အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အပိုင်း ၃၅၈ : ဒီခွက်လို ဖြစ်သွားမယ်
ယဲ့ချန်းလည်း တစ်ဖက်သို့လှည့်လိုက်လေရာ ထိုလူမှာ ယန်ချွမ်းဖြစ်နေပေသည်။
ယန်ချွမ်း၏အနောက်တွင်မူ လူငယ်တစ်သိုက်က လိုက်လာသည်။
သူတို့က သူ့နောက်လိုက်များဖြစ်ကြောင်း သိသာလှ၏။
ယန်ချွမ်းကမူ ယဲ့ချန်းကို တွေ့ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေသည်။
"အစ်ကိုယဲ့.. ညစာလာစားတာလား။ ကျွန်တော် ညစာအတူစားဖို့ ခဏခဏခေါ်နေတာကို အလုပ်များတယ်ဆိုပြီးတော့.. အခု ဘယ်သူက အစ်ကို့ကို ဖိတ်ထားတာလဲ"
ပုံမှန်ဆိုလျှင် တသီးတသန့်နေတတ်သော သခင်လေးယန်က ယဲ့ချန်းရှေ့တွင် အလွန်ရိုကျိုးနေသည်ကိုမြင်သော် အနောက်ရှိ ကောင်လေးများမှာ အံ့ဩနေကြသည်။
ဘာတွေဖြစ်နေတာလဲ...
သခင်လေးယန်က ပုံမှန်ဆိုရင် အရမ်းခက်ထန်တယ်မဟုတ်ဘူးလား...
ဒီလူ့ရှေ့ကျတော့ ဘာလို့ တအားရိုသေနေရတာလဲ....
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ကျန်းရွှေလေ"
"ကျန်းရွှေလား။ ကျွန်တော် သူ့ကိုကြားဖူးတယ်။ သူက ကုမ္ပဏီတစ်ခုရဲ့ အထွေထွေမန်နေဂျာမလား။ အစ်ကိုက သူ့လို အဆင့်နိမ့်တဲ့လူတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်မိသွားတာလဲ"
ယန်ချွမ်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
ယဲ့ချန်း၏အဆင့်အတန်းကြောင့် ဒိတ်ဒိတ်ကြဲသူဌေးများကပင် သူ့ကို မဖိတ်ကြားနိုင်ပေ။ ဤကဲ့သို့အဆင့်နိမ့်လှသောလူတစ်ယောက်ဆိုလျှင် ပြောနေဖွယ်ရာပင် မရှိပေ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"တကယ်တော့ ကျန်းရွှေကဖိတ်တာမဟုတ်ဘူး။ သူ့နောက်ကွယ်မှာ ဝေ့ပင်းဆိုတဲ့လူတစ်ယောက်ရှိတယ်"
"ဝေ့ပင်း.. ကျိုတိုမြို့က ဝေ့မိသားစုရဲ့ ဝေ့ပင်းလား"
ယန်ချွမ်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားပေသည်။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ ငါတို့ကြားမှာ အာဃာတတချို့ရှိတယ်"
ယန်ချွမ်း ပြောလိုက်၏။
"အဲဒီလိုဆိုရင် ကျွန်တော်လည်း လိုက်ခဲ့မယ်လေ။ ဝေ့မိသားစုက အရမ်းအင်အားတောင့်တယ်ဆိုပေမဲ့ သူတို့က ကျိုတိုမှာ အခြေချထားတာမို့ မိုတုက ကျွန်တော်တို့နယ်မြေပဲ"
ယန်ချွမ်း၏စကားကိုကြားသော် ညီငယ်လေးတစ်သိုက်လည်း မျက်နှာပျက်သွားပြီး သူ့အား ဖျောင့်ဖျရန် ကြိုးစားကြတော့သည်။
"သခင်လေးယန်.. သေချာစဉ်းစားဦးနော်။ တစ်ဖက်လူက ဝေ့ပင်းဗျ။ သူက သွားရှုပ်လို့ကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူး"
ဝေ့ပင်းက အလွန်ရက်စက်ပြီး အဆင်အခြင်မဲ့လှသည်။
ရက်စက်ကြမ်းကြုတ်လှသော သူ့သတင်းများက မိုတုမြို့တွင် သတင်းပြန့်နေချေသည်။
ယန်ချွမ်းကမူ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။
"မင်းတို့ကောင်တွေက ပုံမှန်ဆိုရင်တော့ ကြမ်းပြနေပြီးတော့။ တကယ့်အရေးဆိုရင် ကြောက်ဒူးတုန်နေတာလား။ မင်းတို့မသွားရဲရင် နေခဲ့လိုက်။ အစ်ကိုယဲ့ရဲ့ကိစ္စကလည်း ငါ့ကိစ္စပဲ။ ဝေ့ပင်းကို ဆန့်ကျင်တာလောက်ကတော့ ဘာမှမပြောပလောက်ဘူး"
ယန်ချွမ်း၏စကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ မပြောကြတော့ချေ။
ယဲ့ချန်းလည်း ယန်ချွမ်း၏စကားများကြောင့် ရင်ထဲ နွေးထွေးသွားရသည်။
မည်သို့ပင်ဖြစ်စေ ယန်ချွမ်းက သူနှင့်အတူလိုက်မည်ဆိုခြင်းမှာ ဝေ့မိသားစုကို ပေါ်တင်ဆန့်ကျင်မည်ဟု ဆိုလိုခြင်းပင်။
ဩဇာအာဏာညောင်းသော မိသားစုများအကြားတွင် ဆက်ဆံရေးများမှာ အလွန်ထိလွယ်ရှလွယ်သည်။ ယန်ချွမ်းအနေနှင့် ယဲ့ချန်းဘက်က ရပ်တည်ပေးခြင်းကား ချီးကျူးထိုက်ပေသည်။
ယဲ့ချန်းက ဆို၏။
"ယန်ချွမ်း.. သူတို့တွေကို အခက်တွေ့အောင် မလုပ်နဲ့တော့။ မင်းတစ်ယောက်ပဲ ငါနဲ့လိုက်ခဲ့ရင် ရပါပြီ။ ငါ သူတို့ကို နောက်မှ ညစာဝယ်ကျွေးတော့မယ်"
ယန်ချွမ်းလည်း ထိုညီငယ်တစ်သိုက်ကို စူးစူးရဲရဲစိုက်ကြည့်ပြီးနောက် လက်ယမ်းပြလိုက်သည်။
"မင်းတို့တွေကို ကြည့်စမ်း။ ငကြောက်တွေ.. သွားတော့.. ထွက်သွားပြီးရင် ငါ့မျက်စိရှေ့ ပေါ်မလာနဲ့တော့"
ဤသို့ဖြင့် ယန်ချွမ်းလည်း ယဲ့ချန်းနောက်သို့ လိုက်လာခဲ့သည်။
"အစ်ကိုယဲ့.. ကျွန်တော်ရှိနေရင် ဝေ့ပင်း ဘာမှလုပ်ရဲမှာမဟုတ်ဘူး။ ကျိုတိုမှာဆိုရင် ကျွန်တော် သူ့ကို ရန်မစရဲပေမဲ့ မိုတုမြို့မှာတော့ သူက နဂါးတစ်ကောင်ဆိုရင်တောင် လိမ္မာရမှာပဲ"
ယန်ချွမ်း၏စကားများက ပြတ်သားလွန်းလှသဖြင့် ထိုညီငယ်တစ်သိုက်မှာ ထွက်မသွားရဲကြပါဘဲ ကိုယ့်ကိုယ်ကိုယ်ဖိအားပေး၍ ယဲ့ချန်းနှင့် ယန်ချွမ်းတို့နှင့်အတူ အခန်းနံပါတ်၁၁၈သို့ လိုက်လာခဲ့ကြသည်။
တံခါးပွင့်လာသည်နှင့် ဝေ့ပင်းလည်း ယန်ချွမ်းကို မြင်လိုက်ရပြီး အံ့ဩမှင်တက်သွားသည်။
ယန်ချွမ်းကလည်း မိုတုမြို့တွင် နာမည်ကြီးသခင်လေးတစ်ယောက်ဖြစ်သဖြင့် တွေ့ဆုံပွဲတချို့တွင် သူတို့နှစ်ယောက်မှာ အချင်းချင်းတွေ့ဖူးကြသည်။
ယဲ့ချန်းက ယန်ချွမ်းကို ခေါ်လာရသည့် အကြောင်းအရင်းကလည်း သူ့အား အံ့ဩသွားစေချင်သောကြောင့်ပင်။
"သခင်လေးဝေ့.. မိုတုမြို့ကိုလာတာ ကျွန်တော့်ကိုလည်း ဘာမှမပြောဘူး။ မတရားဘူးဗျာ"
ယန်ချွမ်းက အခန်းထဲကိုဝင်လာပြီးနောက် အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
ကျန်းရွှေလည်း ဘေးနားမှ ခပ်မြန်မြန် ဝင်ပြောလိုက်သည်။
"သခင်လေးယန်.. သခင်လေးဝေ့က အခုမှရောက်တာပါ။ သူက ခင်ဗျားကို ဆက်သွယ်မလို့ပါပဲ"
ယန်ချွမ်းကမူ အေးတိအေးစက်နှာခေါင်းရှုံ့လိုက်၏။
"သခင်က စကားပြောနေတာကို အစောင့်ခွေးက ဘာလို့ ဝင်ဟောင်နေရတာလဲ"
ကျန်းရွှေ : "..."
