အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း ၁၃၃: နတ်ဘုရားပုံရိပ်ဖော် ဆေးလုံး
ချင်းယွမ်၏ မျက်မှောင်ကြုတ်ထားမှုများ တဖြည်းဖြည်း ပြေလျော့သွားသည်။ သူ၏သားဖြစ်သူတွင် ကြီးမားသောယုံကြည်ချက် ရှိနေသည်။ ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူကို မည်သည်ကြောင့် အရှုံးပေးနိုင်မည်နည်း။
တခြားအရာများတွင် သူ ရှုံးနိမ့်ခံနိုင်သော်လည်း သတ္တိအရာတွင်မူ အရှုံးပေး၍ မဖြစ်ချေ။
သားဖြစ်သူက မလိုအပ်ဟု ပြောနေသဖြင့် သူ လျစ်လျူရှုထားလိုက်ပေမည်။
ဝမ်မိသားစုကို ကိုင်တွယ်ရန် ခက်ခဲရခြင်း အကြောင်းရင်းမှာ သူသည် အသစ်ခန့်အပ်ခံထားရသော မြို့တော်ဝန် ဖြစ်နေသောကြောင့်ပင်။ အကယ်၍ သူသာ ဝမ်မိသားစုကို အရေးယူ ဆောင်ရွက်လိုက်ပါက လျှိုမြို့ရှိ တခြားမိသားစုငယ်များကို သေချာပေါက် ကြောက်ရွံ့စေပေလိမ့်မည်။
သူသည် မြို့တော်ဝန်တစ်ဦးအဖြစ် တည်ငြိမ်စွာ ဆောင်ရွက်လိုပါက လျှိုမြို့ရှိ မိသားစုငယ်များ မပါဝင်ဘဲ မဖြစ်နိုင်ချေ။
"အဖေ.....ဒါတွေအားလုံးက အသေးအမွှားကိစ္စတွေပါ....အဖေ ကြိုက်သလို လုပ်လို့ရပါတယ်.... အခု အရေးကြီးဆုံးက ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းရဲ့ အခြေအနေက ဘယ်လိုလဲ"
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
ဖခင်ဖြစ်သူအနေဖြင့် ထိုအသေးအမွှားကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်သည်။
ယခုချိန်၌ ချင်းမိသားစု၏ အခြေခံအုတ်မြစ်နှင့် လျှိုမြို့တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်နိုင်သော အရာမှာ ထိုသတ္တုတွင်းသာ ကျန်ရှိတော့သည်။ သူသည် ထိုကိစ္စရပ်များကို အမြန်ဆုံး ပြီးဆုံးသွားစေလိုသည်။ ထိုသို့ဖြစ်လာမှသာ သူ၏လျှို့ဝှက်အင်အားစုများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပေမည်။
သူထံ၌ ကိုယ်ပိုင်အင်အားမရှိဘဲ လုပ်ဆောင်ရခြင်းမှာ အလွန်အဆင်မပြေချေ။
သူ၏ဆရာသခင်ကို တိုက်ခိုက်ခဲ့သော ဝတ်ရုံနက်ဝတ် အမျိုးသားနှစ်ဦးသည် စံနမူနာပင်။ ထိုလူများကို ဆရာသခင်၏ရန်သူများ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ချင်းမင် သိရှိခဲ့ရသည်။
သို့ရာတွင် ယခုအချိန်၌ ရန်သူ မည်သည့်နေရာ၌ ရှိသည် မည်သို့ ပြုလုပ်နေသည်ကိုပင် သူ မသိရှိရချေ။
သူသည် အလင်းထဲတွင် ရှိနေပြီး ရန်သူက အမှောင်ထဲတွင် ရှိနေသကဲ့သို့ ခံစားရခြင်းမှာ အမှန်တကယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။
ထို့ပြင် ချင်းမင်သည် သူ၏လက်ထဲတွင် အင်အားမရှိသောကြောင့် အမြဲတစေ စိုးရိမ်ပူပန်နေရသည်။
ချင်းအိမ်တော်တွင် သူ အမြဲတစေ နေထိုင်ရန် မဖြစ်နိုင်ချေ။ အကယ်၍ သူ ထွက်ခွာသွားပါက လျှို့ဝှက်ဆန်းကြယ်သော ကင်းမြီးကောက် အင်အားစု ပြန်ရောက်လာပေလိမ့်မည်။
ထိုအချိန်ကျပါက ချင်းမင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ချင်းမင်သည် သူ၏ယခင်ဘဝက အဖြစ်ဆိုးများ ထပ်မံ၍ဖြစ်ပွားခြင်းကို လုံးလုံးလျားလျား ခွင့်မပြုနိုင်ချေ။
