← Chapters

အခန်း (၅၇၁-၅၇၅)

Vol. 28 Ch. 571-575

အခန်း (၅၇၁-၅၇၅)

Vol. 28 Ch. 571-575

အခန်း(၅၇၁)

သွမ့်ဝူကျုံး၏ ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားသည့်နောက် မျက်လုံးပေါင်းများစွာက လိုက်ပါသွားသလိုမျိုး၊ အချိန်ကပင် နှေးကွေးသွားသလိုမျိုး အားလုံးက ထင်ထင်ရှားရှား မြင်လိုက်ရလေသည်။ တောင်ထိပ်ပေါ်တွင် အရာအားလုံးကို အမိန့်ပေးနေသော ဝမ်ချောင်ကိုယ်တိုင်ကပင် မျက်လုံးပြူးသွားရသည်။

“ကျောက်ဝူကျန်း”

ဝမ်ချောင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှု တစ်စွန်းတစ်စကို မြင်နိုင်သည်။

သွမ့်ဝူကျုံးက အားနည်းခြင်းမရှိချေ။ မာန်ရှဲ့ကျောင်းစစ်တပ်၏ အင်အားအကြီးမားဆုံး စစ်တပ်များထဲမှ တစ်ခုဖြစ်သည့် ကျောက်တုံးဖြူတပ်ရင်းကို အမိန့်ပေး ဦးဆောင်နိုင်သော လူတစ်ယောက်က အ့ဟိုင်စစ်ပွဲတွင် အန်းနန်အစိုးရစစ်တပ်ကို အနိုင်ရယူခဲ့သော လူတစ်ယောက်က အားနည်းစရာအကြောင်း မရှိချေ။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်က သိထားသည့်အတိုင်းဆိုလျှင် သမိုင်းတွင်ပင် သွမ့်ဝူကျုံးက နေ့လည်ခင်း နေမင်းတမျှ မြင့်မားလောက်အောင် ကျော်ကြားမှုကို ပိုင်ဆိုင်ထားသည့် မာန်ရှဲ့ကျောင်း၏ ရဲရင့်သော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ ပြောရလျှင် ကျောက်ဝူကျန်းကို ကျော်လွန်ပြီးသားဖြစ်သည်။ ဝမ်ချောင်က မူလက ယုံကြည်ထားသည်မှာ ကျောက်ဝူကျန်းက သွမ့်ဝူကျုံးကို ထိန်းထားပြီး တိုက်ပွဲကို သက်ရောက်မှုရှိလာအောင် မလုပ်နိုင်စေလျှင်ပင် လုံလောက်ပြီဟု ယုံကြည်ခဲ့သည်။

သူက မမျှော်လင့်ထားခဲ့သည်မှာ ကျောက်ဝူကျန်းက သွမ့်ဝူကျုံးကို တားနိုင်ရုံသာ မကဘဲ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ အင်အရဆိုသော် သူက သွမ့်ဝူကျုံးကို အပြတ်အသတ် သာလွန်သွားလေသည်။

ဝုန်း

သွမ့်ဝူကျုံး၏ လေထဲသို့ လွင့်ထွက်သွားသော ခန္ဓာကိုယ်က အမြှောက်တစ်ခုမှ ထွက်သွားသော အမြှောက်တစ်ခုလိုမျိုး မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြန်ပြုတ်ကျသွားသည်။ သွမ့်ဝူကျုံးက ပြုတ်ကျသွားသော မြေပြင်က ချက်ချင်းလိုလို ကွဲအက်ရာများအပြည့် ဖြစ်သွားပြီး လေထဲသို့ ဖုန်မှုန့်များ အလုံးလိုက် မြောက်တက်သွားသည်။

“ဗိုလ်ချုပ်”

ပတ်ဝန်းကျင်ရှိ ကျောက်တုံးဖြူတပ်ရင်းမှ လူတိုင်းက မျက်နှာဖြူဖျော့သွားသည်အထိ အံ့သြသွားကြရကာ သွမ့်ဝူကျုံးက ကျောက်တုံးဖြူတပ်ရင်း၏ မရှိမဖြစ် အရေးကြီးဆုံး တည်ရှိမှုတစ်ခုဖြစ်သည်။ သွမ့်ဝူကျုံးကို ဆုံးရှုံးလိုက်ရခြင်းက ကျောက်တုံးဖြူတပ်ရင်း၏ လောကကြီး အဆုံးသတ်သွားခြင်းနှင့် တူညီသည်။

ကျောက်တုံးဖြူတပ်ရင်းက ရှုံးသွားပြီ။

ဝမ်ချောင်က အပေါ်စီးမှ မော့ကြည့်နေလေသည်။ သူ၏ မျက်ဝန်းထဲတွင် အေးစိမ့်သောအလင်းက ထွက်လာသည်။ ဗိုလ်ချုပ်တစ်ယောက်က အခြားတပ်ဖွဲ့၏ ခေါင်းဆောင်နှင့် တိုက်ခိုက်၍ မရခြင်းမဟုတ်ပေ။ ထိုသို့တိုက်ခိုက်ရန် ရန်သူဝင်္ကပါကို ဖြိုခွဲ၍မရခြင်းလည်း မဟုတ်ပေ။ ထိုအစား အရင်းအနှီးက ကြီးမားလွန်းနေခြင်းဖြစ်သည်။

ဗိုလ်ချုပ်နေရာကို ရထားကတည်းက ထိုလူဟာ သူ၏နောက်လိုက် စစ်သားတိုင်း၏ ဟန်ပြခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နေရခြင်း ဖြစ်သည့်အတွက် ထိုလူဟာ မယုံကြည်နိုင်လောက်အောင် အင်အားကြီးနေရရပေမည်။ လူတစ်ယောက်တွင်သာ လုံလောက်သော အင်အားမရှိလျှင် သွမ့်ဝူကျုံးကဲ့သို့ ယခုလိုအဖြစ်ဆိုးကို ကြုံရသည့်အခါ စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ် အားအင်များအားလုံးက ပြိုလဲပျက်စီးသွားပေလိမ့်မည်။ ဗိုလ်ချုပ်တစ်ယောက်က စစ်တပ်ကို ဦးဆောင်ကာ ရန်သူနှင့်တိုက်ခိုက်ခြင်းက စစ်တပ်၏ အင်အားကို တိုးတက်စေနိုင်စွမ်းရှိသလို တချိန်ထဲတွင်ပင် ယခုလို ကံဆိုးမှုကို ကြုံရသောအခါ ပြိုလဲကျစေနိုင်စွမ်းလည်း ရှိနေသည်။ သွမ့်ဝူကျုံးကိုယ်တိုင်ကပင် ကျောက်တုံးဖြူတပ်ရင်း၏ တိုက်ခိုက်လိုစိတ်များ အားလုံးက ပြိုလဲကျသွားကြောင်း မသိလောက်ချေ။

ရှောင်ဟယ်က မွေးထားသော်လည်း ရှောင်ဟယ်ကြောင့် ပြန်သေသွားတယ်ဆိုတဲ့ အတိုင်းပဲ။

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ သူ၏ကျောနောက်သို့ ပို့ထားသောလက်က ခပ်တင်းတင်း ဆုပ်မိသွားလျှက် အောက်ဘက်ရှိ ဖုန်အလုံးလိုက် ထနေသော နေရာသို့သာကြည့်လိုက်သည်။

တိုက်ခိုက်လိုစိတ်နှင့် စိတ်ဓာတ်အင်အားဆိုသည်မှာ အကောင်အထည် မရှိသော ရုပ်ဝတ္တုပစ္စည်းဟု သူဘယ်သောအခါမှ မတွေးခဲ့ဖူးချေ။ သာမာန်စစ်သည်တော် တစ်ယောက်က လေဒဏ်မိုးဒဏ်ကို ခံပြီး သတိကြီးကြီးဖြင့် ကိုယ့်ကိုယ်ကို ပစ်ဝင်ကာ သူတို့၏ဗိုလ်ချုပ်နှင့်အတူ တိုက်ခိုက်ချင်စိတ် ရှိကောင်းရှိနိုင်သည်။ သို့သော် ထိုသို့မဟုတ် ဒီလိုအခြေအနေမျိုးတွင် ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်သည်။

စိတ်ဓာတ်အင်အားကို အခြေအနေကို စဉ်းစားသုံးသပ်ကြည့်မည်ဆိုလျှင် ယခင်တစ်မျိုးက တစ်ရာ ရာခိုင်နှုန်းအပြည့် အားအင်ရှိသည်ဟု ပြောရလျှင် နောက်တစ်မျိုးကမူ သုံညအထိ ရောက်သွားခြင်းဖြစ်သည်။ တိုက်ပွဲနယ်မြေ စိတ်ဓာတ်အင်အားက ရန်သူ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သည်။

“ဗိုလ်ချုပ်ကိုကာကွယ်ကြ”

“မင်းတို့တွေ စစ်တပ်ကို ဦးဆောင်ပြီး ပြန်ဆုတ်ကြ။ ငါသူတို့ကို အချိန်ဆွဲထားလိုက်မယ်”

“ညီအစ်ကိုတို့ ဗိုလ်ချုပ်က ငါတို့အားလုံးကို ညီအစ်ကိုလိုပဲ ဆက်ဆံပေးခဲ့တာ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဗိုလ်ချုပ်တစ်ခုခု ဖြစ်သွားလို့မရဘူး”

“စစ်သားတွေက တခဏ တိုက်ခိုက်ဖို့အတွက် ရက်တစ်သောင်းလောက် လေ့ကျင့်ပေးရတယ်။ ဗိုလ်ချုပ်က ငါတို့ကို ဘယ်လောက်တောင် ကောင်းကောင်း ဆက်ဆံပေးခဲ့သလဲ။ အခုငါတို့ကသူ့ကို ပြန်ပေးဆပ်ရမဲ့ အချိန်ပဲ”

ဝုန်း

ကျောက်ဝူကျန်းက နောက်က မလိုက်လာခင်မှာတင် ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်များက အပြေးဝင်လာပြီး မိုက်ရူးရဲဆန်စွာဖြင့် ကျောက်ဝူကျန်းထံ ပစ်ဝင်လာကြသည်။ မည်သည့် စစ်တပ်တွင်မဆို မည်မျှပင် အကျင့်ပျက် ချစားနေစေကာမူ၊ မည်မျှပင် စိတ်ဓာတ်အင်အား မကောင်းမွန်နေစေကာမူ ယခုကဲ့သို့ သစ္စာရှိနောက်လိုက်များက ရှိစမြဲဖြစ်သည်။ သွမ့်ဝူကျုံးက ကျောက်တုံးဖြူတပ်ရင်းမှ ဗိုလ်ချုပ်တစ်ယောက်တွင်လည်း သူ၏လက်အောက်တွင် အလားတူ မရေမတွက်နိုင်အောင် များပြားသည့် လက်ရွေးစင် စစ်သားများရှိပြီး ယခုကဲ့သို့ ယုံကြည်ရသူများ လစ်လပ်ခြင်းမရှိချေ။

ဝုန်း ဝုန်း ဝုန်း

ကျောက်ဝူကျန်း၏ ထုထည်တစ်ခုလို များပြားသိပ်သည်းစွာ ဖြစ်ပေါ်နေသော ဆူးချွန်ပေါ် ချီစက်ကွင်းများက တုန်ခါလာပြီး ကြယ်တာရာ စွမ်းအင် အလုံးလိုက်ထုတ်ဖော်ကာ နီးကပ်လာသူတိုင်းကို လွင့်ထွက်သွားစေသည်။ ထိုလူများက မြေပြင်ကို မထိခင်မှာတင် အလောင်းဖြစ်သွားကြသည်။

သို့တိုင်အောင် အကြောက်အလန့်မဲ့သော ကျွမ်းကျင်ပညာရှင်များက အပြေးဝင်လာပြီး ကျောက်ဝူကျန်း၏ လမ်းကိုပိတ်ကြသည်။

“သတ် သွမ့်ဝူကျုံးကို အပြတ်ရှင်းကြစမ်း”

“သွမ့်ဝူကျုံးကို မပြေးစေနဲ့”

“ဒီသစ္စာဖောက် ခွေးတွေကိုသတ်ပြီး ဗိုလ်ချုပ်ကျောက်အတွက် လမ်းဖွင့်ပေးရအောင်”

“ညီအစ်ကိုတို့ ရှေ့တက်ကြ။ ကလဲ့စားချေရမဲ့အချိန်ပဲ။ သွမ့်ဝူကျုံးကို မလွတ်သွားစေနဲ့”

သွမ့်ဝူကျုံးကဲ့သို့သော လူမျိုးတွင် သစ္စာရှိအစောင့်များ မရှားသလို ကျောက်ဝူကျန်းကလည်း ရှားပါးခြင်းမရှိချေ။ သူ့တွင်လည်း နောက်လိုက် လက်ရွေးစင်များနှင့် သတ္တိကြီးသူများလည်းရှိသည်။ တောင်ခြေ ဆင်ခြေလျောတစ်လျှောက်တွင် ကျောက်ဝူကျန်း၏ မရေမတွက်နိုင်သော စစ်သားများ အားလုံးက အောက်သို့ အသားကုန် ဆင်းသက်ကာ ကျောက်တုံးဖြူတပ်ရင်း၏ လက်ရွေးစင်များကို တိုက်ခိုက်ကြလေသည်။

နှစ်ဖက်လုံးက အကြောက်အလန့် မဲ့နေကြသည်။ ကျောက်ဝူကျန်းနှင့် သွမ့်ဝူကျုံး၏ကြားမှ ရန်ငြိုးက အန်းနန်အစိုးရစစ်တပ်နှင့် ကျောက်တုံးဖြူတပ်ရင်း၏ ရန်ငြိုးအဖြစ် ပြောင်းလဲသွားပြီး လူပေါင်းများစွာ၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

အရပ်မျက်နှာအနှံ့ စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားချိန်တွင် လက်ရွေးစင်နှစ်ဖွဲ့က အချင်းချင်း တိုက်ခိုက်နေကြသည်မှာ အသားကြိတ်စက် တစ်ခုအလား သွေးများကို ပန်းထွက်လာစေသည်။ အခြားတစ်ဖက်တွင် ကျောက်တုံးဖြူတပ်ရင်း၏ အဓိက အရာရှိများက ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့သွားလျှက် သွမ့်ဝူကျုံးကိုသယ်ကာ တောင်အောက်သို့ဆင်းသည်။

ကျောက်ဝူကျန်း၏ ကြယ်တာရာစွမ်းအင်များက ဒီနေရာတောက်လျှောက် ပြည့်နှက်သွားပြီး ကျောက်တုံးဖြူတပ်ရင်းမှ လက်ရွေးစင်များကို ကျလာသော သစ်ရွက်ကြွေများကဲ့သို့ လွင့်ထွက်သွားစေသည်။ သို့သော် နောက်ဆုံးတွင် သူကသက်ပြင်းသာ ချလိုက်ရသည်။

“နှမြောစရာပဲ သွမ့်ဝူကျုံး မျိုးမစစ် ကြည့်ရတာမင်းရဲ့ အသက်က ဒီနေရာမှာ ချန်ခဲ့မှာ မဟုတ်ဘူးပဲ”

အန်းနန်အစိုးရစစ်တပ်က အရေအတွက် နည်းပါးနေခြင်း မရှိသည့်တိုင်အောင် ကျောက်ဝူကျန်းက နောက်ဆုံး တစ်ကွက်တွင် လက်လျော့လိုက်ရသည်။ ကျောက်တုံးဖြူတပ်ရင်း၏ ရူးမိုက်သလိုမျိုး မိုက်ရူးရဲဆန်စွာ အသားကုန် တိုးဝင်ကာ နှောက်ယှက်လိုက်ခြင်းက သွမ့်ဝူကျုံးကို လွတ်မြောက်ရန် အခွင့်ပေးလိုက်သလို အောင်မြင်သွားခဲ့သည်။

“နောက်ဆုတ် မြန်မြန်နောက်ဆုတ်ကြ”

သွမ့်ဝူကျုံး၏ ရှုံးနိမ့်မှုနှင့်အတူ အန်းနန်အစိုးရစစ်တပ်၏ တိုက်ခိုက်လိုစိတ်က အမြင့်ဆုံး ရောက်ရှိသွားချိန်တွင် ကျောက်တုံးဖြူတပ်ရင်း၏ တိုက်ခိုက်လိုစိတ်ကမူ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပထမဦးဆုံး တစ်ကြိမ် မတူညီသည်မှာ ကျောက်တုံးဖြူတပ်ရင်းက ဒီတစ်ကြိမ်တွင်ပင် အပြတ်အသပ် ရှုံးသွားခြင်းဖြစ်သည်။

“ဟမ့် မင်းကပြေးချင်တာလား။ အဲ့ဒီလောက် လွယ်မယ်ထင်လား”

တောင်ထိပ်ပေါ်ရှိ လေပြင်းများကြားတွင် ရပ်နေသော ဝမ်ချောင်က မြင်ကွင်းတစ်ခုလုံးကို ထင်ထင်ရှားရှား မြင်နိုင်နေသည်။ အရာအားလုံးက စီစဉ်ထားသည့်အတိုင်း ဖြစ်သွားခဲ့သည်။

ဒါကိုသူက အလွယ်တကူ လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ လက်မောင်းကိုတစ်ချက် ယမ်းလိုက်သောအခါ တိုက်ပွဲနယ်မြေ တစ်ခုလုံးက ရွေ့လျားသွားသည်။ ထန်စစ်သားများက စတင်ကာ နောက်မှလိုက်ဖမ်းကြပြီး လျှင်မြန်စွာဖြင့် ထွက်ပြေးသော ကျောက်တုံးဖြူတပ်ရင်းကို မိသွားသည်။

“ရန်သူက ချီတက်လာရင် ငါက နောက်ဆုတ်မယ်။ ရန်သူက နောက်ဆုတ်ရင် ငါကချီတက်ရမယ်။ ရန်သူက တိုက်ခိုက်ရင် ငါတို့ကခုခံမယ်။ ရန်သူကခုခံရင် ငါတို့က တိုက်ခိုက်ရမယ်”

ဆိုသည်မှာ ဝမ်ချောင်က ဒီတိုက်ပွဲအတွက် ပြင်ဆင်ပေးထားသည့် စည်းမျဉ်းအချက်များသာလျှင်ဖြစ်သည်။ သို့သော် ကျောက်တုံးဖြူတပ်ရင်းကို သူ၏လက်ဖဝါးပေါ်မှာ ဆော့ကစားစရာ တစ်ခုလိုမျိုး ပြောင်းလဲနိုင်ခဲ့သည်။

“သတ်”

