အခန်း (၅၅၁-၅၅၅)
Vol. 27 Ch. 551-555
အခန်း(၅၅၁)
တစ်စက္ကန့်မျှ ကြာသေးသည့်တိုင်အောင် မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်တွင် မိန်းမဆိုးကောင်းအနေနှင့် သူကအဖြေကို ရရှိတော့မည် မဟုတ်ဟု ယုံကြည်လိုက်သည်။ သို့သော် ထိုအချိန်တွင်ပင် မဟာခမ်းမကြီး တစ်ခုလုံးက လှိုင်းများ ရိုက်ခတ်သွားသလို တသိမ့်သိမ့် တုန်လာပြီးနောက် ခမ်းနားသောအသံကို ကြားလိုက်ရသည်။
“အနောက်တောင်ပိုင်းက အချိန်မကျသေးဘူး”
“အရှင်မင်းကြီး”
မြင့်မြတ်လှပါသော ဧကရာဇ်၏အသံကို ကြားလိုက်ရသောအခါ မိန်းမဆိုးကောင်းက စိတ်အတွင်းတွင် လှိုင်တက်လျှက် တုန်ယင်သွားသည်။ သူမနေနိုင်ဘဲ သက်ပြင်းရှည်ကြီးကိုချသည်။
“ဒါက အဲ့ဒီကလေးကြောင့်ပါလား”
ထိုစကားလုံးများက မြေကြီးကို ကွဲအက်စေတော့မည့်အလား ထင်ရသည်။ တော်ဝင်ခုံရုံးမှ အမတ်များကသာ ရှိနေလျှင် သူတို့ကပင် ကြောင်တောင်တောင် ဖြစ်သွားရလောက်သည်။ အနောက်တောင်ပိုင်းဟာ ကပ်ဘေးဆိုက်နေလေပြီး သို့တိုင်အောင် ဧကရာဇ်က အချိန်မကျသေးဟု ဆိုနေသည်။ ကောင်းကင်က ပြိုကျတော့မည်ဖြစ်ပြီး တော်ဝင်ခုံရုံးကလည်း ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီးဖြစ်သည်။ သို့သော် မည်သူကမှ မမျှော်လင့်ထားသည်မှာ ထိုသို့ဖြစ်နေသော အခြေအနေအားလုံးက လူငယ်လေးတစ်ယောက်ထဲနှင့် သက်ဆိုင်နေသည်။
မဟာခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမှ မရှိတော့ချေ။ ရွှေရောင်လိုက်ကာများ၏ အနောက်တွင် ပုံရိပ်တစ်ခုက မရွေ့လျားဘဲ တောင်တန်းကဲ့သို့ အဝေးရှိ ကြယ်စင်များကိုပင် လှမ်းကိုင်တော့မည့်အလား မားမတ်စွာရှိနေသည်။ မဟာထန်၏ မြင့်မြတ်လှသော အဆင့်လိုဧကရာဇ်၏ အတွေးကို ဘယ်သူမှ မသိနိုင်ချေ။ ကောင်းလီရှီပင် မသိနိုင်ချေ။
သူက ကိစ္စများစွာကို သိထားသော်လည်း ဘာကိုမှမသိတော့သလို ခံစားရပြန်သည်။
“အရာအားလုံးက ကံကြမ္မာအရပဲ။ ဖြစ်လာသည်ဖြစ်စေ ဖြစ်မလာသည်ဖြစ်စေ ဖြစ်သင့်တဲ့ ကံတရားကို အမြန်ဆုံး ရှာဖွေတွေ့ရှိလာရလိမ့်မယ်”
လိုက်ကာ၏အနောက်မှ မြင့်မြတ်သော ဧကရာဇ်က မေးခွန်းကို ပြန်မဖြေသော်လည်း ပြောသင့်သည့် စကားများကို ပြောလာသည်။
“အရှင်မင်းကြီး အရှင်မင်းကြီးက အနောက်တောင်ပိုင်းရဲ့ ကံကြမ္မာကို စစ်သည်ငါးထောင်က တကယ်ပဲ ပြောင်းလဲနိုင်တယ်လို့ ထင်တာပါလား။ ခဲ့လော့ဖုန်းတောင်မှ သာ့လွန်ရော့ကျန်းနဲ့ အတူတကွ ပူးပေါင်းနေပါပြီ။ မာန်ရှဲ့ယွီစန်းရဲ့ အင်အားက ငါးသိန်းကျော်နေပါပြီ”
မိန်းမဆိုးကောင်း၏ နဖူးက ကြမ်းပြင်နှင့်ထိသည်အထိ သူကဒူးထောက်ချထားသည်။ သူ၏အသံထဲတွင် စိတ်ပျက်အားငယ်မှုကို ခံစားမိနိုင်သည်။
ဧကရာဇ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခစားလာပြီးနောက်တွင် ကောင်းလီရှီအနေနှင့် မြင့်မြတ်သော ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို တစ်ကြိမ်သော်မျှ သံသယမဝင်ခဲ့ဖူးချေ။ သို့သော် ဒီအနောက်တောင်ပိုင်းကမူ စစ်သည် သန်းပေါင်းများစွာ၏ အသက်နှင့် ပြည်သူသန်းကျော်၏ အသက်နှင့် ဆက်စပ်နေသည်။ သို့သော် သူတို့အားလုံး၏ မျှော်လင့်ချက်ကို လူငယ်လေးတစ်ယောက်ထံသာ စုပေါင်းထားပြီး တစ်ဖက်သူ၏ အင်အားကိုလည်း သေချာမသိနိုင်သေးဘဲ မျှော်လင့်ချက်အကုန် စုရုံးထားရန်အတွက်မူက မဖြစ်နိုင်သေးချေ။ အနောက်တောင်ပိုင်း၏ ကိစ္စက နိမ့်ကျသော ကစားပွဲတစ်ခုမဟုတ်ချေ။
ခန်းမက တိတ်ဆိတ်သွားသည်။ မည်သည့်တုန့်ပြန်သံမှ ထွက်မလာချေ။
ကောင်းလီရှီက ထိတ်လန့်လာသည်။ သူ၏နဖူးမှလည်း ချွေးစေးများ စီးကျလာတော့သည်။ သူ၏လက်ဖဝါးကပင် ချွေးပြန်နေပြီဖြစ်သည်။ သူ့အနေနှင့် ပထမဦးဆုံးအကြိမ် ဧကရာဇ်ကို မေးခွန်းထုတ်ဖူးခြင်းဖြစ်သည်။ သို့သော် တော်ဝင်ခုံရုံးက အရေးကိစ္စများကိုလည်း လက်ရှိကိုယ်တိုင် ကိုင်တွယ်နေရသော မိန်းမဆိုးတစ်ယောက်အနေနှင့် ဧကရာဇ်၏ အရင်းနှီးဆုံးသော လက်ပါးစေ တစ်ယောက်အနေနှင့် သူပြောသင့်သည့် စကားအချို့ကိုမူ ပြောရပေမည်။
“ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကျန်းကပုလ္လင်ကို ဘယ်လိုအရယူခဲ့သလဲဆိုတာကို မေ့သွားပြီလား”
“အာ”
ရုတ်တရက် အတို့ခံလိုက်ရသလိုမျိုး ကောင်းလီရှီက ဆက်ကနဲခေါင်းကို မော့လိုက်သည်။
ဧကရာဇ်က အဆင့်လွန်အရှင်သခင် နံပါတ်ကိုးနှင့် နံပါတ်ငါးထံမှ ပုလ္လင်ကိုမည်သို့ အရယူခဲ့ကြောင်း သူက သဘာဝအလျောက်ပင် သိထားလေသည်။ သို့သော် မည်သူကမှ အာရုံမစိုက်သော မင်းသားတစ်ပါးက ဧကရာဇ် ဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ အဆုံးတွင် လက်ရှိဧကရာဇ်က သူ၏ဗျူဟာတွင် ပြောင်မြောက်သော မဟာပါရမီကိုသုံးပြီး မဟာထန်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လျှက် လူတိုင်းက ချစ်မြတ်နိုးရသော ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။
ကောင်းလီရှီကလည်း ဧကရာဇ်က ထိုကလေးကို သူနှင့်ပင်ယှဉ်မည်ဟု မမျှော်လင့်ထားမိချေ။
“ကျန်းကသူ့ကို အထင်ကြီးနေတာ မဟုတ်ဘူး။ မှားယွင်းပြီး ဆုံးဖြတ်ချက် ချမိတာလည်း မဟုတ်ဘူး။ အနောက်တောင်ဘက်ပိုင်းက ရလဒ်တွေက ရှင်းလင်းသွားတဲ့အခါမှာ အားလုံး နားလည်သွားပါလိမ့်မယ်။ အရာအားလုံးက ကံကြမ္မာအတိုင်းပဲ။ ယွမ့်ရီ မင်းအနေနဲ့ ကျန်းကသူ့ကို မျက်နှာသာပေးတာကလည်း ကံကြမ္မာကြောင့်လို့ သိထားဖို့ပဲလိုတယ်။ ဒါဆိုလုံလောက်ပြီ။ အခုနောက်ဆုတ်တော့”
သူ၏နောက်ဆုံးစကားနှင့်အတူ လိုက်ကာအနောက်မှ အဆင့်လွန် တည်ရှိမှုက ကောင်းလီရှီ၏ နာမည်ကို ထည့်ပြောသွားသည်။
လူတိုင်းက မိန်းမဆိုးကောင်းကို ကောင်းလီရှီဟု သိထားကြသည်။ သို့သော် မိန်းမဆိုးကောင်းက နန်းတွင်းသို့ မဝင်ရောက်ခင်တွင် သူ၏မျိုးရိုးနာမည်ဟာ ဖုန်းဖြစ်ပြီး ယွမ့်ရီက မွေးနာမည်ဖြစ်ကြောင်း သိသူနည်းသည်။ အရှင်မင်းကြီးက သူ၏ထိုနာမည်ကို ထည့်ပြောလာသည့်အတွက် ဒီစကားပြောခန်းက ရပ်သင့်သည်ဟု ဆိုလိုနေသည်။
“ဟုတ်ကဲ့အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ အစေခံက ထွက်ခွာသွားပါတော့မယ်”
ကောင်းလီရှိက ဆက်လက်ပြီး မငြင်းဆန်ရဲတော့ဘဲ နာခံစွာဖြင့်သာ ထွက်ခွာသွားရသည်။
ခန်းမထဲမှ ထွက်ပြီးနောက်တွင် ကောင်းလီရှီက ခန်းမထဲမှ ထွက်ပြီး ကြောင်စိမ်းလှေကားထစ်ပေါ်သို့ ပြန်ရောက်သွားသည်။ အတွင်းခုံရုံးမှ ခမ်းနားစွာ တောက်ပနေသော ရွှေရောင်နာမည်များကို ကြည့်လိုက်သည်။ သို့သော် သူ၏စိတ်ကမူ လှိုင်းထန်နေသည်။ သူက ဧကရာဇ်ကို တွေ့ခွင့်ရခဲ့ပြီး အဖြေကို ပြန်လည်ရရှိခဲ့သည့်တိုင်အောင် ကောင်းလီရှီ၏ သံသယက မလျော့သွားသည့်အပြင် ပို၍သာ တိုးလာသည်။
အနောက်တောင်ပိုင်း အနောက်တောင်ပိုင်း အာ အရှင်မင်းကြီးရဲ့စိတ်က ခန့်မှန်းရ ခက်သထက် ခက်လာတာပဲ။ ဝမ်ရန် မင်းရဲ့အငယ်ဆုံးသားက အရှင်မင်းကြီးကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။
ထိုအတွေးနှင့်အတူ ကောင်းလီရှီက ကြောင်စိမ်းလှေကားထစ်များပေါ်မှ လျှင်မြန်စွာ ဆင်းသက်လိုက်ပြီးနောက်တွင် ထိုက်ကျိနန်းဆောင်မှ ထွက်ခွာသွားသည်။ သူ့တွင် ပို၍အရေးကြီးသော တာဝန်ကို လုပ်ဆောင်ရအုံးမည်ဖြစ်သည်။
ကောင်းလီရှီက ထိုက်ကျိနန်းဆောင်မှ ထွက်ခွာသွားပြီးနောက်တွင် ပို၍အရေးကြီးသော တာဝန်ဆိုသည့်အရာကို မည်သူမှ မသိနိုင်တော့ချေ။
ဝင်သွားသော နေမင်း၏ နောက်ဆုံးအလင်းက အနောက်တောင်ဘက်ပိုင်းမှ ပျံသန်းလာသော ပင်ဂွင်းများကို ကျော်ဖြတ်သွားသည်။ မည်သူကမှလည်း ထိုပင်ဂွင်းနှစ်ကောင်က အဆောက်အဦးပေါင်းများစွာ ခေါင်မိုးပေါင်းများစွာကို ကျော်ဖြတ်လျှက် နန်းဆောင်အတွင်းသို့ ဝင်ရောက်လာမည်ဟု မမျှော်လင့်ထားလောက်ချေ။
“ဘာ ခြင်္သေ့မြို့က ကျရှုံးသွားပြီဟုတ်လား”
စစ်မတ်ရေးရာ ရုံးငှာန၏ ရုံးခန်းထဲတွင် သတ္တုစားပွဲကို လက်သီးဖြင့်ထိုးသဖြင့် သွေးကြောများပင် ထောင်ထနေသော လက်ဝါးတစ်ဖက်ကို မြင်နိုင်သည်။ ထိုလက်ဝါးက ကျိုးလုနီးပါးပင် ယောင်ကိုင်းနေသည်။ သံသယဝင်ရန် မလိုလောက်အောင် ဒီအံ့အားသင့်စရာသတင်းက စစ်ပွဲပြီး တစ်လကျော် ကြာပြီးနောက်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ခြင်္သေ့မြို့ဟာ မြို့တော်ရှိ နောက်ဆုံးသော စိတ်သက်သာရာ အရင်းအမြစ်ဖြစ်သည်။
အန်းနန်အစိုးရစစ်တပ်က ရှုံးသွားသော်လည်း ခြင်္သေ့မြို့တွင်ရှိသော သံမဏိခံတပ်က စစ်သည် တစ်သိန်းကို ကာကွယ်ပေးနိုင်သည်။ ဒါက အနောက်တောင်ပိုင်းတစ်ခုလုံး၏ နောက်ဆုံး အကန့်အသတ်အလွှာလည်း ဖြစ်နေသေးသည်။ ထိုစစ်သားများကသာ တည်ရှိနေသမျှ ကာလပတ်လုံး အနောက်တောင်ပိုင်း၏ အခြေအနေက အဆုံးရွားဆုံး အခြေအနေအဖြစ် မပြောင်းလဲသွားလောက်သေးချေ။
လူတိုင်းကလည်း ဤနောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြသည်။ သို့သော် မည်သူမှ မမျှော်လင့်ထားသည်မှာ ခြင်္သေ့မြို့က ကျရှုံးသွားပြီဖြစ်သည်။
“ဒီသတင်းက သေချာလား။ မှားပြီးတင်ပြမိတာများလား ခြင်္သေ့မြို့က ဘယ်လောက်တောင် ခိုင်မာတဲ့ ခံတပ်ကြီး ရှိနေလိုက်သလဲ။ ဖျက်ဆီးလို့မရတဲ့ သန့်စင်ထားတဲ့ သံမဏိတွေနဲ့ တည်ဆောက်ထားတာ မဟုတ်လား။ မြို့ရိုးကလည်း ကျန်းသုံးဆယ်ကျော်တောင် မြင့်နေသေးတယ်။ ဒါကိုဘယ်လို အလွယ်တကူ ပျက်စီးသွားနိုင်မှာလဲ။ ပိုဆိုးတာက အန်းနန်အစိုးရစစ်တပ်က စစ်သည်တစ်သိန်းကျော်က အဲ့ဒီမှာရှိနေတာ မဟုတ်ဘူးလား”
အသံက သြရှပြီး အံ့အားသင့်မှုအပြည့်ပါသည်။ ရှင်းလင်းစွာဖြင့်ပင် အသံပိုင်ရှင်က ဒီဖြစ်ရပ်ကို လက်မခံနိုင်ချေ။
“အရှင် ဒီကိစ္စက သံသယမဟုတ်ဘဲ အတည်ပြုပြီးပါပြီ”
“ကျွန်တော်တို့ရဲ့ လူတွေက အနောက်တောင်ဘက်ပိုင်းကို လွန်ခဲ့တဲ့ တစ်လကျော်က သွားရောက်စစ်ဆေးခဲ့ပြီး ရလာတဲ့ ဒီစုံစမ်းစစ်ဆေးမှု ရလဒ်ကလည်း မှန်ကန်ခြင်းရှိမရှိ သုံးကြိမ်ဆက်တိုက် ပြန်လည်စစ်ဆေးခဲ့ပါသေးတယ်။ ဒါ့အပြင် အန်းနန်အစိုးရစစ်တပ်က မိုးထဲမှာ လမ်းပျောက်သွားတဲ့ စစ်သည်တော် တစ်ယောက်ကိုလည်း ရှာတွေ့ခဲ့ပါတယ်။ သူက ကိုယ်တိုင်ကိုယ်ကျ ဒီသတင်းကို အတည်ပြုပေးခဲ့တာပါ”
“ဒါ့အပြင် ခြင်္သေ့မြို့က ရိက္ခာတွေကလည်း ကုန်ဆုံးသွားပါပြီ။ မာန်ရှဲ့ယွီစန်း စစ်တပ်က သူတို့ကို ငတ်မွတ်အောင် ပိတ်ဆို့တဲ့အရေးက ကာကယ်ဖို့အတွက် ကာကွယ်ရေးဗ်ိုလ်ချုပ် ရှန့်ယွီနဲ့ ဗိုလ်ချုပ်ဝမ်ရန်တို့က မြို့ကိုလက်လျော့ပြီး ဖောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူတိုင်းက အဲ့ဒီနေရာက ထွက်ခွာသွားကြပေမဲ့ ခြင်္သေ့မြို့ရဲ့ အကာအကွယ် မရှိတော့ရင် သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့ရဲ့ တိဗက်မြင်းတပ်က လိုက်လံသတ်ဖြတ်ကြရင် လက်ရှိအန်းနန်အစိုးရ စစ်တပ်ရဲ့ အခြေအနေက မသိနိုင်တော့ပါဘူး။ အရာအားလုံးက ကံကြမ္မာလို့ပဲ သတ်မှတ်ရတော့မှာပါ”
