← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း ၁၂၁: အိုးယန်မိသားစု လျှိုမြို့သို့ ပြန်လာခြင်း

လျှိုမြို့တွင် မိသားစုကြီးများ၏ ယှဉ်ပြိုင်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ချင်းမိသားစုက အဆုံးသတ်တွင် အနိုင်ရရှိသွားခဲ့ကာ အိုးယန်မိသားစုသည်လည်း လျှိုမြို့သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။

သူတို့ ထွက်ခွာသွားရစဉ်က နှမြောတသဖြစ်ရပြီး ဝမ်းနည်းပူဆွေးမှုများ သူတို့၏စိတ်နှလုံးသားထဲ၌ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် လျှိုမြို့သို့ ပြန်လာသော လမ်းခရီးတွင်မူ အိုးယန်မိသားစုတစ်ခုလုံး စိတ်ဓာတ်တက်ကြွပြီး ပျော်ရွှင်မြူးထူးနေကြ၏။

လျှိုမြို့မှ သူတို့ ထွက်ခွာသွားခဲ့သည်မှာ အချိန်ကြာမြင့်စွာ မရှိသေးသော်လည်း နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သကဲ့သို့ ခံစားနေရသည်။

လျှိုမြို့၏လမ်းမများပေါ်သို့ ခြေချလိုက်သည်နှင့် အိုးယန်မိသားစုခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။

ချင်းမင်သည် လူသားများကြားထဲမှ နဂါးနှင့် ဖီးနစ်ကဲ့သို့ဖြစ်ပြီး ချင်းမိသားစု၏ အကျပ်အတည်းများကို ဖြေရှင်းနိုင်ခဲ့သည်။ချင်းမိသားစုရခဲ့သော အခွင့်အရေးများအားလုံးသည်လည်း ချင်းမင်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေ၏။

ချင်းမင်သည် ဤအကျပ်အတည်းမှ ဘေးကင်းစွာ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ရုံသာမက အရှုပ်အထွေးများကြားမှ ကြီးမားသော အကျိုးအမြတ်များကိုလည်း ရရှိအောင် ယူဆောင်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းသည်။

ဤတစ်ကြိမ်တွင် သူ၏ရွေးချယ်မှု မှန်ကန်ခဲ့လေသည်။

"အဖေ....အိုးယန်အိမ်တော် ရောက်ပါပြီ"

နံဘေးရှိ လူငယ်တစ်ဦးက ပြောဆိုသည်။

အိုးယန်မိသားစုဝင်များသည် မော့ကြည့်လိုက်ကြရာ အိုးယန်အိမ်တော်သည် သူတို့နှင့် အနီးအနားသို့ ရောက်ရှိနေလေပြီ။

"ဝင်ကြစို့...."

ထိုစကားဆုံးသည်နှင့် အိုးယန်မိသားစုဝင်များသည် ပျော်ရွှင်စွာဖြင့် အိုးယန်အိမ်တော်ဆီသို့ ဦးတည်သွားကြတော့သည်။

အိုးယန်မိသားစုမှ တခြားအဖွဲ့ဝင်များသည်လည်း ပျော်ရွှင်စွာ ရယ်မောလိုက်ကြ၏။

အမှန်တကယ် ဆုံးရှုံးဖူးမှသာလျှင် လျှိုမြို့၌ အေးချမ်းစွာ နေထိုင်ရခြင်းက မည်မျှထိ စိတ်သက်တောင့်သက်သာရှိကြောင်းကို နားလည်သဘောပေါက်နိုင်ပေမည်။

လျှိုမြို့သည် သူတို့၏အမြှစ်တွယ်ရာ နေရာဖြစ်ပြီး သူတို့၏ဘိုးဘေးများသည် ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။

"အိမ်က ပိုကောင်းပါတယ်"

အိုးယန်မိသားစုဝင်များသည် မိုးမခပင်အောက်တွင်ထိုင်ပြီး ရှေ့ရှိ ရင်းနှီးကျွမ်းဝင်နေသော ရှုခင်းများကိုကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။