မရေမတွက်နိုင်သော အန်းနန်အစိုးရစစ်တပ်၏ စစ်သည်တော်များ အားလုံးက တောင်အောက်သို့ အမဲလိုက်ကြသည်။ သူတို့က ကျုံးဝါးလျှက် သေချာလေ့ကျင့်ပေးထားသော ထန်စစ်တပ် အတန်းရှည်ကြီးက လူလုံးထွက်ပြလာကြတော့သည်။ သူတို့၏ လျှင်မြန်သည့် ချီတက်မှုနှင့်အတူ သူတို့၏ ဝင်္ကပါကိုလည်း တည်မြဲအောင် ထိန်းထားနိုင်သည်။

တစ်သောင်း

နှစ်သောင်း

သုံးသောင်း

စုတ်ဖြဲခံရသော စက္ကူယပ်တောင် တစ်ခုလိုမျိုး ကျောက်တုံးဖြူတပ်ရင်းမှ ပို၍များပြားသည့် စိတ်ဓာတ်ကျနေကြသော စစ်သည်တော်များက အန်းနန်အစိုးရစစ်တပ်၏ အမိဖမ်းခံရသဖြင့် သေဆုံးသောလူ၏ အရေအတွက်က နှစ်သောင်းထိ ရောက်ရှိသွားသည်။ ထို့နောက်သုံးသောင်း။ နောက်ဆုံး လေးသောင်းအထိ ဖြစ်သွားပြန်သည်။

ကျောက်တုံးဖြူတပ်ရင်းက မခုခံရဲဘဲ သူတို့၏စိတ်ကို ထွက်ပြေးရန်သာ အားစိုက်ထားကြလေရာ သူတို့အားလုံးက အသတ်ခံရလေမည်။ လျှင်မြန်စွာ အသတ်ခံနေရသည်။

ဒါက ရန်သူကို ကျောပေးလျှက် အသေခံခြင်းထက် မခြားတော့ချေ။

ကျောက်တုံးဖြူတပ်ရင်းကသာ နောက်လှည့်ပြီး ရင်ဆိုင်မည်ဆိုလျှင် သူတို့က ဝမ်ချောင်၏ ရန်သူကချီတက်လျှင် ငါတို့က နောက်ဆုတ်မယ်။ ရန်သူက နောက်ဆုတ်ရင် ငါတို့က ချီတက်မယ်။ ရန်သူက ခုခံရင် ငါတို့ကတိုက်ခိုက်မယ်။ ရန်သူကတိုက်ခိုက်ရင် ငါတို့ကခုခံမယ်ဆိုသည့် ဗျူဟာထဲ ထပ်မံရောက်သွားပြီး အနှေးနဲ့အမြန် သေရအုံးမည်ဖြစ်သည်။

အဆုံးတွင် ဆုံးရှုံးမှု အရေအတွက် တန်ကြေးက ပို၍များပြားသွားနိုင်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ။ မာန်ရှဲ့ကျောင်းစစ်တပ်က စစ်သည်သုံးသောင်း သေဆုံးသွားပါပြီ”

ကံကြမ္မာ ကျောက်တုံးမှ ရင်းနှီးကျွမ်းဝင်သည့် အသံက နားထဲဝင်လာသောအခါ ဝမ်ချောင်က အောက်သို့သာ ငုံ့ကြည့်လိုက်လျှက် သူ၏မျက်ဝန်းအတွင်း စူးရှသောအလင်းက လက်သွားသည်။

ရှေ့တိုးလည်းသေရမှာပဲ နောက်ဆုတ်လည်း သေရမှာပဲ။ မင်းတို့ဘယ်လမ်းရွေးမလဲ ငါကြည့်မယ်။

ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ချက် လက်သွားချိန်တွင် သူက တောင်ပေါ်တွင် မြဲမြံစွာရပ်လိုက်လျှက် မျက်နှာထားက တည်တင်းသွားသည်။

ငါက အခြားမတူညီတဲ့ လောကတစ်ခုက လူလိုပဲ။ အခု မာန်ရှဲ့ယွီစန်းစစ်တပ်ကို မှန်ကန်တဲ့ ရွေးချယ်မှု ပေးရတော့မယ်။

တောင်ခြေတွင် သာ့လွန်ရော့ကျန်းက ရုတ်တရက် တိဗက်ဘာသာစကားဖြင့် အမိန့်ထုတ်လိုက်သည်။

“ကျောင်းစစ်လော့ မင်းရဲ့အလှည့်ပဲ”

“ဒါက”

ကျောင်းစစ်လော့က တခဏခန့် တုန့်ဆိုင်းသွားသည်။ သူက သတိလက်လွတ် မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကို ကြည့်လိုက်သည်။ မဟာအမတ် သာ့လွန်ရော့ကျန်းက နာ့ယိတော်ဝင်တပ်ရင်းတွင် အဆင့်အမြင့်ဆုံး ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သော်လည်း စစ်ရေးကိစ္စများတွင် ဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကသာ အမိန့်ပေးသူဖြစ်သည်။

ပို၍ဆိုးသည်မှာ လူတိုင်းကလည်း မဟာအမတ်က အလွန်အမင်း ဉာဏ်ကောင်းကြောင်း သိထားသော်လည်း သူဟာ အစီအစဉ်နှင့် တွက်ချက်မှုများကိုသာ လုပ်ဆောင်နိုင်သူဖြစ်သည်။ အစစ်အမှန် စစ်အနုပညာပိုင်း အရတွင် မဟာအမတ်က ထိုမျှအထိ တော်လွန်းခြင်းမရှိချေ။

“မဟာအမတ်ရဲ့ စကားကို မင်းမကြားဘူးလား သွား”

ဟော်ရှု့ဟွေ့ခမ်းက ပေါ့ပါးစွာပြောလိုက်သည်။ သူ၏မျက်နှာထားကမူ တည်ငြိမ်နေသည်။ သူကလက်ကို ယမ်းပြလိုက်သည်။

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ ထွက်သွားပါပြီ”

သူ၏စိတ်က တည်ငြိမ်သွားသည်။ ကျောင်းစစ်လော့က အလျှင်အမြန် ခေါင်းငုံ့ကာ ထွက်သွားဖို့ပြင်သည်။

“နေအုံး အရှေ့မြောက်ပိုင်းကနေ ဖြိုခွဲလိုက်”

ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် ကျောင်းစစ်လော့ကို လှမ်းအော်လိုက်သည်။

“ဟုတ်ကဲ့အရှင်”

သူ၏စိတ်က အားအင်အပြည့် ဖြစ်သွားပြီးနောက် ပို၍မြန်ဆန်စွာ ထွက်ခွာသွားတော့သည်။

ကျောင်းစစ်လော့က ထွက်သွားသောအခါ ဟော်ရှု့ဟွေ့ခမ်းက လှည့်ပြီးနောက် သာ့လွန်ရော့ကျန်းကို ကြည့်သည်။

“မဟာအမတ်က မာန်ရှဲ့ကျောင်းကို စိုးရိမ်နေတာလား”

သူက တိဗက်ဘာသာဖြင့် ပြောလိုက်သောကြောင့် ကျန်သောသူများက နားမလည်နိုင်ချေ။ သာ့လွန်ရော့ကျန်း၏ လေသံက အမိန့်ပေးသော လေသံမျိုးနှင့်မတူဘဲ အခိုင်အမာ တစ်စုံတစ်ရာကို ပြောနေသလိုမျိုးဟုသာ ထင်ရလောက်လေသည်။ ဒါကလည်း တိဗက်လူမျိုးများက ပုံမှန်အတိုင်း ပြုမူတတ်သည့် အမူအရာမျိုးဖြစ်သည်။

“ဟုတ်တယ်”

သူ၏မျက်ဝန်းထဲတွင် စိုးရိမ်မှုကို မြင်နိုင်သည်။

“ဒီကောင်စုတ်လေးက ငါတို့မျှော်လင့်ထားတာထက် အများကြီး လုပ်နိုင်စွမ်းရှိနေတယ်။ မာန်ရှဲ့ကျောင်းက ဆိုးဆိုးဝါးဝါး ရှုံးသွားရင် သူတို့ရဲ့ ဆုံးရှုံးမှုက ကြီးမားနေရင် ငါတို့ရဲ့ အကျိုးအမြတ် ရှိမှာကို တိုက်ခိုက်လိုစိတ် စိတ်ဓာတ်အင်အားက ပရိယာယ်တစ်ခုလိုပဲ။ ပိုဆိုးတာက ခဲ့လော့ဖုန်းက ဘာမှမပြောသေးပေမဲ့ ငါတို့ကသာ ဘာမှမလုပ်ဘူးဆိုရင် ငါတို့ကို ရန်ငြိုးထားလိမ့်မယ်။ ဒါကငါတို့ရဲ့ မဟာမိတ်အတွက် မကောင်းနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က အခြားနေရာတွေမှာ သူတို့ရဲ့ အကူအညီကို လိုအပ်နေသေးတာ”

“ဒီလိုဆိုမှတော့ လှုပ်ရှားကြတာပေါ့”

ဟော်ရှု့ဟွေ့ခမ်းက မထူးခြားနားသလို ပြောသည်။ သူ၏မျက်နှာတွင် ရဲရင့်ပြတ်သားသော ခံစားချက်ကိုသာ မြင်နိုင်သည်။

“ဟော်ရှု့ဟွေ့ခမ်း မင်းကငါ့ထက်အရင် စစ်တပ်ထဲ ဝင်ထားတာပဲ။ မင်းက ဗိုလ်ချုပ်မဖြစ်လာခင်မှာ ခြင်္သေ့ဖြူ မဟာဗိုလ်ချုပ်ရဲ့ လက်အောက်မှာ လုပ်ဆောင်ခဲ့တယ်လို့ ငါကြားတယ်။ ကျန်းချုံကျန့်ချုံးအပြင် ဗဟိုပြင်ကျယ်မှာ အခြားကျော်ကြားတဲ့ ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံတာမျိုး လုပ်ခဲ့ဖူးလား။ ဒီလိုမျိုး ရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်တာမျိုးကို ကြုံဖူးလား”

ဝမ်ချောင်၏ ဗျူဟာက ရှုပ်ထွေးလွန်းသည်။ ဒါက လူတစ်ယောက်၏ အရိုးပေါ် လောက်များက တက်ပြီး တတိတိ ဒေါသထွက်စရာ ကောင်းသည်။ သူက နောက်ဆုတ်လေ တစ်ဖက်က တိုက်ခိုက်ပြီး သူတို့က တိုက်ခိုက်လေ တစ်ဖက်က နောက်ဆုတ်လေဖြစ်သည်။ သူ၏ လှုပ်ရှားမှုကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သို့တိုင်အောင် ကျောက်တုံးဖြူတပ်ရင်းက ဘာလုပ်ရမှန်းမသိဘဲ သူ၏ဗျူဟာတွင် ကျမြဲကျနေရလေသည်။

ကြောက်စရာ အကောင်းဆုံး ကိစ္စက ကျောက်တုံးဖြူတပ်ရင်း၏ ယခုနောက်မဆုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူက နောက်ဆုတ်ချင်သည့်တိုင်အောင် နောက်ဆုတ်၍ မရခဲ့ချေ။ တိဗက်လူမျိုးများကသာ ဝင်မပါခဲ့လျှင် ကျောက်တုံးဖြူတပ်ရင်း တစ်ခုလုံးက အင်အားလေးသောင်း ငါးသောင်း ပမာဏသာ မကဘဲ အလုံးအရင်း အမြစ်ပြတ် ရှင်းလင်းပစ်ခံရနိုင်သည်။ အများအပြားက ထိုအချက်ကို သတိမပြုမိခဲ့ချေ။ ခဲ့လော့ဖုန်းလည်း အပါအဝင်ဖြစ်သည်။

“ငါမကြုံခဲ့ဖူးဘူး”

ဟော်ရှု့ဟွေ့ခမ်း၏ ခံစားချက်မဲ့သော မျက်နှာတွင် ရှားပါးသော စိတ်လှုပ်ရှားသွားသလို အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် အချိန်အတန်ကြာ တိတ်ဆိတ်သွားတော့သည်။

အင်ပါယာ၏ ကျားဟုခေါ်သော ကျန်းချုံကျန့်ချုံးကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နိုင်ခဲ့သော ဟော်ရှု့ဟွေ့ခမ်းလို လူတစ်ယောက်အနေနှင့် တောင်ပိုင်းတွင် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် တိုင်းပြည်သုံးခုကို တုန်လှုပ်သွားစေလောက်အောင် လုပ်ဆောင်နိုင်စွမ်းအား ရှိလာခဲ့သည်။ သို့သော် သာ့လွန်ရော့ကျန်းက ပင်လယ်တမျှ နက်ရှိုင်းသော ဗဟုသုတများကို ပိုင်ဆိုင်ထားသည့် ပညာရှိတစ်ယောက်ဖြစ်ပြီး ကျန်းချုံကျန့်ချုံးအပါအဝင် လူအများစုက ထိတ်လန့်ရသော လူမျိုးလည်းဖြစ်သည်။

သို့သော် ထိုတခဏတွင် သူတို့နှစ်ယောက်လုံးက တောင်ပေါ်မှ လူငယ်လေးဟာ သူတို့ထက်ပိုပြီး ဗဟုသုတ ပိုပြီးရှိကာ လုပ်နိုင်စွမ်းအား ပိုမြင့်ကြသည်။

အခန်း(၅၇၂)

“သေစမ်း”

အရှေ့မြောက်ဘက်ပိုင်းတွင်ရှိသော စစ်သည်တော်များ အားလုံးက အနားမယူနိုင်ကြချေ။ ကျောင်းစစ်လော့က တိဗက်မြင်းတပ်အဖွဲ့ကို ဦးဆောင်ကာ တောင်ပေါ်သို့ ချီတက်နေချိန်တွင် ဆင်ခြေလျောတွင် ကာထားသော သတ္ထုလို နံရံကြီးများကိုကြည့်ကာ သူ၏ခေါင်းကပင် ကျိမ်းလာကြသည်။

“ဒီကောင်စုတ်က ငါတို့ရဲ့ယွီစန်းကို ပစ်မှတ်ထားနေတာပဲ”

သွမ့်ဝူကျုံးနှင့် သူ၏မာန်ရှဲ့ကျောင်း မြင်းတပ်က များများစားစား ကွာခြားခြင်းမရှိချေ။ မြင်းတပ်တစ်ယောက်၏ ဗိုလ်ချုပ်ဖြစ်သော ကျောင်းစစ်လော့က တစ်ချက်ကြည့်ရုံဖြင့်ပင် ဆင်ခြေလျောတလျှောက် ကာရံထားခြင်းက တိဗက်လူမျိုးများကို ပစ်မှတ်ထားထားခြင်းဖြစ်ကြောင်း သေချာနေသည်။

“ဒီကောင်စုတ်လေး တကယ်ပဲ ဘယ်နေရာက လာတာလဲ”

အချိန်ကိုသာ ရေတွက်ကြည့်မည်ဆိုလျှင် ကျောင်းစစ်လော့အနေနှင့် ဝမ်ချောင်နှင့် ရင်ဆိုင်ရခြင်းက တတိယအကြိမ်ဟု ဆို၍ရသည်။ ပထမဦးဆုံးအကြိမ်က အန်းနန်အစိုးရစစ်တပ်၏ ဝမ်ရန်က ဦးဆောင်သော စစ်တပ်ကို သူကလိုက်ဖမ်းသည့် တစ်ခေါက်တွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကမူ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းနှင့် ပြင်ကျယ်တွင် ပူးပေါင်းသွားသည့် တစ်ကြိမ်ဖြစ်သည်။

မဟာထန်က အလားအလာကောင်းသော ပြိုင်ဘက်များကို မွေးမထုတ်ပေးနိုင်ခဲ့သည်ဟုလည်း ဆို၍မရချေ။ သို့သော် လုံချီနယ်စပ်မှ ခဲ့ရှု့ဟန်ဟာ အမြဲတစေ ယွီစန်းက အထိတ်လန့်ရဆုံးပြိုင်ဘက် ဖြစ်နေခဲ့သည်။ သို့သော် အသေအချာ သုံးသပ်ပြီးနောက် အတိအကျ ပြောရမည်ဆိုလျှင် နှစ်ကြိမ်ဆက်တိုက် ရှုံးပြီးနောက် ယခုလို အထပ်ထပ် ကာရံထားသော သတ္ထုမြို့ရိုးများလို နံရံများကို တောင်အပြည့် ပိတ်ဆို့ထားခြင်းအား မြင်လိုက်ရချိန်တွင် ကျောင်းစစ်လော့ဟာ နောက်လှည့်ကာ ပြေးချင်နေပြီဖြစ်သည်။ မဟာဗိုလ်ချုပ်၏ အမိန့်ကသာ သူ့ကိုဒီနေရာတွင် ဆက်နေစေသည်။

ထိုတောင်က မြင်းတပ်အတွက် ငရဲနှင့်မခြားတော့ချေ။

ကျောင်းစစ်လော့က မဟာဗိုလ်ချုပ်နှင့် မဟာအမတ်တို့က မာန်ရှဲ့ကျောင်း၏ စစ်တပ်ကို ရှေ့ပြေးတပ်အဖြစ် အသုံးပြုမည်လောဟုပင် သံသယဝင်သွားသည်။

“ဒီသောက်ကျိုးနည်းကောင်စုတ် ငါ့ထဲကိုသာ ကျလာရင် သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစဖြစ်အောင် စုတ်ဖြဲပစ်မယ်”

ကျောင်းစစ်လော့က ရုတ်တရက် ခေါင်းမော့ကာ တောင်ထိပ်ပေါ်မှ သေးငယ်ပိန်ပါးသည့် ပုံရိပ်လေးကို စိုက်ကြည့်လိုက်သည်။ ထိုပုံရိပ်က ခိုင်မာတောင့်တင်းကာ ရှိန်စရာလည်း ကောင်းမနေခဲ့ချေ။ သို့သော် ထိုခန္ဓာကိုယ်ထဲတွင် သေလုအောင် ချောက်ချားသွားစေလောက်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည့် အင်အားအပြည့် ရှိနေသည်။

လူအများက လှည့်စားခံရနိုင်သည့်တိုင်အောင် ကျောင်းစစ်လော့ကမူ ဒီတိုက်ပွဲ၏ အစစ်အမှန်ဗိုလ်ချုပ်၊ သွမ့်ဝူကျုံးကို ရှုံးသွားစေသော ထိုတိုက်ပွဲအပါအဝင် နောက်ပိုင်းဆက်တိုက်မည့် တိုက်ပွဲတလျှောက်တွင် အရာအားလုံးကို ဦးဆောင်အမိန့်ပေးနေမည့်လူက မဟာထန်မှ အခြားသော ဗိုလ်ချုပ်များလည်း မဟုတ်သလို ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံး၊ ကျောက်ဝူကျန်းတို့လည်းမဟုတ်ဘဲ ထိုကောင်စုတ်လေးသာ ဖြစ်ကြောင်း နားလည်နေသည်။ အစမှအဆုံးအထိ သူက တောင်ထိပ်ပေါ်မှ လက်လှမ်းမမှီနိုင်သော လူငယ်တစ်ယောက်လိုမျိုး မည်သည့်နေရာက ပေါ်ထွက်လာမှန်းမသိဘဲ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်း သွားနိုင်သူလည်း ဖြစ်နေသည်။