ကျန်းရွှေခမျာ ဒေါသကြောင့် မျက်နှာနီမြန်းသွားသော်ငြား သည်းခံရုံသာတတ်နိုင်ပေသည်။
ယန်ချွမ်းက ရန်သွားစသင့်သူတစ်ယောက် မဟုတ်ချေ။
ယဲ့ချန်းကလည်း ဝင်ပြောလိုက်သည်။
"ယန်ချွမ်း.. တော်တော့။ ခွေးကိုရိုက်ချင်ရင်တောင် သူ့ပိုင်ရှင်မျက်နှာကိုတော့ ထောက်ရမယ်မလား"
"မင်း..."
ကျန်းရွှေခမျာ ယဲ့ချန်းကြောင့် ဒေါသထွက်ရလွန်းသဖြင့် ရူးတော့မတတ်ပင်။
ယဲ့ချန်းကြောင့်သာ သူလည်း ယခုလိုအခြေအနေအထိ ရောက်ခဲ့ရခြင်းပင်။
သို့မဟုတ်ပါက ဝေ့ပင်း၏လက်ပါးစေဘဝအထိ ရောက်မည်မဟုတ်။
ဝေ့ပင်းကမူ ဆိုဖာပေါ်တွင်ထိုင်ရင်း ယဲ့ချန်းကို အကဲခတ်နေပေသည်။
ချောမောခန့်ညားလှသော ယဲ့ချန်း၏ရုပ်ရည်ကို မြင်သောအခါ ဝေ့ပင်းမှာ မနာလိုဖြစ်သွားလေသည်။
ရုပ်ရည်အားဖြင့်ဆိုလျှင် ယဲ့ချန်းက သူ့ထက်ပိုသာသည်။
ဝေ့ပင်းက ကျိုတိုမြို့ရှိ သခင်လေးများအကြား ရုပ်ရည်ချောမောသည်ဟု ဆိုနိုင်သော်ငြား ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင်မူ နိမ့်ကျနေသေးသည်။
ဝေ့ပင်း၏မျက်ဝန်းအစုံကား မတ်တတ်ထရပ်လိုက်ချိန်ဝယ် သွေးဆာရက်စက်လေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
"ယန်ချွမ်း... စကားပြောဆင်ခြင်နော်။ မစ္စတာယဲ့ပြောတာမှန်တယ်။ ခွေးကိုရိုက်ချင်ရင်တောင် ပိုင်ရှင့်ကိုတော့ ကြည့်သင့်တယ်လေ"
ကျန်းရွှေ : "ဒီတော့ မင်းမျက်လုံးထဲမှာ ငါက ခွေးပေါ့လေ"
ဤသို့အပြောခံရခြင်းမှာ တစ်ကဏ္ဍပင်။ သို့သော် ဝေ့ပင်းကိုယ်တိုင်က ဤသို့ပြောလိုက်သောအခါ ကျန်းရွှေ အလွန်စိတ်တိုသွားရသည်။
ကံဆိုးချင်တော့ သူ့အဆင့်အတန်းက အလွန်နိမ့်ကျလှသဖြင့် သည်းခံရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။
ဝေ့ပင်းက ယဲ့ချန်းအနားသို့ ချဉ်းကပ်၍ ကြော့မော့တင့်တယ်စွာ လက်ဆန့်ထုတ်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျိုတိုဝေ့မိသားစုက ဝေ့ပင်းပါ"
ယဲ့ချန်းကတော့ သူ့ကို တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ ဖြတ်သွားပြီးနောက် ဆိုဖာပေါ်တွင် ရဲရဲရင့်ရင့်သွားထိုင်နေလိုက်သည်။ ထို့နောက် ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်ပြီး ပစ်ချလိုက်သည်။
ဘန်း!
