အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း ၁၂၇: နန်းတော်မှ လာသောသူ
ချင်းမင်၏ ကျင့်ကြံမှုအရှိန်နှုန်းသည် အစဉ်အမြဲ လျှင်မြန်နေလေ့ရှိရာ အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးကို သူ၏စုပ်ယူနိုင်စွမ်းလည်း ပို၍ကောင်းမွန်လာခဲ့သည်။
သူသည် ပထမဆုံးအကြိမ် အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးကို သုံးစွဲစဉ်ကကဲ့သို့ နာကျင်မှု မရှိတော့ဘဲ ဖော်ပြ၍မရနိုင်သော လန်းဆန်းမှုကို ခံစားမိသည်။
ချင်းမင်အနေဖြင့် အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးကို အသုံးပြုနိုင်ရသည့် ပထမအကြောင်းရင်းမှာ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို များစွာတိုးမြှင့်ပေးသည့် အထူးကျင့်စဉ်ကြောင့်ပင်။
ဤအချက်သည် အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးကို သူ အသုံးပြုနိုင်ရန် အခြေခံအုတ်မြစ်ကို ပေးစွမ်းခဲ့ခြင်း ဖြစ်ပေ၏။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ချင်းမင်တွင် အဆိပ်အတောက်များ မဝင်ရောက်နိုင်သော ဆေးနတ်ဘုရား ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။
သာမန်သိုင်းပညာရှင်တစ်ဦးသည် အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံးကို သုံးစွဲ၍ ကျင့်ကြံမည်ဆိုပါက ခန္ဓာကိုယ် ပေါက်ကွဲ၍ မသေဆုံးလျှင်ပင် ဆေးအဆိပ်အတောက်ကြောင့် သေဆုံးသွားပေလိမ့်မည်။
အလယ်အလတ်အဆင့် ချီစုစည်းခြင်းဆေးလုံး၏ ဆေးအဆိပ်အတောက်သည် သာမန်သိုင်းပညာရှင်များ တောင်ခံနိုင်သော အရာမျိုး မဟုတ်ချေ။
"ဟူး...."
ချင်းမင်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ မစုပ်ယူနိုင်သော စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏အသက်ရှူထုတ်လိုက်မှုနှင့်အတူ ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်ထွက်သွားသည်။
ရုပ်ခန္ဓာကိုယ်သည် ဒန်တျန်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားကို အမြောက်အများ မစုပ်ယူနိုင်ချေ။ ရုပ်ခန္ဓာကိုယ်မှ စွမ်းအင်စုပ်ယူမှုသည် ဒန်တျန်လောက် ထိရောက်မှု မရှိသည့်အပြင် ဒန်တျန်ကဲ့သို့ စွမ်းအင်များကို ယိုစိမ့်မှုမရှိဘဲ အပြည့်အဝ စုပ်ယူနိုင်ခြင်းလည်း မရှိပေ။
ဤသည်မှာ "ဟွမ်ယွမ်ကျင့်စဉ်" ကို ကျင့်ကြံရာတွင် ခက်ခဲသော အချက်များအနက်မှ တစ်ခုလည်း ဖြစ်သည်။ အကယ်၍ ချင်းမင်သာ အဆင့်ကျော်၍ ဆေးလုံးများကို မစုပ်ယူနိုင်ခဲ့ပါက ဤမျှထိ လျှင်မြန်စွာ တိုးတက်လာလိမ့်မည် မဟုတ်ချေ။
"နောက်ထပ် လေးကြိမ်..."
