က ဘယ်သူလဲဆိုတာသိလား။ အဲဒါက မောင့်ယာရဲ့ပိုင်ရှင် မင်းရဲ့ဦးလေးယဲ့ကွ။ သူနဲ့သွားပြိုင်နေရအောင် မင်း ရူးသွားပြီလား"
ဝမ်ခုန်းခုန်း : "..."
ကြည့်ရှုသူများမှာ အော်ရယ်ကြလေတော့သည်။
"သေစမ်း။ ဒီလိုကိုး"
"နတ်ဘုရားယဲ့က မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းရဲ့ပိုင်ရှင်ကိုး"
"ငါတော့ရယ်သေပြီ။ ဝမ်ခုန်းခုန်းတော့ ဒီတစ်ခါ ဒုက္ခလှလှတွေ့ပြီ"
"ငါတို့က ခုန်းခုန်းကို ဒိတ်ဒိတ်ကြဲလို့ထင်နေတာ။ တကယ်တော့ ငတုံးတစ်ယောက်ဖြစ်နေပါလား"
ဝမ်တာ့မင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ကောင်စုတ်လေး.. မင်း မစ္စတာယဲ့ကို တောင်းပန်သင့်တယ်လေ"
ထိုအချိန်တွင် ယဲ့ချန်းက စာရိုက်လိုက်၏။
"ဥက္ကဋ္ဌဝမ်... ကျုပ်က ခုန်းခုန်းကို စနေတာပါ။ ဒီငွေတွေကို ခုန်းခုန်းက အလကားသုံးလိုက်တာမဟုတ်ပါဘူး။ အချိန်ကိုက်ဆိုသလိုပဲ။ ကျုပ်တို့က eSportsတက္ကသိုလ်ပြိုင်ပွဲတစ်ခု ကျင်းပချင်နေတာလေ။ အဲဒါကြောင့် ဂိမ်းပိုင်းဆိုင်ရာအတွက် တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတစ်ခု ထောင်မလို့။ ခုန်းခုန်း.. ဒါကို ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားလိုက်ပေါ့"
ဝမ်တာ့မင်က သူ့မိတ်ဆွေတစ်ဖြစ်လဲ လုပ်ငန်းပါတနာလည်း ဖြစ်ပေသည်။
သူသာ ခုန်းခုန်း၏ပိုက်ဆံကို လှည့်ဖြားသောနည်းလမ်းဖြင့် ရယူခဲ့ပါက အပေါ်ယံတွင်သာ ထုတ်မပြသော်ငြား စိတ်ထဲမှာတော့ ကျေနပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မျက်နှာသာပေးလိုက်ခြင်းက ပိုကောင်းပေမည်။
ဤစကားကိုကြားသော ဝမ်ခုန်းခုန်း၏မျက်နှာလည်း ဝင်းပသွားလေသည်။
တကယ်တမ်းတွင် ဝမ်ခုန်းခုန်းက ဂိမ်းကစားရခြင်းကို အလွန်ခုံမင်သည်။ သူသည် ဂိမ်းပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး လုပ်ငန်းတစ်ခုကို စွန့်ဦးတီထွင်ချင်ခဲ့သည်။ ထို့ကြောင့် ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်တွင် အလွန်ပျော်သွားရသည်။
"ဦးလေးယဲ့.. ဒါဆို အခုကစပြီး ကျွန်တော် ခင်ဗျားကိုပဲ အားကိုးတော့မယ်"
ယဲ့ချန်းက ပြုံးလိုက်၏။
"ကိစ္စမရှိပါဘူး။ ပူးပေါင်းမှုအဆင်ပြေဖို့ မျှော်လင့်ပါတယ်"
"အမလေး.. ဝမ်ခုန်းခုန်းက eSportsလုပ်ဖို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်နဲ့ ပူးပေါင်းလိုက်နိုင်တာပဲ"
"နတ်ဘုရားအဆင့် ဒိတ်ဒိတ်ကြဲနှစ်ယောက်ပေါင်းပြီး eSportsလုပ်မှတော့ အရမ်းအထင်ကြီးဖို့ကောင်းမှာသေချာတယ်"
"ငါတော့ စိတ်လှုပ်ရှားလာပြီ"
...
ဤတစ်ခေါက်တွင် ယဲ့ချန်းက ဟိတ်ဟန်ထုတ်ပြခဲ့ရုံသာမက eSportsပြိုင်ပွဲကိုပါ ကြေညာခဲ့သည်။
မှတ်ထားရမည့်အချက်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူအရေအတွက်က သန်းသုံးဆယ်ကျော်သွားပြီဖြစ်၏။
ဤကြော်ငြာကလည်း စင်စစ်အထင်ကြီးဖွယ်ကောင်းလှသည်။
အချိန်ကျပြီဟု ထင်သဖြင့် ယဲ့ချန်း ပြောလိုက်၏။
"ဥက္ကဋ္ဌဝမ်... ခင်ဗျား ခုန်းခုန်းနဲ့ စကားပြောနေလိုက်ဦး။ ကျုပ် အိပ်ရာဝင်တော့မယ်"
ဝမ်ခုန်းခုန်း : "..."
