← Chapters

အခန်း (၅၆၁-၅၆၅)

Vol. 27 Ch. 561-565

အခန်း (၅၆၁-၅၆၅)

Vol. 27 Ch. 561-565

အခန်း(၅၆၁)

ခရက်

အလင်းရောင် ဖြတ်ကနဲ လင်းလက်သွားပြီးနောက်တွင် ဖျက်ဆီးခြင်းစွမ်းအား အပြည့်ပါသော လှံတစ်လက်က ကျောက်တိုင်အတွင်းသို့ တိုးဝင်သွားချိန်တွင် အက်ရာများက ဆက်တိုက်ထွက်ပေါ်လာတော့သည်။ ခွပ်ကနဲ မြည်သံနှင့်အတူ အစိတ်စိတ်အပိုင်းပိုင်း ကွဲအက်သွားသည်။

“ဟမ့် ဟန်ရဲ့ဝူက တိအန်းကို ဖွင့်လှစ်ခြင်းကျောက်တိုင် ဟုတ်လား။ ငါဒီအကြောင်းကို မသိသေးရင်တော့ အဆင်ပြေတယ်။ ငါအခုသိသွားပြီဆိုတော့ ဒါကိုဆက်ရှိထားခွင့် ပြုထားလို့ ဘယ်ရပါ့မလဲ”

ဗိုလ်ချုပ်တစ်ယောက်က ပေါက်ကွဲစွမ်းအားအပြည့်ဖြင့် မြင်းကိုအပြေးနှင်လိုက်ကာ ထိုနေရာမှထွက်သည်။ သူ၏မျက်လုံးကလည်း တောက်ပသော အလင်းဖြင့် စူးရှနေသေးသည်။

“အနာဂတ်မှာ ထန်ကအ့ဟိုင်အပေါ် ခြေမချနိုင်စေရဘူး။ အနောက်တောင်ပိုင်းက ငါတို့ရဲ့ လောကပဲ ဖြစ်ရမယ်”

ထိုဗိုလ်ချုပ်၏ အကြည့်ထဲတွင် ကျောက်တုံးများကို ကျော်ဖြတ်နေရင်း နာကျင်မှုကို ခံစားရသလို ဖြစ်လာသည်။ မင်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်များကသာ ဟန်၏ဝူက တိအန်းကို ဖွင့်လှစ်ခြင်းဆိုသော အမိန့်ကျောက်တိုင်က မည်မျှမုန်းတီးမှုကို သယ်ဆောင်လာကြောင်း ခံစားနိုင်ကြသည်။

“ဟား ဟား ပြောင်မြောက်တဲ့ ရိုက်ချက်ပဲ။ ဗိုလ်ချုပ် ဟန်တွေက မာန်ရှဲ့ကျောင်းရဲ့ လူတွေကို ကျွန်တွေလို ဆက်ဆံခဲ့တယ်။ ဒီတော့ ခင်ဗျားဒီလို ထိုးခွဲသင့်ပါတယ်။ ဒါပေမဲ့ ငါတို့ယွီစန်းကတော့ ကွာခြားတယ်။ ယွီစန်းက မာန်ရှဲ့ကျောင်းရဲ့ မဟာမိတ်ပဲ။ ဒီတော့ ငါတို့ကလည်း ထန်တွေကို အတူပေါင်းပြီး ကိုင်တွယ်ပေးမှာပါ”

သာ့လွန်ရော့ကျန်းက ဖြေးညှင်းစွာ ချဉ်းကပ်လာလျှက် ယပ်တောင်ကိုယမ်းလိုက်သည်။ သူ၏မျက်နှာတွင်လည်း ဖျော့တော့သည့် အပြုံးကရှိနေပြီး ကျော့ရှင်းကြည့်ကောင်းလွန်းသည့် အရှိန်အဝါက ထင်ရှားနေသည်။

“ဟမ့် အဲ့လိုပဲဖြစ်သင့်တယ်”

ထိုဗိုလ်ချုပ်က နှာခေါင်းရှုံ့ပြီးနောက် မြေပြင်ဘက်တွင် သွားရပ်သည်။

မဟာအမတ် သူ့ကိုအပြစ်မတင်ပါနဲ့။ ဗိုလ်ချုပ်တွေအားလုံးက လူကြမ်းတွေကြီးပဲ။ သူတို့က စကားကောင်းကောင်း မပြောတတ်ကြဘူး။

မာန်ရှဲ့ကျောင်း၏ ဧကရာဇ် ခဲ့လော့ဖုန်းက အနောက်ဘက်မှ ထွက်လာလေသည်။ သူကလည်း သူ၏ အိမ်ရှေ့စံမင်းသား ဖုန်းကျားရီ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်နှင့် ဗိုလ်ချုပ်တစ်အုပ်ကို ခေါ်လာသည်။

“ဟား ဟား ဟား အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ ငါကလည်း ဘယ်လိုမှ သဘောမထားပါဘူး”

သာ့လွန်ရော့ကျန်းက လက်ကိုယမ်းလျှက် သဘောတကျရယ်သည်။ သို့သော် သူ၏မျက်ဝန်းထဲတွင်မူ ထူးဆန်းသော အလင်းက လက်နေသည်။

“ငါတို့တိဗက်လူမျိုးတွေက အမြဲတမ်း တစ်စိတ်ထားထဲပဲ”

သူတို့နှစ်ယောက်က အချင်းချင်း ပြုံးလိုက်ပြီးနောက်တွင် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ကြသည်။ သူတို့၏အကြည့်က တောင်ပေါ်ရောက်သွားသည်။ တောင်ခြေမှ ကျန်းငါးဆယ်ခန့် မြင့်သောနေရာတွင် အလွန်မြင့်မားသော သံမဏိမြို့ရိုးကဲ့သို့ နံရံကြီးက ထင်ရှားစွာ ရှိနေသည်။

ထိုနံရံကိုအလွန်လေးလံသော သတ္တုတုံးကြီးများဖြင့် လုပ်ထားခြင်းဖြစ်သည်။ အရေအတွက်က ထောင်ကျော်သည်။ ထို့အပြင် အကန့်လိုက် အကန့်လိုက် အထပ်ထပ်ရှိနေပြီး တစ်တန်းပြီးတစ်တန်း ပြည့်နှက်နေရာ တောင်ထိပ်ထိတိုင် တက်သွားသည်။

ထိုမြို့ရိုးကဲ့သို့ ဖြစ်နေသည့် နံရံအထပ်ထပ်၏နောက်တွင် မဟာထန်၏မြင်းတပ် ထောင်ကျော်က အဆင်သင့်ပြင်ကာ ရပ်နေသည်။ သူတို့က ဆာလောင်နေသော ဝံပုလွေများလို အောက်ဘက်ရှိ မာန်ရှဲ့ယွီစန်း စစ်တပ်ကို ငုံ့ကြည့်နေကြသည်။

အ့ဟိုင်က တိုက်ပွဲက အန်းနန်အစိုးရစစ်တပ်ပေါ် တိုက်ပွဲက ပြင်းထန်သော အကျိုးသက်ရောက်မှုကို ရှိစေခဲ့ပြီး အရေအတွက် ခုနှစ်သောင်းထက်မနည်းသာ ကျန်ရစ်တော့သော်လည်း ရှင်သန်ကျန်ရစ်သည့် တစ်ယောက်ချင်းစီတိုင်းက အတွေ့အကြုံထက် ပို၍အင်အားကြီးမားလာသော လက်ရွေးစင်များ ဖြစ်သွားကြသည်။ မည်သူမှ အားမနည်းကြတော့ချေ။

အစစ်အမှန် တိုက်ခိုက်ရေး အင်အားအရဆိုရင် ထန်စစ်သားများက မာန်ရှဲ့ယွီစန်း စစ်သားများ၏ အထက်တွင်ရှိသည်။ ထိုစစ်သားတိုင်း၏ အရည်အသွေးကလည်း တိဗက်လူမျိုးများက ယှဉ်နိုင်သောအဆင့် မဟုတ်ချေ။

ဒါကမကောင်းဘူး။

သာ့လွန်ရော့ကျန်း၏ မျက်ခုံးက မြောက်တက်သွားသည်။ သူက စစ်အနုပညာတွင် ကျွမ်းကျင်လွန်းခြင်း မရှိသည့်တိုင်အောင် တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုထန်များ ရှိနေသော အနေအထားအရ ဒီခံတပ်က ဒုက္ခအလွန် ပေးနိုင်ကြောင်း နားလည်လိုက်သည်။ ဒါကတိဗက်လူမျိုးများကဲ့သို့ မြင်းတပ်များကိုသာ အဓိက အားထားသော လူအများအတွက် သတင်းကောင်းမဟုတ်ချေ။

သာ့လွန်ရော့ကျန်းက ရုတ်တရက် တောင်ထိပ်ထံသို့ ခေါင်းမော့ကာ စူးစိုက်ကြည့်လိုက်သည်။

“ဝမ်ရန် ရှန်ယွီကျုံ့ထုံး ထွက်လာပြီး ငါနဲ့စကားပြောစမ်း”

သာ့လွန်ရော့ကျန်း၏ စကားနောက်တွင် စက်လည်ပတ်သလို အသံများက ထွက်လာသည်။ သံမဏိ နံရံများ၏ အနောက်မှ မရေမတွက်နိုင်သော ကြီးမားသည့် ဒူးလေးကြီးများ ထွက်လာပြီးနောက်တွင် အေးစက်သော အလင်းဖြင့် တောက်ပလာတော့သည်။ အားလုံးက သာ့လွန်ရော့ကျန်းကို ချိန်ထားသည်။

“တိဗက်မဟာအမတ်ကို ကာကွယ်ကြ”

ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ မာန်ရှဲ့ကျောင်းမှ စစ်သည်ဆယ်ယောက်ကျော်က စစ်တပ်ထဲမှ ထွက်လာပြီး ကြီးမားသော ဒိုင်းကြီးများကို ယမ်းကာ သာ့လွန်ရော့ကျန်း၏ အရှေ့တွင် လျှင်မြန်စွာ ရပ်လိုက်သည်။

မာန်ရှဲ့ကျောင်း၏ ကံကြမ္မာက ယွီစန်းနှင့် ချည်နှောင်ထားသည်။ ထို့ကြောင့် ခဲ့လော့ဖုန်းကလည်း ယွီစန်းမှ အရေးကြီးသော ပုဂ္ဂိုလ်များကို မည်သည့်နည်းနှင့်မဆို ကာကွယ်ရမည်ဖြစ်ကြောင်း အမိန့်ပေးထားပြီးသားဖြစ်သည်။

“တော်လောက်ပြီ”

သာ့လွန်ရော့ကျန်းက လက်ယမ်းပြသည်။ သို့သော်သူက စကားထပ်ပြောတော့မည့် အချိန်တွင် တောင်ထိပ်ပေါ်မှ အသံထွက်လာသည်။

“သာ့လွန်ရော့ကျန်း ဒုက္ခရှာနေဖို့မလိုဘူး။ ဒီတိုင်း မင်းပြောချင်တာကိုပြောလိုက်။ ငါတို့ဒီက နားထောင်လို့ရတယ်”

အဝေးမှ ရှန်ယွီကျုံ့ထုံး၏ အင်အားအပြည့်ပါပြီး ခက်ထန်သောအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

တောင်ထိပ်မှတပ်ဖွဲ့က ဘေးဘက်သို့ လူစုခွဲလိုက်ပြီးနောက်တွင် အရှိန်အဝါမြင့်မားသော ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်သည့် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ထွက်လာသည်။

လေပြင်းများက တိုက်ခတ်လာသည့် အနောက်တွင် မဟာထန်၏ ဗိုလ်ချုပ်နှစ်ယောက်က တိုက်ပွဲအတွက် အားအင်အပြည့် ဖြစ်နေကြပြီဖြစ်သည်။ တောင်ထိပ်ပေါ်တွင် ရပ်နေရင်းမှ သူတို့၏ မိုးထိုးမတက် ပုံရိပ်ကြီးမားက နတ်ဘုရားများက လူအများ ရိုသေလေးစားစေရန် အရိပ်အယောင် ပြသလိုမျိုး ထင်ရသည်။

“ဟား ဟား ဟား အစ်ကိုဝမ် အစ်ကိုရှန်ယွီ ကျွန်တော်တို့ တွေ့ကြပြန်ပြီနော်။ နှစ်ယောက်လုံးက တကယ်ကို ပြောင်မြောက်ပြီး မြို့ရိုးကို တည်ထောင်နိုင်စွမ်းရည် မြင့်မားကြပါပေတယ်။ ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒါကမနေ့ညက ကျွန်တော်တို့ကို ရှုံးနိမ့်အောင် လုပ်သွားတဲ့ ညီငယ်လေးဝမ်ချောင်ရဲ့ ပြောင်မြောက်တဲ့လက်ရာ ဖြစ်လောက်တယ်မဟုတ်လား”

“သူတို့ကပြောကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ဘဲ အချင်းချင်း မသိနိုင်ဘူးတဲ့။ ဒါပေမဲ့ မတိုက်ခိုက်ခင်ကတည်းက ကျွန်တော်က အစ်ကိုတို့ရဲ့ အဲ့ဒီညီငယ်လေးက ကျွန်တော်တို့ကို နှစ်ကြိမ်တောင် ရှုံးအောင်လုပ်လိုက်တယ်ဆိုတာကို သိနေလိုက်ပြီ”

သာ့လွန်ရော့ကျန်း၏ နောက်ဆုံးစကားတွင် ထူးဆန်းသော အလင်းရောင်က သူ၏မျက်ဝန်းအတွင်း လက်သွားသည်။ သာ့လွန်ရော့ကျန်း၏ အနောက်တွင် ရှိနေသော ကျောင်းစစ်လော့၊ ဖုန်းကျားရီ၊ သွမ့်ခဲ့ချွမ်နှင့် ခဲ့လော့ဖုန်းတို့ အားလုံးကလည်း စတင်ကာ မော့ကြည့်ကြသည်။ စစ်သည်ငါးသိန်းက ချက်ချင်း ငြိမ်သက်သွားတော့သည်။

ဝမ်ချောင်၏ နောက်ခံကို အတည်ပြုထားပြီးသား ဖြစ်သည့်တိုင်အောင် ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့က ယခင်ထက်ပိုပြီး သူ့ကိုနားမလည်တော့သလို ဖြစ်သွားသည်။ ရှင်းပြ၍ မရနိုင်လောက်အောင် ထိုနှစ်ယောက်လုံးက ဝမ်ချောင်အပေါ် ပုံမှန်မဟုတ်သော ခံစားချက်မျိုး ရှိနေကြသည်။

ဒီလူတွေက...

