← Chapters

အခန်း (၅၇၆-၅၈၀)

Vol. 28 Ch. 576-580

အခန်း (၅၇၆-၅၈၀)

Vol. 28 Ch. 576-580

အခန်း(၅၇၆)

“ငါ့ကိုတားတဲ့ကောင်တိုင်း သေရမယ်”

ကျန်းလုံ၊ ကျောက်ဟူ၊ ချန်းချုံ၊ လီကျစ်နှင့် အခြားလူများကို နောက်တွင်ထားပြီးနောက် ရှေ့မှ အသားကုန်ပြေးသော ကျောင်းစစ်လော့က သွေးလမ်းကိုဖောက်ကာ သူ၏တစ်ဘဝလုံးတွင် အသုံးပြခဲ့ဖူးသော အင်အားတိုင်းထက် သာလွန်သောအင်အားကိုသုံးကာ ရှေ့သို့ပြေးသည်။

မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါ့ရဲ့ဓားအစွယ်သားရဲ ချီစက်ကွင်းက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက အဆင့်မြင့်သိုင်းလေ။ ဆရာကတောင် ငါ့ရဲ့စွမ်းရည်နဲ့ အရမ်းလိုက်ဖက်ညီတယ်လို့ ပြောခဲ့သေးတာ။ ငါက ဝမ်ရန် ဒါမှမဟုတ် ရှန်ယွီကျုံ့ထုံးလို လူမျိုးနဲ့ မတွေသမျှ ကာလပတ်လုံး ဘယ်သူကမှငါ့ကို ငါ့ရဲ့ခုခံအားကို ဖောက်နိုင်မှာမဟုတ်ဘူး။ ဘာလို့ တစ်ချက်ထဲနဲ့ သိုင်းကွက်က ပျက်ပျယ်သွားတာလဲ

မဟာထန်မှာ ဘာလို့ ဒီလိုလူမျိုးကို ပိုင်ဆိုင်ထားတာလဲ။

ထိုတခဏတွင် ကျောင်းစစ်လော့၏ ရင်ထဲတွင် အထိတ်တလန့်ဖြစ်မှုကို ဖော်ပြရန် မဖြစ်နိုင်တော့ချေ။ ထိုသို့လှံဖြင့် တိုက်ခိုက်လိုက်သည့် တိုက်ကွက်က သူ၏ယုံကြည်မှုအားလုံးကို အမြစ်ဖြတ် သုတ်သင်လိုက်သည်။ လက်ရှိအချိန်တွင် ကျောင်းစစ်လော့၏ ကိုယ်ထဲတွင် မူလက ပိုင်ဆိုင်ထားသော ကြယ်တာရာစွမ်းအင်၏ သုံးပုံတစ်ပုံသာလျှင် ကျန်ရစ်တော့ပြီး ထိုကြယ်တာရာစွမ်းအင်များကလည်း မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ကုန်ဆုံးနေလေသည်။ ရလဒ်အနေဖြင့် သူ၏သားရဲပုံသဏ္ဍန် ပြောင်းလဲခြင်းက ဖိအားပြင်းထန်စွာဖြင့် ပျက်ပျယ်သွားခြင်းလည်းဖြစ်သည်။

ပူးပေါင်းတိုက်ကွက် ဒါကဘယ်လို ပူးပေါင်းတိုက်ကွက်လဲ။ ဘယ်လိုစွမ်းရည်မျိုးလဲ။

ဒီတိုက်ပွဲတွင် ကျောင်းစစ်လော့အနေနှင့် သူ၏ကြယ်တာရာစွမ်းအင်များကို လျှင်မြန်စွာ ကုန်ဆုံးသွားစေခဲ့သည်မှာ လော့ကျီး၏လှံလည်း မဟုတ်သလို ကျောက်ဝူကျန်းလည်းမဟုတ်ဘဲ ထိုလူရှစ်ယောက် ပေါင်းထားသော ပူးပေါင်းတိုက်ကွက် ဝင်္ကပါကြောင့် ဆိုသည့်အချက်အား နားလည်နေသည်။

လော့ကျီး၏လှံက သူ၏ကိုယ်သို့ ထိုးစိုက်လိုက်သည့်အချိန်တွင် သူ၏ကြယ်တာရာ စွမ်းအင်များက ကုန်ဆုံးနေပြီဖြစ်သည်။ မဟာထန်တွင် ထိုကဲ့သို့သော ဝင်္ကပါမရှိသည်မှာ သေချာသည်။

“ဒါအဲ့ဒီကောင်စုတ်ပဲ ဖြစ်ရမယ်။ ဖြစ်နိုင်တာက...”

ကျောင်းစစ်လော့က ထိတ်လန့်မှုက ကြောက်ရွံ့မှုကို တပြိုင်ထဲ ခံစားနေရပြီး တစ်ကိုယ်လုံးက တုန်ယင်နေသည်။ သူ၏စိတ်ထဲတွင် ထိုပုံရိပ်၏ ကြောက်မက်ဖွယ်ကောင်းမှုက မြင့်သထက်မြင့်လာသည်။ ထိုကဲ့သို့သော ဝင်္ကပါကို ဖန်တီးပုံဖော်နိုင်သော လူတစ်ယောက်သာရှိနေလျှင် မေးခွန်းထုတ်ရန် မလိုလောက်အောင် ထိုကောင်စုတ်သာ ဖြစ်နေပေမည်။

ဒီတစ်လကျော်အတွင်း ကျောင်းစစ်လော့အနေနှင့် မဟာထန်၏ ပူးပေါင်းတိုက်ကွက် ဝင်္ကပါမျိုးကို မမြင်ခဲ့ရချေ။ ထိုကဲ့သို့သော အရာမျိုးသာ သူတို့တွင် ပိုင်ဆိုင်ထားလျှင် ယခင်ကတည်းက ထုတ်သုံးပြီးလောက်လေပြီ။

သေစမ်း သေစမ်း

ကျောင်းစစ်လော့၏ တစ်ကိုယ်လုံးက လှုပ်ခါနေသည်။ သို့သော် ဒေါသများကြောင့် မဟုတ်ချေ။ သူ၏စိတ်ထဲတွင် ရှိနေသည်မှာ အလွန်များပြားလွန်းသော ကြောက်လန့်မှုဖြစ်သည်။ ကျောက်ဝူကျန်းက အရှုံးခံခြင်းဟာ ထိုကောင်စုတ်လေး စီစဉ်ထားသော သူ့အတွက်ငါးစာ ဖြစ်နေကြောင်း အာမခံနိုင်သည်။

ကျောင်းစစ်လော့၏ တစ်ဘဝလုံးတွင် သူ့ထက်အားနည်းလွန်းသော လူတစ်ယောက်ကို ထိုမျှ တစ်ကြိမ်သော်မျှ မကြောက်ခဲ့ဖူးချေ။

ထိုကောင်လေးက အင်အားအရာတွင် သူ့ထက် အားနည်းနေသော်လည်း ကျောင်းစစ်လော့က ကလဲ့စားချေလိုသော အတွေးများ မရှိတော့ချေ။ သူခံစားရသမျှက ကြောက်လန့်မှုသာလျှင်ဖြစ်ပြီး ဒီနေရာမှ သို့မဟုတ် ဒီတောင်မှ ထွက်သွားချင်စိတ်သာ ရှိတော့သည်။

မိုးထဲတွင် ဖုန်းကျားရီနှင့်အတူ ရှိခဲ့စဉ်က ခြုံခိုတိုက်ခိုက်ရသော အချိန်ပြီးနောက် ကျောက်ဝူကျန်းနှင့် အခြားကိုးယောက်၏ ခြုံခိုတိုက်ခိုက်မှုကို ထပ်ပေါင်းပြီးနောက်တွင် ကျောင်းစစ်လော့က ထိုလူငယ်၏ အရှေ့တွင် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ချေ။ ကျောင်းစစ်လော့က ယခင်က ထိုသို့သော ခံစားချက်မျိုးကို ခံစားခဲ့ဖူးသည်။ ဒါက သူတို့၏ မဟာအမတ်၏ရှေ့တွင်ဖြစ်သည်။

ဝုန်း

တောင်ခြေမှ မိုးကြိုးကအပေါ်သို့ ပြောင်းပြန် ပစ်ခတ်လိုက်သလိုမျိုး မြင်းဟီသံများနှင့်အတူ သံချပ်ကာချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ ကျောင်းစစ်လော့ကလည်း မဟာဗိုလ်ချုပ်က စတင်ကာ လှုပ်ရှားလိုက်ပြီး မြင်းတပ်တစ်သုတ်နှင့် ကျွမ်းကျင်ပညာရှင်များကို တောင်ပေါ်သို့ ချီတက်ခိုင်းလာကြောင်း သိလိုက်ရသည်။ သို့သော်သူတို့ ရောက်လာသည်မှာ နောက်ကျလွန်းနေသည်။

ငါစစ်တပ်ကိုပြန်ရမယ်။ ငါမာန်ရှဲ့ယွီစန်း အဖွဲ့ဝင်တွေကြားကိုပြန်မှ ငါရှင်သန်နိုင်ဖို့ မျှော်လင့်ချက်ရှိနိုင်မှာ။

ကျောင်းစစ်လော့၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်လာပြီး သေဆုံးခြင်းရနံ့ကို ရနေလေပြီ။ ကျောင်းစစ်လော့အနေဖြင့် ထိုမျှနီးကပ်လွန်းသော သေဆုံးခြင်း ခံစားချက်ကို မခံစားဖူးချေ။ ဓားမြှောင်တစ်ချောင်းက ကျောတွင်ထောက်ထားသလိုမျိုး သူက ကိုယ့်အရိပ်ကိုလန့်ကာ ထွက်ပြေးနေရသလိုမျိုး ခံစားချက်ဖြစ်သည်။ သူကမည်သည့်နေရာသို့ သွားစေကာမူ မလွတ်နိုင်ချေ။

“မင်းရဲ့အသက်ကို ချန်ထားခဲ့စမ်း”

သူ၏အနောက်မှ ရုတ်တရက် ကောင်းကင်ကို တုန်ခါစေသော အော်ဟ်စသံကြီးက ထွက်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် လော့ကျီးကသူ့ကို လိုက်မှီသွားပြီဖြစ်သည်။

ချွင်

နဂါးခေါ်သံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားသလို လော့ကျီးက မြေပြင်ကို ဖနောင့်နှင့်ပေါက်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက ကျည်ဆံတစ်ခုက ထွက်လာသလိုမျိုး ရှေ့သို့ ရုတ်တရက် ခုန်ဝင်လာပြီးနောက်တွင် သူ၏လက်ထဲရှိလှံက ကခုန်တော့သည်။ ဒါက ရိုးရှင်းသောလှံသိုင်း မဟုတ်တော့ဘဲ နဂါးတစ်ကောင်အဖြစ် ပြောင်းသွားသည်။ အနက်ရှိုင်းဆုံး ရေကန်ထဲမှ ခုန်ထွက်လာသော ရေနဂါးတစ်ကောင်နှင့်တူသည်။

ဝေါင်း

လော့ကျီး၏ မျက်လုံးက အေးစက်သွားသလို လက်ထဲရှိလှံကလည်း ဟိန်းသံကိုပြုသည်။ ရုတ်တရက် ကျောင်းစစ်လော့၏ ကျောအနောက်တည့်တည့်ကို ချိန်ရွယ်လျှက် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ဝင်ဆောင့်တိုးရန် ကြိုးစားတော့သည်။

“မကောင်းတော့ဘူး”

ကျောင်းစစ်လော့က ကြောင်သွားသည်။ သူ၏စိတ်ဝိညာဉ်ကပင် ကိုယ်မှထွက်သွားပြီဟု ခံစားလိုက်ရသည်။ အတိတ်တွင် သူကလော့ကျီး၏လှံကို တားနိုင်ခဲ့လောက်သော်လည်း ယခုအခြေအနေကမူ သူ၏ခန္ဓာကိုယ်၏အားက မလုံလောက်တော့ချေ။

ဝုန်း

ရုတ်တရက် လေဟာနယ်ထဲမှ တိဗက်ဓားမောက်ရှည် တစ်လက်က လွင့်ထွက်လာပြီး လော့ကျီး၏လှံကို စိုက်လာသည်။ ထိုလှံက ဖျက်ဆီးခြင်းစွမ်းအားအပြည့်ပါပြီး လွင့်ထွက်သွားစေသည်။

“ဗိုလ်ချုပ်ကိုကာကွယ်”

မြင်းစီးထားသော တိဗက်အရာရှိတစ်ယောက်က ကျောင်းစစ်လော့၏ အနားသို့ရောက်လာသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး အလွန်အမင်း စူးရှသော အကြည့်မျိုးဖြင့် လော့ကျီးထံ ခုန်ဝင်သွားသည်။

ကျောင်းစစ်လော့က အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားတော့သည်။ သူက ထိုအရာရှိများအား မှတ်မိသည်။ သို့သော် ထိုလူကသူ၏ လက်အောက်ငယ်သားများထဲမှ မဟုတ်ချေ။ သို့သော် ဟူပါးသောက ကျောင်းစစ်လော့ကို အာရုံမစိုက်ချေ။

ချွင်

သူ၏ဓားမောက်ရှည်က လော့ကျီးကို ခုတ်နေပြီဖြစ်သည်။

“ရမ်းကားလိုက်တာ”

လော့ကျီး၏ အင်အားက ကျောင်းစစ်လော့ကပင် ထိတ်လန့်ရလေရာ ဒီလိုတိဗက်အရာရှိလောက်ကို ကြောက်နေစရာ အကြောင်းမရှိပေ။ သူကလက်ဝါးတစ်ချက်ဖြင့်ပင် ထိုလူစီးလာသော မြင်းခေါင်းကို ကွဲကြေသွားစေပြီး ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေကာ ထိုတောင့်တင်းသန်မာသော ကုန်းမြင့်ဒေသဆီ မြင်းကြီးကို ဗိုလ်ချုပ်ကိုသယ်ဆောင်လျှက် မြေသို့ပြုတ်ကျသွားစေလိုက်သည်။

သူက ထိုတိဗက်အရာရှိကြောင့် တခဏခန့် ရပ်တန့်လိုက်သည့် အချိန်တွင်ပင် သူတို့၏ တောင်ပေါ်ဒေသသုံး မြင်းများကို စီးထားကြသည့် အခြားသော တိဗက်အရာရှိ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်က ရောက်လာသည်။ ထိုတိဗက်အရာရှိများ အားလုံး၏အကြည့်က စူးရှနေပြီး တိုက်ခိုက်ရန်ပင် စိုးရိမ်စိတ် ဝင်နေဟန်ရသည်။ သို့သော် သူတို့၏ ခြေထောက်အောက်ရှိ ဆူးချွန်ချီစက်ကွင်းများကမူ အလွန်အမင်း တောက်ပနေသည်။ သူတို့က သူတို့၏အသက်ကိုရင်းပြီး ရန်သူများကို ဆွဲချရန်ပြင်ထားသည်။ လော့ကျီးက စစ်သားခြောက်ယောက်ခန့်ကို ပြင်းထန်စွာ တိုက်ခိုက်လျှက် အတားခံလိုက်ရသည်။ သို့သော် လော့ကျီးကဲ့သို့သော ပြိုင်ဘက်ကင်းသော လှံသမားကပင် တိဗက်အရာရှိများ၏ အသေခံစတေးမှုကြောင့် အရှိန်နှုန်း နှေးကျသွားပြီး ဆက်မလိုက်နိုင်တော့ချေ။

ဝုန်း ဝုန်း ဝုန်း

လော့ကျီးက အချိန်တခဏ အချိန်ဆွဲခံလိုက်ရသည့် အချိန်တွင် လေထဲမှထွက်လာသည့် တိဗက်အရာရှိများက စဉ်းစားဆင်ခြင်ဉာဏ် မဲ့စွာဖြင့် ရွှီရှစ်ပင်း၊ ရွှီအန်းသွန်း၊ ကျန်းလုံကျောက်ဟူ၊ ချန်းချုံး၊ လီကျစ်တို့ထံ ဝင်ရောက်သွားပြီး ကျောင်းစစ်လော့ကို လွတ်လမ်းရှာလိုက်ကြသည်။

“သေစမ်း ဒီလိုအခြေအနေမျိုးနဲ့တောင် သူကရအောင် ထွက်ပြေးနေသေးတယ်”

တောင်ထိပ်ပေါ်မှ ချန်းရှုစွန်းက စိုးရိမ်တကြီး ခြေထောက်ကိုဆောင့်သည်။

ကျောင်းစစ်လော့က တိုက်ပွဲနယ်မြေမှ ကြီးမားသော ရန်စွယ်ဖြစ်ပြီး ထန်စစ်သည်တော်ပေါင်း များစွာကို သတ်ထားခဲ့သည်။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်၏ ထောင်ချောက်မှသာ သူကလွတ်သွားခဲ့မည်ဆိုလျှင် အနာဂတ်တွင်သတ်ရန် ပို၍ခက်ခဲသွားပေလိမ့်မည်။

