လင်းရှီယာ့
Vol. 43 Ch. 585
ပြီးနောက် မိန်းမလှလေး၏ လက်ထဲတွင် အဖြူရောင်အလင်းတန်း တောက်ပလာပြီးနောက် ခြံဝန်းထဲရှိ အရံအတားကို ဖယ်ရှားရန် ပြင်လိုက်တော့သည်။ သူမက ထိုလူများကိုသတ်ရန် စတုတ္ထမြောက် ခြံဝန်းသို့ သွားမည့်အချိန်တွင် ယဉ်သခင်မလေးက ခေါင်းခါပြီး ပြောလိုက်လေ၏။
“ထားလိုက်တော့ ဒေါ်လေးဟွမ် သူမှာမကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ”
မိန်းမလှလေးက လက်ကိုမရုပ်ပေ။ သို့သော် သူမစိတ်တွင်းရှိ သတ်ဖြတ်လိုစိတ်များက တဖွားဖွား ပေါ်ပေါက်နေသေးဆဲဖြစ်၏။
“သခင်မလေး သူက သခင်မလေးကို ချောင်းကြည့်ရဲတယ် ဆိုမှတော့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိရှိမရှိရှိ သူသေရမယ်၊ သခင်မလေးရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို တစ်ပါးသူက ပုတ်ခတ်တာ ဘယ်ခံနိုင်ပါ့မလဲ၊ ကျွန်မတို့တွေက အရာအားလုံးကို သည်းခံနေခဲ့မယ်ဆိုရင် ယဉ်မျိုးနွယ်စုကို တစ်ခြားလူတွေ အထင်သေးလိမ့်မယ် ”
“ဒီလိုဆိုလိုတာ မဟုတ်ဘူး ဒေါ်လေးဟွမ် ”
ယဉ်သခင်မလေးက ခေါင်းကိုညင်သာစွာ ခါလိုက်လေ၏။
“သူကမတော်တဆ လုပ်မိသွားတာ ဒါ့အပြင်သူက ကောင်းကင်စိတ်အာရုံကို အသုံးမပြုခဲ့ဘဲ အလွန်ထူးခြားတဲ့ အခြေအနေပဲ မိုးနဲ့မြေ တစ်သားထဲ အခြေအနေ ဖြစ်လောက်တယ်၊ ဒါပေမဲ့ သူက မကျွမ်းကျင်သေးဘဲ အစောပိုင်းအဆင့်ကို ဝင်ရောက်ရုံလေးပဲ ရှိသေးတဲ့ပုံပဲ၊ ကျွန်မရဲ့ ထူးကဲနက္ခတ်ခန္ဓာကြောင့် မိုးနဲ့မြေကို သိလွယ်တဲ့ အနေအထားကြောင့်သာ မဟုတ်ရင် သူ့ရဲ့အပြုအမူကို ရှာတွေ့မှာမဟုတ်ဘူး ”
“မိုးနဲ့မြေ တစ်သားတည်းလား ”
ဒေါ်လေးဟွမ်၏ အသားအရောင်က ပြောင်းလဲသွား၏။ သူကမျက်တောင်ခတ်လျက် သံသယဖြစ်စွာ ပြောလိုက်တော့သည်။
“ကျူးမျိုးနွယ်စုမှာ ဒီလိုပါရမီရှင်တစ်ယောက် တကယ်ရှိတယ်လား၊ သခင်မလေး သူ့ကိုခေါ်လိုက်ရင်ရော ဘယ်လိုလဲ သူ့ကိုသာ ကျွန်မတို့တွေ လေ့ကျင့်ပေးမယ်ဆိုရင် သူက အလွန်တော်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တယ် ”
“မေ့လိုက်တော့ ”
ယဉ်သခင်မလေးက ခြေဗလာဖြင့် သူမအခန်းထဲသို့ လျှောက်သွားပြီးနောက် တံခါးဝ၌ ပြန်ပြောလိုက်လေသည်။