တောင်ထပ်ပေါ်တွင်ရှိသော ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ စိတ်က သာ့လွန်ရော့ကျန်း၏ စကားကြောင့် ဝရုန်းသုန်းကား ဖြစ်သွားသည်။ ယွီစန်းမာန်ရှဲ့ကျောင်းအနေနှင့် ဝမ်ချောင်၏ တည်ရှိမှုကို သိရန်မခက်ခဲချေ။ မည်သို့ပင်ဆိုစေ သူတို့မနေ့ညက တိုက်ခိုက်ခဲ့ပြီးသားဖြစ်သည်။ သူတို့အတွက် တစ်ဖက်သူက နာမည်ကိုသိနေပြီး နောက်ခံကို သိနေခြင်းကသာ မှင်သက်စေခြင်းဖြစ်သည်။

ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ နောက်တွင်ရပ်နေသော ဝမ်ချောင်ကပင် အနည်းငယ် ကြောင်သွားသည်။

ငါ့ကိုဒီလောက်မြန်မြန် သိသွားကြမယ်လို့ မထင်ထားဘူး။

ဝမ်ချောင်က အသက်ပြင်းပြင်း ရှုပြီးနောက်တွင် တောင်ခြေတွင်ရှိသော ပုံရိပ်တစ်ခုကိုကြည့်ကာ အသိအမှတ် ပြုလိုက်သည်။

ဒီလူက ကိုင်တွယ်ရ ခက်တယ်ဆိုတာကို ငါသိထားတယ်။ ဒါပေမဲ့ ငါထင်ထားတာထက် ပိုဆိုးနေမယ်လို့ မမျှော်လင့်ထားဘူး။

မည်သည့်မျိုးဆက်တွင်မဆို သာ့လွန်ရော့ကျန်းက အလွန်အမင်း ကိုင်တွယ်ရ ခက်လွန်းသူဖြစ်သည်။ ဝမ်ချောင်က ယခင်က သာ့လွန်ရော့ကျန်းနှင့် တစ်ကြိမ်သော်မျှ ထိတွေ့ဆက်ဆံခဲ့ဖူးခြင်း မရှိခဲ့ချေ။

ဒီလူကငါ့ကိုအရင်က မမြင်ဖူးပါဘူး။ ဒါပေမဲ့ စကားတစ်ခွန်းထဲနဲ့ ငါ့ကိုနောက်ခံကို တန်းပြောနိုင်တယ်။ ဒီတော့ တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ဖြစ်နိုင်မယ်ဆိုရင် ငါသူ့ကိုအမြန်ဆုံး သတ်ဖို့လိုတယ်။ မဟုတ်ရင် သူကမဟာထန်ရဲ့ အင်အားကြီးတဲ့ ရန်သူဖြစ်သွားလိမ့်မယ်။

“အဖေ အရှင်ရှန်ယွီကျုံ့ထုံး သာ့လွန်ရော့ကျန်းက သူခန့်မှန်းတာ မှန်မမှန် သိချင်နေတဲ့ပုံပဲ။ အဆင်ပြေပါတယ်။ သူက ကျွန်တော်ကို ဘာမှမလုပ်နိုင်ပါဘူး။ ဒီတော့ သူပြောချင်တာကို ပြောခိုင်းပြီး စောင့်ကြည့်ရအောင်”

ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။

သူတို့၏မတူသော ရပ်တည်မှုများကြောင့် ဝမ်ချောင်ကလည်း ယွီစန်း၏ မဟာအမတ်က အနောက်တောင်ပိုင်း စစ်ပွဲကို လက်ဗလာထဲနှင့် မည်သို့ပြောင်းလဲမည်ဖြစ်ကြောင်း သိချင်စိတ် ပြင်းပြမိလေသည်။

ဗိုလ်ချုပ်တစ်ယောက်၏ ဘက်ထောင့်မှ ပြောရမည်ဆိုလျှင်ပင် ထိုသို့သော ရန်သူများနှင့် တိုက်ခိုက်ပြီး သေရခြင်းက ကြီးမြတ်သော သိက္ခာကို ရရှိစေသည်။

ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း ရှန်ယွီ၏အတွေးကို မသိနိုင်ကြချေ။ သို့သော်သူတို့က မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ တောင်ခြေမှ ဗိုလ်ချုပ်များကို ငုံ့ကြည့်လိုက်ပြီးနောက်တွင် သူတို့၏ တိုက်ခိုက်လိုစိတ်က ပြင်းထန်လာသည်။

“မဟာအမတ် မင်းပြောချင်တာပြောပါ။ ငါ့ရဲ့ဒီ နိမ့်ကျတဲ့သားငယ်က မဟာအမတ်မင်းရဲ့ ချီးကျူးမှုကို ခံရဖို့အတွက်ကတော့ မခံယူဝံ့ပါဘူး”

ဝမ်ရန်က ရုတ်တရက်ပြောလိုက်သည်။

သူ၏အသံက ကြီးမားသော ခေါင်းလောင်းကြီးတစ်လုံးလို ကျယ်လောင်ကာ ပဲ့တင်ထပ်သွားသည်။

တောင်ခြေမှ မာန်ရှဲ့ယွီစန်း၏ မျက်လုံးတိုင်းက တောက်ပသွားတော့သည်။ ဝမ်ရန်၏စကားက သာ့လွန်ရော့ကျန်း၏ စွမ်းရည်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။

“ဟား ဟား ဟား အစ်ကိုဝမ် အစ်ကိုဝမ်က တကယ်ကို တည့်တိုးသမားပဲ။ မဟာထန်ရဲ့ တော်ဝင်ခုံရုံးက တပ်ကူတွေ မစေလွှတ်နိုင်တော့ဘူး။ ဒီတော့ အစ်ကိုတို့လက်ထဲမှာ ရှိထားတဲ့ အင်အားစုက ကျွန်တော်တို့ကို မယှဉ်နိုင်တာ သေချာနေပြီပဲ။ ဒီလိုဆိုမှတော့ ဘာလို့ အညံ့မခံလိုက်ကြတာလဲ။ ကျွန်တော်တို့က အစ်ကိုတို့ကို ရှင်သန်ဖို့ အခွင့်အရေး ပေးမှာပါ”

သာ့လွန်ရော့ကျန်းက ယပ်တောင်ကိုယမ်းလျှက် ဖျော့တော့စွာပြုံးကာ တောင်ပေါ်သို့ မော့ကြည့်သည်။

အခန်း(၅၆၂)

သာ့လွန်ရော့ကျန်း၏ စကားက ဝမ်ရန်ကို မျက်မှောင်သာ ကျုံ့သွားစေသည်။ သို့သော် သူ၏အနောက်တွင်ရှိသော ဝမ်ချောင်ကမူ ကျောစိမ့်သွားသည်။ ဒီသာ့လွန်ရော့ကျန်းက တကယ်ကို ရက်စက်တာပဲ။

ဒီလိုအခြေအနေမှာ မဟာထန်၊ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့က နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ ဒါကို သူ့လိုလူမျိုးက အနားလည်ဆုံးဖြစ်သင့်တယ်။ အဖေနဲ့ ရှန်ယွီကျုံ့ထုံးတို့က သူ့ရဲ့ကမ်းလှမ်းချက်ကို သဘောတူတာ မတူတာက အရေးမကြီးဘူး။ သူ့ရဲ့ပန်းတိုင်က စစ်တပ်ရဲ့ တိုက်ခိုက်လိုစိတ်ကို နိမ့်ကျအောင် စိတ်ရှုပ်ထွေးအောင် လုပ်ချင်တာပဲ။

ဝမ်ချောင်က သူ၏တပ်ဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ယခင်က စုစည်းမှု၊ စည်းလုံးမှုအပြည့်ဖြင့် ရှိနေသော စစ်တပ်က အနည်းငယ်သော အပြောင်းအလဲ ဖြစ်သွားကြောင်းကို သူကမြင်လိုက်ရသည်။ သူတို့ကို အားနည်းသည်ဟု ဖော်ပြ၍မရသော်လည်း သေချာစွာပင် အညံ့မခံမည်မှာ သိသာနေသည့်တိုင်အောင် သံသယဝင်ရန် မလိုလောက်အောင် သူတို့၏မြင့်မားသော တိုက်ခိုက်လိုစိတ်က အနည်းငယ် လျော့ကျသွားကြသည်။

အမျိုးသားများ၏ စိတ်အခြေအနေက အထိမခံနိုင်သော ပစ္စည်းတစ်ခုနှင့်တူသည်။ မည်သို့သော အခြေအနေတွင် ဖြစ်စေကာမူ သေးငယ်သော မျှော်လင့်ချက်သာမရှိလျှင် လုံးဝ လက်လျော့လိမ့်မည် မဟုတ်ချေ။ ထိုမျှော်လင့်ချက်က အစစ်အမှန် မတည်ရှိလျှင်ပင် သူတို့က လက်လျော့လိမ့်မည် မဟုတ်ချေ။ ဒါက သတိလက်လွတ် ဖြစ်တတ်သော အလေ့အကျင့်လည်းဖြစ်သည်။ အလိုအလျောက် တုန့်ပြန်မှုဟု ဆို၍ရသည်။ ဝမ်ချောင်က သက်ပြင်းသာ ချလိုက်မိသည်။

ဉာဏ်ပညာ မြင့်မားလွန်းသော လူတစ်ယောက်က လူသားများ၏ နှလုံးသားကို စကားများသုံးကာ လှုပ်ရှားအောင် လုပ်နိုင်သည်။ ဉာဏ်အလွန်ကောင်းလွန်းသော လူတစ်ယောက်ကမူ စကားတစ်ခွန်းထဲနှင့် ထိုသို့ပြောင်းလဲနိုင်စွမ်း ရှိခြင်းဖြစ်သည်။ သူတို့၏ ပန်းတိုင်က ပြည့်သွားလေပြီ။ ဝမ်ချောင်၏ နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်ပေါ် အမြင်က ထိုသို့ဖြစ်သွားသည်။

ဒီတွေ့ဆုံမှု တစ်ခုထဲနှင့်တင် ဝမ်ချောင်က သာ့လွန်ရော့ကျန်းက သူထင်ထားသည်ထက် ကိုင်တွယ်ရ ပိုခက်ကြောင်း သိလိုက်ရသည်။

လေးလံသောဓားတွင် အစွန်းမရှိချေ။ မဟာစွမ်းရည်ကလည်း ရိုးရှင်းမှုအပေါ် မူတည်နေသည်။ သာ့လွန်ရော့ကျန်းကဲ့သို့သော လူမျိုးက လှုပ်ရှားမှုတိုင်းတွင် ရည်ရွယ်ချက် ရှိပြီးသားဖြစ်သည်။ ရိုးရှင်းသော စကားလုံး အနည်းငယ်ထဲနှင့်တင် စစ်တပ်၏ တိုက်ခိုက်လိုစိတ်ကို ထိုးနှက်ချက်ကြီးဖြစ်အောင် လုပ်လိုက်နိုင်သည်။ ထိုလူကသာ မသေလျှင် သူဟာ မဟာထန်အတွက် ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

သူ၏ဖခင်၏ စရိုက်အရ သာ့လွန်ရော့ကျန်းလို ပါးစပ်မျိုး ရှိသောသူနှင့် တိုက်ခိုက်ရန် မသင့်လျော်ချေ။ ဝမ်ချောင်၏မျက်လုံးက ချက်ချင်းလိုလို ရှန်ယွီကျုံ့ထုံးထံ ရောက်သွားသည်။

“အရှင်”

ဝမ်ချောင်က ခြေလှမ်းအနည်းငယ် ရှေ့လှမ်းပြီးနောက် စကားစပြောတော့သည်။

“ဟား ဟား ဟား ရှေးခေတ်အချိန်ကတည်းက ရှုံးသွားတဲ့ ဗိုလ်ချုပ်က အနိုင်ရသွားတဲ့ ဗိုလ်ချုပ်ဆီမှာ အမြဲတစေ အညံ့ခံတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အနိုင်ရတဲ့ဗိုလ်ချုပ်တစ်ယောက်က ရှုံးတော့မဲ့ ဗိုလ်ချုပ်တစ်ယောက်ဆီမှာ အညံ့ခံတယ်လို့ ငါမကြားဖူးသလိုပဲ။ ယွီစန်းကအမြဲတမ်း ကျုံးဝါးနေခဲ့ကြတယ်။ သူတို့က ပြိုင်ဘက်ကင်းပြီး တစ်လောကလုံးကိုတောင် ငုံ့ကြည့်နိုင်တယ်ဆိုပဲ။ ဒါပေမဲ့ အားသာတဲ့ အခြေအနေမျိုးမှာတောင်မှ ယွီစန်းက ငါတို့ကို ယှဉ်နိုင်ခဲ့လို့လား။ သူတို့က စစ်သည်ငါးသောင်းတောင် ရှုံးသွားတယ်။ ဒီလိုစစ်တပ်မျိုးကို ဘယ်သူက အညံ့ခံရမှာလဲ။ သာ့လွန်ရော့ကျန်း မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ မဟုတ်လား”

“မနေ့ကငါးသောင်း မင်းတို့ဒီနေ့ ဘယ်လောက် ထပ်ရှုံးမယ်လို့ထင်လဲ”

ရှန်ယွီကျုံ့ထုံး၏ ကျယ်လောင်သော ရယ်သံက ကောင်းကင်ထိတောင် ဟိန်းထွက်သွားသည်။

“မျိုးမစစ်ကောင်”

သာ့လွန်ရော့ကျန်းက ဘာစကားမှမဆိုချေ။ သို့သော် ကျောင်းစစ်လော့၊ ဖုန်းကျားရီ၊ လုံချင်ပါ့တို့ အားလုံးက ဒေါသကြောင့် မျက်နှာများက ခရမ်းရောင်ပင် သမ်းသွားကြသည်။ ရှန်ယွီကျုံ့ထုံး၏ စကားက မနေ့ညက သူတို့၏ အရှုံးကို ထပ်ပြောနေခြင်းဖြစ်သည်။

“သူ့ကိုဂရုစိုက်မနေနဲ့ သူက မင်းတို့အားလုံးကို ဒေါသထွက်အောင် တမင်လုပ်နေတာ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်”

သာ့လွန်ရော့ကျန်းက ချက်ချင်း သတိပေးသည်။

ထိုသို့သတိပေးလိုက်သည့် စကားက နှေးကွေးလွန်းသည်။ မသိလိုက် မသိဘာသာဖြင့် အားလုံးက အသံကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူတို့၏ တပ်ဖွဲ့မှ လူများ၏ တိုက်ခိုက်လိုစိတ်ကို သက်ရောက်ခံလိုက်ရကြောင်း သိလိုက်ရသည်။

“ဒါက...”