ယခုချိန်၌ ဆရာသခင်အတွက် လက်စားချေရန်ဖြစ်စေ လျှို့ဝှက်ဆန်းကြယ်သော ကင်းမြီးကောက် အင်အားစုကို ခြေရာခံရန်ဖြစ်စေ သူ့ထံ၌ ကိုယ်ပိုင်အင်အားနှင့်ကိုယ်ပိုင် ထောက်လှမ်းရေးများ ရှိနေရန် လိုအပ်ပေ၏။
သူ့အတွက် ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းရန် အရေးတကြီး လိုအပ်နေလေပြီ။
"ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို လူတစ်စုက ပိတ်ပင်ထားတယ်.... ငါတို့ရဲ့သူလျှိုတွေ ဝင်လို့မရဘူး"
ချင်းယွမ်က ခါးသည်းသော မျက်နှာဖြင့် ပြောဆိုသည်။
"လူတစ်စုက ပိတ်ပင်ထားတာလား"
ချင်းမင်က မျက်ခုံးပင့်ပြီး မေးမြန်းလိုက်သည်။
"အဲဒီလူတွေက ဘယ်အင်အားစုကလဲ"
"ငါ မသိဘူး"
ချင်းယွမ်က ခေါင်းခါယမ်းပြီး ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
"ဒါဆို မနက်ဖြန်ကျရင် ကျွန်တော် သွားပြီးစစ်ဆေးလိုက်မယ်.... ဒီကိစ္စက ကျွန်တော့်ကို အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေတယ်"
ချင်းမင်က တဲ့တိုးပြောဆိုလိုက်သည်။
"မဖြစ်ဘူး...အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူး"
ချင်းယွမ်က သူ၏လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလေသည်။
"မင်း သွားရင် အရမ်း အန္တရာယ်များတယ်... မင်းက အခု လျှိုမြို့မှာ နာမည်ကြီးနေတာ.... လူတော်တော်များများက မင်းကို သိကြတယ်..... တကယ်လို့ တစ်ယောက်ယောက်က မင်းကို တစ်ခုခုလုပ်လိုက်ရင် အဖေ ဘယ်လောက်ပဲ အောင်မြင်နေပါစေ အဓိပ္ပါယ် ရှိတော့မှာ မဟုတ်ဘူး"
"အဖေ စိတ်မပူပါနဲ့"
ထိုစကားကိုပြောဆိုရင်းနှင့် ချင်းမင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆေးလုံးတစ်လုံးကို သူ၏လက်ဝါးပေါ်တွင် တင်လိုက်သည်။
"အဖေ ကြည့်လိုက်အုံး.... ဒါက ပြီးပြည့်စုံခြင်းအဆင့် 'နတ်ဘုရားပုံရိပ်ဖော် ဆေးလုံး' ပဲ"
ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးဟု ဆိုသလော....
ချင်းယွမ်သည် ချင်းမင်၏လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်ပြီး သူ ပြောဆိုသည်ကို မကြားလိုက်ချေ။
ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံး ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။
ဆိုလိုသည်မှာ ဤဆေးလုံးသည် ပြီးပြည့်စုံပြီး ဆေးအဆိပ်အတောက် နည်းပါးကာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နီးပါးပင်။
ထို့ပြင် ဆေးစွမ်းအားသည် အကောင်းဆုံးဖြစ်ပေ၏။
ချင်းမင်က ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးအသစ်ကို ထုတ်ယူလာခဲ့သည်။ သူ၏ဆရာသခင်ထံတွင် စုဆောင်းထားသည့်အရာများ မည်မျှထိများများ ရှိနေသနည်း။
"ဒါက ဘယ်လို ဆေးလုံးမျိုးလဲ....ဘယ်လိုအာနိသင်မျိုးရှိလဲ"
ချင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"ဟူး....."
