← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း ၁၃၀: သံတိမ်တိုက် သတ္တုတွင်းအတွက် နောက်ဆုံးဆုံးဖြတ်ချက်

ချင်းယွမ်နှင့်အကြီးအကဲများ အတွေးများအတွင်း၌ နစ်မြောသွားကြသည်။

ချင်းမင်၏ မှတ်ချက်စကားများသည် လောဘတက်နေသူများကို ချက်ချင်းနိုးထသွားစေခဲ့သည်။ ယခုချိန်၌ ချင်းမိသားစုတွင် လုံလောက်သော ပိုင်ဆိုင်မှုများ ရှိနေလေပြီ။

လက်ရှိ ပိုင်ဆိုင်ထားသည်များကို ချေဖျက်နိုင်ရုံဖြင့် ချင်းမိသားစု တိုးတက်လာရန် လုံလောက်နေပြီးဖြစ်သည်။ အကယ်၍ လောဘကြီးလွန်းပါက ချင်းမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည် မဟုတ်ချေ။

ချင်းမင်က ထပ်မံ၍ ပြောဆိုလိုက်သည်။

"ပြီးတော့ ခင်ဗျားတို့ စဉ်းစားဖူးလား...အခုမှ ကျွန်တော်တို့က လျှိုမြို့ရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခါစပဲ ရှိသေးတာ.... လျှိုမြို့မှာ ဒီလိုကိစ္စကြီး ဖြစ်လာရင် ကျွန်တော်တို့က မြို့ကို ထိန်းချုပ်တဲ့နေရာမှာ ပြဿနာတွေ ဖြစ်မလာနိုင်ဘူးလား"

ဤသည်မှာ ဖြစ်လာနိုင်သည် မဟုတ်ဘဲ သေချာပေါက် ဖြစ်လာမည့် ကိစ္စပင်။

ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းသည် ရောင့်ရဲမှုမရှိသော မိသားစုများကို ဆွဲဆောင်ရန် လုံလောက်ပေ၏။

ချင်းမိသားစုသည် လျှိုမြို့တွင် ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်း ရှိနေကြောင်း ရုတ်တရက် ကြားလိုက်ရပြီး သိမ်းပိုက်ချင်စိတ်များ ပေါက်ဖွားလာခဲ့သည်။

တခြားမိသားစုကြီးများသည်လည်း ချင်းမိသားစုထက် ပို၍လောဘကြီးပြီး ဗိုလ်ကျစိုးမိုး လာပေလိမ့်မည်။ အနာဂတ်တွင် လျှိုမြို့၌ ပြောင်းလဲမှုများ မည်မျှထိများများ ဖြစ်လာမည်ကို မသိနိုင်ကြချေ။

"အမှန်ပဲ...."

ချင်းယွမ်က မတ်တတ်ထရပ်ပြီး ပြောဆိုသည်။

"မင်အာ ပြောတာ မှန်တယ်....ငါတို့ရဲ့ အခြေစိုက်စခန်းက လျှိုမြို့ပဲ.... လျှိုမြို့ကို ထိန်းချုပ်ဖို့က ပထမ ဦးစားပေးပဲ....ပြီးတော့ ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းကို ငါတို့ ရရင်တောင်မှ အချိုမုန့်ပေါ် သကြားဖြူးသလောက်ပဲ ရှိမှာ ....အဲ့ဒီအစား အကျပ်အတည်းတွေ အများကြီး ကြုံလာရလိမ့်မယ်.... ယေဘုယျပြောရရင် သံတိမ်တိုက် သတ္တုတွင်း ထွက်ပေါ်လာတာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများတယ်"

အကြီးအကဲများသည် ထိုစကားများကို ကြားချိန်၌ ခေါင်းညိတ်လိုက်ကြ၏။

အကြီးအကဲတစ်ဦး ဖြစ်လာသည်ဆိုကတည်းက ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျသူ မဟုတ်ကြောင်း သိသာထင်ရှားသည်။