အချိန်တစ်ခု ကြာသည်အထိ အားလုံးက စွံ့အသွားကြသည်။ ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်သော အမျိုးအစား ဖြစ်လေသည်။

“ဟမ့်”

သာ့လွန်ရော့ကျန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက်တွင် ခေါင်းကိုမော့ကာ တောင်ထိပ်သို့ ပြန်ကြည့်သည်။

“ရှန်ယွီကျုံ့ထုံး အန်းနန်အစိုးရစစ်တပ်ရဲ့ မဟာကာကွယ်ရေး ဗိုလ်ချုပ် မင်းဆက်ဖြစ်နေသေးတာက ကောင်းတာလား ဆိုးတာလားပဲ။ မင်းဘယ်အချိန်ကများ အခြားလူရဲ့ ကိုယ်စား စကားတစ်ဆင့် ပြောပေးရတဲ့လူ ဖြစ်သွားတာလဲ။ မင်းအနေနဲ့ မင်းရဲ့နောက်က အဲ့ဒီကောင်စုတ်လေး ဝမ်ချောင်ကိုပဲ ရှေ့ထွက်ခိုင်းလိုက်သင့်တယ်”

ဝမ်ချောင်နှင့် ရှန်ယွီကျုံ့ထုံးတို့ နှစ်ယောက်လုံး၏ နှလုံးသားက အေးစက်သွားသလို ခံစားလိုက်ရသည်။ သာ့လွန်ရော့ကျန်း၏ အမြင်က စူးရှလွန်းသည်။ တစ်ချက်ကြည့်ရုံနှင့်တင် သူက အမှန်ကိုသိသည်။

“ဟမ့် သာ့လွန်ရော့ကျန်း ငါတို့နှစ်ယောက်လုံး စကားလုံး လှည့်ကွက်တွေနဲ့ ဆက်ကစားမနေတော့ဘူး။ မင်းက တကယ်ပဲ မင်းရဲ့ပါးစပ်ကို မှီခိုပြီး တိုက်ခိုက်တော့မလို့လား။ မင်းမှာ လုပ်နိုင်စွမ်းရည်ရှိရင် တိုက်ပွဲမှာပဲ သက်သေပြလိုက်စမ်းပါ”

ဝမ်ချောင်က ဒီတစ်ကြိမ်တွင် ရှန်ယွီကျုံ့ထုံးကို ကိုယ်စားပြောခိုင်းစရာ မလိုဘဲ အေးစက်စွာသာ ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် သာ့လွန်ရော့ကျန်းက အကြည့်ကို ရှောင်ပြီးနောက်တွင် အနောက်ကို ပြန်ဆုတ်သွားသည်။

“ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒအတိုင်း ငါဖြစ်ခွင့်ပေးလိုက်မယ်”

“ဘယ်လိုလဲ”

ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်းနှင့် ခဲ့လော့ဖုန်းတို့က သာ့လွန်ရော့ကျန်း၏ အနားသို့ ရောက်လာသည်။

“ဒီကောင်စုတ်လေးက ငါထင်ထားတာထက် ကိုင်တွယ်ဖို့ခက်တယ်။ ပိုပြီးသတိထားကြပါ။ ရှန်ယွီကျုံ့ထုံးလို လူကတောင် သူ့ရဲ့အရှေ့မှာ အရမ်းကို နာခံနေတာက ငါမမျှော်လင့်ထားတဲ့ ကိစ္စပဲ။ ဒီလောက် အချိန်တိုအတွင်းမှာ ဒီလောက် ပြောင်းလဲသွားပုံအရဆိုရင် ဒီကလေးက စစ်တပ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ။ ဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံးတို့က သူ့ရဲ့လက်အောက်ငယ်သား အဖြစ်ပဲ နေချင်တော့တဲ့ပုံပဲ။ ဒါကတကယ့်ကို သတင်းဆိုးပဲ”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောလိုက်သည်။

သူ၏မူလရည်ရွယ်ချက်က ဝမ်ချောင်ကိုကြည့်ပြီး တစ်ဖက်သူ၏ အခြေအနေကို စမ်းသပ်ကြည့်ရန်ဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ဝမ်ချောင်က လူလုံးထွက်မပြလာခဲ့ချေ။ သို့သော် သာ့လွန်ရော့ကျန်းကမူ ဒီအခြေအနေကိုလည်း ဘာမှမတက်နိုင်တော့ချေ။

သူ့အနေနှင့် ဝမ်ချောင်၏ နောက်ခံကို သိထားပြီး လူကိုယ်တိုင် မမြင်နိုင်သေးသော်လည်း ဝမ်ချောင်ကို အပြင်ကို ထွက်လာအောင် မလုပ်နိုင်သည့်အပြင် သူ၏စရိုက်နှင့် သူ၏တွေးတောသည့် အနေအထားမျိုးကို ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်သေးချေ။

“မင်းတို့အားလုံး သတိထားကြပါ။ ဒီကလေးက ကိုင်တွယ်ရ အရမ်းခက်တယ်”

“မဟာအမတ်က သူ့ကိုအထင်ကြီးလွန်းနေတာ မဟုတ်လား”

ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့သည်။ ဝမ်ချောင်က သာမာန်ဆယ်ကျော်သက်များနှင့် ကွာခြားကြောင်း သူကလည်း ဝန်ခံသည်။ မည်သို့ပင်ဆိုစေ မည်သည့်ဆယ်ကျော်သက်ကမှ တိဗက်မြင်းတပ်ကို ဒီလိုအရှုံး မပေးခဲ့ဖူးချေ။

သို့သော် ထိုမျှအလားအလာကောင်းသော ဆယ်ကျော်သက်တစ်ယောက်က ဆယ်ကျော်သက်သာ ဖြစ်နေသေးသည်။ သူက အမွေအနှစ်လား ကျမ်းစာလား တစ်ခုခု ရကောင်းရထားနိုင်သည်။ သို့သော်သူက ဆယ်ကျော်သက် ဆက်ဖြစ်နေသေးသည်။ ခဲ့လော့ဖုန်းကမူ သာ့လွန်ရော့ကျန်းက တစ်ဖက်ဆယ်ကျော်သက်ကို အလွန်အထင်ကြီးလွန်းနေသည်ဟုသာ ခံစားရသည်။

“ဟမ့် ငါသူ့ကို အထင်ကြီးတာ ဖြစ်ဖို့ပဲ ငါလည်းမျှော်လင့်တာပါပဲ။ ဒါပေမဲ့ သူကတကယ် ဘယ်လိုပုံစံလည်းဆိုတော့ ငါတို့သိပ်မကြာခင် သိရတော့မှာပါ”

သာ့လွန်ရော့ကျန်းက ထိုသို့ပြောပြီး ထွက်ခွာသွားသည်။

ဟမ် မင်းအမြဲတမ်း ပုန်းနေနိုင်မယ်လို့ ငါမယုံဘူး။

သာ့လွန်ရော့ကျန်းက လူအုပ်ထဲတွင် လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။ နောက်ပိုင်းကိစ္စက သူနှင့် မသက်ဆိုင်တော့ချေ။ ယခုက ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့လို ဗိုလ်ချုပ်ကသာ ရှေ့ထွက်ရမည့် အဆင့်ဖြစ်သည်။

“အခုဘာလို့ မင်းရှေ့မထွက်ခဲ့တာလဲ”

တစ်ချိန်ထဲတွင် တောင်ထိပ်ပေါ်တွင်ရှိသော ရှန်ယွီကျုံ့ထုံးကလည်း ဝမ်ချောင်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်ပြီးမေးသည်။ သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်ကို တွေ့ချင်ကြောင်း ကိုယ်တိုင်ကိုယ်ကျပင် နာမည်တပ် ပြောခဲ့သည်။ သို့သော် ဝမ်ချောင်က ဆက်ပုန်းရန် ရွေးချယ်ခဲ့သည်။

ရှန်ယွီကျုံ့ထုံးအနေနှင့် ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို ထွက်တွေ့သင့်သည်ဟု မထင်သော်လည်း ဝမ်ချောင် ထိုသို့ထွက်မတွေ့ခြင်းက ရည်ရွယ်ချက်ရှိမည်ဟု ခံစားနေရသည်။ ရှန်ယွီကျုံ့ထုံး၏ နေရာမှပင် သူဒါကို မမြင်နိုင်ချေ။

“မဟုတ်ဘူး”

မာန်ရှဲ့ယွီစန်း စစ်တပ်ရှိသော နေရာဘက်မှ မမြင်နိုင်သော နေရာတွင်ရှိနေသည့် ဝမ်ချောင်က ခေါင်းကိုခါသည်။ သူ၏မျက်နှာတွင် သတိအလွန်ထားသော အမူအရာမျိုးက ဖြစ်နေသည်။

“သာ့လွန်ရော့ကျန်းက တကယ်ကို အလားအလာ အရမ်းကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ရုပ်ရည်က ဘာကိုမှ မမြင်နိုင်ဘူးဆိုပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတိုင်းက အဓိပ္ပာယ်အပြည့်ရှိတယ်။ သာ့လွန်ရော့ကျန်းကလည်း ဒီစစ်တပ် တစ်ခုလုံးကို သူ့ရဲ့လက်ခုံလို နားလည်ထားတယ်။ အဖေနဲ့ အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်အကြောင်းကိုလည်း သူကောင်းကောင်း သိထားတယ်။ ဒီလိုအားလုံး သိထားတာက အရှင်တို့အားလုံးရဲ့ အမူအကျင့် အတွေးအခေါ် ပုံစံတွေအားလုံးကို နားလည်ထားလို့ပဲ”

“စစ်အနုပညာက ပြောကောင်းတယ်။ ဒါပေမဲ့ တကယ့်အဓိပ္ပာယ်က ကိုယ့်ကိုယ်ကို နားလည်ဖို့နဲ့ ရန်သူကို ကောင်းကောင်း နားလည်ဖို့ပဲ။ ဒီလိုဆိုရင် ဘယ်ကောင်မှ မရှုံးနိုင်တော့ဘူး။ ဒီစစ်တပ်တစ်ခုလုံးမှာ သာ့လွန်ရော့ကျန်း နားမလည်ဆုံးက ကျွန်တော်ပဲ။ သူကျွန်တော့ကို မသိလေလေ သူပိုပြီး သတိထားလေလေ ပိုမရင်းရဲလေလေ ဖြစ်သွားလိမ့်မယ်။ ဒီနည်းနဲ့မှပဲ အရှင်တို့အနေနဲ့ ဟော်ရှု့ဟွေ့ခမ်းကို ကိုင်တွယ်ချိန် ရလိမ့်မယ်။ ဒါပေမဲ့ သူက ကျွန်တော့ကိုသာ သူ့ရဲ့လက်ခုံလို သိသွားရင် ကိစ္စတွေက ကွာခြားသွားပြီ။ မမေ့နဲ့ ယွီချီကယ် သူတို့ကအမြဲတမ်း အောင်မြင်အောင် အချင်းချင်း ကူညီပေးနေကြတာ။ ဒါက မဟာထန်ကို ဘေးဘက်က ဝိုင်းထားတဲ့ နံရံနှစ်ချပ်လိုပဲ”

“ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သတိကြီးတာက မဖြစ်သင့်တာတော့ မဟုတ်ဘူး”

ဝမ်ချောင်က ဖော်ပြရန် ခက်ခဲသော မျက်နှာထားမျိုးဖြင့် ပြောသည်။

ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က မမြင်နိုင်သော်လည်း ဝမ်ချောင်က ဒီတိုက်ပွဲကို ခန့်မှန်းနိုင်သည်။ သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်း သို့မဟုတ် သွမ့်ခဲ့ချွမ်တို့ထက် ပိုကိုင်တွယ်ရ ခက်ခဲသော ရန်စွယ်ဖြစ်သည်။ ယွီစန်းမဟာအမတ်ကို သူနားလည်ထားသည့် အတိုင်းဆိုလျှင် သူသတိကြီးကြီး ပိုထားသင့်သည်။

“အဖေ အရှင်ရှန်ယွီ တိဗက်တွေနဲ့ မာန်ရှဲ့ကျောင်းရဲ့ စစ်သားတွေက တိုက်ခိုက်တော့မယ်။ ကျွန်တော် ဒီကိစ္စကိုတော့ အဖေနဲ့ အရှင်တို့နဲ့ပဲ လွှတ်ထားလိုက်တော့မယ်”

ဝမ်ချောင်ကပြောသည်။

“အင်း”

ဝမ်ချောင်က ထိုသို့ပြောလာသည့်အခါ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က စတင်ကာ အာရုံစိုက်လိုက်ကြသည်။ သာ့လွန်ရော့ကျန်းက အညံ့ခံရန် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်သွားသော်လည်း သူက အစစ်အမှန် ပြိုင်ဘက်ဟု ဆို၍မရချေ။ စစ်သည်တော် သိန်းကျော်နှင့် ပြည်သူတစ်သန်း၏ အသက်က ဒီတိုက်ပွဲပေါ် မူတည်နေသည်။

“ငါအောက်ဆင်းတော့မယ်”

ချက်ချင်းလိုလို ရှန်ယွီကျုံ့ထုံးက တောင်အောက်သို့ဆင်းသည်။

သူ၏ဗျူဟာနှင့် နည်းပရိယာယ်များက စစ်သေနာပတိချုပ်ဖြစ်ရန် မသင့်လျော်သော်လည်း သူက ဗိုလ်ချုပ်ဖြစ်ရန် အရည်အချင်း ပြည့်မှီသည်ထက် ပိုသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က သုံးထားသော ထိုသတ္တုထုံးများက အပြည့်အဝ ခုခံကာကွယ်ရန် အဆင်သင့် ဖြစ်နေလေရာ မြင့်မားသော တောင်တန်းလို မြို့ရိုးနံရံများအလား ဖြစ်နေသည်။ ထို့ကြောင့် ဒါက ရှန်ယွီကျုံ့ထုံး ကျွမ်းကျင်သော ခုခံရေးအတွက် ပို၍ပြောင်မြောက်သွားစေသည်။