ဖခင်ဖြစ်သူ၏ စိတ်လှုပ်ရှားနေသော အမူအယာကို မြင်တွေ့ချိန်၌ ချင်းမင်က သက်ပြင်းချလိုက်သည်။
"အဖေ ဒါက အထောက်အကူပြု ဆေးလုံးပါ..... ကျင့်ကြံခြင်းအတွက် လုံးဝအကူအညီ မဖြစ်ဘူး"
ဖခင်ဖြစ်သူ စိတ်လှုပ်ရှားနေလိမ့်မည်ကို ချင်းမင် ကြိုတင်သိရှိထားသဖြင့် အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤဆေးလုံးသည် ကျင့်ကြံခြင်းအတွက် အကူအညီမဖြစ်ကြောင်း ချင်းမင် ပြောဆိုလိုက်မှသာ ချင်းယွမ် တည်ငြိမ်သွားသည်။
ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။
"ဒါက တတိယအဆင့် ပြီးပြည့်စုံခြင်း ဆေးလုံးပဲ.... ရုပ်ဖျက်ဖို့အတွက် သုံးတာပါ"
ထိုစကားကိုပြောဆိုပြီးနောက် ချင်းမင်က ဆေးလုံးကို တိုက်ရိုက်ဝါးမျိုလိုက်၏။
"အယ်"
ချင်းမင်သည် တတိယအဆင့် ပြီးပြည့်စုံခြင်း ဆေးလုံးကို တိုက်ရိုက်ဝါးမျိုလိုက်သည်ကို မြင်တွေ့ချိန်၌ ချင်းယွမ်က နှလုံးသွေးများ ယိုစီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။
အခန်း ၁၃၄: ပြန်မလာခြင်း
တတိယအဆင့် ပြီးပြည့်စုံခြင်း ဆေးလုံးနှင့် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းဆေးလုံးတို့သည် အဆင့်အတန်းချင်း တူညီကြသည်။
ဤသည်မှာ ကျင့်ကြံခြင်းအတွက် ဆေးလုံး မဟုတ်သော်လည်း တန်ဖိုးမမြင့်မားသော ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးဟူ၍ မရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤဆေးလုံးသည် အဖိုးတန်သောပြီး တတိယအဆင့် ပြီးပြည့်စုံခြင်းဆေးလုံးပင်။ ချင်းမင်သည် မည်သည်ကြောင့် မျိုချလိုက်နိုင်ရတာလဲ။
ဖခင်ဖြစ်သူ၏ အမူအယာကို ကြည့်ပြီး ချင်းမင်သည် သူ မည်သည့်အရာအား တွေးတောနေသည်ကို သိသော်လည်း ဂရုမစိုက်ချေ။
"အဖေ....ကျွန်တော့်ဆီမှာ ဒီလိုဆေးလုံးတွေ အများကြီး ရှိပါသေးတယ်.... ဒီမှာ ကြည့်ပါအုံး... ကျောက်စိမ်းပုလင်းထဲမှာ အများကြီး ရှိတယ်"
ချင်းမင်သည် သူ၏လက်ထဲမှ ကျောက်စိမ်းပုလင်းကို မြှောက်ပြရင်း ဆက်လက်၍ ပြောဆိုလိုက်သည်။
"အဖေ.... ဒီဆေးလုံးရဲ့ အာနိသင်ကို မမြင်ချင်ဘူးလား"
"ဒီဆေးလုံးရဲ့ အာနိသင်က ဘာလဲ"
ချင်းယွမ်၏စကားမဆုံးမီမှာပင် ချင်းမင်၏ ပုံသဏ္ဍာန်သည် သိသိသာသာ ပြောင်းလဲလာပေ၏။
သူသည် ချောမောခန့်ညားသော လူငယ်လေးတစ်ဦးအဖြစ်မှ ဆံဖြူလူအိုကြီးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါ... ဒါက...."
ချင်းယွမ်သည် ချင်းမင်ကို လက်ညှိုးညွှန်ပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။
"ဒီပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးက အဲ့ဒီလောက်တောင် ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်တာလား"
"ဟုတ်တယ်..."