သူတို့သည် လောဘစိတ်မှ နိုးထလာသည်နှင့် အန္တရာယ်ကို ချက်ချင်းတွေးတောမိကြသည်။

ယခုချိန်၌ ချင်းမိသားစုတွင် မဟာဆေးပညာရှင် ရှိနေပြီး လျှိုမြို့တစ်မြို့လုံးက ထောက်ပံ့ပေးနေသဖြင့် ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းအတွက် ဝင်ရောက်လုယူရန် မလိုအပ်ချေ။

ချင်းမိသားစု၏ မဟာဆေးပညာရှင်နှင့် လျှိုမြို့တစ်မြို့လုံးကို တခြားသူများမှ လုယူလိုလျှင်ပင် သူတို့ထံ၌ နည်းလမ်းရှိမည် မဟုတ်ပေ။

သို့ရာတွင် ဒုတိယအဆင့် သတ္တုတွင်းကိုမူ တခြားလူများ သေချာပေါက် မက်မောကြလိမ့်မည်။ ဤသည်မှာ မြင်သာထင်သာရှိသော အကျိုးစီးပွားတစ်ခု ဖြစ်ပြီး ယှဉ်ပြိုင်ရယူနိုင်သော အကျိုးစီးပွားတစ်ခု ဖြစ်သည်။ ထို့ကြောင့် မိသားစုကြီးများသည် ဤသတ္တုတွင်းကို သေချာပေါက် လက်လွှတ်ခံကြမည် မဟုတ်ချေ။

"ဒါဆိုရင် ငါတို့ အခု ဘာလုပ်သင့်လဲ"

အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။

"ငါတို့က ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းနဲ့ ပတ်သက်ပြီး မယှဉ်ပြိုင်ချင်ဘူးဆိုတော့.... အခု ငါတို့ရဲ့ရပ်တည်ချက်ကို ပြသရမလား"

ထိုအကြီးအကဲ၏စကားကို ကြားလိုက်ရချိန်၌ ချင်းယွမ်နှင့်လူများအားလုံး လေးလေးနက်နက် စဉ်းစားလိုက်ကြသည်။

သံတိမ်တိုက် သတ္တုတွင်းကို ယှဉ်ပြိုင်ရန် အစီအစဉ် မရှိသည့်အတွက် ဤပြဿနာအရှုပ်အထွေးများမှ ကင်းလွတ်ကြောင်း သူတို့၏ရပ်တည်ချက်ကို ပြသသင့်သလော...

"ကျွန်တော်တို့ ချင်းမိသားစုက ကြေညာချက် မထုတ်သင့်ဘူး... ပြီးတော့ ကြေညာချက် ထုတ်မယ့်အစား သတင်းစုံစမ်းဖို့ လူတွေကို ပိုလွှတ်ထားရမယ်"

ချင်းမင်က မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဘာလို့လဲ...."

အကြီးအကဲတစ်ဦးက မေးမြန်းသည်။

"ငါတို့က သံတိမ်တိုက် သတ္တုရိုင်းကို မယှဉ်ပြိုင်တော့ဘူးဆိုမှတော့ အမြန်ဆုံး ဆုတ်ခွာသင့်တာပေါ့....ဘာလို့ လူတွေကို ထပ်ပြီးစေလွှတ်ဖို့ လိုအပ်နေတာလဲ"

လူများအားလုံး ချင်းမင်ကို ကြည့်ပြီး သူ၏ရှင်းပြချက်ကို နားထောင်လိုကြ၏။

ချင်းမင်သည် မိသားစုကိစ္စရပ်များစွာတွင် ပါဝင်ခဲ့ဖူးပြီး အရာရာကို သေသပ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအချိန်၌ ချင်းမင်သည် ချင်းမိသားစုတွင် မရှိမဖြစ် လိုအပ်သော ဆုံးဖြတ်ချက်ချသူများအနက်မှ တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူပြောဆိုသော စကားသည် အလွန်အရေးပါပေ၏။