အန်းနန်အစိုးရစစ်တပ်ကို နားလည်ထားသည့် အတိုင်းဆိုလျှင် မည်သူကမှ ရှန်ယွီကျုံ့ထုံးကို မယှဉ်နိုင်ချေ။ အ့ဟိုင်၏တိုက်ပွဲတွင် ရှန်ယွီကျုံ့ထုံးကသာ မြို့မှခုခံရန် မထွက်ခွာခဲ့လျှင် သူကထိုနေရာတွင်လည်း ကောင်းကောင်း ခုခံနိုင်ခဲ့လောက်သည်။ သူကျရှုံးခဲ့သည်က သူ၏မသင့်လျော်သော စွမ်းရည်ကြောင့်ဆိုလျှင် ခဲ့လော့ဖုန်းကလည်း ဆုံးရှုံးမှု ကြီးကြီးမားမားကို ပိုင်ဆိုင်ခဲ့ရလိမ့်မည် မဟုတ်ချေ။

ထိုနေရာက ထွက်ခွာလာပြီးနောက် ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်ရှိရာ အနောက်မြောက်ပိုင်းသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ ရှန်ယွီကျုံ့ထုံးက ထွက်သွားသောအခါ ဝမ်ရန်နှင့် သူ့သားကသာ တောင်ထိပ်တွင် ကျန်တော့သည်။

“ချောင်အာ သားဒီနေရာမှာ ပေါ်လာဖို့ အဖေမမျှော်လင့်ထားပေမဲ့လည်း အဖေတို့ ဝမ်ကလန်မှာ ဗိုလ်ချုပ်တွေ အမတ်တွေ ရှိပါသေးတယ်။ ဗိုလ်ချုပ်တစ်ယောက်နဲ့ အမတ်တစ်ယောက်ပဲဖြစ်ဖြစ် အဖေတို့ရဲ့ တာဝန်က အင်ပါယာအပေါ် မြုပ်နှံထားဖို့ပဲ။ ဒါကမဟာထန်ပဲ။ သားရဲ့စစ်အနုပညာအပေါ် ပါရမီနဲ့ဆိုရင် မဖြုန်းတီးပါနဲ့။ အဖေသားကို အမြဲတမ်း ယုံကြည်ထားမယ်”

ဝမ်ရန်က ဝမ်ချောင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် ခံစားချက်များက ရှုပ်ထွေးနေသည်။ သို့သော် မျှော်လင့်ချက်က ပိုသည်။

အနောက်တောင်ပိုင်း၏ စစ်ပွဲက ဒီအဆင့်ထိ ရောက်ရှိနေပြီးလေရာ ဝမ်ချောင်၏ လုပ်ဆောင်မှုကို လူတိုင်းက မျှော်လင့်နေကြသည်။ အနည်းဆုံး ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က သူ့ထံအရှုံးပေးထားပြီးသားဖြစ်သည်။

“ဟုတ်ကဲ့ပါအဖေ”

ဝမ်ချောင်က လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏နှလုံးသားကလည်း လှုပ်ရှားသွားရသည်။

သူတစ်ချိန်ကလည်း သူ၏ဖခင်ဖြစ်သူနှင့်အတူ တိုက်ခိုက်ရန် အိမ်မက် မက်ခဲ့ဖူးသည်။ သို့သော် ဒါက ဘယ်တော့မှ မပြည့်မှီသော အိမ်မက်သာ ဖြစ်ခဲ့ရသည်။ သူ၏ဖခင်က အမြဲတစေ သူ့ကိုစစ်တပ်သို့ဝင်ရန် တွန်းအားပေးခဲ့သော်လည်း သူ၏တင်းကြပ်သော စရိုက်အရ သားဖြစ်သူကို သူနှင့်အတူ ရှေ့တန်းသို့ မဝင်စေခဲ့ချေ။

ဖခင်ဖြစ်သူ၏ သဘာဝကိုသိနေသော သူ့အတွက် ထိုသို့သော စကားများကိုပြောရန် မည်မျှခက်ခဲမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ဝမ်ရန်က ထိုသို့ပြောပြီးနောက် လျှင်မြန်စွာ ထွက်ခွာသွားသည်။

ရှန်ယွီကျုံ့ထုံးကဲ့သို့ ဝမ်ရန်ကိုယ်တိုင်ကလည်း စစ်တပ်ကို အမိန့်ပေးရန် ထွက်ခွာသွားခြင်းဖြစ်သည်။ စစ်သည်တော် တစ်သိန်းထဲတွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်ခြောက်သောင်းကို ဖယ်ထားလိုက်လျှင် ကျန်သောတပ်ဖွဲ့က ဝမ်ရန်၏ လက်အောက်မှဖြစ်သည်။ ဒါက တော်ဝင်ခုံရုံးမှ ပေးလိုက်သော တပ်ကူများလည်းဖြစ်သည်။ ဝမ်ရန်အနေဖြင့် အန်းနန်အစိုးရစစ်တပ်ကို နားမလည်သော်လည်း သူ၏ ကိုယ်ပိုင်စစ်တပ်ကို အမိန့်ပေးရန်အတွက်မူကား ရှန်ယွီကျုံ့ထုံးကပင် ယှဉ်နိုင်မည်မဟုတ်ချေ။ ဝမ်ချောင်ကလည်း ဒီလက်ရွေးစင် ခုခံမှုတွင် အားသာသော ဗိုလ်ချုပ်နှစ်ယောက်ကို စိတ်ရင်းဖြင့်ပင် လေးစားမိလေသည်။

ဝုန်း

ရန်သူစခန်းမှ ကျယ်လောင်သော ဗုံတီးသံများက ထွက်ပေါ်လာသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က ကြီးမားသော သားရဲကောင်ကြီးလို စတင်ရွေ့လျားချိန်တွင် ငလျှင်ကပင်လှုပ်သည်။ အင်အားကြီးမားသော သတ်ဖြတ်လိုစိတ်ကလည်း လေထုအတွင်း ပြည့်နှက်လာပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလာတော့သည်။

“ကျန်းရှို့ကျစ် အဆင်သင့်ပြင်တော့။ ဒါကနောက်ဆုံးအဆင့်ပဲ”

ထိုအချိန်တွင် တောင်ထိပ်ပေါ်တွင်ရှိသော ဝမ်ချောင်က ညာလက်ကို အောက်သို့ချလိုက်လျှက် နောက်ဆုံး အမိန့်ကိုထုတ်သည်။

“လောင်းချကြ”

တောင်ထိပ်ပေါ်တွင်ရှိနေသော လက်မှုပညာသည်ရာကျော် ဓားပန်းပဲဆရာများ အားလုံးကလည်း စတင်ပြီး သတ္တုသေတ္တာများကို ဖွင့်ကြသည်။ ထိုသေတ္တာများထဲမှ မရေမတွက်နိုင်သော သတ္တုနင်ဂျာ လက်နက်ပုံးလို အထောက်ချွန်များရှိနေပြီး တောင်တန်းတစ်လျှောက် ကျန်းနှစ်ဆယ်ဝန်းကျင် ပြည့်သွားသည်။

ထိုဆူးချွန်ကြီးများ၏ ထက်ရှသည့် ဘက်တိုင်းက အလွန်ချွန်ထက်နေပြီး အရှည်က ပေပေါင်းများစွာအထိ ရှိသည်။ အတိုဆုံးကမူ ငါးပေ ခြောက်ပေအထိ ရှိနေပြန်သည်။ အမျိုးမျိုးသော အရွယ်အစား ရှိနေလေပြီး တောင်ပေါ်မှ ပြုတ်ကျသွားသည်မှာ ထူထည်းသော ကော်ဇောကို ခင်းချလိုက်သည့်အလား တောင်ထိပ်၏ ခုခံမှု နောက်ဆုံးအဟကြားကို ဖြည့်လိုက်သည်။ တိုက်ပွဲက နောက်ဆုံးတွင် တရားဝင် စတင်လေပြီ။

အခန်း(၅၆၃)

လေပြင်းထဲတွင် မြင်းဟီသံများက ထွက်ပေါ်လာသည်။ ရှန်ယွီကျုံ့ထုံးနှင့် သာ့လွန်ရော့ကျန်းတို့၏ စကားဝိုင်း ဆုံးသွားကတည်းက တစ်တောင်လုံးကို အလွန်အမင်း တင်းကြပ်သော လေထုက ဝိုင်းသွားသလို ဖြစ်သွားသည်။

မြင်းဟီသံများ စစ်ဗုံတီးခတ်သံများ၊ ခရာမှုတ်သံများက လေထု၏ တင်းအားကို အဆုံးအစွန်အထိ ရောက်ရှိသွားလေသည်။

မာန်ရှဲ့ကျောင်း၏ စစ်သားများ၏ ဦးထုတ်အောက်မှ မျက်နှာတွင်လည်း တင်းမာနေသော မျက်နှာထားများကို မြင်နိုင်သည်။ သူတို့အားလုံးကလည်း သူတို့၏ ခံစားချက်များကို ထုတ်ဖော်သည့်အလား သူတို့ကိုင်ထားသော ဆူးချွန်များကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကြသည်။

အနီးအနားတွင် ရှိနေပြီး ခက်ထန်မှု သတ္တိကြီးလှသည်ဟု ကျော်ကြားသော တိဗက်စစ်သားများကလည်း မထူးခြားကြချေ။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် သူတို့၏ မျက်နှာတွင်လည်း မသက်မသာ ဖြစ်မှုကို မြင်နိုင်ကြသည်။

မဟာထန်ဟာ ယွီစန်းတို့အပေါ် အလွန်အမင်း အန္တရာယ် ကြီးမားစေသည်ဆိုသော ခံစားချက်မျိုးကို ချန်ထားပေးနိုင်ခဲ့သည်။ သူတို့ကလေးဘဝကတည်းက မဟာထန်စစ်သားများက တောင်ပေါ်သားများကို သတ်ဖြတ်ရန် မည်သို့လမ်းကြောင်း ဖောက်ခဲ့ကြောင်း ပုံပြင်အမျိုးမျိုးကို ကြားခဲ့ရပြီး ထိုသို့လမ်းကြောင်း ဖောက်ခဲ့ခြင်းက မဟာနှင်းတောင်တန်းမှ တော်ဝင်ဘုရားကျောင်းအထိတောင် ရောက်ခဲ့သည်ဟု ဆိုစမှတ် ရှိကြလေသည်။ သို့သော်ဒါက ကြာခဲ့ပြီဖြစ်သည်။ ဧကရာဇ်ကပင် မတူတော့ချေ။

တိဗက်လူမျိုးများကလည်း ထိုမှတ်ဉာဏ်များကို မူလက မေ့နေခဲ့ပြီးသားဖြစ်သည်။ သို့သော် မနေ့ကမူ သူတို့က မဟာထန်တို့ကို လှောင်ခဲ့ကြသေးသည်။ သို့သော် စစ်သည်ငါးသောင်း၏ သေဆုံးမှုက သူတို့၏ ယခင်ဝမ်းနည်းမှုများကို ပြန်ထောက်ပြသလို ဖြစ်သွားသည်။

မည်သူကမှလည်း အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ယွီစန်း၏ စစ်သည်ငါးသိန်းကို ရင်ဆိုင်မည်ဟု မထင်ထားသော်လည်း သံသယဝင်ရန် မလိုလောက်အောင် သူတို့က လေးစားရန် ထိုက်တန်သော ရန်သူဖြစ်နေသည်။

“လှုပ်ရှားကြ”

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်၊ ခဲ့လော့ဖုန်းဆိုသည့် မာန်ရှဲ့ယွီစန်းမှ ခေါင်းဆောင် လေးယောက်လုံးက မြင်းချင်းယှဉ်လျှက် တောင်ပေါ်သို့ မျက်နှာမူထားကြပြီး စတင်တိုက်ခိုက်ရန် အမိန့်ထုတ်လိုက်သည်။

“သတ်”

ကောင်းကင်နှင့် မြေကမာ္ဘကပင် တစ်ခါထဲလှုပ်သွားသလို ကျယ်လောင်သည့် အော်ဟစ်ကြွေးကျော်သံက ထွက်ပေါ်လာသည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သည် ထောင်ပေါင်းများစွာက ကျယ်ပြောသော ပင်လယ်ပြင်အလား မဟာထန်၏ နောက်ဆုံးသော ခံတပ်ရှိရာသို့ စတင်တက်ကြသည်။ အံ့အားသင့်စရာ ကောင်းလောက်အောင် ပထမတစ်သုတ် တိုက်ခိုက်သူများက တိဗက်မြင်းတပ်မဟုတ်ဘဲ မာန်ရှဲ့ကျောင်းမှ စစ်သားများဖြစ်သည်။

“အဆင်သင့်ပြင် ဒိုင်းသမားတွေ”

ခပ်ပြတ်ပြတ် အချက်ပြမှုနှင့်အတူ မရေမတွက်နိုင်သော ငါးကြေးခွံပေါင်းများစွာက ကောင်းကင်သို့ မြောက်တက်လာသလိုမျိုး သံမဏိဒိုင်းကြီးများက မြောက်တက်သွားသည်။ တစ်ချိန်ထဲတွင်ပင် ဒီစစ်ဒိုင်းများထံမှ ထွက်လာသော စစ်ချီစက်ကွင်း အရှိန်အဝါအလား သတ္တုချင်း ထိခတ်သံများကို ကြားရသည်။ ကြံ့ခိုင်ခြင်းချီစက်ကွင်း၊ ခုခံမှုချီစက်ကွင်း၊ သံမဏိနက်ချီစက်ကွင်း၊ သိမ်းသွင်းခြင်းချီစက်ကွင်း၊ ချီတက်ခြင်းချီစက်ကွင်း၊ တိုက်ခိုက်ခြင်းချီစက်ကွင်း စသော ချီစက်ကွင်း ထောင်ပေါင်းများစွာက ပဲ့တင်ထပ်လာသလိုမျိုး အချင်းချင်း လိမ်ယှက်ထွေးသွားကြသည်။