“ဒီသတင်းရဲ့ အရေးကြီးမှုကို ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒါကြောင့် တက်နိုင်သမျှ အမြန်ဆုံး တပ်ကူတွေစေလွှတ်ဖို့ တောင်းပန်ပါတယ်။ အနည်းငယ်တောင်မှ နှောင့်နှေးကျန့်ကြာလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဒီသတင်းကို နှောင့်နှေးကျန့်ကြာခြင်း မရှိဖို့အတွက် ထိပ်တန်းအဆင့် မြင်းအကောင်ရေ နှစ်ဆယ်ကျော်ကို မောပန်းနွမ်းနယ် သေဆုံးလို့ လမ်းမှာတင် လဲခဲ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အထောက်တော် လက်ရွေးစင် ဆယ်ယောက်လုံးကလည်း အားအင်ကုန်ဆုံးပြီး မောပန်းနွမ်းနယ်နေကြပါပြီ။ ကျွန်တော်တို့ သတင်းပို့ပင်ဂွင်း ဆယ်ကောင်နဲ့ သိန်းငှက်တွေကိုလည်း ဆုံးရှုံးခဲ့ရပါသေးတယ်။ အရှင် အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ပါတယ်”
သတင်းပို့လာသော ထိုအထောက်တော်က မျက်နှာဖြူဖျော့နေပြီး အလွန်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံထားရကာ ချုံးချုံးကျသလို ဖြစ်နေသည်။
အန်းနန်အစိုးရစစ်တပ်က မဟာထန်၏ အဓိက အာရုံစိုက်ရာဖြစ်ပြီး လူပေါင်းများစွာ၏ ကံကြမ္မာနှင့်လည်း ပတ်သတ်နေသည်။ အခြားသော ကာကွယ်ရေး တပ်များကလည်း ကာကွယ်မှုအောက်တွင် ကျရောက်နေသော်လည်း အန်းနန်အစိုးရစစ်တပ်၏ ကိစ္စက ပို၍အရေးကြီးသည်။ ထန်ကလူတိုင်းကလည်း အန်းနန်အစိုးရစစ်တပ်က စစ်သည်တော်များက တိဗက်မြင်းတပ်၏ လက်အောက်တွင် သေဆုံးမည့်အရေးကို တွေးကြည့်ရုံဖြင့်ပင် မျက်နှာဖြူဖျော့သွားကြမည်ဖြစ်သည်။
အန်းနန်အစိုးရစစ်တပ်မှ စစ်သည်များ၏ အရေအတွက်က မာန်ရှဲ့ယွီစန်း စစ်တပ်ငါးသိန်းကို ယှဉ်နိုင်ရန် မည်သည့်နည်းနှင့်မျှ မလုံလောက်ချေ။ ဒါကလူတိုင်းသိထားသော အချက်ဖြစ်သည်။ မည်သူကမှလည်း အန်းနန်အစိုးရစစ်တပ်က ကံကြမ္မာကောင်းကို ကြုံတွေ့မည်ဟု မယုံကြည်ကြချေ။ လက်ရှိအခြေအနေက အမှန်တရားဖြစ်သည်။ သို့သော် ဒီအချက်ကို မည်သူကမှ လက်မခံလိုကြပြန်ချေ။
လူတိုင်းက ထိုသတင်းကို လက်ခံရရှိပြီးနောက်တွင် နှလုံးသားက တင်းကြပ်သွားကြ၏။ သူတို့၏ ရင်ဘက်ထဲသို့ ကျောက်တုံးကြီးတစ်တုံးကို လာထိုးထည့်သွားသည့်အလား အသက်ရှုရ ခက်ခဲသွားကြသည်။
ထိုရုံးခန်း တစ်ခုလုံးကလည်း တိတ်ဆိတ်သွားတော့သည်။
စစ်မတ်ရေးရာ ငှာနမှ အရေးကြီးသော အရာရှိများ အားလုံးကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်နှာများက ပြာနှမ်းနေကြသည်။
ရုတ်တရက် ကြွေဖန်အိုးကွဲသံ ကြားလိုက်ရသဖြင့် အားလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည့်အခါ အခန်း၏ အမြင့်မားဆုံးနေရာတွင် တင်ပြင်ခွေ ထိုင်နေသော ကျန်းချုံကျန့်ချုံးကို မြင်လိုက်ရသည်။ တစ်ဖက်သူက လက်ဖက်ရည်ခွက်ကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ခွဲလိုက်ခြင်းဖြစ်သည်။
ထိုအခိုက် ကျန်းချုံကျန့်ချုံး၏ မျက်နှာက အစိမ်းရောင်သမ်းနေပြီဖြစ်သည်။
“သွားပြီ အနောက်တောင်ပိုင်းကတော့ ကျရှုံးသွားပြီ”
“လက်ရွေးစင် တစ်သိန်းရှစ်သောင်းတောင် ဆုံးရှုံးလိုက်ရပြီ။ ဘယ်လိုများ ဖြစ်သွားတာလဲ”
“တပ်ကူတွေလိုတယ် တပ်ကူတွေလိုတပ် တပ်ကူတွေပို့ရမယ်။ ငါတို့မှာ အခွင့်အရေး ရှိနေသေးမှာ သေချာပေါက် တပ်ကူတွေ ပို့ပေးရမှာပေါ့”
“နောက်ကျလွန်းသွားပြီ။ ငါတို့တပ်ကူတွေ စေလွှတ်မယ်ဆိုရင်တောင်မှ သူတို့က နှေးနေအုံးမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့က အချိန်မီ ဘယ်နေရာကနေ ဒီတပ်ဖွဲ့တွေ အများကြီးကို သွားရှာရမှာလဲ”
“ဘာလို့များ ဒီလိုဖြစ်လာရတာလဲ”
“ဒါကမဟာထန်ရဲ့ ကပ်ဘေးပဲ”
“ဒါက ဗဟိုပြင်ကျယ်က ကြုံတွေ့ရတဲ့အထဲမှာ အဆိုးရွားဆုံး ကပ်ဘေးပဲ”
အားလုံးက စိတ်ပျက်အားငယ်နေကြသည်။ အနောက်တောင်ပိုင်းက သတင်းက ကျယ်သထက် ကျယ်လာပြီးနောက်တွင် နန်းတော်အတွင်းသာလျှင် မကလေဘဲ အပြင်သို့ပင် ပျံ့နှံ့သွားခဲ့ကာ ရုံးငှာန တစ်ခုချင်းစီတိုင်းက သိသွားကြသည်။ ထိုသို့ဖြင့် ဆူနာမီလိုမျိုး ခြင်္သေ့မြို့၏ သတင်းက တော်ဝင်ခုံရုံး တစ်ခုလုံးကို လှုပ်ခါသွားစေတော့ကာ တစ်မြို့လုံးက ကြောက်လန့်မှု၊ မသက်မသာဖြစ်မှု၊ စိုးရိမ်မှု အမျိုးမျိုးသော ခံစားချက်များဖြင့် ရှိနေကြရသည်။
မြို့တော်၏ လေထုအခြေအနေကလည်း အေးခဲနေသည်။ ဈေးများကပင် တိတ်ဆိတ်နေကာ ယခင်ကကဲ့သို့ စည်ကားခြင်း မရှိတော့ချေ။
“ဘာလို့ဒီလို ဖြစ်ရတာလဲ။ ဘာကြောင့်လဲ။ သေချာပေါက် မဖြစ်သင့်ဘူး”
ဝမ်ကလန်၏ စံအိမ်တော်အတွင်းတွင် ဝမ်ခန်းက စားပွဲကို လက်သီးဖြင့်ထိုးသည်။ သူ၏ရင်က လေးလံနေသည်။ မျက်နှာကမူ စက္ကတစ်စလို ဖြူဖျော့နေသည်။
ဝမ်ရန်၊ ဝမ်ဖူ၊ ဝမ်ချောင်
ဝမ်ကလန်မှ စစ်တပ်တွင် အထူးချွန် အပြောင်မြောက်ဆုံးသော သုံးယောက်လုံးက အနောက်တောင်ဘက်ပိုင်းတွင် ရှိနေသည်။ မြို့တော်တွင်ရှိသော ဝမ်ကလန်မှ လူများအနေနှင့် ထိုထက်ပို၍ တုန်လှုပ်ဖွယ်ကောင်းသော သတင်းမျိုးကို လက်ခံရရှိဖူးခြင်း မရှိကြချေ။
အခန်း(၅၅၂)
ဝမ်ကလန်မှ ဝမ်းကွဲလေးယောက်ထဲတွင် အကြီးဆုံးသား ဝမ်ခမ်း၊ ဒုတိယသမီး ဝမ်ယွီရှန်း၊ တတိယသား ဝမ်ရန်၊ စတုတ္တသား ဝမ်မီတို့ ဖြစ်ကြသည်။ ဝမ်ယွီရှန်းက အမျိုးသမီးဖြစ်သည့်အလျောက် လက်ထပ်ပြီး အိမ်မှထွက်ခွာသွားခြင်းအားဖြင့် သူမက အပြင်လူတစ်ပိုင်း ဖြစ်သွားပြီဖြစ်လေရာ မိသားစုမျိုးရိုးကို ဆက်ခံနိုင်စွမ်းအား မရှိတော့ချေ။ ဝမ်မီက တော်ဝင်စစ်တပ် လေ့ကျင့်ရေးစခန်းမှ ခေါင်းဆောင်ဖြစ်နေသည်။ သူ၏အဆင့်က မနိမ့်သော်လည်း သူကလည်း ခုံရုံးအတွင်းသို့ မဝင်နိုင်သလို စစ်တပ်အတွင်းသို့လည်း တိုက်ရိုက် မဝင်နိုင်ချေ။ ထို့ကြောင့် သူ့အနေဖြင့် ဝမ်ကလန်ကို အောင်မြင်တိုးတက်အောင် ယူပေးနိုင်မည့် အရိုက်အရာအာဏာ အဆင့်အတန်း မရှိဟု ဆိုနိုင်သည်။
ဝမ်ကလန်အတွင်းတွင် လွှမ်းမိုးနိုင်စွမ်းရှိပြီး တိုက်ရိုက် ဆက်ခံရန် အလားအလာ အကောင်းဆုံးက အကြီးဆုံးသား ဝမ်ခမ်းနှင့် တတိယသား ဝမ်ရန်တို့ဖြစ်သည်။
ဝမ်ခမ်းက ပြည်တွင်းအရာရှိတစ်ယောက် ဖြစ်နေချိန်တွင် ဝမ်ရန်ကမူ စစ်တပ်အရာရှိတစ်ယောက် ဖြစ်သည်။ ညီအစ်ကို နှစ်ယောက်လုံးကလည်း မတူသော နယ်မြေအသီးသီးကို အပိုင်သိမ်းထားကြသည်။ ဝမ်ကလန်၏ စစ်တပ်နယ်မြေအတွင်းရှိ လွှမ်းမိုးမှုက ဝမ်ရန်နှင့်သားများအပေါ် မူတည်နေသည်။
သူတို့က အစပိုင်းတွင် ကောင်းကောင်း လုပ်နိုင်ခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးက ဘယ်ခြေထောက်နှင့် ညာခြေထောက်ကဲ့သို့ အဆုံးသတ်ခဲ့ရသည်။ ခြေထောက်များက ဦးတည်ရာ အသီးသီးသို့ လှမ်းနေသော်လည်း မည်သူကမှ အခြားတစ်ချောင်းမပါဘဲ လမ်းလျှောက်နိုင်မည်မဟုတ်ချေ။ ပြည်တွင်းခုံရုံး ရေးရာအတွက်ပင်ဖြစ်စေ၊ စစ်တပ်ရေးရာ အတွက်ပင်ဖြစ်စေ ခြေထောက်တစ်ချောင်း လိုအပ်နေသည်နှင့် ဝမ်ကလန်၏ အာဏာကလည်း လျော့ကျသွားမည်ဖြစ်သည်။ ဝမ်ရန်နှင့် ဝမ်ဖူတို့က ခြင်္သေ့မြို့တွင် နေကြပြီး နှစ်ယောက်လုံးကလည်း စစ်တပ်မှ အာဏာကြီးသော လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ဗိုလ်ချုပ်များ ဖြစ်နေကြကတည်းက ဒါကဝမ်ကလန်၏ ဂုဏ်အဆင့်အတန်း မြင့်မားမှုကို ကိုယ်စားပြုနိုင်သည့် ပြရုပ်များဖြစ်နေသည်။
ခြင်္သေ့မြို့ ကြာသွားမှုနှင့်အတူ ထန်စစ်တပ်ကလည်း ထွက်ခွာသွားရပြီး အနောက်တောင်ပိုင်း နယ်မြေတွင်ရှိသော တိဗက်မြင်းတပ် ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ ခန့်မှန်းကြည့်ရန် မလိုလောက်အောင် ဝမ်ရန်နှင့် ဝမ်ဖူ၏ ကံကြမ္မာကို သိနိုင်သည်။ ခြင်္သေ့မြို့ ကြာသွားခြင်းက ဝမ်ချောင်အတွက်လည်း ကပ်ဘေးစိုက်မည်ဖြစ်ကြောင်း သေချာသွားစေသည်။ အားသွားသော မာန်ရှဲ့ယွီစန်း စစ်တပ်က ယခုအခါ မြောက်ဘက်သို့ ရွေ့လာတော့မည်ဖြစ်ပြီး ဝမ်ချောင်၏ စစ်တပ်ကလည်း ထိုအင်အားစုနှင့်သာ ရင်ဆိုင်လျှင် အပြည့်အဝ ဆိုးရွားစွာ အဆုံးသတ်သွားရမည်မှာ သေချာနေသည်။
“မဟုတ်ဘူး အခုပဲ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ ချောင်အာ ဘယ်နေရာကိုပဲ ရောက်နေရောက်နေ သူ့ကိုငါ့အတွက် ရအောင်ရှာပြီး မြို့တော်ကို ချက်ချင်းလာခိုင်းရမယ်။ မဟုတ်ဘူး အခုချက်ချင်း လူတွေလွှတ်ပြီး ပြန်ခေါ်လာခဲ့။ သူ့ကိုချုပ်နှောင်ပြီး ပြန်ခေါ်လာရမယ်ဆိုရင်တောင်မှ အဆင်ပြေတယ်”
ဝမ်ခမ်းက စားပွဲထောင့်စွန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏နဖူးတွင်လည်း ချွေးများက စိုရွှဲနေသည်။ သူကနောက်ဆုံးစကားကို အသားကုန် အော်ဟစ်နေကာ ပြောလိုက်သည်။
ဝမ်ရန်နှင့် ဝမ်ဖူတို့က တိုက်ပွဲတွင် သေသွားလျှင် ဝမ်ကလန်၏ အာဏာက ကြီးကြီးမားမား သက်ရောက်ခံရပြီး လျော့ကျသွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဝမ်ကလန်က စစ်တပ်အတွင်းတွင် အာဏာလျော့ကျသွားမည့် အရေးကို တောင့်ခံနိုင်လောက်အောင် မတက်နိုင်ချေ။
ဝမ်ချောင်က ဝမ်ကလန်၏ ချီလင်း၏သားဖြစ်ပြီး ဝမ်ခမ်းက မျှော်လင့်ချက်အကုန် စုပုံထားရသည့် ဂျူနီယာတစ်ယောက်လည်း ဖြစ်သည်။ ဝမ်ခမ်းအနေနှင့် သူ၏ကိုယ်ပိုင်သားထက်ပင် ဝမ်ချောင်အပေါ် မျှော်လင့်ချက် ပိုထားသေးသည်။ ဝမ်ချောင်က ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရ၍ မဖြစ်ပေ။
ဟိုက်ရား
ဝမ်ခမ်းက အမိန့်ကို ချက်ချင်းထုတ်ပြီး စက္ကန့်ပိုင်းအတွင်းတွင်ပင် ဝမ်ကလန်၏ စံအိမ်အတွင်းမှ လက်ရွေးစင် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ကျော်က ချက်ချင်းလိုလို ထွက်သွားသည်။ သူတို့က မြင်းကိုဒုန်းဆိုင်းနှင်လျှက် အနောက်တောင်ဘက်ပိုင်းထံသို့ လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ခြင်္သေ့မြို့ ကျရှုံးသွားသည်ဆိုသော သတင်းက လေ့ကျင့်ရေးစခန်း သုံးခုလုံးသာ မကလေဘဲ မဟာကလန်ကြီးများ အထက်တန်းလွှာများ အားလုံးက သိလိုက်ကြသည်။
အနောက်တောင်ပိုင်းကို အန်းနန်အစိုးရစစ်တပ်က တပ်ဆွဲထားသော်လည်း ထိုစစ်တပ်ကို သူတို့၏ ကလန်အဖွဲ့သားများက အားဖြည့်ပေးထားခြင်းဖြစ်သည်။ ခြင်္သေ့မြို့ ကျသွားခြင်းက ထိုလူများ၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။
မြို့တော်က ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် ရွှေကလန်၏ စံအိမ်အတွင်းသို့ မီးခိုးဖြူရောင် သတင်းသယ် ပင်ဂွင်းတစ်ကောင်က ဝင်ရောက်သွားခြင်းကို မည်သူကမှ သတိမထားမိချေ။