ချင်းမင်သည် အဆင့်တက်သွားချိန်၌ သိုင်းစစ်သည်တော်အဆင့်သို့ ပြန်ရောက်သွားပြီး စိတ်ဝိညာဉ်ကျင့်စဉ်ကို ယခုမှ စတင်ကျင့်ကြံခါစကဲ့သို့ ဖြစ်နေသည်။
"ငါ့ရဲ့နယ်ပယ်က သိုင်းစစ်သည်တော်နယ်ပယ် ပထမအဆင့်ပဲ ရှိသေးပေမယ့်...သိုင်းစစ်သည်တော်နယ်ပယ်မှာရှိတဲ့ သိုင်းပညာရှင်တွေအားလုံးကို ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ခွန်အား တစ်ခုတည်းနဲ့တင် ဖိနှိပ်ထားနိုင်တယ်"
ယခုချိန်၌ ချင်းမင်၏ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် သူ မတ်တတ်ရပ်နေပြီး သိုင်းစစ်သည်တော်နယ်ပယ်မှ သာမာန်သိုင်းပညာရှင်တစ်ယောက်ကို သူ့အား ရိုက်နှက်ခိုင်းလျှင်ပင် ထိုလူသည် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။
သူ၏ခန္ဓာကိုယ်အတွင်းမှ တလိမ့်လိမ့်ထနေသော စွမ်းအားများကို ခံစားလိုက်ရင်း ချင်းမင်က စိတ်ကျေနပ်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး တံခါး၏အပြင်ဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။
"ငါ ခန့်မှန်းရသလောက်ဆိုရင် တစ်ပတ်အတွင်း သိုင်းစစ်သည်တော်အဆင့်ကို ထပ်ပြီးချိုးဖျက် ဝင်ရောက်နိုင်လောက်တယ်... အဲ့ဒီအချိန်ကျရင် ဆေးနတ်ဘုရားခန္ဓာကိုယ်နဲ့အတူ ငါက သိုင်းဝိညာဉ်နယ်ပယ်ကို ရောက်သွားနိုင်လောက်တယ်"
ချင်းမင်က ဤတိုးတက်မှုအပေါ် အလွန်စိတ်ကျေနပ်နေသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်းတွင် သိုင်းပညာနယ်ပယ်၌ ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်းအတွက် သူ အလွန် စိတ်ကျေနပ်နေခြင်းဖြစ်သည်။
ယခုချိန်၌ ညစာစားချိန်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ချင်းမင်က ထမင်းစားဆောင်သို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုအချိန်တွင် ချင်းအိမ်တော်တံခါးဝမှ သက်ဝင်လှုပ်ရှားနေသော အောင်ပွဲခံသံများ ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
ချင်းမင်က တံခါးဝသို့ အလျင်အမြန် ပြေးသွားနေသော အစေခံတစ်ဦးကို ဟန့်တားပြီး မေးမြန်းလိုက်၏။
"သခင်လေးကို သတင်းပို့ပါတယ်....သခင်ကြီးက လျှိုမြို့ရဲ့ မြို့တော်ဝန်ဖြစ်လာဖို့ အမိန့်စာ ရောက်လာပါပြီ ...သခင်ကြီးက မြို့တော်ဝန် ဖြစ်လာတော့မယ်"
အစေခံက ဝမ်းသာအားရ ပြောဆိုသည်။
ချင်းမင် ခေါင်းညိတ်လိုက်သည်။ တော်ဝင်မိသားစု၏ လုပ်ဆောင်နိုင်စွမ်းသည် အမှန်တကယ်ကို မြင့်မားသည်။
'အင်း...ငါက အကျိုးအမြတ်တွေ အများကြီး ပေးလိုက်လို့များ အဲဒီလူတွေက ကိစ္စကို မြန်မြန် ပြီးပြတ်စေချင်တာလား မသိဘူး..."