အကြီးအကဲများ၏အကြည့်များကို မြင်တွေ့ချိန်၌ ချင်းမင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ပထမဆုံးအချက်က ကျွန်တော်တို့ ရပ်တည်တဲ့ အကြောင်းပြချက်က သံတိမ်တိုက် သတ္တုတွင်းက ကျွန်တော်တို့အတွက် သိပ်အသုံးမဝင်လို့ဆိုတဲ့ အကြောင်းပြချက် မဖြစ်စေရဘူး...အဲ့ဒီလိုဆိုရင် တခြားလူတွေက ကျွန်တော်တို့ ချင်းမိသားစုက အားနည်းပြီး အနိုင်ကျင့်လို့ ရတယ်လို့ ထင်သွားကြလိမ့်မယ်... ပြီးတော့ အဲ့ဒီ ငတ်မွတ်နေတဲ့ ဝံပုလွေလို ကောင်တွေကို အခွင့်အရေး ပေးသလို ဖြစ်သွားလိမ့်မယ်...ဒုတိယအချက်က သံတိမ်တိုက် သတ္တုတွင်းက လျှိုမြို့မှာ ရှိနေတာ...ကျွန်တော်တို့ ချင်းမိသားစုက လျှိုမြို့ရဲ့ အရှင်သခင်ပဲ.... ကျွန်တော်တို့ မပတ်သက်ချင်ဘူး ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စဆိုတာ သိသာတယ်....ဒါကြောင့် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်မပြောဘဲနဲ့ သံတိမ်တိုက် သတ္တုတွင်းကို ပိုပြီး အာရုံစိုက်ရမယ်....နောက်ဆုံးအနေနဲ့ လျှိုမြို့ရဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ချင်းမိသားစုက သံတိမ်တိုက် သတ္တုတွင်း ယှဉ်ပြိုင်မှုကနေ နုတ်ထွက်တယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်မယ်.... ဒါပေမဲ့ လျှိုမြို့မှာ ပြဿနာ လာရှာတဲ့သူ ဘယ်သူမဆို ကျွန်တော်တို့ ချင်းမိသားစုရဲ့ ရိုင်းစိုင်းမှုကို အပြစ်မတင်နဲ့တော့"

လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီအတွင်း၌ သူရရှိခဲ့သော အတွေ့အကြုံများထဲတွင် မဖြစ်ပျက်ခဲ့ဖူးသောအရာဟူ၍ မည်သည့်အရာ ရှိမည်နည်း။

ဤတစ်ကြိမ်တွင် ချင်းမိသားစုအနေဖြင့် ဤအကျပ်အတည်းမှ ဘေးကင်းစွာ လွတ်မြောက်လိုပါက အကောင်းဆုံးအရာမှာ ဦးစွာတင်းမာဟန်ပြပြီးမှ အလျှော့ပေးလိုက်ခြင်းပင်။ ထိုသို့ပြုလုပ်မှသာ လူများအားလုံးသည် ချင်းမိသားစု၏ သဘောထားကို သိရှိသွားပေမည်။

ဤနည်းဖြင့် နှစ်ဖက်လုံး အရှုံးမခံလိုသော အင်အားကြီးမားသည့် အင်အားစုများသည် ချင်းမိသားစုကို သေချာပေါက် ရန်စရဲကြမည် မဟုတ်ချေ။

ချင်းမိသားစုသည်လည်း ဤအခွင့်အရေးကို အသုံးချပြီး လျှိုမြို့ကို ပြုပြင်ပြောင်းလဲနိုင်ပေမည်။