ပို၍ဆိုးသည်မှာ လော့ကျီး၏လှံက သူ၏ရင်ဘက်ထဲသို့ ဖောက်ဝင်သွားခဲ့ပြီး သူ့ကိုဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားစေခဲ့သည်။ သို့သော်ဒါက သေရန်မလုံလောက်ချေ။ ထို့အပြင် တိဗက်စစ်တပ်တွင်လည်း မဟာနှင်းတောင်တန်းက သူတို့ကို လျို့ဝှက်ဆေးနည်းများ ပေးထားလေရာ ပါလာသော ပမာဏက မနည်းလောက်ချေ။

ကျောင်းစစ်လော့က မသေသမျှ ကာလပတ်လုံး စွမ်းအားအပြည့်ဖြင့် ပြန်ရောက်လာနိုင်သည်။ ထိုအချိန်တွင် သူကသတိကြီးကြီးထားနေပြီး မရေမတွက်နိုင်သော ထန်များကိုသာ ပို၍သေဆုံးစေကာ ထောင်ချောက်အတွင်း သက်ဆင်းသွားမည် မဟုတ်ချေ။ သို့သော် ဒါကချန်းရှု့စွန်း၏ အကြီးမားဆုံး သောကမဟုတ်ချေ။

“အား”

လော့ကျီး၊ ရွှီရှစ်ပင်း၊ ရွှီအန်းသွန်းနှင့် အခြားသူများကို တိဗက်အရာရှိများက ထိန်းထားစဉ် ရုတ်တရက် အော်ဟစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ကျောင်းစစ်လော့ထံမှ မဟုတ်ဘဲ အနောက်မှ ကျောက်ဝူကျန်းထံမှဖြစ်သည်။

“လုံချင်ပါ့”

ကျောက်ဝူကျန်းက သဲအိတ်လိုမျိုး လွင့်ထွက်သွားသည့်အချိန်တွင် အော်ဟစ်လိုက်သည်။ သူ၏အော်သံက တောင်ပေါ်သို့ရောက်သည်။

ဝုန်း

ကျောက်ဝူကျန်း၏ကိုယ်က ထူထည်းသော သံမဏိတုံးတစ်တုံးနှင့် ဝင်ဆောင့်တိုက်မိသွားကာ ထိုသတ္ထုနံရံကြီးကို တုန်ယင်သွားစေသည်။ သူက သွေးများအန်ထုတ်လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက အားနည်းသွားသည်။

ထိုအခိုက် ဖျက်ဆီးခြင်း စွမ်းအားအပြည့်ဖြင့် ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်ကြီးတစ်ဦးက လူအုပ်ထဲမှ ထွက်လာသည်။ သူ၏ဆံပင်ကို ကျောပေါ်သို့ ဖြန့်ချထားပြီး အရိုင်းဆန်သော ပုံစံမျိုးဖြင့် လက်ထဲတွင်လည်း သွေးနီရောင် ဓားမောက်ရှည်တစ်လက်ကို ကိုင်ထားသေးသည်။

“လုံချင်ပါ့”

သူက ရုတ်တရက် ရောက်လာခြင်းက လူတိုင်းကို အံ့သြသွားစေသည်။ လော့ကျီးကလည်း မျက်နှာဖြူဖျော့သွားပြီး အထိတ်တလန့်ဖြစ်သွားသည်။ သူက တိဗက်အရာရှိကြောင့် လက်တစ်ဖက် ပြတ်လုနီးပါးပင် ဖြစ်သွားသည်။ သူက ထိုတောင့်တင်းသန်မာသော ကြွက်သားအပြည့်ဖြင့်လူကို သိသည်။ အန်းနန်အစိုးရစစ်တပ်နှင့် တိဗက်လူမျိုးများက ပြိုင်ဘက်မှ ရာထူးကြီး ဗိုလ်ချုပ်များအားလုံးကို သိထားကြသည်။ လုံချင်ပါ့က ကျားငါးကောင် ဗိုလ်ချုပ်များထဲမှ ခေါင်းဆောင်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်း၏ အမိန့်အောက်တွင် အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းအားရှိသည့် ဗိုလ်ချုပ်လည်းဖြစ်သည်။ ထိုလူ၏ တိုက်ခိုက်နိုင်စွမ်းအားက ကျောင်းစစ်လော့ထက် ပို၍ပင် ကြောက်စရာကောင်းပြီး သူ၏သိုင်းက ကျောင်းစစ်လော့ထက် သာသည်။ သို့သော် ဒါကလော့ကျီး စိုးရိမ်သောအချက် မဟုတ်ချေ။

ဒါပေမဲ့သူက ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။

လော့ကျီးကရုတ်တရက် ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိပြီး နှလုံးသားက တုန်ယင်သွားသည်။ လုံချင်ပါ့က ကျားငါးကောင်၏ ဗိုလ်ချုပ်ခေါင်းဆောင် ဖြစ်နေသည်။ သို့သော် လော့ကျီးအနေဖြင့် ယခုအချိန် မတိုင်ခင်အထိ သတိမထားမိခဲ့ချေ။ ပို၍ဆိုးသည်မှာ ကျောင်းစစ်လော့ကို ခြုံခိုတိုက်ခိုက်မှုမှ လွတ်သွားခဲ့သည်မှာ အချိန်တစ်ခုသာလျှင် ကြာနေသေးသော်လည်း တိဗက်လူမျိုးများက သူ့ကိုကယ်ချင်သည့်တိုင်အောင် သူတို့တွင် အချိန်မရနိုင်ချေ သို့မဟုတ် ခဲ

“သာ့လွန်ရော့ကျန်း”

မျက်တောင်တစ်ခတ် အချိန်တွင် လော့ကျီးနှင့် ချန်းရှု့စွန်းကဲ့သို့ တိုက်ပွဲနယ်မြေ နေရာအသီးသီးတွင် ရှိနေသာသူများက တစ်ထပ်ထဲ တွေးလိုက်ကြသည်။ လုံချင်ပါ့က ရုတ်တရက် ပေါ်လာခြင်းက ဖြစ်နိုင်ချေ တစ်ခုသာလျှင်ရှိသည်။ ကျောင်းစစ်လော့က ခြုံခိုတိုက်ခိုက်ခြင်း မရှိခင်ကတည်းက သူကစစ်တပ်ထဲတွင် ရောနှောကာ ရောက်နေခြင်း ဖြစ်ရပေမည်။

လူနှစ်ယောက်ကသာ ထိုသို့စီစဉ်ပေးနိုင်သည်။ သာ့လွန်ရော့ကျန်း မဟုတ်လျှင် ဟော်ရှု့ဟွေ့ခမ်းသာရှိသည်။

“ကျောက်ဝူကျန်းတော့ ဒုက္ခရောက်ပြီ”

တွေးရန် အချိန်မရှိတော့ချေ။ တောင်ထိပ်ထံမှ ဒေါသတကြီး အော်ဟစ်သံများနှင့် မြင်းဟီသံများက ထွက်လာပြီး အန်းနန်အစိုးရစစ်တပ်၏ ရာထူးမြင့် ဗိုလ်ချုပ်များအားလုံးက မြင်းကိုအပြေးနှင့်ကာ ကျောက်ဝူကျန်းရှိရာဘက်သို့လာသည်။ သို့သော် အချိန်က နောက်ကျသွားခဲ့ပြီဖြစ်သည်။

ကျောင်းစစ်လော့က အရူးမဟုတ်ချေ။ ထို့ကြောင့် သူ့ကို ငါးစာဟပ်စေရန် ကျောက်ဝူကျန်းက ရိုက်ချက် ခံပေးခဲ့ရသည်။ လုံချင်ပါ့ကလည်း ဒါကို သတိထားမိခဲ့သည်။ ထို့ကြောင့် ကျောက်ဝူကျန်းကို ခြုံခိုတိုက်ခိုက်ရန် တွေးခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ကျောင်းစစ်လော့က အသက်ရှင်လျှက် ရှိနေသေးပြီး ကျောက်ဝူကျန်းကမူ သေတော့မည့် အရိပ်အယောင် ရှိလာသည်။

ဝုန်း

ညာခြေထောက်ကို တစ်ချက် ဆောင့်နင်းပြီးနောက် လုံချင်ပါ့က မျှားတစ်ချောင်း ပစ်လိုက်သလိုမျိုး ကျောက်ဝူကျန်းထံ တည့်တည့်ခုန်ဝင်လာသည်။ သူ၏ထက်ရှကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ကျောက်ဝူကျန်းရှိရာ ပတ်ဝန်းကျင်ကို ဖိနှိပ်ထားသည်။

ဝုန်း

ပြင်းထန်သည့် ရိုက်ချက်က ကျင်းထောင်ပေါင်းများစွာ အလေးချိန်ရှိသော သတ္ထုနံရံကို လွင့်ထွက်သွားစေပြီး ကျောက်ဝူကျန်းကပင် ကပ်သီးလေး ရှောင်လိုက်ရသည်။

“သူ့ကိုတား”

“အရှင်ကျောက်ကိုကယ်ကြ”

ထိုသို့ရုတ်တရက် ပေါ်လာခြင်းက လူတိုင်းကို အံ့အားသင့်သွားစေကာ တစ်ချိန်ထဲတွင်ပင် လော့ကျီး၊ ရွှီရှစ်ပင်း၊ ရွှီအန်းသွန်း၊ ကျန်းလုံ၊ ကျောက်ဟူ၊ ချန်းချုံး၊ လီကျစ်နှင့် အခြားလူများက ကျောင်းစစ်လော့ကို မေ့ထားလိုက်ပြီး လုံချင်ပါ့ထံသာ အပြေးဝင်ရောက်လာကြသည်။

ကျောင်းစစ်လော့က ကပ်ဘေးတစ်ခုကို ရှောင်ရှားလိုက်နိုင်ပြီဖြစ်သည်။ မာန်ရှဲ့ယွီစန်း၏ ကျွမ်းကျင်ပညာရှင်များ အားလုံးက သူ့ကိုဝိုင်းထားလိုက်ပြီဖြစ်ပြီး ရလဒ်က ပြောင်းလဲသွားစရာ မရှိတော့ချေ။ သို့သော် သူတို့က ကျောက်ဝူကျန်းကို လျစ်လျူရှု့ထား၍ မရချေ။ သူက သေကောင်း သေသွားသင့်သည်။

လုံချင်ပါ့က ကိုင်တွယ်ရလွယ်ကူသော လူမျိုးမဟုတ်ချေ။

“ဟား ဟား မဟာအမတ် မဟာဗ်ိုလ်ချုပ်”

ကျောင်းစစ်လော့က လုံချင်ပါ့က သူ့ကိုကယ်ရန် ရောက်လာကြောင်းကို မြင်သောအခါ များများစားစား တွေးရန်မလိုတော့ချေ။ ဒါကမဟာအမတ်နှင့် မဟာဗိုလ်ချုပ်၏ အစီအစဉ်မှန်း သိလိုက်သည်။ ထန်များကသူ့ကို အကွက်ချရဲသည်။ သို့သော် မဟာအမတ်က ထန်ကိုပြန်လည် အကွက်ချထားပြီးသား ဖြစ်နေသည်။

အခန်း(၅၇၇)

မဟာအမတ် မဟာအမတ် ဒီတိုင်းရပ်ကြည့်ပြီး ဘာမှမလုပ်ဘဲ မနေဘူးလို့ ငါသိသားပဲ။

ကျောင်းစစ်လော့က ချက်ချင်းစိတ်အေးသွားသည်။ သူ၏ကျောမှ စူးရှသော ခံစားချက်ကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျောင်းစစ်လော့အနေဖြင့် သူအောင်အောင်မြင်မြင် ထွက်ပြေးနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအခိုက် ကျောင်းစစ်လော့အနေဖြင့် ရပ်နေရန် ဆန္ဒမရှိသလို သူ့အတွက် အမှတ်ရအောင် ဆက်လက် ကြိုးစားရန်လည်း ဆန္ဒမရှိတော့ချေ။ နောက်သို့လှည့်ပြီး လုံချင်ပါ့နှင့် ပူးပေါင်းရန်လည်း မတွေးထားချေ။ သူ၏အရေးကြီးဆုံးကိစ္စက သူ၏လက်ရှိအသက်ကို ကာကွယ်ရန်ဖြစ်သည်။

သူက တောင်ပေါ်မှ ပြေးဆင်းနေချိန်တွင် သူ့ကိုစောင့်ကြည့်နေသော မျက်ဝန်းတစ်စုံကို သတိမထားမိခဲ့ချေ။ အကြောင်းမူကား ထိုမျက်ဝန်းက ချက်ချင်းလိုလို ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။

“သာ့လွန်ရော့ကျန်း ဟော်ရှု့ဟွေ့ခမ်း နာ့ယိတော်ဝင်တပ်ရင်းနဲ့ ဒီအမတ်နဲ့ဗိုလ်ချုပ်က တကယ်ကို ကိုင်တွယ်ရ မလွယ်ဘူးပဲ”

တောင်ခြေမှ ခဲ့လော့ဖုန်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။

လုံချင်ပါ့က စစ်တပ်ထဲတွင် ပုန်းအောင်းနေကြောင်းကို သူကကြိုတင်ပြီး တင်ပြချက် မရထားခဲ့ချေ။ ရှင်းလင်းသည်မှာ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က အကြံအစည် ကြိုချထားပြီးသားဖြစ်ပြီး ဝမ်ကလန်၏ ထိုအငယ်ဆုံးသားကပင် သာ့လွန်ရော့ကျန်း၏ အကြံအစည်ထဲ ကျရှုံးသွားခဲ့သည်။

“သူ့ရဲ့ဉာဏ်ပညာရှိတဲ့ အမတ်ဆိုတဲ့ ကျော်ကြားမှုက အလကားတော့ မဟုတ်ဘူး”

အနောက်ဘက်မှ အေးစက်ပြီး မထူးခြားသော လေသံက ထွက်လာသည်။ မာန်ရှဲ့ကျောက် မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အသံက ရေသေကဲ့သို့ တည်ငြိမ်နေပြီး ရှေးဟောင်းရေတွင်းအလား ထင်ရသည်။ လုံချင်ပါ့က ရုတ်တရက် ပေါ်လာခြင်းက သူ့ကို ခံစားချက်ကို ပြောင်းလဲသွားစေဟန်မရပေ။

“ဒါပေမဲ့ ဒီလောက်ဉာဏ်ရှိတဲ့ အမတ်တောင်မှ ကျောက်ဝူကျန်းက ကျောင်းစစ်လော့ကို ထောင်ချောက်ဆင်မယ်ဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူး”

“အွန်း ကျောင်းစစ်လော့ကို ခြုံခိုတိုက်ခိုက်တာမျိုး မလုပ်ခဲ့ရင်တောင်မှ လုံချင်ပါ့က ဒီအခွင့်အရေးကိုရှာပြီး ထန်ကို ခြုံခိုတိုက်ခိုက်မှာပဲ။ သာ့လွန်ရော့ကျန်းက ရည်ရွယ်ချက် တစ်ခုထဲနဲ့ ဘာမှမလုပ်တတ်ဘူး။ ကောလဟာလတွေက မမှားနေဘူးပဲ”

ခဲ့လော့ဖုန်းက သက်ပြင်းချသည်။ ဒီတစ်ကြိမ်တွင် သူက အသံကို စိတ်ဖြင့်ဆက်သွယ်ကာ ပြောလိုက်ခြင်းဖြစ်သည်။

သူ၏အဆင့်ရှိ ကျွမ်းကျင်ပညာရှင်များအနေဖြင့် အသံလှိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး အကာအဝေးတိုအတွင်းသို့ သတင်းစကား ပေးပို့နိုင်သည်။ ခဲ့လော့ဖုန်းက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကို သူနှင့်သွမ့်ခဲ့ချွမ်က ပြောနေသောစကားကို မကြားသွားစေပေ။

“ခဲ့ချွမ် အနာဂတ်မှာ တိဗက်လူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ သာ့လွန်ရော့ကျန်းကို အထူးတလည် သတိထားရမယ်။ ငါတို့ကရုစိုက်ဖို့ လိုအပ်တယ်”

ခဲ့လော့ဖုန်းကပြောသည်။

“သူတို့နဲ့ မဟာမိတ်ဖြစ်တာက လုံလောက်ပြီ။ မဟာထန် တစ်ခုရှိနေမှတော့ သူတို့မှာ ငါတို့ကို ကိုင်တွယ်ဖို့ အချိန်မရှိပါဘူး”

သွမ့်ခဲ့ချွမ်က မထူးခြားနားစွာ မှတ်ချက်ပေးသည်။

တောင်အလယ်တွင်ရှိသော အခြေအနေကမူ ကြောက်စရာကောင်းနေသည်။

“မြန်မြန် အရှင့်ကိုကယ်ကြ”