ထိုအချိန်တွင် သူ၏ဖခင်ဖြစ်သူ ချင်းယွမ်သည် အိမ်တော်အတွင်းမှ ထွက်လာပြီး တံခါးဝသို့ အလျင်စလို သွားနေသည်။ သူသည် ချင်းမင်ကို တစ်ချက်ကြည့်လိုက်၏။
"ချင်းမင် မြန်မြန်လာ... ငါနဲ့အတူ သွားကြိုရအောင်... ငါက မကြာခင် လျှိုမြို့ရဲ့ မြို့တော်ဝန် ဖြစ်လာတော့မယ်"
ဖခင်ဖြစ်သူ၏ ပျော်ရွှင်နေမှုကို ကြည့်ပြီး ချင်းမင် ရယ်ချင်သွားသည်။ သူ၏ဖခင်ကို ယခင်ကတည်းက သူ ကြိုပြောခဲ့သည် မဟုတ်လော။
သူသည် ဖခင်ဖြစ်သူအတွက် စီစဉ်ပြီးပြီဖြစ်၍ အချိန်တခဏမျှ စောင့်ဆိုင်းလိုက်ရုံဖြင့် မြို့တော်ဝန် ဖြစ်လာမည်မှာ သေချာသည်ဟု ပြောဆိုခဲ့သည် မဟုတ်လော။
ဖခင်ဖြစ်သူသည် ကြိုတင်ပြင်ဆင်ထားပြီးသော ကိစ္စအပေါ် ဤမျှထိ စိတ်လှုပ်ရှားနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"ဟုတ်ကဲ့"
ချင်းမင်သည် များများစားစား မပြောတော့ဘဲ ဖခင်ဖြစ်သူ၏ဘေးမှ လျှောက်လှမ်းသွားကာ ချင်းအိမ်တော်တံခါးဝသို့ အတူတူ ထွက်လာခဲ့ကြသည်။
ချင်းအိမ်တော်တံခါးဝသို့ ရောက်ရှိချိန်၌ ချင်းမိသားစု အကြီးအကဲတစ်ဦးသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
"ဒါက ဘယ်သူလဲ"
အိမ်တော်အတွင်းမှ ထွက်လာသော လူများကို ကြည့်ရင်း သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ရှေ့ရှိ အကြီးအကဲကိုကြည့်ကာ မေးမြန်းလိုက်သည်။
"ဒါက ချင်းမိသားစုခေါင်းဆောင် ချင်းယွမ်ပါ"
ထိုအကြီးအကဲက ချင်းယွမ်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက တာ့ရှားအင်ပါယာက အရှင်ဝမ်ပါ"
"အရှင်ဝမ်ကို တွေ့ရတာ ဝမ်းသာပါတယ်...အထဲကို ဝင်ထိုင်ပါအုံး"
ချင်းယွမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ဒီဘက်ကို ကြွပါ...အရှင်တို့အတွက် အစားအသောက်တွေ ပြင်ဆင်ဖို့ လူလွှတ်ထားပြီးပါပြီ"
နံဘေးနားရှိ အကြီးအကဲက ထောက်ခံပြောဆိုလိုက်ပြီး အကြီးအကဲများအားလုံး ပျော်ရွှင်စွာ ပြုံးရယ်နေကြသည်။
ချင်းမိသားစုခေါင်းဆောင်သည် လျှိုမြို့၏ မြို့တော်ဝန် ဖြစ်လာတော့မည်ဖြစ်ရာ သူတို့ချင်းမိသားစုသည်လည်း မြင့်တက်လာတော့ပေမည်။
အခန်း ၁၂၈: အရှင်ဝမ်အား ဧည့်ခံကျွေးမွေးခြင်း
ချင်းမိသားစု ဧည့်ခံပွဲခန်းမဆောင်တွင် အစေခံ နှစ်ယောက် သုံးယောက်က ဟင်းပွဲများလာချပေးနေကြပြီး အိမ်ဖော်တချို့က ဧည့်သည်များကို ပြုစုပေးနေကြသည်။
ချင်းမိသားစုဝင်များနှင့် အရှင်ဝမ်တို့သည် စားပွဲဝိုင်းတွင် ထိုင်နေကြ၏။
"ဒါက ချင်းမိသားစုရဲ့သခင်လေး ချင်းမင်လား"
အရှင်ဝမ်က ချင်းမင်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"ကျွန်တော်ရဲ့သားပါ"
ချင်းယွမ်က ရယ်မောရင်း ပြောဆိုသည်။
"အော်...."