ဝိုင်ခွက်ကား ကြမ်းပြင်ထက်တွင် ကွဲကြေသွားချေသည်။
အံ့ဩဖို့ကောင်းသည်မှာ ကြမ်းပြင်ထက်ရှိ ဝိုင်ခွက်က အမြုပ်တစီစီထွက်လာခြင်းပင်။
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်မိသည်။
"မင်းတို့လူကုံထံမျိုးဆက်တွေအကုန်လုံးက ဒီလိုပဲ ယုတ်မာကြတာလား"
ဝေ့ပင်း မျက်မှောင်ကြုတ်လိုက်လေသည်။ အမှန်ပင်။ ယဲ့ချန်း၏ဝိုင်ခွက်ထဲတွင် သူ အဆိပ်ထည့်ထားသည်။
ယဲ့ချန်းက ဤအရာကို အသာလေးဖော်ထုတ်လိုက်မည်ဟု သူ မထင်ထားပေ။
ယဲ့ချန်းကမူ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ ဆက်ပြောလိုက်၏။
"ပြော.. မင်း ငါ့ဆီက ဘာလိုချင်တာလဲ။ မင်း ကစားချင်တယ်ဆိုရင်လည်း ငါပူးပေါင်းပေးမယ်"
ဝေ့ပင်းက မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။ သူ့ရှေ့တွင် မည်သူကမှ ယခုလိုမောက်မာဖူးခြင်းမရှိပေ။
ယခုလိုမောက်မာရဲသူများကိုလည်း သူက လက်စတုံးပေးလိုက်သည်သာ။
ဝေ့ပင်းလည်း အေးစက်မာကျောစွာ ရယ်မော၍ ပြောလိုက်လေသည်။
"အစ်ကိုယဲ့က အရမ်းတဲ့တိုးပြောတတ်တာပဲ။ င့ါမှာ တောင်းဆိုစရာတစ်ခုရှိတယ်။ လင်းရှစ်ယင်ကို င့ါကိုပေး"
ယဲ့ချန်းကလည်း ဤစကားကိုကြားသော် ရုတ်တရက်ထရယ်လေသည်။
မနေ့ကပင် ဝေ့ပင်း၏အကြောင်းကို သူ ရှာဖွေစုံစမ်းထားပြီးဖြစ်၏။
အစပိုင်းတော့ သူသဘောကျသည့် မိန်းကလေးများကို လူကြီးလူကောင်းဆန်ဆန် လိုက်ပိုးခဲ့သော်ငြား နောက်ပိုင်းတွင် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မိန်းကလေးများကလည်း သူ့အား သည်းမခံနိုင်တော့သဖြင့် ထွက်ပြေးလွတ်မြောက်ချင်ကြသည်။
တချို့က ဆုံးပါးသွားကြပြီး အချို့ကတော့ ဒုက္ခိတဖြစ်သွားကြသလို အချို့ဆိုလျှင် စိတ္တဇဆေးရုံသို့ ရောက်ကုန်ကြသည်။
ဝေ့ပင်း ဒုက္ခပေးခဲ့သော မိန်းကလေးများမှာ မနည်းမနောပင်။
လင်းရှစ်ယင်က ယဲ့ချန်း၏အမျိုးသမီးဖြစ်သည့်အတွက် ထိုသို့သော မကောင်းဆိုးဝါးတစ်ယောက်၏လက်ထဲသို့ သူ(မ)ကို မည်သို့ထည့်ပေးနိုင်မည်နည်း။
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။
"ငါကတော့ မကြောက်ဘူး။ လင်းရှစ်ယင်က ငါ့အပိုင်ပဲ။ မင်းရဲ့အကြံအစည်တွေကို တခြားမိန်းကလေးတွေဘက်ကို လှည့်လိုက်"
ဝေ့ပင်းက မောက်မောက်မာမာ ပြောလိုက်လေသည်။
"ငါမျက်စိကျမိတဲ့ ဘယ်မိန်းမမှ ငါ့လက်ကမလွတ်ဖူးဘူး"
ယဲ့ချန်းက ဆို၏။
"အဲဒီလိုဆိုရင် ပြောနေစရာမလိုတော့ဘူး။ ငါ မင်းကို ဒီတစ်ခုတော့ပြောလိုက်မယ်။ မင်း သူများတွေကို ဒုက္ခပေးခဲ့တာကို ငါ ဂရုမစိုက်ဘူး။ဒါပေမဲ့ ငါ့လူကို ဒုက္ခပေးမယ်ဆိုရင်တော့ မင်းလည်း ဒီခွက်လို အဆုံးသတ်ရမှာပဲ"
ယဲ့ချန်းက ကြမ်းပြင်ပေါ်ရှိ ကွဲကြေနေသော ဝိုင်ခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
ဝေ့ပင်းက ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။
"ဟားဟား.. နှစ်ပေါင်းများစွာအတွင်း ဘယ်သူမှ ငါ့ကို မခြိမ်းခြောက်ဖူးဘူး။ မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ။ အဲဒီယုံကြည်မှုမျိုးကို ဘယ်ကရတာလဲ"
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။
"ငါ့ယုံကြည်မှု ဘယ်ကရတာလဲဆိုတာ သိချင်တာလား။ လာလေ။ ပြောပြမယ်"
ဝေ့ပင်းလည်း ခဏမျှတုံ့ဆိုင်းနေပြီးနောက် ယဲ့ချန်းအနားသို့ တိုးကပ်သွားလိုက်သည်။
သို့သော် ယဲ့ချန်းက ဝေ့ပင်း၏မျက်နှာကို ဝိုင်ခွက်ဖြင့် လှမ်းပက်လိုက်သည်။
ယဲ့ချန်းက သူ့အား ဝိုင်နှင့်ပက်ရလောက်အောင်အထိ ရဲတင်းလိမ့်မည်ဟု ထင်မထားသဖြင့် သတိလက်လွတ်ဖြစ်ကာ မျက်နှာတစ်ခုလုံး ရွှဲစိုသွားလေတော့သည်။
••••••••••••••••••
အပိုင်း ၃၅၉ : နောက်လိုက်နောက်တစ်ယောက်လက်ခံခြင်း
ယဲ့ချန်းက ဝေ့ပင်းမျက်နှာကို ဝိုင်နီဖြင့် ပက်လိုက်သည်ကို မြင်သောအခါ လူတိုင်း ကြက်သေသေသွားလေသည်။
"ယဲ့ချန်းက အရမ်းကြမ်းတာပဲ။ အဲဒီလူက ဝေ့မိသားစုရဲ့ နာမည်ကြီးသခင်လေးဝေ့လေ။ ယဲ့ချန်းက သူ့ကို ဝိုင်နဲ့ ကောက်ပက်လိုက်တာလား"
ဝေ့ပင်း၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ယဲ့ချန်းက ဤမျှအထိရဲတင်းလိမ့်မည်ဟု ထင်မထားချေ။
သူက ဝေ့မိသားစု၏ အကြီးဆုံးသခင်လေးဖြစ်၏။ ဝိုင်ဖြင့်အပက်ခံရပြီးနောက် သူ မည်သို့မျက်နှာပြရတော့မည်နည်း။
ယန်ချွမ်းလည်း အံ့အားသင့်သွားချေသည်။