အိုမင်းသော အသံတစ်သံက ချင်းမင်ဆီမှ ထွက်ပေါ်လာသည်။
"အသံတောင် ပြောင်းသွားတာလား"
ချင်းမင်ကို သေချာ ဂရုစိုက်ကြည့်ပြီးနောက် ချင်းယွမ်သည် သူ၏ရှေ့တွင် မတ်တတ်ရပ်နေသူမှာ သူ၏သား မဟုတ်ဟု ခံစားလိုက်ရသည်။
ဤသည်မှာခန္ဓာကိုယ် အချိုးအစား ရုပ်ရည် အသက်အရွယ် အသံ သို့မဟုတ် စိတ်နေစိတ်ထား မခွဲခြားဘဲ ခန္ဓာကိုယ်တစ်ခုလုံး လုံးလုံးလျားလျား ပြောင်းလဲသွားခြင်းပင်။
ချင်းမင်၏မျက်လုံးထဲမှ နွေးထွေးသော အရိပ်အယောင်သာ မရှိလျှင် သူ၏မိခင်ပင်လျှင် သားဖြစ်သူကို မှတ်မိလိမ့်မည် မဟုတ်ကြောင်း ချင်းယွမ် ယုံကြည်သည်။
"အဖေ အခု စိတ်ချလို့ရပြီမလား"
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
သူ၏ရှေ့မှ အိုမင်းသော အသံကို နားထောင်ရင်း ချင်းယွမ်က အလိုအလျောက် ခေါင်းညိတ်လိုက်မိသည်။ ချင်းမင်ကို ဖခင်ဖြစ်သော သူပင်လျှင် မှတ်မိနိုင်စွမ်း မရှိလေရာ တခြားလူများအတွက် ပို၍ပင် မဖြစ်နိုင်ချေ။
ဤအခြေအနေတွင် သူ မည်သည့်အရာကို စိတ်ပူရအုံးမည်နည်း။
ချင်းယွမ်က စဉ်းစားတွေးတောပြီးနောက် တိုက်တွန်းလိုက်၏။
"မင်အာ...အဲဒီလူအုပ်စုနဲ့ ဘာပြဿနာမှ မဖြစ်စေနဲ့....သူတို့ရဲ့ မူလဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တယ်....ဒါကြောင့် သားက စိတ်ဆန္ဒရှိတိုင်း စွန့်စားလို့ မရဘူး"
"အဖေ စိတ်မပူပါနဲ့...ကျွန်တော်က ကိုယ့်အသက်ကိုယ် တန်ဖိုးထားပါတယ်.... ပြီးတော့ ဆရာက ကျွန်တော့်ကို အသက်ကယ်ဆေးလုံးတွေ ပေးထားပါတယ်"
"ဒါဆိုရင်တော့ ငါ ပိုပြီးစိတ်သက်သာရာ ရသွားပြီ"
ချင်းယွမ် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
နောက်တစ်နေ့တွင် ချင်းမင်က သန်းဝေပြီး အိပ်ခန်းထဲမှ ထွက်လာသည်။
"အစ်ကို ဒီမှာ ကြည့်ပါအုံး...ဒီမှာ ကြည့်ပါအုံး...."
ချင်းချင်းက အလျင်အမြန် ပြေးလာပြီး ပျော်ရွှင်စွာ ပြောဆိုသည်။
ပျော်ရွှင်နေသော ညီမလေးကို ကြည့်ပြီး ချင်းမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"ဘာတွေများ ဒီလောက်ထိ ပျော်နေရတာလဲ...ပုံမှန်ဆို အိပ်ရာထ နောက်ကျတတ်တဲ့ ညီမလေးက ဒီနေ့ကျမှ ဘာလို့ စောစောထနေတာလဲ"
"ညီမက အိပ်ရာထ နောက်ကျတာကို မကြိုက်ပါဘူး....အစ်ကိုကသာ အပျင်းဆုံးပါ"
ချင်းချင်းက နှုတ်ခမ်းဆူလိုက်သည်။
"ကောင်းပြီ ကောင်းပြီလေ.... ညီမမှာ ဘာသတင်းကောင်း ရှိလို့လဲ"
ချင်းချင်း၏ပါးကို ဆွဲရင်း ချင်းမင်က မေးမြန်းလိုက်သည်။
ချင်းမင်က မည်သည်ကြောင့် ပျော်ရွှင်နေသနည်းဟု မေးချိန်တွင် သူမသည် အစ်ကိုဖြစ်သူက အိပ်ရာထနောက်ကျသည်ဟု ပြောခဲ့သည်ကို ချက်ချင်းမေ့သွားပြီး ပျော်ရွှင်စွာ ပြောဆိုသည်။
"အစ်ကို....အစ်ကိုပေးတဲ့ သကြားလုံးက အရမ်း စားလို့ကောင်းတာပဲ.... ညီမ စားပြီးသွားတော့ သိုင်းစစ်သည်တော် ဖြစ်လာတယ်"
ညီမဖြစ်သူကို အထက်အောက်ကြည့်လိုက်ပြီး ချင်းမင်က ခေါင်းညိတ်လိုက်သည်။ ညီမဖြစ်သူ၏ အရှိန်အဝါသည် အစပိုင်းနှင့် မတူတော့ကြောင်း သူ ခံစားလိုက်ရသည်။
သေချာကြည့်လိုက်ချိန်၌ သူမသည် အမှန်တကယ်ကို သိုင်းစစ်သည်တော်တစ်ဦး ဖြစ်နေလေပြီ။
"ညီမကို ကြည့်ပါအုံးဆိုတာ ဒါလား..."