လုံချင်ပါ့က ထွက်လာသည့်အချိန်တွင် ကျန်းရာပေါင်းများစွာ ဝန်းကျင်အတွင်းရှိ ထန်စစ်သည်များ အားလုံးက စတင်ကာ လှုပ်ရှားကြသည်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့က စတင်ကာ ချီတက်လာကြပြီး ကျားငါးကောင်ဗိုလ်ချုပ်ကို ဦးတည်ကြသည်။

ဝုန်း

သို့သော် သူတို့က မနီးကပ်နိုင်ခင်မှာတင် လုံချင်ပါ့၏ကိုယ်မှ များပြားသော ထုထည်ကြီးမားသည့် ကြယ်တာရာ စွမ်းအင်များက ပေါက်ထွက်လာသည်။ စူးရှစွာ အော်ဟစ်သံများနှင့်အတူ သေသပ်စွာ ရှိနေသော အန်းနန်အစိုးရစစ်တပ်၏ ဝင်္ကပါက ပျက်ယွင်းကာ အဝေးသို့ လွင့်ထွက်သွားရသည်။ လက်ရွေးစင်စစ်သည်များ အားလုံးကလည်း မြေပြင်သို့ ပြုတ်ကျကုန်ကာ အရိုးများ ကျိုးကုန်သည်။ အချို့ကမူ ကြွက်သားများ စုတ်ပျက်ကုန်သည်။ သူတို့၏သွေးက မြေပြင်တွင် စိုရွှဲသွားသည်။

လုံချင်ပါ့၏ တိုက်ကွက်က ကျောင်းစစ်လော့ထက် ပြင်းထန်သည်။ ထို့ကြောင့် ထန်စစ်သည်များက ကျောင်းစစ်လော့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော အခြေအနေကထက် ဒဏ်ရာပိုပြင်းသွားသည်။

ဝုန်း

ဘေးတစ်ဖက်ခြမ်းတွင် ဝင်္ကပါကို ဆင့်ခေါ်ပြီးနောက် လုံချင်ပါ့က တဖန် ကျောက်ဝူကျန်းထံ ဦးတည်ပြန်သည်။

“ရပ်စမ်း”

စိုးရိမ်စိတ် ကြီးမားနေသော ရွှီရှစ်ပင်းက လုံချင်ပါ့ကို ချက်ချင်းတားဆီးသည်။ ကျောင်းစစ်လော့နောက်သို့ လိုက်ရာတွင် သူကနောက်ဆုံးသို့ ကျန်ရစ်ခဲ့သူတစ်ယောက် ဖြစ်သည့်အလျောက် ဒီနေရာသို့ ဦးစွာ ရောက်လာသူလည်းဖြစ်သည်။

ကျောက်ဝူကျန်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပြီး အချိန်အတန်ကြာ ခံတော့မည်မဟုတ်ချေ။ သူက လုံချင်ပါ့ကို တားရန်လိုအပ်သည်။ ရွှီရှစ်ပင်းက တွေးလိုက်၏။ သူက ယခင်က ထိုမျှအထိ တစ်ကြိမ်သော်မျှ မစိုးရိမ်ခဲ့ဖူးပေ။

“ရွှီရှစ်ပင်း”

“အရှင်ရွှီ ကရုစိုက်ပါ”

“မြန်မြန် အရှင်ရွှီကိုကာကွယ်”

ထိုအခိုက် ပတ်ဝန်းကျင်မှ အော်ဟစ်သံများက ထွက်လာပြန်သည်။ ရွှီရှစ်ပင်းက ရုတ်တရက် ထုထည်ကြီးမားလှသော စွမ်းအင်များက သူ့ကိုချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

“မကောင်းတော့ဘူး”

ရွှီရှစ်ပင်းက မတုန့်ပြန်နိုင်ခင်မှာတင် သူ၏ရင်ဘက်သို့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားနှင့် သံမဏိလှံချောင်း တစ်ချောင်းက ရင်ဘက်သို့ ထိုးစိုက်သွားသည်။

“အား”

ရွှီရှစ်ပင်းက အသားကုန် အော်ဟစ်လိုက်သည်။ သူ၏ပါးစပ်မှ သွေးများလည်း ပန်းထွက်လာသလို ရင်ဘက်ကိုလည်း ဖိလိုက်ရသည်။

“သွားသေလိုက်”

လူတိုင်းကို ကြည့်နေရင်းမှ လုံချင့်ပါ့က ရုတ်တရက် ကျောက်ဝူကျန်းကို မလိုက်တော့ဘဲ ရွှီရှစ်ပင်းထံ လှည့်လိုက်သည်။ သူ၏ ဓားမောက်ရှည်က ရင်ဘက်ကို လှမ်းခုတ်လိုက်ပြီး လွင်ထွက်သွားစေပြန်သည်။

“တစ်ယောက်ယောက် အရှင့်ကို ဖမ်းပေးထားကြစမ်း”

ထန်စစ်သည်တော်များက အထိတ်တလန့်ဖြင့် မျက်နှာက ဖြူဖျော့သွားကြပြီး ရွှီရှစ်ပင်းကို ဖမ်းထိန်းထားပေးရန် ကြိုးစားကြသည်။ လော့ကျီး၏ မျက်လုံးက နီရဲသွားပြီး သူကလည်း အပြေးအလွှား ကယ်တင်ပေးရန်လုပ်သည်။

“ရပ်”

လှံကိုမြှောက်လိုက်သည့် လော့ကျီးက လုံချင်ပါ့၏ ဓားမောက်ရှည်ကို ဝင်တားလိုက်သည်။

ချွင်

ဓားမောက်ရှည်နှင့်လှံက ထိပ်တိုက်တွေ့ဆုံသောအခါ လော့ကျီး၏လက်က ထုံထိုင်းသွားသည်။ သူကပင် ခုနှစ်လှမ်း ရှစ်လှမ်းခန့်အထိ နောက်ဆုတ်လိုက်ရသည်။ ထိုအချိန်တွင် လုံချင်ပါ့က တောင်တန်းကြီးတစ်လုံးလို ရပ်လျှက် အေးစက်စွာဖြင့် လော့ကျီးကို နှာခေါင်းရှုံ့ကာကြည့်သည်။

ထိုအခိုက် လော့ကျီး၏ နှလုံးသားက ကျောက်တုံးက ရေထဲမြုပ်သွားသလို ဖြစ်သွားသည်။

လုံချင်ပါ့၏ တိုက်ကွက်က သူ့ထက် အဆပေါင်းများစွာ အင်အားကြီးမားသည်။ သို့သော်ဒါက လော့ကျီး အစိုးရိမ်ဆုံး ကိစ္စမဟုတ်ချေ။

သခင်လေးရဲ့ ဝင်္ကပါက ပျက်သွားပြီ။

ထိုအတွေးကသာ လော့ကျီး၏စိတ်ထဲ ဝင်လာသည်။

လုံချင်ပါ့က ပို၍ကောက်ကျစ်ပြီး ကျောင်းစစ်လော့ထက် ပို၍ကိုင်တွယ်ရခက်သည်။ သူက ကျောက်ဝူကျန်းကို ချိန်ရွယ်သလို ကြံစည်ခဲ့သော်လည်း သူက ရွှီရှစ်ပင်းကို ဒဏ်ရာရအောင် ကြံစည်ခဲ့ခြင်းဖြစ်သည်။ ရွှီရှစ်ပင်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားမှုနှင့်အတူ လူရှစ်ယောက် ဝင်္ကပါက ပျက်ယွင်းသွားလေပြီ။

ဝမ်ချောင်၏ သေဆုံးခြင်း မျက်ရိတ်ဓားက ပူးပေါင်းဆောင်ရွက်ရသော ဝင်္ကပါဖြစ်ပြီး ကျားငါးကောင် ဗိုလ်ချုပ်၏ ခေါင်းဆောင်ကို အခြားသူများက ကိုင်တွယ်နိုင်တော့မည် မဟုတ်ချေ။

“ဟမ့်”

လုံချင်ပါ့က မိစာ္ဆနတ်ဆိုး တစ်ကောင်လိုမျိုး အပေါ်မှ စီးမိုးကြည့်ပြီးနောက် လော့ကျီးကို အထင်သေးသော မျက်ဝန်းဖြင့် စိုက်ကြည့်သည်။ သူက ခန္ဓာကိုယ်ကို ယမ်းလိုက်လျှက် စတင်ကာ လော့ကျီးကို လျစ်လျူရှု့ပြီး တောင်ပေါ်သို့တက်သည်။

“မကောင်းတော့ဘူး”

လော့ကျီး၏ အမူအရာက ပျက်ယွင်းသွားပြီး လုံချင်ပါ့၏ အနောက်သို့ စလိုက်သည်။

“ဗိုလ်ချုပ် ကျွန်တော်လာကယ်မယ်”

ထိုအချိန်တွင် ရွှီအန်းသွန်း ကျန်းလုံ ချန်းချုံ လီကျစ်တို့က ရောက်လာကြသည်။ ကိုးယောက်လုံးက လုံချင်ပါ့၏ အနောက်သို့လိုက်သည်။

ထိုသို့သော အဖြစ်အပျက်က နှစ်နေရာတွင် ဖြစ်ပွားနေသော်လည်း ကိုယ်ပိုင်ပုံပြင် အသီးသီးနှင့် ဖြစ်နေသည်။

လုံချင်ပါ့က ကျောက်ဝူကျန်းနောက်ကို မည်သူကမှ မတားဆီးနိုင်တော့သလိုမျိုး လိုက်နေချိန်တွင် ကျောင်းစစ်လော့ကမူ သူ၏မြင်းထံသို့ပင် ရောက်တော့မည်ဖြစ်သည်။

သူ၏ကိုယ်၏ ဒဏ်ရာများမှ သွေးများက ဆက်တိုက် စီးကျနေပြီး ဒဏ်ရာက ပို၍ဆိုးလာသည်။ လော့ကျီးက ထည့်သွင်းခဲ့သော သိပ်သည်းပြီး ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာစွမ်းအင်များကလည်း သူ၏ကိုယ်ထဲတွင် လှိုက်စားနေသည်။ သို့သော် ကျောင်းစစ်လော့က ထိုမျှအထိ မစိုးရိမ်တော့ချေ။ မဟာဗိုလ်ချုပ်က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။

ထို့အပြင် မဟာအမတ်ကလည်း မဟာနှင်းတောင်တန်း တော်ဝင်ဘုရားကျောင်းထံမှ သူနှင့်အတူ လျို့ဝှက်ဆေးများကို ရယူခဲ့သည်။ ထိုထဲက တစ်ခုကတင် သူ၏ဒဏ်ရာများအပေါ် သုံးလိုက်မည်ဆိုလျှင် သိပ်မကြာခင် သက်သာသွားပေလိမ့်မည်။ သူ့အနေဖြင့် ရက်အနည်းငယ်လောက် အနားယူလိုက်ရုံဖြင့် ငါးဆယ် ခြောက်ဆယ် ရာခိုင်နှုန်းအထိ အင်အားပြည့်သွားနိုင်သည်။ ထို့နောက်သူက တိုက်ပွဲထဲသို့ ပြန်ဝင်နိုင်သည်။

သူကသာ ကြင်ကြင်နာနာဖြင့် တောင်းမည်ဆိုလျှင် သူ့ကို နတ်ဘုရားအဆင့် ဆေးများပင် ပေးလောက်သည်။ ထိုသို့ဆိုလျှင် သူက အချိန်တိုအတွင်း ပြန်လည်အားအင်အပြည့် ဖြစ်သွားပေလိမ့်မည်။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ယွီစန်းအင်ပါယာကို ကျော်လွန်သည့် အမွေအနှစ် သက်တမ်းရှည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းအဆင့် ဆေးအနည်းငယ်၏ သက်ရောက်မှုက အပြင်လူများကပင် အိမ်မက် မမက်ရဲကြပေ။

ကျောင်းစစ်လော့က ထိုသို့တွေးနေသည့် အချိန်တွင် သူ၏စစ်မြင်းနှင့် ကျန်းအနည်းငယ် အကွာတွင် လူတစ်ယောက်က ရုတ်တရက် ပေါ်လာသည်။ ခေါင်းမှခြေအဆုံး သံချပ်ကာ ဝတ်ထားသော မာန်ရှဲ့ကျောင်း ထိုစစ်သားက မတော်တဆ သူ၏လမ်းကို ပိတ်မိသွားသည်။

“လမ်းကဖယ်စမ်း”

ကျောင်းစစ်လော့၏ ညာလက်က ဆန့်လိုက်ပြီးနောက် စိတ်မရှည်စွာ ထိုစစ်သားကို ဘေးသို့ဖယ်ထုတ်လိုက်သည်။ သို့သော် ကျောင်းစစ်လော့ကသူ့ကို တွန်းတော့မည့်အချိန်တွင် ထိုမာန်ရှဲ့ကျောင်း စစ်သားက ရုတ်တရက် ခေါင်းမော့ပြီး ကျောင်းစစ်လော့ကိုကြည့်သည်။

ထိုအခိုက် ကျောင်းစစ်လော့အနေဖြင့် သူထိုစစ်သား၏ မျက်ဝန်းထဲမှ အေးစက်လွန်းသော အကြည့်မျိုးကို မြင်လိုက်ရသည်ဟု ခံစားလိုက်ရသည်။ ဆန့်ထားသော သူ၏လက်နှစ်ဖက်လုံးက လေထဲတွင် တန်းလန်းဖြစ်နေသလို သူ၏နှလုံးသားကလည်း အေးခဲသွားပြီး ကပ်ဘေးတစ်ခုက ဖမ်းဆုပ်ထားသလို သူက ထိုကပ်ဘေး၏ ရိုက်နှက်ခံရတော့မလို ခံစားလိုက်ရသည်။

“အား”

တောင်ပေါ်တွင် ကျောက်ဝူကျန်းနောက်သို့ လိုက်နေသော လုံချင်ပါ့ကို နောက်မှလိုက်လာသော ဖြစ်စဉ်ကို အဖွဲ့ဝင်ကိုးယောက်က တားဆီးရန် ကြိုးစားကြသည်။ သို့သော် လုံချင်ပါ့က ပြန်ရပ်တန့်ကာ အားလုံးကို တိုက်ခိုက်နေခဲ့သည်။ လမ်းရှေ့ရှိ စစ်သည်တော်တိုင်းကိုလည်း တိုက်ခိုက်သွားခဲ့သည်။ ထိုနေရာက အလွန် ရုန်းရင်းဆန်ခတ်ဖြစ်နေလျှက် လူတိုင်းက ထိုနေရာကိုသာ အာရုံစိုက်မိနေသည်။ အန်းနန်အစိုးရ စစ်တပ် တစ်ခုလုံးကပင် ဝရုန်းသုန်းကား ဖြစ်နေလေသည်။ သို့သော် ရုတ်တရက် သူက အော်သံကို ကြားလိုက်ရသည်။

ထိုအော်သံက နှလုံးကွဲကြေသွားသည့် အနေအထားမျိုးတွင် ထွက်လာသလိုမျိုး အလွန်အမင်း နာကျင်လွန်းသဖြင့် အော်လိုက်သော အသံကြီးဖြစ်နေပြီး လူတိုင်းကို ကြောက်လန့်သွားစေသည်။

သာမာန်လူတစ်ယောက်က ထိုသို့သော အသံမျိုးဖြင့် မအော်နိုင်ချေ။ လူသေတစ်ယောက်ကသာ သေခါနီးအချိန်တွင် ထိုသို့သော အသံမျိုးကို ထုတ်သွားနိုင်သည်။

“ကျောင်းစစ်လော့”

တောင်ခြေတွင် သံချပ်ကာအပြည့် ဝတ်ထားသော မြင်းတပ်၏အလယ်တွင် ရှိနေသည့် သာ့လွန်ရော့ကျန်း၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး ရုတ်တရက် အော်သံရှိရာဘက်သို့ ကြည့်လိုက်သည်။ သူက ကျောင်းစစ်လော့၏ အသံကို မှတ်မိသည်။

သို့သော်

“သူလုံချင်ပါ့ကိုလွှတ်ပြီး ကယ်ခိုင်းပြီးပြီ မဟုတ်ဘူးလား”

ပိုဆိုးတာက သူကအခု မာန်ရှဲ့ယွီစန်း အဖွဲ့သားတွေရဲ့ အထဲကိုရောက်နေတာလေ။ ဘာလို့ဒီလိုအော်သံကို ထုတ်တာလဲ။

သာ့လွန်ရော့ကျန်းကလည်း ရုတ်တရက် မကောင်းသော ခံစားချက်ကို ရလိုက်သည်။

တချိန်ထဲလိုလို မာန်ရှဲ့ကျောင်း၏ စခန်းဘက်မှ ခဲ့လော့ဖုန်း၏ အင်အားအကြီးဆုံး လက်ထောက် မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က ရုတ်တရက် ခံစားချက် တစ်စွန်းတစ်စပါသော အသံမျိုးဖြင့် ကျုံးဝါးလိုက်သည်။

