အကြီးမားဆုံးစိန်ခေါ်မှု
Vol. 28 Ch. 271
"ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူ ဖြစ်တော့ရော ဘာဖြစ်လဲ..."
ရှန်းချန်ကော၏ တည်ငြိမ်သော အသံထဲတွင် မောက်မာမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြည့်နှက်နေပေသည်။
သူသည် ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူဟု ဆိုသော ဂုဏ်ပုဒ်ကိုပင် အရေးမလုပ်ဘဲ အထင်သေးနေပုံရ၏။
ကောင်းကင်မျိုးနွယ်စု သည် မြင့်မြတ်မင်းဆက်တွင် သူတော်စင်မျိုးနွယ်စု၏ အောက်၌ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်ပေသည်။ သူတို့သည် ဘုန်းအရှိန်အဝါ ကြီးမားကြပြီး သတ်ဖြတ်ခွင့် အာဏာကို ချုပ်ကိုင်ထားသည့် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည်။
ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူ ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ မြင့်မြတ်မင်းဆက်၏ ထိုမျိုးဆက်တွင် အစွမ်းထက်ဆုံးနှင့် အထူးခြားဆုံး ဖြစ်တည်မှုများ ဖြစ်ကြသည်။
သူတို့ထဲမှ မည်သူမဆို အနာဂတ်တွင် ဤကမ္ဘာ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်လာကြမည့်သူများ ဖြစ်သည်။ သူတို့သည် မွေးဖွားလာကတည်းက အလင်းရောင်များ ဝန်းရံထားပြီး ဒဏ္ဍာရီများ၏ ပြယုတ်များ ဖြစ်ကြပေသည်။
သို့သော် ယခုအချိန်တွင် ရှန်းချန်ကောက သူတို့ကို သံသယပွားရုံသာမက အထင်ပါ သေးနေခြင်း ဖြစ်သည်။
ကုကောင်းကင်မျိုးနွယ်စု ၏ သခင်လေး (၅) ဦးအနက် ကုလင်းဖန် သည် ရှန်းချန်ကော၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးပြီ ဖြစ်သည်။ အခြားတစ်ဦးဖြစ်သော ကုနန်ဖုန်းမှာလည်း ရှန်းချန်ကော၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ဘဲ ချေမှုန်းခံလိုက်ရသည်။
ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူ ဆိုသည်မှာ တကယ်ပင်သာမန်လူများဖြစ်နေပုံရသည်။
"ဝေါ့..."
ထိုစကားကို ကြားသောအခါ ကုနန်ဖုန်း၏ ဖြူဖျော့နေသော မျက်နှာသည် ပို၍ ကြောက်စရာကောင်းလာပြီး သူ၏ မျက်ဝန်းများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။ သူ အလွန် မကျေမနပ် ဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။
သူ၏ နှုတ်ခမ်းများ တုန်ရီလျက် ပြောလိုက်၏။
"ကောင်းကင်မျိုးနွယ်စုရဲ့ စွမ်းအားက မင်းလို စွန့်ပစ်နယ်မြေက လာတဲ့လူ စိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူး... တစ်နေ့ကျရင် မင်းကို အနိုင်ယူမယ့်သူ ပေါ်လာလိမ့်မယ်"
သူ ဆိုးရွားစွာ ရှုံးနိမ့်နေသည့်တိုင် ကုနန်ဖုန်း၏ စကားများတွင် ကောင်းကင်မျိုးနွယ်စု၏ မာန်မာနများ ပါဝင်နေဆဲ ဖြစ်သည်။ သူတော်စင်မျိုးနွယ်စုမှလွဲ၍ ကောင်းကင်မျိုးနွယ်စုသည် အနိုင်မရနိုင်သော ဖြစ်တည်မှုဟု သူ အခိုင်အမာ ယုံကြည်ထားဆဲ ဖြစ်သည်။
"မင်းက မင်းညီ ကုလင်းဖန်ထက်တော့ ပိုပြီး သတ္တိရှိသားပဲ။ အဲ့ဒါကြောင့် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးလိုက်မယ်"
ရှန်းချန်ကောက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည် ကုနန်ဖုန်း၏ ရင်ဘတ်ပေါ်တွင် နင်းထားသော ညာဘက်ခြေထောက်ကို ဖယ်လိုက်ပြီး တခြားဘက်သို့ လှည့်ကြည့်လိုက်လေသည်။
လျစ်လျူရှုခံလိုက်ရသော အကြည့်ကြောင့် ကုနန်ဖုန်း အလွန် နာကျင်ရသော်လည်း သူ ဘာမှမတတ်နိုင်ဘဲ ရုန်းကန်နေရရုံသာ ရှိသည်။
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ဘွဲ့နှင်းစင်မြင့်ပေါ်တွင် ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူ၏ ဝတ်ရုံလက်စများမှာ လေထဲတွင် လွင့်ပျံနေပြီး အလွန် လွှမ်းမိုးနိုင်သော အရှိန်အဝါ ရှိနေသည်။
သူက ပတ်ပတ်လည်ကို အထင်သေးသလို ကြည့်ကာ ပြောလိုက်၏။
"တခြားဘယ်သူများ လမ်းညွှန်ချက် တောင်းချင်သေးလဲ။ ဒီနေ့ ငါ စိတ်ကြည်နေလို့ မင်းတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်မယ်"
ဝိုး...