“နောက်ဆုံးတော့ ရောက်လာပြီ”
ရွှီချီချင်းက သူမ၏လက်ကို အဝါရောင် စန္ဒကူးသစ်သား စားပွဲဝိုင်းပေါ်သို့တင်လျှက် လေးလံစွာ သက်ပြင်းချသည်။ အခြားသော လမ်းလွှဲထားစံအိမ်မှ လူတိုင်းကလည်း စားပွဲပေါ်ရှိ စာလွှာကို ကြည့်လာကြသည်။
စာပေါ်တွင် အပိုစကားများမပါဘဲ အနောက်တောင်ပိုင်း၏ မြေပုံကိုသာ ပြထားသည်။ ထိုမြေပုံ၏ တောင်တန်းတစ်ခုပေါ်တွင် လူတစ်ယောက်က ရှီးသင်္ကေတကို ခပ်ထူထူ ရေးဆွဲထားသည်။ ရွှီချီချင်းနှင့် သူမ၏အနားရှိ လူတိုင်းကသာ ထိုအဓိပ္ပာယ်ကို နားလည်သည်။ သူတို့၏ မစ်ရှင်ပစ်မှတ်က ထိုမြေပုံ၏ တောင်ပေါ်တွင် ရှိနေသည်။
ရွှီချီချင်းက စာကိုကြည့်ပြီးပြောသည်။
“တစ်လကျော် ကြာသွားပြီးတဲ့နောက်မှာ အချိန်နဲ့ စွမ်းအင်တွေ အများကြီးကို စိုက်ထုတ်ခဲ့ပြီး မြို့တော်က ကလန်တွေအားလုံးရဲ့ အင်အားစုကို စုဆောင်းနိုင်ခဲ့ပြီ။ ငါတို့နောက်ဆုံးတော့ ရိက္ခာနဲ့ ပစ္စည်းတွေ အားလုံးကို ဒီသတ်မှတ်ထားတဲ့ နေရာကို ပို့နိုင်ပြီ။ ဒါကငါတို့အားလုံး တက်နိုင်တာပဲ။ ကျန်တဲ့ကိစ္စတွေကတော့ သခင်လေးအပေါ်ပဲ မူတည်သွားပြီ”
တစ်လကျော် ကြာပြီးနောက်တွင် သူမက ဒီကိစ္စအတွက် အားအင်အရင်းအမြစ် စိုက်ထုတ်ခဲ့ရပြီး သူမ၏ ဦးနှောက်ကိုလည်း အသားကုန် အလုပ်ပေးခဲ့ရသည်။ ယခုအရာအားလုံး ပြီးဆုံးသွားသောအခါ ရွှီချီချင်းက အလွန်မောပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေ သူမက အမျိုးသမီး တစ်ယောက်သာလျှင်ဖြစ်သည်။ သူမက အပြင်လူများအတွက် အလွန်အမင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ထင်ရသည့်တိုင်အောင် သူမကိုယ်တိုင် ဒီစာဖတ်ခန်းအတွင်းတွင် ဆက်တိုက်ထိုင်ပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်တွေးတောနေခဲ့ရသည်။ သူမကိုယ်တိုင်ကသာ ဒါကမည်မျှ ခက်ခဲကြောင်း သိနိုင်သည်။ သူမနေ့တိုင်း ကြုံတွေ့နေရသော ဖိအားက သာမာန်လူတစ်ယောက် မမျှော်လင့်ရဲလောက်သော အဆင့်ဖြစ်သည်။
အနောက်တောင်ဘက်ပိုင်းမှ ကိစ္စများက စစ်သည်တစ်သိန်းနှင့် ပြည်သူ တစ်သန်းနီးပါး၏ ကံကြမ္မာနှင့် ပတ်သတ်နေသည်။ ဝမ်ချောင်က တောင်ပိုင်းသို့ သွားသောအခါ သူက သူ၏ယုံကြည်မှု အားလုံးကို ရွှီချီချင်းထံ ပုံအပ်ထားခဲ့သည်။ ထို့ကြောင့် ဒါကဖော်ပြရန် ခက်ခဲလောက်အောင် အဆုံးစွန်ဆုံး ယုံကြည်မှုနှင့်အတူ ကြီးမားသော ဖိအားထုကြီးလည်းဖြစ်သည်။
ရွှီချီချင်းက ယခင်က ဒီလိုဖိအားမျိုးကို လက်သင့်မခံခဲ့ဖူးချေ။
“ဒါပေမဲ့ မိန်းကလေးချီချင်း ဒါတွေက တကယ်ပဲ အသုံးဝင်နိုင်မှာလား”
“ဟုတ်တယ် မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့က စစ်သည်ငါးသိန်းကျော်နဲ့ အနောက်တောင်ဘက်ပိုင်းမှာ ရှိနေကြတာ။ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း၊ သာ့လွန်ရော့ကျန်းတို့လို ကျွမ်းကျင်ပညာရှင်တွေက ရှိနေသေးတယ်။ သခင်လေးချောင်က တကယ်ပဲ အန်းနန်အစိုးရစစ်တပ်ကို ဒီစစ်ပွဲကနေ အောင်မြင်အောင် ကယ်ထုတ်နိုင်မှာပါလား”
“ဒီရိက္ခာသန်းကျော်နဲ့ ဒီလက်နက်တွေက သူတို့အတွက် တကယ်ပဲ အသုံးဝင်မှာပါလား”
စာဖတ်ခန်း အတွင်းတွင်ရှိသော လူတိုင်းက ရွှီချီချင်းကို ကြည့်ကြသည်။ မြို့တော်မှ ထွက်ခွာသွားပြီးနောက် ဝမ်ချောင်က အရာအားလုံးကို ရွှီချီချင်းကိုသာ ကိုင်တွယ်စီမံရန် အာဏာလွှဲအပ်ပေးခဲ့သည်။ ဆိုလိုသည်မှာ ဝမ်ချောင်က ရွှီချီချင်းကို သူ၏အဆင့်နှင့် အာဏာကို လွှဲအပ်ခဲ့သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် ရွှီချီချင်းကသာ ဒီစံအိမ်၏ ခေါင်းဆောင်ဖြစ်ပြီး အားလုံးကို စီမံခန့်ခွဲနိုင်သူလည်းဖြစ်သည်။ ပို၍ဆိုးသည်မှာ အခြားသူများနှင့် မတူညီစွာပင် ရွှီချီချင်း၏ဘက်မှ လူအများ၏ အနောက်တောင်ပိုင်း၏ အခြေအနေကို အနားလည်ဆုံး ဖြစ်နေခြင်းဖြစ်သည်။
ခြင်္သေ့မြို့က ကြာသွားသည့်တိုင်အောင် လူတိုင်း သိနေကြသော အချက်က ဝမ်ချောင်က လုံခြုံနေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူဟာ အမြဲတစေ ကြိုတင်တွက်ဆပြီးမှ အရာအားလုံးကို စီမံကာ လုပ်နိုင်သည့်အတွက် အနောက်တောင်ပိုင်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ ထို့ကြောင့် သူတို့အားလုံးကလည်း ဒီအစီအစဉ်ကို နားလည်ထားကြသည်။ ထို့အပြင် သူတို့စိုးရိမ်မိသည်က ဒီစစ်ပွဲအတွက် သူတို့၏ စီစဉ်ထားသော အကြံအစည်များက သက်ရောက်မှု ရှိမရှိဆိုသည့် အချက်သာလျှင်ဖြစ်သည်။
သူတို့အားလုံးက ဝမ်ချောင်ကို အဆုံးစွန်အထိ ယုံကြည်ထားသည့်တိုင်အောင် ဝမ်ချောင်နှင့် အနီးကပ်ဆုံးသော လူများကပင် သူက မည်သည့် အတိုင်းအတာအထိ လုပ်နိုင်မည်ဖြစ်ကြောင်း တထစ်ချ မပြောနိုင်ကြချေ။
အင်ပါယာ၏ အနောက်တောင်ပိုင်းက ပြိုလဲနှင့်ပြီဖြစ်သည်။ ဉာဏ်အရှိဆုံးလူကပင် ဒီအခြေအနေတွင် အားအင်မဲ့ရမည်ဖြစ်သည်။ မည်သူကမှလည်း ဝမ်ချောင်၏ အစီအစဉ်ကို မသိကြသလို ရွှီချီချင်းကိုယ်တိုင်လည်း မသိသည့်အတွက် ပြောရန်ခက်ခဲသည်။
“နင်တို့အားလုံး ဝမ်ချောင်က ဘယ်လိုလူလည်းဆိုတာကို နားလည်ထားမယ်လို့ ငါယုံတယ်။ ငါ့အနေနဲ့ ဒီကိစ္စရဲ့ အသေးစိတ်ကိုသာ မသိထားပေမဲ့ ငါပြောနိုင်သမျှက သူကဘာကိုမှ အဓိပ္ပာယ်မရှိဘဲ မလုပ်ဘူးဆိုတာပဲ။ အနောက်တောင်ပိုင်း ကိစ္စအတွက်ကတော့ ငါသူ့ကိုပဲ ယုံကြည်ထားတယ်။ ဒီတော့ နင်တို့အားလုံးလည်း ဒီလိုပဲ ယုံကြည်ဖို့ မျှော်လင့်တယ်။ ဒါကငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော ကိစ္စပဲ”
ရွှီချီချင်းက ပတ်ဝန်းကျင်ကိုကြည့်သည်။ သူ၏မျက်နှာက တင်းမာနေသည်။
ရွှီချီချင်းက ဝမ်ချောင်ကို နားလည်မှုလွှဲမှားသည့် ကိစ္စပေါင်းများစွာ ရှိခဲ့သည်။ သို့သော် အနောက်တောင်ပိုင်းက စစ်ပွဲဖြစ်ပျက်လာသည့် အချိန်တွင် ရွှီချီချင်း၏ ဝမ်ချောင်အပေါ် အပြုအမူက လုံးဝ ပြောင်းပြန်လှန်သည်အထိ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အနောက်တောင်ပိုင်းက အခြေအနေက ဆိုးရွားလာသောအခါ ခုံရုံးနှင့် မြို့တော်က ဘာလုပ်ရမှန်းမသိဘဲ ငြင်းခုံနေကြချိန်တွင် ဝမ်ချောင်ကသာ ထရပ်ပြီး ကံကြမ္မာကို သယ်ဆောင်ကာ ကျွမ်းကျင်ပညာရှင် အနည်းငယ်ကိုသာ စုရုံးလျှက် တောင်ပိုင်းသို့ ထွက်ခွာရန် ရွေးချယ်ခဲ့သူလည်းဖြစ်သည်။
ဒီခရီးက အန္တရာယ်အပြည့် ရှိနေသည့်တိုင်အောင် သူက မာန်ရှဲ့ယွီစန်း စစ်သည်ငါးသိန်းနှင့် ရင်ဆိုင်ရမှန်း သိထားသည့်တိုင်အောင် ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်းနှင့် တွေ့နိုင်ချေများကြောင်း သိထားသည့်တိုင်အောင် ... သူသေကောင်း သေသွားနိုင်သည်အထိ နားလည်ထားသည့်တိုင်အောင် ဝမ်ချောင်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် တုန့်ဆိုင်းမနေဘဲ ထွက်သွားခဲ့သည်။
ရွှီချီချင်းအနေနဲ့ ပထမဦးဆုံးအကြိမ် အစစ်အမှန် ဝမ်ချောင်ကို သိလိုက်ရသည်။
ရွှီချီချင်းက သူမ၏ နှလုံးသားကပင် လှုပ်ရှားသွားကြောင်း ဝန်ခံရပေမည်။ ယခင်က ရွှီချီချင်း၏ အရှေ့တွင် အမျိုးသားပေါင်း များစွာက ဒူးထောက်ကာ သူမဆီမှ မျက်နှာသာပေးခံရရန် အသားကုန် ဖားယားနေတတ်သည်။ ထို့ကြောင့် မည်သူ့ကို အစစ်အမှန် ယောက်ျားဟု ဖော်ပြသင့်ကြောင်း သူမ မသိခဲ့ဖူးချေ။ သို့သော် ထိုတခဏတွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက် ပြတ်သားမှု၊ စစ်သည်ငါးထောင်နှင့် မြို့ထဲမှ ရဲရင့်စွာ ထွက်ခွာသွားသည့် ပုံရိပ်ကို မြင်လိုက်ရသည်နှင့်တင် ရွှီချီချင်းက အစစ်အမှန် ယောက်ျားက ဘာကိုဆိုလိုကြောင်း နားလည်လိုက်ရသည်။
ဆယ်ကျော်သက်တစ်ယောက်ပင် ဖြစ်လင့်ကစား ထိုလူငယ်က သူ၏ကိုယ်အတွင်းမှ အစစ်အမှန် အမျိုးကောင်းသားဆိုသော အရှိန်အဝါကို ဖုံးကွယ်ထား၍ မရတော့ချေ။ မည်သို့ပင် ဖြစ်လာစေကာမူ သူက အသက်ရှင်လျှက် ပြန်လာပေလိမ့်မည်။
ရွှီချီချင်းက ပြတင်းပေါက်အပြင်သို့ကြည့်သည်။ သူမ၏အကြည့်က အနောက်တောင်ဘက်ပိုင်းသို့ ရောက်သွားပြီး သူမ၏စိတ်ထဲတွင်လည်း အတွေးတစ်ခုကသာ ကျန်ရစ်တော့လေသည်။
အခန်း(၅၅၃)
ကောင်းကင်နှင့် မြေပြင်၏ ကျယ်ပြောသော ကွာဟချက်ကို ထူထည်းသော တိမ်စိုင်များက ကျော်ဖြတ်လျှက် ရေတစ်စက်က ကျဆင်းလာသည့်အခါ ထူထည်းသော ရွှံ့ထဲသို့ ဝင်ရောက်သွားလျှက် သဲလွန်စပင်မရှိအောင် ပျောက်ကွယ်သွားသည်။ ဒါက ဒီမိုးမုန်တိုင်း၏ နောက်ဆုံးသော ရေစက်ဖြစ်သည်။
“မြန်မြန် မြန်မြန် သွားကြ နောက်က မကျန်ရစ်စေနဲ့”
ဟိုက်ရား
တိမ်စဉ်များ၏အောက်တွင် အနက်ရောင်သံမဏိ အတန်းက ရှေ့သို့ရွေ့နေသည်။ သူတို့၏ လွင့်ထူထားသော လေတွင်လွင့်နေသော အနက်ရောင် အလံများက ကောင်းကင်ထိတိုင် တည့်တည့်မတ်မတ် ရောက်နေသည်။ အလံတွင် ထန်ဆိုသော ခမ်းနားသည့် စကားလုံးကိုသာ မြင်ရသည်။ တစ်နေ့လုံး တစ်ညလုံး ဆက်တိုက် အပြေးနှင်ပြီးနောက်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တစ်သိန်းက အနားယူခဲ့ခြင်းမရှိသလို အိပ်စက်ခဲ့ခြင်းလည်းမရှိဘဲ အားလုံးက အစောတလျင်သာ ဆက်တိုက် ဦးတည်ရာသို့ သွားလာနေကြသည်။ အားလုံးက မောပန်းနွမ်းနယ်နေသည့်တိုင်အောင် သူတို့၏ မြင်းများက အမောတကော အသက်ရှုနေသည့်တိုင်အောင် မည်သူကမှ မရပ်ကြသလို မည်သူကမှ အထွန့်မတက်ကြချေ။ ဒီတစ်ကြိမ်တွင် အချိန်ကို အားယူကာ အားလုံးက ထွက်ပြေးနေရခြင်းဖြစ်ပြီး ရှင်သန်ရန် မျှော်လင့်ချက်နှင့် တိုက်ခိုက်နေရခြင်းလည်းဖြစ်သည်။
“အရှင် ကျွန်တော်တို့ ဘယ်နေရာကို သွားကြမှာပါလဲ”
ကျယ်ပြောသော စစ်တပ်၏ အလယ်တွင် ရွှီရှစ်ပင်းနှင့် ရွှီအန်းသွန်းတို့က ဝမ်ချောင်၏ ဘယ်ညာတွင် အပြေးနှင်ကာ လိုက်ပါနေကြပြီး နောက်ဆုံးမှ ထိုမေးခွန်းကို မနေနိုင်တော့ဘဲ မေးလိုက်သည်။
စစ်တပ်က မနေ့ညကတည်းက အပြေးနှင်နေခဲ့သည်။ သို့ရာတွင် ထိုနှစ်ယောက်လုံးက ဝမ်ချောင်က စစ်တပ်ကို မည်သည့်ဘက်သို့ ဦးတည်နေကြောင်းကို မသိထားချေ။ စစ်တပ်က ယခုအခါ အစပိုင်းကတည်းက အရှေ့တောင်ပိုင်းသို့ ထွက်ပြေးနေကြခြင်းဖြစ်ပြီး မှားယွင်းခြင်းမရှိဟု ထင်ရသည့်တိုင်အောင် နောက်ပိုင်းတွင်မူ ထိုသို့မဟုတ်တော့ချေ။
စစ်တပ်အတွင်းရှိ အနှေးကွေးဆုံးသော အရာရှိတစ်ယောက်ကပင် ဝမ်ချောင်က မြောက်ပိုင်းသို့ ဦးတည်နေခြင်းမဟုတ်ကြောင်း သိကြသည်။
ဝမ်ချောင်က ဘာမှမပြောကတည်းက မည်သူကမှလည်း မမေးရဲကြချေ။
အဆင့်အမြင့်ဆုံး အရာရှိနှစ်ယောက်ဖြစ်သည့် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးကပင် ဝမ်ချောင်၏ လုပ်ဆောင်မှုကို တိတ်တဆိတ် သဘောကျ လက်ခံနေကြသည်။ ဒီစစ်ချီတက်နေသည့် တလျောက်လုံးတွင် သူတို့နှစ်ယောက်က မည်သည့်မေးခွန်းမှ မထုတ်လာကြချေ။