မဟာဗိုလ်ချုပ်၏ ခန့်မှန်းမှုက မှန်ကန်သည်။ တောင်၏အဓိက တပ်ရင်းလေးခုတွင် အရှေ့မြောက်ထောင့်ပိုင်းက ချိုးဖြတ်ရန် အလွယ်ကူဆုံးဖြစ်နေသည်။ ကျောင်းစစ်လော့က တောင်ပေါ်သို့ မော့ကြည့်ရင်းမှ ရေရွတ်လိုက်သည်။ ဆင်ခြေလျောတစ်ခုလုံးက ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားများ အပြည့်ရှိနေပြီး အန်းနန်အစိုးရ စစ်တပ်၏ အာရုံကို သံလိုက်လို ဆွဲယူထားသည်။ လက်ရှိအချိန်တွင် အရှေ့မြောက်ထောင့်ပိုင်းက ခုခံမှု အားအနည်းဆုံး ဖြစ်နေသည့်အတွက် တိဗက်လူမျိုးများအတွက် လမ်းကြောင်းဖောက်ရန် လွယ်ကူနိုင်သည်။

ဒါပေါ့ တောင်ပေါ်တက်ဖို့ လမ်းရှိရင် ပိုကောင်းမှာပေါ့... ဒါပေမဲ့

ကျောင်းစစ်လော့က ဆယ်ကျန်းဝန်းကျင်ကျယ်သောလမ်းကို ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးက သိန်းကျော်... တစ်သန်းပင် ကျော်နေနိုင်သည့် အရွယ်အစား အမျိုးမျိုးရှိသော တြိဂံပုံစံ ဆူးချွန်အကောက်လေးများကို မြင်လိုက်ရပြီး နှလုံးသားက တုန်ယင်သွားတော့သည်။

ဒါကမြင်းတပ်အတွက် သေလမ်းပဲ။ ဘယ်မြင်းတပ်မှ ဒီလိုဆူးချွန်တွေ ပြည့်နေတဲ့လမ်းပေါ် မလျှောက်နိုင်ဘူး။ နောက်ပြီး ခေတ်လွန်နေတဲ့ ကြိတ်ဆုံကျောက်လို ဆူးချွန်အရွယ်အစားတွေဆိုရင် ပိုတောင် ဆိုးနေသေးတယ်။ သူတို့အနေဖြင့် ထိုလမ်းကို ရှင်းလင်းမည်ဆိုလျှင်ပင် လပေါင်းများစွာပင် ယူရလောက်သည်။

ဝမ်ချောင်က ကြီးမားသော ဒူးလေးကြီးများနှင့် ဆရာသခင် လေးသည်တော်များကို လမ်းကြောင်းတွင် စောင့်ကြပ်ထားခြင်းကို ထည့်တွက်လိုက်မည်ဆိုလျှင် ထိုမျှားများက တောင်ခြေသို့ အမြဲချိန်ရွယ်ထားပြီး ဖြစ်ကြောင်းကို သတိထားမိပေလိမ့်မည်။ ထိုလမ်းသို့ ဝင်သွားမည်ဆိုလျှင် သေဆုံးခြင်းနတ်ဘုရားထံ အလိုလို လည်ဆင်းပေးသလို ဖြစ်သွားပေလိမ့်မည်။

သူ၏နဖူးသွေးကြောများကပင် ထောင်တက်လာသည်။ သို့သော် ကျောင်းစစ်လော့ စိတ်ငြိမ်အောင်သာ ထိန်းလိုက်ရသည်။

“စစ်သည်တို့ ငါ့ရဲ့အမိန့်ကိုနာခံ။ ငါ့ရဲ့နောက်ကနေလိုက်ဖို့ အသင့်ပြင်ကြ”

ကျောင်းစစ်လော့က သူ၏လက်ထဲရှိ ခရင်းခွကြီးကို ယမ်းလိုက်သည်။ ချက်ချင်းလိုလို သူ၏မြင်းက ခြေနှစ်ချောင်းမြှောက်ကာဟီပြီး တောင်ပေါ်သို့ သူကစတင်ကာ ချီတက်တော့သည်။ သူ၏အနက်ရောင်နှင့် အနီရောင် အပေါ်ဝတ်ရုံရှည်က အနောက်တွင် တဖြတ်ဖြတ်ခတ်လျှက် ပါလာသည်။

“ဟိုက်ရား”

သူ၏အနောက်မှ စစ်သည်ထောင်ကျော်က မြစ်ထဲရေကူးနေသလိုမျိုး ကပ်ပါလာသည်။ မြင်းတပ်အားလုံးက မျှားပစ်ရာတွင်ဖြစ်စေ၊ မြင်းစီးရာတွင်ဖြစ်စေ ကျွမ်းကျင်ထားပြီးသားဖြစ်ပြီး သူတို့က ထိုနံရံများကို မည်သူမှ တားဆီးခြင်းမရှိသည့်အလား ကျော်ဖြတ်သွားသည်။

“ကောင်စုတ်လေး ဒီသတ္ထုတုံးတွေက ငါတို့ကို တားနိုင်မယ်လို့ထင်နေရင် မင်းအမှားကြီး မှားသွားပြီ။ ဒီလောကမှာ တိဗက်လူမျိုးတွေကို တားနိုင်တာ ဘာမှမရှိဘူး”

ကျောင်းစစ်လော့က အံ့ကိုကြိတ်လျှက် သူ၏သန်မာသော ခန္ဓာကိုယ်ဖြင့် သူ၏တောင်ပေါ်မြင်းပေါ် ဖိစီးကာ ဒေါသတကြီး ချီတက်သည်။

ပြင်ကျယ်မှ မြင်းတပ်က ကလေးအရွယ်ကတည်းက မြင်းစီးသင်လေ့ရှိကြသည်။ ဝမ်ချောင်က ချထားသော ကျောက်တုံးနံရံများက အလွန်အမင်းကြီးသော အကာအကွယ်လွှာများ ဖြစ်နိုင်သော်လည်း တိဗက်လူမျိုးများ၏ ချီတက်မှုကို အပြည့်အဝ တားဆီးနိုင်ခြင်းမရှိချေ။

“အားလုံးပဲ ငါ့ရဲ့နောက်က လိုက်ခဲ့ကြ။ သူတို့အရာအားလုံးကို လက်လွှတ်ပြီး ထွက်ပြေးရအောင် တွန်းအားပေးနိုင်တဲ့အထိ သတ်ဖြတ်ကြတာပေါ့”

ကျောင်းစစ်လော့က ခရင်းခွကိုမြှောက်လျှက်အော်သည်။

ဝိုး

သူ၏အနောက်မှ တိဗက်စစ်သည်တော်များ အားလုံးကလည်း ကျုံးဝါးလျှက် တုံ့ပြန်ကြသည်။ ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် သတ္ထုနံရံများမှ ဟနေသော နေရာများကို ကျော်ဖြတ်သွားနေသော အနက်ရောင် နဂါးတစ်ကောင်ကိုသာ မြင်နိုင်သည်။ ထိုနဂါးက တွန့်လိမ်ကာ ရေထဲတွင် ကူးနေသလိုမျိုး ကျော်ဖြတ်သွားခြင်းဖြစ်သည်။

တိုက်ရိုက်တည့်တည့် သွားရန်က မဖြစ်နိုင်လျှင် တိဗက်မြင်းတပ်က ကွေ့ဝိုက်၍ သွား၍ရသည်။ ဒါကလည်း ကျောင်းစစ်လော့က ဝမ်ချောင်၏ သတ္ထုနံရံများကို ကျော်ဖြတ်ရန် တွေးတောထားသော နည်းလမ်းဖြစ်နေသည်။

ဟမ့် သူကငါးစာဟပ်သွားပြီ။

တောင်ပေါ်ရှိဝမ်ချောင်က ကျောင်းစစ်လော့က အရှေ့မြောက်ပိုင်းတွင် မြို့ရိုးနံရံကို ဦးဆောင်ကာ ကျော်ဖြတ်နေကြောင်းကို မြင်လိုက်သောအခါ သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်လာသည်။

“တကယ်ကို အရှေ့မြောက်ထောင့်ပိုင်းပဲ။ ဟော်ရှု့ဟွေ့ခမ်း မင်းတကယ်ပဲ ဗဟိုပြင်ကျယ်က စစ်ရေးဗျူဟာကို နည်းနည်းဖတ်ထားသေးတာပဲ”

ဝမ်ချောင်က စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။

တစ်ခါက ဟော်ရှု့ဟွေ့ခမ်းဟာ သာ့လွန်ရော့ကျန်းထံမှ စစ်တပ်ရေးရာ စာတန်းများကို ပမာဏများစွာ ရထားကြောင်း ကောလဟာလများစွာ ထွက်ခဲ့သေးသည်။ သူတို့ထံမှသူက ဗဟိုပြင်ကျယ်မှ ဗိုလ်ချုပ်များ၏ တိုက်ခိုက်သည့် ပုံစံကို နက်ရှိုင်းစွာ နားလည်သွားခဲ့ပြီး အလွယ်တကူရှုံးအောင် လုပ်နိုင်ခဲ့သည်ဟုဆိုသည်။

သို့ရာတွင် ဟော်ရှု့ဟွေ့ခမ်းက သန့်စင်သော မြင်းတပ်အဖွဲ့ဝင်များသာပါသော အင်အားစုကို အမိန့်ပေးနေခြင်းဖြစ်ပြီး ဗဟိုပြင်ကျယ်၏ အင်အားစုကမူ ခြေလျှင်တပ်ကို အဓိကထားကာ အင်အားပေးခြင်းနှင့် ကွာခြားသွားသည်။ ထို့ကြောင့် ထိုကောလဟာက အစစ်အမှန် ဟုတ်ခြင်းမဟုတ်ခြင်းကို အတည်မပြုနိုင်ခဲ့ပေ။

သို့သော် ဒီလိုသမံကာလျှံကာ စစ်ဆေးလိုက်ရုံနှင့်တင် ဝမ်ချောင်ကိုယ်တိုင်ကလည်း ဟော်ရှု့ဟွေ့ခမ်းက ဗဟိုပြင်ကျယ်မှ ယင်းနည်းဗျူဟာများကို ဖတ်ထားသည်ဆိုသော ဖြစ်နိုင်ချေက ကောလဟာလမဟုတ်ဘဲ အမှန်တကယ် ဖြစ်ခဲ့ကြောင်း သိလိုက်သည်။

ဒီကောလဟာလက မမှားဘူး။

ဗဟိုပြင်ကျယ်မှ စစ်ရေးဗျူဟာများကိုသုံးပြီး ဗဟိုပြင်ကျယ်မှ ဗိုလ်ချုပ်များကို ကိုင်တွယ်သော ဟော်ရှု့ဟွေ့ခမ်းက ကြောက်စရာကောင်းသည်။ ငါတကယ်ပဲ မင်းကို ဒီလိုတွေးတဲ့နည်းလမ်းကို တောင်းဖို့လိုအပ်နေတာပဲ။

ကျောင်းစစ်လော့ မင်းဒီကို ရောက်နေမှတော့ ထွက်သွားဖို့ မတွေးနဲ့တော့။ ငါမင်းအတွက် လက်ဆောင်ကြီးကြီး ပြင်ပေးထားတယ်။

ကျောင်းစစ်လော့ကသာ ဝမ်ချောင်၏ ထိုအချိန်မှ အမူအရာကို မြင်သွားလျှင် သူ၏နှလုံးသားက ကြောက်လန့်မှုကြောင့် တုန်ယင်သွားလောက်သည်။

“ဗိုလ်ချုပ်လော့”

“ဒီဗိုလ်ချုပ်က ဒီနေရာမှာ ရှိပါတယ်”

ဝမ်ချောင်၏အသံကို တုန့်ပြန်သည့် အနက်ရောင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် မျက်နှာထားမည်းမည်း အမူအရာ တည်တင်းစွာဖြင့် လူတစ်ယောက်က နောက်မှထွက်လာပြီး ဝမ်ချောင်၏ဘေးသို့ ရောက်လာသည်။

“သခင်လေး ဘာအမိန့်ကို ပေးချင်ပါသလဲ။ ဒီဗိုလ်ချုပ်က အချိန်မရွေး ထမ်းဆောင်ဖို့အသင့်ပါ”

အသားအရည် အလွန်မည်းသော ထိုဗိုလ်ချုပ်က သတ္ထုဖြင့် သွန်းလုပ်ထားသည်ဟု ထင်ရလောက်အောင် သူ၏လှုပ်ရှားမှုတွင်ပင် အင်အားအပြည့်ပါပြီး စေ့စပ်အင်အားကလည်း အပြည့်ဖြစ်သည်။ ထို့ကြောင့် သူက အခြားလူများနှင့် ကွဲထွက်သလို ဖြစ်လာသည်။

သံမဏိလှံလောဟု နာမည်ပြောင်ရှိသော လော့ကျီးဟာ အစိုးရစစ်တပ်မှ အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ကျောက်ဝူကျန်းထက် အဆင့်မနိမ့်ချေ။ သို့ရာတွင် ကျောက်ဝူကျန်းက ရှန်ယွီကျုံ့ထုံးနှင့် အနီးကပ်နေခဲ့ပြီး လော့ကျီးဟာကမူ ရှန်ယွီကျုံ့ထုံးနှင့် ဘယ်သောအခါမှ အတူပူးပေါင်းခြင်း မရှိချေ။ သူတို့က ကျန်းချုံကျန့်ချုံး၏ လက်အောက်မှ ဖြစ်စေကာမူ ပေါင်းသင်းဆက်ဆံရေး မရှိခဲ့ဖူးချေ။

လော့ကျီးက ကျန်းချုံကျန့်ချုံးကိုသာ သစ္စာရှိသောကြောင့်မဟုတ်ဘဲ ပို၍အရေးကြီးသည့် အချက်က ကျန်းချုံကျန့်ချုံးကသာ အန်းနန်အစိုးရစစ်တပ်၏ မြင့်မားသော အာဏာကိုသာ ကိုင်ဆွဲထားသည်ဟု အမြဲတစေ ယုံကြည်ထားသောကြောင့်ဖြစ်သည်။ ရှန်ယွီကျုံ့ထုံးက ကျန်းချုံကျန့်ချုံးက ထောက်ခံပေးသော ဆက်ခံသူတစ်ယောက် ဖြစ်သော်လည်း သူ၏စွမ်းရည်က ထိုရာထူးကိုရရန် လုံလောက်သည်ဟု သတ်မှတ်၍ မရသေးချေ။

အနောက်တောင်ပိုင်းက မာန်ရှဲ့ကျောင်း၊ ယွီစန်းတို့နှင့် ဆက်စပ်နေပြီး အင်ပါယာ သုံးပြည်တောင်တို့၏ နယ်စပ်နယ်မြေဖြစ်သည်။ ထိုနေရာရှိ အခြေအနေက အနောက်ပိုင်း နယ်မြေပင်ဖြစ်စေ အန်းတုံးထက်ပင်ဖြစ်စေ မလျော့သော ရှုပ်ထွေးမှုမျိုး ရှိနေသည်။ သင့်တော်သော အင်အားကြီးမားသော လူတစ်ယောက်ကသာ အဆင်သင့် စောင့်ကြပ်မနေလျှင် ပြဿနာများက အလုံးလိုက် ကပ်ပါလာနေမည်။၏

ကိစ္စများကို ကြည့်ခြင်းအားဖြင့် လော့ကျီးက ဂုဏ်ယူစွာ တွေးထင်ထားသည်မှာ မှန်ကန်ကြောင်း သေချာသွားသည်။

ခြင်္သေ့မြို့မှ စစ်တပ်က ဖောက်ထွက်လာခဲ့ပြီးသောအခါ လော့ကျီးက ရှန်ယွီကျုံ့ထုံးနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့ပြီး ဝမ်ရန်နောက်သို့ လိုက်ပါခဲ့သည်။ လော့ကျီး၏ အမြင်တွင် ဝမ်ကလန်မှ အဖေနှင့်သားက ရှန်ယွီကျုံ့ထုံးထက် ပို၍မြင်နိုင်စွမ်းအားရှိသည်။ အနည်းဆုံး သူတို့က ဒီစစ်ပွဲတွင် ဘာလုပ်သင့်ကြောင်းသိပြီး ရှန်ယွီကျုံ့ထုံးလို စစ်တပ်ကို အန္တရာယ်ထဲသို့ ဆွဲမသွင်းသွားချေ။

သူကတကယ်ကို ကြောက်စရာကောင်းတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ။

ဝမ်ချောင်၏ အမြင်ကလည်း စူးရှသည်။ သူက လော့ကျီး၏ အမြင်ကလည်း ရှေ့တက်လာကြောင်း မြင်သောအခါ သူ၏စ်ိတ်ထဲတွင် သဘောတကျ ခေါင်းညိမ့်ကာ အသိအမှတ်ပြုလိုက်သည်။ သူက လော့ကျီးကို ရွေးချယ်သော ရည်ရွယ်ချက်က ရိုးရှင်းသည်။ လော့ကျီးဟာ လှံသုံးရာတွင် ပြောင်မြောက်ထူးချွန်သူ တစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရာတွင် အလွန် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ နောက်ဆုံးတစ်ခေါက် တောင်ထိပ်ပေါ်ကတည်းက သတိထားလိုက်မိသည်မှာ လော့ကျီးက အန်းနန်အစိုးရစစ်တပ်မှ ဝမ်ရန်က ခေါ်လာခဲ့သော အရာရှိအားလုံးထဲတွင် ကြောက်လန့်မှု အကင်းဆုံး လူတစ်ယောက်ဖြစ်ကြောင်း သတိထားမိသဖြင့် လော့ကျီးကို အလွန်သဘောကျမိလေသည်။

ဒီတိုက်ပွဲတွင် သူက လော့ကျီးမပါဝင်စေရန် အတက်နိုင်ဆုံး ရှောင်ရှားပေးခဲ့သည်။ ပြောရလျှင် လော့ကျီးကို တိုက်ပွဲထဲသို့ ဝင်ရောက်စေပြီး သိပ်မကြာခင်မှာ ပြန်ဆုတ်စေသည်။