ချက်ချင်းလိုလို မာန်ရှဲ့ကျောင်း၏ စစ်သားများထံမှ အလွန်ကြီးမားသော တိုက်ခိုက်လိုစိတ်က ပေါက်ကွဲထွက်လာတော့သည်။ ထိုဒိုင်းကာ စစ်သားများ၏ အထက်ကောင်းကင်တွင်ရှိသည့် အာကာသပြင်ကပင် အလုံးအထည် ကြီးမားသော သတ္တုတုံးကြီးတစ်တုံး ဖြစ်သွားသလိုမျိုး ပုံရိပ်ကြီးတစ်ခု ပေါ်လာကာ နို့နှစ်ဖြူရောင် အလင်းဖြင့် တောက်ပလာတော့သည်။ ထိုသို့ကြီးမားသော ကျောက်တုံးကြီး ပေါ်လာသောအခါ မာန်ရှဲ့ကျောင်း၏ စစ်တပ်က လေသံပြောင်းသွားသည်။ သူတို့က ပို၍ကြံ့ခိုင်ပြီး ပို၍ပင် သန်မာသွားသလို ဖြစ်သွားသည်။

“ကျောက်တုံးဖြူတပ်”

ဝမ်ချောင်က တောင်ထိပ်မှ ကြည့်လိုက်ပြီး ထိုကျောက်တုံးဖြူကို မြင်လိုက်သည့်အခါ သူ၏အမူအရာက လေးနက်သွားသည်။

“ခဲ့လော့ဖုန်းက ရည်မှန်းချက်ကြီးတယ်။ သူက ဒီနောက်ဆုံးနှစ်တွေမှာတောင် လျို့ဝှက်စွာနဲ့ ဒီစစ်သည်တော်တွေကို လေ့ကျင့်ပေးနိုင်ခဲ့တယ်။ ဒီစစ်သားတွေ အားလုံးရဲ့ အရည်အချင်းက အန်းနန်အစိုးရ စစ်တပ်ကို မယှဉ်နိုင်ပေမဲ့ အချို့ဘက်ပိုင်းတွေမှာတူတယ်”

ကျောက်တုံးဖြူတပ်က ခဲ့လော့ဖုန်းကိုယ်တိုင် လေ့ကျင့်ပေးထားသော လက်ရွေးစင်တပ်များထဲမှ တစ်ခုဖြစ်သည်။

ဝမ်ချောင်က ယခင်က မကြုံဖူးသေးသော်လည်း ကျော်ကြားမှုက မိုးခြိမ်းသံလို ပျံ့နှံ့ခဲ့ပြီးသားဖြစ်သည်။ ထိုစစ်သားများ အားလုံးက အ့ဟိုင်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် လှုပ်ရှားမှုက မသေးခဲ့ချေ။ ကျောက်တုံးဖြူတပ်က မာန်ရှဲ့ကျောင်း၏ စစ်တပ်ထဲတွင် အကြီးဆုံးဟုလည်း ဆိုနိုင်သည်။ အရေအတွက်က တစ်သိန်းရှိသည်။

ဝုန်း

တစ်လောကလုံးက တုန်ခါသွားသလို ဖြစ်လာချိန်တိုင်း ထိုကျောက်တုံးဖြူတပ်က ရှေ့သို့ဆက်တိုက် နှင်သည်။ ခြေလျှင်တပ်က နှေးကွေးသော်လည်း သွားလာမှု အရှိန်နှုန်းက ခိုင်မာသည်။ အဖက်ဖက်မှ တောင်ထိပ်သို့ သူတို့ကချဉ်းကပ်သည်။

ဒါကိုမြင်သောအခါ ဝမ်ချောင်နှင့် အခြားသော တောင်ပေါ်မှ ဗိုလ်ချုပ်များက မျက်လုံးပြူးသွားကြသည်။

ချီတက်သည့် ပုံစံနှင့် ဒိုင်းကိုသုံးသော ပုံစံက မာန်ရှဲ့ကျောင်း၏ ကျောက်တုံးဖြူတပ်ဟု ထင်ရသော်လည်း သူတို့က မဟာထန်ကဲ့သို့ လှုပ်ရှားနေခြင်းဖြစ်သည်။ ယခင်က မြင့်မြတ်သော ဧကရာဇ်က ကြင်နာစွာဖြင့် မာန်ရှဲ့ကျောင်းကို ထောက်ပံ့ပေးခဲ့ပြီး ထိုထဲတွင်လည်း စစ်သားများကို လေ့ကျင့်နည်းနှင့် ဝင်္ကပါ ဗဟုသုတများပါသည်။ ယခုမူ ခဲ့လော့ဖုန်းက ထိုအရာများကို ပြန်သုံးကာ မဟာထန်ကို ရင်ဆိုင်နေသည်။ ဒီလူက တကယ်လွန်လွန်းတာပဲ။

ဝမ်ချောင်၏ အင်္ကျီလက်က လေတွင်ခါယမ်းသွားပြီးနောက်တွင် သူ၏စိတ်က အတွေးများဖြင့် ပြည့်နှက်သွားသည်။ ဒီစစ်တပ်၏ ပုံစံ၏ တူညီနေမှုအရ ခဲ့လော့ဖုန်း၏ မဟာထန်အပေါ် နားလည်နိုင်စွမ်းဟာ မဟာထန်ဟာ တိုင်းပြည်ကြားကို တိုက်ခိုက်နေရခြင်းနှင့် မတူတော့ချေ။ အန်းနန်အစိုးရစစ်တပ်က ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်မှာ အံ့သြစရာ မရှိတော့ချေ။

ကံဆိုးစွာနဲ့ ခဲ့လော့ဖုန်း မင်းကငါနဲ့ လာတွေ့တာပဲ။

သူကတောင်အောက်သို့ ငုံ့ကြည့်ပြီးနောက် ဝမ်ချောင်၏မျက်လုံးက အေးစက်ကာ တင်းမာသွားသည်။ စစ်အနုပညာက အမှန်နှင့်အမှားကို ရှုပ်ထွေးအောင် လုပ်နိုင်သည်။ ခဲ့လော့ဖုန်းက မဟာထန်ကို ရှုံးအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်လိုက်သည်နှင့် နောက်တစ်ကြိမ် ထပ်ရှုံးအောင် ထပ်လုပ်ချင်သွားနိုင်သည်။ ဒါကသူ၏ အမှားကြီး ဖြစ်သွားပေလိမ့်မည်။

“အဆင်သင့်ပြင်”

ညာလက်ကို မြှောက်လိုက်သော ဝမ်ချောင်က သူ၏ပထမအမိန့်ကိုပေးသည်။ ဒီအမိန့်နှင့်အတူ လေထဲတွင် တောင်ထဲမှထွက်ခွာလာသော မျက်စိကြိမ်းမတက် တောက်ပသည့် ချီစက်ကွင်းများက ပဲ့တင်ထပ်လာတော့သည်။

ထန်စစ်သည် တစ်သိန်းက စတင်ပြီး သူတို့၏ အမျိုးမျိုးသော ချီစက်ကွင်းများကို ထုတ်ဖော်ကြသည်။ သူတို့၏ အင်အားစုက တောင်ထိပ်မှ တောင်ခြေသို့ ရောက်သွားချိန်တွင် သံမဏိမြို့ရိုး အထပ်ထပ်၏နောက်မှ အားလုံးက စုပြုံကာ ဝုန်းကနဲ ထွက်သွားသည်။ အလင်းရောင်တစ်ချက် လက်သွားသလို ဖြစ်သွားပြီးသည်နှင့် မူလက တောင်ကပျောက်ကွယ်သွားပြီး လူသားနှင့် နံရံများ ဖွဲ့တည်ထားသော သံမဏိတောင်ကသာ အစားထိုးလာသည်။

တောင်တစ်ခုလုံးကို သတ်ဖြတ်လိုစိတ်နှင့် အန္တရာယ်များသော စွမ်းအင်များက ရစ်ခွေကာ ရှိနေပြီး မဟာထန်စစ်တပ်၏ မောက်မာထောင်လွှားမှုနှင့် တိုက်ခိုက်လိုစိတ်အပြည့်က ထင်ရှားစွာ ပေါ်ထွက်လာသည်။ ဒီနေရာတွင် ရှိနေသော စစ်သည်တော်တိုင်းက မရေမတွက်နိုင်သော တိုက်ပွဲရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး အတွေ့အကြုံရှိ စစ်သည်တော်များ ဖြစ်နေကြသည်။ သူတို့၏ခံစားချက်က မဲ့ပြီး သံမဏိနှင့် သွေးသာရှိသည်။

ဒီစစ်တပ်ကို မြင်သောလူတိုင်းကလည်း ဆံပင်မွှေးထောင်မတက် မှင်တက်သွားရလောက်အောင် ကြောက်လန့်မိစေနိုင်သည်။ ထောင်ပေါင်းများစွာသော စစ်သားများက ကျောက်ရုပ်များအလား ရှိနေကြပြီး သူတို့က မည်သည့်ခံစားချက်မှ မပြသလို ဆူညံသံလည်း မလုပ်ကြချေ။ အားလုံးက တစ်သားထဲကဲ့သို့ ဖြစ်နေသည်။

စစ်သည်ထောင်ပေါင်းများစွာက တစ်သားထဲအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုသို့ထွက်လာသော အင်အား၏ အရည်အသွေးက သာမာန်စစ်တပ်က ယှဉ်နိုင်သောအဆင့် မဟုတ်တော့ချေ။

ထိုအခိုက် တောင်ထိပ်ပေါ်ရှိ ထန်စစ်သည်တစ်သိန်းက တစ်လောကလုံးကို ငုံ့ကြည့်နိုင်စွမ်းရှည်ရှိသော မဟာထန်ကဖြစ်ကြောင်း ပြသနိုင်စွမ်းရည် အပြည့်ရှိလာသည်။

အ့ဟိုင်တိုက်ပွဲတွင် သေဆုံးသွားခဲ့သော အန်းနန်အစိုးရစစ်တပ် တစ်သိန်းကျော် ရှိခဲ့သည့်တိုင်အောင် လက်ရှိစစ်သားများက မယိမ်းယိုင်သွားသည့်အပြင် ပို၍ပင် အင်အားကြီးမားလာကြသေးသည်။

“ဒီလူတွေ”

တောင်ခြေမှ မာန်ရှဲ့ယွီစန်း ဗိုလ်ချုပ်များကလည်း ဒီမြင်ကွင်းကို မြင်သောအခါ မျက်လုံးပြူးသွားကြသည်။

သူတို့က မျက်နှာချင်းဆိုင် ရပ်နေသည့်တိုင်အောင် ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးခြင်း ခံထားရသည့် မဟာထန်၏ အရည်အသွေးမြင့် စစ်သားများကို ရင်ဆိုင်ရချိန်တွင် တိဗက်များက မယှဉ်နိုင်ကြောင်း ဝန်မခံချင်သော်လည်း ဝန်ခံရမည်ဖြစ်သည်။ သူတို့၏မြင်းတပ်က ခြေလျှင်တပ်ထက်ပို၍ အရည်အသွေးမြင့်ပြီး ယွီစန်းကလည်း မြင်းတပ်ပမာဏ အများအပြားကို ပိုင်ဆိုင်ထားသောကြောင့်သာ မဟုတ်လျှင် အနောက်တောင်ပိုင်း စစ်ပွဲရလဒ်က ခြားနားသွားနိုင်သည်။

“တိုက်ခိုက်ကြ တိုက်ခိုက်ကြ တိုက်ခိုက်ကြ”

အော်ဟစ်ကျုံးဝါးလိုက်ချိန်တွင် ကျောက်တုံးဖြူစစ်တပ်မှ စစ်သည် ထောင်ပေါင်းများစွာက သူတို့၏ ဒိုင်များကိုမြှောက်ကာ နှေးကွေးစွာဖြင့် တဖန်ချဉ်းကပ်ကြပြန်သည်။ တောင်ပေါ်မှ မရေမတွက်နိုင်သော စက်များ၏ လည်ပတ်သံများက ထွက်လာသည်။

မာန်ရှဲ့ကျောင်း၏ စစ်တပ်က လျှင်မြန်စွာ ချဉ်းကပ်လာနေချိန်တွင် မဟာထန်က ကျောက်ရုပ်ကဲ့သို့သာ ငြိမ်လျှက်စောင့်နေသည်။ သူတို့၏ အေးစက်ကာ တောက်ပသော မျက်ဝန်းများက တောင်အောက်သို့ သားကောင်ကို ချောင်းနေသလိုမျိုး စိုက်ကြည့်သည်။ ဒီလိုပေါင်းစပ်မှုနှင့် လှုပ်ရှားမှု ခိုင်မာမှုက ဖိအားကို ပို၍သာ မြင့်တက်စေသည်။

ကျန်းငါးဆယ်

ကျန်းလေးဆယ်

ကျန်းသုံးဆယ်

ကျန်းနှစ်ဆယ်

လေထုက တင်းမာမှုဖြင့်သာ ပြည့်လာသည်။ တောင်ထိပ်ပင်ဖြစ်စေ တောင်ခြေပင်ဖြစ်စေ ထန်ပင်ဖြစ်စေ မာန်ရှဲ့ပင်ဖြစ်စေ တိဗက်ပင်ဖြစ်စေ ဗိုလ်ချုပ်တိုင်းက တစ်နေရာထဲသို့သာ အာရုံစိုက်ထားသည်။ ထိုနေရာက ပထမဦးဆုံး တိုက်ခိုက်မည့် နေရာဖြစ်သည်။

နောက်ဆုံးတွင်...