အရှင်ဝမ်က ဝိုင်အရက်ခွက်ကိုမြှောက်ပြီး ပြောဆိုလိုက်၏။
"ချင်းမိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ... ဒီနေ့မှ တွေ့ဆုံခွင့် ရတော့တယ် ခင်ဗျားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျုပ်က တစ်ခွက်သောက်လိုက်မယ်"
ချင်းမင်သည် ဧည့်သည်ကို မည်သည်ကြောင့် အရင်ဦးအောင် သောက်ခိုင်းနိုင်မည်နည်း။ အရှင်ဝမ်သည် သူ့ထက် အသက်များစွာ ကြီးသူဖြစ်သောကြောင့် ချင်းမင်က သူ၏ခွက်ကို အလျင်အမြန် ကောက်ကိုင်ပြီး ပြောဆိုလိုက်သည်။
"အရှင်ဝမ်... ဒီဝိုင်အရက်တစ်ခွက်ကို ဂျူနီယာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အနေနဲ့ အရှင်ကို ဂုဏ်ပြုပါရစေ.. အရှင်က ကျွန်တော်တို့ဆီကို ခန့်အပ်လွှာ လာပို့ပေးတာလေ... ဒီဝိုင်အရက်ကို ကျွန်တော်က သောက်သင့်ပါတယ်"
အရှင်ဝမ်သည် ပြောဆိုဆက်ဆံရာတွင် အလွန် လိမ္မာပါးနပ်သော ချင်းမင်ကို ကြည့်ပြီး သူ၏စိတ်ထဲတွင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။
ကျော်ကြားသော နာမည်တစ်ခုအောက်တွင် အနှစ်သာရမရှိသော ပညာရှင်ဟူ၍ မရှိပေ။ ဤချင်းမင်ကို သတ္တမမင်းသားက ချီးကျူးခဲ့လေ၏။ ချင်းမင်သည် ဖခင်ဖြစ်သူကို လျှိုမြို့၏ မြို့တော်ဝန် ဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ကို ထူးခြားသည်။
ဤသည်မှာ သူ့ကို သတ္တမမင်းသားနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိစေသည်။ ချင်းမင်သည် ငယ်ရွယ်ပြီး အလားအလာရှိကာ ပြောဆိုဆက်ဆံပုံမှာလည်း ထူးခြားကောင်းမွန်သည်။
"ဒါဆိုရင် ကျုပ်က အားနာမနေတော့ဘူး"
စကားဆုံးသည်နှင့် အရှင်ဝမ်က ဝိုင်အရက်တစ်ငုံ သောက်လိုက်သည်။
"ကောင်းပြီလေ..."
ချင်းယွမ်က အော်ဟစ်လိုက်သည်။
"အားလုံးပဲ....အရှင်ဝမ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်လိုက်ကြရအောင်"
အရှင်ဝမ်သည် ချင်းမိသားစုနှင့် မိတ်ဖွဲ့ရန် စိတ်ဝင်စားနေကြောင်း ချင်းယွမ် မြင်တွေ့ပြီးဖြစ်ရာ သူသည်လည်း အရှင်ဝမ်နှင့် မိတ်ဖွဲ့လိုသည်မှာ အမှန်ပင်။
အရှင်ဝမ်သည် ချင်းမိသားစုကို မည်သို့ပင် သဘောထားစေကာမူ သူသည် သတ္တမမင်းသား၏ လူယုံတစ်ဦး ဖြစ်ပြီး အနာဂတ်တွင် အတိုင်းအဆမဲ့ တောက်ပလာမည့်သူပင်။
သူသည် ချင်းမိသားစုနှင့် ပတ်သက်ဆက်နွယ်လိုသည့် အကြောင်းအရင်းမှာ ချင်းမိသားစု၏လက်ရှိအနေအထားကြောင့် မဟုတ်ချေ။
သတ္တမမင်းသားသည် ချင်းမင်အပေါ်အလွန်အကောင်းမြင်နေပြီး မကြာမီကာလတွင် သူသည် ကုန်းမြေတစ်ခုလုံးတွင် အောင်မြင်ကျော်ကြားလာလိမ့်မည်ဟု ထင်မြင်ယူဆထားသည်။