“ကျောင်းစစ်လော့ အဆုံးသတ်ပြီ”

ထိုတခဏတွင် အချိန်က ရပ်တန့်သွားပြီဟု ထင်ရသည်။ နောက်ဆုံးတွင် လူတိုင်းက အသံလာရာနေရာသို့ ကြည့်လိုက်မိကြသည်။ မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်တပ် ရောနှောနေသော တစ်နေရာတွင် ငယ်ရွယ်သော မာန်ရှဲ့ကျောင်း စစ်သည်တော်တစ်ယောက်က သူ၏လှံကို ကျောင်းစစ်လော့၏ နှလုံးသားထဲသို့ ထိုးခွဲကာ ကြီးမားသော ကိုယ်ကြီးကို လေပေါ်သို့ မြောက်လာစေသည်။ ဓားအစွယ်သားရဲ ကျောင်းစစ်လော့ကဲ့သို့ အနောက်တောင်ပိုင်း တိုက်ပွဲတွင် လွတ်လပ်စွာဖြင့် သွားလာနိုင်ခဲ့သောလူက မရေမတွက်နိုင်သော ထန်စစ်သည်တော်ပေါင်း များစွာကို သတ်ဖြတ်နိုင်ခဲ့သောလူက ရုတ်တရက် မာန်ရှဲ့ကျောင်း၏ စစ်သည်တော်၏ လှံထိပ်တွင် အသားတုံးလို အသက်မဲ့စွာ တွဲလောင်းဖြစ်နေသည်။ သူ၏လက်နှင့် ခြေများက လေတွင်လွင့်နေသည်။

သေသွားပြီ။

ကျောင်းစစ်လော့က အသတ်ခံလိုက်ရသည်။ အောင်မြင်ရန် တစ်လက်မသာ ဝေးကွာသော အချိန်တွင် အသတ်ခံလိုက်ရသည်။ ထို့ပြင်သူက သူ၏မြင်းပေါ်သို့ ရောက်တော့မည့် အနေအထားမျိုးတွင် မာန်ရှဲ့ကျောင်း စစ်သားတစ်ယောက်ကြောင့် သေဆုံးသွားရသည်။ ပို၍ဆိုးသည်မှာ ထိုလူက မာန်ရှဲ့ကျောင်း၏ စစ်သည်တော်မဟုတ်မှန်း လူတိုင်းကသိသည်။

“ဝမ်ချောင်”

အကြောင်းပြချက်ရယ်မရှိ ပိန်ပါးသော တောင်ပေါ်က ထိုပုံရိပ်က လွှမ်းမိုးနိုင်စွမ်း အပြင်းအထန်ကို ထုတ်လွှတ်နေသည့် ပုံရိပ်မျိုးကို သာ့လွန်ရော့ကျန်းက တွေးမိသွားသည်။ သာ့လွန်ရော့ကျန်းက ဒီလို အခြေအနေမျိုးတွင် ယခုကဲ့သ်ို့ ရှုပ်ထွေးလွန်းသော တိုက်ပွဲဝင်နယ်မြေတွင် ကျောင်းစစ်လော့ ဆုတ်ခွာမည့်လမ်းကို ခန့်မှန်းနိုင်ပြီး နောက်ဆုံးအချိန်တွင် အောင်အောင်မြင်မြင် တက်နိုင်သောလူကို တွေးလိုက်မိသည်။

ဝမ်ချောင်ပဲ။

အဲ့ဒီမဟာထန် လူငယ်ဆိုတာက မာန်ရှဲ့ယွီစန်း စစ်တပ်ကို ပြဿနာတွေ ဖြစ်စေတဲ့လူငယ်ပဲ။

စွစ်

ကျောင်းစစ်လော့၏ ကိုယ်ထဲသို့ သွေးနီရောင်ဓားက ဖောက်ဝင်သွားပြီး နောက်ဆုံးကျန်ရစ်သည့် ကြယ်တာရာ စွမ်းအင်များ အားလုံးကို ဖယ်ရှားရှင်းလင်းလိုက်သည်။ ထိုမာန်ရှဲ့ကျောင်း စစ်သည်တော်က ရုတ်တရက် အင်အားများပြီး ဖောင်းကြွသွားသလိုမျိုး အရှိန်အဝါက ဆက်လက်၍ ကြီးမားလာသည်။

“ဟ”

လှံထိပ်၏ တုန်ခါသွားမှုနှင့်အတူ ကျောင်းစစ်လော့၏ကိုယ်က အမှိုက်တစ်စလိုမျိုး ကျန်းအငယ်နည်း အကွာသို့ လွင့်ပစ်ခံလိုက်ရသည်။ ထိုမာန်ရှဲ့ယွီစန်း စစ်တပ်က ကြောင်တောင်တောင် ဖြစ်နေသည့်အချိန်တွင် ထိုမာန်ရှဲ့ကျောင်း စစ်သည်တော်က ချက်ချင်းလိုလို တောင်ပေါ်သို့ ပြေးတက်သည်။

“သူ့ကိုဖမ်း”

“သူလျို”

“သူကထန်ပဲ”

“သူ့ကိုမပြေးစေနဲ့”

မာန်ရှဲ့ယွီစန်း စစ်သည်တော်များက အသီးသီးသော စကားများဖြင့် အော်ဟစ်ကာ ထိုမာန်ရှဲ့ကျောင်း စစ်သည်တော်၏နောက်သို့ လိုက်ကြသည်။ ပြောရလျှင် မာန်ရှဲ့ကျောင်း စစ်သည်တော်များ၏ မျက်နှာက ဒေါသကြောင့်ပင် ဖြူစုတ်သွားသည်။

ယွီစန်း၏ တောက်ပအောင်မြင်သော ဗိုလ်ချုပ်ကို မာန်ရှဲ့ကျောင်း စစ်သည်တော်တစ်ယောက်က သတ်လိုက်သည်။ ဒါကတိဗက်လူမျိုးများနှင့် နားလည်မှု လွဲမှားသွားစေနိုင်ပြီး မာန်ရှဲ့ကျောင်းအတွက် ကြီးမားသော ရန်စွယ်ကြီး ဖြစ်သွားစေနိုင်သည်။

ပို၍အရေးကြီးသည်မှာ ကျောင်းစစ်လော့ကဲ့သို့သော လူမျိုးက သာမာန် မာန်ရှဲ့ကျောင်း စစ်သည်တော်တစ်ယောက်က သတ်နိုင်သော အဆင့်မဟုတ်ချေ။ ထိုလူက ထန်ဖြစ်ရန် လိုအပ်သည်။

အခန်း(၅၇၈)

“ကျောင်းစစ်လော့ကသေပြီ သွမ့်ဝူကျန်းကလည်း ဒဏ်ရာရထားတယ်။ ဗိုလ်ချုပ်တွေအားလုံး ငါ့ရဲ့အမိန့်ကို နာခံကြ။ လုံချင်ပါ့ကို လျစ်လျူရှု့ပြီး အားအင်အပြည့်နဲ့ ချီတက်ကြစမ်း။ မာန်ရှဲ့ယွီစန်းရဲ့ စစ်တပ်ကို ရှင်းလင်းကြမယ်”

လူတိုင်းက မာန်ရှဲ့ကျောင်း စစ်သည်တော်၏နောက်သို့ လိုက်နေကြသည့် အချိန်တွင် လေထဲတွင် မိုးခြိမ်းသံသမျှ ကျယ်လောင်သောအသံက ပေါက်ကွဲသွားသည်။ လူတိုင်းက ထိုအသံကို ရင်းနှီးသည်။ ဒါကဝမ်ချောင်၏ အသံဖြစ်သည်။

မာန်ရှဲ့ယွီစန်းစစ်တပ်က ဝမ်ချောင်က ထိုသို့စကားမျိုးကို ပြောလိုက်ခြင်းကို ပထမဦးဆုံးအကြိမ် ကြားလိုက်ရသည့်အတွက် ချက်ချင်း မတုန့်ပြန်နိုင်လောက်ချေ။ သို့သော်သူက ဆက်လက်ပြီး ယွီစန်းဘာသာနှင့် မာန်ရှဲ့ကျောင်းဘာသာဖြင့် ဆက်ပြောသောအခါ အရာအားလုံးက ပြောင်းလဲသွားသည်။

ဝုန်း

မှင်သက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ ထန်စစ်တပ် တစ်ခုလုံးက ရုတ်တရက် ခလုတ်နှိပ်ကာ ပြောင်းလဲသွားသလိုမျိုး ရုတ်ချည်းပြောင်းလဲသွားသည်။ ဝင်္ကပါနှင့် အစီအစဉ်တကျ ရှိနေသော ထန်တိုင်းက လုံချင်ပါ့၏ အနောက်သို့ လိုက်ရန် လက်လျော့ပြီး တောင်အောက်သို့ စဆင်းကာ ကျားငါးကောင်ဗိုလ်ချုပ်က တောင်ပေါ်တွင် ရှိမနေသည့်အလားသာ ပြုမူသည်။

“သတ်”

တချိန်ထဲတွင်ပင် သောင်းပေါင်းများစွာသော တောင်လယ်နှင့် တောင်ထိပ်တွင် ဆန့်ကာရှိနေသည့် ထန်စစ်သည်တော်များက နဂိုက မည်သည့်တိုက်ပွဲတွင်မျှ ဝင်မပါခဲ့ဘဲ ကျောက်ရုပ်များအလား မည်သည့်အရာကိုမှ မမြင်သလို နေခဲ့ရာမှ အော်ဟစ်လိုက်ပြီး တောင်အောက်သို့ လှိုင်းများလို ဆင်းချလာသည်။

ကျောင်းစစ်လော့က သူ၏တိဗက် စစ်သည်တော်များကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်လာသည့် အချိန်နှင့် လုံချင်ပါ့က ပေါ်လာသည့် အချိန်မှစပြီး တိုက်ပွဲ၏ ဘဝက ပြောင်းလဲသွားသည်။ ယခုက အစမ်းတိုက်ခိုက်ခြင်း မဟုတ်တော့ပေ။ အစစ်အမှန် တိုက်ပွဲဖြစ်လေပြီ။

မာန်ရှဲ့ယွီစန်း စစ်တပ်က မူလက လိုက်ဖမ်းနေခဲ့ရာမှ နောက်ဆုံးတွင် ဝမ်ချောင်ကို ကြောက်လာပြီဖြစ်သည်။ အရဲရင့်ဆုံး စစ်သည်တော်များပင် သူတို့၏ မျက်လုံးတွင် အော်ဟစ်ကျုံးဝါးကာ ဆင်းသက်လာသော ထန်တပ်ဖွဲ့များကို မြင်ချိန်တွင် ကြောက်လန့်မှုကို ဖော်ပြလာကြသည်။

သူတို့က ကျားလိုက်ရသော အသံက အပြည့်အဝ မှန်ကန်သည်။ သွမ့်ဝူကျုံးက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး တိုက်ပွဲနယ်မြေမှ ထွက်သွားရချိန်တွင် ကျောင်းစစ်လော့က အသတ်ခံလိုက်ရသည်။ ထိုအချိန်တွင် တစ်ဦးတည်းသော ကျန်ရစ်ပြီး တိုက်ခိုက်နိုင်သည့် ဗိုလ်ချုပ်က လုံချင်ပါ့ဆိုသည့် ကျောက်ဝူကျန်းနောက်သို့ လိုက်ကာ တောင်ပေါ်တက်နေသောသူဖြစ်သည်။

ကျောက်တုံးဖြူတပ်ရင်းနဲ့ တိဗက်စစ်တပ်မှာ အစစ်အမှန် ခေါင်းဆောင်မရှိတော့ဘူးပဲ။

လုံချင်ပါ့၏ ယခင်အကြံအစည်အရ သူက ထန်စစ်တပ်အတွင်း ရောနှောဝင်ရောက်ပြီး ကျောက်ဝူကျန်းကို ခြုံခိုတိုက်ခိုက်ကာ သူ၏တပ်ဖွဲ့နှင့်အတူ ထွက်ခွာနိုင်ရန်ဖြစ်သည်။

လုံချင်ပါ့၏ တည်ရှိမှုက ဒီစစ်တပ်၏ အခြေအနေနှင့် မသက်ဆိုင်ချေ။

“သေလိုက်ပါတော့”

တပ်ဖွဲ့များကြားတွင် ရှိနေသော လုံချင်ပါ့၏ ပုံရိပ်က ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်လိုမျိုး သူ၏အလွန်အမင်း အပြင်သို့ လျှံထွက်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများဖြင့် လူတိုင်းကို ချောက်ချားသွားစေသည်။ သို့သော် တောင်ပေါ်မှ လိမ့်ကျလာသော သံမဏိတုံးကြီးများကို မြင်သောအခါ လုံချင်ပါ့၏ နှလုံးသားထဲသို့လည်း အထိတ်တလန့်ဖြစ်မှုက ဝင်ရောက်လာပြီး မျက်နှာက ဖြူဖျော့သွားသည်။

ပုရွက်ဆိတ်၏ အရေအတွက်က လုံလောက်လျှင် ဆင်ကိုပင် သတ်နိုင်သည်။ လက်ရှိအခြေအနေတွင် သူက မည်မျှပင် အင်အားကြီးမားနေစေကာမူ ထိုမျှအလုံးအရင်းဖြင့် ဆင်းချလာသော ရန်သူအုပ်ထဲတွင် သူလည်း သိပ်မကြာခင် အဆုံးသတ်သွားနိုင်သည်။ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ထဲက တစ်ယောက်ယောက်က ပေါ်လာသည်နှင့် သူ့အနေဖြင့် နောက်ဆုတ်ရန် နောက်ကျသွားပေလိမ့်မည်။

ဝမ်ချောင်က လုံချင်ပါ့ကို လျစ်လျူရှု့ရန် ပြောထားသော်ငြား ထိုအမိန့်က လုံချင်ပါ့ကို ပိုကြောက်စေသည်။

“ဟမ့် ဘယ်လိုပဲဖြစ်ဖြစ် ငါကျောက်ဝူကျန်းကို သတ်ပြီးမှ ဘယ်လိုလုပ်ရမလဲတွေးမယ်”

ထိုသို့ဆုံးဖြတ်ချက် ချပြီးနောက် လုံချင်ပါ့၏ မျက်နှာက မာကြောခက်ထန်သွားသည်။ မဟာထန်က မည်သို့သော ဆုံးဖြတ်ချက်ကို ချထားစေကာမူ သူက ကျောက်ဝူကျန်းကို ဦးစွာသတ်ရမည်ဖြစ်သည်။ ကျောင်းစစ်လော့က သေသွားလျှင် ကျောက်ဝူကျန်းကလည်း သေရမည်။

ထို့အပြင် သူကအပြင်ဒဏ်ရာ ရရှိထားလေရာ သေရန်မဝေးတော့ချေ။

လုံချင်ပါ့က လက်ခုပ်တီးလိုက်သည့်အခါ ကျယ်လောင်သော အသံနှင့်အတူ ခုခံစွမ်းအားမြင့်သော သတ္ထုတုံးများ ထားသော စက်တစ်စက်ကို အသက်သွင်းကာ နှိုးလိုက်သလို ဖြစ်သွားသည်။ လုံချင်ပါ့၏ အနောက်တွင် လက်ဆယ်ဖတ်ပါသော ကိုယ်တော်တစ်ပါးက ရွှေသားနှင့် အနက်ရောင် ရောယှက်နေသည့် ရောင်စဉ်အပြည့်နှင့်အတူ ပေါ်လာသည်။ သို့သော် ထိုလက်ဆယ်လက်က ထက်ရှသော ဓားကြီးများနှင့်တူပြီး သတ္ထုနေမင်းတစ်စင်းက လေထဲတွင် ရုတ်တရက် ပေါ်လာကာ တောက်ပလာသလို ထင်ရသည်။

တချိန်ထဲတွင်ပင် လုံချင်ပါ့၏ ခြေထောက်အောက်တွင်လည်း အလုံးအရင်းဖြင့် ကြိတ်ချေသလိုမျိုး အရှိန်အဝအပြည့်က ထွက်လာသည်။ ထိုသို့မြေကြီးများကို ကြိတ်ချေကာ အရှိန်ယူပြီးနောက် အနက်ရောင်ဆူးချွန် ချီစက်ကွင်း၏ အထောက်အပံ့နှင့်အတူ လုံချင်ပါ့က မိစာ္ဆနတ်ဆိုးတစ်ကောင်လို အင်အားကြီးသွားသည်။

ဝုန်း

လုံချင်ပါ့က ရုတ်တရက် အနက်ရောင် လေပြေလိုမျိုး အရှေ့သို့ တိုးဝင်သွားသည်။

လေပြင်းရိုင်းများက တောင်ပေါ် ဖြတ်တိုက်လာသည့်အချိန်တွင် လော့ကျီး ရွှီအန်းသွန်းနှင့် အနက်ရောင် နဂါးဓားမြ လက်ရွေးစင်များနှင့် ပတ်ဝန်းကျင်ရှိ အနက်ရောင် စစ်သည်တော်များ အန်းနန်အစိုးရ စစ်သည်တော်များ အားလုံးကို လွင့်ထွက်သွားစေသည်။

လုံချင်ပါ့၏ လက်ရှိအင်အားက မယုံနိုင်စရာအဆင့်သို့ ရောက်နေလေပြီ။

ချွင်

လုံချင်ပါ့က ခုန်တက်လိုက်ချိန်တွင် လေထဲတွင် အေးစက်သော အလင်းကပင် လက်သွားပြီး သူ၏လက်ထဲတွင် ဓားမောက်ရှည်က လေထဲတွင် ကြီးမားသော အစင်းရာရှည်ကြီးကို ချန်ထားရစ်ခဲ့လျှင် ဆယ်ကျန်းအကွာမှ ကျောက်ဝူကျန်းထံ ဦးတည်လိုက်သည်။

ထိုဓားမောက်ရှည်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး ကြမ်းတမ်းသော လေပြင်းများကို မွှေနှောက်လိုက်ပြီး ကောင်းကင်ကိုပင် ခွဲတော့မည့်အလား ထင်ရသည်။

လုံချင်ပါ့၏ ခြုံခိုတိုက်ခိုက်မှုက ကျောက်ဝူကျန်းက ကျောင်းစစ်လော့ကို ထောင်ချောက်ဆင်ရန် ကိုယ့်ကိုယ်ကို အနာခံသည့် ဒဏ်ရာများကို ပို၍ဆိုးရွားသွားစေခဲ့ပြီး သူ၏ကိုယ်အတွင်းရှိ ကြယ်တာရာ စွမ်းအင်များက လှည့်ပတ်နေလေရာ မရှောင်ရှားနိုင်တော့ချေ။ ကျောက်ဝူကျန်းက လုံချင်ပါ့၏ ဓားမောက်ရှည်ကြောင့် သေတော့မည့်အချိန်တွင် ...