“ကျူးမျိုးနွယ်စုက စစ်ဧကရာဇ် မျိုးနွယ်စုကပဲ သူ့ကိုခေါ်မယ်ဆိုရင် ကျွန်မတို့ မျိုးနွယ်စု နှစ်ခုကြားက ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ် ”
“အမ် ဒါဟုတ်တာပဲ ”
ဒေါ်လေးဟွမ်က သက်ပြင်းချလိုက်လေ၏။ သူမ၏ မျက်လုံးထဲတွင် နှမြောတသဖြစ်သော အရိပ်အယောင်များ ပေါ်လာလျက် စတုတ္ထမြောက် ခြံဝန်းကို ကြည့်လိုက်တော့သည်။
“တည်းခိုဆောင်နားမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သခင်လေးတွေ တော်တော်များများ နေနေတုန်းပဲ၊ မထင်ထားတာက သူတို့ထဲက ငါးယောက်က ကောင်းကင်ဧကရာဇ်နယ်ပယ် ရောက်နေတာပဲ ဒီလောကကြီးမှာ သိုင်းပညာရှင်တွေ တကယ်များသကိုး ”
ကျန်းရီသည် တည်းခိုဆောင်ထဲရှိ အခြေအနေကို စစ်ဆေးရန်အတွက် မိုးနဲ့မြေတစ်သားထဲ အခြေအနေကို အားကိုးခဲ့၏။ သူသည် လေပြေနှယ်သွားကာ များများစားစား မတွေ့ခဲ့ပေ။ အပြင်ဘက်ကို စစ်ဆေးပြီး ပတ်ဝန်းကျင်ရှိ အနေအထားကို အာရုံခံလိုက်၏။ ကံဆိုးသည်မှာ မြို့ကကြီးမားလွန်းနေသည်။ သူကဆယ်မိုင် အကျယ်အဝန်းကိုသာ အာရုံခံနိုင်သောကြောင့် လွှမ်းမိုးနိုင်စွမ်းရှိသည့် မျိုးဆက်အချို့နှင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်အချို့ကို ရှာတွေ့သည်မှအပ ကျန်သည့်အချက်အလက်များ မရခဲ့ပေ။
ကျန်းရီက ရွေးချယ်စရာ မရှိတော့ဘဲ မိုးနှင့်မြေ တစ်သားထဲ အခြေအနေမှ သူ့ကိုယ်သူ ပြန်ရုပ်လိုက်ရ၏။ မျက်လုံးဖွင့်လိုက်ပြီး တစ်နေ့တာ နေ့ဝက်ခန့် ရေရွတ်ပြောဆိုနေတော့သည်။ နောက်ဆုံးတွင် ကျန်းရီက
“ချီလောင် ပြီးရင် ရီတတိယသခင်မလေးနဲ့ အလွန်နီးကပ်တဲ့လူ ဘယ်သူလဲဆိုတာ သွားရှာ ပြီးတော့ သူနေတဲ့နေရာကို ဆက်ရှာကြည့် အဲ့လိုလုပ်နေတုန်း ထူလုံ၊ ဝူနီနဲ့ ဖေးထျန်းတို့ရဲ့ သတင်းကိုလည်း သိုသိုသိပ်သိပ် စုံစမ်းခဲ့အုံး ”
ချီလောင်သည် တစ်နေကုန် မအိပ်ရသေးသော်ငြား သန်မာမှုအပြည့် ရှိနေသေး၏။ ကျန်းရီအစောပိုင်းက ဘာလုပ်နေမှန်း သူမသိသော်ငြား သူကမမေးမြန်းခဲ့ပေ။ မတ်တပ်ထရပ်ပြီးနောက် ထွက်သွားစဉ် ကျန်းရီက အခန်းထဲတွင် တံခါးပိတ်နေလေ၏။ အချိန်တို့က တတိတိ ကုန်ဆုံးသွားသည်။