သတ္တမမင်းသား၏အမြင်ကြောင့် အရှင်ဝမ်သည် ချင်းမင်နှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို စုဆောင်းခဲ့ပြီး သူ မည်မျှထိ ထူးချွန်ကြောင်း သိရှိခဲ့သည်။
ဝမ်မိသားစုနှင့်ချန်မိသားစု နှစ်ခုစလုံးသည် လျှိုမြို့တွင် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မိသားစုများ ဖြစ်ကြသော်လည်း ထိုကဲ့သို့သော အင်အားစုများကို ချင်းမင်က အချိန်တိုအတွင်း၌ အမြစ်ပြတ်ချေမှုန်းပစ်ခဲ့သည်။
ချန်မိသားစု ပျက်စီးသွားခဲ့ပြီး ဝမ်မိသားစုသည် အညံ့ခံခဲ့ရပေ၏။ အိုးယန်မိသားစုကမူ ချင်းမိသားစု၏ မဟာမိတ်အဖြစ် ရှိနေပြီး လျှိုမြို့တစ်မြို့လုံးသည် အချိန်တိုအတွင်း ချင်းမိသားစုအပိုင် ဖြစ်လာခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ချင်းမင်သည် ကျွယ်မင်ခန်းမဆောင်မှ မဟာဆေးပညာရှင်နှင့်လည်း မိတ်ဖွဲ့နိုင်ခဲ့ခြင်းပင်။ သူကိုယ်တိုင်သည်လည်း ပါရမီရှိပြီး ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ချင်းမင်ကို ဖော်ပြရန်အတွက် ငယ်ရွယ်သည့် ပါရမီရှင်ဟူသော စကားလုံးနှင့် မလုံလောက်ချေ။ ထိုကဲ့သို့သော လူတစ်ယောက်နှင့် သူ မည်သည်ကြောင့် မိတ်မဖွဲ့ဘဲ နေမည်နည်း။
ပုံမှန်ဆိုလျှင် သူသည် ခန့်အပ်လွှာလာပို့ရုံသာ ဖြစ်ပြီး အရက်သောက်ရန်မလိုဘဲ အကျိုးအမြတ်ယူကာ ပြန်သွားလေ့ ရှိသည်။
လူများအားလုံး ပျော်ရွှင်နေကြစဉ် အစေခံတစ်ဦးသည် ထိတ်လန့်တကြား ပြေးဝင်လာပြီး ချင်းယွမ်ကို ရှာဖွေကာ သူ၏နားအနီးသို့ကပ်ပြီး စကားအနည်းငယ်ကို တီးတိုးပြောဆိုလိုက်သည်။
ချင်းယွမ်၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။
အရှင်ဝမ်သည်လည်း ချင်းမိသားစုတွင် အရေးကြီးကိစ္စ ရှိနေကြောင်း သိလိုက်ပြီး နှောင့်ယှက်ရန် မသင့်တော်ကြောင်း နားလည်သဖြင့် ပြောဆိုလိုက်၏။
"အချိန်လည်း မစောတော့ဘူး... ကျုပ်လည်း စားသောက်လို့ ဝပါပြီ ....နောက်တစ်ခေါက်မှပဲ ထပ်ပြီးလာလည်ပါတော့မယ်"
ချင်းယွမ်က မတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"ခွင့်လွှတ်ပါ...မိသားစုထဲမှာ ကိစ္စလေးတစ်ခု ဖြစ်သွားလို့ပါ.... နောက်တစ်ခေါက်မှ ကျွန်တော်က အရှင့်ကို ဝိုင်အရက်တိုက်ပြီး ပြန်တောင်းပန်ပါ့မယ်"
"ဒါဆို ကျုပ် အရင်ပြန်နှင့်တော့မယ်....တစ်ခုခုလိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ"
အရှင်ဝမ်က ပြောဆိုလိုက်သည်။
"ချင်းမင်.... အရှင်ဝမ်ကို လိုက်ပို့ပေးလိုက်ပါအုံး"
ချင်းယွမ်က ညွှန်ကြားသည်။
"ဟုတ်ကဲ့...အရှင်ဝမ် ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ချင်းမင်ကလည်း မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
"ကောင်းပြီလေ...."