"ဟုတ်တယ်....ငါ ဒီဘဝမှာ လျှိုမြို့ကနေ ဘယ်တော့မှ မထွက်ခွာချင်တော့ဘူး....ကြိုးစားချင်ရင် လူငယ်တွေကိုပဲ ကြိုးစားခိုင်းလိုက်တော့မယ်"

သက်ကြီးပိုင်း အဘိုးအိုတစ်ဦးက ပြောဆိုသည်။ သူသည် အိုးယန်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်ပြီး မိုးမခပင်အောက်တွင် ထိုင်နေလေ၏။

အဘိုးအိုက ရှေ့ရှိ မိုးမခပင်ကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။

"ငါ ငယ်ငယ်တုန်းက စိုက်ခဲ့တဲ့ ဒီအပင်က ငါ့တစ်ဘဝလုံး အတူရှိနေခဲ့တာ.... တစ်ရက်လောက် မတွေ့ရရင်ကို ထိတ်လန့်မိတယ်"

အိုးယန်အိမ်တော်ရှိ အပင်တိုင်းအပေါ်တွင် ဤလူအိုကြီးများက သံယောဇဉ် တွယ်ငြိနေကြသည်။

ထိုအချိန်တွင် မိသားစုအတွင်းမှ တစ်စုံတစ်ယောက် ရောက်လာပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"ခေါင်းဆောင်....ချင်းမိသားစုက ချင်းမင် လာရောက်လည်ပတ်ပါတယ်"

"မြန်မြန် ဖိတ်ခေါ်လိုက်...မဟုတ်ဘူး...ငါကိုယ်တိုင် သွားမယ်"

အိုးယန်မိသားစုခေါင်းဆောင်သည် အလျှင်အမြန် မတ်တတ်ရပ်လိုက်ပြီး တံခါးမကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

"သခင်လေးချင်း...ကျေးဇူးပြုပြီး အထဲကို ဝင်ပါ"

အိုးယန်မိသားစုဝင်များသည် တံခါးဝတွင် ချင်းမင်ကို မြင်လိုက်ရချိန်၌ ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

"အိုးယန်မိသားစုခေါင်းဆောင်...."

ချင်းမင်သည်လည်း ပြင်ပသို့ထွက်လာသော အိုးယန်မိသားစုဝင်များကို မြင်လိုက်ရသဖြင့် ပြုံးရွှင်စွာဖြင့် အိုးယန်အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့ပေ၏။

"ချင်းမင်...အထဲမှာ သွားထိုင်ကြရအောင်"

အိုးယန်မိသားစုခေါင်းဆောင်သည် ဧည့်ခန်းမဆောင်သို့ ချင်းမင်အား ခေါ်ဆောင်သွားခဲ့သည်။ သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က မွှေးကြိုင်သော လက်ဖက်ရည်ကို ချက်ချင်းလာရောက်ပို့ဆောင်ပေးပြီး စားပွဲများနှင့် ထိုင်ခုံများကို ပြင်ဆင်ပေးလိုက်သည်။

"မင်းကို ရယ်စရာဖြစ်အောင် လုပ်မိသလို ဖြစ်သွားပြီ....ငါတို့က စားပွဲတွေ ထိုင်ခုံတွေကို အခုမှ နေရာပြန်ချနေရတယ်"

"ကိစ္စမရှိပါဘူး... အိုးယန်မိသားစုအတွက် မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်စေခဲ့မိလို့ ကျွန်တော်က တကယ့်ကို ရှက်ရွံ့မိပါတယ်"

အိုးယန်မိသားစု ဤမျှထိ ဒုက္ခရောက်ခဲ့ရခြင်းမှာ သူ့ကြောင့် ဖြစ်နေကြောင်း ချင်းမင်က ပြောဆိုလိုက်ခြင်းပင်။ အကယ်၍ သူတို့ ချင်းမိသားစုနှင့် ချန်မိသားစု တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းသာ ရှိနေခဲ့လျှင် အိုးယန်မိသားစုသည်လည်း ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။