ယဲ့ချန်းမှာ ယနေ့ အမြတ်များများရလိုက်သည်။ ငွေပမာဏအမြောက်အများ လက်ဆောင်ပေးလိုက်ပါသော်ငြား အလကားကြော်ငြာခွင့်ရလိုက်သည်ဖြစ်ရာ မရှုံးပါချေ။
ထိုအချိန်တွင် ရှောင်တာ့ကျီက မက်ဆေ့ချ်ပို့လာလေသည်။ ဝီချက်အိုင်ဒီတောင်းနေခြင်းပင်။
ယဲ့ချန်းလည်း သူ့ဝီချက်အကောင့်ကို သူ(မ)အား ပေးလိုက်သည်။
လက်တွေ့ဘဝတွင် သူ(မ)၏ပုံစံက ဘယ်လိုရှိသလဲဆိုသည်ကို သူ ကြည့်ရှုခွင့်ရပေလိမ့်မည်။ ဖြစ်နိုင်ပါက သူ့ဘက်က လက်ဦးမှုရယူမည်ဖြစ်၏။ သူ(မ)၏ရုပ်ရည်က အလွန်ညှို့ငင်နိုင်စွမ်းရှိသည်။
အကောင့်ထဲကမထွက်ခင် ယဲ့ချန်းလည်း ဝေ့ပင်း၏အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
အစတုန်းက ဝေ့မိသားစု၏အချက်အလက်များမှာ လျှို့ဝှက်မှုအဆင့် မြင့်မားပေသည်။ သို့သော် ယဲ့ချန်းကတော့ ယဲ့ချန်းပါပင်။
သူလိုချင်သည့် သတင်းအချက်အလက်မှန်သမျှကို အရယူနိုင်သည်။
ဤသည်မှာ အလွန်လွယ်ကူလွန်းလှသည်။ ဝေ့မိသားစု၏ ဒေတာဘေ့စ်ထဲသို့ ဖောက်ဝင်လိုက်သောအခါ ဝေ့မိသားစုနှင့် ဝေ့ပင်း၏အချက်အလက်များအားလုံး သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ဝေ့မိသားစု၏နောက်ခံက မရိုးရှင်းပေ။ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရးလုပ်ငန်းအပြင် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားသည်။
ဝေ့ပင်း အလွန်မောက်မာနေခြင်းမှာလည်း အကြောင်းပြချက်ရှိပေသည်။
ထိုမျှသာမက အလွန်လျှို့ဝှက်လှသော အချက်များကိုလည်း ယဲ့ချန်း တွေ့ခဲ့သေးသည်။
ဤနှစ်များတွင်း ဝေ့ပင်းနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသူတိုင်း တိတ်တိတ်လေးပျောက်သွားကြသည်။
သူတို့ ဘယ်ရောက်သွားသလဲဆိုသည်ကို စဉ်းစားနေရန်ပင် မလိုပေ။
ဤမိသားစုဆက်ဆံသူများမှာ မင်းမဲ့စရိုက်ဆန်လွန်းလှသည်။
ယဲ့ချန်းမှာ ဝေ့ပင်းနှင့်ပတ်သက်သည့် ကောလာဟလများကို အွန်လိုင်းပေါ်တွင် ရှာကြည့်လိုက်သည်။
နာမည်ကြီးကြယ်ပွင့်များနှင့် အိပ်ခဲ့ပြီး ဒုတိယအဆင့်နာမည်ကျော်များကို ကိုယ်ဝန်ရအောင်လုပ်ခဲ့သေးသည်။ ကောလာဟလတစ်ခုတွင် နာမည်ကျော်စတားတစ်ယောက်နှင့် ဟိုတယ်တစ်ခုသို့ အတူဝင်သွားပြီးနောက် ထိုမိန်းကလေးမှာ ညအချိန်ကြီး လသာဆောင်မှ မတော်တဆပြုတ်ကျလာခဲ့ကြောင်း သိရသည်။
ဤလူမှာ စင်စစ်အရှက်ကင်းမဲ့လှသည်။
...
နောက်တစ်နေ့တွင် ယဲ့ချန်း အိပ်ရာစောစောထပြီး မနက်စာစားလိုက်သည်။
တစ်နေ့လုံးတက္ကစီမောင်းပြီးသည့်တိုင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို မရခဲ့ပေ။
နောက်တစ်ခုထပ်ရရုံဖြင့် သူ့အတွက် အလုပ်အကိုင်အသစ်တစ်ခု ထပ်ပွင့်မည်ဖြစ်သော်ငြား ကြယ်ငါးပွင့်ရဖို့အရေးမှာ ယခင်ကထက် ပိုခက်ခဲလာသည်။
ညနေခင်းတွင် ကျန်းရွှေနှင့်တွေ့ရမည့် ဟိုတယ်သို့ မောင်းလာခဲ့လိုက်သည်။
ကားကို ပါကင်ထိုးပြီးနောက် ယဲ့ချန်း ဟိုတယ်ထဲသို့ ဝင်လာလိုက်လေရာ ဧည့်ကြိုက မေးလာလေသည်။
"မင်္ဂလာပါ အခန်းငှားထားတာများရှိလားရှင့်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကျန်းရွှေဆိုတဲ့နာမည်နဲ့ ငှားထားတဲ့ သီးသန့်ခန်းပါ"
"ဪ.. ရှင်က အခန်းနံပါတ်၁၁၈က ဧည့်သည်ထင်တယ်။ ကျွန်မနောက်က လိုက်ခဲ့ပေးပါ"
ယဲ့ချန်းလည်း ထိုဧည့်ကြိုနောက်သို့ လိုက်သွားရင်း ဓာတ်လှေကားထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် ရင်းနှီးနေသောအသံတစ်သံက အနောက်မှ ထွက်ပေါ်လာသည်။
"အစ်ကိုယဲ့.. ဒီမှာဘာလုပ်နေတာလဲ"