သူတော်စင်ဘုရင်နှင့် တွေ့ဆုံခြင်း
Vol. 28 Ch. 275
အချိန်အတော်ကြာပြီးနောက်...
ကုတင်ပေါ်တွင် ရှန်းချန်ကောသည် မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ၏ မျက်လုံးများမှ လေဟာနယ်ကို ဖောက်ထွင်းမြင်နိုင်ပြီး ပုံရိပ်ယောင်များကို ထိုးဖောက်မြင်နိုင်စွမ်းရှိသော အလွန် ထက်ရှသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ဝုန်း... ဝုန်း... ဝုန်း...
မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေပြင် တုန်ခါသွားပြီး လေဟာနယ်သည် မြည်ဟီးသွားလေသည်။
ခန်းမအတွင်းရှိ ဝိညာဉ်စွမ်းအင်များ အားလုံး သူ့ထံသို့ စုဝေးရောက်ရှိလာပြီး ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာချေ၏။
ဝဲဂယက်သည် လေတိုးသံကဲ့သို့ မြည်ဟီးနေလေသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များသည် သူ့ခေါင်းအထက်တွင် စုစည်းသွားပြီး ရွှေရောင် သန့်ရှင်းသော ဓားပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။
၎င်းသည် နေ၊ လ နှင့် ကြယ်များကို ဖြတ်တောက်နိုင်စွမ်းရှိသကဲ့သို့ ထက်ရှသော ဓားအလင်းတန်းများကို ထုတ်လွှတ်နေပေသည်။
"ကွဲလွင့်သွားစေ..."
ရှန်းချန်ကော ပြောလိုက်လေသည်။ ထို့နောက် ကောင်းကင်နှင့် မြေပြင်ကြားရှိ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး ရွှေရောင်ဓားပုံရိပ်ယောင်လည်း ပျောက်ကွယ်သွားချေ၏။
ရှန်းချန်ကော၏ ခန့်ညားသော မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာ ပေါ်လာလေသည်။
ဗာဂျရာဖိနှိပ်ခြင်းနတ်မိစ္ဆာ ဓား ၏ စွမ်းအားသည် သူ့ကို အမှန်တကယ်ပင် အံ့သြသွားစေခဲ့ပေသည်။
ကောင်းကင်မျိုးနွယ်စု၏အမွေခံ နတ်ဘုရားပညာရပ်နှင့် ထိုက်တန်လှပေသည်။
ဗာဂျရာဖိနှိပ်ခြင်းနတ်မိစ္ဆာ ဓားသည် ကုကလန်မှ လက်ဆင့်ကမ်းလာသော နတ်ဘုရားပညာရပ်များထဲမှ တစ်ခု ဖြစ်လေသည်။
ကုနန်ဖုန်း၏ လက်ထဲတွင် ၎င်း၏ စွမ်းအားကို များစွာ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
အကယ်၍ သူသာ အသုံးပြုမည်ဆိုပါက စိန်ဗာဂျရာဖိနှိပ်ခြင်းနတ်မိစ္ဆာ ဓား၏ စွမ်းအားသည် ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် ရှိ ဖြစ်တည်မှုတစ်ခုကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်လေသည်။
ကောင်းကင်မျိုးနွယ်မှ လက်ဆင့်ကမ်းလာသော နတ်ဘုရားပညာရပ်သည် အလွန် စွမ်းအားကြီးမားလှပေသည်။ ၎င်းသည် အင်မော်တယ်တစ်ပါးထံမှ မြစ်ဖျားခံလာပုံရပြီး စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှချေ၏။
၎င်းသည် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး မိမိထက် အဆင့်မြင့်သူများကို ကျော်လွန်တိုက်ခိုက်နိုင်စေရန် လုံလောက်သော စွမ်းအား ရှိပေသည်။
"အစ်ကိုရှန်း..."
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ဖုန်းလင်းတန်၏ အသံ ထွက်ပေါ်လာလေသည်။
"ကျွီ..."