“ခင်ဗျားတို့ ခဏနေရင် သိပါလိမ့်မယ်”
ဝမ်ချောင်က မထူးခြားနားစွာသာပြောလျှက် အရှေ့ဘက်သို့သာကြည့်သည်။ သူကမေးခွန်းကို တိုက်ရိုက် မဖြေချေ။
အလျှင်မြန်ဆုံး ပြီးဆုံးသွားသော တိုက်ပွဲက အဆုံးသတ်တွင် မာန်ရှဲ့ယွီစန်းစစ်တပ်က သူတို့၏ ဟိုးဝေးကွာသော နောက်ဘက်တွင် ကျန်ရစ်နေပြီဖြစ်သည်။ ဝမ်ချောင်က မျက်နှာပြင်တွင် တည်ငြိမ်နေသည်ဟု ထင်ရသည့်တိုင်အောင် ယခင်ကအတိုင်း ပို၍စိုးရိမ်နေသေးသည်။ အန်းနန်အစိုးရစစ်တပ်က ခြေလျှင်တပ် များလွန်းနေပြီး မြင်းကလိုအပ်လွန်းနေသည်။
သူက အကောင်းဆုံးကြိုးစားပြီး မာန်ရှဲ့ယွီစန်းစစ်တပ်ကို ရှုပ်ထွေးအောင်လုပ်ကာ တခဏခန့် ချန်ရစ်ထားခဲ့နိုင်ခဲ့သည်။ သို့သော် တိဗက်မြင်းတပ်၏ အရှိန်နှင့်ဆိုလျှင် သိပ်မကြာခင် လျှင်မြန်စွာ အမှီလိုက်နိုင်သည်။ ရလဒ်အနေဖြင့် ဝမ်ချောင်က အမြဲတစေ ကျောကိုဓားမြှောင်က ထောက်ထားသလို ခံစားရပြီး ကျောရိုးကပင် စိမ့်တက်နေခဲ့သည်။
ဝမ်ချောင်သာလျှင် မဟုတ်ချေ။ အမှန်တိုင်းဆိုရသော် ထိုစိုးရိမ်မှုက စစ်တပ်တစ်ခုလုံး အနှံ့တွင် ရှိနေခြင်းဖြစ်သည်။
ရွှီချီချင်း ငါ့ရဲ့ဒီစစ်သည်တစ်သိန်း ရှင်သန်နိုင်ချေ ရှိမရှိက မင်းအပေါ်မူတည်သွားပြီ။
ဝမ်ချောင်၏ စိတ်အတွင်းတွင် မရေမတွက်နိုင်သော အတွေးများ ပြည့်လာလျှက် မည်းမှောင်နေသော တိမ်စိုင်များကို ခေါင်းမာစွာ မော့ကြည့်လိုက်သည်။
တိုက်ပွဲက စနှင့်နေပြီမှာ ကြာပြီဖြစ်သည်။ တော်ဝင်မဟာ ဗိုလ်ချုပ်လို ဟော်ရှု့ဟွေ့ခမ်းက မနေ့ညက တိုက်ပွဲတွင် ပေါ်လာခဲ့သော်လည်း ဒါကအပြည့်အဝ စတင်ခဲ့ခြင်း မဟုတ်သေးချေ။ သာ့လွန်ရော့ကျန်းကလည်း မပေါ်လာသေးသလို ခဲ့လော့ဖုန်းပင်ဖြစ်စေ၊ မာန်ရှဲ့ကျောင်း၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်နှင့် ယုံကြည်ရသော စစ်သည်သုံးသိန်းကလည်း မရောက်လာသေးချေ။ ထို့ကြောင့် တိဗက်စစ်သည် ခုနှစ်သောင်းက မလှုပ်ရှားသေးသည့် အနေအထားတွင် ရှိနေခြင်းကိုလည်း ထည့်တွက်ရအုံးမည်ဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်နှင့် မာန်ရှဲ့ယွီစန်း၏ အစစ်အမှန် တိုက်ပွဲက အမှန်တကယ် မစတင်သေးချေ။ သို့သော် ထိုတိုက်ပွဲက လက်တကမ်းတွင် ရှိနေသလိုမျိုး အချိန်မရွေး စတင်လာနိုင်သည်။
သူ့အနေနှင့် ရွှီချီချင်းကို ကြိုတင်စီစဉ်ရန် အမိန့်များ ပေးခဲ့သော်လည်း သူတို့လုပ်ခြင်းက သူကိုယ်တိုင် လုပ်သလို သက်ရောက်မှု ရှိမည်ဟု အပြည့်အဝ မယုံကြည်ထားနိုင်ချေ။
သူ၏လက်အောက်ခံ သိန်းငှက်အိုကြီးက သူ၏တစ်ဖက်တွင် ရှိနေသည်။ ပုခုံးပေါ်တွင်လည်း ကြီးမားသော သိန်းငှက်တစ်ကောင် ရှိနေရာမှ ရုတ်တရက် ပြောလာသည်။
“သခင်လေး ကျွန်တော်တို့ ရောက်ပါပြီ”
ဝမ်ချောင်က ရုတ်တရက် မျက်လုံးကို ဖွင့်ပြီးနောက်တွင် သိန်းငှက်အိုကြီး၏ အကြည့်နောက်သို့ ကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းတည့်တည့် တောက်လျှောက် ကြည့်လိုက်မည်ဆိုလျှင် မည်းမှောင်နေသော တိမ်စိုင်များ၏အောက်တွင် မြေပြင်မှ အထက်သို့ ချွန်ထက်နေသော မားမတ်လွန်းသည့် တောင်ကြီးတစ်ခုရှိသည်။ ထိုတောင်က မျှော်စဉ်သဖွယ် မြင့်တက်နေပြီး ခမ်းနားလွန်းသည်။ ထိုတောင်ကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်က သက်ပြင်းကို ရှုထုတ်လျှက် စိတ်အေးသွားရသည်။
“စစ်သည်တွေအားလုံး အရှိန်မြင့်ကြ။ ဘယ်သူကမှ ရပ်ခွင့်မရှိဘူး။ အမိန့်မနာခံတဲ့ လူတွေအားလုံး စစ်တပ်စည်းမျဉ်းအရ အရေးယူခံရမယ်”
သူ၏အသံက လေထဲကို ထိုးခွဲသွားပြီးနောက်တွင် ဝမ်ချောင်က သူ၏မြင်းကို အပြေးနှင်ကာ တောင်ပေါ်သို့ ဆက်တိုက်တက်သည်။ သူက ဝင်္ကပါများထံ ဦးတည်ခြင်းဖြစ်သည်။ သူ၏အနောက်တွင်လည်း စစ်သည် သိန်းကျော်က ချက်ချင်းလိုလို အရှိန်နှုန်းကို မြင့်လိုက်ကြတော့သည်။
တောင်၏အခြေစိုက် စခန်းနှင့် ဆယ်ကျန်းကျော် ဝေးကွာသောနေရာတွင် မြင်းတင်ကျောက်တုံးက ထင်ရှားစွာရှိနေသည်။ ဘေးဘက်တွင်မူ ကြီးမားခိုင်မာလှသော အုတ်ရိုးကြီးက အဆုံးအဆမဲ့သော အထီးကျန်ဆန်မှုကို ပြသနေသည်။ ဝမ်ချောင်က ထိုအနားသို့ မြင်းကိုနှင်သွားပြီးနောက်တွင် ထိုအရာကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာတွင်လည်း ရှုပ်ထွေးသော အမူအရာက ပေါ်ထွက်လာသည်။
“ဒါကဘာလဲ”
သူ၏ဘေးဘက်မှ သိချင်စိတ် ပြင်းပြသောအသံ ထွက်လာသည်။ သိန်းငှက်အိုကြီး ချန်းရှုစွန်း၊ ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းနှင့် အခြားသော အရာရှိ အနည်းငယ်က အနားကပ်လာခြင်းဖြစ်သည်။ ဒီလိုနေရာမျိုးတွင် မြင်းသယ်ကျောက်တုံးကြီး ရှိနေခြင်းက ထူးဆန်းနေပြီး ဘေးဘက်တွင်ရှိနေသော အုတ်ရိုးလို ကျောက်တုံးကြီးကလည်း ပို၍ပင် ထူးဆန်းနေသေးသည်။ ပို၍အရေးကြီးသည်မှာ ထိုကျောက်တုံးပေါ်တွင် ရေးထားသော စကားလုံးက ထူးဆန်းပြီး လိမ်တွန့်နေသည်။ မည်သူကမှ မဖတ်တတ်ကြချေ။
“ဒါက မဟာဟန်ရဲ့ ယွမ်ဖုန်းခေတ် ဒုတိယနှစ်က မြင်းသယ်ကျောက်တုံးပဲ”
ဝမ်ချောင်က ထိုကျောက်တုံးကိုကြည့်ပြီး သက်ပြင်းချသည်။
“နှစ်တစ်ထောင်ကျော်တောင် ကျော်သွားခဲ့ပြီ”
ဝမ်ချောင်၏ စကားက လူအုပ်ထဲမှ လူအများ၏ အမူအရာကို ပြောင်းလဲသွားစေပြီး အားလုံးကလည်း အံ့သြသွားကြသည်။ ဝမ်ချောင်က ဒါက မဟာဟန်မှ မြင်းသယ်ကျောက်တုံးဖြစ်ကြောင်း ပြောလာခြင်းက အံ့သြစရာမရှိချေ။ သို့သော် သူက ယွမ်ဖုန်းခေတ်၏ ဒုတိယနှစ်ဟုပင် ထောက်ပလာခြင်းက အံ့သြဖွယ်ကောင်းသည်။
“ဒါက ဟန်မင်းဆက်ရဲ့ ချိတ်စည်းကျောက်စာတိုင်ပဲ။ အထူးသဖြင့် ကျောက်တိုင်တွေ ထွင်းတဲ့နေရာမှာ အသုံးပြုခဲ့တာပေါ့။ ခေတ်ကာလက ကုန်လွန်သွားတဲ့နောက်မှာ ဘယ်သူမှ သတိမထားမိတာကလည်း ပုံမှန်ပါပဲ”
ရှုပ်ထွေးသော မျက်နှာထားမျိုးနှင့် ဝမ်ချောင်က ထိုကျောက်တိုင်ပေါ်သို့ လက်တစ်ချောင်း ညွှန်လိုက်ပြီးနောက်တွင် စတင်ဖတ်သည်။
“ဟူစိုက်ကျင်းဗိုလ်ချုပ် ကောချန်းက မဟာဟန် ကောင်းကင်ရဲ့သားတော် ဧကရာဇ်ဝူရဲ့ အမိန့်ကို လက်ခံရရှိပြီး မြောက်ပိုင်းကို ပြန်လာတဲ့လမ်းမှာ ဒီနေရာမှာ မြင်းရပ်နားခဲ့လို့ ကျောက်တိုင်ထွင်းကာ မှတ်တမ်းတင်ခဲ့ပါတယ်”
ကျောက်တိုင်ပေါ်တွင် ရေးသားထားသောစာက စွမ်းအင်အပြည့်အဝ ရှိနေပြီး ထောင်လွှားမှုအပြည့်ဖြင့်ကာ ထိုလူ၏ တက်ကြွကာ ရဲရင့်ပြတ်သားသည့် စိတ်ကို ဖော်ညွှန်းပြသနေသည်။ ဒီအပြုအမူက သာမာန်လူတိုင်းကို အထင်သေးခြင်းဖြစ်သည်။
ဝမ်ချောင်က တခဏခန့် ရပ်တန့်ပြီးနောက်တွင် လူအုပ်ထံ အကြည့်ရောက်သွားပြီး နောက်ဆုံးတွင် အရေးကြီးသော စကားလုံးများကို ပြောလိုက်သည်။
“ဒီကျောက်တိုင်ရဲ့ အခြားနာမည်က တိအန်းကို ဖွင့်လှစ်ခြင်း အမိန့်လို့ခေါ်တယ်”
ဝမ်ချောင်၏ စကားလုံးက လူတိုင်းအပေါ် သက်ရောက်ခံရသည်။ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်လည်း အလားတူသာလျှင်ဖြစ်သည်။ သူတို့က နောက်ဆုံးတွင် ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ဒီကျောက်တိုင်ကို ထိုမျှတင်းမာသော မျက်နှာထားဖြင့်ကြည့်ကြောင်း နားလည်သွားကြသည်။
ဟူစိုက်ကျင်း ဗိုလ်ချုပ်ကောချန်းက ဗိုလ်ချုပ်ဘွဲ့ရဖြစ်ပြီး ထူးခြားသော အဆင့်အတန်းနှင့် ပြောင်မြောက်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။
ထိုလူ၏ နာမည်ဟာ ချိတ်ဆက်မှု မရှိသည်ဟု ထင်ရလောက်သော်လည်း လူအနည်းစုကသာ အမှန်တရားကို သိကြသည်။ အထူးသဖြင့် အင်ပါယာ၏ အနောက်တောင်ပိုင်းတွင် လူတိုင်းနီးပါးက နောက်ကွယ်က အကြောင်းပြချက်ကို မသိထားလောက်ချေ။ အဓိပ္ပာယ်က ရိုးရှင်းသည်။ ဟူစိုက်ကျင်း ဗိုလ်ချုပ်ကောချန်းက ဗဟိုပြင်ကျယ်၏ သမိုင်းတွင် အ့ဟိုင်ကို တိုက်ခိုက်ကျော်ဖြတ်ပြီး ကျောင်းခြောက်ပြည်တောင်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့သည့် ပထမဦးဆုံး ဗိုလ်ချုပ်ဖြစ်သည်။
“မဟာဟန်၏ ယွမ်ဖုန်းခေတ်ကာလတွင် ဟူစိုက်ကျင်း ဗိုလ်ချုပ်ကောချန်းက မဟာဗိုလ်ချုပ် ဝေ့ချင်နှင့်အတူ မော့ပေ့မှ ရှုးနွီကို နှစ်သိမ့်ရန် ပြန်လာခဲ့ပြီး သူတို့၏ စစ်တပ်ကို ဦးဆောင်ကာ နမ်ယွီပုန်ကန်သည့်တပ်ကို သိမ်းသွင်းခဲ့သည်။ မြောက်ပိုင်းသို့ အပြန်လမ်းတွင် ကောချန်းက မဟာဟန်၏ ဧကရာဇ်ဝူက သိအန်းကို သိမ်းသွင်းရန် အမိန့်ထုတ်ခြင်းကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူ၏အပြန်လမ်းတွင် ကောချန်းက တောင်ပိုင်းသို့ တဖန်ပြန်ကြည့်ပြီး ဒီကျောက်တိုင်ကို ပြန်စိုက်ထူခဲ့ခြင်းဖြစ်လောက်သည်။ ထို့ကြောင့် ဒီကျောက်တိုင်က ဟန်၏ဝူက တိအန်းကို ချဲ့ထွင်ခြင်းကျောက်တိုင်ဟု အမည်တွင်နေခြင်းလည်း ဖြစ်သလို ဟန်၏ဝူက တိအန်းကို လက်ကမ်းကြိုဆိုခြင်း အမိန့်ဟုလည်း ခေါ်တွင်ပြန်သည်”
ကောချန်းက တိအန်းကို ထိုသို့သိမ်းသွင်းနိုင်ခဲ့ပြီးနောက်တွင် မာန်ရှဲ့ကျောင်းကို မာန်ရှဲ့ကျောင်းဟု မခေါ်တော့သလို အ့ဟိုင်ကိုလည်း အ့ဟိုင်ဟု မခေါ်တော့ချေ။ ထိုနေရာက တိအန်းတိုင်းပြည်ကြီးအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။
ဟူစိုက်ကျင်း ဗိုလ်ချုပ်ကောချန်း၏လက်ကို ကျော်ဖြတ်ပြီးနောက်တွင် ဒီဗဟိုပြင်ကျယ်က သူတို့၏ အင်အားကို အတွင်းပိုင်းပင်ဖြစ်စေ အပြင်ပိုင်းတွင်ဖြစ်စေ ကျော်ဖြတ်နိုင်ခဲ့ပြီး အ့ဟိုင်၏ ခြောက်ပြည်တောင်အထိ ဆက်နိုင်ခဲ့သည်။
အနာဂတ် မင်းဆက်များကလည်း ဒီအကြောင်းပြချက်ကြောင့် အ့ဟိုင်ဟာ ဗဟိုပြင်ကျယ်၏အပိုင် အင်အားစုဟု သတ်မှတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပြောရမည်ဆိုလျှင် ဟူစိုက်ကျင်း ဗိုလ်ချုပ်က တိအန်းကို သိမ်းသွင်းနိုင်ခဲ့သည့် ပထမဦးဆုံး ဗိုလ်ချုပ်ဖြစ်သည်။
ဟူစိုက်ကျင်း ဗိုလ်ချုပ်သာမရှိလျှင် မဟာထန်ကလည်း အ့ဟိုင်ကို လွှမ်းမိုးနိုင်ခဲ့မည် မဟုတ်ချေ။
အန်းနန်အစိုးရစစ်တပ်က အနောက်တောင်ပိုင်းတွင် ကြာရှည်တပ်ဆွဲထားသော စစ်တပ်တစ်ခု ဖြစ်သည့်အလျောက် ကောချန်း၏ လုပ်ဆောင်မှုများနှင့် အလွန်ရင်းနှီးသည်။ သူတို့အားလုံးကလည်း ဟန်၏ဧကရာဇ် ဝူခေတ်က ထိုရှေးဟောင်းဗိုလ်ချုပ်က သူ၏စစ်တပ်ကို ဦးဆောင်ကာ တိအန်းကို ထိုသို့သိမ်းသွင်းခဲ့ပြီး အားအင်အပြည့်ဖြင့် အရာအားလုံးကို ကိုင်တွယ်နိုင်ခဲ့ကြောင်းကို အမြဲတစေ စိတ်ထဲတွင် စွဲထင်နေခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်စစ်တပ်ကမူ မြောက်ပိုင်းသို့ အပြေးနှင်ကာ အစောတလျင် ထွက်ပြေးနေခဲ့ရသည့်အတွက် လူတိုင်းက ရှက်ရွံ့မိသွားကြသည်။