ရှန်းချန်ကော၏ စကားအဆုံးတွင် တစ်လောကလုံး ဆူညံသွားလေသည်။ ရှန်းချန်ကော ဤမျှအထိ မောက်မာပြီး ဘဝင်မြင့်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပေ။
အားလုံးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ဟုတ်လား။
ဤသည်မှာ သူတော်စင်အကယ်ဒမီမှ ကျောင်းသားများ သို့မဟုတ် သူတော်စင်မြို့တော်ရှိ မျိုးဆက်သစ် ကျွမ်းကျင်သူ အားလုံးကို စိန်ခေါ်လိုက်ခြင်းပင် မဟုတ်ပါလား။
ရှန်းချန်ကောသည် ရှင်းလင်းစွာ စဉ်းစားထားပြီး ဖြစ်သည်။ သူ မြင့်မြတ်မင်းဆက်သို့ ရောက်ခါစဖြစ်၍ ပြဿနာ မရှာချင်သော်လည်း နေရာတိုင်းတွင် လာရောက်ရန်စခံနေရသည်။
ထိုသို့ဖြစ်နေမှတော့ သူ လာသမျှကို တိုက်ခိုက်ချေမှုန်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် သူ မြင့်မြတ်မင်းဆက်သို့ လာရခြင်း၏ မူလရည်ရွယ်ချက်မှာ မင်းဆက်မှ ထုတ်ဖော်ထားသော အမြင့်ဆုံးဓားပညာရပ်များ ကို လေ့လာရန် ဖြစ်သည်။
သို့သော် ထိုပညာရပ်များသည် သာမန်လူများ ထိတွေ့နိုင်သော အရာမဟုတ်ပေ။
ထို့ကြောင့် သူ၏ အစီအစဉ်မှာ သူတော်စင်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေမည့် ပါရမီကို ထုတ်ပြရန် ဖြစ်သည်။
ထိုသို့ပြုလုပ်မှသာ မြင့်မြတ်မင်းဆက်၏ အထက်လူကြီးများက သူ့ကို သတိပြုမိပြီး စည်းရုံးသိမ်းသွင်းလာကြမည် ဖြစ်သည်။
သူ၏ စကားများက လူအများ၏ သွေးကို ပွက်ပွက်ဆူစေသကဲ့သို့ ကောင်းကင်မျိုးနွယ်စု ဆက်ခံသူများကိုလည်း ဒေါသထွက်စေခဲ့သည်။
"မောက်မာလိုက်တာ"
"ကုနန်ဖုန်းကို နိုင်လိုက်တာနဲ့ ကောင်းကင်မျိုးနွယ်စုကို အထင်သေးလို့ ရပြီ ထင်နေတာလား"
ဘွဲ့နှင်းစင်မြင့် ပတ်လည်က လူအုပ်ကြီးက ဒေါသတကြီး အော်ဟစ်နေကြလေသည်။"
ရွှပ်... ရွှပ်... ရွှပ်...
ရုတ်တရက် လေထုကို ထိုးခွဲသံများနှင့်အတူ ပုံရိပ်အချို့သည် ဘွဲ့နှင်းစင်မြင့်ပေါ်သို့ ဆင်းသက်လာကြလေသည်။
"ချူမျိုးနွယ်စုက ချူထျန်းကော ပါ... လမ်းညွှန်ချက် ပေးပါဦး ဧည့်သည်တော်ကြီး"
"ယဲ့ကောင်းကင်မျိုးနွယ်စုက ယဲ့ပုဖန် ပါ... လမ်းညွှန်ချက် ပေးပါဦး"
"ရှောင်မျိုးနွယ်စုက ရှောင်ဝူယာ ပါ... လမ်းညွှန်ချက် ပေးပါဦး"
"ယွင်ကောင်းကင်မျိုးနွယ်စုက ယွင်ဝူရှန်း ပါ... လမ်းညွှန်ချက် ပေးပါဦး"
ဘွဲ့နှင်းစင်မြင့်ပေါ်တွင် အရပ်မျက်နှာ (၄) ခုမှ ပုံရိပ် (၄) ခု ပေါ်လာလေသည်။ သူတို့အားလုံးသည် ခန့်ညားထည်ဝါပြီး စွမ်းအားကြီးမားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
"ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူ ဖြစ်တော့ရော ဘာဖြစ်လဲ" ဆိုသော စကားသည် ဤသူတို့၏ နှလုံးသားကို ဓားနှင့် ထိုးလိုက်သကဲ့သို့ ခံစားရစေသဖြင့် သူတို့ သည်းမခံနိုင်တော့ဘဲ ထွက်လာကြခြင်း ဖြစ်ပေတော့သည်။