ချင်းမင်က သူ၏ညီမကို ကျီစယ်စနောက်လိုက်သည်။
"ဒါနဲ့ အစ်ကို ဒီနေ့ နတ်ဆိုးသားရဲ တောအုပ်ကို သွားမလို့....ညီမ လိုက်ချင်လား"
ယနေ့တွင် သူ လုပ်စရာရှိသော တာဝန်ကို တွေးတောမိရင်း ညီမဖြစ်သူကိုလည်း ခေါ်သွားလိုသဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"လိုက်မယ် လိုက်မယ်....အစ်ကို မသိဘူး ညီမ ဒီရက်ပိုင်း အသက်ရှူကျပ်လုနီးပါးပဲ...အမေက အစ်ကိုနဲ့ ပတ်သက်ပြီး ကိစ္စတွေ အများကြီး ရှိနေတော့ ချင်းမိသားစုတစ်စုလုံး အလုပ်ရှုပ်နေကြတာလေ...ညီမနဲ့ ဘယ်သူမှ မကစားပေးကြဘူး....ညီမ ပျင်းလွန်းလို့ သေတော့မယ်"
ချင်းချင်းက ပြောဆိုသည်။
ချင်းမိသားစုသည် လျှိုမြို့၏ မိသားစုကြီးလေးစုဖြစ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် မြို့တော်ဝန် ဖြစ်လာကာ မြို့တော်ဝန်အိမ်တော်သို့ ပြောင်းရွှေ့ခဲ့ရသည်။
ဖခင်ဖြစ်သူ မြို့တော်ဝန် ဖြစ်လာပြီးနောက် စားပွဲသောက်ပွဲ ကျင်းပပေမည်။ ထိုကြောင့် ချင်းမိသားစုတစ်စုလုံး အလုပ်မရှုပ်ဘဲ နေမည်လော။
ယနေ့ည ကျင်းပမည့် စားသောက်ပွဲကို တွေးတောမိပြီးနောက် ချင်းမင်သည် ယနေ့၌ အိမ်ပြန်မလာတော့ဟု ဆုံးဖြတ်လိုက်၏။
အခန်း ၁၃၅: နတ်ဆိုးသားရဲ တောအုပ်
လျှိုမြို့ရှိ လမ်းတစ်လမ်းပေါ်တွင် လူတချို့သည် တန်ဆောင်းတစ်ခုအတွင်း၌ ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
"မင်းတို့ သိကြလား...လျှိုမြို့ရဲ့ မြို့တော်ဝန် နေရာကို ချင်းမိသားစုက ချင်းယွမ်နဲ့ အစားထိုးလိုက်ပြီတဲ့"
အဘိုးအိုတစ်ဦးက လျှို့ဝှက်ဆန်းကြယ်သော အမူအယာဖြင့် ပြောဆိုသည်။
"အမ်...ဒီကိစ္စကို ငါတို့ သိနေတာကြာပြီ....ခင်ဗျား အခုမှ သိတာလား....ဒီကိစ္စက တစ်မြို့လုံး ပြန့်နေပြီ"
လက်တိုအင်္ကျီ ဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အနီးသို့ ရောက်လာသော အဘိုးအိုကို တွန်းထုတ်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"တစ်မြို့လုံး ပြန့်နေပြီလား"
သူသည် လူအများကို အံ့အားသင့်စေချင်သော်လည်း လူတိုင်းသိပြီးသား ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ နောက်ကျမှ သိလိုက်ရသောကြောင့် အဘိုးအို ရုတ်တရက် စိတ်ပျက်သွားသည်။
"အစ်ကို.....ညီမတို့ ချင်းမိသားစုက လျှိုမြို့မှာ ထိပ်သီးမိသားစု ဖြစ်လာပြီ.... ပြီးတော့ အဖေလည်း မြို့တော်ဝန် ဖြစ်လာပြီဆိုတော့ ညီမရဲ့ မုန့်ဖိုးတွေ တိုးလာနိုင်လား"