“ငါတို့ရဲ့ အန်းနန်အစိုးရ စစ်တပ်က အနောက်တောင်ပိုင်းကို ကာကွယ်မဲ့ အစီအစဉ်ကို သယ်ဆောင်ထားတယ်။ တော်ဝင်အမိန့်ကို ဖောက်ဖျက်ခဲ့တဲ့ လူမဟုတ်ဘူး။ ငါတို့က လက်လျော့ခဲ့ပြီး ထွက်ပြေးကြရတယ်။ ဗိုလ်ချုပ်ကောသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် သူရှက်လွန်းလို့ သေသွားလောက်တယ်”
ရှန်ယွီကျုံ့ထုံးက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက်တွင် သက်ပြင်းရှည်ကြီးကိုချကာ ခံစားချက်က ပြည့်နှက်သွားသည်။
အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည့်အလျောက် သူက လက်ရှိအခြေအနေအတွက် အပြစ်အတင်ခံရ အသင့်ဆုံးဖြစ်သည်။ လက်ရှိအခြေအနေက ဒီလိုဖြစ်လာသည့်အတွက် သူကသာ မတက်နိုင်သည့်အတွက် ရှက်ရွံ့ရလေသည်။
ဗဟိုပြင်ကျယ်က အ့ဟိုင်ကို နှစ်တစ်ထောင်ကျော်နီးပါး အမိန့်ပေး အုပ်ချုပ်နိုင်ခဲ့သော်လည်း လက်ရှိ အ့ဟိုင်ကမူ အနောက်တောင်ဘက်ပိုင်းမှပင် ပျောက်ဆုံးလုမတက် ဖြစ်လာခဲ့ပြီး အန်းနန်မှ စစ်သည် လက်ရွေးစင် တစ်သိန်းရှစ်သောင်းကလည်း တန်ကြေးအရ ရှင်းထုတ်ပစ်ခံခဲ့ရသည်။ အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ် ရှန်ယွီကျုံ့ထုံးက ဒီတန်ကြေးကို လက်သင့်မခံနိုင်ချေ။
အခန်း(၅၅၄)
“ကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မလိုအပ်ပါဘူး။ တိုက်ပွဲနယ်မြေမှာ ရှုံးသွားတာက စစ်သည်တွေရဲ့ အမှားဖြစ်ဖို့မလိုဘူး။ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းက အတူပူးပေါင်းထားတာ။ နှစ်ဖက်လုံးကလည်း အလုံးအရင်းအပြည့်နဲ့ ဝင်ရောက်လာကြပြီ။ စစ်သည်က ငါးသိန်းတောင် ကျော်နေခဲ့တယ်မဟုတ်လား။ ဒီစစ်ပွဲထဲကို ထည့်ထားတဲ့ မာန်ရှဲ့ကျောင်းဘက်က လုပ်အားနဲ့ လယ်သမားတွေကို ထည့်ပေါင်းလိုက်မယ်ဆိုရင် အရေအတွက်က ရှစ်သိန်း၊ ကိုးသိန်းအထိတောင် ရောက်သွားနိုင်ပါသေးတယ်။ အန်းနန်အစိုးရစစ်တပ်ရဲ့ လက်ရွေးစင် စစ်သည်တစ်သိန်းရှစ်သောင်းရဲ့ အင်အားကို မှီခိုတာက မိုးမျှော်အဆောက်အဦးကြီးကို သစ်လုံးတစ်လုံးထဲသုံးပြီးဆောက်ဖို့ ကြံစည်နေသလို ဖြစ်နေပါတယ်။ ကာကွယ်ရေး ဗိုလ်ချုပ်အနေနဲ့ ဒီအခြေအနေမှာ ရောက်နေလို့မဟုတ်ဘဲ အခြားတစ်ယောက် ဆိုရင်လည်း အလားတူဖြစ်ရပ်မျိုးကိုပဲ ကြုံရမှာပါ”
ဝမ်ရန်က သူ၏မြင်းကို အရှေ့သို့နှင်လာလျှက် ရှန်ယွီကျုံ့ထုံးကို နှစ်သိမ့်ပေးလိုက်သည်။
ဝမ်ရန်က ရှန်ယွီကျုံ့ထုံးနည်းတူ တပ်ဖွဲ့များကို အမိန့်ပေးသူ ဖြစ်သည့်အလျောက် သူက တစ်ဖက်ထက်ပင် အနည်းငယ် အတွေ့အကြုံ ပိုရှိသေးသည်။ သို့ရာတွင် အခြားလူများနှင့် မတူသည်မှာ ဝမ်ရန်က ရှန်ယွီကျုံ့ထုံးကဲ့သို့ ရပ်နေသော နေရာမျိုးကို ပိုင်ဆိုင်ထားသူ မဟုတ်သလို အကဲဖြတ်ခံရသည့် အခြေအနေမျိုးတွင်လည်း မရှိချေ။ ရှန်ယွီကျုံ့ထုံးအနေနှင့် အ့ဟိုင်တိုက်ပွဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းနှင့် သူ့ကို အပြစ်တင်ခံရခြင်းမှ မလွတ်မြောက်ခဲ့သည်မှာ မှန်ကန်သည်။ သို့သော် အန်းနန် အစိုးရစစ်တပ်၏ ကိစ္စကမူလည်း အ့ဟိုင်နည်းတူ သူနှင့်မသက်ဆိုင်ပြန်ချေ။ သို့သော် ဒါက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ အရေအတွက် အားသာချက်က အရာရာကို ပြောင်းလဲသွားစေနေခြင်းဖြစ်သည်။
အင်ပါယာ၏ အနောက်တောင်ပိုင်းက ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့သည့်အတွက် လူတိုင်းကဒါကို ကျင့်သားရနေခဲ့ကြသည်။ မည်သူကမှလည်း မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က ထိုမျှခေါင်းမာပြီး လက်ရှိအခြေအနေကို ဖယ်ရှားစုတ်ဖြဲရန် ကြိုးစားလာမည်ဟု မမျှော်လင့်ထားကြချေ။ သူတို့က သူတို့တိုင်းပြည်၏ အင်အားတိုင်းကိုသုံးပြီး နောက်ဆုတ်ရန် မစဉ်းစားဘဲ အပြည့်အဝ ကိုင်တွယ်ရန် ဆုံးဖြတ်လာခဲ့သည်။
ရှန်ယွီကျုံ့ထုံး တစ်ယောက်ကို ဖယ်ထားမည်ဆိုလျှင်ပင် ထန်မှဗိုလ်ချုပ် ဆယ်ယောက်မှ ရှစ်ယောက် ကိုးယောက်လုံးကို ဆွဲထုတ်လိုက်မည်ဆိုလျှင်ပင် ထိုလူများကလည်း ခဲ့လော့ဖုန်း၏ ရုတ်တရက် အပြောင်းအလဲ တိုက်ခိုက်လာသော လက်အောက်တွင် ကျရှုံးသွားလောက်သည်။ တစ်ဖက်က အလုံးအရင်းဖြင့် ခြုံခိုတိုက်ခိုက်လာခဲ့ခြင်းလည်း ဖြစ်နေလေသေးလေသည်။
အခြားသော စစ်တပ်မှ အချို့သော ဗိုလ်ချုပ်များက ပြောင်မြောက်သော ဗျူဟာပါရမီရှင်များအဖြစ် ရှိနေလျှင် ဒီစစ်သည် တစ်သိန်းရှစ်သောင်းကိုသုံးပြီး စစ်သည် ငါးသိန်းကျော်ကို ရင်ဆိုင်နိုင်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ အားနည်းသူက ရုတ်တရက် အင်အားကြီးမားသွားခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှန်ယွီကျုံ့ထုံးကမူ ထိုသို့သော ပါရမီကို ပိုင်ဆိုင်ထားသည်မှာ ရှင်းလင်းနေသည်။ ဒီတောင်းဆိုမှုကို အခြားသော စစ်တပ်မှ ဗိုလ်ချုပ်များထံ ပုံအောလိုက်မည်ဆိုလျှင်လည်း ဖြစ်နိုင်ချေက သုံညဖြစ်နေလောက်သည်။ ထို့အတွက်ကြောင့် ဝမ်ရန်က ရှန်ယွီကျုံ့ထုံးကို အပြစ်မတင်ဘဲ ယခုကဲ့သို့ ပြောပြလိုက်ခြင်းလည်းဖြစ်သည်။
“ဗိုလ်ချုပ်အနေနဲ့ ငါ့ကိုနှစ်သိမ့်ဖို့ မလိုပါဘူး။ ငါဒီတိုက်ပွဲကနေ ဘယ်လိုအပြစ်တင်မှုမျိုးနဲ့ တာဝန်ခံမှုမျိုးကို လက်သင့်ခံရမလဲဆိုတာကို ဘယ်လိုများ နားမလည်ဘဲ နေမှာလဲ။ စစ်သည်တစ်သိန်းကျော် ရှန်ယွီက ဒီအပြစ်ကို သေချာပေါက် လက်သင့်ခံရမယ်။ ဒီတိုက်ပွဲ ပြီးဆုံးသွားတာနဲ့ ငါကကံကောင်းပြီး ရှင်သန်ခဲ့မယ်ဆိုရင် ရှန်ယွီ ကောင်းကင်ရဲ့ သားတော်ရှေ့မှာ ဒူးထောက်ပြီး အပြစ်ပေးတာကို ခံယူရမယ်”
ရှန်ယွီကျုံ့ထုံးက ခါးသီးစွာ ပြုံးလျှက်ပြောသည်။
အခြားသူများက ထိုစကားလုံးများအပေါ် များများစားစား မတုန့်ပြန်လောက်သော်လည်း ဝမ်ချောင်ကမူ မျက်လုံးပြူးသွားပြီး ရှန်ယွီကျုံ့ထုံးကို ကြည့်လိုက်သည်။
သူ၏ယခင်ဘဝတွင် သူကဒီစစ်ပွဲမှ တစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့ချေ။ ထို့ကြောင့် အန်းနန်အစိုးရစစ်တပ်မှ လက်ရွေးစင် တစ်သိန်းရှစ်သောင်းက အပြည့်အဝ ရှင်းလင်းခံရပြီး ရှန်ယွီကျုံ့ထုံးကသာ ရှင်သန်ခဲ့ကြောင်း သိထားသည်။ ထိုသို့ အဓိကဖြစ်ရပ်ကြီး ပြီးနောက်တွင် ရှန်ယွီကျုံ့ထုံးက သူ၏ပြစ်မှုများကို ဆေးကြောချင်သည့်အတွက် သူက အပြစ်ကိုရှောင်ရန် အဆုံးစွန်ဆုံးလုပ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး သူ၏ တိုက်ပွဲနယ်မြေမှ ပြောင်မြောက်သော လုပ်ဆောင်မှုကိုသာ မွန်းမံကာ ပြောဆိုခဲ့သည့်အတွက် လူအများစုက အရှက်ရခဲ့ကာ ရွံ့ရှာခဲ့ရသည်။
ဝမ်ချောင်ကလည်း အမျိုးမျိုးသော အကဲဖြတ်မှုများကို ကြားခဲ့သည့်အလျောက် ရှန်ယွီကျုံ့ထုံးအပေါ် အမြင်ကောင်း မရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု ဟန်၏ဗိုလ်က တိအန်းကို သိမ်းသွင်းခြင်းအမိန့် ကျောက်တိုင်၏အရှေ့တွင် ပြောသော ရှန်ယွီကျုံ့ထုံး၏ စကားကမူ နှလုံးသားထဲမှ လာခြင်းဖြစ်လောက်သည်။ ဝမ်ချောင်ကလည်း တစ်ဖက်သူက လိမ်ညာပြောနေခြင်းမဟုတ်ကြောင်း ခံစားမိသည်။ ရှန်ယွီကျုံ့ထုံး၏ ယခင်ဘဝမှ အပြုအမူနှင့် ယခုအပြုအမူက ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြားနေသည်။ ဒါကမဟာဗိုလ်ချုပ် တစ်ယောက်တွင် ရှိသင့်သော စစ်မှန်သည့် တာဝန်ယူမှုဖြစ်သည်။
ငါဝင်စွက်ဖက်လိုက်တာက ကိစ္စတွေကို ပြောင်းလဲသွားစေတာလား။ ဒါမှမဟုတ် ငါကိုယ်တိုင် သတိမထားမိဘဲ အရင်ကတည်းက စစ်ပွဲက ဒီလိုအခြေအနေထိ ပြောင်းလဲနေခဲ့တာလား။
ဝမ်ချောင်က ရှန်ယွီကျုံ့ထုံးကို ကြည့်သည့်အချိန်တွင် စိတ်က ကစဉ့်ကလျားဖြစ်လာသည်။
ယခင်က ရှန်ယွီကျုံ့ထုံးက လူ့အဖွဲ့အစည်း၏ ဝိုင်းဝန်းအနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ သူက ယခုလုပ်နေသလိုမျိုးသာ တာဝန်ယူမှုအပြည့်နှင့် သူရဲကောင်းဆန်စွာ လုပ်ဆောင်ပြမည်ဆိုလျှင် ထိုသို့ဖြစ်ခဲ့စရာ အကြောင်းပင်မရှိချေ။ ဝမ်ချောင်၏စိတ်က ပြန်လည်ကြည်လင်သွားပြီးနောက်တွင် အလှမ်းဝေးသော မြို့တော်တွင်ရှိသော ကျန်းချုံကျန့်ချုံးအကြောင်း ရုတ်တရက် တွေးမိသွားသည်။ အတွေးတစ်ချက်နဲ့အတူ ဝမ်ချောင်က နားလည်သွားသည်။ အရာအားလုံးက ကျန်းချုံကျန့်ချုံးအပေါ် မူတည်နေသည်။
ဝမ်ချောင်က ရုတ်တရက် သက်ပြင်းချလိုက်ပြီးနောက် အခြေအနေကို နားလည်သွားသည်။
လူတွေရဲ့ သဘာဝအလျောက် တောင်တန်းနှင့် မြစ်ပြင်က လူအများ၏ သဘာဝထက် ပို၍ပြောင်းလဲလွယ်သည်။ ရှန်ယွီကျုံ့ထုံး၏ ပင်ကိုယ်စရိုက်ကြောင့် သူက များများစားစား ပြောင်းလဲသွားခဲ့ခြင်း မဖြစ်သင့်ချေ။ သို့သော် ကျန်းချုံကျန့်ချုံး ပါဝင်ပတ်သတ်လာခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ရှန်ယွီကျုံ့ထုံးက လူဆိုးမဟုတ်သလို ကျန်းချုံကျန့်ချုံးကလည်း လူဆိုးမဟုတ်ချေ။ သို့သော်သူ၏ အရိုက်အရာ အာဏာအပေါ် ဆာလောင်မှုကမူ အခြားလူတိုင်းထက် သာသည်။ အနောက်တောင်ပိုင်းက မတော်တဆ ဖြစ်ရပ်ကြီးနှင့်အတူ ကျန်းချုံကျန့်ချုံးက အပြစ်တင်ခံရမှုအချို့ကို ကိုင်ဆောင်မည်ဆိုလျှင် သူ၏နေရာကို မြဲမြံစွာ ဆွဲကိုင်ထားနိုင်တော့မည်မဟုတ်ချေ။ ရှန်ယွီကျုံ့ထုံးကသာ အပြစ်တင်မှုများ အားလုံးကို လက်သင့်ခံနိုင်ရန် ဆန္ဒရှိလောက်သည့်တိုင်အောင် ကျန်းချုံကျန့်ချုံးက လက်မခံနိုင်လောက်ချေ။ သူကသာ ဝင်စွက်ဖက်လာလျှင် ရှန်ယွီကျုံ့ထုံးကလည်း မငြင်းဆန်ရဲဘဲ သူ၏စိတ်ကသာ ညတွင်းချင်း ပြောင်းလဲသွားပေလိမ့်မည်။
ဝမ်ချောင်က ကျန်းချုံကျန့်ချုံးနှင့် အကြိမ်အနည်းငယ်သာ ဆုံဖူးသည်။ သူ၏ယခင်ဘဝတွင်ပင် ဝမ်ချောင်အနေနှင့် တော်ဝင်မဟာဗိုလ်ချုပ်ကို အလွယ်တကူ ထိ၍ရသောသူ မဟုတ်ခဲ့ချေ။ သူက အင်ပါယာ၏ ထိုကျားကို ကောင်းကောင်း နားမလည်ခဲ့သော်လည်း အခြားသူများ၏ ပါးစပ်ပြောအရသာ သိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အကြိမ်အနည်းငယ် တွေ့ဆုံခြင်းကတင် ယခင်အန်းနန်အစိုးရ စစ်တပ်၏ ဗိုလ်ချုပ်က ဝမ်ချောင်၏ စစ်တပ်အတွင်း လေးနက်သော အမြင်တစ်ခုကို ချန်ထားရစ်ခဲ့နိုင်သည်။
လူတိုင်းက ဝမ်ချောင်၏ စိတ်ထဲတွင် ထိုသို့ လေးနက် နက်ရှိုင်းသော အမြင်မျိုး မချန်ထားနိုင်ချေ။
ရန်ကျင်းကို ဘေးဖယ်ထားပြီး သူ့ကိုမြို့တော်သို့ပို့ကာ ကြင်ယာတော် ထိုက်ကျန်းနှင့် ထိတွေ့စေမိခြင်းပင်ဖြစ်စေ စစ်ဝန်ကြီးဟောင်း အငြိမ်းစားယူသွားသောအခါ မြို့တော်သို့ ဝင်ရောက်ခဲ့ပြီး အဆက်အသွယ်များကို တည်ဆောက်ကာ သူကိုယ်တိုင်၏ နေရာကို ရယူခဲ့ခြင်းဖြစ်စေ ဝမ်ချောင်ကို စကားလုံး အနည်းငယ်နှင့်တင် သူ၏သီးသန့် တံဆိပ်ပြားကို တိုက်ရိုက်ပေးခဲ့ခြင်းကပင်ဖြစ်စေ...