ထိုအချိန်က ဝမ်ချောင်က အမြင်စူးရှစွာဖြင့် ဓားအစွယ်သားရဲသဏ္ဍန် ပြောင်းလဲခြင်းက မယုံနိုင်စရာ ကောင်းလောက်အောင် ခုခံစွမ်းအား မြင့်မားနေကြောင်း သတိထားမိခဲ့သည်။ သို့သော် လော့ကျီး၏ ကြောက်မက်ဖွယ်ကောင်းသော လှံသိုင်းကလည်း ထိုဓားအစွယ်သားရဲနှင့် ရင်ဆိုင်တွေ့သွားခဲ့လေသည်။ ထို့ကြောင့် ကျောင်းစစ်လော့ကသူ့ကို ရှောင်ရှားခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ကျောင်းစစ်လော့အနေဖြင့် နောက်ဆုတ်ရန် မလွယ်ကူနိုင်တော့ချေ။

ဝမ်ချောင်၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးက ပေါ်လာသည်။

“ကျန်းလုံ၊ ကျောက်ဟူ၊ ချန်းချုံး၊ လီကျစ်၊ ဖန်းထန်း၊ ကျိုးဟန်”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

“ရွှီရှစ်ပင်း၊ ရွှီအန်းသွန်း”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

“ဗိုလ်ချုပ်လော့ကို အဖော်ပြုပေးလိုက်ပါ။ မင်းတို့ ဘာလုပ်ရမယ်ဆိုတာကို သိသင့်တယ်မဟုတ်လား”

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက်တွင် လီစစ်ယဲ့၏ နဂါးနက်ဓားမြ လက်ရွေးစင် ခြောက်ယောက်က ရွှီရှစ်ပင်းနှင့် ရွှီအန်းသွန်းတို့နှင့်အတူ ထွက်ခွာသွားသည်။

လော့ကျီး၏ အင်အားက ကျောင်းစစ်လော့ကို ချိန်းခြောက်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် ဒီချိန်းခြောက်မှုက သေစေနိုင်သည်အထိ မဟုတ်သေးချေ။ နဂါးနက်ဓားမြ လက်ရွေးစင် ခြောက်ယောက်နှင့် အဆင့်မြင့်အဆင့် ဗိုလ်ချုပ်နှစ်ယောက်က လော့ကျီးကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

“ဗိုလ်ချုပ်လော့ ခဏနေပါအုံး”

တောင်အောက်သို့ ဆင်းတော့မည့်အချိန်တွင် ဝမ်ချောင်က တစ်စုံတစ်ရာကို သတိရလိုက်ပြီး သူ၏ဝမ်းဗိုက်ထဲမှ အဆစ်ပေါင်းများစွာ ပါဝင်သည့် လှံတစ်ချောင်းကိုထုတ်ပြီး ပစ်ပေးလိုက်သည်။

“ခင်ဗျား ကျောင်းစစ်လော့နဲ့ ရင်ဆိုင်ချင်ရင် ဒါကိုလိုလိမ့်မယ် ယူသွားပါ”

ရုတ်တရက် ဖြန့်ကာ တစ်ဖြောင့်ထဲအဖြစ်လုပ်ပြီး တိုက်ခိုက်နိုင်သလို ပြန်သိမ်းနိုင်သောလှံကို အနည်းငယ် လှုပ်ရှားကြည့်ပြီးနောက်တွင် လော့ကျီးကဲ့သို့ မျက်နှာတည်ကြည်လွန်းသောလူကပင် မျက်နှာထား ပြောင်းသွားသည်။ ထိုအချိန်တွင် ဝမ်ချောင်ကသူ့ကို သာမာန်လှံတစ်လက် ပေးမည်မဟုတ်ချေ။ လော့ကျီးက ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိသည်။

“ဒါက ... လှံဖြစ်မယ်”

“ကျေးဇူးတင်ပါတယ် သခင်လေး”

လော့ကျီးက တစ်ဖက်လှည့်လိုက်သည်။ သူ၏နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသော်လည်း မျက်နှာကမူ တည်ငြိမ်ကာ တင်းမာနေသေးသည်။

“သွားပါ”

ဝမ်ချောင်က ရယ်လိုက်သော်လည်း စကားဆက်မဆိုတော့ချေ။

ထိုလှံက အမတ်ရီ၏ လက်နက်ကို အခြေခံထားခြင်းဖြစ်သည်။ လှံကိုလုပ်ထားသော ပစ္စည်းကလည်း အဆင့်မြင့်အဆင့် မဟုတ်ချေ။ ဥက္ကာခဲ သတ္တုအမှုန့်နှင့် သံမဏိကိုရောနှောကာ သန့်စင်ထားသော အဆင့်မြင့်အဆင့် ပစ္စည်းတစ်ခုသာလျှင် ဖြစ်ပြီး သင်္ကေတများစွာ ထွင်းထုခြင်းအားဖြင့် အကြမ်းခံနိုင်မှုကို မြင့်မားသွားစေခြင်းလည်းဖြစ်သည်။

အရေးအကြီးဆုံးအပိုင်းက လှံထိပ်ပဲ။

ထိုသံမဏိဓားက အလွန်အမင်း ရှားပါးသောကြောင့် ဝမ်ချောင်က ပစ္စည်းများကို အကုန်နည်းစေရန်အလို့ငှာ လှံထိပ်ခေါင်းတွင်သာ ထိုသံမဏိကို ထည့်သုံးထားခြင်းဖြစ်သည်။

လော့ကျီးက မြင်းနက်ပေါ်သို့ တက်လိုက်ချိန်တွင် မြင်းကချက်ချင်းဟီးသည်။ လော့ကျီးက သူ၏တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်အောက်သို့ဆင်းသည်။ ဝမ်ချောင်က မည်သို့တွေးနေစေကာမူ ထိုလှံက လော့ကျီးအတွက် ကျားကိုအတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားသည်။

တောင်တန်းက အလွန်ကျယ်ပြောလေရာ လူအနည်းစုလောက်ကသာ လော့ကျီးက လှုပ်ရှားသွားခြင်းကို သတိထားမိကြလေသည်။

အခန်း(၅၇၃)

စစ်မြင်းများက ဟီနေချိန်တွင် ကျောင်းစစ်လော့ကလည်း မြင်းတပ်ထောင်ကျော်ကို ဦးဆောင်ကာ တောင်ဆင်ခြေလျောပေါ်သို့ တက်နေသည်။ ထိုအခြေအနေက တောင်ပေါ်တွင် တိုက်ခိုက်နေသော နှစ်ဖက်အပေါ် သက်ရောက်မှုလည်း ရှိလာသည်။

ဟီး ဟီး ဟီး

စစ်မြင်းတစ်ကောင်က စီးနင်းသူနှင့်အတူ ရှေ့သို့ ချီတက်သွားချိန်တွင် လေးလံသော မြင်းခွာက ထန်စစ်သည်တော် တစ်ယောက်၏ ဒိုင်းကာကို ဖိနင်းလိုက်သည်။ ကျယ်လောင်သော မြင်းဟီးသံနှင့်အတူ ထိုစစ်သည်က ပြင်းထန်သည့် ဖိအားကြောင်း လေထဲတွင် လွင့်ထွက်သွားသည်။

တိဗက်မြင်းသမား တစ်ယောက်ပြီးတစ်ယောက် ဆင်ခြေလျောပေါ်သို့ ချီတက်လာသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း နောက်ထပ် မဟာထန်စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်ကို လွင့်ထွက်သွားစေခဲ့သည်။ မြင်းတပ်က ကုန်းမြေတွင် အင်အားအကြီးဆုံး တိုက်ခိုက်ရေး အင်အားစု ဖြစ်သောကြောင့် တိဗက်မြင်းတပ်က ကျောက်တုံးဖြူတပ်ရင်းထက် အပြတ်အသပ် လုပ်နိုင်အား ရှိလေသည်။

သူတို့၏ အရှိန်နှုန်းက မြေမျက်နှာသွင်ပြင်နှင့် သတ္ထုနံရံများကြောင့် အရှိန်နှုန်းက သက်ရောက်ခံရသည့်တိုင်အောင် တိဗက်မြင်းတပ်အနေဖြင့် မာန်ရှဲ့ကျောင်း စစ်သားများထက် ပို၍ပြင်းထန်သည် အင်အားများကို ထုတ်ပြနိုင်စွမ်းရှိသည်။

“ငါ့ကိုတားတဲ့လူတိုင်း သေရမယ်”

ကျားငါးကောင် ဗိုလ်ချုပ်များထဲမှ ကျောင်းစစ်လော့၏ ဓားအစွယ်သားရဲ၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ယင်သွားစေလျှက် တိုက်ပွဲအတွင်းသို့ ခုန်ဝင်လာတော့လေသည်။

ဝုန်း

ကျောင်းစစ်လော့ကို ဗဟိုပြုလျှက် တိုက်ပွဲနယ်မြေ ဝန်းကျင်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပွားသည်။

“အား”

ထိုနယ်မြေအတွင်းရှိ အန်းနန်အစိုးရ စစ်သည်တော်တိုင်းက ဘေးဘက်သို့ လွင့်ထွက်သွားပြီး ရွှံ့နွံ့များ၊ အုတ်ကျိုးများ၊ ကျောက်တုံးများအတွင်းသို့ ဝင်ရောက်သွားသည်။ အချို့သော ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားအနည်းငယ်ကပင် မရှောင်နိုင်ကြပေ။

ချွင်

ကြီးမားသော သတ္ထုနံရံကြီးများက ထိုပေါက်ကွဲမှုကြောင့် မြေမှပေါက်ထွက်သွားပြီး အန်းနန်အစိုးရ စစ်တပ်ထံ ပြိုလဲကျသွားသည်။

“ငါ့အတွက် သေစမ်းပါ”

ကျောင်းစစ်လော့၏ ဦးထုတ်က ရုတ်တရက် ပေါက်ကွဲသွားချိန်တွင် သူ၏ဆံပင်များက လွင့်ခါသွားတော့သည်။ သူက မြင်းပေါ်မှ ခုန်သွားလိုက်ပြီး အန်းနန်အစိုးရစစ်တပ်ဝင်များထဲသို့ ပျောက်ကွယ်သွားသည်။

ဝုန်း

ဆူးချွန်ချီစက်ကွင်းက အကောင်အထည် ပြင်းထန်စွာဖြင့် လူအုပ်အတွင်း ပျံ့နှံ့သွားပြီဖြစ်သည်။

“အား”

ထန်စစ်သည်တော်များက တိုက်ခိုက်ခံရချိန်တွင် အော်ဟစ်သံများကလည်း လေထဲတွင် ပြည့်နှက်လာသည်။ တိုက်ပွဲပေါင်းများစွာတွင် အတွေ့အကြုံရှိခဲ့သော ထန်လက်ရွေးစင်များကလည်း ထိပ်တန်းအဆင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ကျောင်းစစ်လော့၏အရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားတော့ချေ။

ဝုန်း ဝုန်း ဝုန်း

ကျောင်းစစ်လော့က ဘယ်ညာခုန်ပေါက်နေချိန်တွင် မည်သူကမှ သူ့အား မတားနိုင်ခဲ့ပေ။ မဟာထန်မှ အရာရှိတစ်ယောက်က သူ့အားကယ်ရန် ရှေ့တက်ခဲ့သော်လည်း ကျောင်းစစ်လော့၏ များပြားသော ကြယ်တာရာစွမ်းအင်များက သူ့ကိုလွင့်ထွက်သွားစေသောကြောင့် သုံးကျန်းထက် ပိုဝေးအောင် မတက်နိုင်ခဲ့ချေ။ သူ၏ရင်ဘက်က လေထဲတွင်ပင် ချိုင့်ဝင်သွားချိန်တွင် သူ၏ဝင်သက်က အဆုံးသတ်သွားပြီဖြစ်သည်။

“ဟား ဟား ဟား အရူးကောင် ဒီသောက်သုံးမကျတဲ့ ဗျူဟာတွေက ပြင်းထန်တဲ့ ခွန်အားရဲ့အရှေ့မှာ ဘာမှမဟုတ်ဘူး။ မင်းတို့ ဒီနေ့သေမှာ သေချာနေပြီ”

ကျောင်းစစ်လော့က တိဗက်ဘာသာစကားဖြင့် ဟိန်းဟောက်ရင်း အလွန်ပျော်ရွှင် မြူးတူးနေဟန်ရသည်။

သူက သူ၏အရှေ့ရှိ အန်းနန်အစိုးရစစ်တပ်ကို အလွန်အမင်း ကြောက်စရာကောင်းလွန်းသော ဝမ်ချောင်ကဲ့သို့ သဘောထားနေပြီး ဝမ်ချောင်လို မှတ်သားကာ အားလုံးကို ဒေါသပုံချနေသည်။

ဝုန်း ဝုန်း ဝုန်း

ကျောင်းစစ်လော့က လူသားသဏ္ဍန်ပြောင်းထားသော နဂါးတစ်ကောင်လိုမျိုး သူသွားသည့် နေရာတိုင်းရှိ လူတိုင်းကို သတ်ဖြတ်ပစ်သည်။ ထန်စစ်သည်တော်တိုင်းက ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းတပ်က သူ၏အနောက်မှ အပြေးနှင်လာကာ အန်းနန်အစိုးရ စစ်တပ်က ရင်ဆိုင်ရသည့် ဆုံးရှုံးမှုက ကြီးမားလာတော့သည်။

“ဟား ဟား အားလုံးက ထန်တွေကြီးပဲ”

“အရင်တစ်ခေါက်က သူတို့က မိုးရွာနေတာနဲ့ ညအချိန်ကို အခွင့်ကောင်းယူဖို့ လိုအပ်ခဲ့တယ်။ ဒီမျိုးမစစ်တွေက ငါတို့နဲ့ ခေါင်းချင်းဆိုင်ပြီး ရင်မဆိုင်ရဲပါဘူး”

“သူတို့အားလုံး အဆုံးသတ်ပြီ ဟား ဟား ဟား”

“သတ်စမ်း သူတို့အားလုံးကို သတ်ကြစမ်း”

တိဗက်လူမျိုးများ အားလုံးက အင်အားအပြည့် ပြန်လည်ရောက်ရှိသွားကြသည်။ အထူးသဖြင့် ကျောင်းစစ်လော့နှင့်အတူ ရှုံးခဲ့ဖူးသော စစ်သည်တော်များဆိုလျှင် ပို၍စောသည်။ တိုက်ပွဲမစခင်ကတည်းက တစ်ယောက်ချင်းစီတိုင်းက သူတို့၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု ရှိနေသလိုမျိုး ခံစားခဲ့ရသည်။ ယခုမူ ဘာအရိပ်မှ မကျန်ရစ်တော့ချေ။

“သတ်”

တိဗက်များ၏ ရောက်ရှိလာမှုက တိုက်ပွဲကို ပြောင်းလဲသွားစေသည်။ ထိုသို့ဖြင့် ကျောက်တုံးဖြူတပ်ရင်းနှင့် အန်းနန်အစိုးရစစ်တပ်မှ ဟန်ချက်က ပျက်ယွင်းသွားတော့သည်။ အရှေ့မြောက်ဘက်အကျဆုံး ထောင့်တစ်နေရာတွင် တိဗက်လူမျိုး ရောက်လာချိန်၌ ထန်၏ခုခံအားက ဝရုန်းသုန်းကား ဖြစ်ရသည်။

တိဗက်များကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုကို သူတို့က အာရုံခံမိကတည်းက သူတို့က မာန်ရှဲ့ကျောင်း တပ်ဖွဲ့များကလည်း စစ်တပ်အင်အား တက်ကြွလာကြတော့လေသည်။

“အားလုံးပဲ မကြောက်ကြနဲ့။ တိဗက်တွေ လှုပ်ရှားကြပြီ”

“တောင့်ခံထား အန်းနန်အစိုးရစစ်တပ်က ပြိုင်ဘက်ကင်းမှ မဟုတ်တာ။ တိဗက်လူမျိုးတွေက သူတို့ကို ကိုင်တွယ်နိုင်တယ်”

“အားလုံးပဲ ပြင်းပြင်းထန်ထန် ကြိုးစားကြစမ်းပါ။ မဟာထန်က ရှုံးတော့မှာ သူတို့က ငါတို့ကို မယှဉ်နိုင်ဘူး”

ကျောက်တုံးဖြူတပ်ရင်းမှ လူများအားလုံးက မူလက အလွန်အမင်း ထိတ်လန့်နေကြပြီး ထွက်ပြေးရန် တွေးထားကြလေသည်။ ယခုမူ သူတို့၏ တိုက်ခိုက်လိုစိတ် စိတ်ဓာတ်အင်အားက ပြန်လည်ရှင်သန်လာပြီး တစ်ယောက်ချင်းစီတိုင်းက ပြန်လှည့်ကာ အန်းနန်အစိုးရစစ်တပ်ကို တိုက်ခိုက်ကြသည်။

အန်းနန်အစိုးရစစ်တပ်၏ တိုက်ခိုက်အင်အား အတွက်ကမူ အချိန်တစ်ခုကြာသည်အထိ သူတို့က ဘာမှမလုပ်နိုင်တော့ချေ။

အခြေအနေက လျှင်မြန်စွာ ပြောင်းလဲနေသည်။ မာန်ရှဲ့နှင့် ယွီစန်းက အတူပူးပေါင်းပြီး မဟာထန်က အလွန်အားနည်းသောဘက်သို့ ရောက်သွားသည်။ အခြားတစ်ဖက်တွင် ကျောက်ဝူကျန်းက ဖျော့တော့စွာသာပြုံးသည်။

“တကယ်ကို သခင်လေးပြောသလိုပဲ။ ယွီစန်းတွေက သူတို့ကို မထိန်းနိုင်တော့ဘူး”

ကျောက်ဝူကျန်းက တိုက်ခိုက်နေသံကို နားထောင်ရင်း ပြောလိုက်သည်။ သွမ့်ဝူကျုံးကို ထိန်းထားရသည့်အပြင် သူ့တွင်လည်း အခြားအမိန့်တစ်ခု ရှိသေးသည်။

အရာအားလုံးက ဝမ်ချောင်က ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာသည်။ တိဗက်များကပင် တိကျသောတချိန်ထဲတွင်ပင် သူတို့၏အင်အားစုကို ချီတက်လာစေခဲ့သည်။

“ကျောင်းစစ်လော့ မင်းဒီတစ်ကြိမ် မပြန်သွားနိုင်လောက်တော့ဘူး”