ချောမောလှပသော မိန်းကလေးငယ်တစ်ဦးက သူမ၏နံဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကို မေးလိုက်သည်။
နံဘေးရှိ လှပသော မိန်းကလေးကို ကြည့်ရင်း သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်၏။
ချင်းမင်သည် ညီမဖြစ်သူကို နတ်ဘုရားပုံရိပ်ဖော် ဆေးလုံး တိုက်ကျွေးလိုက်လိုက်ချိန်၌ ချင်းချင်းသည် မိန်းမလှလေးတစ်ဦး ဖြစ်လာခဲ့သည်။
ချစ်စရာကောင်းပြီး သွက်လက်သော သူ၏ညီမလေးသည် နတ်ဘုရားပုံရိပ်ဖော် ဆေးလုံးကို သောက်သုံးပြီးနောက် ချက်ချင်းဆိုသလိုပင် ဤကဲ့သို့ လှပပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
နတ်ဘုရားပုံရိပ်ဖော် ဆေးလုံးကို ညီမဖြစ်သူအား အသုံးပြုစေခြင်းမှာ သူမကို မထင်ရှားစေရန် သူ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူမသည် ပို၍ပင်လှပသော မိန်းကလေးတစ်ဦး ဖြစ်လာပေ၏။ ဤသည်မှာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခြင်း မဟုတ်လော။
"ညီမရဲ့ မုန့်ဖိုးတွေ သေချာပေါက် တိုးလာမှာပါ"
ချင်းမင်က နားအေးလိုသည့်သဘောဖြင့် ပြောဆိုလိုက်သည်။
"တကယ်လား....ဒါဆိုရင် ညီမ စားကောင်းတာလေးတွေ ထပ်ဝယ်စားလို့ရပြီပေါ့"
ချင်းချင်းက စတင်၍ ရေတွက်လိုက်သည်။
"ဒါနဲ့ အစ်ကို...ခုဏသောက်တဲ့ ဆေးလုံးမျိုးတွေ ညီမကို ထပ်ပေးပါအုံး...ဒီဆေးလုံးရဲ့ အာနိသင်က တကယ် ကောင်းတယ်"
"မဖြစ်ဘူး"
ချင်းမင်သည် ပြတ်ပြတ်သားသား ခေါင်းခါယမ်းလိုက်၏။
ချင်းမင်၏ တည်ကြည်လေးနက်မှုကို မြင်တွေ့ချိန်၌ ချင်းချင်းက နှုတ်ခမ်းဆူလိုက်သည်။
"ကပ်စေးနှဲကြီး...."
"ကောင်းပြီလေ.... ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်... ညီမရဲ့အရှိန်နဲ့ဆိုရင် နတ်ဆိုးသားရဲ တောအုပ်ကို ရောက်တဲ့အချိန်မှာ မှောင်နေလိမ့်မယ်"
ချင်းမင်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"အစ်ကို နတ်ဆိုးသားရဲတောအုပ်က ကြောက်စရာကောင်းတယ်လို့ ထင်လား"
ချင်းချင်းက ကြောက်ရွံ့စွာဖြင့် မေးမြန်းသည်။
ညီမဖြစ်သူကို ကျီစယ်လိုသည့်သဘောဖြင့် ကြည့်ရင်း ချင်းမင်က ပြောဆိုသည်။
"ကြောက်စရာ ကောင်းတာပေါ့...အဲဒီက နတ်ဆိုးသားရဲတွေက မိန်းမလှလေးတွေကို စားရတာ ကြိုက်ကြတယ်....ဒါကြောင့် မင်း ဂရုစိုက်ရမယ်...."