အင်ပါယာ၏ အနောက်တောင်ပိုင်းမှ ထိုကျားက အာဏာပေါ် ဆာလောင်မှုက ပြောင်းလဲမည်မဟုတ်ကြောင်း သိသာသွားစေသည်။
ထိုလူက လူတိုင်းကို သက်ပြင်းချပြီး ချီးကျူးစေလောက်အောင် ပုံမှန်ဖြစ်တတ်သော အခြေအနေများ အားလုံးကို ပြောင်းပြန်လှန်ရဲသလို ရင်းလည်းရင်းရဲသည်။
အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် လူအများစုက ရှန်ယွီကျုံ့ထုံးကို အာရုံစိုက်နေကြပြီး အန်းနန်အစိုးရ စစ်တပ်၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းကိုသာ အားစိုက်ထားသော်လည်း သူတို့က ကျန်းချုံကျန့်ချုံးကို မေ့နေကြသည်။ ရှန်ယွီကျုံ့ထုံးက ကျန်းချုံကျန့်ချုံး၏ လက်အောက်ငယ်သားဖြစ်ပြီး သူကိုယ်တိုင် ရွေးထားသော ဆက်ခံသူဖြစ်သည်။ ကျန်းချုံကျန့်ချုံးကသာ တောင်းဆိုလျှင် ရှန်ယွီကျုံ့ထုံးက ငြင်းစရာမရှိပေ။ ငြင်း၍လည်းမရချေ။ ဝမ်ချောင်ကိုယ်တိုင်လည်း ထိုသို့တွေးလိုက်သည်။ ပို၍ဆိုးသည်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
လက်ရွေးစင်စစ်သည် တစ်သိန်းရှစ်သောင်းက ရှင်းလင်းပစ်ခံရသောအခါ ရှန်ယွီကျုံ့ထုံးက စစ်သေနာပတိချုပ် တစ်ယောက်အနေနှင့် အပြစ်တင်ခံရမှုနှင့် သေဆုံးခြင်းမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့်သူက သူ၏ပြစ်မှုများကို ဆေးကြောပြီး တာဝန်ယူမှုမှ ရှောင်ရှားလိုသည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် သေစရာမလိုတော့ချေ။ သို့သော် လက်ရှိအချိန်တွင် နဂိုမူလ လက်ရွေးစင် တစ်သိန်းရှစ်သောင်းမှ ရှစ်သောင်းက ကျန်နေရစ်သေးပြီး ရှန်ယွီကျုံ့ထုံးကလည်း အပြစ်တင်ခံရမှုကို ခံရအုံးမည်ဖြစ်သည့်တိုင်အောင် သေဆုံးမှု ကံကြမ္မာမှ လွတ်မြောက်သွားနိုင်အုံးမည်ဖြစ်သည်။
အခြေအနေက ထိုအဆင့်ထိ မရောက်သမျှ ကာလပတ်လုံး ရှန်ယွီကျုံ့ထုံးကလည်း စစ်သေနာပတိချုပ် ဆက်ဖြစ်နေအုံးမည်ဖြစ်သည်။ အချိန်ကလူကိုလုပ်သည်။
ဝမ်ချောင်က သက်ပြင်းချသည်။ သူကဝမ်းနည်းသင့်လား ပျော်သင့်လား မသိတော့ချေ။ ထို့အပြင် အခြားသော ခံစားချက်များကလည်း ရောက်လာသည်။
ရှန်ယွီကျုံ့ထုံးက တဲ့တိုးပြောတတ်သော လူတစ်ယောက်ဖြစ်ပြီး ထန်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ စရိုက်မဆိုးချေ။ သူ့တွင်သာ အခွင့်အရေး အနည်းငယ်မရှိလျှင် ဝမ်ချောင်အနေနှင့် အင်ပါယာ၏ ထိုဗိုလ်ချုပ်ကို ဒီတိုက်ပွဲမှ နောက်ဆုံးသော သစ္စာဖောက် မဖြစ်သွားစေချင်ချေ။
ဟိုက်ရား
ဝမ်ချောင်က အသက်ပြင်းပြင်း ရှုပြီးနောက်တွင် မြင်းကိုအပြေးနှင်ကာ ထိုကျောက်တိုင်ကို ကျော်ဖြတ်ပြီးနောက် တောင်ခြေသို့ ဆက်လက်သွားသည်။ ထိုနေရာကို ကျော်ပြီးနောက် ရင်းနှီးကျွမ်းဝင်သော မျက်နှာအချို့ကို မြင်လိုက်ရသည်။
“ဟား ဟား သခင်လေး သခင်လေး နောက်ဆုံးတော့ ရောက်လာပြီ”
ဝမ်ချောင်က စကားမပြောနိုင်ခင်မှာတင် အသက်ငါးဆယ် အရွယ်ခန့်ရှိပြီး ပိန်ပိန်ပါးပါးနှင့် အရပ်ပုပု လူအိုကြီးတစ်ယောက်က ရှေ့တိုးလာသည်။ ထိုလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ဝန်းက တောက်ပကာ လက်ကိုကမ်းလျှက် ကြိုဆိုလိုက်သည်။
“သခင်လေးက သေချာပေါက် အောင်မြင်မှာကို ကျွန်တော်သိနေတယ်။ သေချာပေါက်ကို အောင်မြင်သွားတာပဲ”
လူအိုကြီးက ပျော်ရွှင်နေသည်။ သူ၏နှလုံးသားထဲတွင်လည်း စိတ်လှုပ်ရှားမှုက ပြည့်နှက်နေသည်။
“ဟား ဟား ကျန်းရှို့ကျစ် လူကြီးမင်းကျန်း ခင်ဗျားတကယ် ကျွန်တော်ကို စိတ်မပျက်စေဘူးဘဲ။ ကျွန်တော် ခင်ဗျားကို အကြာကြီး စောင့်ခိုင်းလိုက်မိပြီ”
ဝမ်ချောင်က သူ၏အရိပ်ခွာဖြူပေါ်မှ ဆင်းလိုက်ပြီးနောက် ကျန်းရှို့ကျစ်၏ လက်အတွင်း ဝင်ရောက်ကာ ဆွဲဖက်လိုက်သည်။
သူ၏အရှေ့ရှိ ထိုလူကြီးက အလုပ်သမားရုံးမှ လက်ရာပြောင်မြောက်သောသူ၊ ခြင်္သေ့မြို့၏ အစစ်အမှန် ဗိသုကာ လက်ရာများကို ကျွမ်းကျင်ပိုင်နိုင်သောသူ၊ အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် အကျိုးပြုမှုများစွာ လုပ်ပေးသောသူ ကျန်းရှို့ကျစ်ဖြစ်သည်။ အန်းနန်အစိုးရ စစ်တပ် တစ်ခုလုံးက မနေ့ညက မိုးမုန်တိုင်းမှ ကျော်ဖြတ်လာခဲ့သော်လည်း ကျန်းရှို့ကျစ်နှင့်အဖွဲ့က အစောပိုင်းကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
“ဟား ဟား အနောက်တောင်ပိုင်းရဲ့ ရှုံးနိမ့်မှုက ကျွန်တော်ကို အချိန်တစ်ခု ကြာတဲ့အထိ စိုးရိမ်စိတ် ဝင်စေခဲ့တယ်။ ဒါပေမဲ့ သခင်လေးက တောင်ပိုင်းကို လာတယ်လည်းကြားလိုက်ရော အင်ပါယာရဲ့ အနောက်တောင်ပိုင်းက လုံခြုံသွားမှန်း ကျွန်တော် သိလိုက်တယ်။ သခင်လေး သခင်လေးကတော့ တကယ်ကို အံ့သြစရာတွေ လုပ်နိုင်တာပါပဲ”
ကျန်းရှို့ကျစ်က ဝမ်ချောင်၏လက်ကို မြဲမြံစွာကိုင်သည်။ သူ၏အင်အားက ပြင်းလေရာ ဝမ်ချောင်ပေါ် မျှော်လင့်ချက်အကုန် ပုံအောထားမှန်း သိသာသွားပြန်သည်။ ဝမ်ချောင်က ဘာစကားမှမဆိုဘဲ သူ၏လက်ကိုသာ လွှတ်လိုက်ပြီးနောက် နွေးထွေးစွာ ပြန်လည်ပွေ့ဖက်လာသည်။
သူ၏ရှေ့တွင် ထိုလူအိုကြီးက မြို့တော်တွင် နောက်ဆုံးတွေ့ချိန်ကထက် များစွာပိန်သွားသည်။ အချိန်ကလည်း တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ အသားအရည်က ပိုဆိုးသွားပြီး မောပန်းနွမ်းနယ်လွန်းဟန်ရသည်။ သံမဏိမြို့တော် တည်ဆောက်ရခြင်းက ပြင်ကျယ်တစ်ခုတွင် တစ်နှစ်ကျော်ကြာအောင် စစ်သည်ငါးသိန်းနှင့် တိုက်ခိုက်ရခြင်းနှင့် မည်သည့်နေရာကမှ ယှဉ်နိုင်မည် မဟုတ်ချေ။
သူ၏အရှေ့ရှိ ဒီလူအိုကြီးကလွဲပြီး မည်သူကမှ ထိတ်လန့်ရလောက်အောင် ပြောင်မြောက်သော ဗိသုကာစွမ်းရည်ကို ပြနိုင်မည်မဟုတ်ချေ။
ဝမ်ချောင်ကလည်း ထိုလူအိုကြီးကို ရင်ထဲမှပင် လေးစားမိလေသည်။ မည်သူကမှလည်း ကျန်းရှို့ကျစ်က အန်းနန်အစိုးရစစ်တပ် ရှစ်သောင်းနှင့်အတူ ရှင်သန်လိမ့်မည်ဟု မထင်ထားလောက်ချေ။
“ကျွန်တော် ခင်ဗျားကို ဒုက္ခအများကြီး ပေးသလို ဖြစ်သွားပြီ”
ဝမ်ချောင်က ခံစားချက်အပြည့်ဖြင့်ပြောသည်။
“သခင်လေးရဲ့ စကားတွေက လွန်လွန်းပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော်တို့ကသာ ကျေးဇူးတင်သင့်တာပါ”
ကျန်းရှို့ကျစ်က ထိုလူငယ်လေးထံ ခေါင်းကိုမှီလာသည်။
အစပိုင်းတွင် မြို့ကိုတည်ဆောက်ချိန်က အံ့အားသင့်ရသည့် လေးစားကာ သက်ပြင်းချသည်အထိ ပြောင်းလဲသွားပြီဖြစ်သည်။ ကျန်းရှို့ကျစ်ကလည်း သူတွေ့ကြုံခဲ့ရသည့် အခြေအနေ အားလုံးကို နားလည်သည်။ ခြင်္သေ့မြို့တွင် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံးက သူရဲကောင်းအဖြစ် သူ့ကိုချီးကျူးခြင်းကို သူကခံခဲ့ရသည်။ သို့သော် ကျန်းရှို့ကျစ်ကိုယ်တိုင်ကသာ အရာအားလုံး၏ နောက်ကွယ်က အစစ်အမှန် သူရဲကောင်းက ဝမ်ချောင်ဖြစ်ကြောင်း သိထားသည်။
သူက မြို့ကိုတည်ဆောက်ရန်အတွက် တုံ့ဆိုင်းနေသေးပြီး ဗိသုကာပညာက အနုပညာတစ်ခုအဖြစ် တွေးတောနေချိန်တွင် ဝမ်ချောင်ကမူ အနောက်တောင်ပိုင်း၏ ကံကြမ္မာတစ်ခုလုံးကို ဖောက်မြင်နိုင်နှင့်ပြီး အင်ပါယာ၏ လက်ရွေးစင် စစ်သည်တော် တစ်သိန်းရှစ်သောင်း၏ အသက်အကြောင်းကို စတင်တွေးတောကာ ပြည်သူတစ်သန်းကျော်ကို ကာကွယ်ရန် ကြိုးစားနှင့်နေပြီဖြစ်သည်။ အဆုံးတွင် ဝမ်ချောင်၏ မြင်နိုင်စွမ်းအားက မှန်ကန်ကြောင်း အရာအားလုံးကို သက်သေပြနိုင်ခဲ့သည်။
ကျန်းရှို့ကျစ်ကလည်း အန်းနန်အစိုးရစစ်တပ် တစ်သိန်းကျော်က မြို့တော်သို့ ဖောက်ဝင်လာချိန်က သူခံစားလိုက်ရသော အတွေ့အကြုံကို ပြန်သတိရသွားသည်။ ခုံရုံးက လူများက လူရွယ်အတွက် စိုးရိမ်သင့်သည်။ မြစ်နှင့်ရေကန်ထဲတွင် ရှန်သန်နေသူများကလည်း အရှင်သခင်ကို စိုးရိမ်ရသည်။
ထိုလူငယ်၏ ငယ်ရွယ်လွန်းသော အရိပ်အယောင် ရှိနေသေးသည့် မျက်နှာသွင်ပြင်ကို မြင်လိုက်ရချိန်တွင် ကျန်းရှို့ကျစ်အနေနှင့် တိုင်းပြည်အတွက် သန့်စင်လွန်းသော ချစ်ခင်နှစ်သက်မှုကို ခံစားလိုက်ရသည်။ ထိုလူငယ်၏ နှလုံးသားက မဟာထန်၏ ဗဟိုပြင်ကျယ်အတွက် တောက်လောင်သော စိတ်ဆန္ဒပိုင်ဆိုင်ထားသည်။ ကျန်းရှို့ကျစ်အနေနှင့် မည်သူ့ထံကမှ ထိုမျှပြင်းထန်သော စိတ်အားထက်သန်မှုမျိုးကို မခံစားမိခဲ့ဖူးသေးချေ။
“ဟား ဟား အဘိုးကြီးကျန်း ကျွန်တော်တို့ ဒီလိုဆက်ပြောဖို့ မလိုအပ်တော့ဘူးထင်တယ်။ အရာအားလုံးက ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး တည်ဆောက်ခဲ့တယ်လို့ ပြောရမယ်။ ခင်ဗျားသာမရှိရင် ကျွန်တော် ဒါတွေကို မလုပ်နိုင်လောက်ပါဘူး”
ဝမ်ချောင်ကပြောသည်။
နှစ်ဖက်လုံးက အချင်းချင်း ပြုံးပြီးနောက် စကားဆက်မပြောတော့ချေ။ သူတို့ စကားဆက်ပြောရန် မလိုလောက်အောင် သိနှင့်ခဲ့ပြီး ဖြစ်သောကြောင့်လည်းဖြစ်သည်။
ခြင်္သေ့မြို့တွင် ပေါ်လာခြင်းက မှင်သက်အံ့သြဖွယ် ကိစ္စဆိုလျှင် အနောက်တောင်ပိုင်း၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်းကလည်း ပို၍အံ့သြဖွယ်ကောင်းသွားသည်။ လက်ရှိအချိန်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ မည်သူကမှ ထိုအချက်ကို ငြင်းနိုင်တော့မည်မဟုတ်ချေ။ ပို၍အရေးကြီးသည်မှာ ထိုအချက်ကို သူတို့နှစ်ယောက်လုံးက ကောင်းကောင်း သိထားခြင်းဖြစ်သည်။
ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့က မမြင်ရသော အားတစ်ခုတို့က တုတ်နှောင်ထားသလိုမျိုး ချည်နှောင်ထားပြီးသားဖြစ်သည်။
ဝမ်ချောင်က ကျန်းရှို့ကျစ်၏ အဆုံးစွန်သော ယုံကြည်မှုကို လက်ခံရရှိလိုက်သည်။ ကျန်းရှို့ကျစ်ကလည်း ဝမ်ချောင်၏ ယုံကြည်မှုကို တဖန်လက်ခံရရှိလိုက်သည်။
အခန်း(၅၅၅)
“သခင်လေး”
“သခင်လေး”
တောင်ခြေတွင် စောင့်နေသောသူက ကျန်းရှို့ကျစ်တစ်ယောက်ထဲ မဟုတ်ချေ။ ကျန်းရှို့ကျစ်၏ တပည့်များ၊ ကျောင်းသားများနှင့် ဗိသုကာပညာရှင်များ အားလုံးရှိနေကြသည်။ သူတို့အားလုံးကလည်း ခြင်္သေ့မြို့တွင် အလုပ်လုပ်ခဲ့ကြသူများဖြစ်ပြီး ကုန်သည်များ၊ အစောင့်များ ကိုယ်တိုင်ကလည်း ရှိနေသေးပြန်သည်။ ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့က အချင်းချင်း မိတ်ဆက်စကားပြောပြီးလျှင် လူတိုင်းက ရှေ့တိုးကာ နှုတ်ဆက်ဂါရဝပြုကြသည်။
ဝမ်ချောင်ကလည်း အားလုံးကို ပြန်၍နှုတ်ဆက်သည်။
“ကျွန်တော်ခင်ဗျားတို့ကို ဒုက္ခအများကြီး ပေးမိသွားပြီ”
“ဒါကဒုက္ခမဟုတ်ပါဘူး သခင်လေးရဲ့ လုပ်ဆောင်မှုနဲ့ ဒါကဘယ်ယှဉ်လို့ ရနိုင်ပါ့မလဲ”