ဝုန်း

လုံချင်ပါ့၏ ဓားမောက်ရှည်ကို ကြယ်တာရာစွမ်းအင်များ ပေါင်းစပ်ထားသော ဓားအလင်းက ဖြတ်ကနဲလက်လျှက် ရင်ဆိုင်လာသည်။ ထိပ်တိုက်တွေ့ဆုံရာမှ ထွက်လာသော အားက ထိုဓားကို လွှဲယမ်းသူကို ဓားနှင့်အတူ နောက်သို့ လွင့်ထွက်သွားစေသည်။ သို့ရာတွင် လုံချင်ပါ့၏ တိကျသေချာသော သတ်ဖြတ်သည့် တိုက်ကွက်က အလကားဖြစ်သွားရလေပြီ။

ခလွပ်

မြေပြင်ကို ထိမှန်ပြီးနောက် အန်းနန်အစိုးရစစ်တပ်မှ တောင့်တင်းသန်မာသော ဗိုလ်ချုပ်တစ်ယောက်က ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ရင်ဘက်က လေးလံနေသည်။ သူကလည်း တိုက်ရိုက် ခုတ်လိုက်မိသလိုမျိုး အခြေအနေ ဆိုးရွားသွားသည်။

“လင်းဝူရှို့”

လော့ကျီးက အံ့အားတကြီး အော်လိုက်ပြီး သူ၏မျက်နှာတွင် တောက်ပသော အပြုံးနှင့်အတူ ရွှီအန်းသွန်းတို့နှင့်အတူ ရှေ့ဆက်လာလိုက်သည်။ ထို့အပြင် လင်းဝူရှို့ကဲ့သို့ အဆင့်မြင့် ဗိုလ်ချုပ်နှင့် ပူးပေါင်းပြီး သူတို့က လုံချင်ပါ့ကို ရင်ဆိုင်နိုင်သည်။

“ဟမ့် အသုံးမဝင်ဘူး မင်းတို့လောက်က ငါ့ကိုတားဖို့ မလုံလောက်ဘူး”

လုံချင်ပါ့၏ မျက်လုံးက ခက်ထန်သော အလင်းများလက်လျှက် ကြယ်တာရာစွမ်းအင်များက စတင်ပြီး သူ၏ကိုယ်ကို မုန်တိုင်းလို ရစ်ပတ်လာသည်။ သူ့တွင် အချိန်များများစားစား မကျန်တော့ချေ။ သို့သော် ဒီလူအနည်းငယ်ကို သတ်ရန်လောက်ဖြင့် လုံလောက်သည်။

အလင်းရောင် ဖြတ်ကနဲလက်ပြီး လုံချင်ပါ့က အလုံးအရင်းဖြင့် သတ်ဖြတ်တော့မည့် အချိန်တွင်ပင် အသံတစ်သံကို ကြားလိုက်ရသည်။

“လော့ကျီး၊ ရွှီအန်းသွန်း၊ ကျန်းဟူ သူ့ရဲ့ညာဘက်နံရိုးကို အတူပူးပေါင်းပြီး တိုက်ခိုက်လိုက်။ လင်းဝူရှို့ သူ့ရဲ့ခေါင်းပေါ်က ပိုင်ဟွေးအမှတ် ဘယ်ဘက်ခြမ်း နှစ်လက်မအကွာကို အပြတ်ရှင်းတဲ့ ရိုက်ချက်မျိုးနဲ့ ရိုက်ချလိုက်”

လော့ကျီးက ပထမဦးစွာ တုန့်ပြန်သူဖြစ်သည်။

ဝုန်း

လော့ကျီး၏ ခြေထောက်အောက်မှ ချီစက်ကွင်းက လင်းလက်သွားပြီးနောက်တွင် သူ၏လက်ထဲရှိ ထူထပ်သိပ်သည်းသောလှံက ထွက်ခွာကာ လုံချင်ပါ့၏ ညာဘက်နံရိုးထံ ရောက်သွားသည်။

လင်းဝူရှို့ကလည်း အချိန်မီ တုန့်ပြန်နိုင်သည်။ ဝုန်းကနဲ မြည်သံနှင့်အတူ လုံချင်ပါ့၏ခေါင်းကို ချက်ချင်း ခုတ်ချလိုက်သည်။

“အရှင်”

“သခင်လေး”

နောက်ဆုံးမှာ တုန့်ပြန်နိုင်သူများက ရွှီအန်းသွန်းနှင့် အနက်ရောင် နဂါးဓားမြ လက်ရွေးစင်များဖြစ်သည်။ သူတို့က ဝမ်ချောင်အသံကို မှတ်မိလိုက်ကြသည်။

ချွင် ချွင် ချွင်

လူခုနှစ်ယောက်လုံးက ချက်ချင်းလိုလို ရှေ့တက်လာကြသည်။ သူတို့၏လက်ထဲရှိ ဝုဇ့်သံမဏိ လက်နက်များက လုံချင်ပါ့၏ တောင့်တင်းသန်မာသောကိုယ်ကို ရိုက်ချလိုက်ကြသည်။

ထိုခုနှစ်ယောက်လုံး၏ တိုက်ကွက်နောက်ကွယ်မှ တိုက်ခိုက်သူက ဝမ်ချောင်ဖြစ်သည်။

ချွင်

လူအုပ်ကို အလင်းတန်းတစ်တန်းက ကျော်ဖြတ်တိုက်ခတ်သွားသည်။ လူအများက မတုန့်ပြန်နိုင်ခင် ဝမ်ချောင်က ဓားကိုကိုင်လျှက် သူ၏အင်အားအကြီးဆုံး တိုက်ကွက်ကိုသုံးလျှက် ရောက်လာသည်။

“နဂါးခုန်သိုင်း”

လေထဲတွင် ထုထည်ကြီးမားသော ရေနဂါးတစ်ကောင်က ရစ်ခွေလာဟန်တူသည်။ တိကျသေချာသော အမြင့်တစ်ခု ရောက်ပြီးသောအခါ ရုတ်တရက် မိုးကြိုးပစ်လိုက်သလိုမျိုး အောက်သို့ချက်ချင်း ထိုးဆင်းလာပြီး လုံချင်ပါ့၏ ခေါင်းကိုပင် ကွဲအက်သွားစေသည်။

ဝုန်း

လော့ကျီး၏လှံက ကောင်းကင်ကိုပင် လှုပ်ခါစေသောအသံမျိုးနှင့်အတူ ပေါက်ကွဲသွားချိန်တွင် လင်းဝူရှို့၏ဓား ဝမ်ချောင်၏ နဂါးခုန်သိုင်းတို့က တပြိုင်ထဲလိုလို ရောက်သွားကာ ရွှီအန်းသွန်းနှင့် အခြားသော နဂါးနက် လက်ရွေးစင်များ အားလုံး၏ တိုက်ကွက်နဲ့ ပေါင်းစပ်လျှက် မမြင်ရသော အကာအကွယ်လွှာကို ကျော်ဖြတ်လိုက်နိုင်သည်။

စက္ကန့်ပိုင်းအတွင်း လုံချင်ပါ့၏ကိုယ်ထဲမှ မှော်ဆန်ကာ ခမ်းနားသော ကြယ်တာရာစွမ်းအင် အလင်းကာက ပေါက်ထွက်လာသည်။

ဟေ့

ပတ်ဝန်းကျင်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အန်းနန်အစိုးရ စစ်တပ်တော်များ အားလုံး၏ကျောက ကြက်သီးထသွားကြသည်။ လုံချင်ပါ့၏ ကြယ်တာရာစွမ်းအင်များက မယုံနိုင်စရာ ကောင်းလောက်သည့် အဆင့်အထိ ရောက်ရှိသွားပြီဖြစ်သည်။

သူက ကျောင်းစစ်လော့၏ ဓားအစွယ် သားရဲပုံသဏ္ဍန်ကဲ့သို့ ခန္ဓာကိုယ် သန်မာအောင် ပြောင်းလဲနိုင်စွမ်း မရှိသော်လည်း သူ၏ကြယ်တာရာစွမ်းအင် သီးသန့်ကို မှီခိုရုံဖြင့်ပင် အလားတူရလဒ်ကို ထုတ်နိုင်သည်။

ဝှစ်

လူတိုင်းက လုံချင်ပါ့၏ အရှိန်အဝါကြီးသော ကြယ်တာရာစွမ်းအင်များအောက်တွင် မှင်သက်နေကြချိန်တွင် သွေးအလင်းရောင်က ဖြတ်ကနဲ လက်လာသည်။ အလင်းမရှိဘဲ လုံချင်ပါ့၏ အထပ်ထပ် ကာကွယ်ထားသော ကြယ်တာရာစွမ်းအင်များကို ဓားချီတစ်စင်းက ကျော်ဖြတ်သွားပြီး သူ၏ခေါင်းသို့ တိုက်ရိုက်တိုးဝင်သွားသည်။

လုံချင်ပါ့က ချက်ချင်းလိုလို သူ၏ခေါင်းကို စောင်းလိုက်လုနီးပါး ဖြစ်သွားသဖြင့် သေစေနိုင်သော ရိုက်ချက်ကို ဆံချည်တစ်မျှင်အကွာဖြင့် ရှောင်လိုက်နိုင်သည်။ ထိုဓားချီက သူ၏ကျောကို ထိမှန်သွားသည်။

သို့သော် ချက်ချင်းလိုလို သွေးများပန်းထွက်လာသော ဒဏ်ရာကပေါ်လာသည်။

“ကြယ်တာရာစွမ်းအင် ထိုးဖောက်ခြင်း”

ဝမ်ချောင်၏ ရိုက်ချက်က ကြယ်တာရာစွမ်းအင်ကို ရှားပါးစွာ ထိုးဖောက်နိုင်စွမ်း ရှိနေခဲ့သည်။

“ဒါကဘယ်လိုသိုင်းလဲ”

လုံချင်ပါ့ကအော်သည်။ သူကဲ့သို့သော တည်ငြိမ်သော လူမျိုးပင် ထိုအခြေအနေတွင် မျက်နှာ ဖြူဖျော့သွားရသည်။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ပျိုးထောင်ထားသော လူတစ်ယောက် ဖြစ်သည့်အလျောက် သူက သိုင်းအမျိုးမျိုးကို မြင်ဖူးသည့်တိုင်အောင် ထိုကဲ့သို့သော အရာမျိုးကို မကြုံဖူးချေ။ သူ၏ကြယ်တာရာ စွမ်းအင်က ဝမ်ချောင်၏ တိုက်ကွက်ကို တားဆီးနိုင်ခဲ့သည်မှာ ရှင်းလင်းနေသော်လည်း ထိုဓားချီ အလင်းတန်းက ရှင်းပြ၍မရစွာ ကျော်ဖြတ်ဝင်လာခဲ့သေးသည်။

လော့ကျီးကပင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။ သို့သော် အားနည်းသော ဝမ်ချောင်က အောင်မြင်သွားခဲ့သည်။

သူကသာ ချက်ချင်းမတုန့်ပြန်လိုက်နိုင်လျှင် ဝမ်ချောင်၏ဓားချီက သူ၏ခေါင်းမှ အရေးကြီးသော တစ်နေရာကို ထိသွားနိုင်သည်။

ပြန်ဖြေရမည့်အစား ဝမ်ချောင်က ခါးမှဓားကို ဘယ်ဘက်လက်ဖြင့် ဆွဲထုတ်လိုက်ပြီး လုံချင်ပါ့ကို တဖန် ထပ်ထိုးပြန်သည်။ သူက ကြိမ်ဖန်များစွာ တိုက်ခိုက်လေလေ ကြယ်တာရာစွမ်းအင် ထိုးဖောက်နိုင်သည့် အခွင့်အရေးက ပိုများလေလေဖြစ်သည်။

သူ့အနေဖြင့် ဒါကိုအပြည့်အဝ မဖမ်းဆုပ်နိုင်သေးသော်လည်း သေချာနေသော အချက်အလက်ကမူ သူက လေးကြိမ်ဆက်တိုက် တိုက်ခိုက်နေသမျှ ကာလပတ်လုံး ကြယ်တာရာစွမ်းအင် ထိုးဖောက်ခြင်းက သံသယဝင်ရန် မလိုလောက်အောင် ငါးကြိမ်အထိ အသက်သွင်းနိုင်ပေသည်။

လုံချင်ပါ့ကဲ့သို့ ကြယ်တာရာစွမ်းအင် နက်ရှိုင်းပြီး အပြည့်အဝ ကာကွယ်ထားနိုင်သော ကျွမ်းကျင်ပညာရှင်မျိုးကို ဒီလိုနည်းလမ်းဖြင့် အသုံးပြုသင့်သည်။ ထို့ကြောင့် ဝမ်ချောင်ကသူ့ကို ခြိမ်းချောက်နိုင်ခြင်းလည်းဖြစ်သည်။

ဒီတစ်ကြိမ်တွင် ဝမ်ချောင်က မရိုက်ချနိုင်ခင်မှာတင် လုံချင်ပါ့က သူ၏လက်ဖြင့် ကာထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာစေလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝမ်ချောင်၊ လော့ကျီး၊ လင်းဝူရှို့၊ ရွှီအန်းသွန်းတို့ အားလုံးက လွင့်ထွက်သွားသည်။

လုံချင်ပါ့က မယုံနိုင်စရာ ကောင်းလောက်အောင် အင်အားကြီးမားသည်။ သို့သော် ထိုအချိန်တွင် သူ၏တိုက်ကွက် အောင်မြင်သွားသည့်အတွက်လည်း လုံချင်ပါ့မျက်နှာတွင် ပျော်ရွှင်မှုမရှိသလို ယခင်မာနများကိုလည်း မမြင်ရချေ။

သေစမ်း ဒီကောင်စုတ်က သူ့ရဲ့ပြောင်မြောက်တဲ့ စစ်အနုပညာကို ပိုင်ဆိုင်ထားတဲ့အပြင် ဒီလောက် ထူးဆန်းတဲ့ သိုင်းကိုလည်း သင်ထားနိုင်သေးတယ်။ ဘယ်နေရာက ဒီလိုသိုင်းမျိုးတွေကို သွားသင်ထားတာလဲ။

လုံချင်ပါ့က ထိုတောင်ဆင်ခြေလျောတွင် သံမဏိမျှော်စင်တစ်ခုလို ရပ်နေပြီး သူ၏ထိတ်လန့်နေသော မျက်ဝန်းများက သတ်ဖြတ်လိုစိတ်အပြည့် တောက်ပလာပြီးနောက် လူအုပ်၏ အနောက်မှ ဝမ်ချောင်ကိုကြည့်သည်။ ဝမ်ချောင်ပေါ်လာခြင်းက ဒီတိုက်ပွဲတွင် သူ့ကိုအားနည်းသွားစေသည်။