သို့သော် အဆုံးသတ်တွင် ချင်းမင်က လိမ္မာပါးနပ်စွာဖြင့် ချန်မိသားစုကို အနိုင်ယူနိုင်ခဲ့သည်။

"ဒီလူအိုကြီးက ရှက်မိပါတယ်....ချင်းမိသားစုက ဒီလို ကပ်ဘေးကြီး ကြုံနေရတာတောင် ငါတို့ အိုးယန်မိသားစုက ဘာမှ မကူညီနိုင်ခဲ့ဘူး... ငါတို့က အမြီးကုပ်ပြီးတော့ အပြင်ကို ထွက်ပြေးရုံပဲ တတ်နိုင်ခဲ့ကြတယ်"

အိုးယန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။

"အဲ့ဒီလို မဟုတ်ပါဘူး...ခင်ဗျားတို့ အိုးယန်မိသားစုက ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်.... ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ အိုးယန်မိသားစုကို ဒုက္ခရောက်စေခဲ့တာက ကျွန်တော်တို့ ချင်းမိသားစုပါ"

ချင်းမင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။

"ထားလိုက်ပါတော့.... ဒါတွေက ပြီးသွားပါပြီ ငါတို့က အတိတ်က အကြောင်းတွေကို စိတ်ပူမနေသင့်တော့ဘူး.... ဒီတစ်ခေါက် မင်း ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"

အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။ ချင်းမင်သည် လျှိုမြို့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသဖြင့် ယခုအချိန်၌ အလွန် အလုပ်များနေမည်မှာ သေချာပေ၏။ ချင်းမင်အနေဖြင့် တောင်းပန်ရန် သက်သက်အတွက်တော့ ဤနေရာသို့ လာလိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။

ထို့ပြင် ချင်းမိသားစုတွင် အမှားတစ်စုံတစ်ရာ မရှိခဲ့ပေ။ သူတို့နှစ်ဦးကြားတွင် မဟာမိတ်ပြုခြင်းသည် အကျိုးစီးပွားပေါ်တွင် မူတည်ခဲ့ပြီး အနိုင်အရှုံးကို လက်ခံရမည်သာ ဖြစ်သည်။

အခန်း ၁၂၂:လက်ဖက်ရည်

အိုးယန်မိသားစုခေါင်းဆောင်သည် ချင်းမင်ကို ထိုင်ခုံတွင် ထိုင်ရန် ညွှန်ပြလိုက်ပြီး သူကိုယ်တိုင် လက်ဖက်ရည် ဖျော်ပေးလိုက်သည်။

ချင်းမင်က တည်ငြိမ်စွာ ပြောဆိုသည်။

"အဘိုးအိုးယန်.....ဒီတစ်ခေါက် ကျွန်တော် လာတာက လျှိုမြို့ရဲ့ အကျိုးအမြတ်တွေကို ခွဲဝေဖို့ပါ.... ကျွန်တော်တို့ ချင်းမိသားစုက ကျူးကျော်လာတဲ့ ရန်သူတွေကို အနိုင်ယူနိုင်ခဲ့ပြီး လျှိုမြို့ရဲ့ နံပါတ်တစ် မိသားစု ဖြစ်လာခဲ့ပါပြီ ...ဒီကိစ္စအတွက် အိုးယန်မိသားစုရဲ့ အကူအညီလည်း မရှိမဖြစ် လိုအပ်ခဲ့တယ်.....အခု အောင်မြင်မှုရဲ့အသီးအပွင့်တွေကို ရယူဖို့ အချိန်ရောက်ပါပြီ....ဒါပေမဲ့ ကျွန်တော်တို့ ညှိနှိုင်းရအုံးမှာပါ"

လက်ဖက်ရည်ငှဲ့နေသော အဘိုးအို၏လက် တုန်ရီသွားပြီး လက်ဖက်ရည်များ ဖိတ်စင်သွားသည်။

သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး အိုးယန်မိသားစုခေါင်းဆောင်က လက်ဖက်ရည် ပြန်ဖျော်လိုက်၏။