“ဟုတ်ပြီ အားလုံးပဲ စကားတွေပြောတာ တော်လောက်ပြီ။ သခင်လေးက မြို့တော်ရဲ့ အဝေးကြီးကနေ ရောက်လာခဲ့ရပြီး ဒီစစ်ပွဲကိုတောင် ကျော်ဖောက်မြင်နိုင်ခဲ့တယ်။ သခင်လေးအတွက် ကျွန်တော်တို့ကို ဒီနေရာမှာ အလုပ်လုပ်စေတာကတင် မဟာထန်အတွက် အကျိုးပြုခိုင်းတာ ဖြစ်သွားပါပြီ။ ဗဟိုပြင်ကျယ် တစ်ခုလုံးအတွက် ကျွန်တော်တို့ အကျိုးပြုပေးတာကတင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခွင့်ထူးကြီးပါပဲ။ ကျွန်တော်တို့ ဂုဏ်ယူရမဲ့ကိစ္စပါ”
“ဟုတ်တယ်သခင်လေး သခင်လေး ကျွန်တော်တို့ကို ခိုင်းစရာ တစ်ခုခုသာရှိရင် ဘာမဆိုပြောလိုက်ပါ။ ကျွန်တော်တို့က အကောင်းဆုံး လုပ်ပေးမှာပါ”
ဒါကမှ သူတို့၏ ဝမ်ချောင်နှင့် ပထမဦးဆုံးသော အစစ်အမှန် တွေ့ဆုံခြင်းဟု ဆိုသင့်သည်။ သို့သော် အားလုံးက စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။
ခြင်္သေ့မြို့တွင် ဝမ်ချောင်က ဒဏ္ဍာရီဖြစ်လာခဲ့သည်။ ပို၍ဆိုးသည်မှာ စစ်ပွဲက ဖြစ်လာခဲ့ပြီး အရာအားလုံးက ဝမ်ချောင်၏ ခန့်မှန်းမှုအတိုင်း ဖြစ်လာခဲ့သည့်အတွက် ကောလဟာလများနှင့် ဒဏ္ဍာရီများက ပို၍ပင် ကျယ်ပြန့်လာခဲ့သည်။ အားလုံးနည်းတူ ထိုလူများအားလုံးကလည်း အရာအားလုံး၏ နောက်ကွယ်မှ ခေါင်းဆောင်ကို မြင်ချင်စိတ် ပြင်းပြနေခဲ့ကြသည်။ ခြင်္သေ့မြို့ကို တည်ဆောက်ရန် တိုက်ရိုက်ညွှန်ကြားခဲ့ပြီး ဒီစစ်ပွဲ၏အရေးကြီးဆုံးအပိုင်းမှ ပါဝင်ခဲ့သူကို သိချင်စိတ် ပြင်းပြနေခဲ့သည်။
ဝမ်ချောင်က အနောက်တောင်ပိုင်းသို့ လာမည်ဟု ကြားသောအခါ အားလုံးက အလွန်စိတ်လှုပ်ရှားခဲ့ကြရသည်။ မြို့တော်၏အဝေးမှ အရာအားလုံးကို ထိန်းချုပ်ခြင်းနှင့် နှိုင်းယှဉ်သော် အနောက်တောင်ပိုင်းသို့ ကိုယ်တိုင်လာရောက်ခြင်းက ပို၍သက်ရောက်မှုရှိပြီး တိုက်ရိုက်စီမံ ကိုင်တွယ်နိုင်မည်ဖြစ်သည်။
“အွန်း”
ဝမ်ချောင်က လေးနက်စွာ ခေါင်းညိမ့်ပြပြီးနောက်တွင် လူတိုင်း၏အကြည့်ကို လက်ခံရယူလိုက်သည်။
သူကအားလုံးနှင့် မိတ်ဆက်ပြီးသောအခါ ဝမ်ချောင်က ကျန်းရှို့ကျစ်ကို ခေါင်းလှည့်ကာမေးသည်။
“အားလုံးအဆင်သင့်ပဲလား”
“ဟုတ်ပါတယ် မိန်းကလေးရွှီက ကျွန်တော်ကို အကြောင်းကြားပြီးပါပြီ”
ယခုအချိန်တွင် အရေးကြီးသော အလုပ်ကိစ္စကို ပြောဆိုရမည့်အချိန်ဖြစ်သည်။ ကျန်းရှို့ကျစ်က ခေါင်းညိမ့်ပြီးနောက်တွင် အမူအရာက လေးနက်သွားသည်။
“အားလုံးက ရောက်နေပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို နားမလည်လို့ သခင်လေး ညွှန်ကြားပေးမှဖြစ်မှာပါ”
ထိုသို့ပြောပြီးနောက်တွင် ကျန်းရှို့ကျစ်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူက အဆောက်အဦးများ တည်ဆောက်ခြင်းတွင် ဆရာသခင်အဆင့် တစ်ယောက်ဖြစ်သော်လည်း ဝမ်ချောင်က ရွှီချီချင်းကို ပို့ခိုင်းလိုက်သော ပစ္စည်းများအကြောင်းကိုမူ မကြားဖူးသလို မြင်လည်းမမြင်ဖူးချေ။ သူကိုယ်တိုင်ကသာ မမြင်ရလျှင် ကျန်းရှို့ကျစ်အနေနှင့် ဝမ်ချောင်က သူ့ထက်ပင် ဗိသုကာပညာတွင် ကျွမ်းကျင်နေသူဟုပင် ထင်မိလောက်သည်။
“ဟား ဟား သေချာပေါက် ပြဿနာမရှိဘူး”
ကျန်းရှို့ကျစ်၏ မျက်ဝန်းမှအကြည့်ကို သတိထားမိပြီးနောက် နားလည်သွားသော ဝမ်ချောင်ကလည်း တစ်ဖက်သူ၏အတွေးကို သိသည်။ သို့သော်သူက ရှင်းပြမနေချေ။ အနည်းဆုံး ပစ္စည်းများက ရောက်လာနှင့်ပြီးသားဖြစ်သည်။
ကျန်းရှို့ကျစ်ကလည်း ဝမ်ချောင်က နားလည်နေကြောင်း သိသောအခါ စိတ်အေးသွားရသည်။ ရွှီချီချင်းက ထိုပစ္စည်းများကို ပို့လာမှုနှင့်အတူ ဝမ်ချောင်ကထုတ်သော အကြံအစည်၏ အရေးကြီးမှုကလည်း တစ်ဝက်အထိ ပြီးပြည့်စုံသွားပြီဟု ဆို၍ရသည်။
“သူတို့ကဘယ်မှာလဲ။ ကျွန်တော် သွားကြည့်ချင်တယ်”
ဝမ်ချောင်ကပြောသည်။
တောင်ထိပ်ပေါ်တွင် သေသပ်စွာ စီတန်းထားသော ကြီးမားသော သေတ္တာကြီးပေါင်းများစွာ ရှိနေသည်။ ထိုသေတ္တာကြီးများအားလုံးကို ထိုနေရာလပ်ကွင်းပြင်တွင် စီထားသည်။ အားလုံးက မည်းနက်နေကာ အနီးကပ်သာမကြည့်လျှင် ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲလွန်းသည်။
ဝမ်ချောင်က ချဉ်းကပ်သွားပြီးနောက်တွင် မြို့တော်၏ အမျိုးမျိုးသော ဓားပန်းပဲဖိုကလန်များ၊ ဓားဆိုင်များ၊ ဓားပန်းပဲဖိုများမှ ရလာသော မသန့်စင်ထားသည့် အမျိုးမျိုးသော ငှာနများမှ သင်္ကေတများနှင့် ပစ္စည်းပေါင်းများစွာကို မြင်လိုက်ရသည်။
ထိုသေတ္တာပေါင်းများစွာ အားလုံးထဲတွင် ဝမ်ကလန်မှ သင်္ကေတက အခမ်းနားဆုံးဖြစ်သည်။ အားလုံးကို မြို့ပေါ်မှ ပို့လိုက်သည်မှာ သေချာသွားသည်။
သူ၏ကလန်မှ ရင်းနှီးသောတံဆိပ်ကို မြင်လိုက်ရသောအခါ ဝမ်ချောင်က သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။
“ဒါကသခင်မလေးရွှီပို့လိုက်တဲ့ ပစ္စည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ အများစုကို တောင်အနောက်မှာ သိမ်းဆည်းထားပါတယ်”
ကျန်းရှို့ကျစ်က ပြောပြသည်။
ဝမ်ချောင်ကလည်း နားလည်ကြောင်း ခေါင်းညိမ့်လိုက်ပြီးနောက်တွင် သူ၏ဓားကိုထုတ်ကာ သေတ္တာထဲသို့ ထိုးစိုက်လိုက်ပြီးနောက် သေတ္တာက ပွင့်သွားသည်။
“ဒါကဘာလဲ”
ထိုအခိုက် သိမ်းငှက်အိုကြီး ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းတို့ အားလုံးက ရောက်လာကြပြီဖြစ်သည်။ သူတို့က သေတ္တာထဲမှ ထူးထူးဆန်းဆန်း ပုံသဏ္ဍန်များကိုကြည့်ပြီး နားမလည်နိုင်ကြတော့ချေ။ သိန်းငှက်အိုကြီးကလွဲပြီး လူတိုင်းက သိချင်စိတ် ပြင်းပြသွားကြသည်။
ဝမ်ချောင်၏ဖခင် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း သိချင်စိတ် ပြင်းပြသွားကြသည်။
သူတို့က ဟော်ရှု့ဟွေ့ခမ်းနှင့် တိုက်ခိုက်ခဲ့သောတိုက်ပွဲ ပြီးချိန်ကတည်းက ဝမ်ချောင်က စစ်တပ်ကို နေ့ညဆက်တိုက် အပြေးနှင်ခဲ့ပြီးနောက်တွင် ကသောကမျော ခရီးဆက်ခဲ့ပြီးနောက်တွင် ဒီနေရာသို့ ရောက်လာခြင်းဖြစ်သည်။
သို့သော် မည်သူကမှ ဒီနေရာကိုသူက မည်သည့်အတွက်ကြောင့် ရွေးချယ်ထားကြောင်း မသိကြချေ။ ဝမ်ချောင်က ဘာလုပ်ကြောင်း မည်သူမှ မသိကြချေ။ သို့သော် အားလုံးသေချာနေသော အချက်တစ်ခုကမူ ဒီသေတ္တာများနှင့် ဆက်စပ်နေခြင်းဆိုသော ကိစ္စဖြစ်သည်။
“ဒါကလား ဒါက ကျွန်တော်တို့အားလုံးရဲ့ ရှင်သန်မဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ”
ထိုစကားနှင့်အတူ ဝမ်ချောင်က သေတ္တာထဲသို့ လက်ကိုထည့်လိုက်ပြီးနောက်တွင် သံမဏိတုံးတစ်တုံးကို ထည့်လိုက်ပြီးနောက် လွှဲယမ်းလိုက်သည်။
ထိုသံမဏိတုံး တစ်တုံးကို ယူပြီးနောက်တွင် လေထဲသို့ လွှဲယမ်းပစ်ပေါက်လိုက်သည်။ ထိုအတုံးက လေထဲသို့ ရောက်သွားပြီးနောက်တွင် အကြိမ်အနည်းငယ် ဆက်တိုက် လွှဲယမ်းသွားပြီမှသာ မြေပြင်သို့ ထိုးစိုက်သွားသည်။
...
ကောင်းကင်ရှိ မုန်တ်ိုင်းတိမ်များနှင့် မိုးကဆဲသွားပြီး အရာအားလုံးက ကြည်လင်သွားသည့် အချ်ိန်တွင် တိဗက်စစ်တပ်၏ အတွေးများကို ဖော်ပြရန် ခက်ခဲသွားသည်။
“နောက်ဆုံးတော့ ပြီးသွားပြီ”
လုံချင်ပါ့က ကောင်းကင်ကို ကြည့်ပြီးနောက်တွင် စိတ်အေးသွားသည်။ ပုံမှန်အတိုင်း ရာသီဥတု ပြန်ပြောင်းသွားခြင်းက လုံချင်ပါ့၏စိတ်ထဲတွင်မူ နှစ်တစ်သောင်းပင် ကြာသွားပြီဟု ခံစားလိုက်ရသည်။
“မိုးရဲ့အကူအညီမရှိဘဲ ဒီကောင်တွေ ဘယ်ပြေးနိုင်မလဲ ကြည့်ရအောင်”
တိမ်မည်းများက အပြည့်အဝ မအက်ကွဲသေးချေ။ အနည်းငယ်သာ ပါးသွားသည်။ ကောင်းကင်တွင်လည်း ခပ်တိုးတိုး ခြိမ်းသံကို ကြားနေရသေးသည်။ သို့သော် လုံချင်ပါ့နှင့် တိဗက်စစ်တပ်အတွက် ထိုမျှက လုံလောက်နေပြီဖြစ်သည်။
သူတို့က မိုး၏ကာကွယ်ပေးမှု မရှိတော့လျှင် ထန်များ၏ ခြုံခိုတိုက်ခိုက်မှုက အသုံးမဝင်တော့ချေ။ ခြုံခိုတိုက်ခိုက်မှုနှင့် သူတို့ကို လူစုကွဲအောင် မလုပ်နိုင်တော့သည့်အခါ ဒီနေ့တွင် သူတို့အနေဖြင့် နောက်ဆုတ်စရာအကြောင်း မရှိတော့ချေ။
လုံချင်ပါ့က ကောင်းကင်မှ အကြည့်ကိုပြန်ရုတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။ သူ၏နောက်လိုက်ထဲတွင် တိဗက်ဗိုလ်ချုပ်များကလည်း အလားတူ အမူအရာကို ပြနေကြသည်။
“ဟား ဟား ငါ့ရဲ့စစ်တပ်က ဒီလူတွေကို ဖမ်းမိတာနဲ့ သေချာပေါက် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပြမယ်။ ငါတို့ရဲ့ မုန်းတီးမှုတွေ ဘယ်လိုဖြေဖျောက်မလဲ ကြည့်ရအောင်”
လုံချင်ပါ့၏မျက်လုံးက မည်းနက်ကာ လှောင်ပြုံးကပြည့်နေပြီး သတ်ဖြတ်လိုစိတ်က အထင်းသားပေါ်နေသည်။
မနေ့ညက တိုက်ပွဲတွင် လုံချင်ပါ့က ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကြောင့် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ မဟာဗိုလ်ချုပ်ကသာ တပ်ကူနှင့် မရောက်လာခဲ့လျှင် သူသေကောင်း သေသွားနိုင်သည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင် ကြီးပြင်းလာခဲ့သော လုံချင်ပါ့အနေနှင့် ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးသည်။ ထိုသို့သော သိက္ခာကျသည့် ဖြစ်ရပ်က လက်သင့်ခံနိုင်စရာ အကြောင်းမရှိချေ။
ဝုန်း
လုံချင်ပါ့က အတွေးနက်နေချိန်တွင် မြေငလျှင်က လှုပ်သွားပြီးနောက် ခမ်းနားသော စွမ်းအင်အားလှိုင်းများက ကောင်းကင်သို့ ထိုးတက်သွားကာ မုန်တိုင်းအလားဖြစ်လာပြီး ဒေါသတကြီးဟိန်းသံက စခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။
“မျိုးမစစ် နေရာမှာတင် ကွပ်မျက်ခံရသင့်တယ်”
ဝှစ်
ဒေါသတကြီး လေပြေတိုးဝှေ့ တိုက်လာပြီးနောက်တွင် ထွက်လာသောအသံက ကျန်းတစ်ရာ အတွင်းမှ အရာအားလုံးကို လွင့်ထွက်သွားစေသည်။ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်း၏ဒေါသက လုံချင်ပါ့ကိုပင် အနည်းငယ် တုန်ယင်သွားစေပြီး ထိတ်လန့်သွားစေရသည်။
“ကံကောင်းတာက မနေ့ညက ဝမ်ရန်ကို လိုက်ဖမ်းခဲ့တာ ငါမဟုတ်တာပဲ”
လုံချင်ပါ့က ပျော်သွားသည်။ သူကရုတ်တရက် ဓားအစွယ်သားရဲ ကျောင်းစစ်လော့နှင့် မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့မင်းသား ဖုန်းကျားရီတို့က ဝမ်ရန်နောက်ကို လိုက်ဖမ်းကြချိန်တွင် သူက မဟာဗိုလ်ချုပ်၏အနားတွင် ကျန်ရစ်ခဲ့ခြင်းက မည်မျှကံကောင်းကြောင်း နားလည်သွားသည်။
ကျောင်းစစ်လော့ အဲ့ဒီမျိုးမစစ်ကောင် တိုက်ပွဲတစ်ခုထဲနဲ့ စစ်သည်ငါးသောင်းကိုတောင် ရှုံးသွားအောင် လုပ်လိုက်တယ်။ ငါတောင် ဒီလိုအမှားမျိုး မလုပ်ရဲဘူး။ မဟာဗိုလ်ချုပ်ရဲ့ စိတ်သဘောထားအတိုင်းဆိုရင် သူအရေခွံအခွာခံရမှာ သေချာနေပြီ။ ဒါတောင် ဒီမနက်မှာ ပြန်လာရဲသေးတယ်ပေါ့။
လုံချင်ပါ့က တွေးလိုက်သည်။
ဝုန်း
လုံချင်ပါ့၏ အတွေးကို တုန့်ပြန်သည့်အလား နောက်ထပ် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြန်သည်။ တောင့်တင်းသော ပုံရိပ်တစ်ခုက အမိုးက ဖောက်ထွက်သွားပြီးနောက်တွင် ကျန်းတစ်ရာ အမြင့်ထိ ဖောက်ထွက်သွားသည်။ သူကအောက်သို့ ပြန်ကျချိန်တွင် ကျယ်လောင်သော အသံကြီးကိုလည်း ထွက်သွားစေသည်။