ယခုအခေါက်တွင် ချီလောင်က နေ့ဝက်ကုန်ဆုံးပြီးမှ ပြန်လာတော့သည်။ ကျန်းရီက သူ့အခန်းထဲတွင် စိုးရိမ်ပူပန်စွာထိုင်လျက် အနားမရဖြစ်နေတော့သည်။ ရံဖန်ရံခါ၌ တည်းခိုဆောင် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်သည်။ သူက ယဉ်သခင်မလေး၏ ခြံဝန်းကို ထပ်မံမစစ်ဆေးရဲတော့ချေ။ ကောင်းကင်သိမြင် နားလည်ခြင်းသည် မိုးနှင့်မြေ တစ်သားထဲကဲ့သို့ မဟုတ်ပေ။ ယင်းက ကောင်းကင်စိတ်အာရုံကို အဆင့်မြင့်ထားသည့် ပုံစံသာဖြစ်ပြီး သိုင်းပညာရှင်များ အလွယ်တကူ အာရုံခံနိုင်ပေ၏။
မထင်ထားဘဲ ချီလောင်က တစ်နေ့လုံး ထွက်သွားပြီး နေဝင်ချိန်မှ ပြန်ရောက်လာသည်။ ကျန်းရီရင်ထဲရှိ စိုးရိမ်ပူပန်မှုတို့က နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီးနောက် ချီလောင်ကို အခန်းထဲ ကမန်းကတန်း ဆွဲသွင်းကာ မေးမြန်းလိုက်တော့သည်။
“ချီလောင် မင်းဘယ်တွေကို ရောက်နေတာလဲ ”
ချီလောင်က ခါးသက်စွာပြုံးလျက် သူသတင်းစကား ပါးလိုက်တော့သည်။
“သခင်လေး ကျွန်တော်မျိုး အပြင်ဘက်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားစစ်ဆေးခဲ့တာ ပြီးတော့ အကျိုးရှိတဲ့ သတင်းအချို့လည်း ရလာခဲ့တယ် ”
ကျန်းရီ၏ မျက်ဝန်းတို့က တောက်ပသွားကာ လေးတွဲ့စွာ ပြန်ပြောလိုက်၏။
“ပြော ”
ချီလောင်က အသံပို့ပေးလိုက်သည်။
“အရင်ဆုံး ရီတတိယသခင်မလေးက မြို့အပြင်မှာ ရှိလောက်တယ်၊ တစ်စုံတစ်ယောက်က သူ့ကို ဆန်းကြယ်နတ်ဘုရား နန်းတော်မှာ တွေ့ခဲ့တာ၊ သူက မျက်နှာဖုံး ဝတ်ထားတယ်ဆိုပေမဲ့ သူ့ခရမ်းရောင်ဆံနွယ်က သိပ်ကိုမျက်စိ ဖမ်းစားနိုင်လွန်းတယ်၊ ဒါ့အပြင် သူ့ကိုလေးစားရိုသေကြတဲ့ အင်အားကြီး မျိုးနွယ်စုရဲ့ သားဆက်တွေလည်း ရှိသေးတာလေ၊ ဒါကသူမရဲ့ အထောက်အထားကို အတည်ပြုနိုင်တယ်၊ ကံဆိုးတာက ဆန်းကြယ်နတ်ဘုရား နန်းတော်မှာ ဖျတ်ခနဲပေါ်လာပြီး ပျောက်သွားတာပဲ သူဘယ်မှာ ပုန်းနေလဲဆိုတာကတော့ အဲဒီဂုဏ်သရေရှိ မျိုးနွယ်စုရဲ့ မျိုးဆက်တွေလောက်ပဲ သိမှာစိုးရတယ် ”
“ဒုတိယကတော့ ရီတတိယသခင်မလေးက ဟွမ်ဧကရာဇ်ရဲ့မြေး လင်းရှီယာ့နဲ့ အလွန်ရင်းနှီးတယ်လို့ ကောလာဟလ ကြားမိတယ်၊ သူမြို့ထဲမှာ နားမယ်ဆိုရင် ယာ့သခင်မလေးနဲ့ သွားနေမှာသေချာတယ် ”
“တတိယအချက်ကတော့ ထူလုံ၊ ဝူနီ၊ ရှီးဖေး၊ လင်းချီကျန့်နဲ့ ကျန်တဲ့လူတွေက ဆန်းကြယ်နတ်ဘုရား နန်းတော်ကို အာရုံတက် အချိန်ကပဲ သွားကြပြီ၊ သူတို့က ဆန်းကြယ်နတ်ဘုရား နန်းတော်နဲ့ ဆယ်မိုင်အကွာဆီ လူတိုင်းကို ရွေ့ခိုင်းနေတယ်၊ သူတို့က နန်းတော်ပွင့်လာတာနဲ့ ဝင်ဖို့ပြင်နေကြတာ သိသာတယ် ”