"ကျွန်တော် ဖျော်ပေးပါရစေ...ခင်ဗျား ထိုင်နေပါ"

ချင်းမင်က အိုးယန်ခေါင်းဆောင်၏လက်ကို ဆုပ်ကိုင်ကာ ဘေးသို့ဖယ်လိုက်ပြီး လက်ဖက်ရည် စတင်၍ ဖျော်စပ်လိုက်သည်။

အဘိုးအိုအိုးယန်က ချင်းမင်အတွက် သူကိုယ်တိုင် လက်ဖက်ရည် ဖျော်ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူတို့နှစ်ယောက်သည် တန်းတူအနေအထား၌ရှိကြောင်း ပြသနေခြင်းပင်။ သို့သော် ချင်းမင်သည် အဘိုးအိုအိုးယန်ကို အမှန်တကယ် လက်ဖက်ရည်ဖျော်ခိုင်း၍ မဖြစ်နိုင်ပေ။

အဘိုးအိုအိုးယန်သည် အကြီးအကဲတစ်ဦး ဖြစ်ရာ ဂျူနီယာတစ်ဦးအနေဖြင့် အကြီးအကဲတစ်ဦးကို မည်သို့ လက်ဖက်ရည် ဖျော်ခိုင်းနိုင်မည်နည်း။

"အိုပြီ...ငါက အိုနေပြီ... အသုံးမကျတော့ဘူး"

ချင်းမင်၏ ကျွမ်းကျင်သော လက်ဖက်ရည် ဖျော်စပ်မှုကို ကြည့်ရင်း အိုးယန်မိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။

အကယ်၍သာ သူ၏မိသားစုတွင် ချင်းမင်ကဲ့သို့သော မျိုးဆက်သစ် လူငယ်တစ်ဦး ရှိခဲ့လျှင် သူ အိပ်မက်ထဲတွင်ပင် ပြုံးပြီး နိုးထနိုင်ပေလိမ့်မည်။ သို့ရာတွင် ကံဆိုးစွာဖြင့် သူ၏မိသားစုမှ မျိုးဆက်သစ်လူငယ်များသည် အရည်အချင်းအရ လက်ခံနိုင်ဖွယ် ရှိသော်လည်း ချင်းမင်နှင့်ယှဉ်လိုက်ပါက နဂါးတစ်ကောင်နှင့်တီကောင်တစ်ကောင် နှိုင်းယှဉ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ချင်းမင်သည် လျှိုမြို့တစ်မြို့လုံးတွင် လေနှင့်မိုးကို စတင်၍ မွှေနှောက်နေပြီ ဖြစ်သော်လည်းအိုးယန်မိသားစု၏ မျိုးဆက်သစ်လူငယ်များသည် အကြီးအကဲများ၏အရိပ်အာဝါသအောက်တွင် နေထိုင်နေကြဆဲပင်။

"မဟုတ်တာ....အဘိုးအိုးယန်က ငယ်ပါသေးတယ်...ပြီးတော့ မဟာသိုင်းဆရာကြီးနယ်ပယ်က ကျင့်ကြံသူတစ်ယောက်ပဲလေ....တိုက်ခိုက်နေတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး အိုမင်းနိုင်မှာလဲ"

လက်ဖက်ရည် ဖျော်နေသော ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

အချိန်တခဏအကြာတွင် ချင်းမင်သည် လက်ဖက်ရည်ဖျော်ပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်နှင့် သူ့အတွက် တစ်ခွက်စီ ငှဲ့လိုက်သည်။

"လက်ရာ ကောင်းလိုက်တာ...."