အခန်း ၁၃၁: မြို့တော်ဝန်အိမ်တော်

ချင်းယွမ်က ခေါင်းညိတ်ပြပြီး သူ၏စကားကိုအဆုံးသတ်လိုက်သည်။

"ကျွန်တော်တို့က ပါးစပ်နား ရောက်နေတဲ့ အသားကို အရင်စားပြီးမှ တခြားကိစ္စတွေကို စဉ်းစားသင့်တယ်.... ချင်းမိသားစုရဲ့ နောက်ခံအင်အားနဲ့ လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်...သတ္တုတွင်းကို ထပ်ပြီးလိုချင်တာက သေလမ်းရှာတဲ့ လုပ်ရပ်ပဲ"

"ဒါတင်မကဘူး....ကျွန်တော်တို့က မြန်မြန်ဆန်ဆန် လှုပ်ရှားရမယ်....တခြားမိသားစုတွေ မတုံ့ပြန်နိုင်ခင် လျှိုမြို့ရဲ့အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ရမယ်"

ချင်းမင်က ဖြည့်စွက်၍ ပြောဆိုသည်။

"ဒါက နောက်မကျသေးပါဘူး....အခုပဲ သွားကြတာပေါ့"

ချင်းယွမ်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

ယခုချိန်၌ သူ့ထံတွင် မြို့တော်ဝန်ခန့်အပ်လွှာ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ မြို့တော်ဝန်ချန်ကို မောင်းထုတ်လိုက်သည်နှင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်လေပြီ။

"အဖေ...ကျွန်တော်လည်း လိုက်မယ်"

ချင်းမင်က ပြောဆိုသည်။

"ကောင်းပြီလေ..."

ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယခုချိန်၌ အရေးအကြီးဆုံးအရာမှာ လျှိုမြို့ကို ထိန်းချုပ်ရန်ပင်။ လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ထားသရွေ့ အခြေအနေ မည်သို့ပင် ပြောင်းလဲပါစေ ချင်းမိသားစု၏အကျိုးစီးပွား အစစ်အမှန်ကို ထိခိုက်မည် မဟုတ်ချေ။

အကြီးအကဲအနည်းငယ်နှင့် အစေခံတချို့ကို ခေါ်ဆောင်ပြီးနောက် ချင်းမင်တို့လူစုသည် မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိလာကြ၏။

"ဒါက မြို့တော်ဝန်အိမ်တော်...မင်းတို့က ဘယ်သူတွေလဲ.....ရပ်လိုက်စမ်း"

တံခါးဝမှ အစောင့်များသည် ချင်းမင်တို့လူစု ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် မရပ်တန့်ဘဲ အိမ်တော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသဖြင့် အစောင့်များက လှမ်းအော်လိုက်သည်။

ဤနေရာသည် မြို့တော်ဝန်အိမ်တော်ပင်။ လျှိုမြို့၏ အခွင့်အာဏာအကြီးမားဆုံး နေရာသို့ မည်သူက ခွင့်ပြုချက်မရှိဘဲ ရဲရဲတင်းတင်း ဝင်လာဝံ့သနည်း။

"ဘေးဖယ်စမ်း..."

ချင်းမိသားစုမှ အကြီးအကဲတစ်ဦးသည် အစောင့်၏ပါးကို ဖြတ်ရိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ယခုအချိန်၌ ချင်းမိသားစုသည် လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရန်အတွက် အလွန်အမင်း အင်အားတောင့်တင်းရန် လိုအပ်နေသည်။

ချင်းမိသားစုဝင်များအားလုံး အစောင့်များ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ မြို့တော်ဝန်အိမ်တော်ထဲသို့ ဝင်ရောက်သွားကြသည်။

မြို့တော်ဝန်ချန်သည် လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် အထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။

"မြို့တော်ဝန်ချန် မတွေ့ရတာ ကြာပြီနော်"

ချင်းမင်က ရယ်မောလိုက်သည်။

"မတွေ့ရတာ ကြာပြီ.... မတွေ့ရတာ ကြာပြီ"

မြို့တော်ဝန်ချန်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် စိတ်အတွင်းမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

'ဘာမတွေ့ရတာ ကြာပြီလဲ...မကြာသေးခင်ကမှ တွေ့ခဲ့တာ မဟုတ်ဘူးလား'