ရှန်းချန်ကောသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတော်တံခါး ပွင့်သွားလေသည်။ နန်းတော်တံခါး အပြင်ဘက်တွင် ရောက်နေသော ဖုန်းလင်းတန်သည် အထဲသို့ ဝင်လာ၏။
သို့သော် ရှန်းချန်ကောကို အံ့သြသွားစေသည်မှာ ပုံမှန်အားဖြင့် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်သော ဖုန်းလင်းတန်၏ ပုံစံကြောင့် ဖြစ်လေသည်။
ယခုအချိန်တွင် သူ၏ မျက်နှာပေါ်၌ ရှားပါးသော အံ့သြဝမ်းသာမှုများ ပေါ်နေလေသည်။ သူသည် အလွန် စိတ်လှုပ်ရှားနေပုံရပြီး သူ၏ စိတ်လှုပ်ရှားမှုသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်အောင် ဖြစ်နေပေသည်။
"အစ်ကိုရှန်း... သတင်းကောင်းပဲ..."
ဖုန်းလင်းတန်သည် ပင်မခန်းမထဲသို့ ဝင်လာပြီး ရှန်းချန်ကော ကုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာ အသံဖြင့် ပြောလိုက်လေသည်။
"ဘာများ ဂုဏ်ပြုစရာ ရှိလို့လဲ..."
ရှန်းချန်ကောသည် အံ့သြသွားပြီး မမေးဘဲ မနေနိုင် ဖြစ်သွားရချေ၏။
သူသည် သူတော်စင် အကယ်ဒမီတွင် အရပ်မျက်နှာ အသီးသီးမှ လူများကို တိုက်ခိုက်ခဲ့ပြီး ကောင်းကင်အမွေဆက်ခံသူ လေးဦးကို အနိုင်ယူခဲ့လေသည်။ သူသည် မြင့်မြတ်သော ကောင်းကင်မျိုးနွယ်များကို အရှက်ရစေခဲ့၏။
ကောင်းကင်ကလန်ကြီး လေးခုက သူ့ကို မနှစ်သက်ကြမည်ကို စိုးရိမ်မိလေသည်။ သူတို့နှင့် ရန်ငြိုးဖွဲ့မိပြီဟု ဆိုနိုင်ပေသည်။
မည်သို့သော သတင်းကောင်း ရှိနိုင်မည်နည်း။
ဖုန်းလင်းတန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေပြီး ရှန်းချန်ကောကို ကြည့်ကာ ပြုံးလိုက်လေသည်။
"သူတော်စင် အကယ်ဒမီမှာ ခင်ဗျားက ကောင်းကင်အမွေဆက်ခံသူ အများအပြားကို ဖိနှိပ်ခဲ့သလို မြင့်မြတ်မင်းဆက်ရဲ့ နံပါတ်သုံး သူရဲကောင်းလို့ လူသိများတဲ့ ချိုးရွှေချန်းထျန်းကိုတောင် ဖိနှိပ်နိုင်ခဲ့တယ်လေ... ခင်ဗျားရဲ့ တိုက်ပွဲရလဒ်တွေက အထင်ကြီးစရာ ကောင်းလွန်းပြီး လူတိုင်းရဲ့ အာရုံစိုက်မှုက ခင်ဗျားဆီ ရောက်နေပြီ... ခင်ဗျားက သူတော်စင်မြို့တော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့တာ..."
"အစ်ကိုရှန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲမှတ်တမ်းက သူတော်စင်ဘုရင် ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပုံပဲ... အခု သူတော်စင်ဘုရင်က ခင်ဗျားကို တွေ့ဖို့ နန်းတော်ထဲ လာခဲ့ဖို့ ကျွမ်းကျင်သူတစ်ယောက်ကို လွှတ်ပြီး ဆင့်ခေါ်လိုက်ပြီ..."