ဝုန်း

“သတ်ကြ”

နှစ်ဖက်လုံးမှ စစ်သားတိုင်းက အော်ကြသည်။ စစ်တပ်က ထိပ်တိုက် တွေ့ဆုံသည့်အခါ မာန်ရှဲ့ကျောင်းနှင့် မဟာထန်တို့ စစ်သားတိုင်းက မြက်ပင်များကဲ့သို့ ခုတ်ပိုင်းခံရသည်။ ဒီလိုရိတ်သိမ်းခံရသည့် ဖြစ်စဉ်က အစပိုင်းကတည်းက ဖြစ်နေလေပြီး တိုက်ပွဲအခြေအနေကို ပို၍ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းသွားစေလေသည်။

အခန်း(၅၆၄)

“အရှေ့ကိုဆက်တက်ကြ”

တိုက်ပွဲ၏ တိုးတက်မှုကို မစောင့်ဘဲ ခဲ့လော့ဖုန်းက နောက်ထပ် လက်တစ်ချက် ယမ်းလိုက်ပြန်ကာ ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်သောင်းကျော်ကို တဖန်ချီတက်စေပြန်သည်။ ဒိုင်းချင်းထိခတ်မိသံ၊ သတ္တုချင်း ထိခတ်မိသံများက ထွက်ပေါ်လာပြီးနောက် ထိုဒိုင်းတပ်က ပို၍သိပ်သည်းစွာဖြင့် ရှေ့ဆက်ကြသည်။

“ချီတက်ကြ”

ဒုတိယတစ်သုတ်ကို စေလွှတ်ပြီးနောက်တွင် တတိယတစ်သုတ်ကို တဖန်စေလွှတ်ပြန်သည်။

“သူတို့ကို အနားယူခွင့်မပေးနဲ့။ သွမ့်ဝူကျုံး အဲ့ဒီနေရာမှာ သွားရပ်နေပြီး ကိုယ်တိုင်ကိုယ်ကျ အမိန့်ထုတ်နေလိုက်”

“ဟုတ်ကဲ့အရှင်မင်းကြီး”

ခဲ့လော့ဖုန်း၏ဘေးမှ အမွှေးဖြူဖွားများပါသော လှံကိုကိုင်ထားသည့် သူရဲကောင်းလို ဗိုလ်ချုပ်တစ်ယောက်က မြင်းကိုအရှေ့သို့ နှင်သွားသည်။ ဒါကကျောက်တုံးဖြူတပ်ရင်းမှ ဗိုလ်ချုပ်သွမ့်ဝူကျုံးဖြစ်ပြီး သူက မာန်ရှဲ့ကျောင်း၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်၏ ဝမ်းကွဲလည်းဖြစ်သည်။ သူကသာ လက်ရှိအဆင့်ထိရောက်အောင် ကျောက်တုံးဖြူတပ်ကို လေ့ကျင့်ပေးခဲ့သူလည်းဖြစ်သည်။ သွမ့်ဝူကျုံးကို အစောပိုင်းကတည်းက စေလွှတ်လိုက်ခြင်းကတည်းက ခဲ့လော့ဖုန်းက ဒီတိုက်ပွဲကို မည်မျှအလေးထားကြောင်း သိနိုင်သည်။

တဝုန်းဝုန်းမြည်သံများက ထွက်ပေါ်လာသည်။ လေထဲတွင် ချီစက်ကွင်း ပဲ့တင်ထပ်သံများနှင့်အတူ အချင်းချင်း ရိုက်ခတ်သံများက ထွက်ပေါ်လာသည်။ အချိန်တိုအတွင်းတွင် မဟာထန်၏ စစ်သားများက ကြီးလေးသော ဖိအားအောက် ရောက်သွားသည်။ ကျောက်တုံးဖြူတပ်ရင်း အဖွဲ့သားပေါင်း များစွာ၏ အောက်ခြေမှ တစ်လက်မချင်းစီတိုင်းက ကျွံကျသည်အထိ သူတို့ကရှေ့သို့ ဖိတက်နေခြင်းဖြစ်သည်။

အချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်အခါ ထုထည်ကြီးမားစွာ ရှိနေသော ဆူးချွန်ကဲ့သို့ ဖြစ်နေသော ထိုချီစက်ကွင်းများက မဆုံးနိုင်သော တိုက်ပွဲ၏ ကပ်ဘေးအဖြစ် ပေါင်းထည့်ပေးနေသည်။ ခဲ့လော့ဖုန်းအနေနှင့် ဒီအတိုင်းရှေ့သို့ ဖိတက်စေကာ အန်းနန်အစိုးရစစ်တပ်ကို ရင်ဆိုင်ရန်ကလွဲပြီး အခြားဗျူဟာကို မသုံးထားချေ။

တစ်သုတ်ပြီးတစ်သုတ် ထိုသို့ချီတက်ခိုင်းထားပြီးနောက်တွင် တစ်ယောက်ချင်းစီတိုင်းက ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားများက အန်းနန်အစိုးရစစ်တပ်ကို မယှဉ်နိုင်လောက်ချေ။ အင်အားပင်ဖြစ်စေ အရှိန်ပင်ဖြစ်စေ ခုခံနိုင်စွမ်းအားပင်ဖြစ်စေ မယှဉ်နိုင်ချေ။ သို့သော အရေအတွက်တွင်မူ အဆင့်တစ်ခုထိ ရောက်သွားလျှင် ဒါကအားသာချက် ဖြစ်သွားပြီး အရာအားလုံးကို ကွာခြားအောင် လုပ်နိုင်ပေလိမ့်မည်။

“သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်”

တောင်ခြေတွင်ရှိနေသည့် ခဲ့လော့ဖုန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်းတို့ အားလုံးက တိတ်ဆတ်စွာ စောင့်ကြည့်နေကြသည်။ လူတိုင်းကလည်း အန်းနန်အစိုးရစစ်တပ်၏ တုန့်ပြန်မှုကို ကြည့်လိုကြသည်။ ခမ်းနားထောင်လွှားလွန်းသော ခံတပ်ကဲ့သို့ ဖြစ်နေသော ထိုသံမဏိ မြို့ရိုးနံရံ တောင်တန်းနံရံ အတန်းလိုက်က ရဲတိုက်ဟု ထင်ရသော်လည်း ရဲတိုက်မဟုတ်ချေ။

ခဲ့လော့ဖုန်းပင်ဖြစ်စေ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ သူတို့၏ အတွေ့အကြုံကပင် ဒီလိုအခြေအနေမျိုးကို မမြင်ခဲ့ဖူးချေ။ သူတို့က ဝမ်ချောင်၏ဗျူဟာကို မဖမ်းဆုပ်နိုင်ကြချေ။ ဒါက စမ်းသပ်ရန် လွှတ်လိုက်သော တစ်သုတ်လည်းဖြစ်သည်။

“သူတို့ဘာလုပ်မယ်လို့ မင်းထင်လဲ”

ခဲ့လော့ဖုန်းက ရုတ်တရက်မေးသည်။

“သူတို့ဘာလုပ်နိုင်မှာလဲ ဟမ့် ငါတို့ခဏနေ သိရမှာပေါ့”

ဟော်ရှု့ဟွေ့ခမ်းက ထိုသို့သာပြောသည်။

အနောက်တောင်ပိုင်းမှ အင်အားကြီးသော ပုဂ္ဂိုလ်နှစ်ယောက်က ရန်သူဖြစ်သော်လည်း ရန်သူဟု ဆို၍မရသေးချေ။ မိတ်ဆွေဖြစ်နိုင်သော်လည်း မိတ်ဆွေဟု အပြည့်အဝ သတ်မှတ်၍ မရချေ။ ကျန်းချုံကျန့်ချုံး၏ မျိုးဆက်တွင် နှစ်ယောက်က အမြဲတစေ အချင်းချင်း ဖိနှိပ်ခဲ့သည်။ ကျန်းချုံကျန့်ချုံးပြီးနောက်တွင် သူတို့နှစ်ယောက်က ရုတ်တရက် အချင်းချင်း ပူးပေါင်းကာ မဟာထန်ကို ရင်ဆိုင်သည်။

“ကျောက်တုံးဖြူတပ်ရင်းက တပ်ရင်းပဲ။ ငါကိုယ်တိုင်ကိုယ်ကျ ခုခံမှုမှာ အားသာအောင် လေ့ကျင့်ပေးထားတာ။ သူတို့မှာ ဘယ်လိုလှည့်ကွက်ပဲရှိရှိ သူတို့ရဲ့ သက်ရောက်မှုက ဒီကျောက်တုံးဖြူတပ်ရင်းကို ရင်ဆိုင်ရတာနဲ့ လျော့ကျသွားလိမ့်မယ်။ ငါကသာ အန်းနန်အစိုးရစစ်တပ်ရဲ့ ခုခံအားလှိုင်းကို ဖြိုခွင်းပြီး အမြစ်ဖြတ် သုတ်သင်နိုင်မယ်ဆိုရင် မဟာထန်ရဲ့ အနောက်တောင်ပိုင်းက ငါတို့အပိုင်ပဲ။ ဒါကငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်သွားလိမ့်မယ်”

ခဲ့လော့ဖုန်းက တောင်ထိပ်သို့ မော့ကြည့်လျှက်ပြောသည်။

ဒါက နောက်ဆုံးတိုက်ပွဲဖြစ်သည်။ သူ၏အရှေ့ရှိ ထိုစစ်တပ်က ဖယ်ရှားခံရသည်နှင့် အနောက်တောင်ပိုင်းက ယွီစန်းနှင့် မာန်ရှဲ့ကျောင်း၏ အပိုင်ဖြစ်သွားပေလိမ့်မည်။ ထိုတခဏတွင် ခဲ့လော့ဖုန်းက သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။ သူက ထိုအချိန်ရောက်ရန် ကာလများစွာ စောင့်ဆိုင်းခဲ့ရသည်။

“သတိလက်လွတ် မနေနဲ့”

ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက်ပြောသည်။

“ဘာလဲ ငါတို့ရဲ့ စစ်သည်ငါးသိန်းနဲ့ဆိုရင် သူတို့ရဲ့ ကျန်တဲ့အင်အားစုလောက်ကို မဖြိုခွင်းနိုင်ဘူးလို့ မင်းကထင်တာလား”

ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့လျှက်မေးသည်။

ဟော်ရှု့ဟွေ့ခမ်းက ယွီစန်းမဟာ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး အလွန်ထောင်လွှားမောက်မာကာ ရဲရင့်ပြတ်သားသူလည်းဖြစ်သည်။ မူလက ခဲ့လော့ဖုန်းက ယုံကြည်ထားသည်မှာ သူ၏အမြင်ကို တစ်ဖက်သူက လက်ခံမည်ဟုပင် သို့သော်သူက အံ့သြသွားရသည်မှာ ဟော်ရှု့ဟွေ့ခမ်းက သူမထင်ထားသော သတိထားသည့် စကားမျိုး ပြောလာသည်။

“ငါတို့သူတို့ကို မဖျက်ဆီးနိုင်ဘူးလို့ မပြောပါဘူး။ ငါပြောတာက သတိထားတာက မမှားနိုင်ဘူးဆိုတာပဲ။ ငါ့အနေနဲ့ ကိစ္စတွေက ထင်သလောက် မချောမွေ့ဘူးလို့ ခံစားနေရတယ်”

ဟော်ရှု့ဟွေ့ခမ်းက တည်ငြိမ်စွာပြောသည်။

အချို့သော အကြောင်းပြချက်များကြောင့် သူမလှုပ်ခါနိုင်သော တောင်တစ်တောင်ကို ရင်ဆိုင်နေရသလိုမျိုး သူခံစားနေရသည်။ ဖြစ်နိုင်သည်မှာ တောင်ထိပ်ပေါ်မှ ထိုထန်လူငယ်က တိတ်ဆိတ်လွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ အန်းနန်အစိုးရစစ်တပ်က တစ်ချိန်လုံး နောက်ဆုတ်သွားခဲ့သော်လည်း ဒီတောင်ထိပ်တွင် ရပ်သွားခြင်းက ပုံမှန်မဟုတ်တော့ချေ။

“အတိုချုံ့ပြောရရင် သင့်တင်လျောက်ပတ်တဲ့ သတိကြီးကြီးထားတာက အကောင်းဆုံးပဲ။ ငါတို့သတိလက်လွတ် မနေဘူးဆိုရင်...”

ဝုန်း ဝုန်း ဝုန်း

ဆင်ခြေလျောပေါ်မှ ဒိုင်းများက ဒိုင်းချင်းထိခတ်သံများက မဆုံးနိုင်အောင် ထွက်ပေါ်နေသည်။

“သတ်”

“သတ်”

ကျောက်တုံးဖြူတပ်ရင်း ထောင်ကျော်က ရှေ့သို့ဆက်တိုက် တိုးတက်သည်။

“တောင့်ထားကြ”

“တောင့်ထားကြ”

အန်းနန်အစိုးရစစ်တပ်က နောက်ဆုတ်ရသည်။ သူတို့၏ ဒိုင်းကာသမားများကလည်း နောက်ဆုတ်ရသည်။ တဝုန်းဝုန်း သံများနှင့်အတူ သူတို့၏ ခြေထောက်အောက်မှ ကျောက်သားများက ပြင်းထန်သည့် ဖိအားကြောင့် အက်ကွဲသွားသည်။ ရှေ့တန်းမှ စစ်သည်များ အားလုံးက ဖုန်သဲထဲကျကုန်ကာ ကျောက်သားမျက်နှာနှင့် ဆောင့်တိုက်မိကြသည်။ ရှေ့တန်း၏ လဲပြိုကျမှုက အချိန်တစ်ခုသာလျှင် ကြာနိုင်လောက်သည်။

ဒိုင်းချင်းထိခတ်သံက သွားကြိမ်းစေသည်။ မဟာထန်၏ ခြေလျှင်တပ် အားလုံးက အတက်နိုင်ဆုံး ထိန်းထားလျှက် မျက်နှာများ နီရဲသည်အထိ တောင့်ခံရသည်။ တောင်ခြေမှ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ ဖုန်းကျားရီ၊ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးက တောင်ပေါ်သို့သာ ကြည့်နေကြသည်။ မဟာထန်ရှေ့တန်းက မတောင့်ခံနိုင်တော့သည်နှင့် သူတို့၏စစ်သားတိုင်းက ရှေ့သို့ ပြုံတိုးတက်နိုင်သည်။ သူတို့ကိုယ်တိုင် တောင်ပေါ်သို့ရောက်သွားပြီး တောင်ထိပ်သို့ ရောက်သွားလျှင် ထန်စစ်သားတိုင်းကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။

“အချိန်ကျပြီ”

တောင်ထိပ်ပေါ်မှ ဝမ်ချောင်က အရာအားလုံးကို စောင့်ကြည့်နေခြင်းဖြစ်သည်။ မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်သားများက မဟာထန်ကို ရင်ဆိုင်ခြင်းကိုလည်း သူကမြင်ရသည်။ သူ၏အကြည့်က ဖြေးညှင်းစွာဖြင့် ရွေ့သွားသည်။ ခဲ့လော့ဖုန်းနှင့် ဟော်ရှု့ဟွေ့ခမ်းက သူ့ထံ ကျောက်တုံးဖြူတပ်ရင်းကို ပို့လိုက်သည်။ သို့သော် ဝမ်ချောင်ကမူ ဒီအသံက နားထောင်ကောင်းသည်ဟု မထင်ချေ။

ဝုန်း

သူ၏ညာလက်ကို တစ်ချက်ယမ်းလိုက်သည့်အခါ မာန်ရှဲ့ယွီစန်းစစ်တပ်က မမျှော်လင့်ထားသော အခြေအနေသို့ မြင်ကွင်းက ပြောင်းလဲသွားသည်။ အန်းနန်အစိုးရစစ်တပ်က လဲပြိုကျတော့မည်ဟု ထင်ရသော အချိန်ကိုက်တွင်ပင် ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ အပြင်ဆုံးဘက်တွင်ရှိသော စစ်သားတိုင်းက ရုတ်တရက် နောက်ဆုတ်လိုက်သည်။ စစ်သည်ထောင်ကျော်က တောင်ပေါ်သို့ ပြုံတိုးတက်ခြင်းဖြစ်သည်။