“စတုတ္ထအချက်ကတော့ ဖေးထျန်းက ရှားထူမြို့မှာမရှိဘူး ဖေးမျိုးနွယ်စုရဲ့ မျိုးဆက်တွေနားမှာ ဖေးချီကိုပဲ ရှာတွေ့ခဲ့တယ် ဖေးထျန်းက တော်ဝင်မြို့တော်ကို ပြန်သွားတဲ့ပုံပဲ ”
“ဟုတ်ပြီ ”
ချီလောင်၏ သတင်းစကားကို ကြားပြီးနောက် ကျန်းရီ၏ စိုးရိမ်ပူပန်မှု တစ်ဝက်ကျော်က ပပျောက်သွားသည်။ ဖေးထျန်းအနားမှာ မရှိဘဲ ထူလုံနှင့် ဝူနီတို့က ရတနာကို လုယူရန် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသည်။ ထို့ကြောင့် သူတို့သတ်တာ ခံရနိုင်ချေက သိသိသာသာ လျော့သွားပြီဖြစ်သည်။
သို့သော် ရီတတိယသခင်မလေးက ပေါ်လာပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွား၏။ ယင်းက ကျန်းရီအတွက် နာကျင်မှုဖြစ်သည်။ သူကဆန်းကြယ် နတ်ဘုရား နန်းတော်ဆီသို့သွားပြီး ရီသခင်မလေး ထွက်လာပြီး တွေ့နိုင်မလားဟူ၍ အော်၍လည်းမဖြစ်နိုင်ပေ။
“သူ့ကိုရှာဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ် ”
မနက်ဖြန်က ဆန်းကြယ်နတ်ဘုရားနန်းတော် ဖွင့်မည့်နေ့ဖြစ်သည်။ ရီတတိယသခင်မလေးက ပုန်းနေရာမှ ထွက်လာပြီး ဆန်းကြယ်နတ်ဘုရားနန်းတော် ပွင့်သည့်အချိန်၌ အထဲသို့ဝင်သွားပါက သူလိုက်ဝင်သွားရမည်လော။ ထူလုံနှင့် ဝူနီနှစ်ယောက်ကပင် ပြဿနာများနေပြီဖြစ်ရာ ထပ်တိုးသိုင်းပညာရှင် များစွာလည်း ရှိသေးသည်။
သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်တော့၏။
“ချီလောင် လင်းချီကျန့်က မြို့ရဲ့မြောက်ဘက်ကို သွားတယ်လို့ ပြောထားတာမလား သခင်မလေး လင်းရှီယာ့ကရော သူရော ရှန်းထျန်းနွီရှန်း တည်းခိုဆောင်မှာ ရှိသေးလား ”
“ရှိတယ် ”
ချီလောင်က ပြန်ဖြေလိုက်၏။
“ဟုတ်ပြီ ”
ကျန်းရီက စွန့်စားရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ပြောလိုက်၏။
“ပြီးရင် မင်းရယ်ငါရယ် မင်းသားဆွေ့တို့က ရှန်းထျန်းနွီရှန်း တည်းခိုဆောင်ဆီ သွားကြမယ် ဖိတ်ကြားလွှာပါ ယူလာပြီး သခင်မလေး လင်းရှီယာ့နဲ့ တွေ့ဖို့လုပ် ”