"ကောင်းပြီလေ...အပိုစကားတွေ ပြောမနေတော့ဘူး....ခင်ဗျား အခု ထွက်သွားလို့ ရပြီ"

ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤမြို့တော်ဝန်ချန်သည် သူနှင့်ကျီးဝူတို့ကို အသက်နှင့်ရင်း၍ ဆေးလုံးတိုက်ပွဲ ယှဉ်ပြိုင်စေရန် တွန်းအားပေးခဲ့သည်။ ထိုစာရင်းကို သူ ရှင်းရမည် မဟုတ်လော။

ယခုချိန်၌ မြို့တော်ဝန်ချန်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် သက်ညှာထားရာ ကျနေလေပြီ။

အကယ်၍ သူသာ အခြေအနေကို နားမလည်ပါက ချင်းမင်အနေဖြင့် မြို့တော်ဝန်ချန်၏ခေါင်းကို အသုံးပြု၍ လျှိုမြို့တစ်မြို့လုံးကို တုန်လှုပ်ချောက်ချားစေရန် ဝန်လေးနေမည် မဟုတ်ချေ။

"ကျွန်တော် ထွက်သွားပါ့မယ်... ကျွန်တော် ထွက်သွားပါ့မယ်"

မြို့တော်ဝန်ချန်က အလျှင်အမြန် ခေါင်းညိတ်ပြီး သူ၏ခါးကို ကိုင်းညွှတ်လိုက်သည်။

သူသည်လည်း မြို့တော်ဝန်ရာထူးမှ ဆင်းပေးရန် တော်ဝင်မိသားစုထံမှ အမိန့်ရရှိထားပြီး ဖြစ်သည်။

တော်ဝင်မိသားစုသည် သူ့ကို တခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့ပေးလိုက်သည်။ ထိုမြို့သည် လျှိုမြို့လောက် မကောင်းသော်လည်း မြို့တစ်မြို့ ဖြစ်နေဆဲပင်။ အနည်းဆုံးအနေဖြင့် သူ သက်သောင့်သက်သာ နေထိုင်နိုင်ပေမည်။

အကယ်၍ သူသည် ချင်းမင်ကို စိတ်ဆိုးအောင် လုပ်မိ၍ အသတ်ခံလိုက်ရပါက မည်သို့မျှ ပြန်အဖက်ဆယ်နိုင်တော့မည် မဟုတ်ချေ။

မြို့တော်ဝန်ချန်သည် ချင်းမင်၏ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသည်အား မြင်တွေ့ချိန်၌ တခြားလူများသည် ခေါင်းငုံပြီး ဦးညွှတ်လိုက်ကြ၏။ အရိုက်ခံလိုက်ရသော အစောင့်သည် တိုင်တန်းရန်အတွက် ရှေ့သို့ တက်မလာရဲတော့ချေ။

အိုး ဘုရားရေ...

ဒီလူအုပ်စုရဲ့ မူရင်းဇစ်မြစ်က ဘာလဲ...

အထူးသဖြင့် ရှေ့ဆုံးမှ လူငယ်လေးကို မြို့တော်ဝန်သည် ကြောက်ရွံနေပုံပင်။

သူ အသတ်ခံလိုက်ရလျှင်ပင် မြို့တော်ဝန်သည် သူ့အတွက် တရားမျှတအောင် ပြောပေးမည် မဟုတ်ဟု သူ ခန့်မှန်းမိသည်။

"ခင်ဗျား ရိုးသားတယ်လို့ပဲ ကျုပ် ယူဆလိုက်မယ်"

မြို့တော်ဝန်ချန်က ထွက်ခွာသွားတော့မည်ဟု ပြောဆိုသည်ကို ကြားချိန်၌ ချင်းမင်က ခေါင်းညိတ်လိုက်သည်။ မြို့တော်ဝန်သည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း လက်ရှိအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်သူပင်။