ဖုန်းလင်းတန် စကားပြောနေစဉ်တွင် သူ၏ မျက်လုံးထဲ၌ အားကျမှုများကို ဖုံးကွယ်မထားနိုင်ချေ။
မြင့်မြတ်မင်းဆက်တွင် ကျွမ်းကျင်သူများနှင့် ပါရမီရှင်များစွာ ရှိကြပြီး တစ်ဦးစီတိုင်းက ကိုယ်ပိုင် ဒဏ္ဍာရီများကို ရေးထိုးနေကြလေသည်။
သို့သော် သူတော်စင်ဘုရင်၏ မျက်လုံးထဲသို့ ဝင်နိုင်သူ မည်မျှ ရှိပါသနည်း။
သူသည် ဖုန်းကလန် သခင်လေး အမွေဆက်ခံသူ ဖြစ်သော်လည်း သူတော်စင်ဘုရင်၏ တော်ဝင်ဆင့်ခေါ်ခြင်း ခံရလောက်အောင် ဂုဏ်ယူစရာ အခွင့်အရေးမျိုး မရရှိခဲ့ဖူးချေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရှန်းချန်ကောသည် မည်မျှ မျက်နှာသာပေးခံနေရကြောင်း တွေ့မြင်ရန် မခဲယဉ်းပေ။
ကောင်းကင်အမွေဆက်ခံသူများ အတွက်ပင်လျှင် သူတော်စင်ဘုရင်၏ အာရုံစိုက်မှုကို ရရှိရန် အလွန် ရှားပါးလှပေသည်။
ကောင်းကင်အမွေဆက်ခံသူများထဲမှ အထူးချွန်ဆုံး၊ ပြိုင်ဘက်ကင်း ပါရမီရှင်အဆင့်သို့ ရောက်ရှိနေသော သူများသာလျှင် သန့်ရှင်းသောဘုရင်များ၏ အာရုံစိုက်မှုကို ရရှိနိုင်ကြလေသည်။
ယခုအခါ ရှန်းချန်ကော၏ သူတော်စင် အကယ်ဒမီမှ ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများသည် သူတော်စင်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
သူသည် ကျော်ကြားလာပြီး မရေမတွက်နိုင်သော လူငယ် ကျင့်ကြံသူများ၏ စံပြပုဂ္ဂိုလ် ဖြစ်လာကာ သန်မာသူ အများအပြားကို တုန်လှုပ်စေခဲ့ချေ၏။
ရလဒ်အနေဖြင့် ရှန်းချန်ကောသည် သူတော်စင်ဘုရင်၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး နန်းတော်သို့ ဝင်ရောက်ရန် အမိန့်ပြန်တမ်း ပေးပို့ရန် သန်မာသော ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။
"သူတော်စင်ဘုရင်က ဆင့်ခေါ်လိုက်တယ် ဟုတ်လား..."
ထိုစကားကို ကြားသောအခါ ရှန်းချန်ကော၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။ သူပင်လျှင် အနည်းငယ် အံ့သြသွားရ၏။
သူ၏ ရည်မှန်းချက်ကို ဤမျှ လျင်မြန်စွာ အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ထို့အပြင် တစ်ဖက်လူမှာ မြင့်မြတ်မင်းဆက်၏ သူတော်စင်ဘုရင် ဖြစ်နေသည်။
"ဟုတ်တယ်..."
ဖုန်းလင်းတန် ခေါင်းညိတ်လိုက်ပြီး ရှန်းချန်ကောကို အားကျစွာ ကြည့်လိုက်လေသည်။ သူက ပြုံးပြီး ပြောလိုက်၏။
"အစ်ကိုရှန်း... အခု သူတော်စင်ဘုရင်ရဲ့ အာရုံစိုက်မှုကို ရသွားပြီဆိုတော့ ခင်ဗျားကို မြင့်မြ့တ်မင်းဆက်က သေချာပေါက် ပျိုးထောင်ပေးတော့မှာပဲ... တစ်နေ့ကျရင် ခင်ဗျားက ဖန်ဆင်းခြင်း အကြီးစားနယ်ပယ်ကို ရောက်ရှိပြီး ထင်ရှားတဲ့ အင်အားစုတစ်ခုကို ထိန်းချုပ်နိုင်လာလိမ့်မယ်... ခြေလှမ်းတစ်လှမ်းတည်းနဲ့ ကောင်းကင်ကို တက်လှမ်းပြီး တိမ်တိုက်တွေပေါ် ရောက်သွားပြီလို့ ပြောလို့ရတယ်... ကြီးပွားချမ်းသာလာရင် အချင်းချင်း မမေ့ကြေးနော်..."