အရှင်ဝမ်သည် ချင်းမင် သူ့အား လိုက်ပို့ခြင်းကို လိုလားပေ၏။ သူ ဤနေရာ၌ ဝိုင်အရက် သောက်နေခြင်းမှာ ချင်းမင်ကို လေ့လာချင်၍ မဟုတ်လော။
ထိုသို့မဟုတ်ပါက သူသည် မည်သည့်နည်းဖြင့် အားလပ်ချိန်ရပြီး ဤနေရာ၌ အေးအေးလူလူ ဝိုင်အရက် သောက်နေမည်နည်း။ သူ၏ရာထူး ဂုဏ်ဒြပ်အရ သာမန်လူများ ဖိတ်ကြားသည့်နေရာများသို့ သွားရောက်ရန် ဆန္ဒရှိမည် မဟုတ်ပေ။
ချင်းမင်နှင့်အရှင်ဝမ်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်းနောက် လက်ရှိနေရာတွင် ထိုင်နေသော အကြီးအကဲများအားလုံး မိသားစုခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။
ဤအချိန်သည် အရှင်ဝမ်နှင့် ဆက်ဆံရေး တည်ဆောက်ရန် အချိန်ကောင်း ဖြစ်သော်လည်း ချင်းယွမ်က ဧည့်သည်ကို ပြန်လွှတ်လိုက်သည်။ ထိုကြောင့် အရှင်ဝမ်ထက် ပို၍အရေးကြီးသော ထူးခြားသည့် ကိစ္စရပ်တစ်ခု ရှိနေမည်မှာ သေချာပေါက်ပင်။
အရှင်ဝမ်ထက် ပို၍အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်နေသဖြင့် သူတို့ မည်သည်ကြောင့် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
အခန်း ၁၂၉: ဒုတိယအဆင့် သံတိမ်တိုက် သတ္တုရိုင်း
"လျှိုမြို့မှာ အခုပဲ ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့တယ်"
ချင်းယွမ်က ရေတစ်ငုံ သောက်လိုက်ပြီးမှ တုန်လှုပ်ချောက်ချားစွာ ပြောဆိုလိုက်သည်။
"မင်းတို့အားလုံး သိတဲ့အတိုင်းပဲ... ငါတို့ လျှိုမြို့ရဲ့ အရှေ့ဘက် မိုင်သုံးဆယ်အကွာမှာ နတ်ဆိုးသားရဲ တောအုပ်တစ်ခု ရှိတယ်...အဲ့ဒီတောအုပ်ထဲက သားရဲတွေအားလုံးက အဆင့်နိမ့်သားရဲတွေပဲ...တောနက်ကြီးထဲ ရောက်မှသာ အဆင့်မြင့် သားရဲတွေ ရှိတာ....ဒီတောအုပ်က တန်ဖိုးမရှိဘူးလို့ ပြောလို့ရတယ်.... အဲ့ဒါကြောင့်လည်း လျှိုမြို့က မစည်ကားတာပဲ"
"ကျွန်တော်တို့က ငယ်ငယ်ကတည်းက ဒီနေရာမှာ မွေးလာတာဆိုတော့ နတ်ဆိုးသားရဲ တောအုပ်က အကျိုးအမြတ် မရှိဘူးဆိုတာ သိတာပေါ့.... သာမန် စွန့်စားသွားလာသူတွေတောင် အဲ့ဒီထဲကို ဝင်ဖို့ ဝန်လေးကြတယ်...ဘာလို့လဲဆိုတော့ အဲ့ဒီမှာ တန်ဖိုးရှိတဲ့ ဆေးပင်တွေ မရှိသလို သားရဲတွေကလည်း အရမ်းနည်းလွန်းလို့ပဲ"
အကြီးအကဲတစ်ဦးက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
ချင်းယွမ် ဆက်လက်၍ ပြောဆိုသည်။
"မင်းတို့ကို ငါ ပြောပြမယ်... ဒုတိယအဆင့် သံတိမ်တိုက် သတ္တုရိုင်းတွင်းတစ်တွင်းကို နတ်ဆိုးသားရဲတောအုပ်ထဲမှာ တွေ့ရှိခဲ့ကြတယ်...ဒါက သေးငယ်ပေမယ့် တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းတယ်... ဒါကြောင့်ပဲ ငါက အရှင်ဝမ်ကို ပြန်လွှတ်လိုက်တာလေ.... ဒီကိစ္စရဲ့ အကျိုးအမြတ်က အရမ်းကြီးမားလွန်းတယ်"