ဤအခြေအနေတွင် ချင်းမင်သည် သူ့ကို အရှက်ခွဲရန် ရည်ရွယ်ချက် မရှိချေ။

မြို့တော်ဝန် ထွက်ခွာသွားပြီးနောက် ချင်းမိသားစုဝင်များအားလုံး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အောင်ပွဲခံလိုက်ကြသည်။

"ဟေး....မြို့တော်ဝန်အိမ်တော်က ငါတို့ ချင်းမိသားစုပိုင် ဖြစ်သွားပြီ"

ချင်းယွမ်သည် ကြီးမားသော မြို့တော်ဝန်အိမ်တော်ကြီးကို ကြည့်လိုက်သည်။ ဤအရာအားလုံးသည် သူတို့ချင်းမိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့သောကြောင့် စိတ်လှုပ်ရှားမှုဖြင့် သူ၏မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာခဲ့သည်။

"ဘိုးဘေးတို....ကျွန်တော်ချင်းယွမ်က ဘိုးဘေးတို့ကို မှန်ကန်တဲ့နေရာဆီ ခေါ်ဆောင်လာနိုင်ခဲ့ပါပြီ....ကျွန်တော်က လျှိုမြို့တစ်ခုလုံးကို ချင်းမိသားစုပိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ....ချင်းမိသားစုက ကျွန်တော့်ရဲ့လက်ထက်မှာ တိုးတက်လာခဲ့ပါပြီ"

အခန်း ၁၃၂: သေသည်အထိ ရိုက်နှက်ခြင်း

ညနေပိုင်းတွင် ချင်းမိသားစုတစ်ခုလုံး မြို့တော်ဝန်အိမ်တော်သို့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့လာကြသည်။ ဤမျှထိ လျှင်မြန်စွာ ပြောင်းရွှေ့နိုင်သော အကြောင်းအရင်းမှာ ချင်းမိသားစုဝင်များအားလုံး စိတ်လှုပ်ရှား တက်ကြွနေကြသောကြောင့်ပင်။

ချင်းမိသားစုဝင်တိုင်း စိတ်လှုပ်ရှားနေကြသဖြင့် သုံးရက်ကြာ ပြောင်းရွှေ့ရန် စီစဉ်ထားသော ကိစ္စရပ်များကို တစ်ရက်တည်းဖြင့် ပြီးစီးသွားခဲ့သည်။

ချင်းမိသားစု တစ်ခုလုံးတွင် စိတ်မလှုပ်ရှားသော တစ်ဦးတည်းသောသူမှာ ဖျာပေါ်တွင် ထိုင်၍ "ဟွမ်ယွမ်ကျင့်စဉ်" ကို လေ့ကျင့်နေသော ချင်းမင်ပင်။

ချင်းမင်၏ အသက်ရှူသံ မြင့်တက်လာပြီး သိုင်းစစ်သည်တော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

"ခြောက်ကြိမ်....အခု ငါ့ရဲ့ခန္ဓာကိုယ်က ပိုပြီးသန်မာလာပြီ"

ချင်းမင်က သူ၏လက်သီးကိုဆုပ်ပြီး စိတ်ကျေနပ်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။

သိုင်းစစ်သည်တော် ပထမအဆင့်မှ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်လိမ့်မည်ဟု ချင်းမင် မျှော်လင့်မထားမိချေ။

သူ၏ရုပ်ခန္ဓာကိုယ် တိုးတက်လာမှုနှင့်အတူ ဆေးလုံး၏ဆေးစွမ်းအားများကို စုပ်ယူနိုင်စွမ်းသည်လည်း ပို၍ကောင်းမွန်လာခဲ့သည်။ ဤသည်မှာ "ဟွမ်ယွမ်ကျင့်စဉ်" ၏ ထူးခြားချက်ပင်။