အိုးယန်မိသားစုခေါင်းဆောင်က ချင်းမင် ကမ်းပေးသော လက်ဖက်ရည်ကို မြည်းစမ်းကြည့်ကာ တစ်ငုံသောက်ပြီးနောက် အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဒါက ခင်ဗျားတို့ အိုးယန်မိသားစုက လက်ဖက်ခြောက်လေ"

ချင်းမင်ကလည်း လက်ဖက်ရည် တစ်ငုံသောက်ရင်း ပြုံးလိုက်သည်။

အိုးယန်မိသားစုခေါင်းဆောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဤသည်မှာ သူ၏မိသားစုတွင် အကောင်းဆုံး လက်ဖက်ခြောက် ဖြစ်သောကြောင့် အရသာကောင်းမွန်သည်မှာ အမှန်ပင်။

ပုံမှန်အားဖြင့် အစေခံများ ဖျောစပ်သော လက်ရာသည် မဆိုးလှသော်လည်း ချင်းမင် ဖျော်စပ်သော လက်ဖက်ရည်မှာမူ အရသာ အထူးကောင်းမွန်နေသည်။ ချင်းမင်သည် မည်သူ့ထံမှ သင်ယူခဲ့သည်ကို မသိရသော်လည်း သူ လက်ဖက်ရည်ဖျော်သည့် နည်းစနစ်သည် ကျွမ်းကျင်ပညာရှင်အဆင့် ဖြစ်နေပေ၏။

ဤသည်မှာ သူသည် အထူးတလည် လေ့ကျင့်ထားသည့်အလားပင်။

"ချင်းမင်.... မင်းက လက်ဖက်ရည်ဖျော်တာ တော်သားပဲ.... ငါတို့မိသားစုက ပုံမှန် လက်ဖက်ရည်ဖျော်စပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေတောင် မင်းရဲ့လက်ဖက်ရည်နဲ့ မယှဉ်နိုင်ဘူး"

အိုးယန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။

ချင်းမင်က လက်ကာပြပြီး ပြောဆိုလိုက်၏။

"အဘိုးအိုးယန်....ခင်ဗျားက ကျွန်တော့်ကို ရယ်စရာ ပြောနေတာပဲ....ကျွန်တော့်ရဲ့ နိမ့်ပါးတဲ့ အရည်အချင်းက လက်ဖက်ရည်ဖျော်စပ်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

အိုးယန်မိသားစုခေါင်းဆောင်သည် ချင်းမင်က လျှိုမြို့၏ အကျိုးအမြတ်များကို ခွဲဝေလိုသည်ဟု အစောပိုင်းက ပြောခဲ့သည်ကို မကြားလိုက်သည့်အလား လက်ဖက်ရည် သောက်သုံးခြင်းကိုသာ အာရုံစိုက်နေသည်။

လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ချင်းမင်က စတင်၍ ပြောဆိုလိုက်သည်။

"အဘိုးအိုးယန်.... ဒီတစ်ခေါက် ကျွန်တော် လာတာက အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေကြမလဲဆိုတာ ဆွေးနွေးဖို့ပါ.....အခု လျှိုမြို့တစ်မြို့လုံးက ချင်းမိသားစုနဲ့ အိုးယန်မိသားစုပိုင် ဖြစ်နေပြီ.... နောက်ကျမှ စိတ်မချမ်းမြေ့စရာ ကိစ္စတွေ မဖြစ်ရအောင် အခုပဲ ခွဲဝေကြရအောင်"

လျှိုမြို့တစ်မြို့လုံးဟု ဆိုသလော...

အိုးယန်မိသားစုခေါင်းဆောင်သည် ထိတ်လန့်သွားပြီး လျှိုမြို့တစ်မြို့လုံး၏ အကျိုးအမြတ်များကို ခွဲဝေရမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

"မင်းက လျှိုမြို့တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဆိုတော့ မြို့တော်ဝန်က ဘယ်ရောက်သွားလဲ"

အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းသည်။

"မြို့တော်ဝန်က မကြာခင်မှာ မြို့တော်ဝန်ရာထူးမှာ ဆက်နေနိုင်မှာ မဟုတ်ဘူး.... အချိန်တန်ရင် သူ့ကို လျှိုမြို့ကနေ ထွက်သွားခိုင်းလိုက်မှာပါ.... တကယ်လို့ သူက အခြေအနေကို နားမလည်ရင်တော့ လျှိုမြို့မှာ ထာဝရ နေသွားရလိမ့်မယ်"