ဤလူက ဝေ့ပင်းဖြစ်၏။ သူသည် ဒုတိယမျိုးဆက်လူကုံထံများအကြား မထိပါးဝံ့သော လူတစ်ယောက် ဖြစ်နေခဲ့သည်။
ယဲ့ချန်းက အလွန်အင်အားတောင့်တင်းသည်မှာ မဆန်းတော့ပါချေ။ ယဲ့ပင်း၏မျက်နှာကိုပင် ဝိုင်ဖြင့်ပက်ရဲလေသည်။
ဟွားနိုင်ငံထဲတွင် ထိုသို့လုပ်ရဲသူ သိပ်မရှိပေ။
သို့သော် ယဲ့ချန်း၏လုပ်ရပ်က ဝေ့ပင်းကို လုံးဝဒေါသထွက်သွားစေကြောင်း ယန်ချွမ်း ကောင်းကောင်းနားလည်သည်။
ဝေ့ပင်း၏အမူအရာကား မှုန်မှိုင်းသွားလေသည်။ သူ့မျက်ဝန်းထဲတွင်လည်း လူသတ်ချင်သော အငွေ့အသက်များ ယှက်သန်းနေချေသည်။
ဝေ့ပင်းမှာ ဘယ်တုန်းကများ ယခုလိုအရှက်ခွဲမှုမျိုးကို ခံစားဖူးလေသလဲ။
"ဒီကိစ္စနဲ့မဆိုင်တဲ့လူတွေ အကုန်ထွက်သွားကြ။ တံခါးပိတ်ခဲ့"
ဝေ့ပင်းက တံခါးပိတ်ခဲ့ရန် ပြောနေသဖြင့် ယန်ချွမ်းလည်း အတန်ငယ်စိုးရိမ်သွားသည်။
သို့သော် အနားတွင်ရပ်နေသည့် ယဲ့ချန်းကို ကြည့်လိုက်သောအခါ ကြောက်ရွံ့နေဟန် လုံးဝမရှိပါဘဲ မျက်ဝန်းထဲတွင် နောက်ပြောင်ကျီစယ်လိုဟန် အမူအရာတစ်ခုပင် ရှိနေသေးသည်။
ဝေ့ပင်းက အေးတိအေးစက် ပြောလိုက်လေသည်။
"ချာတိတ်.. မင်း သေချင်နေတာလား။ ငါ့ကို ဝိုင်နဲ့ပက်ရဲတယ်ပေါ့။ သခင်လေးဝေ့ကို လာရှုပ်ရင် ဘာဖြစ်တတ်လဲဆိုတာ မင်းကို ငါပြမယ်"
ဝေ့ပင်းက ပြောပြောဆိုဆိုဖြင့် ယန်ချွမ်းကို လှမ်းကြည့်လိုက်သည်။
"ယန်ချွမ်း မင်းက ထွက်သွားဖို့ အစီအစဉ်မရှိဘူးလား"
ယန်ချွမ်းနှင့်ပါလာသော နောက်လိုက်လေးတချို့က အခြေအနေမဟန်မှန်း သိလိုက်သဖြင့် ချက်ချင်းလစ်ထွက်သွားကြသည်။
သို့သော် ယန်ချွမ်းက ယဲ့ချန်းကိုကြည့်၍ ဆက်နေရန်သာ ရွေးချယ်လိုက်သည်။
ယဲ့ချန်းက မဆင်မခြင်ပြုမူမည့်လူတစ်ယောက်မဟုတ်ကြောင်း သူ သိသည်။ အကယ်၍ သူ ဆက်နေရဲသည်ဆိုလျှင်လည်း အရန်အစီအစဉ်တစ်ခုရှိသောကြောင့်သာ ဖြစ်ချေမည်။
ယန်ချွမ်း ထွက်မသွားသည်ကို မြင်သောအခါ ဝေ့ပင်းလည်း အေးတိအေးစက်ဟန်ပန်ဖြင့် ပြောလိုက်၏။
"ငါ့ကိုအဆိုးမဆိုနဲ့နော်"
ဝေ့ပင်းက သက်တော်စောင့်တချို့ကို ပြောလိုက်၏။
"သူ့ကိုချုပ်ထား"
ထိုသက်တော်စောင့်များအားလုံးက အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များဖြစ်သဖြင့် အလွန်အရည်အချင်းရှိသည်။
ထိုမြင်ကွင်းကြောင့် ယန်ချွမ်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
အစတုန်းက ယဲ့ချန်းက ညှိနှိုင်းဆွေးနွေးရန် ရောက်လာသည်ဟု ထင်ထားသဖြင့် သူ့လူများကို မခေါ်ခဲ့ရပေ။
ယခုမူ တံခါးပိတ်သွားပြီဖြစ်ရာ အကူအညီတောင်းရန် နောက်ကျသွားလေပြီ။
သို့သော် ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ယန်ချွမ်းကို ပြောလိုက်၏။
"နောက်ဆုတ်နေ"
ယန်ချွမ်းလည်း ခဏမျှတုံ့ဆိုင်းသွားသည်။ ယဲ့ချန်းကတော့ အရှေ့ကို တိုးသွားပြီဖြစ်၏။
ဘန်း ဘန်း ဘန်း
ယဲ့ချန်း၏လှုပ်ရှားမှုများက လျှပ်စီးနှယ် သေသပ်မြန်ဆန်လှသည်။
ဝေ့ပင်း၏ပတ်ပတ်လည်ရှိ သက်တော်စောင့်ခြောက်ယောက်လည်း ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
အစတုန်းက မောက်မာနေခဲ့သော ဝေ့ပင်းလည်း ချက်ချင်းဆိုသလို ကြောင်အသွားချေသည်။
ယဲ့ချန်း၏တိုက်ခိုက်ရေးခွန်အားက ဤမျှအင်အားကြီးလိမ့်မည်ဟု သူ ထင်မထားပေ။
ဤသက်တော်စောင့်ခြောက်ယောက်က ဝေ့ပင်း၏အားကိုးရာများပင်။ ဤသက်တော်စောင့်ခြောက်ယောက်သာရှိလျှင် ယဲ့ချန်းကို အသာလေးအနိုင်ယူနိုင်သည်ဟု ထင်ထားသည်။
သို့သော် ယဲ့ချန်းက ဤမျှအထိ အင်အားကြီးလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ယခုမူ အခြေအနေမကောင်းတော့ပေ။ ယဲ့ချန်းကို မနှိမ်နင်းနိုင်သည့်အပြင် သူကိုယ်တိုင်ပါ အန္တရာယ်ကျရောက်နေပြီဖြစ်၏။
သက်တော်စောင့်ခြောက်ယောက်မှာ သတိလစ်သွားချေပြီ။ အခန်းထဲတွင် ယဲ့ချန်း၊ ယန်ချွမ်းနှင့် ဝေ့ပင်းတို့သာ ကျန်တော့သည်။
ယဲ့ချန်းလည်း စနောက်ကျီစယ်လေဟန်ဖြင့် ဝေ့ပင်းကိုကြည့်၍ ပြောလိုက်လေသည်။
"အခု ငါတို့ ကောင်းကောင်းစကားပြောလို့ရပြီ"
ဝေ့ပင်း၏မျက်နှာကား အေးစက်သွားချေသည်။
"ဘာအကြောင်းပြောမှာလဲ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။
စနစ်ထံမှ အမှန်ပြောဆေးလုံးတစ်လုံးကို လဲရန်အတွက် ငွေဆယ်သန်းသုံးထားသည်။