သွေးနီရောင်ဆေဘာကို တစ်ချက်လွှဲယမ်းလိုက်ပြီးနောက် ကျောက်ဝူကျန်းက မြင်းဇာတ်ကြိုးကိုကိုင်ကာ ပြုံးလိုက်ပြီး အရှေ့မြောက်ပိုင်း ထောင့်ဘက်သို့ အပြေးနှင်လိုက်သည်။ သူသည် ဒီနေရာမှ တိုက်ပွဲကို ကရုမစိုက်တော့ချေ။

“ကျောင်းစစ်လော့ ငါမင်းနဲ့ တိုက်ခိုက်ဖို့လာပြီ”

ထိုအော်သံက ဗုံတီးခတ်လိုက်သလိုမျိုး ကောင်းကင်ကိုပင် တသိမ့်သိမ့် ပဲ့တင်ထပ်သွားစေသည်။ ထို့ကြောင့် လီပေါင်းများစွာ အကွာကလူကပင် ကြားနိုင်သည်။

“ဟမ့် ကိုယ့်အင်အားကို မသိတဲ့ကောင်ပဲ”

အထင်သေးရှုံ့ချသော နှာခေါင်းရှုံ့မှုနှင့်အတူ တူညီသော အော်သံမျိုးဖြင့် အရှေ့မြောက်ပိုင်းမှ ကျယ်လောင်သည့် အသံက ထွက်လာသည်။ တချိန်ထဲလိုလို ကျောင်းစစ်လော့က သူ၏စစ်တပ်ကို ဦးဆောင်ကာ ကျားတစ်ကောင်က ခုန်အုပ်သလိုမျိုး ကျောက်ဝူကျန်း ရှိရာဘက်သို့လာသည်။ ဟော်ရှု့ဟွေ့ခမ်းက အရှေ့မြောက်ဘက်ပိုင်းမှ ထောင့်တစ်နေရာကို ဖြိုခွဲရန် သူ့အား အမိန့်ပေးလိုက်သော်လည်း ကျောက်တုံးဖြူတပ်ရင်းက ထိုနေရာတွင် အားအနည်းဆုံးပမာဏ ဖြစ်နေသောကြောင့် တိဗက်မြင်းတပ်အနေနှင့် တောင်ပေါ်သို့ချီတက်ရန် အလျဉ်းအသင့်ဆုံး ဖြစ်နေသည်။

ကျောင်းစစ်လော့၏ ရင်ထဲတွင်မူ သွမ့်ဝူကျုံးကို ရှုံးသွားစေသော ထိုဗိုလ်ချုပ်ကို ရှုံးအောင်လုပ်ခြင်းက အရေးကြီးဆုံးအချက်ဟု ထင်ထားသည်။

“မင်းထက်အားနည်းတဲ့လူကို အနိုင်ရတာ ဘာများဂုဏ်ယူစရာ ရှိနေလဲ။ မင်းထက် အင်အားကြီးတဲ့လူကို အနိုင်ယူနိုင်မှ မင်းရဲ့အင်အားကို ပြသရာရောက်တယ်”

ဓားအစွယ်သားရဲ ကျောင်းစစ်လော့၏ ရှည်လျားစွာ ကိုင်ထားသော ခရင်းခွကြီးကို လွှဲယမ်းလိုက်လျှက် သူကခံယူထားသော ခံယူချက်များကို ပြန်လည်သုံးသပ်လိုက်သည်။

ဝုန်း

ကျောက်ဝူကျန်း၏ မြင်းက ကျန်းခုနှစ်ဆယ်ကျော် ပြေးလွှားထားပြီးဖြစ်သည်။ သို့သော် ရုတ်တရက် တောင်က လူအပြည့် သိပ်သည်းစွာ ရှိနေတတ်သည်။ သူ့အနေဖြင့် လျှင်မြန်စွာ သွားရန် ခက်ခဲလွန်းသည်။ သူက ရုတ်တရက် မြင်းပေါ်မှ ခုန်ထွက်လိုက်ကာ ဆယ်ကျန်းအကွာမှ သတ္ထုနံရံပေါ် ခုန်ဆင်းလိုက်သည်။

နောက်ထပ်တစ်ချက် ခုန်လိုက်ပြီးသည်နှင့် သူက နောက်ထပ် ဆယ်ကျန်းအကွာ ရောက်သွားသည်။ အလွန်ခမ်းနားသော သိပ်သည်းစွာရှိနေသည့် ဆူးချွန်ချီစက်ကွင်းကလည်း ဆက်လက် ဆက်တိုက် တောက်ပနေလေပြီး ကျောက်ဝူကျန်းကို သံချပ်ကာတစ်ခုလိုမျိုး မွန်းမံပေးထားလေရာ သူဟာ နတ်ဘုရားတစ်ပါးကဲ့သို့ လီပေါင်းများစွာ အကွာကပင် ထင်ရှားစွာ မြင်နိုင်သည်။

ထိုသို့ တလက်လက်တောက်ပသော အလင်းက တောင်ပေါ်ရှိလူတိုင်း၏ အာရုံစိုက်ရာ ဖြစ်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းကပင် မနေနိုင်ဘဲ သူ့ကိုကြည့်လိုက်မိသည်။

အန်းနန်အစိုးရစစ်တပ်မှ အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ကျောက်ဝူကျန်းကလည်း အနောက်တောင်ပိုင်းတွင် အတန်ငယ်သော ကျော်ကြားမှုကို ပိုင်ဆိုင်ထားပြီးသားဖြစ်သဖြင့် သူ့အား မမှတ်မိစရာ အကြောင်းမရှိပေ။ ခဲ့လော့ဖုန်းနှင့် သားဖြစ်သူ ဖုန်းကျားရီကပင် ထိုလူ၏ ပြောင်မြောက်သော လုပ်ဆောင်နိုင်စွမ်းအားများကို ကြားဖူးကြသည်။

“ဒါက ကျောက်ဝူကျန်းပဲ”

အိမ်ရှေ့စံ ဖုန်းကျားရီက မျက်လုံးပြူးသွားသည်။

ကျောက်ဝူကျန်းက မာန်ရှဲ့ကျောင်းအတွက် ထူးခြားသော တည်ရှိမှုဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက တချိန်က မဟာထန်မှ သဘောထားကောင်းသော သံတမန်တစ်ယောက်အဖြစ် မာန်ရှဲ့ကျောင်းသို့ လာရောက်ခဲ့ဖူးသည်။ ကျောက်တုံးဖြူတပ်ရင်းနှင့်ပင် ဆက်ဆံရေးတစ်ခု တည်ထောင်ဖူးလေသည်။

မာန်ရှဲ့ကျောင်းက မဟာထန်နှင့် တိုက်ခိုက်ခြင်း မတိုင်မီ ကျောက်ဝူကျန်းက အ့ဟိုင်၏ ကြောင်ခြောက်ပြည်နယ်တွင် ကျော်ကြားလေသည်။

မာန်ရှဲ့ကျောင်းမှ လူများကလည်း ကျောက်ဝူကျန်းအပေါ် ခံစားချက် ရှုပ်ထွေးသော အပြုအမူမျိုး ရှိနေကြသည်။

ထို့ကြောင့် ကျောက်ဝူကျန်းက သွမ့်ဝူကျုံးကို နိုင်သွားသည့်တိုင်အောင် မည်သူကမှ ရန်လိုမှုကို မခံစားရချေ။ အနောက်တောင်ပိုင်းက စစ်ပွဲက မာန်ရှဲ့ကျောင်းအတွက် ရှုံးခွင့်ပြုရန် အရေးကြီးလွန်းနေသောကြောင့်သာ ဖြစ်သည်။

“တော်ဝင်ခမည်းတော် ကျွန်တော်လည်း တပ်ဖွဲ့အချို့ကို ဦးဆောင်ခွင့်ပြုပါ”

ဖုန်းကျားရီ၏ မျက်မှောင်ကကျုံ့ပြီး ချက်ချင်းလိုလို လှုပ်ရှားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ခဲ့လော့ဖုန်းက ဆန္ဒရှိဟန်ရသော်လည်း သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကို ကြည့်ပြီးနောက် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။

“ခဏနေအုံး ငါတို့လှုပ်ရှားဖို့ အချိန်မကျသေးဘူး။ အခုဝင်စွက်ဖက်လိုက်ရင် ခဲ့လော့ဖုန်းကို မကျေမနပ် ဖြစ်သွားစေလိမ့်မယ်။ ထပ်ပြီးပြောရရင် မဟာမိတ်အနေနဲ့ သူတို့ရဲ့ အစွမ်းပြဖို့ အချိန်ပေးလိုက်တာက အကောင်းဆုံးပဲ”

ပထမတစ်ပိုင်းကို မာန်ရှဲ့ကျောင်း ဘာသာစကားနဲ့ပြောပြီး နောက်ပိုင်းကို သူက လေသံကိုဖျော့ကာ တိုက်ရိုက်စကား ပြောလိုက်သောကြောင့် ခြောက်ပြည်ထောင်ရှိ လူတိုင်းက နားလည်ကြသည်။

ဖုန်းကျားရီက သူ့ကို မှင်သေသေ ကြည့်လာပြီးမှသာ အ့ဟိုင်ဘာသာစကားကိုပြောင်းလျှက် ဆက်ပြောသည်။

“ဒါပေမဲ့ တော်ဝင်ခမည်းတော် ကျောင်းစစ်လော့က လှုပ်ရှားနေပြီ။ မဟာထန်က နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ကို လွှတ်ကောင်းလွှတ်လိုက်နိုင်တယ်။ အရင်ကဆိုရင် သွမ့်ဝူကျုံးကို ကိုင်တွယ်ဖို့ ကျောက်ဝူကျန်းကို စေလွှတ်ခဲ့တာ မဟုတ်ဘူးလား”

“ငါတို့ ကိုယ့်ကိုယ်ကို ဒုက္ခများခံဖို့ မလိုပါဘူး။ ကျောင်းစစ်လော့က ဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံးတို့သာ ဝင်မပါနိုင်သမျှ ကာလပတ်လုံး ဘာမှမဖြစ်နိုင်တဲ့အဆင့်ပဲ။ အခုဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံးတို့က တောင်ပေါ်မှာပဲ ရှိနေသေးတယ်။ ဟော်ရှု့ဟွေ့ခမ်းနဲ့ သာ့လွန်ရော့ကျန်းတောင် စိတ်မပူတာ မမြင်ဘူးလား”

အံ့အားသင့်သွားသော ဖုန်းကျားရီက သူတို့ရှိရာဘက်သို့ ကြည့်သည်။ သေချာစွာပင် ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ သာ့လွန်ရော့ကျန်းပင်ဖြစ်စေ လှုပ်ရှားမည့် အရိပ်အယောင်မပြပေ။ နှစ်ယောက်လုံးက မျက်နှာသေဖြင့် ကြည့်သည်။

“ဟုတ်ကဲ့ပါ တော်ဝင်ခမည်းတော်”

ဖုန်းကျားရီ၏ ကြွက်သားများက ပြေလျော့သွားပြီး နေရာပြန်ယူလိုက်သည်။

ဝုန်း

တောင်ပေါ်သို့တက်ရန် လမ်းတစ်ဝက်တွင် တောက်ပလွန်းသော အဖြူရောင်မီးတောက်က အသက်ဝင်လာသလို ဖြစ်လာသည်။ ကျောင်းစစ်လော့က ပုံသဏ္ဍန်ပြောင်းလဲမှုကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီဖြစ်သည်။ သူ၏ခမ်းနားသော ဆူးချွန်ချီစက်ကွင်းက ခန္ဓာကိုယ်အပြင်သို့ ထွက်လာသည်။

ထို့နောက် တခဏတွင် ကျောင်းစစ်လော့က ပျောက်သွားပြီး ကြီးမားသော ဓားအစွယ်သားရဲကြီးကသာ ပေါ်ထွက်လာတော့ကာ ချောမွေ့စွာဖြင့် သတ္ထုမြို့ရိုးပေါ်သို့ ခုန်တက်သည်။ နောက်ဆုံးတွင်...

ဝုန်း

မြေသားတုန်ခါသွားစေလောက်သော ပေါက်ကွဲသံနှင့်အတူ ကျောက်ဝူကျန်းနှင့် ကျောင်းစစ်လော့တို့က တစ်ယောက်နှင့်တစ်ယောက် ဆယ်ကျန်းအကွာဆီမှ သတ္ထုမြို့ရိုးပေါ်များမှ ခုန်ဆင်းကြပြီး ထိပ်တိုက် ရင်ဆိုင်ကြတော့သည်။ သူတို့၏ ကြယ်တာရာစွမ်းအင်များက မျက်စိကြိမ်းမတက် တောက်ပနေသည်။ မရေမတွက်နိုင်သော စူးစိုက်ကြည့်မှုများ၏အောက်တွင် သူတို့က ဥက္ကာခဲပျံနှစ်ခု တိုက်ခိုက်မိသလိုမျိုး အချင်းချင်း ဝင်တိုက်မိသွားသည်။ တစ်ဖက်နီပြီး တစ်ဖက်ကဖြူနေသည်။

ဝုန်း

ဆန့်ကျင်ဘက် သဘာဝဖြစ်သော ကြယ်တာရာ စွမ်းအင်နှစ်မျိုးက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်သွားသည့်အခါ နှစ်ယောက်လုံးက စက္ကန့်အနည်းငယ်အတွင်း တိုက်ကွက်ရာကျော် ထုတ်လွှတ်လိုက်နိုင်သည်။

“အား”

လူတိုင်းက လေထဲရှိ တိုက်ပွဲကို အာရုံစူးစိုက်နေကြချိန်တွင် ကျောက်ဝူကျန်းက ရုတ်တရက် သူ၏ရင်ဘက်သို့ ကျောင်းစစ်လော့၏ လက်သည်းက လာရောက်စုတ်ဖြဲသဖြင့် အသားကုန် အော်ဟစ်လိုက်ပြီး လွင့်ထွက်သွားရသည်။

ဝုန်း

လေထဲတွင် ဖုန်မှုန့်များ ထွက်လာလျှက် ကျောက်ဝူကျန်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“ဗိုလ်ချုပ်”

ပတ်ဝန်းကျင်ရှိ လူတိုင်းက ထိတ်လန့်သွားကြကာ အလန့်တကြား အော်ဟစ်ကြတော့လေသည်။

အခန်း(၅၇၄)

“ဟား ဟား ဟား ကျောက်ဝူကျန်းကဘာလဲ။ သူကဘာမှ မလုပ်နိုင်ပါပဲ။ သူကဘာမှမှ မလုပ်နိုင်ဘဲ”

ဓားအစွယ်သားရဲ ကျောင်းစစ်လော့က ကျောက်ဝူကျန်းကို လွင့်ထွက်လိုက်စေပြီးနောက်တွင် အော်ရယ်လိုက်တော့သည်။ ကျောက်ဝူကျန်းက အနောက်တောင်ပိုင်းတွင် အတန်ငယ် ကျော်ကြားသော လူတစ်ယောက်ဖြစ်သည်။ သူနှင့် သွမ့်ဝူကျုံးနှင့် ကျောက်တုံးဖြူတပ်ရင်း၏ ဆက်ဆံရေးကတင် အနောက်တောင်ပိုင်းမှ ရာထူးမြင့် အဖွဲ့ဝင်များထဲမှ လူတစ်ယောက်ဖြစ်ကြောင်း သူ့ကိုအတည်ပြုပေးနေခဲ့သည်။

ယခုကဲ့သို့ မဟာထန်မှ ကျော်ကြားသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် ကျောက်ဝူကျန်းကို တစ်ချက်ထဲဖြင့် ရှုံးသွားစေခြင်းက ကျောင်းစစ်လော့အတွက် ကြီးကျယ်သော ဂုဏ်ယူစရာကိစ္စ ဖြစ်လာသည်။

“ငါကျောက်ဝူကျန်းကို သတ်ဖို့လိုတယ်။ ငါမဟာထန်ရဲ့ ကျော်ကြားတဲ့ဗိုလ်ချုပ် (၁၂)ယောက်လုံးကိုသတ်မယ်”

ကျောင်းစစ်လော့က သဘောတကျရယ်သည်။

ကျောက်ဝူကျန်း၏ စစ်ချီစက်ကွင်းက သူ၏ဓားအစွယ် ချီစက်ကွင်းထက် နိမ့်သည်မှာ ရှင်းလင်းနေသည်။ အနည်းဆုံး သူ၏တိုက်ကွက်က သူ၏ပုံသဏ္ဍန် ပြောင်းလဲသွားသော ပုံစံလောက် အင်အားကြီးမားမှု မရှိနေခဲ့ချေ။ မဟာနှင်းတောင်တန်း တော်ဝင်ဘုရားကျောင်းမှ လျို့ဝှက်သိုင်းကျမ်းကို ရရှိထားသော လူတစ်ယောက်အနေနှင့် ကျောင်းစစ်လော့က ခုခံစွမ်းအားတွေ အလွန်အမင်း သန်မာလေသည်။ ဝမ်ရန် သို့မဟုတ် ရှန်ယွီကျုံ့ထုံး သို့မဟုတ် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ဝိုင်းခြင်းမှသာ ထိုခုခံမှုကို ကျော်ဖြတ်နိုင်လောက်သည်။

“ကျောက်ဝူကျန်း မင်းထွက်ပြေးဖို့တောင် မတွေးနဲ့”

ဓားအစွယ်သားရဲ့ ခြေလေးဘက်လုံးကို အသုံးပြုလိုက်ပြီး ကြီးမားသော ကိုယ်ကြီးကို သတ္ထုနံရံပေါ်မှ ခုန်ထွက်လိုက်စေကာ ကျောက်ဝူကျန်းက ကျသွားသော နေရာထံသို့ ဦးတည်တော့သည်။

“ဖယ်”

ကျောက်ဝူကျန်းကလည်း ကျောင်းစစ်လော့ထက် ပို၍လျှင်မြန်စွာ တုန့်ပြန်လိုက်နိုင်သည်။ ဓားအစွယ်သားရဲက ခြေမကျလာခင်မှာတင် သွေးအလင်းက ဖုန်မှုန့်ထဲမှ ဖြတ်ခနဲ ထိုးတက်သွားပြီး တောင်ပေါ်သို့တက်သည်။

“ဟား ဟား ဟား မင်းမလွတ်ပါဘူး”

ကျောင်းစစ်လော့က သဘောတကျရယ်လျှက် သူ၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ် ဖြစ်လာသည်။ ကျောက်ဝူကျန်းက တောင်ထိပ်နှင့် အလွန်အမင်း ဝေးကွာနေသေးသည်။ ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံး သို့မဟုတ် မဟာထန်မှ အခြားသော ဗိုလ်ချုပ်များက လာကယ်နိုင်သည့်တိုင်အောင် သူတို့အတွက် အချိန်လိုသည်။

“အခုက မင်းကိုသတ်ဖို့ အကောင်းဆုံးအချိန်ပဲ”