ဝမ်ချောင်၏ ထူးဆန်းသော ကြယ်တာရာထိုးဖောက်ခြင်း သူ၏ခုခံစွမ်းအားကို ရင်ဆိုင်နိုင်သည့်အတွက် အံ့သြသွားခြင်းမဟုတ်ချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က ညွှန်လိုက်သောနေရာက သူ၏ခုခံမှုတွင် ရှိသော ပစ်ချက်များထဲမှ တစ်ခုအဖြစ်ပင် သူကလည်း ဒီအရာကို မကိုင်တွယ်နိုင်သေးချေ။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ သိုင်းများက သူတို့၏အင်အားကြောင့် ကျော်ကြားသည်။ သို့သော် ကျင့်ကြံရန် ခက်ခဲသည်။ ဆယ်နှစ်ကျော် ကျင့်ကြံပြီးနောက် အောင်မြင်မှု ရရှိလာပြီးသည့်အခါတွင်ပင် သူ့အနေဖြင့် ပြီးပြည့်စုံရန် ဝေးကွာနေသေးလေသည်။

သူ၏ညာဘက်လက်ဖျံရိုးနဲ့ ပိုင်ဟွေးအကြောအမှတ်က သူ၏ပစ်ချက်နေရာများ ဖြစ်နေသည်။

ဝမ်ချောင်က ပိုင်ဟွေးအကြောအမှတ်နှင့် ဘယ်ဘက် နှစ်လက်မအကွာကို သူ၏အားနည်းချက်အဖြစ် အထူးတလည် ထောက်ပြခဲ့သည်။ ထိုအချက်က လုံချင်ပါ့ကို ပို၍အံ့သြသွားစေသည်။ ထိုနေရာက သူ၏သေစေနိုင်သော အားနည်းချက်ဖြစ်သည်။

လုံချင်ပါ့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ဆူပွက်လာသည်။ သို့သော် ဝမ်ချောင်က အဆင်သင့်ပြင်ထားပြီဖြစ်ပြီး လော့ကျီးနှင့် လင်းဝူရှို့တို့တွင် ရပ်လိုက်သည်။ လုံချင်ပါ့က ရိုက်ချလျှင် အောင်နိုင်ချေက သုံညဖြစ်သည်။

“လုံချင်ပါ့ နောက်ဆုတ်”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံက ထွက်လာသည်။ တောင်ခြေမှ ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ မရွေ့လျားသော တောင်တန်းကြီးက ရှေ့တစ်လှမ်းတိုးလာပြီး တိဗက်ဘာသာစကားဖြင့် အမိန့်ထုတ်လိုက်သည်။

ထိုအမိန့်က လုံချင်ပါ့ကို မဆိုထားနှင့် ဝမ်ချောင်ကိုပင် အံ့သြစေသည်။

လုံချင်ပါ့က အစပိုင်းတွင် သံသယဝင်ခဲ့သေးသည်။ သို့သော်သူက ချက်ချင်းလိုလို တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး နောက်လှည့်ပြီးနောက် ရှေ့သို့ ခုန်ချကာ စကားတစ်ခွန်းမဆိုဘဲ တောင်အောက်သို့ ဆင်းတော့သည်။

အခန်း(၅၇၉)

“နှမြောစရာပဲ”

တောင်အောက်သို့ လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ဆင်းသွားသော လုံချင်ပါ့ကို ကြည့်နေသော ဝမ်ချောင်က မနေနိုင်ဘဲ သက်ပြင်းချသည်။

“ဟုတ်တယ် နှမြောစရာပဲ။ သူ့ကိုနည်းနည်းလေးသာ အချိန်ဆွဲနိုင်ရင်တောင်မှ လုံချင်ပါ့က သူဆန္ဒရှိရင်တောင်မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ သူကမတုန့်ပြန်နိုင်ခဲ့ပေမဲ့ ဟော်ရှု့ဟွေ့ခမ်းက လုပ်နိုင်ခဲ့တယ်”

လော့ကျီးကဖြေသည်။

“အခွင့်အရေးတစ်ခုက အသုံးမကျ ဖြစ်သွားပြီ”

အနောက်မှ အသံတစ်သံ ထွက်လာသည်။ ဝမ်ချောင်တို့၏ အဖွဲ့နှင့် ကျန်းငါးဆယ် အကွာတွင် ပုံရိပ်အနည်းငယ်က ပေါ်လာသည်။ လုံချင်ပါ့က ထွက်သွားပြီးချိန်တွင် ထိုလူများက သူတို့၏စွမ်းအင်များကို ဖုံးကွယ်ထားရန် မလိုတော့ချေ။ ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ မုန်တိုင်းကဲ့သို့ ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်လာကြသည်။

တစ်ယောက်ချင်းစီတိုင်းက လော့ကျီးနှင့် လင်းဝူရှို့တို့၏ အဆင့်များဖြစ်ကြသည်။ ရှင်းလင်းစွာဖြင့်ပင် သူတို့အားလုံးကလည်း အန်းနန်အစိုးရစစ်တပ်မှ ရာထူးမြင့် ဗိုလ်ချုပ်များဖြစ်နေကြသည်။

အန်းနန်အစိုးရစစ်တပ်က အခြားဘာမှ မရှိလောက်သော်လည်း ရာထူးမြင့်ဗိုလ်ချုပ်များကမူ အလွန်များသည်။

လုံချင်ပါ့ကသာ အနည်းငယ် နှေးကွေးသွားခဲ့မယ်ဆိုရင် ထိုဗိုလ်ချုပ် ဆယ်ယောက်ကျော်က ဝမ်ချောင်တို့၏ အဖွဲ့နှင့်ပေါင်းပြီး အန်းနန်အစိုးရစစ်တပ်၏ ပတ်ဝန်းကျင်မှ လက်ရွေးစင် သောင်းပေါင်းများစွာနှင့်အတူ လုံချင်ပါ့ကို ဆက်နေအောင် ဖိအားပေးနိုင်သည်။

“သတ်”

တိုက်ပွဲက တဖန်ဖြစ်ပွားပြန်သည်။ ကောင်းကင်ကိုပင် တုန်ဟီးစေသော ဟိန်းသံများက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲက ဖြစ်ပွားနေကြောင်းကို သတိဝင်စေသည်။

သွမ့်ဝူကျုံးပင်ဖြစ်စေ ကျောင်းစစ်လော့တို့ပင်ဖြစ်စေ မယှဉ်နိုင်တော့သော အခြေအနေမျိုးတွင် လုံချင်ပါ့က နောက်ဆုတ်သွားသောအခါ ကျန်ခဲ့သော ကျောက်တုံးဖြူတပ်ရင်း စစ်သည်တော်များနှင့် တိဗက်မြင်းတပ်များက အန်းနန်အစိုးရစစ်တပ်၏ ချီတက်လာခြင်းကို မတားနိုင်တော့ချေ။ ထို့ကြောင့် သူတို့က တောင်အောက်သို့ ပြေးဆင်းရသည်။

“သခင်လေး ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ”

လူတိုင်းက ဝမ်ချောင်ကိုသာကြည့်သည်။

“ဟမ့် ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုတ်ချင်တယ်။ ဒါပေမဲ့ သူကဘာမှ မထားဘဲနဲ့ နောက်ဆုတ်လို့ ရမတဲ့လား”

ဝမ်ချောင်က မာန်ရှဲ့ကျောင်း သံချပ်ကာကို ဝတ်ဆင်လျှက် တောင်အောက်သို့ ငုံ့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ နောက်မဆုတ်ခင်က မာန်ရှဲ့ယွီစန်းစစ်တပ်က တောင်ပေါ်သို့တက်သည့် လမ်းတစ်ဝက်ထိ ရောက်ခဲ့သည်။

လက်ရှိအချိန်တွင်မူ တောင်တစ်ခုလုံးကို မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များ၏ ရှစ်သောင်း ကိုးသောင်း ဝန်းကျင်ခန့်က ဝိုင်းထားသည်။ ဝမ်ချောင်ကလည်း သူ၏အကြံထဲတွင် သူ၏အခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းက ဒီအချိန်တွင် သူ၏စစ်တပ်ကို တစ်ပြိုင်ထဲ နောက်ဆုတ်ခိုင်းမည်ဟု တွေးထားလျှင် သူ့ကို အထင်သေးနေခြင်း ဖြစ်ရပေမည်။

“အကြံအတိုင်း စလုပ်တော့။ ဗိုလ်ချုပ်တွေ ကိုယ့်နေရာကိုပြန်ပြီး ရိတ်သိမ်းကြစို့”

“ဟုတ်ကဲ့သခင်လေး”

လူတိုင်းက ဝမ်ချောင်ကို အကြွင်းမဲ့ ယုံကြည်နေကြပြီဖြစ်ပြီး တစ်ရွာလုံးက လျှင်မြန်စွာဖြင့် ထွက်သွားကြသည်။ လော့ကျီးပင် ထွက်ခွာသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေသော ကျောက်ဝူကျန်းနှင့် ရွှီရှစ်ပင်းအတွက်မူ သူတို့ကို ကုသပေးရန် လူများက အဆင်သင့် ရှိထားပြီးသားဖြစ်သည်။ သူတို့ကိုလည်း အပေါ်သို့ ပြန်ခေါ်သွားကြသည်။

ဆင်ခြေလျောတလျှောက် တိုက်ခိုက်သံများက ပြည့်နှက်နေပြီး မဟာထန်၏ စစ်သည်တော်များက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်တပ် စစ်သည်တော် အရေအတွက်ပေါင်းများစွာကို ထိန်းထားနိုင်သည်။

“အချိန်ကျပြီ”

ဝမ်ချောင်က အေးစက်စွာရယ်လျှက် တိုက်ပွဲ၏ အရေးကြီးဆုံးအပိုင်းကို ကာထားသော လိုက်ကာကို ဖွင့်လိုက်သလိုမျိုး လက်ကိုမြှောက်လိုက်သည်။

ဝုန်း

ဝမ်ချောင်က ညာခြေထောက်ကို ခပ်မြင့်မြင့်မြှောက်ပြီး မြေပြင်သို့ ဝုန်းကနဲ ဆောင့်ချလိုက်သည်။ အချိန်တစ်ခု ကြာသည်အထိ တစ်လောကလုံးက တိတ်ဆိတ်မှုသာ ကြီးစိုးသွားသည်ဟု ထင်ရပြီး အချိန်ကပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။

ဝမ်ချောင်၏ ညာခြေထောက်က မြေပြင်ကို ထိသွားသည့်အခိုက် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အားလှိုင်းများက စတင်ဖြန့်ကျက်ကာ လွှမ်းမိုးသွားသည်။

မဟာထန်၏ မည်သည့်စစ်သည်ကမှ ထိုအားလှိုင်းများကို သတိမထားမိချေ။ သို့သော် ဝမ်ချောင်နှင့် ကျန်းတစ်ရာ ဝန်းကျင်သာလျှင် ကွာဝေးသော မာန်ရှဲ့ကျောင်းစစ်သည်တော် တစ်ယောက်၏ ခြေထောက်အောက်သို့ ရောက်သွားသောအခါ နို့နှစ်ဖြူရောင် ချီစက်ကွင်းက တလက်လက် တောက်ပလာသည်။ တစ်စက္ကန့်၏ သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံခန့်ကြာပြီး... အများဆုံး စက္ကန့်အနည်းငယ် ကြာပြီးနောက် တောင်ပေါ်သို့ ရောက်နေသော ကျောက်တုံးဖြူတပ်ရင်းနှင့် တိဗက်စစ်သည်တော်တိုင်းနီးပါးက ထိုအားလှိုင်းများ၏ ထိတွေ့မှုကို ခံလိုက်ရသည်။

သတိပေးချက် အလျဉ်းမရှိဘဲ စက္ကန့်အနည်းငယ်အတွင်းတွင် တောင်ပေါ်ရှိ မာန်ရှဲ့ယွီစန်း စစ်သည်တော်များ အားလုံး၏ ကျင့်ကြံခြင်းအဆင့်က ဆက်တိုက် လျော့ကျသွားသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ”

သူတို့အားလုံးက အလန့်တကြား အော်ဟစ်ကြသည်။

မာန်ရှဲ့ယွီစန်း စစ်သားများက အန်းနန်အစိုးရစစ်တပ်နှင့် အင်အားချင်း တူညီလုနီးပါးဖြစ်သည်။ သို့သော် ထိုအချိန်တွင်မူ သူတို့၏ အင်အားက ရုတ်တရက် အဆင့်ပေါင်းများစွာ လျော့ကျသွားလေရာ သူတို့၏ အင်အား အရှိန်နှုန်း ခုခံနိုင်စွမ်းအား အားလုံးက လျော့ကျသွားတော့သည်။ ထိုသို့ဖြင့် သူတို့ပြေးသော အရှိန်ကပင် ကျဆင်းသွားသည်။ မည်သူကမှ ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။

အခြားတစ်ဖက်တွင် ထန်စစ်သည်တော်တိုင်းက အလွန်အားအင် တက်ကြွသွားကြသည်။ သူတို့က သေဖော်သေဖက် ရန်သူများဖြစ်နေပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များနှင့်လည်း အလွန်အမင်း ကြီးလေးသော မုန်းတီးမှုကို ပိုင်ဆိုင်ထားကြသည်။ အန်းနန်အစိုးရစစ်တပ်က ချက်ချင်းလိုလို မာန်ရှဲ့ယွီစန်း စစ်တပ်၏ ပြောင်းလဲမှုကို သိလိုက်ကြသည်။

“သတ်”

အန်းနန်အစိုးရစစ်တပ်က အားအင်အပြည့် စိုက်ထုတ်လိုက်ကာ ဟိန်းဟောက်လိုက်သည့် အသံက ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် ကျယ်လောင်သောအသံများ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ထွက်လာပြီး မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်သားများက သေဆုံးသွားသည်။

ယခင်က ခက်ထန်ကြမ်းတမ်းသော နတ်ဘုရားများကဲ့သို့ တည်ရှိမှုများအားလုံးက အလွန်အမင်း အားအင်နည်းပါးသွားကြသည်။ နဂိုကတည်းက ရှုံးသောတိုက်ပွဲ ဖြစ်နေပြီး ယခုကဲ့သို့ လျော့ကျသွားခြင်းနှင့် ပေါင်းစပ်လိုက်သော် မာန်ရှဲ့ယွီစန်းဘက်မှ လူသောင်းကျော်က အချိန်တိုအတွင်း သေဆုံးကုန်တော့သည်။

“ထွက်ပြေးကြ”

မာန်ရှဲ့ယွီစန်းစစ်တပ်က ကပ်ဘေးတစ်ခု လွှမ်းမိုးခံရသလိုမျိုး သူတို့၏သတ္တိတွင် ကျော်ကြားသော တိဗက်မြင်းတပ်များနှင့်အတူ ထွက်ပြေးကြတော့သည်။

“သတ်”

အရှေ့မှ မာန်ရှဲ့ယွီစန်း အင်အားစုများက ရူးရူးမူးမူး ထွက်ပြေးနေကြချိန်တွင် အန်းနန်အစိုးရ စစ်တပ်ကမူ အနောက်မှ ရူးသွပ်စွာ လိုက်ကြသည်။ ထိုသို့ဖြင့် မြေပြင်တွင် အလောင်းများက ပုံလာပြီး သွေးမြစ်က စီးဆင်းသည်။ နောက်ပိုင်းအဖြစ်အပျက်များကို ဝမ်ချောင်က လမ်းညွှန်ပေးရန် မလိုချေ။

“သာ့လွန်ရော့ကျန်း အခု ခင်ဗျားဘယ်လို အကွက်ရွေ့မလဲဆိုတာကို ကြည့်ရမဲ့အချိန်ပဲ”

ဝမ်ချောင်က ခပ်ဟဟ အေးစက်စွာရယ်လျှက် နောက်လှည့်လိုက်ပြီး ခပ်အေးအေးဖြင့် တောင်ပေါ်သို့ စတင်ကာတက်သည်။ မဟာထန်မှ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သည်များ အားလုံးက သူ့ကိုကျော်ဖြတ်သွားကြသော်လည်း သူ၏အနီးသို့ ကပ်သောအခါ အလိုလိုပင် ဘေးသို့ဖယ်ပေးကြသည်။

“သခင်လေး”

တောင်ပေါ်တွင် ချန်းရှု့စွန်းက အလွန်အမင်း လေးစားသောစိတ်ဖြင့် ဦးညွှတ်လိုက်သည်။ သူ၏ထိုသို့ လေးစားပြနေသော အမူအရာက သူရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်ကို ပြခဲ့သည်ထက်ပိုသည်။ ချန်းရှုစွန်းက ဝမ်ချောင်ထံတွင် လုံးလုံးလျားလျား အညံ့ခံလိုက်ပြီဖြစ်သည်။

သာ့လွန်ရော့ကျန်းက လုံချင်ပါ့ကို ထန်ဗိုလ်ချုပ်တစ်ယောက်ကို ခြုံခိုတိုက်ခိုက်ကာ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်ထဲသို့ ရောနှောကာ ဝင်ရောက်စေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အဆုံးတွင် သူကနောက်ဆုံးခြေလှမ်းကို အကွက်ရွေ့ရန် လိုအပ်သွားသည်။ သူ၏အကြံကို ဝမ်ချောင်က ပျက်စီးစေလိုက်ရုံသာ မကလေဘဲ ကျောင်းစစ်လော့ကိုပင် ပေးဆပ်လိုက်ရသည်။