ချင်းမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

နန်းတော်မှ ခန့်အပ်လွှာ ရောက်လာသည်နှင့် မြို့တော်ဝန်ကို သူ သတ်ဖြတ်နိုင်သည်။

အမှန်အားဖြင့် ချင်းမင်သည် လူသတ်ခြင်းကို နှစ်သက်သူ မဟုတ်ပေ။ အကယ်၍ မြို့တော်ဝန်ချန်သာ လိမ္မာပါးနပ်စွာ ထွက်ခွာသွားပါက ချင်းမင်အနေဖြင့် သူ့ကို လွှတ်ပေးရန် ဝန်လေးမည် မဟုတ်ပေ။

သို့သော် မြို့တော်ဝန်ချန်သာ လျှိုမြို့မှ မထွက်ခွာဘဲ ဆက်နေမည်ဆိုပါက ချင်းမင်သည်သူ၏နည်းလမ်းများကို ပြသပေးရပေလိမ့်မည်။

မြို့တော်ဝန်ချန်သည် မြို့တော်ဝန် မဟုတ်တော့သည့်အချိန်၌ ချင်းမင်သည် သူ့ကို သတ်လိုက်လျှင်ပင် နန်းတော်၏ ဂုဏ်သိက္ခာ ထိခိုက်မည် မဟုတ်သဖြင့် ပြဿနာရှိမည် မဟုတ်ချေ။

အခန်း ၁၂၃: လျှိုမြို့ကို ခွဲဝေခြင်း

ချင်းမင်က ဂရုမစိုက်သကဲ့သို့ ပြောဆိုလိုက်သော်လည်း အိုးယန်မိသားစုခေါင်းဆောင်သည် ထိတ်လန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချင်းမင်၏စကားများမှ အဓိပ္ပါယ်ကို နားထောင်ကြည့်လျှင် သူသည် မြို့တော်ဝန်ကို အနည်းငယ်မျှ အရေးစိုက်ပုံ မရပေ။

ချင်းမင်၏ ရည်မှန်းချက် မည်မျှထိ မြင့်မားသည်ကို မသိနိုင်သော်လည်း အဆင့်မြင့်ရာထူးရှိသော မြို့တော်ဝန်သည်ပင် သူ၏မျက်လုံးထဲသို့ မဝင်ချေ။

ဤသည်ထက်ပို၍ သူရဲကောင်းဆန်သည့်လူမျိုး မရှိနိုင်တော့ပေ။

အိုးယန်မိသားစုခေါင်းဆောင်သည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားလိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ၏အိုးယန်မိသားစုနှင့် ချင်းမိသားစုသည် မဟာမိတ်များ ဖြစ်ကြပြီး ရန်သူများ မဟုတ်ကြချေ။

ချင်းမိသားစုကို စော်ကားမိသည့် ကံကြမ္မာကို ကြည့်လိုက်လျှင် ချန်မိသားစု ပျက်စီးသွားခဲ့ပြီး မြို့တော်ဝန်သည်လည်း ရာထူးမှ ဆင်းပေးရတော့ပေမည်။

"ဝမ်မိသားစုကရော သူတို့ကို ဘယ်လိုလုပ်မလဲ"

အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။

"ဝမ်မိသားစုလား...တကယ်လို့ ဝမ်မိသားစုသာ လိမ္မာရင် သူတို့အတွက် ဟင်းရည်တစ်ငုံလောက် ချန်ထားပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး....သူတို့သာ ကျွန်တော်တို့ ချင်းမိသားစုအပေါ် ရိုးသားရင် ကျွန်တော်လည်း သူတို့ကို ရိုးရိုးသားသား ဆက်ဆံပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး.... တကယ်လို့ သူတို့ မကျေနပ်ချက် တစ်ခုခုရှိပြီးတော့ လျှိုမြို့မှာ ပြဿနာရှာရင်တော့ ချန်မိသားစုရဲ့ ကံကြမ္မာအတိုင်း ဖြစ်သွားလိမ့်မယ်..... ဒါပေမဲ့ ဝမ်မိသားစုခေါင်းဆောင်ကို ကျွန်တော်က ဒုက္ခိတဖြစ်အောင် လုပ်လိုက်ပြီဆိုတော့ နောင်အနာဂတ်မှာ လျှိုမြို့ရဲ့ မိသားစုကြီးလေးခုစာရင်းဝင် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး"