အမှန်ပြောဆေးလုံးကို စားလိုက်သည်နှင့် တစ်နာရီအတွင်း ယဲ့ချန်း ဘာမေးမေး အမှန်တရားများကိုသာ ပြန်ဖြေပေလိမ့်မည်။
ယဲ့ချန်းလည်း ဝေ့ပင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ဝေ့ပင်းမှာ ယဲ့ချန်း၏တိုက်ခိုက်ရေးခွန်အားကို ယခုလေးတင် မြင်ထားသည်ဖြစ်ရာ သူ့လုပ်ရပ်များအတွက် အကြီးအကျယ်နောင်တရနေပြီဖြစ်၏။
အခန်းတံခါးမှာ ပိတ်ထားသည့်အပြင် အပြင်ဘက်ရှိ လူများကိုလည်း ဘာအသံကြားကြား ဖွင့်မပေးရန် ညွှန်ကြားထားပြီးဖြစ်၏။
အစတုန်းက အရည်အချင်းရှိလှသော သက်တော်စောင့်ခြောက်ယောက်နှင့်သာဆိုလျှင် ယဲ့ချန်းကို အမှောက်သိပ်ပစ်ရန် မခက်ခဲလှဟု ထင်ထားခဲ့သည်။ သို့သော် ယဲ့ချန်း၏တိုက်ခိုက်ရေးခွန်အားက ကောင်းမွန်နေလိမ့်မည်ဟု ထင်မထားပေ။
ဝေ့ပင်းလည်း အံတင်းတင်းကြိတ်၍ စားပွဲပေါ်ရှိ ဝိုင်ပုလင်းတစ်လုံးကို ဆွဲယူ၍ ယဲ့ချန်းထံသို့ ပစ်ပေါက်လိုက်သည်။
သို့သော် ပုလင်းကျမကွဲခင်မှာပင် သူ့အစာအိမ်မှာ စူးရှစွာနာကျင်သွားသည်။
နောက်တစ်စက္ကန့်မှာပင် သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး ဆိုဖာပေါ်သို့ ပြုတ်ကျသွားသည်။
ဝေ့ပင်း ပြန်မထနိုင်ခင်မှာပင် ယဲ့ချန်းက သူ့ရင်ဘတ်ကို ထပ်ကန်လိုက်ပြန်သည်။
"အား"
ဝေ့ပင်းခမျာ နာနာကျင်ကျင်အော်ညည်းနေသဖြင့် ပါးစပ်ကို အကျယ်ကြီးဖွင့်ထားပေသည်။ ထိုအချိန်တွင် ယဲ့ချန်းက ဝေ့ပင်း၏ပါးစပ်ထဲသို့ ဆေးတစ်လုံး ထိုးထည့်လိုက်သည်။
ထိုဆေးက ပါးစပ်ထဲသို့ရောက်ရောက်ချင်း အရည်ပျော်သွားပေသည်။ ဝေ့ပင်းခမျာ ဘာမှမတုံ့ပြန်လိုက်နိုင်ပေ။ ထိုအရာကား သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားလေပြီ။
"မင်း ငါ့ကို ဘာတိုက်လိုက်တာလဲ"
ဝေ့ပင်းက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် မေးလိုက်လေသည်။
"ကောင်းတာလေးတစ်ခုပါ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလျက် ပြန်ပြောလိုက်လေသည်။
"လွန်ခဲ့တဲ့တစ်လတုန်းက တရုတ်ကမ္ဘာ့ကုန်သွယ်ရေးစင်တာပေါ်က ခုန်ချသွားတဲ့ ကောင်မလေးက မင်းနဲ့ ပတ်သက်နေတယ်မလား"
ယဲ့ချန်းက မေးလိုက်သည်။
"ဟုတ်တယ်။ ပတ်သက်နေတယ်။ ငါတို့ အရက်သောက်နေတုန်းက ငါ သူ့ကို အရက်မူးအောင်တိုက်ပြီး အတူအိပ်လိုက်တာ။ ဒါပေမဲ့ သူနိုးလာတော့ ငါ့ကို ရဲတိုင်ချင်နေတာလေ။ အဲဒါကြောင့် ငါလည်း အဆောက်အအုံပေါ်က တွန်းချပစ်လိုက်တာ"
ထိုသို့ပြောပြီးနောက် ဝေ့ပင်း၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
"ငါက ဘာလို့ အဲဒါတွေကိုပြောပြလိုက်တာလဲ"
ဝေ့ပင် အံ့အားသင့်နေရုံသာမက ယန်ချွမ်းလည်း အကြောင်သားဖြစ်နေချေသည်။
ဝေ့ပင်းတစ်ယောက် နာနာခံခံထုတ်ပြောလာအောင် ယဲ့ချန်းက မည်သို့သော နည်းလမ်းမျိုးကို သုံးလိုက်လေသလဲ။
ယဲ့ချန်း ဆက်ပြောလိုက်ပြန်သည်။
"လွန်ခဲ့တဲ့တစ်နှစ်တုန်းက အနုပညာရှင်တစ်ယောက် ကားမတော်တဆဖြစ်ခဲ့တာကလည်း မင်းရဲ့လက်ချက်ပဲမလား"
"ဟုတ်တယ်။ အဲဒီအနုပညာရှင်က ငါ့အငယ်အနှောင်းတစ်ယောက်လေ။ သူက ငါ ပြစ်မှုကျူးလွန်ထားတဲ့သက်သေတွေကို မှတ်တမ်းတင်ပြီး မီဒီယာတွေဆီမှာ ဖော်ထုတ်ချင်နေတာလေ။ အဲဒါကြောင့် ငါလည်း လမ်းဆုံမှာ ကုန်တင်ကားတစ်စီးနဲ့ သူ့ကို တိုက်သတ်ပစ်ခိုင်းခဲ့တာ"
ဝေ့ပင်းက စကားပြောပြီးသည်နှင့် ချက်ချင်းဆိုသလို အံ့ဩမှင်တက်သွားသည်။
ဘုရားရေ.. ငါ ဘာပြောလိုက်မိတာလဲ...
ဝေ့ပင်းခမျာ မျက်ရည်ကျမိတော့မတတ်ပင်။
ဤစကားများကြောင့် ဘာဆက်ဖြစ်မလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။
ယခုခေတ်မှာ ဥပဒေကြီးစိုးသော လူ့အဖွဲ့အစည်းကြီးဖြစ်၏။ အကယ်၍ ယဲ့ချန်းကသာ ဤသတင်းများကို အာဏာပိုင်များ၏လက်ထဲသို့ အပ်လိုက်ပါက သူလည်း ဘဝပျက်ရပေလိမ့်မည်။
ထိုမျှသာမက ယဲ့ချန်းက နောက်ထပ်မေးခွန်းပေါင်းများစွာ မေးသေးသည်။ ဝေ့ပင်းကလည်း တွေဝေတုံ့ဆိုင်းမှုမရှိပါဘဲ အကုန်ဖွင့်ပြောလိုက်၏။
ဝေ့ပင်းက အကုန်ဖွင့်ပြောလိုက်ခြင်းပင်။ အွန်လိုင်းပေါ်ရှိ ကောလာဟလများမှာ အမှန်တရားဖြစ်နေသည့်အပြင် မည်သူမှမသိသော ကိစ္စများကိုလည်း ထုတ်ပြောလိုက်သည်။
ဤအမှုများက ဝေ့ပင်းအား အကြိမ်ပေါင်းများစွာ ကွပ်မျက်ပစ်ရန် လုံလောက်ပေသည်။
ဝေ့ပင်းမှာ ကြောက်လန့်သွားလေတော့သည်။
ထိုအခါမှသာ သူ ဘယ်လိုလူစားမျိုးကို ရန်စမိခဲ့သလဲဆိုသည်ကို သဘောပေါက်တော့သည်။