ကျောင်းစစ်လော့က ကပ်ဘေးပြီးနောက်တွင် လွတ်မြောက်အောင် စီစဉ်နိုင်ခဲ့ပြီး မာန်ရှဲ့ယွီစန်း စစ်တပ်သို့ပင် ပြန်ရောက်လာခဲ့သည်။ သူ၏မြင်းနှင့်ပင် ကျန်းအနည်းငယ်သာ ဝေးတော့သည်။ သို့သော် ထိုအချိန်တွင် ဝမ်ချောင်၏လက်တွင် သေဆုံးသွားခဲ့ရပြန်သည်။ အစမှအဆုံးအထိ သူက ဝမ်ချောင်၏ အကြံအစည်ထဲမှ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ချေ။

မဟာထန်၏ စစ်သည်တော်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် တိဗက်ဗိုလ်ချုပ် တစ်ယောက်က ဝမ်ချောင်၏လက်တွင် အသတ်ခံလိုက်ရသည်။ ဝမ်ချောင်ကသာ သူ့ကိုမသတ်ခဲ့လျှင် ထန်စစ်သည်တော်မည်မျှသော အရေအတွက်အထိ အသတ်ခံနေရခြင်းကို သူက ကြည့်နေရမည်ဖြစ်ကြောင်း မသိနိုင်ချေ။

“ဒီလောက်ထိ ယဉ်ကျေးပြစရာ မလိုပါဘူး”

ဝမ်ချောင်က လက်ယမ်းလိုက်ပြီး မာန်ရှဲ့ကျောင်း၏ ဦးထုတ်ကို ချွတ်လိုက်ကာ ဘေးဘက်သို့ ပစ်ထုတ်လိုက်သည်။ ဖုန်းကျားရီနှင့် တိုက်ပွဲတွင် သူကမာန်ရှဲ့ကျောင်း သံချပ်ကာဝတ်စုံ အနည်းငယ်ကို ရခဲ့ပြီး ယခုကဲ့သို့ အဆင်ပြေပြေ အသုံးပြုနိုင်ခဲ့သည်။

မဟာထန်နှင့် မာန်ရှဲ့ကျောင်း၏ စစ်ပွဲတွင် မာန်ရှဲ့ကျောင်းဘက်က လူများက ထန်အဖြစ် ရုပ်ဖျက်လျှက် သတင်းလာခိုးလေ့ရှိပြီး ထန်အင်အားစုထဲလည်း သူလျိုလွှတ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခဲ့သည့် အခြေအနေမျိုးတွင် ရှိသည်။ မာန်ရှဲ့ကျောင်းက ထိုနည်းလမ်းကိုသုံးလျှင် ထန်ကလည်း အသုံးမပြုနိုင်စရာ အကြောင်းမရှိပေ။ ဝမ်ချောင်က သူတို့ကို ကိုယ့်ဆေးကိုယ် ပြန်တိုက်ခိုင်းပြီး ကိုယ့်အရသာကိုယ် ပြန်ခံခိုင်းခြင်းလည်း ဖြစ်သည်။ သူက မာန်ရှဲ့ကျောင်း သံချပ်ကာကို ချွတ်ပြီးနောက် ဝမ်ချောင်က မလှုပ်ရှားဘဲ အလံဘေးတွင်ရပ်နေသည့် ဝမ်ချောင်ထံ လက်ဆန့်တန်းလိုက်သည်။

“သခင်လေး သခင့်ရဲ့ လက်အောက်ငယ်သားက သခင်လေးကို စိတ်မပျက်စေခဲ့ဘူး”

ဝမ်ချောင်ပုံစံ ဟန်ဆောင်ထားသည့် သက်တော်စောင့်က မျက်နှာဖုံးကိုချွတ်ပြီးနောက် ဝမ်ချောင်၏ လက်ထဲသို့ ဦးထုတ်ကို ပြန်ပေးကာ တလေးတစား ဂါရဝပြုသည်။ ဝမ်ချောင်က အလွန်ငယ်သေးသော်လည်း စစ်တပ်ထဲရှိ မည်သူကမှ သူ့ကိုအထင်မသေးရဲချေ။

“ဗိုလ်ချုပ်ချန်း နောက်ထပ် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ပြီးပြီလား”

ဝမ်ချောင်က အလျှင်မလိုသလိုမျိုး ထိုပိန်ပိန်ပါးပါး အစောင့်ထံမှ သံချပ်ကာကို ယူလိုက်ပြီး နှေးကွေးစွာဖြင့် ဝတ်ဆင်ပေးလိုက်သည်။

“ဒီတစ်ကြိမ် မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ ဆုံးရှုံးမှုနဲ့ဆိုရင် သူတို့ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒီတိုက်ပွဲက ပြီးဖို့အများကြီး လိုသေးတယ်”

သူကပြောလိုက်ရင်းမှ လှံတောအုပ် တစ်ခုလိုမျိုး သိပ်သည်းစွာ တိတ်တဆိတ် ရပ်နေကြသည့် မဟာထန် လက်ရွေးစင်များရှိရာ တောင်အောက် တစ်နေရာသို့ ငုံ့ကြည့်လိုက်သည်။

ထိုလေးသောင်းဝန်းကျင်ရှိသော စစ်သည်တော်များက ဝမ်ချောင်၏ နောက်ဆုံး အကွက်ဖြစ်သလို နောက်ဆုံး လွှတ်နိုင်သည့် တစ်သုတ်လည်းဖြစ်သည်။ ယခုလက်ရှိ အချိန်တွင် အသုံးပြုရန် စောလွန်းနေသေးသည်။

“သခင်လေး စိတ်အေးအေးထားပါ။ အရာအားလုံးက သခင်လေးရဲ့ အမိန့်အတိုင်း ပြင်ဆင်ပြီးပါပြီ”

ချန်းရှုစွန်းက တည်တင်းစွာ ပြန်ဖြေသည်။

ဝမ်ချောင်ကို သူက နတ်ဘုရားတစ်ပါးကဲ့သို့ပင် အခြေခံအားဖြင့် သတ်မှတ်ထားပြီးသားဖြစ်သည်။ ဝမ်ချောင်က သူ့ကို မည်သို့သော အမိန့်မျိုး ပေးစေကာမူ သူ့ကို တောင်ပေါ်မှ ခုန်ချခိုင်းမည်ဆိုလျှင်ပင် ချန်းရှုစွန်းက တုန့်ဆိုင်းမနေဘဲ ခုန်ချလိုက်မည်ဖြစ်သည်။ သူ့ကို ကယ်ဆယ်ရန် ဝမ်ချောင်က ကြိုတင်တွက်ဆပြီးပြီဟု ကြိမ်းသေယုံကြည်ထားမည်ဖြစ်သည်။

“အွန်း”

ဝမ်ချောင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ သို့သော် စကားဆက်မပြောတော့ချေ။

သာ့လွန်ရော့ကျန်း အခုခင်ဗျားရဲ့ အလှည့်ပဲ။ ကျောက်ဝူကျန်းနှင့် ကျောင်းစစ်လော့တို့၏ တိုက်ပွဲက ဝမ်ချောင်နှင့် ထိုယွီစန်းမှ ဉာဏ်ရှိလွန်းပါသည်ဆိုသော အမတ် သာ့လွန်ရော့ကျန်း၏ ပထမဦးဆုံး အကွက်ဖလှယ်ခြင်းဖြစ်သည်။ ယခုမူ ဒုတိယတစ်ကွက် ရွေ့ရန်အချိန်ကျနေပြီ။

ဝမ်ချောင်က ယခုအချိန်ဆိုလျှင် သူက နာ့ယိတော်ဝင်တပ်ရင်း၏ မဟာအမတ်၏ အာရုံကို အပြည့်အဝ ပိုင်ဆိုင်ထားနှင့်ပြီဖြစ်ကြောင်း သိလိုက်သည်။ လုံချင်ပါ့ပေါ်လာကတည်းက ဒါကိုသက်သေ ပြနိုင်နေသည်။

ယခု ခင်ဗျားကငါ့ကို အကြီးအကျယ် စိတ်ဝင်စားနေလောက်ပြီ။ သာ့လွန်ရော့ကျန်း ငါဒီမှာရှိတယ်။ ခင်ဗျား ဘယ်တော့မှ မအောင်မြင်စေရဘူး။

ဝမ်ချောင်က တောင်ထိပ်တွင် တဖန်ရပ်ကာ သူ၏သားမွေွှးယပ်တောင်ကို ခပ်လျှက် ပိုးသားဝတ်စုံနှင့် ကျော့ရှင်းခမ်းနားစွာ ပနန်သင့်လျှက် ရှိနေသည်။ သူကတောင်ခြေသို့ အသာအယာ ကြည့်နေသည်။

ခဲရှု့ဟန် သို့မဟုတ် ဖူမောင်လင်ချာ သာ့လွန်ရော့ကျန်းကဲ့သို့ ဗဟိုပြင်ကျယ်မှ မဟာဗိုလ်ချုပ်ကြီးများအတွက်ပင် သာ့လွန်ရော့ကျန်းက ဒုက္ခအပေးနိုင်ဆုံးသော တည်ရှိမှုကြီးဖြစ်သည်။

တိဗက်လူမျိုးများက မာန်ရှဲ့ကျောင်း၏ ဧကရာဇ် ခဲ့လော့ဖုန်းထံမှ တောင်းဆိုမှုကြောင့်သာ တောင်ပိုင်းသို့ လာကြသည်ဟု ပြောကြသည်။ သို့ရာတွင် ဝမ်ချောင်၏ အမြင်တွင်မူ တိဗက်များက ခဲ့လော့ဖုန်းက မတောင်းဆိုလျှင်ပင် တောင်ပိုင်းသို့ လာပေလိမ့်မည်။ သာ့လွန်ရော့ကျန်းက ကိစ္စများ နောက်ကွယ်က စီစဉ်သူဖြစ်ပြီး တောင်ပေါ်ဒေသမှ တောင်အောက်သို့ဆင်းရန် မြင်းတပ်နှစ်သိန်းကျော် စေလွွှတ်ရန် အမိန့်ပေးခဲ့သူလည်းဖြစ်သည်။

ဟော်ရှု့ဟွေ့ခမ်းက သူ့ရဲ့လက်ထဲက ဓားတစ်လက်ပဲ။ အနောက်တောင်ပိုင်းက သူ၏အပိုင်စိုးရာ နေရာမဟုတ်ခဲ့ချေ။ သာ့လွန်ရော့ကျန်း၏ ရည်ရွယ်ချက်က ခဲ့လော့ဖုန်းထက် အလွန်ကြီးမားသည်။ သူက ခဲ့လော့ဖုန်းက ပေးနိုင်သည်ထက် များပြားစွာ လိုချင်နေသည်။ မည်သူကမှသာ သူ့ကိုမတားလျှင် သာ့လွန်ရော့ကျန်းက မဟာထန်အတွက် ကြီးမားသော ဆူးတစ်ချောင်း ဖြစ်လာပေလိမ့်မည်။

ဆိုတော့ လာပါ ဒီနေရာက မင်းရဲ့နောက်ဆုံး ရပ်နားရာပဲ သာ့လွန်ရော့ကျန်း။

ဝမ်ချောင်၏ဝတ်စုံက လေတွင်လွင့်သွားချိန်တွင် သူ၏စူးရှသောအကြည့်က အဝေးတစ်နေရာ အောက်ဘက်ရှိ ပုံရိပ်ကို စိုက်ကြည့်နေသည်။

တစ်ချိန်ထဲတွင်ပင် အောက်ဘက်မှ ပြင်းထန်သော လေပြင်းကလည်း တိုက်ခတ်လာသည်။ သာ့လွန်ရော့ကျန်းကလည်း စစ်တပ်ထဲတွင် ရှိနေရာမှ လေပြင်းကြောင့် သူ၏ဆံပင်များက အစီအစဉ်မကျစွာ လွင့်သည်။ သာ့လွန်ရော့ကျန်း၏စိတ်က ထိုတခဏတွင် လေနှင့်အတူ တည်ငြိမ်ရန် ခက်ခဲနေသည်။

တောင်ပေါ်တွင် မာန်ရှဲ့ယွီစန်း စစ်တပ်က မြက်ပင်များလို ရိတ်သိမ်းခံနေရပြီး အလောင်းများက တောင်ပေါ်မှ လိမ့်ကျလာသည်။ ထိုမြင်ကွင်းက စစ်တပ်တစ်ခုလုံးအတွက် ကြီးလေးသော အံ့အားသင့်စရာကြီးဖြစ်သည်။ ထိုအခိုက် ဒီစစ်တပ်တစ်ခုလုံးက တောင်ပေါ်တွင် ထန်စစ်သည် အယောက်တစ်သိန်း အင်အားသာလျှင် ရှိကြောင်းကို နားလည်ထားသည့်တိုင်အောင် ဒီအခြေအနေများက အံ့အားသင့်စရာ ကောင်းလွန်းနေသည်။ သို့ရာတွင် ကိစ္စများက သာ့လွန်ရော့ကျန်းအတွက်မူ မတူချေ။ သာ့လွန်ရော့ကျန်းက လေထဲမှ စကားဖြင့် ဖော်ပြ၍မရသော စိန်ခေါ်မှုကို ခံစားနိုင်သည်။

သူကငါ့ကို စိန်ခေါ်နေတာပဲ။

သာ့လွန်ရော့ကျန်း၏ အမူအရာက တင်းမာသွားပြီး တောင်ပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။

ဒီလိုနေရာမျိုးတွင် မည်သူကမှ ဒီလိုနည်းလမ်းကိုသုံးပြီး သူ့ကိုစိန်မခေါ်ရဲခဲ့ချေ။ ကျန်းချုံကျန့်ချုံးကဲ့သို့သော လူမျိုးပင် ထိုသို့မလုပ်ရဲခဲ့ချေ။

ဒါကိုမဟာထန်မြို့တော်က ဒီကောင်လေးက လုပ်ရဲသလား။

ကျောင်းစစ်လော့၏ သေဆုံးခြင်းက မတော်တဆမှုဟု ခေါ်ဆို၍မရချေ။ ဒါက စိန်ခေါ်မှုကို တိတ်တဆိတ် ကြေညာလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်ကသူ့ကို ရည်ရွယ်ပြီး စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။

အခန်း(၅၈၀)

“တပ်ဖွဲ့တိုင်း တိုက်ခိုက်ဖို့ပြင်ဆင်ကြ”

တောင်ပေါ်တွင် ကျောက်တုံးဖြူတပ်ရင်းနှင့် တိဗက်မြင်းတပ်များက ထွက်ပြေးနေကြရသည်။ ထိုအခိုက် လုံချင်ပါ့ကဲ့သို့ ကြောက်မက်ဖွယ် ဗိုလ်ချုပ်တစ်ယောက်ကပင် ဘာမှလုပ်နိုင်မည်မဟုတ်ချေ။ စစ်သည်တော်များ အားလုံးက မြက်ပင်များလို ရိတ်သိမ်းခံနေရကြောင်း မြင်သောအခါ ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုံးတွင် အမိန့်ထုတ်လိုက်သည်။

“ခဏနေအုံး”

သာ့လွန်ရော့ကျန်းက ရုတ်တရက် အသိပြန်ဝင်လာပြီး ဟော်ရှု့ဟွေ့ခမ်းကို တားသည်။

“တပ်ဖွဲ့တွေ စေလွှတ်ဖို့မလိုဘူး။ ဒါကဘာအဓိပ္ပာယ်မှ ရှိလာမှာမဟုတ်ဘူး။ ငါတို့တွေ သိပ်မကြာခင်က အနောက် တူရကီလူမျိုးတွေဆီက ကောင်းကင်ဘုံ ဝံပုလွေ လေးတစ်သုတ် ရထားတယ်မဟုတ်လား”

“မဟာအမတ် ဆိုလိုတာက”

အတွေးတစ်ချက်နှင့်အတူ ဟော်ရှု့ဟွေ့ခမ်းက ချက်ချင်းနားလည်သွားသည်။

“အခုက အဲ့ဒီလေးတွေကို သုံးရမဲ့အချိန်ပဲ။ သူတို့ကို ထုတ်လာဖို့ပြောလိုက်”

သာ့လွန်ရော့ကျန်းကပြောသည်။

ဒီတစ်ကြ်ိမ်တွင် ဟော်ရှု့ဟွေ့ခမ်းက မငြင်းတော့ချေ။ သာ့လွန်ရော့ကျန်းက ပြည်တွင်းအမတ် တစ်ယောက်မျှသာ ဖြစ်သော်လည်း ဒီလိုစစ်တပ်ရေးရာ ကိစ္စများထဲ ဝင်ရှုပ်လာခြင်းက ခြေလှမ်းလွန်သည်ဟု ဆို၍ရသည့်တိုင်အောင် ဟော်ရှု့ဟွေ့ခမ်းကလည်း သူကသာမာန် ပြည်တွင်းအမတ်တစ်ယောက် သပ်သပ်မဟုတ်ကြောင်း သိထားသည်။