သူပြန်ကျသောအသံက ကျယ်လောင်လွန်းလှကာ လူတိုင်းက တုန်ယင်သွားကြသည်။ အနီးကပ် ကြည့်မည်ဆိုလျှင် ထိုမြေကပင် တသိမ့်သိမ့်တုန်နေကြောင်း မြင်နိုင်ကြမည်ဖြစ်သည်။ သို့သော် အကြိမ်အနည်းငယ် ကြာပြီးနောက်တွင် ကျောင်းစစ်လော့က အုတ်ကျိုးအုတ်ပဲ့များမှ ကုန်းလျှက် ထွက်လာပြီးနောက် ထိုစခန်းထဲသို့ ပြန်ဝင်သွားသည်။ လွင့်ထွက်သွားသူက သူမဟုတ်သည့်အလား ထင်ရသည်။
“ဗိုလ်ချုပ် မဟာအမတ် ဒီလက်အောက်ငယ်သားက ဒီတစ်ကြိမ်မှာ အလားအလာ အရမ်းကောင်းတဲ့ ပြိုင်ဘက်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတာပါ”
ကျောင်းစစ်လော့၏ အသနားခံသံကို အဝေးမှပင် ကြားနိုင်သေးသည်။
လုံချင်ပါ့၏ နှလုံးသားက တုန်ယင်သွားသည်။ သူက နားမထောင် ဟန်ဆောင်ပြီးနောက်တွင် ခပ်ဝေးဝေးသို့ ထွက်ပြေးသွားသည်။
အန်းနန်အစိုးရစစ်တပ်နှင့် အစစ်အမှန် တိုက်ပွဲက စတင်တော့မည်ဖြစ်လေရာ သူ့အနေဖြင့် ကျောင်းစစ်လော့၏ တွေ့ကြုံရမည့် အခြေအနေကို စိုးရိမ်ခြင်းထက် သူ၏အရှက်တရားကို မည်သို့ ဆေးကြောသင့်သနည်းဟု တွေးတောနေသင့်သည်။
လုံချင်ပါ့က ထိုသို့ထွက်ပြေးသွားပြီး ကြံစည်တွေးတောနေချိန်တွင် ထိုကြီးမားသော စခန်းတဲကြီးအတွင်းတွင် ကိစ္စများက အနည်ထိုင်နေပြီဖြစ်သည်။
ထိုကြီးမားသော တဲကြီးထဲတွင် လူအပြည့်ရှိနေသည်။ နာ့ယိတော်ဝင်တပ်ရင်းမှ ခေါင်းဆောင်နှစ်ယောက်ဖြစ်သော ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းအပြင် မာန်ရှဲ့ကျောင်းမှ ဘုရင်ခဲ့လော့ဖုန်းနှင့် မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်တို့လည်း ရှိနေသည်။
ကျောင်းစစ်လော့က ရှုံးသွားသော သတင်းကြီးနှင့် ပြန်လာသည့်အချိန်တွင် ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်ပင် မဆိုထားဘိ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ကပင် မှင်သက်ကြောင်အခဲ့ကြရသည်။
မြင်းတပ်ချင်း တိုက်ခိုက်ခြင်းနှင့် ခြေလျှင်တပ်ချင်း တိုက်ခိုက်ခြင်း၊ တိဗက်မြင်းတပ်က လောကအနှံ့ ကျော်ကြားပြီး သူတို့အား ယှဉ်နိုင်သူနည်းသည်။ ပြောရမည်ဆိုလျှင် မာန်ရှဲ့ကျောင်း၏ စစ်တပ်က စစ်တပ်ကြီးနှစ်ခု ပူးပေါင်းထားသော်လည်း အစစ်အမှန်သာ တိုက်ခိုက်မည်ဆိုလျှင် တိဗက်မြင်းတပ်ကို ယှဉ်နိုင်ရန် လိုအပ်နေသေးအုံးမည်ဖြစ်သည်။ အစစ်အမှန်တိုက်ပွဲ ဖြစ်ကတည်းက တိဗက်မြင်းတပ်များက သူတို့၏အင်အားကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့သည်။ ထို့ကြောင့် ကျောင်းစစ်လော့၏ ရှုံးနိမ့်သွားသော သတင်းနှင့် ပြန်လာခြင်းက အားလုံးကို ကြောင်အသွားစေခဲ့ခြင်းဖြစ်သည်။
တိဗက်မြင်းတပ်မှ စစ်သည်ရှစ်သောင်းတွင် နှစ်သောင်းဝန်းကျင်သာလျှင် ပြန်လာနိုင်ခဲ့သည်။ သံသယဝင်ရန် မလိုလောက်အောင် ဒါကကြီးမားသော ရှုံးနိမ့်မှုကြီးဖြစ်သည်။ တိဗက်လူမျိုးများအနေနှင့် ဒီစစ်ပွဲစကတည်းက ပထမဦးဆုံးအကြိမ် ထိုမျှရှုံးနိမ့်ရခြင်းဖြစ်သည်။
“မဟာအမတ် ဗိုလ်ချုပ် ဒါကဒီငယ်သားရဲ့ အပြစ်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ အားလုံးကလည်း တက်စွမ်းသမျှ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ယှဉ်ကိုမယှဉ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့အားလုံးက သူတို့ရဲ့ရှေ့တန်းနဲ့ နီးကပ်သွားဖို့တောင် မလုပ်နိုင်ခဲ့ပါဘူး။ နောက်ပြီး ကျွန်တော်တို့က ဘယ်ဘက်ကိုပဲ ချဉ်းကပ်ချဉ်းကပ် မတက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ညီအစ်ကိုတွေ အားလုံးကလည်း အန်းနန်အစိုးရစစ်တပ်ရဲ့ လှည့်ကွက်တွေထဲမှာ ခံရပြီး ကောင်းကောင်းမွန်မွန်နဲ့ ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ အချို့အကြောင်းပြချက်တွေကြောင့် ဒီငယ်သား ကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်မှာ ရှုံးနိမ့်သွားခဲ့ရတာပါ”
ကျောင်းစစ်လော့က စခန်းထဲတွင် ဒူးထောက်နေသည်။ သူ၏အရာရှိများ အားလုံးကလည်း ထိုနေရာတွင် ရှိနေကြသည်။ ဗိုလ်ချုပ်များထဲမှ တစ်ယောက်က ဟော်ရှု့ဟွေ့ခမ်း၏ ဒေါသကို ပြေလိုပြေငြား ဝင်ပြောပေးသည်။
“တိတ်စမ်း”
“အရှင် ကျွန်တော်...”
တိဗက်ဗိုလ်ချုပ်က ဘာမှဆက်မပြောနိုင်ခင်မှာတင် စွမ်းအင်တစ်ခုက သူ့ကိုထိမှန်သွားပြီးနောက်တွင် သူကလည်း အဝေးသို့ လွင့်ထွက်သွားသည်။
“ဒီအခြေအနေကို ရောက်နေမှတော့ ရှုံးတာက ရှုံးတာပဲ။ ဒါကိုတောင် မင်းတို့က ငြင်းရဲသေးတယ်”
ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက နီရဲနေပြီး ဒေါသက ထွက်လာပြန်သည်။
“အရှင်”
တဲထဲရှိ အရာရှိတိုင်းက ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ကြသည်။ ယွီစန်း၏ ဓလေ့က ဗဟိုပြင်ကျယ်နှင့် အပြည့်အဝ ကွာခြားသည်။ ဟော်ရှု့ဟွေ့ခမ်းက ညင်သာသိမ်မွေ့ပြီး ဖြောင့်ဖြတတ်သော ဗိုလ်ချုပ်တစ်ယောက်မဟုတ်ချေ။ ဆက်လက်ငြင်းခုံလျှင် ဖြစ်လာသော အကျိုးဆက်က ကောင်းသည့်အရာများ မဟုတ်နိုင်ချေ။
“မဟာဗိုလ်ချုပ် ဒါကမင်းရဲ့ တိဗက်လူမျိုးတွေပဲဆိုပေမဲ့ ကျေးဇူးပြုပြီး ဒီလူက ဝင်ပြောတဲ့အတွက် ခွင့်လွှတ်ပါ။ ဒီလူက ဗိုလ်ချုပ်ကျောင်းစစ်လော့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ခဲ့နိုင်တဲ့အတွက် သူ့ရဲ့သတ္တိကိုလည်း လေးစားမိတယ်။ မဟာထန်က ငါတို့မသိတဲ့ တပ်ကူတွေ ပမာဏ အများအပြား ပို့ပေးလိုက်တာ မဖြစ်နိုင်ဘူးလား”
ထောင်လွှားသော လေထုနှင့်အတူ မာန်ရှဲ့ကျောင်းမှဘုရင် ခဲ့လော့ဖုန်းက နောက်ဆုံးမှာ ဝင်ပြောပေးလာသည်။
ဟော်ရှု့ဟွေ့ခမ်း၏ ဗိုလ်ချုပ်စခန်းထဲတွင် ဖြစ်နေသော်လည်း မာန်ရှဲ့ယွီစန်းစစ်တပ်က အကြံအစည်ကို အတူပူးပေါင်းနေခြင်း ဖြစ်နေသည်။ ထို့ကြောင့် သူ့တွင်လည်း ပြောရေးဆိုခွင့်ရှိသည်။
မဟာထန်၏ ယခင်အပြုအမူအရဆိုလျှင် အနာဂတ်တွင် ပို၍ကြီးမားသော ကလဲ့စားချေမှုကြီး ဖြစ်လာပေလိမ့်မည်။ ယွီစန်းဆိုသော သူတို့၏မဟာမိတ်က ဒီကိစ္စတွင် သူတို့အလွန်အလေးထားရသော ကိစ္စတစ်ခု ဖြစ်နေသည့်အလျှောက် ယခုကဲ့သို့ အခြေအနေကို ကြုံရသည့်အခါ သူတို့ကလည်း အကျိုးဆက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“မဖြစ်နိုင်ဘူး”
ခဲ့လော့ဖုန်းက မပြောနိုင်ခင်မှာတင် ဟော်ရှု့ဟွေ့ခမ်းက ဝင်ပြောသည်။
“ဒီနေရာရဲ့ အနီးဆုံးက ငါတို့ရဲ့ လုံရို့ပဲ။ ခဲ့ရှု့ဟန်ရဲ့ အဲ့ဒီစစ်တပ်က အရမ်းအင်အားကြီးပြီး ဒီနေရာကို တပ်ကူပို့ဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့အခု ဗိုလ်ချုပ်တွေရဲ့ဘုရင် ငါတို့ရဲ့ တာထရာခုံလော့နဲ့ တုစုန့်မန့်ဖော်ကျယ်တို့က လုံရို့ကို ဆွဲချထားတဲ့အတွက် ဘယ်နည်းနဲ့မှ ခဲ့ရှု့ဟန်က ထွက်လာနိုင်မှာ မဟုတ်ဘူး။ ခဲ့ရှု့ဟန်ပြီးရင် ဘယ်သူကများ ဗဟိုပြင်ကျယ်ကို အတွင်းပိုင်းကနေ တပ်ဖွဲ့တွေ စေလွှတ်နိုင်မှာလဲ”
ဟော်ရှု့ဟွေ့ခမ်းက ကြမ်းတမ်းပြီး လူထွားတစ်ယောက်လို စရိုက်ရှိပေမဲ့ သူက နာ့ယိတော်ဝင်တပ်ရင်း မဟာဗိုလ်ချုပ်ဖြစ်ရန် ကျန်းချုံကျန့်ချုံးနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီး သူ၏လုပ်နိုင်စွမ်းရည်ကို ပြသခဲ့ပြီးမှ တက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
“ပြောဖို့ခက်တယ်။ ဗဟိုပြင်ကျယ်ရဲ့ မင်းဆက်အသီးသီးက ပြောင်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့သူတွေပဲ။ သူတို့က ငါတို့မသိတဲ့ လျို့ဝှက်ချက်တွေ ကိုင်ဆောင်ထားတာ ဖြစ်နိုင်တယ်”
ရုတ်တရက် အေးစက်မာကြောသော အကြံပြုသံက ထွကလာသည်။
“အချိန်တိုင်း အမှောင်ထဲ မုန်တိုင်းထဲမှာ ရှိနေခဲ့ရတဲ့အချိန်မှာ ကောင်းကောင်းမြင်နိုင်တာမှ မဟုတ်တာ။ မဟာထန်ရဲ့ တပ်ကူစစ်တပ်က ကျောင်းစစ်လော့တောင် သတိမထားမိဘဲ ရောက်လာတာ ဖြစ်လောက်တယ်”
“မဖြစ်နိုင်ဘူး။ ငါတို့က အဲ့ဒီအချိန် တောင်ထိပ်မှာ ရှိနေခဲ့တာ။ တိုက်ကွက်တွေအားလုံးက တောင်ပေါ်ကလာတာပဲ”
ကျောင်းစစ်လော့၏ လက်အောက်က ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် ငြင်းဆန်လိုက်သည်။
“ငါတို့အထင်မမှားဘူး”
“မင်းကပြောရဲသေးတယ်”
ဟော်ရှု့ဟွေ့ခမ်းက ဝင်အော်သည်။ ယွီစန်းက ဗဟိုပြင်ကျယ်ထက် ထိန်းချုပ်ရာတွင် ပို၍တင်းကြပ်သည်။ သူက အမိန့်ထုတ်ပြီးကတည်းက မည်သူကမှ မလိုက်နာဘဲ မနေရဲချေ။ အထူးသဖြင့် ခဲ့လော့ဖုန်းတို့ အဖွဲ့၏ရှေ့တွင်ဖြစ်သည်။
“ဗိုလ်ချုပ် အပြစ်တင်တာ မှားနေပြီ”
ရုတ်တရက် စစ်စခန်း၏အနောက်တွင် နီးကပ်စွာ ရပ်နေသော ဖုန်းကျားရီက ဝင်ပြောလိုက်သည်။ သူက ဟော်ရှု့ဟွေ့ခမ်းက ကျောင်းစစ်လော့၏ အရာရှိများနှင့် ငြင်းဆန်တိုက်ခိုက်နေခြင်းကို သူသုံးကြိမ်တိုင်တိုင် စောင့်ကြည့်ပေးပြီး ပြောဆိုရန် တုန့်ဆိုင်းခဲ့သည်။ သူ၏ဖခင်ကိုယ်တိုင်လည်း ရှိနေခဲ့ပြီး ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကလည်း သူ၏လက်အောက်ငယ်သားကို ဆိုဆုံးမနေခြင်းဖြစ်လေရာ ဖုန်းကျားရီအနေနှင့် ဝင်ပြောခွင့်မရှိချေ။
သို့သော် ဖုန်းကျားရီ ကိုယ်တိုင်ကလည်း ထိုတိုက်ပွဲတွင် ဝင်ပါခဲ့လေရာ တိဗက်ဗိုလ်ချုပ်များအပြင် ဖုန်းကျားရီ ကိုယ်တိုင်ကလည်း ကျောင်းစစ်လော့၏အနားတွင် အနီးကပ်ဆုံး ဖြစ်နေသည့်အလျောက် ဝမ်ရန်၏ စစ်တပ်၏ လိုက်ဖမ်းခြင်းကိုသာ မခံနိုင်ခဲ့လျှင်ဆိုသည့် အခြေအနေကို နားလည်သည်။
ယခုအခါ ကျောင်းစစ်လော့နှင့် အရာရှိများက အပြစ်ပေးခံနေရခြင်းကို မြင်နေရပြီး ကျောင်းစစ်လော့ ကိုယ်တိုင်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခြင်းကို မြင်သောအခါ ဖုန်းကျားရီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“မဟာထန်က တကယ်ကို တပ်ကူစစ်တပ် မရခဲ့ပါဘူး။ ကျွန်တော်တို့ ဒီလိုရှုံးသွားရတာက ကိုယ့်ကိုယ်ကို ဝမ်ဖူလို ရုပ်ဖျက်ထားတဲ့ ထန်လူငယ်တစ်ယောက်ကြောင့်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်။ ကျွန်တော်က ကျောင်းစစ်လော့ရဲ့ စကားတွေက အပြည့်အဝ မှန်ကန်ကြောင်း အတည်ပြုပေးနိုင်ပါတယ်”
ဖုန်းကျားရီက ဖျောင့်မတ်မှန်ကန်သော အနေအထားမျိုးဖြင့် ရုတ်တရက် ဝင်ပြောလိုက်ခြင်းက ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ အားလုံး၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူ့ကိုလှည့်ကြည့်လာစေသည်။
“အိုက်ရာ မင်းဘာပြောလိုက်တာလဲ”
ခဲ့လော့ဖုန်းက မျက်နှာဖြူဖျော့စွာဖြင့် ဝင်ပြောလာသည်။