အဝေးဆုံးထိရောက်နေသော ကျောက်တုံးဖြူတပ်ရင်းက ရုတ်တရက် လှုပ်ရှားရန်ပင် မေ့သွားပြီး ကြောင်တောင်တောင် ဖြစ်သွားကြသည်။

“ဘာဖြစ်သွားတာလဲ”

ဒီရုတ်တရက် အပြောင်းအလဲကို ခဲ့လော့ဖုန်းကလည်း သိလိုက်ပြီး မျက်နှာက ဖြူဖျော့သွားသည်။

အန်းနန်အစိုးရစစ်တပ် ကျရှုံးသွားရန် သူကမျှော်လင့်နေသော်လည်း သူမျှော်လင့်ထားသည်ထက် စောစွာ နောက်ဆုတ်သွားခြင်းကမူ မဖြစ်သင့်သေးချေ။ သူက တွေးတောရန် အချိန်မရှိခင်မှာတင် ကျောက်တုံးဖြူ တပ်ရင်းမှ စစ်သားတိုင်းက ရှေ့သို့ ပြုံတိုးတက်သွားနှင့်ပြီဖြစ်သည်။

“နေကြအုံး”

ခဲ့လော့ဖုန်းက ဆက်၍ အမိန့်ထုတ်လိုသည်။ သို့သော် နောက်ကျသွားသည်။ ထိုစစ်သည် ထောင်ကျော်က ရှေ့သို့ တက်နှင့်နေပြီဖြစ်ပြီး သူတို့၏ဝင်္ကပါက ပျက်စီးသွားရသည်။

“သတ်ကြ”

“အားလုံးကို သတ်”

“ဒီထန်တွေကို သတ်ပြီးရင် အနောက်တောင်ပိုင်းက ငါတို့ရဲ့လောကပဲ”

ထွက်ပြေးသွားသော အန်းနန်အစိုးရ စစ်တပ်၏ မြင်ကွင်းက သူတို့ကို ရူးသွပ်သွားစေသည်။ ရှေ့မှထန် နောက်မှ ကျောက်တုံးဖြူတပ်ရင်းနှင့် နှစ်ဖက်ပေါင်းကာ လိုက်ဖမ်းသော ဒရမ်မာကို ကပြဖျော်ဖြေတော့သည်။ သို့သော် ရှေ့ဆုံးမှ နောက်ဆုတ်သွားပြီဖြစ်သော စစ်သားများ၏မျက်နှာကို မည်သူကမှ သတိမထားမိကြချေ။ တောင်ပေါ်မှ မဟာထန်များက လျှင်မြန်စွာနှင့် ခိုင်မာစွာ တည်ရှိနေကြသည်။

“စတော့”

ညာလက်ကို တစ်ခါထပ်ယမ်းလိုက်ပြီးနောက်တွင် ဘယ်နှင့်ညာမှ အင်္ကျီလက်များက တောင်ပံတစ်ခု အသက်ဝင်လာသလို ဖြစ်သွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးဖြူ စစ်သားများ မတုန့်ပြန်နိုင်ခင်မှာတင် မရေမတွက်နိုင်သော ထန်စစ်သည်များက တဖန်ပြုံတိုးကာ ဆင်းလာသည်။

ဝုန်း ဝုန်း ဝုန်း

ပထမတစ်လှိုင်းက မဟာထန်၏ ခြေလျှင်တပ် မဟုတ်ဘဲ ထောင်ပေါင်းများစွာသော ဒူးလေးကြီးများကို ပစ်ထုတ်လိုက်သံဖြစ်သည်။ ထိုဒူးလေးကြီးများက တောင်ခြေမှ မမြင်ရသောဘက်မှ သံမဏိမြို့ရိုးများ၏ နောက်တွင်ကွယ်ကာ တပ်ဆင်ထားခြင်းဖြစ်သည်။

သံမဏိဒူးလေးကြီးများက အောက်သို့ ပစ်လွှတ်ခံလိုက်ရသည့်အချိန်တွင် လေထဲတွင် အေးစက်သော အလင်းများက လက်သွားပြီး သေဆုံးခြင်းနတ်ဘုရားက အောက်သို့ဆင်းသက်ကာ ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်များကို ပစ်ခတ်သတ်ဖြတ်တော့သည်။ ကျောက်တုံးဖြူ တပ်ရင်းအနေဖြင့် မရှောင်တိမ်းနိုင်တော့လေဘဲ စပါးများလို ခုတ်ပိုင်းလှီးဖြတ်ခံရသည်။ သူတို့၏ လိမ့်တက်နေသော ကြယ်တာရာစွမ်းအင်များ၊ ဆူးချွန်ကဲ့သို့ ဖြစ်နေသော ချီစက်ကွင်းများက ထိုဒူးလေးကြီးများကို မတားဆီးနိုင်ချေ။

“အား”

ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားများက လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အော်ဟစ်သံများက ပဲ့တင်ထပ်လာတော့သည်။ ဒူးလေးကြီးတစ်ခုစီတိုင်းက စစ်သားတစ်ယောက် သို့မဟုတ် အယောက်နှစ်ဆယ်အထိ သတ်နိုင်သည်။

သာမာန်အခြေအနေတွင်ဆိုလျှင် ကြီးမားသော ဒိုင်းကြီးများကို ကာလိုက်ရုံမျှဖြင့် ဒါကိုတားဆီး၍ရသည်။ သို့သော် သူတို့က ချီတက်သည့်အခါ အတူတကွ အပြေးတက်နေကြသည့်အတွက် ယခင်ကကဲ့သို့ အစီအစဉ်တကျလုပ်ရန် မေ့သွားကြသည်။ ယခုအခါ သူတို့၏ သိပ်သည်းစွာ ရှိနေသော ပြုံတိုးကာ ရောက်နေသည့် လူပမာဏက ထိုဒူးလေးကြီးများအတွက် အင်အားအပြည့်ကို ထုတ်ပြရန် အဆင်ပြေသွားသည်။

“နောက်ဆုတ် နောက်ဆုတ်ကြ”

“ပြေး သူတို့မှာ ဒူးလေးကြီးတွေရှိတယ်”

“ဒါကထောင်ချောက်ပဲ မြန်မြန်နောက်ဆုတ်ကြ”

စစ်သားတိုင်းက ကစဉ့်ကလျားဖြစ်ပြီး ထွက်ပြေးကြတော့သည်။

အခန်း(၅၆၅)

“ဒိုင်းတွေကိုမြှောက် ဒိုင်တွေကိုမြှောက်ကြ”

“ဒိုင်းတွေကိုမြှောက်”

ကျောက်တုံးဖြူ တပ်ရင်းမှ အရာရှိများက အမိန့်တွေထုတ်ကြသည်။ သို့သော် နောက်ကျသွားသည်။

ဝုန်း

ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိများထဲမှ တစ်ယောက်က အမိန့်ထုတ်ကာ အော်နေသည့် အချိန်တွင်ပင် လေထုကို ကြီးမားသော ပုဆိန်ကြီးက လှီးဖြတ်ကာ ငုံ့ကျလာပြီးနောက်တွင် သူ၏ဦးခေါင်းထဲသို့ ကျွံ့ဝင်ကာ ခုတ်ပိုင်းလာသည်။

“သတ်”

ပတ်ဝန်းကျင်တွင် စစ်အော်ဟစ် ကျုံးဝါးသံများက ပဲ့တင်ထပ်သွားသည်။ အန်းနန်အစိုးရစစ်တပ်၏ နောက်ဆုတ်သွားသည်ဟု ထင်ရသော ရှေ့တန်းမှ ဒိုင်းကာစစ်သည်တော်များအစား မရေမတွက်နိုင်သော ပုဆိန်စစ်သည်တော်များက ရုတ်တရက် ပေါ်လာပြီး စတင်တိုက်ခိုက်လာကြတော့သည်။ ကြီးမားလှသော ထိုပုဆိန်ကြီးများက ထင်ရှားသော အလင်းတန်းနှင့်အတူ လူတိုင်းကို မျက်လုံးအပြူးသား ဖြစ်သွားစေရန် လုံလောက်နေသည်။

လေထဲတွင် ပုဆိန်ပျံများက မိုးစက်များကျလာသလို ကျောက်တုံးဖြူတပ်ရင်းမှ လူတိုင်းကို ခုတ်ပိုင်းနေသည်။ မရေမတွက်နိုင်သော ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားများက သစ်ပင်များ ခုတ်လှဲခံရသလို ဆက်တိုက် ခုတ်ပိုင်းခံရပြီးနောက်တွင် သူတို့၏ ကိုယ်လုံးများက ရွံ့နွံ့များထဲသို့ ကျလျှက် သွေးအိုင်များအဖြစ် ပြောင်းသွားသည်။

“တောင့်ထား တောင့်ထားကြ”

ကျောက်တုံးဖြူတပ်ရင်းမှ ဗိုလ်ချုပ်ကလည်း အစောတလျင်ဖြင့် အော်ကြသည်။ သို့သော် သူတို့၏ အသံကပင် မကောင်းကြတော့ချေ။ အန်းနန်အစိုးရစစ်တပ်မှ စစ်သားများက သူတို့၏ ဘယ်နှင့်ညာမှ မရေမတွက်နိုင်အောင် များပြားစွာဖြင့် တိုက်ခိုက်နေကြသည်။ အနည်းဆုံး ကျောက်တုံးဖြူတပ်ရင်း အရေအတွက်က နည်းပါးလွန်းနေသည်။ သူတို့ကသာ အန်းနန်အစိုးရစစ်သားများ၏ သတ်ဖြတ်မှုကို တောင်ခံနိုင်မည်ဆိုလျှင် အခြေအနေက ပြောင်းသွားလောက်သည်။

“နောက်ကျသွားပြီ”

တောင်ထိပ်ပေါ်မှ ဝမ်ချောင်က စောင့်ကြည့်လျှက် အေးစက်စွာ ပြုံးလိုက်သည်။

ဒီခေတ်ကာလ၏ စစ်တပ်က အရေအတွက်ကို အမြဲတစေ အားကိုးသည်။ တိုက်ပွဲ၏ အနုပညာ အစစ်အမှန် အနှစ်သာရကို နားမလည်ထားကြချေ။ ထိုစစ်တပ်က မည်သည့်ဘက်မှ ပိုင်စေကာမူ မည်မျှအင်အား ကြီးမားနေစေကာမူ စစ်သားတစ်ယောက်က အခြားတစ်ယောက် ချီတက်လာကြောင်း မြင်သည်နှင့် သူတို့ကလည်း ချီတက်ကြမည်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် ဒီစစ်တပ်က ရုန်းရင်းဆန်ခတ် ပြုလုပ်နေသော လူစုနှင့်မခြားတော့ချေ။ သူတို့က နောက်ဆုတ်ပြီး ရှေ့သို့တက်ရန် ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရသော သီးသန့်တည်ရှိသော အဆင့်မြင့် လက်ရွေးစင်တပ်ရင်းနှင့် ယှဉ်၍မရချေ။

ထို့ကြောင့် တိုက်ပွဲနယ်မြေမှ အနိုင်က လျှင်မြန်စွာဖြင့် တစ်ဖက်သတ် သတ်ဖြတ်ခြင်းအဖြစ် ပြောင်းလဲသွားသည်။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်ထောင်ကျော်က တောင်ထိပ်မှ ဆင်းသက်လာပြီး ကျောက်တုံးဖြူတပ်ရင်းကို အပြေးအလွှား သတ်ဖြတ်သည်။ အချိန်တိုအတွင်းတွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။

“နောက်ဆုတ်”

“နောက်ဆုတ်ကြစမ်းပါ”

တောင်ခြေမှ ကျောက်တုံးဖြူတပ်ရင်း၏ဗိုလ်ချုပ် သွမ့်ဝူကျန်း၏ မျက်နှာကလည်း အလွန်တည်တင်းကာ ခက်ထန်နေပြီဖြစ်သည်။ ဒါကသူကောင်းမွန်စွာ လေ့ကျင့်ပေးထားသော ကျောက်တုံးဖြူတပ်ရင်းဖြစ်သည်။ သို့သော် အခြေအနေက ဒီလိုဖြစ်သွားမည်ဟု သူသည်လည်း မမျှော်လင့်ထားချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်စမ်း အားလုံးနောက်ပြန်ဆုတ်ကြ”

သွမ့်ဝူကျုံးက ဒေါသတကြီးအော်သည်။

သို့သော် သွမ့်ဝူကျုံးက စစ်သားများကို ကောင်းမွန်စွာ အမိန့်မပေးနိုင်ခင်မှာတင် မဟာထန်မှ စစ်သားများက တောင်ခြေသို့ ရောက်ရှိလာသည့် အချိန်တွင်ပင် လိုက်လံသတ်ဖြတ်မှုက အဆုံးသတ်သွားသည်။ စစ်သားထောင်ကျော်က ရုတ်တရက် ရပ်သွားလေပြီး မမြင်ရသော အကန့်အသတ် တားမြစ်လိုင်းတစ်ခုက ထိုနေရာတွင် ရှိနေသကဲ့သို့ တန့်ကနဲ ဖြစ်သွားကြခြင်းဖြစ်သည်။ ထိုစစ်သားပေါင်း များစွာက တစ်ယောက်ထဲလိုမျိုး တုန့်ကနဲ ရပ်သွားကြခြင်းလည်းဖြစ်သည်။ လှံသမားများက လှံကိုကိုင်လျှက် ရပ်သွားကြသလို ပုဆိန်သမားများကလည်း ပုဆိန်ကိုကိုင်လျှက် ရပ်သွားကြသည်။ ဒိုင်းကာသော လူများကပင် ဒိုင်းကိုကိုင်လျှက် ရပ်သွားကြခြင်းဖြစ်ပြီး ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားသည်။