လင်းရှီယာ့က ရီတတိယသခင်မလေးနှင့် မိတ်ဆွေကောင်းဖြစ်ပြီး ဧကရာဇ်ကိုးပါးထဲမှ တစ်ပါး၏ မြေမလည်းဖြစ်သည်။ သူမက ရီတတိယသခင်မလေး ရှိသည့်နေရာကို သိနိုင်လောက်သည်ဟု ကျန်းရီတွေးမိသည်။
ရီတတိယသခင်မလေး ရှိသည့်နေရာကို သူမမသိခဲ့လျှင် ကျန်းရီအကြံ ကုန်ပြီဖြစ်သည်။
“ဒါက ”
ချီလောင်က မျက်တောင်ခတ်လျက် တွေဝေစွာ ပြန်ပြောလိုက်သည်။
“ယာ့သခင်မလေးက ကျွန်တော်တို့ကို မတွေ့ချင်မှာ စိုးရိမ်မိတယ် ”
ကျန်းရီက လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်တော့သည်။
“မင်းဒါကို စိုးရိမ်နေဖို့ မလိုဘူး အချိန်ကျလာတဲ့အချိန် သူငါတို့ကို တွေ့ချင်မယ်ဆိုတာ ငါသိတယ် ”
ညအချိန်ရောက်လာသောအခါ ကျန်းရီ၊ ကျူးဆွေ့နှင့် ချီလောင်တို့က ထွက်ခွာကြတော့သည်။ သုံးယောက်သားက တည်းခိုဆောင်လေးထဲမှထွက်ပြီး ရထားလုံးပျံကိုစီးကာ ရှန်းထျန်းနွီရှန်း တည်းခိုဆောင်ဆီသို့ သွားလိုက်၏။ ရှန်းထျန်းနွီရှန်း တည်းခိုဆောင်က မြို့လယ်ခေါင်တွင် တည်ရှိသည်။ ထို့ကြောင့် သိပ်မဝေးပေ။
တစ်နာရီခန့် ကြာပြီးနောက် သုံးယောက်သားသည် ရှန်းထျန်းနွီရှန်း တည်းခိုဆောင်အပြင်ဘက်သို့ ရောက်လာ၏။ ကျူးဆွေ့နှင့် ကျန်းရီတို့က မြင်းလှည်းထဲမှမထွက်ဘဲ ချီလောင်က ကျူးဆွေ့၏ အမိန့်ပြားနှင့် ကျန်းရီ၏ အမှတ်အသားကိုယူကာ သခင်မလေး လင်းရှီယာ့နှင့် တွေ့ခွင့်သွားတောင်းတော့သည်။
ရှန်းထျန်းနွီရှန်း တည်းခိုဆောင်က အလွန်ကြီးမားသည်။ အနောက်ခြံဝန်းက ရှန်းထျန်းနွီရှန်း တည်းခိုဆောင်ဒေသ၏ သုံးပုံနှစ်ပုံကို နေရာယူထားလေ၏။ အနောက်ဘက်ခြံဝန်းကို ကျက်သရေရှိသော ခြံဝန်းငယ်လေးများစွာအဖြစ် အသီးသီး ခွဲထားသည်မှာ အထဲတွင် သခင်လေးများ သခင်မလေးများ နေထိုင်ရန်အတွက် နေရာဖြစ်ပေ၏။
ချီလောင်သည် ကျူးမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် အတော်လေး သိသာထင်ရှားသည့် အဆင့်အတန်း တစ်ခုရှိသည်။ ထို့ကြောင့် ရှန်းထျန်းနွီရှန်း တည်းခိုဆောင်ဆီသို့ အလွယ်တကူ ဝင်သွားနိုင်ပြီး လင်းသခင်မလေး နေထိုင်သည့် ခြံဝန်းကို ရှာနိုင်ခဲ့၏။ သို့သော် ခြံဝန်းအပြင်သို့ ရောက်သည်နှင့် ခြံဝန်းအပြင်က ထွက်သွားပြီး သူကသခင်လေးဖေးချီ၏ အစောင့်များ ဟန့်တားတာ ခံလိုက်ရသည်။
ထိုအစောင့်နှစ်ဦးသည် နတ်မြင်းပျံ အင်ပါယာမှ ဖြစ်သော်ငြား ချီလောင်ကသူတို့ကို လျစ်လျူမရှု့ဘဲ လက်သီးဆုပ်လျက် ပြောလိုက်တော့သည်။