သူ၏ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်စွမ်းအားများအောက်တွင် အချိန်ကြာမြင့်စွာ ရှိနေပါက သဘာဝအတိုင်း စိတ်ဝိညာဉ်စွမ်းအင်နှင့် နီးစပ်လာပြီး ပို၍လျှင်မြန်စွာ စုပ်ယူနိုင်ပေမည်။

အပြင်ဘက်မှ မှောင်မိုက်နေသော ကောင်းကင်ယံကို ကြည့်ရင်း ချင်းမင်က လေ့ကျင့်ရေးအခန်းတံခါးကို ဖွင့်ကာ ဖခင်ဖြစ်သူ၏ စာကြည့်ခန်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ဖခင်ဖြစ်သူ၏ စာကြည့်ခန်းတွင် မီးလင်းနေဆဲ ဖြစ်သဖြင့် တံခါးခေါက်ပြီးနောက် ချင်းမင်က ဝင်သွားလိုက်၏။

"အဖေ....မြို့တော်ဝန်အိမ်တော်က စာကြည့်ခန်းကို အသုံးမပြုသေးဘူးလား"

ချင်းမင်က စနောက်လိုက်သည်။

သားဖြစ်သူ၏ စနောက်မှုကို ကြားချိန်၌ ချင်းယွမ်က အပြုံးနှင့် ပြောဆိုသည်။

"အသားမကျသေးဘူး....အဲ့ဒီနေရာက အရမ်းကြီးနေတော့ ချင်းအိမ်တော်က စာကြည့်ခန်းလောက် သက်သောင့်သက်သာ မရှိဘူး"

ကြီးတာလား...

သေချာပေါက် ကြီးတာပေါ့...

မြို့တော်ဝန်အိမ်တော်သည် လျှိုမြို့တစ်မြို့လုံးတွင် အကြီးမားဆုံး အဆောက်အအုံဖြစ်ရာ မည်သို့ သေးငယ်နိုင်မည်နည်း...

"ဒါတွေ ပြောမနေနဲ့တော့...နောက်ဆုံးအခြေအနေတွေကို ပြောကြရအောင်"

ချင်းယွမ်က ချင်းမင်ကို ကြည့်လိုက်သည်။ သူသည် မသိလိုက်မသိဘာသာဖြင့် ချင်းမင်ကို အကြံဉာဏ်တောင်းခံနိုင်သူ တစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

သူ မဆုံးဖြတ်နိုင်သော အရေးကြီးကိစ္စများကို သားဖြစ်သူနှင့် ဆွေးနွေးတိုင်ပင်ပြီး ချင်းမင်၏အကြံဉာဏ်ကို သူ နားထောင်လေ့ ရှိသည်။

သူ့သားသည် အမှန်တကယ်ကို ပါရမီရှင်ဖြစ်ပြီး အရွယ်နှင့်မမျှအောင် လောကကြီးကို ထွင်းဖောက်မြင်နိုင်သည်အား သူ ဝန်ခံရပေမည်။

ချင်းမင်က ရိုသေလေးစားစွာ နားထောင်လိုက်သည်။

သားဖြစ်သူ၏အမူအယာကို မြင်တွေ့ချိန်၌ ချင်းယွမ်က တိုက်ရိုက်ပြောဆိုသည်။

"ပထမဆုံးကိစ္စက မြို့စောင့်တပ်ဖွဲ့ပဲ.... အခုချိန်မှာ မြို့စောင့်တပ်ဖွဲ့ဝင်တွေက အရမ်းများလွန်းတယ်..... ပြီးတော့ သူတို့ထဲက အများစုက မြို့တော်ဝန်ချန်ကို သစ္စာရှိကြတယ်...အခု ငါက ရုတ်တရက်ကြီး မြို့တော်ဝန် ဖြစ်လာတော့ မြို့စောင့်တပ်ဖွဲ့ဝင်တွေက အသားမကျသေးဘူး"

ချင်းမင်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ကို ပြဿနာရှိသော ကိစ္စတစ်ရပ်ပင်။