ကျောင်းစစ်လော့၏ သတ်ဖြတ်လိုစိတ်က မြင့်မားလာသည်။ ကျောက်ဝူကျန်းကဲ့သို့သော လူမျိုးက သာမာန် အခြေအနေမျိုးတွင် သတ်ရခက်ခဲမည်ဖြစ်သည်။ သို့သော် ယခုအခြေအနေမျိုးတွင် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပြီး လျှင်လျှင်မြန်မြန် မပြေးနိုင်လေရာ ကျောင်းစစ်လော့အတွက် လှုပ်ရှားရန် အခွင့်ကောင်းဖြစ်သွားသည်။

“ငါ့အတွက် သေစမ်းပါ”

ကျောင်းစစ်လော့က သူ၏ရှေ့လက်နှစ်ဖက်ကို မြှောက်လိုက်လျှက် ပတ်ဝန်းကျင်ရှိ အန်းနန်အစိုးရစစ်တပ်များကို ဖယ်ရှားရှင်းလင်းလိုက်သည်။

“ဗိုလ်ချုပ်ကိုကာကွယ်ကြ”

ပတ်ဝန်းကျင်ရှိ စစ်သားတိုင်းကလည်း ဝရုန်းသုန်းကား ဖြစ်သွားကြပြီး သူထံ ရူးသွပ်စွာဖြင့် ပြေးဝင်လာကြသည်။

“ငါ့ရဲ့လမ်းကိုဖယ်စမ်း”

ကျောင်းစစ်လော့၏ ကြယ်တာရာစွမ်းအင်က ပေါက်ကွဲသွားသည်။ သမိုင်းအကြိုခေတ်ဦးမှ သားရဲတစ်ကောင် ဖြစ်သည့်အလျောက် သူ၏ကြယ်တာရာ စွမ်းအင်များကလည်း ထူထပ်သိပ်သည်းလွန်းကာ ဆေဘာဓား တစ်ချောင်းလိုမျိုး ဆူးချွန်ချီစက်ကွင်းကို ပြန်ကန်ထွက်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူ၏သုံးကျန်း အကွာသို့ လူအများ ချဉ်းကပ်ရန် မဖြစ်နိုင်ချေ။

ဝုန်း

သူ၏ခြေလေးဘက်လုံးက မြေပြင်ထဲသို့ နစ်ဝင်သွားလောက်အောင် အရှိန်ယူပြီး ကျောင်းစစ်လော့က ကျောက်ဝူကျန်းနောက်သို့လိုက်သည်။

“မကောင်းတော့ဘူး ကျောင်းစစ်လော့ အဝေးကို ခေါ်သွားခံရတော့မယ်”

တောင်ခြေမှ ဖုန်းကျားရီက ကျောင်းစစ်လော့က အန်းနန်အစိုးရစစ်တပ် ရာထူးအမြင့်ပိုင်းရှိရာသို့ တစ်ယောက်ထဲ သွားကြောင်းကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။

“ရန်သူကို ချောင်ပိတ်မလိုက်နဲ့” ဆိုသည်မှာ တောဓားပြများ သုံးလေ့ရှိသော ဆိုရိုးစကားဖြစ်သည်။ တိုက်ပွဲနယ်မြေအတွက်လည်း သင့်လျော်သည်။

ကျောက်ဝူကျန်းကို သူ၏ကိုယ်ရေး သက်တော်စောင့်များပင် မပါဘဲ လိုက်ဖမ်းသော ကျောင်းစစ်လော့က ထိုအချက်ကို ဖျက်ဆီးလိုက်သည်။

“ဒီကောင်က စစ်အနုပညာအကြောင်း ဘာမှမသိထားဘူး။ သူ့ကိုပြန်ခေါ်ဖို့လိုတယ်”

ဖုန်းကျားရီက အလွန်စိုးရိမ်သွားသည်။

ဖုန်းကျားရီက အခြားသော တိဗက်ဗိုလ်ချုပ်များပေါ် ထူးထူးခြားခြား ခံစားချက်ကောင်း မရှိသော်လည်း ကျောင်းစစ်လော့နှင့်အတူ လေးနက်သည့် ခံစားချက်ရှိသည်။ သူတို့နှစ်ယောက်က အတူတကွပေါင်းကာ တိုက်ခိုက်နိုင်ခဲ့သော ထန်ဗိုလ်ချုပ် အရေအတွက်က မနည်းလှချေ။ နှစ်ယောက်ကလည်း ပြီးပြည့်စုံစွာ နားလည်မှုရှိပြီး တိုက်ပွဲနယ်မြေပေါ်တွင် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားနိုင်ကြသည်။

“နေအုံး”

ခဲ့လော့ဖုန်းက ဖုန်းကျားရီကိုတားသည်။ သူ၏မျက်နှာက တည်တင်းစွာဖြင့် တောင်ပေါ်သို့ကြည့်သည်။

“အဲ့ဒီကိုကြည့်လိုက် မင်းဘာကိုမှ သတိမထားမိဘူးလား”

ဖုန်းကျားရီ၏ အာရုံက အံ့အားသင့်ဟန်အဖြစ် ပြောင်းသွားသည်။

“မင်းက ကျောင်းစစ်လော့ကို အထင်သေးလွန်းတယ်။ သူက ဒီလောက်ထိ အသိဉာဏ်မဲ့နေရင် လက်ရှိအဆင့်ကို ပိုင်ဆိုင်ထားပါ့မလား။ သူက ကျားဗိုလ်ချုပ် ငါးယောက်ထဲက ဒုတိယအဆင့်တောင် ရောက်ထားတာ။ သူ့ရဲ့ပတ်ဝန်းကျင်က မဟာထန်ဗိုလ်ချုပ်တွေကို သေချာကြည့်လိုက်။ ဘာမြင်ရလဲ”

“အာ တော်ဝင်ခမည်းတော် ပြောနေတာက”

ဖုန်းကျားရီက နောက်ဆုံးတွင် နားလည်သွားသလိုမျိုး မျက်လုံးက မှေးကျဉ်းသွားသည်။

“ဒီစစ်သားတွေအားလုံးက အကောင်းဆုံး ကြိုးစားပြီး ကျောက်ဝူကျန်းကို ကာကွယ်ဖို့ ပြင်ဆင်နေကြတာ။ တကယ်လို့ ခြုံခိုတိုက်ခိုက်တာမျိုးသာ ရှိမယ်ဆိုရင် ဒီလိုဖြစ်နေမှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ တစ်ခုက ခြုံခိုတိုက်ခိုက်မှု မရှိတာပဲ။ ဒါကြောင့်ပဲ ကျောင်းစစ်လော့က ကျောက်ဝူကျန်းကို လိုက်ဖမ်းရဲတာပေါ့။ ဒုတိယ ဖြစ်နိုင်ချေကတော့ ခြုံခိုတိုက်ခိုက်မှု ရှိနေလိမ့်မယ်။ ဒါပေမဲ့ ကျောက်ဝူကျန်းကပဲ အဲ့ဒီအကြောင်းကို သိထားပြီး ကျန်တဲ့စစ်သားတွေက အဲ့ဒီအကြောင်းကို မသိထားလို့ပဲ”

“ဒါက”

ဖုန်းကျားရီက သံသယဝင်သွားသည်။

“ဒါပေမဲ့ ကျောင်းစစ်လော့က သိပ်မကြာခင်ကမှ စတင်တိုက်ခိုက်ခဲ့တာ။ ကျောက်ဝူကျန်းကတော့ သွမ့်ဝူကျုံးနဲ့လည်း တိုက်ခိုက်ခဲ့ပြီးသား။ ဒုတိယ ဖြစ်နိုင်ချေသာ ဖြစ်မယ်ဆိုရင် ဆိုလိုတာက ကျောက်ဝူကျန်းက သွမ့်ဝူကျုံးကို ရင်ဆိုင်ဖို့ လုံလောက်နေတဲ့အပြင် ကျောင်းစစ်လော့က ပေါ်လာမယ်ဆိုတာကိုလည်း ခန့်မှန်းနိုင်ထားလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာအရ ခံလိုက်တာပဲ။ ဒါပေမဲ့ ဒါကဖြစ်နိုင်ချေ မရှိဘူးမဟုတ်လား။ ငါတော့ ပထမဖြစ်နိုင်ချေလို့ပဲထင်တယ်။ သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့က တုန့်ဆိုင်းနေကြတာကို မင်းလည်းမြင်တာပဲ”

ခဲ့လော့ဖုန်းကပြောသည်။

ဖုန်းကျားရီက ခေါင်းလှည့်ကြည့်လိုက်သည်။ သေချာစွာပင် ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက တုန့်ဆိုင်းမှုဖြင့် လွန်ဆွဲနေသည်။ သေချာစွာဖြင့် သူကလည်း ခဲ့လော့ဖုန်းလို တွေးနေလောက်သည်။

“တကယ်ပဲ ဒီလိုဖြစ်နေတာကို”

ဖုန်းကျားရီက စိတ်အေးသွားပြီး မျက်မှောင်ပြန်ဖြေလျော့လိုက်သည်။ ခဲ့လော့ဖုန်းက သုံးသပ်နိုင်စွမ်းအားရှိသည်။ ထို့ကြောင့်သူက လျှင်မြန်စွာဖြင့်ပင် ဖုန်းကျားရီ၏ အပြုအမူကို သတိထားမိပြီး သဘောကျသလို ခေါင်းညိမ့်လိုက်သည်။ ဖုန်းကျားရီက မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံဖြစ်ပြီး သူသဘောအကျဆုံး သားတော်လည်းဖြစ်သည်။

သူဟာ ချွင်းချက်မရှိသော သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး မဟာထန် မြို့တော်တွင်လည်း ယဉ်ကျေးမှုဆိုင်ရာ ထန်ပညာရေးများကို လေ့လာသင်ကြားနိုင်ခဲ့သဖြင့် လက်ရှိဧကရာဇ်နှင့်ပင် တွေ့ဆုံနိုင်ခဲ့ပြီး စစ်အနုပညာကို သင်ယူနိုင်ခဲ့ကာ မဟာထန်၏ မူဝါဒရေးရာပိုင်းက မည်သို့ အလုပ်လုပ်ကြောင်း နားလည်နိုင်ခဲ့သည်။

သူ၏အသက်တွင် သူ၏ယှဉ်နိုင်သောသူက အလွန်နည်းပါးသည်။ တိတိကျကျပြောရသော် သူ၏ ငယ်ရွယ်လွန်းသော အသက်အရွယ်အရ လိုအပ်နေသော တစ်ခုတည်းသောအရာက အတွေ့အကြုံဖြစ်ပြီး သူကလုံလောက်အောင် မယဉ်ပါးသေးချေ။ သူက ကိစ္စများစွာ အလှည့်အပြောင်း များစွာကို မြင်ခဲ့ဖူးသည့်တိုင်အောင် ထိုမျှက မလုံလောက်သေးချေ။

ဥပမာအနေဖြင့် ရန်သူ့တပ်များ ရှိရာသို့ သေချာတွေးတော သုံးသပ်ခြင်းမရှိဘဲ ချီတက်သွားရန် သူက နားလည်ထားသော်လည်း ပတ်ဝန်းကျင် ထန်စစ်သည်များ၏ အပြောင်းအလဲကို သတိမထားမိချေ။ ဒါက ဖုန်းကျားရီ၏ လုပ်နိုင်စွမ်းအားကို လျော့ကျသွားစေသည်။

ဖြစ်နိုင်သည်မှာ သူ၏စိတ်က မငြိမ်သက်နေသည့်အတွက် အနည်းငယ် မရင့်ကျက်မှုနှင့် အလျင်စလို ဆုံးဖြတ်မှုက ပါဝင်နေသောကြောင့်လည်း ဖြစ်လောက်သေးလေသည်။ ထိုအရာအားလုံး၏ အားနည်းချက်က သူ၏အတွေ့အကြုံ နည်းမှုနှင့် ငယ်ရွယ်သော အသက်ဖြစ်နိုင်သည်။

“ဒီမိတ်ဆွေ ကျောင်းစစ်လော့က ကျောက်ဝူကျန်းကို သတ်ဖြတ်ကောင်း သတ်ဖြတ်လိုက်နိုင်တယ်”

ခဲ့လော့ဖုန်းက ရေရွတ်လျှက် တောင်ပေါ်သို့ကြည့်လိုက်သည်။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ သိုင်းပညာများက ဗဟိုပြင်ကျယ်နှင့် အပြတ်အသတ် ကွာခြားပြီး မာန်ရှဲ့ကျောင်းထက်ပင် ပို၍ခြားနားသေးလေသည်။ ကျောက်ဝူကျန်းက သွမ့်ဝူကျုံးကို နိုင်ကောင်း နိုင်လောက်သော်လည်း ကျောင်းစစ်လော့ကဲ့သို့ ခုခံစွမ်းအား ကြီးမားသောလူ အင်အားကြီးမားသောလူနှင့် ရင်ဆိုင်ရာတွင် ဆုံးရှုံးမှု၊ သူ့ဘက်က ပိုများသွားစေနိုင်ချေက ရှိနေသည်။

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ အခြားဖြစ်နိုင်ချေကို လျစ်လျူရှု့လို့မရဘူး။ ကျားရီ အဆင့်သင့်ပြင်ထား။ နည်းနည်းကြာရင် မင်းကျောင်းစစ်လော့ကို သွားကူညီဖို့ လိုအပ်လောက်တယ်”

“ဟုတ်ကဲ့တော်ဝင်ခမည်းတော်”

ဖုန်းကျားရီကလည်း သူ၏အမိန့်ကို ဆောင်ရွက်ရန် ထွက်ခွာသွားသည်။

“ခဏနေအုံး လျှင်လျှင်မြန်မြန် မလှုပ်ရှားနဲ့။ တိဗက်လူမျိုးတွေ မလှုပ်ရှားခင် ငါတို့အရင်လှုပ်ရှားလို့ မရဘူး”

ခဲ့လော့ဖုန်းပြောသည်။

တိဗက်များက မာန်ရှဲ့ကျောင်း စစ်သားများကို ကယ်ဆယ်ရန်အတွက်သာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မာန်ရှဲ့ကျောင်းက ယခုလှုပ်ရှားလိုက်မည်ဆိုလျှင် တိဗက်များက ရှက်သွားလောက်သည်။ သူတို့၏ အကူအညီကသာ အသုံးပြု၍ရမည်ဆိုလျှင် ပို၍ကောင်းသည်။ မရလျှင်မူ တိဗက်လူမျိုးများက သူတို့၏ မလိုအပ်သော လှုပ်ရှားမှုအတွက် သဘောမကျသွားနိုင်လေသည်။

“ခမည်းတော်ရဲ့သားတော်က နားလည်ပါတယ်”

ဖုန်းကျားရီက ခေါင်းညိမ့်ပြီး ထွက်သွားသည်။

အခြားတစ်ဖက်တွင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း တိဗက်ဘာသာစကားနှင့် စကားပြောနေကြသည်။

“ဖုန်းကျားရီ ထွက်သွားပြီ”

ဒါကသာ့လွန်ရော့ကျန်း၏ ပါးစပ်မှ ထွက်သွားသော ပထမစကားဖြစ်သည်။

“ငါလည်းမြင်တယ်”

ဟော်ရှု့ဟွေ့ခမ်းက ခေါင်းညိမ့်သည်။ သူကလည်း မျက်နှာသေဖြင့် ဖြစ်နေသေးသည်။ သူတို့နှစ်ယောက်က တောင်ပေါ် အာရုံစိုက်ထားပြီး ခဲ့လော့ဖုန်းနှင့် ဖုန်းကျားရီဘက်သို့ လှည့်မကြည့်သော်လည်း သူတို့နှစ်ယောက်၏ မြင်နိုင်စွမ်းအားမှ လွတ်မြောက်ခြင်းမရှိချေ။

“ဒီမာန်ရှဲ့ကျောင်းရဲ့ အိမ်ရှေ့စံက ကျောင်းစစ်လော့အပေါ် အမြင်ကောင်းရှိပုံရတယ်”

သာ့လွန်ရော့ကျန်းက သတိထားမိသလို ဝင်ပြောလာသည်။

“ပုံမှန်ပါပဲ ကျောင်းစစ်လော့က အပြင်ပန်းကသာ ကြမ်းတမ်းသာ စိတ်ထားက ကြင်နာတတ်တယ်။ ဖုန်းကျားရီရဲ့ အပြုအမူက ဖြောင့်မတ်တာကိုး”

ဟော်ရှု့ဟွေ့ခမ်းကလည်း မထူးခြားနားသလို ဝင်ပြောလာသည်။

ဖုန်းကျားရီကလည်း ထိုစကားများကိုကြားလျှင် ကြောင်သွားလောက်သည်။ ထိုစုံတွဲက သူ့ကို အကဲဖြတ်နေသည်။

“ဒါပေမဲ့ ငါတို့လည်း ကြိုတင်ပြင်ဆင်မှု လုပ်ထားသင့်တယ်။ ကျောင်းစစ်လော့က လှုပ်ရှားလိုက်မှတော့ မဟာထန်က ရပ်ကြည့်နေမယ်လို့ မထင်ဘူး”

သာ့လွန်ရော့ကျန်းက ယပ်တောင်ကိုခတ်လျှက်ပြောသည်။

“အင်း ငါနားလည်ပြီ ငါလည်း ကြိုတင်ပြင်ဆင်ခိုင်ထားပြီးသား”

ထိုသို့ပြောလိုက်ပြီးနောက် သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့က တိတ်ဆိတ်သွားကြသည်။ စကားတစ်ခွန်းမှ ဆက်မပြောဖြစ်ကြတော့ပေ။

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း၊ ဖုန်းကျားရီတို့က ဘာလုပ်ရမည်ဖြစ်ကြောင်း ဆွေးနွေးနေကြချိန်တွင် တောင်ထိပ်ပေါ်တွင် ကျောက်ဝူကျန်းကမူ ပြောင်းလဲသွားပြီဖြစ်သည်။

ဝုန်း

ကျောင်းစစ်လော့က လျှင်မြန်စွာ လိုက်နေသောကြောင့် ဖြစ်လောက်သည်။ ဖုန်းကျားရီက သတိလက်လွတ်ဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုသို့ကျန့်ကြာသွားခြင်းက သေစေနိုင်သော ပစ်ချက်ဖြစ်သွားသည်။

“ပြောင်မြောက်တဲ့ အခွင့်အရေးပဲ”

ကျောင်းစစ်လော့၏ မျက်ဝန်းက တောက်ပသွားပြီး ချက်ချင်းလိုလို ထိုအခွင့်အရေးကို ဖမ်းဆုပ်တော့သည်။