ပို၍ဆိုးသည်မှာ လူတစ်ယောက်ထက် ပို၍ရှည်သော သတ္တုဒိုင်းကြီးများက အေးစက်သော အလင်းတန်းအဖြစ် တောက်ပလျှက် တောင်ခြေတွင် နံရံများကဲ့သို့ ပိတ်ဆို့ကာဆီးသွားသည်။ ရှေ့မှ ဒိုင်းကာစစ်သားများ၊ နောက်ပိုင်းတွင် လှံသမားများ ရှိနေပြီး ဒီတိုက်ပွဲဝင်နယ်မြေက ယခင်ပုံစံတိုင်း ပြန်ရောက်သွားကာ ဘာမှဆိုးရွားစွာ မဖြစ်ခဲ့သလိုမျိုး ပြန်ပြောင်းသွားသည်။

မြေပြင်တွင် ထပ်နေသော အလောင်းများကသာ မရှိလျှင် ယခင်တိုက်ပွဲဖြစ်ခဲ့တာ သက်သေပြရန် ခက်သွားလောက်သည်။

တိတ်ဆိတ်မှု၊ အဆုံးအစွန်သော တိတ်ဆိတ်မှုကသာ ထိုနေရာတွင် လွှမ်းခြုံသွားတော့သည်။

ကောင်းမွန်စွာ သင်ကြားပြသပေးခံထားရသော ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့က ထိုကောင်းမွန်စွာ သင်ကြားပြသပေးခံထားရသော တစ်စုတစ်စည်းထဲ စည်းလုံးညီညွှတ်နေသည့် အစိုးရစစ်တပ်ကိုကြည့်ပြီး အလွန်အမင်း တင်းမာခက်ထန်သွားကြသည်။ အခြားတစ်ဖက်တွင်ရှိသော ဟော်ရှု့ဟွေ့ခမ်းက မျက်လုံးကို ကျဉ်းမြောင်းသည်။ သူသည်လည်း လေးနက်သော မျက်နှာထားကို ထုတ်ပြလာသည်။

မနေ့ညက တိုက်ပွဲတွင် သူကဝမ်ချောင်၏ လှည့်ကွက်ထဲ ကျသွားသည်မှာ ဒါက ကျားကိုတောင်ပေါ်မှ ခြောက်လန့်သော လှည့်ကွက်ကြောင့်သာဟု ယုံကြည်ခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူက ဝမ်ချောင်၏ လှည့်ကွက်ကြောင့် ခံစားခဲ့ရသော်လည်း ဝမ်ချောင်ကိုယ်တိုင်က ရှေ့တန်းတွင် သူ၏မြင်းတပ်ကို ထုတ်မသုံးခဲ့သေးချေ။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းက ထိုအချိန်က တိုက်ပွဲနယ်မြေသို့ ရောက်သောအခါ အန်းနန်အစိုးရစစ်တပ်က နောက်ဆုတ်သွားနိုင်ခဲ့သည်။ ဒါကလည်း သူ၏ ပေါ့လျော့မှုကြောင့်သာဟု လက်ခံခဲ့သည်။ ဟော်ရှု့ဟွေ့ခမ်းအနေနှင့် ယခုမှသာ ဝမ်ချောင်က ပထမဦးဆုံးအကြိမ် တိုက်ပွဲကို အမိန့်ပေးခြင်းကို မြင်ရခြင်းဖြစ်သည်။

ဒီတိုက်ပွဲတွင် ဘယ်ဘက်ကမှ သူတို့၏စစ်တပ်ကို ခိုင်မာအောင် မစုစည်းနိုင်ခဲ့ခြင်း မာန်ရှဲ့ယွီစန်း၏ စစ်တပ်က ကျောက်တုံးဖြူတပ်ရင်းကို တစ်စိတ်တစ်ပိုင်းအနေဖြင့် သုံးပြီး ရှေ့သို့တက်ခိုင်းရုံမျှသာ လုပ်ခဲ့သည်။ ဒါက သူတို့၏ အစစ်အမှန် အင်အားမဟုတ်သေးချေ။

သို့သော် တောင်ပေါ်တွင်ရှိသော ထန်စစ်တပ်ကမူ တောင်ခြေတွင် သူတို့၏စစ်သားပမာဏကို အနည်းငယ်မျှသာ ထားထားသည်။ တောင်အလယ်မှ စတင်ပြီး ကျန်သော ထန်စစ်သည်တော်တိုင်းက မရွေ့ချေ။ တိုက်ပွဲ၏ အပြင်းထန်ဆုံး အချိန်တွင်ပင် တစ်ယောက်မှ ကြွက်သားပင် မလှုပ်သည်အထိ မျက်နှာထား မပြောင်းလဲကြခြင်းဖြစ်သည်။

သံသယဝင်ရန် မလိုလောက်အောင် ဒီတိုက်ပွဲတွင် မာန်ရှဲ့ယွီစန်းဘက်က ကြီးမားစွာ ရှုံးသွားသည်။

“မျိုးမစစ်တွေ”

ခဲ့လော့ဖုန်းက တောင်ပေါ်မှ ထန်စစ်တပ်ကိုကြည့်ပြီး တစ်ကိုယ်လုံးက ဒေါသကြောင့် လှုပ်ခါလာသည်။

ကျောက်တုံးဖြူတပ်ရင်းက သူကိုယ်တိုင် လေ့ကျင့်ပေးထားသော လက်ရွေးစင် တပ်ရင်းများထဲမှ တစ်ခုဖြစ်ပြီး သွမ့်ဝူကျုံးအပေါ်လည်း သူက မျှော်လင့်ချက်ကြီးကြီး ထားထားသည်။ မျှော်လင့်ထားသည်မှာ အလွယ်တကူ ရှုံးသွားသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကိုယ်တိုင်၏ အရှေ့တွင် ရှုံးသွားခြင်းဖြစ်သည်။

“ဒါက ဒီမျိုးမစစ် လုပ်တာကြောင့်ပဲ”

ခဲ့လော့ဖုန်းက သူ၏ဒေါသကို မထိန်းနိုင်တော့ချေ။ မနေ့ညက တိုက်ပွဲတွင် တိဗက်လူမျိုးများက နှစ်ကြိမ်တိုင်တိုင် ရှုံးသွားခဲ့ပြီး စစ်သည်ငါးသောင်း ရှုံးသွားသည်။ ခဲ့လော့ဖုန်းက ဘာမှမဖြစ်သလို နေခဲ့သည်။ စိတ်ထဲမထားပေ။ ဒါကသူ၏ စစ်တပ်လည်း မဟုတ်ပေ။ ကရုစိုက်စရာ မလိုချေ။

သို့သော် သွမ့်ဝူကျုံး၏ ဖျော်ဖြေမှုနှင့် တိဗက်များ၏ လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်စရာပင် မရှိနေခဲ့ချေ။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်း၏ အရှေ့တွင်ပင် ဒီလိုဖြစ်သွားခြင်းက သူ၏မျက်နှာကို ရွံ့ဖြင့်လာသုတ်သလို ဖြစ်သွားသည်။

“အရှင်မင်းကြီး ဒေါသထွက်စရာ မလိုပါဘူး။ ဒါကစမ်းသပ်တာပဲ ရှိသေးတယ်။ တကယ်တိုက်ခိုက်တာမှ မဟုတ်သေးတာ”

သာ့လွန်ရော့ကျန်းက ခေါင်းကိုခါလျှက် ဆက်ပြောသည်။

“ဟော်ရှု့ဟွေ့ခမ်း ဒါကမင်းရဲ့ နယ်မြေပဲ။ မင်းဘယ်လိုထင်လဲ”

ထိုသို့ပြောပြီးနောက် သူက ဟော်ရှု့ဟွေ့ခမ်းကို လှည့်ကြည့်သည်။

ဟော်ရှု့ဟွေ့ခမ်း စကားပြောနိုင်ရန် အချိန်ယူလိုက်ရသည်။ သူ၏မျက်နှာထားက အလွန်လေးနက်လွန်းသည်။

“ဒီကောင်စုတ်လေးက မရိုးရှင်းဘူး။ သူ့ရဲ့အမိန့်အောက်မှာ အန်းနန်အစိုးရစစ်တပ်က အခြားတစ်ခုလို ဖြစ်သွားတယ်။ ငါစိုးရိမ်တာက ဒီတိုက်ပွဲက ဒုက္ခအရမ်း များလိမ့်မယ်”

“အာ”

သာ့လွန်ရော့ကျန်းပင် မျက်မှောင်ကျုံ့သည်။ သူ၏အပြုံးကပင် ယုံကြည်မှု မရှိတော့ချေ။

သာ့လွန်ရော့ကျန်းက နှစ်ပေါင်းများစွာကြာအောင် ဟော်ရှု့ဟွေ့ခမ်းနှင့် အတူပူးပေါင်း လုပ်ဆောင်ခဲ့သည်။ သူဒီလိုမျက်နှာထားမျိုး ပြခဲသည်။ အထူးသဖြင့် တစ်ဖက်သူ၏နှုတ်မှ ဒုက္ခများနိုင်သည်ဆိုသော စကားမျိုးကိုပင် ကြားရခဲသည်။ ဟော်ရှု့ဟွေ့ခမ်းက တိုက်ပွဲကို ဆာလောင်ပြီး ခက်ထန်ကြမ်းတမ်းလွန်းသော စရိုက်ရှိသည်။ သူက အလားအလာရှိသော ရန်သူနှင့် တွေ့ရသည့်အခါ ထိုလူကို မည်သို့ရှုံးအောင် လုပ်မည်နည်းဟူ၍သာ တွေးသည်။ ဒုက္ခများသည်ဟု မတွေးခဲ့ဖူးချေ။

“ဒီကောင်စုတ်လေးက ဒီလောက်ထိ လုပ်နိုင်တာလား”

သာ့လွန်ရော့ကျန်း၏ မျက်မှောင်ကပင် ကျုံ့သွားသည်။ သူက စစ်တပ်ရေးရာ ကိစ္စများကို များများစားစား နားမလည်ချေ။ သို့သော် ဟော်ရှု့ဟွေ့ခမ်းကပင် ထိုမျှသတိထားနေလျှင် ကိစ္စက မတူတော့ချေ။

“မာန်ရှဲ့ကျောင်း စစ်သည် ၈၇၀၀ကို သတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

ထိုအချိန်တွင် တောင်ထိပ်မှ လေထုအခြေအနေက ကွာခြားသည်။ တိုက်ပွဲက အဆုံးသတ်သွားမည့် အချိန်တွင်ပင် ကောင်းကင်မှ ဆင်းသက်လာသလိုမျိုး ရင်းနှီးကျွမ်းဝင်သည့် အသံကို ကြားလိုက်ရသည်။

တိုက်ပွဲနယ်မြေက မရှင်းလင်းခင်မှာတင် ဝမ်ချောင်က မာန်ရှဲ့ကျောင်း၏ ဆုံးရှုံးမှုကို သိလိုက်သည်။ အချိန်တခဏထဲနဲ့တင် မာန်ရှဲ့ကျောင်း၏ စစ်တပ်မှ စစ်သည်ရှစ်ထောင်ကျော် ဆုံးရှုံးသွားရသည်။

“အံ့သြစရာပဲ”

ဘေးဘက်မှ ချန်းရှုစွန်းကပင် အောက်သို့ စိတ်လှုပ်ရှားစွာကြည့်လျှက် ပြောလာသည်။

ချန်းရှုစွန်းကိုလည်း သူ၏ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းသွားသည့်အတွက် အပြစ်တင်၍ မရချေ။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က အင်အားအပြည့်ဖြင့် ရောက်လာကြပြီး သူတို့၏ စစ်သည်ငါးသိန်း ပမာဏက မိုးကုတ်စက်ဝိုင်းအထိ ရောက်နေသလိုမျိုး အဆုံးအစွန်ကို မြင်ရန်ခက်ခဲလောက်အောင် ဒါကအပြည့်ရှိနေသည်။ ဒါကသူတို့အတွက် ကြီးမားသော ဖိအားကို ဖြစ်စေသည်။

လူတိုင်းက အပေါ်ယံတွင် ထုတ်မပြသော်လည်း ချန်းရှုစွန်း အပါအဝင် ထိုဖိအားကို ခံစားမိသည်။ အန်းနန်အစိုးရစစ်တပ်က ဒီတစ်ကြိမ် အနောက်တောင်ပိုင်းတွင် ဆုံးရှုံးမှု ကြီးမားလွန်းခဲ့သူဖြစ်သည်။

ဒီတိုက်ပွဲက ကြီးမားသော အဆုံးအဖြတ်ကြီးဖြစ်သည်။ သူတို့ကသာ ပထမတစ်သုတ်တွင် ရှုံးသွားခဲ့လျှင် မာန်ရှဲ့ယွီစန်းတို့က တောင်ပေါ်သို့ တက်ရန်ပင်မလိုဘဲ စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်က ကျရှုံးသွားတော့မည်ဖြစ်သည်။ သူတို့က အရေအတွက် အပြတ်အသတ်ကွာသည်။ ပထမတစ်သုတ် ရှုံးနိမ့်သွားသည်နှင့် ဒါကလူတိုင်း၏ တိုက်ခိုက်လိုစိတ်က ကုန်းကောက်စရာပင် ရှိတော့မည်မဟုတ်ချေ။ သို့သော် သူတို့က နိုင်သွားသည့်အခါ အခြေအနေက မတူတော့ချေ။ စစ်တပ်၏ ဗိုလ်ချုပ်နှစ်ယောက်ဖြစ်သော ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က ဘာမှမလုပ်ရသော်လည်း စစ်တပ်၏ အဓိကအင်အားစုက ဒီထဲတွင် ဝင်မပါရသေးသော်လည်း သူတို့က နိုင်သွားသည်။ ဒါကသူတို့၏ အင်အားကို ပြသပြီးသားဖြစ်သည်။ ဒါက အင်အား၏ မျက်နှာထားဟုပင် ဆို၍ရသည်။

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလျှက်သာ တုန့်ပြန်သည်။ ဒါက အစောပိုင်း စမ်းသပ်မှုသာ ဖြစ်သေးပြီး အစစ်အမှန်ဟု ပြော၍မရသေးချေ။ တစ်စုံတစ်ရာက လိုအပ်နေသေးသည်။

ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ချက် ရောက်လာပြီး သူက တောင်အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူသတ်လိုက်သော စစ်သည်တစ်သောင်း ပြည့်သွားတိုင်း ဝမ်ချောင်က သူရှုံးသွားသော စစ်သည် အရေအတွက်ထဲမှ စစ်သားငါးရာကို ပြန်ရမည်ဖြစ်သည်။ ရှစ်ထောင့်ခုနှစ်ရာက တစ်သောင်းပြည့်ရန် ပမာဏ အနည်းငယ် လိုအပ်နေသေးသည်။

All Chapters