ဤသက်သေများဖြင့်ဆိုလျှင် ဝေ့မိသားစု၏ အကြီးဆုံးသခင်လေးဖြစ်နေလျှင်ပင် ကြံရာမရဖြစ်တော့မည်သာ။
ဝေ့ပင်းခမျာ ယဲ့ချန်းရှေ့တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
"သခင်လေးယဲ့... ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
ယခုမူ ဝေ့ပင်းခမျာ ယခင်ကရှိခဲ့ဖူးသော မောက်မာမှုများအားလုံးကို ပျောက်ဆုံးသွားပြီး သစ်ရွက်လေးအလား တုန်ယင်နေတော့သည်။
ထိုအချိန်လေးမှာ သူ အမှန်စင်စစ်ကြောက်ရွံ့နေသည်။
ဝေ့ပင်းတစ်ယောက် ကြမ်းပြင်ထက်တွင် ဒူးထောက်ရင်း ဦးညွှတ်နေသည်ကို မြင်သောအခါ ယန်ချွမ်းမှာ ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။
သခင်လေးယဲ့က အလွန်အင်အားကြီးပေသည်။ အလွန်အံ့ဖွယ်ကောင်းလှ၏။
ဝေ့ပင်းက အာဏာအားဖြင့် သူ့ထက် တစ်ဆင့်ပိုသာပေသည်။ အထူးသဖြင့် ကျိုတိုမြို့မှာပင်။ သူ့အား မည်သူကမှ လာမရှုပ်ရဲပေ။
သို့သော် ယခုမူ ဝေ့ပင်းခမျာ အရိုက်ခံထားရသော ခွေးတစ်ကောင်အလား ယဲ့ချန်းရှေ့တွင် ဒူးထောက်လျက် တောင်းပန်ခယနေပေသည်။
ယန်ချွမ်းလည်း ဘက်ရွေးမှန်ထားသည့်အတွက် ကံကောင်းသလို ခံစားလိုက်ရသည်။ အကယ်၍ ယခင်က ယဲ့ချန်းနှင့် ရန်သူဖြစ်ခဲ့ပါက ယခုဆိုလျှင် သူ့အခြေအနေက ပိုဆိုးဝါးနေလောက်ပြီဖြစ်၏။
ယဲ့ချန်းက အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်၏။
"ခေါင်းငုံ့ပြီး တောင်းပန်ရုံနဲ့ ပြီးရောလား"
ဝေ့ပင်းက အလောတကြီးပြောလိုက်၏။
"သခင်လေးယဲ့.. တာ့ဝေ့ဖျော်ဖြေရေးကုမ္ပဏီက ကျွန်တော့်ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ပေးပါ့မယ်"
ထိုအခါမှသာ ယဲ့ချန်းလည်း ကျေနပ်အားရဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လျက် ပြောလိုက်၏။
"ဒီလိုမှပေါ့။ အခုကစပြီး ကောင်းကောင်းမွန်မွန်နေတော့။ သက်သေအထောက်အထားတွေကို ကလောက်ထဲမှာ သိမ်းထားပြီးပြီ။ စိတ်အခြေအနေမကောင်းရင် လိုင်းပေါ်မှာ တင်လိုက်နိုင်တယ်နော်"
ယဲ့ချန်း၏စကားကိုကြားသော် ဝေ့ပင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေသည်။
"အစ်ကိုယဲ့.. အခုကစပြီး ကျွန်တော် ခင်ဗျားရဲ့ညီလေး လုပ်ပါ့မယ်။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကိုသာပြောပါ"
ယဲ့ချန်းလည်း ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နောက်လိုက်အသစ်တစ်ယောက် ထပ်ရလိုက်သည့်အပြင် လင်းရှစ်ယင်၏ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်ဖြစ်ရာ အလွန်အကျိုးရှိလှသော အပေးအယူပင်။
•••••••••••••••••
အပိုင်း ၃၆၀ : ရွှေအဆင့် အရည်အချင်းရှိသော သက်တော်စောင့်
ဝေ့ပင်းက ယဲ့ချန်းရှေ့တွင် အရှုံးကို လက်ခံလိုက်သည်။
ယဲ့ချန်းလည်း အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ။ အတိတ်ကို မြေလှန်မနေတော့ဘူး။ ဒါပေမဲ့ ငါ ကျန်းရွှေကို သဘောမကျဘူး။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မင်းဘာသာ စဉ်းစားလိုက်"
ဝေ့ပင်း အမြန်ခေါင်းညိတ်ပြလိုက်သည်။
"သခင်လေးယဲ့ စိတ်မပူပါနဲ့။ ကျွန်တော် ဒီကိစ္စကို ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ယခင်က မောက်မာထောင်လွှားခဲ့သော သခင်လေးဝေ့က ယဲ့ချန်းရှေ့တွင် ဖော်လံဖားတစ်ယောက်လို ဖြစ်နေချေသည်။
ယဲ့ချန်း ဟိုတယ်ထဲက ထွက်လာသောအခါ ဝေ့ပင်းနှင့် ယန်ချွမ်းတို့က သူ့တစ်ဖက်တစ်ချက်စီတွင် နောက်လိုက်နှစ်ယောက်အလား လိုက်ပါလာသဖြင့် လူတိုင်း ကြက်သေသေကုန်ကြသည်။
ဘာတွေဖြစ်ကုန်တာလဲ...
ဝေ့ပင်းက ယဲ့ချန်းကို အပြင်သို့ လိုက်ပါပို့ဆောင်ပြီးနောက် ကျန်းရွှေက အနားသို့ ရောက်လာသည်။
"သခင်လေးဝေ့.. ဘာဖြစ်တာလဲ။ သူက မိန်းကလေးလင်းကို လက်လျှော့မယ်တဲ့လား"
"သခင်လေးဝေ့.. ယဲ့ချန်းကို လွှတ်ပေးထားလို့မဖြစ်ဘူးနော်။ သူက အရမ်းဉာဏ်များတာ"
ကျန်းရွှေကတော့ မကျေမချမ်းဖြစ်နေဆဲပင်။
ဝေ့ပင်းလည်း တည်ငြိမ်အေးဆေးစွာ ပြောလိုက်လေသည်။
"ဒီတစ်ခေါက် ခင်ဗျားရဲ့လုပ်ဆောင်ချက်က ကောင်းတယ်။ ကျိုတိုကို ကျုပ်နဲ့အတူ လိုက်ခဲ့။ ကျုပ် ခင်ဗျားအတွက် နေရာတစ်ခု စီစဉ်ပေးမယ်"
ဝေ့ပင်း၏စကားကို ကြားသောအခါ ကျန်းရွှေလည်း ဝမ်းသာသွားသည်။ သို့သော် ဝေ့ပင်း၏မျက်နှာထက်တွင် အေးစက်လှသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