ဝုန်း

ကျောင်းစစ်လော့၏ တန်ထန်းက ပေါက်ကွဲပြီး မိုးခြိမ်းမတက် ပြင်းထန်သော သတ္ထုစွမ်းအင်ချင်း ထိခတ်သံများက ထွက်ပေါ်လာပြီး သူ၏အောက်ခြေရှိ မြေပြင်ကပင် တုန်ခါလာသည်။

သူ၏ပေါက်ကွဲထွက်လာသလောက် ပြင်းထန်သည့် ထိုစွမ်းအားများ၏ အကူအညီဖြင့် ကျောင်းစစ်လော့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ပို၍အရှိန်နှုန်း မြင့်သွားကာ ချက်ချင်းလိုလို သူနှင့်ကျောက်ဝူကျန်း၏ကြားမှ ကွာခြားချက်ကို လျော့ချလိုက်ပြီး ထိုက်တောင်ပေါ်မှ ဆင်းသက်လိုက်သလို အရှိန်နှုန်းဖြင့် ဆင်းသက်လိုက်သည်။

“ကြောက်မက်ဖွယ်သားရဲရဲ့ ဖနှောင့်ပေါက်ချက်”

ကျောင်းစစ်လော့က ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တိုင်းကို စုစည်းလိုက်ပြီးနောက် လေထဲတွင်ပင် မူလရှေးဦး ဟိန်းဟောက်သံကြီးကို ဟိန်းဟောက်လိုက်သည်။ ကြီးမားသော သားရဲတစ်ကောင်၏ လက်သည်းချက်က လေထဲကို ထိုးခွဲသွားချိန်တွင် တောင်အသေးစား အရွယ်အစားခန့်ရှိသော ခန္ဓာကိုယ်အင်အားနှင့် ကျောက်ဝူကျန်းထံ ခုန်ဝင်လျှက် ကုပ်ဆွဲရန် ကြိုးစားလိုက်သည်။

“ဟား ဟား ၁၂”

ကျောင်းစစ်လော့က အော်ရယ်နေသည်။ ကျောက်ဝူကျန်း၏ အထွတ်အထိပ် အခြေအနေတွင်ပင် သူ့ကို မယှဉ်နိုင်လေရာ ဒဏ်ရာရထားလျှင် ပို၍ဆိုးသည်။

“ဟား ဟား ဟား မင်းက အချိန်မှန်ပဲ”

ဖြတ်ကနဲဆိုသလို အထိတ်တလန့်ဖြစ်နေသော ကျောက်ဝူကျန်း၏ မျက်ဝန်းက ရုတ်တရက် မျက်စိကြိမ်းမတက် တောက်ပသော နေတစ်လုံးလို ပေါက်ကွဲသွားသည်။ ထိုအချိန်ကလည်း ကျောင်းစစ်လော့က သူ့ကိုမိသွားချိန်ဖြစ်သည်။

“ကျောင်းစစ်လော့ မင်းငါးစားဟပ်လိုက်ပြီ”

ကောင်းကင်ထဲသို့ သွေးနီရောင်မီးတောက်ကြီးက ထိုးတက်သွားသည်။ ကျောင်းစစ်လော့က ငုံ့ကြည့်လိုက်သောအခါ ဒဏ်ရာရထားသော ကျောက်ဝူကျန်းက သူ၏အောက်ဘက်မှ လက်ဖဝါးကို ပြန်ကန်တွန်းလိုက်သလို လုပ်လိုက်ပြီး သူ၏စွမ်းအင်တိုင်းကိုသုံးကာ ကျောင်းစစ်လော့ကို လေထဲတွင် ထိုအတိုင်း တွဲလောင်းဖြစ်နေစေသည်။

တချိန်ထဲတွင်ပင် ကျောင်းစစ်လော့ကလည်း သူ၏နားမှတဆင့် လေးလံသော ပေါက်ကွဲသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် သူအာရုံခံနိုင်သမျှဟာ ထန်စစ်သားထဲမှ ရုတ်တရက် ထွက်လာသော ပုံမှန်မဟုတ်လောက်အောင် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

သူတို့အားလုံးက ပုန်းနေသည်မှာ ကြာလောက်ချေပြီ။ ဒီလိုခြုံခိုတိုက်ခိုက်မည့် နယ်မြေထဲသို့ ကျောက်ဝူကျန်းကို လိုက်ဖမ်းသောသူက ရောက်လာသည့် အချိန်မှသာ ဝိုင်းဝန်းကာ သူ့ကို တိုက်ခိုက်ကြခြင်းဖြစ်သည်။

“ကျောင်းစစ်လော့ မင်းရဲ့အသက်ကို ချန်လိုက်ပါတော့”

ဝုန်း

မြေကမာ္ဘတုန်ဟီးသွားသလိုမျိုး အလွန်အမင်း စူးရှသောအသံက ကောင်းကင်သို့ ဟိန်းထွက်သွားသည်။ အလွန်အမင်း ထက်ရှလွန်းသဖြင့် ကောင်းကင်ကိုပင် အပိုင်ပိုင်းဖြစ်အောင် ကွဲထွက်တော့မည်နှင့်တူသည်။

သံမဏိလှံလော့။

ကျောင်းစစ်လော့၏ စိတ်ထဲတွင် အတွေးတစ်ချက် ဝင်လာပြီး သူ၏နှလုံးသားက အေးစိမ့်သွားသည်။ အန်းနန်အစိုးရစစ်တပ်တွင် ပြိုင်ဘက်ကင်းသော လှံအသုံးပြုသူဟူ၍ လော့ကျီးဆိုသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကို ထုတ်ဖော်နိုင်သည့် လူတစ်ယောက်သာလျှင်ရှိသည်။

ငါတော့ ခြုံခိုတိုက်ခိုက်ခံရပြီ။

ထိုအတွေးက စိတ်ထဲဝင်ရောက်လာသည်နှင့်အတူ ကျောက်ဝူကျန်း၊ လော့ကျီး၊ ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းနှင့် နဂါးနက်ဓားပြလက်ရွေးစင် ခြောက်ယောက်ဖြစ်သည့် ကျန်းလုံ၊ ချန်းချုံး၊ လီကျစ်နှင့် ကျိုးဟန်တို့က အဘက်ဘက်မှ ဝိုင်းလိုက်ကြပြီဖြစ်သည်။ ထိုဆယ်ယောက်က ကျောင်းစစ်လော့၏ လွတ်လမ်းတိုင်းကို ပိတ်လိုက်သည်။

ကျောက်ဝူကျန်းနှင့် လော့ကျီးတို့က ဆယ်ယောက်ထဲတွင် အင်အားအကြီးဆုံးဖြစ်သော်လည်း အစစ်အမှန် တိုက်ခိုက်မည့် တိုက်ကွက်ကမူ ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းနှင့် နဂါးနက် လက်ရွေးစင်ဓားပြ ခြောက်ယောက်ထံမှ လာခြင်းဖြစ်သည်။

ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် သူတို့၏ခန္ဓာကိုယ် ရှစ်ခုမှ မျက်စိကြိမ်းဖွယ် အလင်းများ ထွက်နေပြီး သူတို့၏ ကြယ်တာရာစွမ်းအင်များက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ အတွင်းတွင် အနက်ရောင် ပုံရိပ်ကြီးတစ်ခုကို မြင်ရမည်ဖြစ်သည်။ ထိုအနက်ရောင် ပုံရိပ်က မျက်ရည်ဓား ပုံရိပ်ဖြစ်သည်။ ဒါက သေဆုံးခြင်းမျက်ရည်ဓားဖြစ်သည်။ ဒီလိုကပ်ဘေး အခြေအနေတွင် အင်အားအကြီးဆုံး အင်အားနည်းသည့် လူများမှ ပေါင်းစပ်သည့် ဝင်္ကပါတိုက်ကွက် တစ်ကွက်က ဖြစ်ပေါ်လာတော့သည်။

အခန်း(၅၇၅)

ပူးပေါင်းတိုက်ခိုက်သည့် တိုက်ကွက်ဝင်္ကပါပေါင်း များစွာရှိသည်။ အထူးသဖြင့် စစ်တပ်တွင်ဖြစ်သည်။ မဟာထန်၊ ယွီစန်း၊ မာန်ရှဲ့ကျောင်းတွင်ဖြစ်စေ အမျိုးမျိုးသော ပူးပေါင်းတိုက်ခိုက်သည့် တိုက်ကွက်များရှိသလို ကျော်ကြားသည့် လျို့ဝှက်တိုက်ကွက်များလည်းရှိသည်။ အင်အားနည်းသော လူပုဂ္ဂိုလ်များ၏ ပေါင်းစပ်ကာ ရလာသော အင်အားက ဝင်္ကပါ၏အင်အားနှင့် ပေါင်းစပ်လိုက်ပြီးနောက်တွင် အင်အားကြီးမားသော ကျွမ်းကျင်ပညာရှင်များကိုပင် သတ်ဖြတ်နိုင်စွမ်းအားရှိသည်။

သို့သော် ထိုသို့သော အခြေအနေမျိုးက အလွယ်တကူ ထုတ်သုံး၍မရချေ။ အချင်းချင်း နားလည်သဘောပေါက်မှု ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအား လိုအပ်သေးလေရာ ရလဒ်အနေဖြင့် ယခုလို အချင်းချင်း နားလည်မှုပြည့်ဝသော လူရှစ်ယောက်က ပေါင်းသုံးပြသည့် အခြေအနေမျိုး ဖြစ်လာခြင်းလည်းဖြစ်သည်။

ထိုသို့ပူးပေါင်းကာ တိုက်ခိုက်သည့် ဝင်္ကပါက ပြည်ပမှ ကျူးကျော်လာသော သူများကို ရင်ဆိုင်ချိန်တွင် ပေါ်ပေါက်လာခဲ့သည်။

ဗဟိုပြင်ကျယ်မှ မဟာထန် ယွီစန်း အရှေ့ပိုင်းအနောက်ပိုင်း တူရကီများပင်ဖြစ်စေ၊ အဝေးမှ အခြားသော မျိုးနွယ်ခြားများပင်ဖြစ်စေ ကုန်းမြေမှ စစ်သည်တိုင်းက ပြည်ပမှ ကျူးကျော်လာသူများကိုသာ တိုက်ခိုက်ရန် ထိုသို့ပူးပေါင်းတိုက်ကွက်ကို အသုံးပြုလေ့ရှိကြသည်။

သူတို့၏ ပူးပေါင်းတိုက်ကွက်က ကျူးကျော်လာသူများကို ရင်ဆိုင်ရန် အသုံးပြုသောအခါ သက်ရောက်မှုရှိမှသာ အခြားနည်းလမ်းကို တွေးတောရမည်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အသေးစား ပူးပေါင်းတိုက်ခိုက်မှု ဝင်္ကပါက လူတိုင်း၏ အာရုံစိုက်ရာ နေရာဖြစ်သည်။

မဟာထန်နှင့် ပတ်ဝန်းကျင် တိုင်းပြည်တိုင်း အပါအဝင် အင်ပါယာတိုင်းနှင့် ယှဉ်ကျေးမှုတိုင်းအရ လူအင်အားများစွာကိုသုံးပြီး ထိုသို့အသေးစား ပူးပေါင်းတိုက်ခိုက်မှု ဝင်္ကပါအတွက် လေ့လာစမ်းသပ်မှု လုပ်နေကြရသည်။ ဖွံ့ဖြိုးတိုးတက်အောင် ဆက်တိုက် ဆောင်ရွက်နေကြရသည်။

ယခုအချိန်တွင် ထုတ်သုံးလိုက်သော ပူးပေါင်းတိုက်ခိုက်သည့် ထိုဝင်္ကပါ၏ အရေအတွက်ကကြီးသည်။ အချိန်တိုအတွင်းတွင် ထိုသို့အသေးစား ပူးပေါင်းတိုက်ကွက် ဝင်္ကပါက အထွဋ်အထိပ်စွမ်းအားအထိ အားလုံးကို ထုတ်ပေးနိုင်စွမ်းအားရှိပြီး အားလုံးကို သေဆုံးခြင်း မြတ်ရိတ်ဓားကလည်း ဒီခေတ်တွင် အပြောင်မြောက်ဆုံး ဥပမာတစ်ခု ဖြစ်နေပြန်သည်။

အချိန်က တိုးတောင်းသော်လည်း ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းနှင့် အခြားသော နဂါးနက် လက်ရွေးစင် ခြောက်ယောက်လုံးက သေဆုံးခြင်း မြတ်ရိတ်ဓားသင်္ကေတကို အထူးတလည် သင်ယူပြီး မကျင့်ကြံရခဲ့သည့်တိုင်အောင် ထိုရှစ်ယောက် ပူးပေါင်းလိုက်သည့် အင်အားက ကျောင်းစစ်လော့ကို ကိုင်တွယ်ရန် လိုအပ်သည်ထက် ပိုနေပြီဖြစ်သည်။

ဝုန်း

ကျောက်ဝူကျန်းနှင့် လော့ကျီးတို့က သေဆုံးခြင်းမြက်ရိတ်ဓား ပူးပေါင်းတိုက်ခိုက်မှု ဝင်္ကပါနှင့်အတူပေါင်းကာ တိုက်ခိုက်လိုက်ကြသဖြင့် စက္ကန့်အနည်းငယ်ထဲနှင့်တင် ကျောင်းစစ်လော့ကို အပြည့်အဝ ဝိုင်းပြီးသားဖြစ်သွားသည်။ ကျောင်းစစ်လော့က အဆင့်သင့်ဖြစ်နေသည့်တိုင်အောင် ထွက်ပြေးရန် နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။

“အား”

လေထဲတွင် လူ၁၁ယောက်ထံမှ ထွက်လာသော ကြယ်တာရာစွမ်းအင်များက အလွန်များပြားလွန်းလှလေရာ ပတ်ဝန်းကျင်ရှိ စစ်သည်တော်များ အားလုံးက အံ့အားတကြီး ဖြစ်သွားကြသည်။ ကျောင်းစစ်လော့က အသားကုန် အော်ဟစ်လိုက်ချိန်တွင် သူ၏ဓားအစွယ် သားရဲပြောင်းလဲခြင်းက အင်အားပြည့်နှက်စွာဖြင့် ဖယ်ရှားခံရသည်။ ကျောင်းစစ်လော့၏ လူသားသဏ္ဍန်မှ အက်ကွဲသွားသော စွမ်းအင်များက ပြန့်ကျဲစွာထွက်လာသည်။

အနီရင့်ရောင်လှံက သွေးအလင်းရောင် တောက်ပလျှက် ကျောင်းစစ်လော့၏ ရင်ဘက်ထဲသို့ ကျော်ဖြတ်သွားပြီး သူ၏နှလုံးအဓိကနေရာနှင့် ကပ်သီလေး လွဲချော်သွားသည်။ သို့သော် ထိုနေရာတွင် ရှိနေသော ကိုယ်တွင်းအင်္ဂါကို ထိုးဖောက်သွားလျှက် ကျောဘက်တွင် ပြန်ထွက်သွားသည်။

လော့ကျီ

တကယ်ကို ပြိုင်ဘက်ကင်း သံမဏိလှံလော့ကျီးပဲ။

အန်းနန်အစိုးရစစ်တပ်တွင် လှံတိုင်းတွင် ထိုမျှပြောင်မြောက်ပြီး ကျောင်းစစ်လော့၏ မာကြောသောအသားနှင့် ခုခံအား၏ ကြယ်တာရာစွမ်းအင် အလင်းကာကို ထိုးဖောက်နိုင်စွမ်းအားရှိသူက သံမဏိလှံလော့ဆိုသည့် လူတစ်ယောက်ထဲသာရှိသည်။ ဝမ်ချောင်၏လှံက လော့ကျီး၏ ကြောက်မက်ဖွယ်ကောင်းသော လှံသိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ ကျောင်းစစ်လော့၏ ရှန်းကျုံးအကြောအမှတ် နေရာကို တည့်တိုး ထိုးသွားနိုင်ပြီး ရင်ဘက်ရှိ ကိုယ်တွင်အင်္ဂါများကို စုတ်ဖြဲနိုင်ခဲ့သည်။ ပို၍ကြောက်မက်ဖွယ် ကောင်းသည်မှာ လော့ကျီး၏ အလွန်အမင်း စူးရှသော ကြယ်တာရာစွမ်းအင်များက ကျောင်းစစ်လော့၏ ကိုယ်ထဲသို့ သူ၏လှံနှင့်အတူ ဝင်သွားပြီဖြစ်ပြီး ကြားခံနယ်မြေများ အားလုံးကို စုတ်ဖြဲတော့သည်။

“ကျောင်းစစ်လော့”

“ဗိုလ်ချုပ်”

အဝေးရှိ တိဗက်စစ်သည်တော်များထံမှ အော်ဟစ်သံများက ထွက်ပေါ်လာပြီး အားလုံး၏ မျက်လုံးက နီရဲသွားကြသည်။

ရုတ်တရက်ကြီး

အရမ်းကို ရုတ်တရက်ဆန်လွန်းတယ်။

ကျောင်းစစ်လော့ကသာ နောက်မှလိုက်လံ တိုက်ခိုက်သူဖြစ်ပြီး မရပ်နိုင်သော အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကာ သူ့ရှေ့ရှိ ရပ်သူမှန်သမျှကို သတ်ဖြတ်နိုင်ခဲ့သည်။ ပို၍ဆိုးသည်မှာ သူဟာ ကျောက်ဝူကျန်း၏အသက်ကို ယူနိုင်တော့မလို ဖြစ်ခဲ့လေသည်။ သို့သော် ရုတ်တရက် အခြေအနေက ပြောင်းလဲသွားသည်။ ကျောင်းစစ်လော့က လိုက်ဖမ်းသူထံမှ လိုက်ဖမ်းခံရသူအဖြစ် ပြောင်းလဲသွားပြီး ခြုံခိုတိုက်ခိုက်ခံလိုက်ရသည်။

တောင်ခြေမှ မာန်ရှဲ့ယွီစန်း စစ်တပ်တစ်ခုလုံး၏ နှလုံးခုန်နှုန်းက ရပ်တန့်သွားသည်။

ခြုံခိုတိုက်ခိုက်တာပဲ။

ဒါကတကယ်ကို ခြုံခိုတိုက်ခိုက်လိုက်တာပဲ။ ကျောက်ဝူကျန်းရဲ့ဒဏ်ရာ သူထွက်ပြေးတာတွေ အားလုံးက ကျောင်းစစ်လော့ကို အင်အားအပြည့်နဲ့ ချီတက်အောင် မျှားလိုက်တာပဲ။

“သေစမ်း ငါတို့အားလုံး အရူးလုပ်ခံလိုက်ရပြီ”