မည်သို့ပင်ဆိုစေ သူ့ထံမှ ဗဟိုပြင်ကျယ်၏ စစ်ကျမ်းစာများကို သူကပထမဆုံး ရခဲ့သူဖြစ်သည်။ သာ့လွန်ရော့ကျန်း၏ နည်းလမ်းက အခြားသော အခြေအနေမျိုးတွင် မသင့်လျော်လောက်သော်လည်း ဒီတစ်ကြိမ်တွင်မူ သင့်လျော်သည်။ သို့သော်ဒါက ရက်စက်လွန်းသည်။

“မင်းတို့မကြားဘူးလား ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ထွက်ခွာဖို့ပြင်တော့”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးက တောက်ပသွားပြီး စိတ်ဆုံးဖြတ်ချက် ချလိုက်သည်။

စစ်တပ်ထဲတွင် မြင်းများ၏ ရွေ့လျားမှုကြောင့် ဖုန်မှုန့်များက အလုံးလိုက် ထလာသလို မြင်းခွာသံများက ထွက်ပေါ်လာသည်။ အချိန်တခဏသာ ကြာပြီးနောက် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော တိဗက်မြင်းတပ်က စစ်တပ်ထဲမှ ထွက်ခွာသည်။ အခြားသော မြင်းတပ်သမားများနှင့် မတူသည်မှာ မြင်းစီးသမား တစ်ယောက်ချင်းစီတိုင်းက ကြီးမားသော ကောင်းကင်ဘုံ ဝံပုလွေလေးများကို ကျောပေါ်တွင် လွယ်ထားကြသည်။

ကောင်းကင်ဘုံဝံပုလွေလေး တစ်လက်ချင်းစီတိုင်းက ထိပ်တန်းအဆင့် ဖိုဘယ်ကျန်းနန် သစ်သားဖြင့် လုပ်ထားခြင်းဖြစ်ကာ လေးငါးပေခန့်အထိမြင့်ပြီး သူတို့၏ ခေါင်းကိုပင် ကျော်ထွက်နေသည်။ မီးခိုးရောင်ဝံပုလွေ အမွှေးများက ထိုလေးများကိုအုပ်ရန် သုံးထားခြင်းဖြစ်ပြီး မူလဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း ဖုုံးကွယ်ထားနိုင်သည်။

ကန္တရတွင် နေထိုင်ကြသော အနောက်ပိုင်း တူရကီလူမျိုးများကသာ အနောက်မြောက်ဘက်ပိုင်းမှ မဟာထန်များကို ထိုကဲ့သို့သော လေးမျိုးကို အသုံးပြုရန် ပေးနိုင်သည်။

အနောက်တိုင်းသား တူရကီလူမျိုးများက သတ္ထုများနှင့် လက်နက်များကို ဖန်တီးတည်ဆောက်ရာတွင် မဟာထန်ထက် များစွာနိမ့်ကျလောက်ပြီး သတ္ထုလိုအပ်ချက်အင်အား မြင့်မားလောက်သော်လည်း လေးများ ပြုလုပ်ရာတွင်မူ မဟာထန်များထက် သူတို့က ခေါင်းတစ်လုံးသာသည်။

အနောက်တူရီလူမျိုးများက မဟာထန်၏ ဒူးလေးကြီးများ၏ အင်အားနောက် ဒုတိယမြောက်လိုက်သော လေးများကို ဖန်တီးနိုင်စွမ်းအား ရှိကြသည်။ ထိုဒူးလေးကြီးများနှင့်ယှဉ်သော် ဒီမျှားများက အသုံးပြုရပိုလွယ်သည်။

“အဆင်သင့်ပြင်ကြ”

ထိုအသံနှင့်အတူ ကောင်းကင်ဘုံဝံပုလွေ လေးများက ဆွဲထုတ်ခံရပြီး ကွဲအက်သံက ထွက်ပေါ်လာသည်။ တောအုပ်လို အအုပ်ခံထားရသည့် မျှားခေါင်းထိပ်များက တောင်ပေါ်သို့ချိန်သည်။

“ပစ်”

ခုခံသော အသံကဲ့သို့ မျှားများက လေထုကို ထိုးခွဲသွားသည့်အခါ ပြန်ကန်ထွက်လာသော လေထိုးသံများနှင့်အတူ လေထဲသို့ရောက်ပြီး တောင်ပေါ်သို့ကျသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မာန်ရှဲ့ကျောင်း စစ်သားတစ်ယောက်က ခြေနှစ်လှမ်းသာ လျှောက်ရသေးသော်လည်း ထိုမျှားက သူ၏အသက်ကို အဆုံးသတ်လိုက်သည်။ ထိုမျှားက လည်ပင်းကို ဖောက်ဝင်သွားပြီး သူ၏ညှပ်ရိုးကို ဖြတ်ကျော်ကာ ကိုယ်တွင်းအင်္ဂါများထဲသို့ ကျွံ့ကျသွားသည်။ မာန်ရှဲ့ကျောင်း စစ်သားက မြေပြင်သို့ လဲကျသွားသည်။ ထိုနေရာတွင် သွေးအိုင်ဖြစ်လာသည်။

စွပ် စွပ် စွပ်

မျှားထောင်ကျော်က ကပ်ပါလာပြီး ကောင်းကင်မှ သေစေနိုင်သော လက်နက်မိုးရွာသလိုမျိုး ဖြစ်သွားသည်။ မာန်ရှဲ့ကျောင်း၊ တိဗက်၊ ထန်... ဟော်ရှု့ဟွေ့ခမ်း၏ တိုက်ကွက်က ပြင်းထန်လွန်းသည်။ တောင်ကို အကာအကွယ်ယူကာ ဝိုင်းကာရှိနေချိန်တွင် မာန်ရှဲ့ကျောင်းနှင့် တိဗက်အင်အားစုများက သိပ်သည်းသော မျှားမိုးအောက် ရောက်သွားသည်။

“ရန်သူမိတ်ဆွေဆိုတာ မရှိဘူး။ တိကျသေချာတဲ့ ပစ်မှတ်လည်းမရှိဘူး။ ဒီနယ်မြေထဲကလူက သေလိမ့်မယ်”

“အား”

တောင်ပေါ်ဆင်ခြေလျော တစ်လျှောက် အော်ဟစ်သံများနှင့်အတူ မာန်ရှဲ့ကျောင်း တိဗက်နှင့် ထန်စစ်သည်တော်များ အားလုံးက မျှားမိုးအောက်တွင် အလောင်းပုံဖြစ်သွားသည်။

“ရန်သူက တိုက်ခိုက်နေပြီ သတိထားကြ”

မဟာထန်ဘက်မှ လာခြင်းမဟုတ်ဘဲ သူ့ဘက်မှ လာခြင်းကို သေချာသွားသည့် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များ အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အန်းနန်အစိုးရစစ်တပ်ကို ရည်ရွယ်လျှင် သူတို့က လက်ခံနိုင်သည်။ သို့သော် သူတို့ကို ပြန်၍တ်ိုက်ခိုက်နေသည်။

“နေအုံး ဒီလောကကြီးက ဘာဖြစ်သွားတာလဲ”

စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က မြေပြင်သို့ လဲကျသေဆုံးနေချိန်တွင် အားလုံးက မျက်လုံးအပြူးသား ဖြစ်နေသည်။

“ဒါကကောင်းကင်ဘုံ ဝံပုလွေလေးတွေပဲ။ ကောင်းကင်ဘုံ ဝံပုလွေ လေးတွေပဲ။ အနောက်တူရကီဆီကရတယ်”

“သတိထားကြ”

“မြန်မြန်ရှောင်ကြ”

ဆင်ခြေလျောပေါ်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်းက မျှားများထဲမှ စတင်ကာ ထွက်နေကြပြီဖြစ်သည်။ အနောက်ဘက်မှ လိုက်လာသူများကမူ ရပ်တန့်သွားကြသည်။

“အရှင်မင်းကြီး တိဗက်တွေ ဘာလုပ်နေတာလဲ။ သူတို့ရူးသွားကြပြီလား”

“သူတို့က ကိုယ့်လူကိုယ် ပြန်သတ်နေတာ”

“သေစမ်း ဒီအရူးတွေကတော့”

သူတို့ဘက်က ပစ်လိုက်သော မျှားများ၏အောက်တွင် ကျောက်တုံးဖြူတပ်ရင်း စစ်သည်တော်များ သေဆုံးနေခြင်းကို မြင်နေရသည့် မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်များ၏ မျက်လုံးက ဒေါသကြောင့် နီရဲသွားသည်။ ကျောက်တုံးဖြူတပ်ရင်းက ဒီတိုက်ခိုက်မှုတွင် အစဦးဆုံး အင်အားစုဖြစ်ပြီး တိဗက်များက တောင်ပေါ်တွင် အများဆုံးမှ စစ်သည်တော် တစ်သောင်းဝန်းကျင်ခန့်သာ ရှိနိုင်သည်။

ထို့ကြောင့် ဒီတိုက်ကွက်တွင် သေဆုံးရသော လူအများစုက မာန်ရှဲ့ကျောင်း စစ်သားများဖြစ်သည်။ ပို၍ဆိုးသည်မှာ တိဗက်လူမျိုးများက လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားကြပြီး အန်းနန်အစိုးရ စစ်သည်တော်များ ဝတ်ဆင်ထားသော သံချပ်ကာထက်ပင် ပို၍ခုခံစွမ်းအား မြင့်မားလေရာ မာန်ရှဲ့ကျောင်း အတွက်ဆိုလျှင် ထည့်ပြောရန်ပင် မလိုတော့ချေ။ သူတို့၏ သံချပ်ကာများကမူ တိဗက်လူမျိုးများလောက် မာကြောခြင်းမရှိချေ။

“အရှင်မင်းကြီး ကျွန်တော်ကို တိဗက်တွေနဲ့ စကားပြောဖို့ လူနည်းနည်း ခေါ်သွားခွင့်ပြုပါ”

“တကယ်လို့ ကျွန်တော်က ဦးဆောင်ပြီး ကျွန်တော်ရဲ့ ညီအစ်ကိုတွေကို သွားကယ်ရင် ဘယ်လိုလဲ။ ဒီလိုဆိုရင် အဆင်ပြေလောက်မှာပါ”

မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်များက ဒီမြင်ကွင်းကြောင့် အလွန်အမင်း စိတ်ဓာတ်ကျနေသည်။

“မလိုဘူး”

ခဲ့လော့ဖုန်းက အင်္ကျီလက်ကိုခါပြီး အေးစက်မာကြောနေသည်။

“ကျောက်တုံးဖြူတပ်ရင်းရဲ့ အခြေအနေနဲ့ဆိုရင် ငါတို့တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ တိဗက်တွေသုံးတဲ့ နည်းလမ်းက အကောင်းဆုံးပဲ။ ဒီနည်းလမ်းက ဆုံးရှုံးမှုအနည်းဆုံးပဲ။ ဒါပေမဲ့ ကျောက်တုံးဖြူတပ်ရင်းကတော့ အသုတ်သင်ခံရလိမ့်မယ်”

“အား”

ဗိုလ်ချုပ်များက ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး သံသယဝင်သွားကြသည်။

“အရှင်မင်းကြီးပြောတာမှန်တယ်။ အခု ဒါကအကောင်းဆုံးနည်းလမ်းပဲ”

အနောက်မှ အေးစက်သော အသံက ထွက်လာသည်။ ထိုအသံက ဗိုလ်ချုပ်တိုင်းကို ပါးစပ်ပိတ်သွားစေသည်။ မဟာဗိုလ်ချုပ် ခဲ့လော့ဖုန်းကိုယ်တိုင်ကပင် လက်ခံလျှင် ထိုသို့ဖြစ်နေရပေမည်။

“ခဲ့လော့ဖုန်းက ပြိုင်ဘက်ကင်းတဲ့ လက်တွဲဖော်ပဲ”

အခြားတစ်ဖက်မှ သာ့လွန်ရော့ကျန်းကလည်း ကောင်းနေပြီး မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်များကို ပြုံးကြည့်လိုက်သည်။

ခဲ့လော့ဖုန်းက ရည်မှန်းချက် ကြီးမားသည်။ ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် ပြဿနာ၏ အရင်းအမြစ်ကို သိနိုင်သည်။ သူ့ကို ကိစ္စအများကြီး စကားဖြင့်ပြောပြီး ရှင်းပြနေရန် မလိုအပ်ချေ။ ထိုသို့သော မဟာမိတ် အတွက်ဆိုလျှင် ခဲ့လော့ဖုန်းက အလွန်သင့်လျော်သည်။

“အဆင်သင့်ပြင်ကြ ခဏနေရင် အစစ်အမှန် တိုက်ပွဲက စလိမ့်မယ်”

သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်းကို ဖြေးညှင်းစွာဖြင့်ပြောသည်။

ဖြောင့်မတ်မှန်ကန်မှုက အကျိုးအမြတ်ကို မရနိုင်သလို ကြင်နာမှုက စစ်သားများကို အမ်ိန့်မပေးနိုင်ချေ။ ဗိုလ်ချုပ်တစ်ယောက်က မာကြောသော နှလုံးသားနှင့် အခြေအနေ အားလုံးကို သုံးသပ်ဖြေရှင်းနိုင်စွမ်းအား ရှိရမည်ဖြစ်သည်။ တောင်ပေါ်ရှိ တိုက်ပွဲက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေသော်လည်း သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့သော လူမျိုးအတွက် ဒါကအစပိုင်းသာ ဖြစ်သေးသည်။ အားလုံးက အစပိုင်းမျှသာ ရှိသေးသည်။ ထိုစကားနှင့်အတူ သာ့လွန်ရော့ကျန်းက ခပ်မြန်မြန် နောက်သို့လှည့်ပြီး ခပ်မြန်မြန် စကားပြောလိုက်သည်။ သူကနောက်သို့ လှည့်လိုက်သည့်အချိန် သူ၏အနောက်တွင် အဝေးတောင်ထိပ်ပေါ်မှလာသော အသံက ထွက်လာသည်။

“အဆင်သင့်ပြင်”

သာ့လွန်ရော့ကျန်းက ခပ်မြန်မြန် လှည့်လိုက်သည့်အချိန်တွင်ပင် အောက်ဘက်သို့ မျှားပေါင်းများစွာက ဆင်းသက်လာကြောင်းကို မြင်လိုက်ရသည်။ ထိုအချိန်တွင် သိပ်သည်းသော မျှားများက တိဗက်စစ်သားများက ပစ်လွှတ်လိုက်ခြင်းမဟုတ်ဘဲ အန်းနန်အစိုးရစစ်တပ်မှ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။

“အား”

တောင်ခြေမှ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သား အမြောက်အများ၏ အော်ဟစ်သံများက ပြည့်နှက်လာသည်။

သာ့လွန်ရော့ကျန်းက တခဏခန့်ကြာသည်အထိ အေးခဲသွားပြီးနောက်မှသာ ခေါင်းမော့ကာ တောင်ပေါ်မှ ပိန်ပါးသော ပုံရိပ်ကိုကြည့်ပြီး အံ့သြသွားရသည်။ သို့သော်သူက ချက်ချင်းပြန်ပြောပြီး အင်္ကျီတစ်ချက်ယမ်းလျှက် စစ်တပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ တိဗက်စစ်သည်တော် ၆၇၈၀ကို သတ်ဖြတ်နိုင်ခဲ့ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ကျောင်းစစ်သား ၄၉၈၆၄ သတ်ဖြတ်နိုင်ခဲ့ပါပြီ”

တောင်ပေါ်ရှိ ဝမ်ချောင်၏ စိတ်ထဲတွင်လည်း အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ သူက တောင်အောက်ရှိ ကစဉ့်ကလျားဖြစ်နေသော မာန်ရှဲ့ယွီစန်းစစ်တပ်ကိုကြည့်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

သူက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည် ငါးသောင်းကျော်ကို သတ်နိုင်ခဲ့သည်။ သူက ကျောင်းစစ်လော့ကို သတ်နိုင်ခဲ့ပြီး မာန်ရှဲ့ကျောင်း၏ ကျောက်တုံးဖြူတပ်ရင်း တစ်ဝက်ခန့်နီးပါး ရှင်းလင်းပစ်နိုင်ခဲ့သည်။ ကျောက်တုံးဖြူတပ်ရင်းက တောင်အောက်သို့ အစပိုင်းကတည်းက ဆင်းသွားခဲ့သော တစ်သုတ်ကြောင့်သာ မဟုတ်လျှင် ဆုံးရှုံးမှုက ထိုထက်ပို၍ ကြီးမားပေလိမ့်မည်။

All Chapters