ကျိုတိုကို ရောက်သည်နှင့် ကျန်းရွှေကိုရှင်းရမည့် နည်းလမ်းပေါင်းများစွာရှိ၏။
ယခုအချိန်တွင် သူ့အားနည်းချက်များအားလုံးက ယဲ့ချန်း၏လက်ထဲသို့ ရောက်နေပြီဖြစ်ရာ ယဲ့ချန်း၏စကားကို နားထောင်ရုံသာ တတ်နိုင်တော့သည်။
ထို့ကြောင့် ကျန်းရွှေ သေပေးမှဖြစ်မည်။
ယဲ့ချန်းက တက္ကစီမောင်းနေချိန်တွင် လူငယ်အမျိုးသားတစ်ယောက်က တက္ကစီငှားရန် တားလိုက်လေသည်။
ထိုကောင်လေးမှာ ကားထဲသို့ ဝင်လာပြီးနောက် သောကရောက်နေဟန် အမူအရာဖြင့် ထိုင်နေပေသည်။
"ကောင်လေး.. ဘာဖြစ်လို့လဲ"
ယဲ့ချန်းလည်း ဘာလုပ်စရာမှမရှိသည့်အတွက် ထိုကောင်လေးနှင့် စကားပြောကြည့်လိုက်သည်။
ထိုကောင်လေးက ဆိုလာလေသည်။
"အစ်ကို.. ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ တကယ်တော့ ကျွန်တော်က ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပါ"
ယဲ့ချန်းလည်း အံ့အားသင့်သွားသဖြင် ထိုလူငယ်လေး၏ အဝတ်အစားများကို ကြည့်လိုက်၏။
တစ်ကိုယ်လုံးတွင် ဈေးပေါလှသော အဝတ်အစားများကို ဝတ်ဆင်ထားလေရာ လူကုံထံအမွေဆက်ခံသူတစ်ယောက်နှင့် လားလားမျှမတူပေ။
သို့သော် ယဲ့ချန်းက သူ့အား နည်းနည်းမျှ အထင်မသေးပါဘဲ ပြောလိုက်သည်။
"လူကုံထံအမွေဆက်ခံသူတစ်ယောက်ဖြစ်တာ ကောင်းပါတယ်။ မပင်ပန်းဘဲ ပိုက်ဆံသုံးနိုင်တယ်လေ"
ထိုလူငယ်လေးက ခေါင်းခါယမ်းလိုက်၏။
"ဒါပေမဲ့ အခု ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လေ့ကျင့်ပေးနေတုန်းပဲ"
"လေ့ကျင့်ပေးနေတာလား"
ယဲ့ချန်းမှာ ဇဝေဇဝါဖြစ်သွားလေသည်။
ထိုကောင်လေးက ဆက်ပြောပြန်သည်။
"ဟုတ်တယ်။ သူတို့ကတော့ ကျွန်တော့်ကို တစ်ခါမှမပြောဖူးပေမဲ့ သူတို့စကားပြောနေတုန်း ကျွန်တော်ကြားခဲ့တာ"
"ဪ အဲဒီလိုကိုး"
ထိုလူငယ်လေးက သက်ပြင်းချလိုက်လေသည်။
"ဟူး.. ကြီးကျယ်မြင့်မြတ်တဲ့အရာတွေကို လုပ်ရမဲ့လူတွေက ခက်ခဲမှုနဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို ဖြတ်ကျော်ပြီးမှ ချိုမြတဲ့အရာတွေကို ခံစားရတာဖြစ်မယ်။ ဘဝက ခက်ခဲလိုက်တာ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ကြိုးစားထား.. ဇိမ်ခံကားတွေနဲ့ ဗီလာတွေက မင်းကိုစောင့်နေတယ်"
ထိုအချိန်မှာပင် ထိုလူငယ်လေး၏ဖုန်းက အသံမြည်လာလေသည်။
"ဟယ်လို ရှန့်ဇီလား။ အမေ မင်းကို မြေတစ်ကွယ်ဝယ်ပေးထားတယ်နော်"
"အာ.. အမေ အမေနဲ့အဖေကတော့ အကွက်ရွှေ့လိုက်ပြီပဲ"
"ဘာကိုအကွက်ရွှေ့တာလဲ"
ဖုန်းတစ်ဖက်ရှိ လူခမျာ နားမလည်နိုင်ဟန်ပင်။
ထိုလူငယ်လေးက အလွန်ကျေးဇူးတင်နေချေသည်။
"အမေနဲ့အဖေ.. ကျေးဇူးတင်ပါတယ်။ အမေတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း ပြင်ဆင်နေပါတယ်။ အခုနောက်ပိုင်း စီးပွားရေးစာအုပ်တွေအများကြီးကိုလည်း ဖတ်နေပါတယ်။ ကျွန်တော်တို့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို သေချာပေါက်စီမံခန့်ခွဲပြီး ကြီးပွားတိုးတက်လာအောင် လုပ်ပေးမှာပါ"
"ဘာစီးပွားရေးလဲ"
ထိုလူငယ်လေး၏မိခင်ခမျာ အံ့အားသင့်သွားလေသည်။
ထိုကောင်လေးကတော့ ရယ်သည်။
"အမေ.. အမေ ကျွန်တော့်ကိုဝယ်ပေးထားတဲ့ မြေကွက်က ဘယ်မှာလဲ"
"ဪ.. အောက်ထပ်မှာပါ"
"အောက်ထပ်မှာလား"
"မင်း ပါဆယ်သွားယူရင် အောက်ထပ်အပြင် တခြားဘယ်နေရာကို သွားလို့လဲ။ အောက်ထပ်မှာပေါ့"
"အမေ.. ကျွန်တော့်ကို ဘာလို့ စမ်းသပ်နေသေးတာလဲ"
"အမေက မင်းကို ဘာစမ်းသပ်လို့လဲ"
ထိုလူငယ်လေး၏အမေက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
"ကျွန်တော်တို့မိသားစုက အရမ်းချမ်းသာတယ်လို့ ဟိုနေ့တုန်းက အဖေ့ကိုပြောနေတာလေ။ ကျွန်တော်တို့မှာ စာရင်းဝင်ကုမ္ပဏီတစ်ခု ရှိတယ်ဆို"
ထိုလူငယ်လေး၏စကားကို ကြားသောအခါ သူ့အမေလည်း အော်ရယ်လေတော့သည်။
"အာ.. အဲဒီအကြောင်းကို ပြောနေတာလား။ အဲဒီနေ့တုန်းက အမေတို့မိသားစုက အရမ်းချမ်းသာတယ်လို့ အိပ်မက်မက်လို့ မင်းအဖေကို ပြောပြနေတာ။ အဲဒါကို မင်းက ကြားသွားတာကိုး။ အခုနောက်ပိုင်း မင်း ဘာလို့ထူးဆန်းလာပါလိမ့်လို့ အမေတွေးနေတာ။ စိတ်ချ.. အမေတို့မိသားစုက မျိုးရိုးသုံးဆက်တိတိ ဆင်းရဲတဲ့လယ်သမားတွေမို့ အရမ်းဆင်းရဲတာ"
လူငယ်လေး : "..."