"ဘာ.... ဒုတိယအဆင့် သံတိမ်တိုက် သတ္တုရိုင်းကို နတ်ဆိုးသားရဲတောအုပ်ထဲမှာ တွေ့ခဲ့တာလား"
"သံတိမ်တိုက် သတ္တုရိုင်းဆိုတာ လက်နက်တွေနဲ့ သံချပ်ကာတွေ သွန်းလုပ်ဖို့အတွက် အရေးအကြီးဆုံး ပစ္စည်းပဲ....ပြီးတော့ အမြဲတမ်း ရှားပါးနေတာ...တကယ်လို့ ငါတို့ ချင်းမိသားစုသာ ဒီသတ္တုတွင်းကို ရလိုက်ရင် ချင်းမိသားစုက ချန်ယန်မြို့က မိသားစုကြီးတွေနဲ့တောင် ယှဉ်နိုင်တဲ့ မိသားစုကြီးတစ်စု အလွယ်တကူ ဖြစ်လာနိုင်တယ်"
"ဒီလို ဆင်းရဲတဲ့ နေရာမျိုးမှာ ဒုတိယအဆင့် သံတိမ်တိုက် သတ္တုရိုင်းတွင်း ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
အကြီးအကဲများအားလုံးသည် ထိုသတင်းကို ကြားလိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် ဆွေးနွေးငြင်းခုံကြတော့သည်။
ချင်းယွမ်က သူတို့ ဆွေးနွေးသည်ကို အချိန်တခဏကြာမျှ စောင့်ကြည့်ပြီးနောက် မေးမြန်းလိုက်သည်။
"ဒါဆိုရင် ငါတို့က ဒီသတ္တုတွင်းကို သိမ်းပိုက်မလား ဒါမှမဟုတ် ဝင်မပါဘဲ နေမလား"
ယခင် ချင်းမိသားစုသာ ဆိုလျှင် ဤကဲ့သို့ အကျိုးအမြတ်မျိုးကို ချင်းယွမ် ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်၌ ချင်းမိသားစုသည် လျှိုမြို့တွင် အကြီးဆုံးအင်အားစု ဖြစ်နေလေပြီ။
သူတို့၏အင်အားသည်လည်း ဤကိစ္စ၌ ဝင်ရောက်စွက်ဖက်ရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုနိုင်ပေ၏။
"ဒီလောက် ကြီးမားတဲ့ အကျိုးအမြတ်ဆိုရင် ချန်ယန်မြို့က မိသားစုတွေ အင်အားစုတွေ သေချာပေါက် ဝင်ပါလာလိမ့်မယ်....ငါတို့ ချင်းမိသားစုက လျှိုမြို့မှာ နံပါတ်တစ် ဖြစ်နေပြီ ဆိုပေမယ့် ချန်ယန်မြို့က အင်အားစုတွေနဲ့ ယှဉ်ရင်တော့ ကွာဟချက်တွေ ရှိနေသေးတယ်"
အကြီးအကဲတစ်ဦးက ပြောဆိုသည်။
ချင်းယွမ်သည် အချိန်တခဏကြာမျှ စဉ်းစားလိုက်သော်လည်း ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်။
သူ လက်လွှတ်လိုသော်လည်း နှမြောနေမိသည်။ သို့ရာတွင် သံတိမ်တိုက် သတ္တုရိုင်းကို ဝင်ရောက်လုလျှင်လည်း သူ၏အင်အား မလုံလောက်မည်ကို ကြောက်ရွံ့နေမိသည်။
"ဒီမှာ ဆွေးနွေးမနေကြနဲ့တော့..အခြေအနေ အတိအကျကို သွားကြည့်ကြရအောင်... ငါတို့ ချင်းမိသားစုက လျှိုမြို့ရဲ့ထိပ်သီးအင်အားစု ဖြစ်သလို ငါကလည်း မြို့တော်ဝန် ဖြစ်နေပြီဆိုတော့ အားသာချက်တချို့ ရှိမှာပါ....တကယ်လို့ အခွင့်အရေးရှိရင် ငါတို့က သတ္တုတွင်းကို လုယူဖို့ ကြိုးစားမယ်... အခွင့်အရေးမရှိရင် လက်လျှော့လိုက်မယ်... အခု အရေးကြီးဆုံးက မြို့တော်ဝန်ရာထူးကို ခိုင်မာအောင် လုပ်ဖို့ပဲ"