“ကျူပ်က ချီချင်းပါ ကျူပ်မျိုးနွယ်စုရဲ့ သခင်လေးကျူးဆွေ့က သခင်မလေးလင်းနဲ့ တွေ့ဆုံခွင့် တောင်းချင်လို့ပါ၊ သတင်းစကား ပါးပေးနိုင်မလား ”
“ခဏနေအုံး ”
ချီလောင်သည် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင်ရှိပြီး အစောင့်နှစ်ဦးက စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ်တွင်သာ ရှိသည်။ သို့သော် သူတို့နှစ်ဦးက ယင်းကိုအာရုံမစိုက်ပေ။ အကြောင်းမှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းသခင်မလေးနှင့် တွေ့ဆုံခွင့်ရရန် ရောက်လာသည့်သူက များပြားလွန်းသောကြောင့်ဖြစ်သည်။ အစောင့်များထဲမှ တစ်ဦးက ဖိတ်ကြားလွှာကိုယူလျက် ခြံဝန်းထဲသို့ ဝင်သွားလေသည်။ မြန်မြန်ဆန်ဆန်ပင် သူကပြန်လာပြီး ပြန်ပြောလိုက်လေ၏။
“လင်းသခင်မလေးက မရဘူးတဲ့ ”
ချီလောင်၏ နှုတ်ခမ်းထောင့်၌ ခါးသက်သည့် အရိပ်အယောင် ပေါ်လာတော့သည်။ ရလဒ်ကို သူထင်ထားပြီးသားဖြစ်သည်။ ကျူးမျိုးနွယ်စုမှ အကျော်ကြားဆုံး တတိယမင်းသား လာခဲ့လျှင်တောင် လင်းသခင်မလေးက သူ့ကိုစုံတွေ့ရန် မလိုရာ ကျူးဆွေ့ဆိုလျှင် ပိုဆိုးနေမှာပဲဖြစ်သည်။ သူတို့နှစ်ယောက်ကြားရှိ အဆင့်အတန်း ကွာဟချက်က ကြီးမားလွန်း၏။
ချီလောင်က လက်သီးထပ်ဆုပ်လျက် အကြောင်းပြန်လိုက်သည်။
“လင်းသခင်မလေးကို ထပ်သတင်းပို့ပေးဖို့ ဒုက္ခပေးရတော့မှာပဲ၊ ကျူပ်မျိုးနွယ်စုရဲ့ သခင်လေးနဲ့ ရီတတိယသခင်မလေးက တစ်နည်းနည်းနဲ့ သိကျွမ်းကြတယ်၊ သူ့ဆီကို တွေ့ခွင့်တောင်းတာက ရီတတိယသခင်မလေးနဲ့ သက်ဆိုင်နေပါတယ် ”
“အမ် ”
အစောင့်က မျက်ခုံးပင့်မိသွားကာ ချီလောင်ကို သံသယဖြစ်စွာ ကြည့်လိုက်တော့သည်။ ချီလောင်နောက်နေတာမဟုတ်မှန်း မြင်သည့်အချိန် သူကခဏတာ ရပ်တန့်ပြီးနောက် သတင်းပို့ရန်အတွက် ခြံဝန်းထဲသို့ ဝင်သွားလေ၏။
ခဏအကြာတွင် အစောင့်က ပြန်ရောက်လာပြီး အေးတိအေးစက် ပြုံးလိုက်တော့သည်။
“လင်းသခင်မလေးက မင်းတို့မျိုးနွယ်စုရဲ့ သခင်လေးကို ဝင်ခွင့်ပေးလိုက်တယ် ဒါပေမဲ့ သူနဲ့တွေ့ဆုံချင်ရုံ သက်သက်နဲ့ တတိယသခင်မလေးရဲ့ နာမည်ကို သုံးဝံ့တယ်ဆိုရင်တော့ နောက်ဆက်တွဲကို ခံစားဖို့ အသင့်ပြင်ထား ”
***