"ဟေး ရှန့်ဇီ... ရှိသေးလား"
ထိုလူငယ်လေးက အသက်ပြင်းပြင်းရှိုက်ရှူလိုက်၏။
"ဒရိုင်ဘာကြီး. ကျွန်တော် ဆေးရုံသွားမှဖြစ်မယ်။ ကျွန်တော့်နှလုံးက အခြေအနေမကောင်းဘူး"
ယဲ့ချန်းလည်း ဆေးရုံသို့ မောင်းပေးလိုက်သည်။ ထိုကောင်လေးက ကားထဲကဆင်းသွားပြီးနောက် နောက်တစ်ယောက် တက်လာလေသည်။
အသက်နှစ်ဆယ်အရွယ်ရှိသော ထိုကောင်လေး၏မျက်ဝန်းများက တောက်ပနေပေသည်။
သူ့ကိုယ်နေဟန်ထားက ခပ်မတ်မတ်ရှိသဖြင့် စစ်သားဟောင်းတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။
ကားထဲသို့ရောက်သည်နှင့် ထိုလူငယ်လေးက ဖုန်းခေါ်လေတော့သည်။
"ဟယ်လို တတိယအဒေါ်လား။ ကျွန်တော့်ကို ပိုက်ဆံနည်းနည်းချေးလို့ရလား။ အမေ နေမကောင်းဖြစ်နေလို့။ စိတ်မပူပါနဲ့။ ကျွန်တော် မြန်မြန်ပြန်ဆပ်မှာပါ"
"ဪ ရှောင်ယုံး မင်းဝမ်းကွဲက ဒီနှစ်ထဲ လက်ထပ်တော့မှာလေ။ မင်းလည်းသိတာပဲ။ ငါ့မှာ ငွေပိုငွေလျှံမရှိဘူးလေ"
ထိုလူငယ်လေးလည်း ဖုန်းချလိုက်ပြီးနောက် ဟိုဟိုသည်သည်ဖုန်းဆက်၍ ငွေချေးနေပေသည်။
အဒေါ်ခုနစ်ယောက်နှင့် ဦးလေးရှစ်ယောက်ကို ဖုန်းပတ်ခေါ်ပြီးသည့်တိုင် မည်သူကမှ သူ့အား ပိုက်ဆံမချေးကြပေ။
ထိုအချိန်တွင် ယဲ့ချန်းလည်း ထိုလူငယ်လေး၏ကိုယ်ရေးအကျဉ်းကို တစ်ချက်ကြည့်လိုက်၏။
ဤလူငယ်လေးက အငြိမ်းစားယူထားသော စစ်သားတစ်ယောက်ဖြစ်ပြီး ယခင်ကလည်း ဗီအိုင်ပီများကို ကာကွယ်ပေးခဲ့ရသည့် သက်တော်စောင့်တစ်ယောက် လုပ်ခဲ့ဖူးပေသည်။
တပ်ထဲက ထွက်လာပြီးနောက်မှာပင် သူ့အမေက ရောဂါတစ်ခုဖြစ်နေသဖြင့် ဆေးကုသစရိတ်က အလွန်ဈေးကြီးနေချေသည်။
ထိုကောင်လေးမှာ ဆေးကုသစရိတ်များကို အမြောက်အများထုတ်သုံးထားပါသည့်တိုင် ဆေးဝါးက အလွန်ဈေးကြီးနေချေသည်။ သူ(မ)၏အသက်ကို ဆွဲဆန့်ထားရန်အတွက် ထိုးပေးရသည့် အထူးဆေးဝါးကလည်း တစ်ခါထိုးလျှင် တစ်သိန်းလောက်ပေးရပြီး လတိုင်းထိုးပေးရန် လိုအပ်သည်။
ဤမျှများပြားလှသော ကုန်ကျစရိတ်မျိုးမှာ အငြိမ်းစားစစ်သားတစ်ယောက်အတွက် မည်သို့ တတ်နိုင်မည်နည်း။
ယဲ့ချန်းမှာ ထိုကောင်လေး၏ အရည်အချင်းကြောင့် အံ့အားသင့်သွားရသည်။ သူသည် ရွှေအဆင့်သက်တော်စောင့်တစ်ယောက်ပင်။
ဤအချက်က ဤလူငယ်လေး၏အစွမ်းအစက ထူးခြားလှကြောင်း ပြနေပေသည်။
ယဲ့ချန်းမှာ အရည်အချင်းရှိသော ဤလူငယ်လေးကို သဘောကျသွားသည်။
"ပထမအချက်အနေနဲ ဒီကောင်လေးက သားလိမ္မာလေး.. သူ့ပိုက်ဆံတွေအကုန်လုံးကို သူ့အမေကိုကုသပေးဖို့အတွက် သုံးလိုက်တာ"
"ဒုတိယအချက်အနေနဲ့ ဒီကောင်လေးရဲ့အရည်အချင်းက ရွှေအဆင့်သက်တော်စောင့်ဆိုတော့ ထူးခြားမှာသေချာတယ်"
ဝေ့ပင်း၏ဖြစ်ရပ်ကြောင့် သူ့စိတ်ထဲ နိုးနိုးကြားကြားဖြစ်သွားပေသည်။
အကယ်၍ ဝေ့ပင်းက သူ့အစား လင်းရှစ်ယင်ကို ပစ်မှတ်ထားဖို့ ကြိုးစားလာလျှင် မည်သို့လုပ်မည်နည်း။
ထို့ကြောင့် ယဲ့ချန်းလည်း ဤကိစ္စများကို သူ့အစား ကိုင်တွယ်ရန် သက်တော်စောင့်တစ်ယောက်ထားရန် လိုအပ်သည်ဟု ခံစားမိသည်။
ထို့ပြင် ဤလူငယ်လေးက ယဲ့ချန်းအတွက် ပြီးပြည့်စုံသောလူတစ်ယောက်ပင်။
"ကောင်လေး.. မင်းအမေရဲ့ဆေးကုသစရိတ်အတွက် ပိုက်ဆံချေးချင်လို့လား"
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။
"ဟုတ်ပါတယ်"
လုယုံးကလည်း ကူကယ်ရာမဲ့နေဟန်ဖြင့် ယဲ့ချန်းအား ကြည့်လိုက်၏။
"အပေးအယူလုပ်ရအောင်.. မင်း ငါ့သက်တော်စောင့်လုပ်ပေးမယ်ဆိုရင် ငါ မင်းကို ပိုက်ဆံထုတ်ချေးပေးမယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ လုယုံးလည်း အတန်ငယ်ထူးဆန်းသွားပေသည်။
"ခင်ဗျားရဲ့သက်တော်စောင့်လား"
လုယုံးက ယဲ့ချန်းကို အထင်သေးနေခြင်းမဟုတ်ပေ။ သို့သော် တက္ကစီဒရိုင်ဘာတစ်ယောက်က ဘာကြောင့်များ သက်တော်စောင့်လိုအပ်မည်နည်း။
"ငါ မင်းအမေကို အကောင်းဆုံးပုဂ္ဂလိကဆေးရုံမှာ ထားပေးမယ်။ အတော်ဆုံးဆရာဝန်တွေနဲ့လည်း ကုသပေးမယ်။ ငါ့သက်တော်စောင့်ဖြစ်နေသရွေ့တော့ ပိုက်ဆံကိစ္စကို စိတ်ပူစရာမလိုဘူး"
ယဲ့ချန်းလည်း တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ခင်ဗျား တကယ်ပြောနေတာလား"
"တကယ်"
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာလေသည်။ ခေါ်ဆိုသူကား လင်းဝမ်ယိုပင်။
ယဲ့ချန်းလည်း ဖုန်းကိုင်လိုက်၏။
"ဥက္ကဋ္ဌယဲ့.. ရှယ်ယာအမြတ်ငွေနှစ်ဘီလျံ ထပ်ရောက်ပါတယ်"
"အိုး.. သေချာသိမ်းထားလိုက်ပါ"
ယဲ့ချန်းကလည်း သာမန်ကာလျှံကာ ပြန်ပြောလိုက်၏။
"ဝိုး နှစ်ဘီလျံတောင်"
ယဲ့ချန်း၏ အမှုမထားလေဟန်စကားများကို ကြားသောအခါ လုယုံးလည်း ထိတ်လန့်သွားချေသည်။
ဤလူက ဒိတ်ဒိတ်ကြဲသူဌေးများလား။ တက္ကစီမောင်းတာက ဘဝအတွေ့အကြုံယူရုံသက်သက်လေလား။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်..အမှန်ပဲ။ ငါက လူကုံထံတစ်ယောက်ပဲ"
ထိုလူငယ်လေးက ရုတ်ခြည်းပြောလာလေသည်။
"မစ္စတာယဲ့ ကားရပ်ပေးပါ"
ယဲ့ချန်းလည်း သိချင်စိတ်ကြောင့် ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်သည်။
ထိုလူငယ်လေးက ယဲ့ချန်းရှေ့တွင် ဒူးထောက်လိုက်၏။
"မစ္စတာယဲ့... ကျွန်တော့်အမေကို ကယ်တင်ပေးမယ်ဆိုရင် ကျွန်တော့်အသက်က ခင်ဗျားအတွက်ပါပဲ"