ချင်းမင်သည် လက်ဖက်ရည်သောက်ရင်း ဝမ်မိသားစု၏အနာဂတ်ကို သုံးသပ်လိုက်သည်။

လျှိုမြို့တစ်မြို့လုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပေ၏။ နောင်အနာဂတ်တွင် ဝမ်မိသားစု မည်သို့ ဖြစ်လာမည်ကို သူတို့ကိုယ်တိုင်ကသာ ဆုံးဖြတ်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ ချင်းမင်သည် သူတို့ကို အခွင့်အရေးတစ်ခု ချန်ထားပေးခဲ့သည်။

"ဝမ်မိသားစုခေါင်းဆောင်က ဒုက္ခိတ ဖြစ်သွားပြီလား"

အိုးယန်မိသားစုခေါင်းဆောင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဝမ်မိသားစုခေါင်းဆောင် ဒုက္ခိတ ဖြစ်သွားပြီဆိုတော့ သူတို့မိသားစုထဲက တစ်ယောက်ယောက်က မဟာသိုင်းဆရာကြီးအဆင့်ကို မတက်လှမ်းနိုင်သရွေ့ စိုးရိမ်စရာ မရှိတော့ဘူး"

တိုက်ပွဲဝင်နိုင်သော မဟာသိုင်းဆရာကြီး မရှိသည့် မိသားစုတစ်ခုကို လျှိုမြို့၏ မိသားစုကြီးတစ်စုဟု သတ်မှတ်နိုင်အုံးမည်လော...

မိသားစုကြီးလေးစုစာရင်းထဲသို့ ဝင်နိုင်အုံးမည်လော....

ခွန်အားမရှိပါက မိသားစုငယ်လေးတစ်စုအဖြစ်သာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိသာထင်ရှားသည်။

အရာရာတိုင်းအတွက် ခွန်အားကသာ စကားပြောနိုင်သည်။

"ငါတို့ အိုးယန်မိသားစုကို အကျိုးအမြတ်တွေ ဘယ်လိုခွဲဝေပေးဖို့ မင်း စိတ်ကူးထားလဲ"

အိုးယန်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်၏။

ယခုအချိန်၌ လျှိုမြို့တစ်မြို့လုံးသည် ချင်းမိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဤအဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် လျှိုမြို့တစ်မြို့လုံးတွင် ချင်းမိသားစု၏အင်အားကို မသိသူဟူ၍ မည်သူရှိမည်နည်း...

ချင်းမိသားစုကို ဆန့်ကျင်ရဲသူဟူ၍ မည်သူ ရှိမည်နည်း....

အကျိုးအမြတ် ခွဲဝေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးနေသည်ဟု ဆိုသော်လည်း ချင်းမိသားစုက ပေးသလောက်ကိုသာ သူတို့ အိုးယန်မိသားစုက ယူဆောင်ရပေမည်။

အကယ်၍ ချင်းမိသားစုကသာ တစ်ပြားတစ်ချပ်မှ မပေးလိုပါက အိုးယန်မိသားစုအနေဖြင့် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။

လျှိုမြို့တွင် သူတို့ ဆက်လက်၍ နေထိုင်နိုင်ခြင်းရှိမရှိသည် ယခုချိန်မှစ၍ ချင်းမိသားစုအပေါ်တွင် မူတည်နေသည်။