"အမ်...ဒါဆို ညီမတို့တို့ မသွားလို့ မရဘူးလား"
ချင်းချင်းသည် အစ်ကိုဖြစ်သူ၏အင်္ကျီလက်ကို ဆွဲရင်း ပြောဆိုလိုက်၏။
"မရဘူး"
ချင်းမင်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"အခု ငါတို့ ထွက်လာပြီးပြီဆိုတော့ ဘာမှ မလုပ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ပြန်သွားလို့ရမှာလဲ"
ထိုစကားကို ပြောဆိုပြီးနောက် ချင်းမင်သည် ချင်းချင်းကို ခေါ်ဆောင်ကာ မြို့ပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
ဤနေရာကို နတ်ဆိုးသားရဲတောအုပ်ဟု ခေါ်တွင်ရခြင်းမှာ တိကျသောအမည်နာမ မရှိသောကြောင့်ပင်။
ဤတောအုပ်ထဲတွင် နတ်ဆိုးသားရဲတချို့ ရှိနေသောကြောင့် နတ်ဆိုးသားရဲတောအုပ်ဟု ခေါ်ဆိုကြသည်။
ဤနာမည်ကို နားထောင်ပြီး အထဲတွင် နတ်ဆိုးသားရဲများ အလွန်များပြားသည်ဟု တွေးထငါလျှင် မှားသွားပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် ဤတောအုပ်ထဲတွင် နတ်ဆိုးသားရဲများ ရှားပါးပြီး နေရာတိုင်းတွင် ကျောက်ဆောင်များ ရှိနေသည်။ မြေဆီလွှာ ညံ့ဖျင်းပြီး တောင်ကုန်းများ ထူထပ်ကာ မည်သည့်တန်ဖိုးမျှ မရှိပေ။
ပုံမှန်အားဖြင့် ဤနေရာတွင် လူသူခြောက်ကပ်ပြီး အလွန်တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။ ဤတစ်ကြိမ်တွင်မူ ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းကို ဤနေရာ၌ တွေ့ရှိခဲ့ရသဖြင့် ထိုအချိန်မှသာ သိုင်းပညာရှင်များ လာရောက်စုံစမ်းကြသောကြောင့် တဖြည်းဖြည်း လူသိများလာခဲ့သည်။
"အစ်ကို....ဘာလို့ ရှေ့ဆက်မသွားတာလဲ"
ချင်းချင်းသည် ရပ်တန့်သွားသော ချင်းမင်ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ရှေ့မှာ သိုင်းပညာရှင်တစ်ယောက် ရှိနေတယ်"
ချင်းမင် ရှေ့ကိုလှမ်းကြည့်ပြီး ပြောဆိုလိုက်၏။
နတ်ဆိုးသားရဲတောအုပ်ထဲတွင် အန္တရာယ်ရှိသည်မှာ ရှားပါးသော နတ်ဆိုးသားရဲများ မဟုတ်ဘဲ သိုင်းပညာရှင်များပင်။
ဤသည်မှာ လျှိုမြို့နှင့် အနည်းငယ်ကွာဝေးပြီး လူနေကျဲပါးသော နေရာပင်။ စိတ်နှလုံးသား ကောက်ကျစ်ယုတ်မာသော သိုင်းပညာရှင်တချို့သည် ငွေကို မက်မောသဖြင့် လူသတ်လုယက်တတ်ကြသည်။
သူ တွေးထင်ထားသည့်အတိုင်း သိုင်းပညာရှင် ငါးဦးသည် နတ်ဆိုးသားရဲတောအုပ်ထဲမှ ထွက်လာပြီး ရှေ့တွင်ရပ်နေသော ချင်းမင်နှင့် ချင်းချင်းတို့ကို မြင်တွေ့လိုက်ရသည်။ ထိုလူများသည် အနည်းငယ် အံ့အားသင့်သွားပြီး သူတို့ကို ဂရုတစိုက် ကြည့်လိုက်ကြ၏။
ဤသည်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်ပြီး သူမ၏လက်ထဲတွင် သကြားလုံးများကို ကိုင်ထားဆဲပင်။ မည်သို့ပင်ကြည့်စေကာမူ သူတို့၏ ရှေ့ရှိလူနှစ်ဦးသည် အပျော်ခရီး ထွက်လာကြသည်နှင့် တူညီနေသည်။