ချင်းယွမ်က စဉ်းစားပြီးနောက် အဆုံးသတ် စကားကို ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ချင်းမင်က ပြင်ပမှ ပြန်ရောက်လာသည်။ သူသည် အရှင်ဝမ်ကို တံခါးဝအထိ လိုက်ပို့ပြီး ပြန်လှည့်လာခြင်း ဖြစ်သည်။
တခြားလူများ၏ မျက်လုံးထဲတွင် အရှင်ဝမ်သည် လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သို့ရာတွင် ချင်းမင်၏ မျက်လုံးထဲတွင်မူ သူ၏နောက်၌ တော်ဝင်မိသားစု ရှိနေသည့်တိုင် အရှင်ဝမ်သည် သာမန်မဟာသိုင်းဆရာကြီးတစ်ဦးမျှသာ ဖြစ်သည်။
"ဘာဖြစ်တာလဲ"
ချင်းမင်က မေးမြန်းသည်။
ချင်းယွမ်က ချင်းမင်အား လျှိုမြို့ရှိ နတ်ဆိုးသားရဲ တောအုပ်ထဲတွင် ဒုတိယအဆင့် သံတိမ်တိုက် သတ္တုရိုင်းတွင်း တွေ့ရှိသည့်အကြောင်းကို အသေးစိတ် ပြောပြလိုက်သည်။
ချင်းမင်က မျက်မှောင်ကြုတ်ပြီး နေရာ၍ ဝင်ထိုင်လိုက်၏။
ယခုမှသာ အခြေအနေသည် အနည်းငယ် ငြိမ်သက်သွားခါစ ရှိသေးသော်လည်း ဤကိစ္စကြောင့် လျှိုမြို့သည် နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်လာပေတော့မည်။
အဖြစ်အပျက်များသည် အမှန်တကယ်ကို များလွန်းသည်။
ချင်းမင်အတွက်မူ ဤသတ္တုတွင်းသည် လုံးလုံးလျားလျား အသုံးမဝင်ချေ။
သို့ရာတွင် တခြားလူများအတွက်မူ မတူညီပေ။ မည်သည့် အင်အားစုမဆို ဤသတ္တုတွင်းကို ရရှိလိုက်ပါက အချိန်အတိုင်းအတာတစ်ခုကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ချန်ယန်မြို့နှင့် ယှဉ်နိုင်သော မိသားစုကြီးတစ်ခု ဖြစ်လာနိုင်သည်။
ဖခင်ဖြစ်သူသည်လည်း ဤသတ္တုတွင်းကို စိတ်ဝင်စားနေပုံရသည်။
ချင်းယွမ်သည် မျက်မှောင်ကြုတ်နေသော သားဖြစ်သူကို ကြည့်ကာ မေးမြန်းလိုက်၏။
"ချင်းမင်... မင်း ဒီကိစ္စကို ဘယ်လိုမြင်လဲ"
ချင်းမင်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"အဖေ....ဒီသတ္တုတွင်းက ကျွန်တော်တို့ ချင်းမိသားစုအတွက် ဘာအကျိုးမှ မရှိပါဘူး... ကျွန်တော်တို့ ချင်းမိသားစုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပြတ်လပ်မှာ မဟုတ်ဘူး....လျှိုမြို့တစ်မြို့လုံး ရှိနေတယ်.... ပြီးတော့ ကျွန်တော့်ရဲ့ဆရာက မဟာဆေးပညာရှင်လေ...ချင်းမိသားစု မြင့်တက်သွားဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တာ....ဒါပေမဲ့ ဒီသတ္တုတွင်းက ကျိန်စာတစ်ခုပဲ...ကျွန်တော်တို့ ချင်းမိသားစုအတွက် ရှောင်လွှဲလို့ မရနိုင်ဘူး...ဒါက အသုံးမဝင်တဲ့အပြင် ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်"