ကံကောင်းစွာဖြင့် ချင်းမင်သည် ဖြောင့်မတ်သော လူတစ်ယောက် ဖြစ်နေ၍သာ မဟုတ်လျှင် သူ ပြန်လာရဲမည် မဟုတ်ချေ။

အကယ်၍ ချင်းမင်သည် သူ၏အိုးယန်မိသားစုကို အမြင်မကြည်ဖြစ်ပြီး ဖျက်ဆီးလိုက်လျှင် သူသည် မည်သူ့ထံသို့ သွားပြီး အကျိုးအကြောင်း ပြောဆိုရမည်နည်း။

ဤလောကကြီးတွင် အဆုံးသတ်၌ အင်အားအပေါ်တွင်သာ အရာအားလုံး မူတည်သည်။

ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒီလိုလုပ်ကြတာပေါ့....ခင်ဗျားတို့ အိုးယန်မိသားစုရဲ့ မူလဆိုင်တွေကို မရွှေ့ဘူး....လျှိုမြို့တစ်ခုလုံးမှာရှိတဲ့ ဆိုင်ခန်းနှစ်ဆယ်ကို ကျွန်တော် ခွဲပေးမယ်...ကျွန်တော်တို့ ချင်းမိသားစုရဲ့ ဆေးလုံးတွေကိုလည်း ခင်ဗျားတို့ အိုးယန်မိသားစုဆီ ဖြန့်ဝေပေးမယ်"

ချင်းမိသားစုအနေဖြင့် လျှိုမြို့တစ်မြို့လုံးမှ လုပ်ငန်းများကို အိုးယန်မိသားစုနှင့် ခွဲဝေယူရန် မဖြစ်နိုင်ပေ။ အိုးယန်မိသားစုတွင် ထိုမျှထိ အင်အားမရှိသည့်အပြင် အကျိုးစီးပွားများစွာကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိချေ။

သူတို့ကို အကျိုးအမြတ် ပိုပေးလိုက်လျှင် ပြဿနာ ရှိလာနိုင်သည်။

"မဖြစ်ဘူး...ငါတို့ အိုးယန်မိသားစုက အရင်ဆိုင်ခန်းတွေကိုပဲ လိုချင်တာပါ...တခြားဆိုင်တွေက မင်းတို့ ချင်းမိသားစုက ချန်မိသားစုဆီကနေ သိမ်းယူထားတာလေ...ငါတို့ အိုးယန်မိသားစုက ဘာအင်အားစိုက်ထုတ်မှုမှ မပါခဲ့ဘူး... မရသင့်တာကို မယူသင့်ပါဘူး"

အိုးယန်မိသားစုခေါင်းဆောင်က သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ အိုးယန်မိသားစု လျှိုမြို့မှ ထွက်ခွာသွားချိန်တွင် ထိုဆိုင်ခန်းများကို တခြားမိသားစုများက ခွဲဝေယူသွားခဲ့ကြသည်။

ယခုချိန်၌ ဆုံးရှုံးမှုများကို ပြန်လည်ရရှိနိုင်ပြီဖြစ်သောကြောင့် သူ အလွန်စိတ်ကျေနပ်နေလေပြီ။

ထို့ပြင် ချင်းမိသားစုသည် သူတို့အိုးယန်မိသားစုအတွက် ဆေးလုံးများကို ထောက်ပံ့ပေးမည်ဖြစ်ရာ ဤသည်က ကြီးမားသော အကျိုးကျေးဇူးတစ်ခုပင်။

အိုးယန်မိသားစု၏ ဝင်ငွေသည် ယခင်ထက် အနည်းဆုံးနှစ်ဆ ပိုများလာမည်ဟု ဆိုနိုင်ပေ၏။

ဝင်ငွေနှစ်ဆဖြင့် အိုးယန်မိသားစုသည် သိုင်းပညာရှင် မည်မျှထိများများကို လေ့ကျင့်ပေးနိုင်မည်နည်း....

အိုးယန်မိသားစုခေါင်းဆောင်အနေဖြင့် ဤအခြေအနေကို အလွန်စိတ်ကျေနပ်နေမိသည်။

All Chapters