သာ့လွန်ရော့ကျန်း၏ မျက်လုံးက မှေးကျဉ်းသွားပြီး သူ၏လက်ထဲရှိ ယပ်တောင်ကပင် အခတ်ရပ်သွားသည်။ သူ၏မျက်လုံးက တောင်ထိပ်ပေါ်ရှိ ပိန်ပါးသော လူငယ်ထံရောက်သွားသည်။

သံမဏိလှံလော့က လှံသိုင်းတွင် အလွန်ကျော်ကြားသော်လည်း သူကလှံသိုင်းတွင်သာ ကျော်ကြားခြင်းဖြစ်ပြီး ထိုမျှထူးချွန်နေခြင်းလည်း မဟုတ်ချေ။

ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှု အပြီးနောက်တွင် ကျောင်းစစ်လော့ ပေါ်လာမည်ဟုလည်း ကျောက်ဝူကျန်းက မသိထားနိုင်ချေ။

သာ့လွန်ရော့ကျန်းအနေဖြင့် ထိုအရာအားလုံးကို ခန့်မှန်းနိုင်သူ တစ်ဦးတည်းကိုသာ တွေးလိုက်မိသည်။ သွမ့်ဝူကျုံးက တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်သွားသောအခါ ကျောင်းစစ်လော့က ထွက်ပေါ်လာနိုင်သည်ဟု တွေးမိသူမှာ ထိုမဟာထန်မှ ကောင်ငယ်လေး ဝမ်ချောင်သာလျှင် ရှိလောက်သည်။

ငါတို့အားလုံး သူ့ရဲ့လှည့်ကွက်ထဲ ကျသွားတာပဲ။

ကျောက်ယောင်ကျန်း၏ အင်္ကျီလက်က ရွေ့လျားသွားသည်။ သူ၏ညာဘက်လက်မှ ယပ်တောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ပထမဦးဆုံးအကြိမ် သူက အကွက်ရွေ့ရာတွင် ရှုံးသွားသည်။

ဒီလောကတွင် သူ့ကိုထိုသို့ ဆုံးရှုံးသွားသလို ခံစားစေရသည့် ကိစ္စက အနည်းငယ်သာလျှင်ရှိသည်။ သို့သော် ဒီမတော်တဆက ထိုကိစ္စများထဲမှ တစ်ခုဖြစ်နေသည်။ သာ့လွန်ရော့ကျန်း၏ ရှုံးနိမ့်မှုက ကျောင်းစစ်လော့ကြောင့် မဟုတ်ချေ။ ကျောင်းစစ်လော့က ဒီတိုင်း ရှေ့ပြေးမျှသာဖြစ်သည်။

သာ့လွန်ရော့ကျန်းက အစစ်အမှန် ပြိုင်ဘက်နှင့် တွေ့ပြီဟု ခံစားလိုက်ရသည်။

ကျောင်းစစ်လော့က ဟော်ရှု့ဟွေ့ခမ်းက စေလွှတ်ခြင်းခံရသော လူတစ်ယောက်ဖြစ်သည်။ သွမ့်ဝူကျုံး၏ ကျောက်တုံးဖြူတပ်ရင်းက လုပ်ကြံသတ်ဖြတ်ခံရသည့် အစပိုင်းတွင် မည်သို့သော သာမာန်လူကမှ ကျောင်းစစ်လော့ကို ပိတ်လှောင်ခံရမည်ဟု မတွေးမိလောက်ချေ။ အထူးသဖြင့် ကျောက်ဝူကျန်းကိုလည်း စေလွှတ်ရန် ကြိုတင်တွေးတောရန် ပို၍ဆိုးသည်။ သာ့လွန်ရော့ကျန်းအနေဖြင့် စစ်တပ်ရေးရာ ကိစ္စများကို နားမလည်ချေ။

သို့သော် ထိုမတော်တဆမှုက စစ်အနုပညာနှင့် မသက်ဆိုင်လောက်သေးကြောင်း သေချာသွားခဲ့သည်။ သာ့လွန်ရော့ကျန်းအနေနှင့် သူနှင့်လက်ရည်ညီသော ပြိုင်ဘက်ကို တွေ့လိုက်ရပြီဟု ခံစားလိုက်ရသည်။ သူတို့က အဆင့်ချင်း တူမနေလောက်သည့်တိုင်အောင် အနည်းဆုံး ဗျူဟာချင်းတွင် တူညီနေလောက်သည်။

ဒီကောင်စုတ်လေးကို ဒီတိုင်း လျှောက်ရှုပ်ခွင့် ပြုထားမရတော့ဘူးပဲ။

သာ့လွန်ရော့ကျန်း၏ မျက်လုံးက မှေးကျဉ်းသွားပြီး သူ၏သတ်ဖြတ်လိုစိတ်ကပင် အသက်ဝင်လာသည်။ သူမူလက ထိုကောင်လေး၏ အသက်ကို ချန်ထားပေးသင့်သည်ဟု ထင်သည်။ မည်သို့ပင်ဆိုစေ သူ့ထံမှ ထိုစစ်နည်းဗျူဟာများကို ရနိုင်မည်ဆိုလျှင် ပို၍ကောင်းသည်။ သို့သော်ယခုမူ သာ့လွန်ရော့ကျန်းက စိတ်ပြောင်းသွားသည်။ ထိုအဆင့်သို့ရောက်နေသော ပြိုင်ဘက်မျိုးက ညှာတာမှုမရှိဘဲ ချက်ချင်းသတ်သင့်သည်။

သာ့လွန်ရော့ကျန်း၏ ဘေးဘက်မှ ပဲစေ့လေးများ ကျလာသလို အသံက ထွက်လာသည်။ ဟော်ရှု့ဟွေ့ခမ်းက မျက်နှာသေဖြင့် ရှိနေသေးသော်လည်း သူ၏မားမတ်သော ပုံရိပ်က တောင်တစ်တောင်သို့ ထောင်လွှားကာ ရှိနေသည့်တိုင်အောင် သူ၏လက်နှစ်ဖက်လုံးက ခပ်တင်းတင်းဆုပ်ထားပြီး သွေးကြောများကလည်း ထောင်တက်နေကတည်းက သူ၏စိတ်အတွင်းမှ ပြင်းထန်သည့် ခံစားချက်ကို သိနိုင်သည်။

ကျောင်းစစ်လော့၏ ဓားအစွယ် သားရဲပုံသဏ္ဍန် ပြောင်းလဲခြင်း၏ တိုက်ခိုက်နိုင်စွမ်းအားက လုံချင်ပါ့နှင့်ယှဉ်လျှင် အနည်းငယ်မျှသာ နိမ့်သော်လည်း အရေပြား၏ အကြမ်းခံနိုင်မှု ခုခံအား၏အင်အားတို့နှင့်ယှဉ်သော် လုံချင်ပါ့ကို ကျော်နိုင်သည်။ ထို့ကြောင့် အသက်အန္တရာယ်ကို ခြိမ်းချောက်နိုင်စွမ်းအား မရှိလောက်အောင် လုံခြုံမှု ပေးနိုင်သည်။

ဓားအစွယ် သားရဲပုံသဏ္ဍန် ပြောင်းလဲခြင်းက တော်ဝင်ဂူဘုရားကျောင်းမှ အဆင့်လွန် ခုခံမှုသိုင်းဖြစ်သည်။ ကျောင်းစစ်လော့က လုံချင်ပါ့နဲ့ မတူသောလမ်းကိုလျှောက်ရန် ရွေးချယ်ခဲ့ပြီး သာ့လွန်ရော့ကျန်းပင်ဖြစ်စေ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ ကျောင်းစစ်လော့အနေဖြင့် ကျောက်ဝူကျန်းကို လိုက်လံသတ်ဖြတ်ရာတွင် စိုးရိမ်ရန် မလိုအပ်ခဲ့ချေ။ သို့သော် ဟော်ရှု့ဟွေ့ခမ်းအနေဖြင့် သူ၏မျက်လုံးရှေ့တွင် ဒီလိုမြင်ကွင်းမျိုး ပေါ်လာမည်ဟု လုံးဝမထင်ထားမိခဲ့ချေ။

“ဟော်ပါးဟွေးရှန်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား”

“ဟုတ်ကဲ့အရှင်”

တောင်ခြေရှိ လှုပ်ရှားမှုအားလုံးကို အာရုံမစိုက်နိုင်လောက်အောင် တောင်ပေါ်ရှိ ကျောင်းစစ်လော့၏ အခြေအနေကြောင့် ကြောင်သွားကြသည်။

“အား”

နာကျင်လွန်းသော ဟိန်းဟောက်သံက ကောင်းကင်ကို ထိုးခွဲကာ ပဲ့တင်ထပ်လာသည်။ ကျောင်းစစ်လော့နှင့် သူ့ကိုတိုက်ခိုက်နေသူများ အားလုံးက ကောင်းကင်ပေါ် ခုန်ဆင်းလာကြချိန်တွင် ကျောင်းစစ်လော့က သူ၏ညာဘက်လက်ဖြင့် လော့ကျီး၏လှံကို ရုတ်တရက်လှမ်းဆွဲကာ လော့ကျီးကို သူ၏ရင်ဘက်ထဲသို့ ဆက်လက် ထိုးနေခြင်းကို တားဆီးသည်။

ဝုန်း

ခိုင်မာလွန်းသော လက်ဝါးချက်က လော့ကျီးထံ ကျရောက်သွားသည်။ အပေါ်စီးမှသာ ငုံ့ကြည့်မည်ဆိုလျှင် လက်ဝါးကထိသွားသည့်အချိန်တွင် ကျောင်းစစ်လော့က လော့ကျီး၏ တစ်ဖက်မှ ပြန်ရိုက်ချလာသည့် လက်ဝါးထိပ်မှ ပေါင်းစပ်အားကိုယူပြီး လှံမှလွတ်အောင်လုပ်လျှက် မြေပြင်မှ သွေးရောင်အလင်းတန်းများနှင့်အတူ ခုန်ကာရှောင်သည်။

“ငါ့ရဲ့လမ်းကဖယ်စမ်း”

ကျောင်းစစ်လော့က အော်သည်။ သူ၏လက်မောင်းကိုလည်း ဆန့်ထားလျှက် ကြယ်တာရာ စွမ်းအင်များကို အလုံးအရင်းလိုက် ထွက်သွားစေသည်။ သွေးများကိုလည်း ပါသွားစေသည်။

“အား”

ဘေးဘက်ရှိ ထန်စစ်သည်တော်များထံမှ အော်သံက ပေါ်လာသည်။

နာကျင်နေသော ကျောင်းစစ်လော့က ယခင်ထက်ပို၍ မြန်ဆန်သွားပြီး သွေးလမ်းကြောင်းဖောက်ကာ လူအုပ်ထဲသို့ တိုးဝင်လျှက် တောင်အောက်သို့ဆင်းသည်။

“သူ့ကိုမလွတ်စေနဲ့”

အနောက်မှ လော့ကျီး၏လှံက ဘန်းကနဲ အသံနဲ့အတူ မြေပြင်သို့ ထိုးစိုက်သွားသည်။ သူ၏မျက်ဝန်းထဲ အံ့အားသင့်သည့် အလင်းက ထွက်လာသည်။ ကျောင်းစစ်လော့က သူ၏ရှန်းကျင်းအမှတ်က ပေါက်ထွက်သွားသည့်တိုင်အောင် ထိုမျှအသားကုန် ပြေးလွှားနိုင်သေးသည်။ ထို့ပြင်သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအင်ကလည်း အားနည်းသွားလေသည်။

ပြည်ပမှ ကျူးကျော်သူက သူကထင်ထားတာထက် ပိုပြီးအလားအလာ ရှိနေတာပဲ။

နောက်ထပ်စကားတစ်ခွန်း မဆိုတော့ဘဲ လော့ကျီးက လှံကိုပြန်ကိုင်ကာ ကျောင်းစစ်လော့၏နောက်သို့ အေးစက်သော မျက်နှာထားနှင့်အတူ ကြည့်လိုက်သည်။ ကျောင်းစစ်လော့က သူ၏လှံချက်ကို မိပြီးသားဖြစ်လေရာ သူကသာ တကယ်လွတ်မြောက်သွားခဲ့မည်ဆိုလျှင် လော့ကျီးက ရယ်စရာ ဟာသပျက်လုံး ဖြစ်လာတော့ပေမည်။

“မင်းရဲ့အသက်ကို ချန်ထားခဲ့လိုက်”

လော့ကျီးကအော်သည်။ သူ၏ဒေါသသံကြောင့် တောင်ကပင် တသိမ့်သိမ့်တုန်သွားသည်။

ကျောင်းစစ်လော့က သူသတ်ရမည့် လူစာရင်းထဲတွင်ပါသည်။ ဒီစစ်ပွဲတွင် သူက အန်းနန်အစိုးရ စစ်တပ်မှ လူပေါင်းများစွာကို သတ်ခဲ့ပြီး လော့ကျီးက ဒီလိုလူမျိုးကို ဆက်လက်ရှင်သန်ခွင့် မပေးချင်တော့ချေ။

ကျောင်းစစ်လော့က အလွန်အမင်း သတိကြီးကြီး ထားထားပြီး သူကနောက်မှ လိုက်လာခြင်းကိုသိသာ ပို၍ပင် လျှင်မြန်စွာပြေးသည်။ ပို၍ဆိုးသည်မှာ သူက မြောက်များလှသော စစ်သားများ၏ အဖော်ပြုမှု ရှိနေသေးသည်။ ထို့ပြင် ထိုသို့သော သေဘော်သေဘက် ရဲဘော်များထဲတွင် မာန်ရှဲ့ကျောင်းမှ အိမ်ရှေ့စံ ဖုန်းကျားရီကိုလည်း လျစ်လျူရှု့၍မရပေ။

လော့ကျီးက သူ၏လှံချက်တွင် ယုံကြည်မှုရှိသော်လည်း ကျောင်းစစ်လော့နှင့် ဖုန်းကျားရီကို တစ်ချိန်ထဲ ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်မရှိချေ။ ထို့ပြင် ပတ်ဝန်းကျင်တွင် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာရှိနေလျှင် ပို၍ဆိုးသည်။

ဝုန်း ဝုန်း ဝုန်း

နောက်မှလိုက်မှုက အမြင့်ဆုံးအရှိန်ထိ ရောက်သွားပြီးနောက် ပုံရိပ်ယောင်ကိုသာ ချန်ရစ်ထားခဲ့ကာ တောင်အောက်သို့ဆင်းသည်။

“သူ့ရဲ့နောက်ကိုလိုက်”

ရွှီရှစ်ပင်း၊ ရွှီအန်းသွန်း၊ ကျန်းလုံ၊ ကျောက်ဟူ၊ ချန်းချုံး၊ လီကျစ်၊ ဖန်းဖန်းနှင့် ကျိုးဟန်တို့ အားလုံးကလည်း ခဏခန့် မှင်သက်သွားပြီးနောက် ချက်ချင်းလိုက်ကြသည်။ ဒီတိုက်ပွဲ၏ ရှုံးနိမ့်မှုက သူတို့ကိုပင် အံ့သြသွားစေခဲ့သည်။ သေဆုံးခြင်းမြက်ရိတ်ဓားကို ဝမ်ချောင်က သူတို့ကို သင်ကြားပေးခဲ့သော်လည်း သူတို့အနေဖြင့် ထိုအင်အားကို ထုတ်ဖော်အတည်ပြုနိုင်ရန် အချိန်တစ်ခု လိုအပ်နေသေးသည်။

ကျောင်းစစ်လော့၏ ကြယ်တာရာစွမ်းအင် ပြောင်းလဲမှုကို ဒါကဖယ်ရှားပေးနိုင်စွမ်း ရှိသည်။ သူတို့ကိုယ်တိုင်ကပင် မယုံကြည်နိုင်တော့ချေ။

ရွှီအန်းသွန်းက တွေးတောလိုက်ပြီး နောက်မှလိုက်သည်။

နီးကပ်သွားလေလေ ထိုကျောင်းစစ်လော့က မည်မျှအင်အားကြီးကြောင်း သိလိုက်ရလေလေဖြစ်သည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းမှုနှင့် အကြမ်းပတမ်းဆန်ကာ မိုက်ရူးရဲဆန်မှုက ရှေးဦးသားရဲများတွင်သာ ရှိလောက်သည်။ သာမာန်လူတစ်ယောက်က အလွယ်တကူ မကိုင်တွယ်နိုင်လောက်ချေ။

ထပ်ပေါင်းဆိုရသော် သူ၏ကိုယ်ထဲတွင် အခြားသော ဗိုလ်ချုပ်များထက် ပို၍များပြားသော ကြယ်တာရာ စွမ်းအင်များက ရှိနေသည်။ မည်သူကမှ ဒီလိုဝင်္ကပါ၏ စွမ်းအင်တစ်ချက်က သူ၏ပြောင်းလဲမှုကို ပျက်ပြယ်သွားစေမည်ဟု မထင်ထားလောက်ချေ။

သခင်လေးရဲ့ အကြံအစည် ချနိုင်စွမ်းရည်က တကယ်ကို ပြောင်မြောက်တာပဲ။ ကျောင်းစစ်လော့လို အကြမ်းပတမ်း လူတောင်မှ သခင်လေးရဲ့ လက်ဖဝါးထဲက ကစားစရာ တစ်ခုထက်မပိုဘူး။

ကျန်းလုံ၊ ကျောက်ဟူ၊ ချန်းချုံး၊ လီကျစ်နှင့် အခြားသော လက်ရွေးစင်အားလုံးက စိတ်အားထက်သန်စွာဖြင့် နောက်မှလိုက်ကြသည်။

ကျောက်ဝူကျန်း၏ အနောက်သို့ဆုတ်မှုက လူတိုင်းနီးပါး၏ လျို့ဝှက်ချက်တစ်ခုဖြစ်သည်။ သူတို့က အစကတည်းက ဒါဟာထောင်ချောက်မှန်း နားလည်ထားကြပြီး ကျောင်းစစ်လော့ကို မျှားခေါ်ရန်ပင် သိကြသည်။ ထိုသို့သိနေသည့်အတွက်လည်း ဝမ်ချောင်ကို အလွန်လေးစားမိလေသည်။

သူတို့က ဝမ်ချောင်နှင့် အချိန်ကြာကြာရှိလေလေ နဂါးနက်ဓားမြ အဖွဲ့များက သူ့ကိုလေးစားလေလေ ဖြစ်လာသည်။ ယခုအခါမှသာ သူတို့၏ အရှင်ကဲ့သို့ နဂါးနက်များကို လက်ဗလာဖြင့် အနိုင်ပိုင်းနိုင်ပြီး ကိုင်တွယ်နိုင်စွမ်း ရှိသောလူက ဝမ်ချောင်ကို အလွန်အမင်း လေးစားပြနေကြောင်း နားလည်သွားကြသည်။

All Chapters