ချင်းမင်က အချိန်တခဏကြာ စဉ်းစားပြီးနောက် ပြောဆိုသည်။

"အဖေ.....ကျွန်တော်တို့ ချင်းမိသားစုမှာ မြို့စောင့်တပ်သားတွေ အများကြီးရှိဖို့ မလိုဘူးလို့ ကျွန်တော် ထင်တယ်....ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ချင်းမိသားစုမှာ ကိုယ်ပိုင်အစေခံတွေ ရှိတယ်... ပြီးတော့ နောက်လိုက်တွေအများကြီး ရှိသေးတယ်... ဒီလူတွေအားလုံးက ကျွန်တော်တို့ ချင်းမိသားစုနောက်ကို မျိုးရိုးစဥ်ဆက် လိုက်ပါလာခဲ့ကြတဲ့ လူတွေပဲ.... ဒီလူတွေကို ကျွန်တော်တို့ စိတ်ချလို့ရတယ်....ဒုတိယအနေနဲ့ မြို့တော်ဝန်ချန်လိုမျိုး အရာရာကို သဲထဲရေသွန် ဖြစ်မယ့် မြို့စောင့်တပ်ဖွဲ့ကို လွှတ်ပေးထားလို့ မရဘူး....အသုံးမကျတဲ့လူတွေကို ဖယ်ရှားပြီးတော့ အရည်အချင်းရှိတဲ့လူတွေကိုပဲ ထားရှိရမယ်....ဒါမှ ကျွန်တော်တို့ စီမံခန့်ခွဲရတာ ပိုပြီးလွယ်ကူလိမ့်မယ်"

"ငါလည်း အဲဒီလိုပဲ တွေးမိတယ် မင်းရဲ့ အကြံဉာဏ်က ငါ့ရဲ့အကြံဉာဏ်နဲ့ တိုက်ဆိုင်နေတယ်"

ချင်းယွမ်က ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်သည်။

"ဒုတိယအချက်က ဝမ်မိသားစုကို မင်း ဘယ်လို လုပ်မလဲ"

"ဝမ်မိသားစုလား"

ဆုတ်ယုတ်နေသော ဝမ်မိသားစု ကျန်ရှိနေသေးကြောင်း ချင်းမင် သတိရသွားသည်။

"သူတို့ကို လျစ်လျူရှုထားလိုက်ပါ"

ချင်းမင်က ပြောဆိုသည်။

"လျစ်လျူရှုထားရမှာလား"

ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်မိသားစုသည် ခိုင်မာတောင့်တင်းသော နောက်ခံအင်အားရှိသည့် မိသားစုကြီးလေးစုထဲမှ တစ်စုဖြစ်ခဲ့ဖူးသည်။ သူတို့အား အမှန်တကယ်ကို အလေးအနက်ထားရန် မလိုတော့သလော။

"ဟုတ်တယ်...သူတို့ကို လျစ်လျူရှုထားလိုက်ပါ... ဝမ်မိသားစုရဲ့ နောက်ခံအင်အားက ဘယ်လောက်ပဲ ကြီးမားပါစေ... အခုတော့ ဆောင်းဦးရာသီကုန်ရင် သေရမယ့် နှံကောင်လေး တစ်ကောင်ပဲ....ဝမ်မိသားစုက အမှန်တရားကို လက်ခံနိုင်ရင် ဆက်ပြီးတည်ရှိနိုင်လိမ့်မယ်...ဒါဆိုရင် လျှိုမြို့မှာ ဝမ်မိသားစုအတွက် နေရာတစ်နေရာ ရှိနေအုံးမှာပါ...တကယ်လို့ သူတို့က နောက်ထပ်ပြဿနာတစ်ခု ထပ်ရှာရင်တော့ သူတို့ကို ရိုက်သတ်လိုက်ရုံပဲ"

ချင်းမင်က နှံကောင်တစ်ကောင်ကို ရိုက်သတ်လိုက်သည့်အလား လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

All Chapters