ကြီးပွားချမ်းသာလာရင် အချင်းချင်း မမေ့ကြေး...
ဖုန်းလင်းတန်သည် နောက်ပြောင်နေခြင်း ဖြစ်သော်လည်း ၎င်းသည် သူ၏ စစ်မှန်သော အတွေးများ ဖြစ်ပေသည်။
ရှန်းချန်ကောသည် သူတော်စင်ဘုရင်၏ အာရုံစိုက်မှုကို ရရှိခဲ့လေသည်။ အနာဂတ်တွင် သူပိုင်ဆိုင်မည့် အင်အားသည် ကောင်းကင်အမွေဆက်ခံသူများထက် နိမ့်ကျမည် မဟုတ်ချေ။
သူသည် ကောင်းကင်ဘုရင် မဟုတ်လျှင်ပင် တော်ဝင်နန်းတော်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ချိုးရွှေမိသားစု ခေါင်းဆောင်ကဲ့သို့ ဖြစ်လာနိုင်ပေသည်။
"စိတ်မပူပါနဲ့ အစ်ကိုဖုန်း... တကယ်လို့များ ကျွန်တော်ထိပ်ကို ရောက်သွားခဲ့ရင် ကျေးဇူးဆပ်ပါ့မယ်..."
ရှန်းချန်ကောသည် ရယ်မောလိုက်ပြီး ခေါင်းခါလိုက်လေသည်။ ဖုန်းလင်းတန်က ထိုကဲ့သို့ နောက်ပြောင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ဖုန်းလင်းတန် ပြောသကဲ့သို့ပင် သူသည် ဖုန်းကလန်၏ ခင်မင်ရင်းနှီးမှုကို မှတ်မိနေဆဲ ဖြစ်လေသည်။
သူသည် ဖုန်းကလန်၏ ဖိတ်ကြားမှုကြောင့် မြင့်မြတ်မင်းဆက်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့်ပင် သူတော်စင်မြို့တော်သို့ ရဲရဲတင်းတင်း ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့မဟုတ်ပါက ကုကလန်၏ ကောင်းကင်အမွေဆက်ခံသူ ကုလင်းဖန်ကို သတ်ဖြတ်ခဲ့သောကြောင့် မြင့်မြ့တ်မင်းဆက်သို့ လာရောက်ရဲမည် မဟုတ်ချေ။
မြင့်မြတ်မင်းဆက်က အုပ်ချုပ်သော သူတော်စင်မြို့တော်သို့ လာရောက်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
သူသည် ဖုန်းကလန်၏ ကျေးဇူး၊ ဝါယောဘုရင် ၏ ကျေးဇူးကို ရရှိခဲ့လေသည်။
အကယ်၍ ဝါယောဘုရင်သာ သူ့ဘက်မှ ဝင်မပြောပေးခဲ့လျှင်၊ သူ ကုလင်းဖန်ကို သတ်ခဲ့သည်ကို ဖုံးကွယ်မပေးခဲ့လျှင်၊ မြင့်မြတ်မင်းဆက်၏ ဧည့်ဝန်ကြီး ရာထူးကို မရယူပေးခဲ့လျှင် သူသည် ဖုန်းကလန် နန်းတော်မှ ထွက်ခွာရဲမည် မဟုတ်ချေ။
အင်မော်တယ်ယစ်မူး စားသောက်ဆိုင်သို့ သွားရန် မဆိုထားနှင့်၊ သူတော်စင် အကယ်ဒမီတွင် တိုက်ပွဲဖြစ်လာစရာ အကြောင်းပင် ရှိမည် မဟုတ်ပေ။
ထို့အတူ သူ မည်သို့လုပ် သူတော်စက်ဘုရင်၏ အာရုံစိုက်မှုကို ရယူနိုင်မည်နည်း..
သူတော်စင်ဘုရင်ကို တွေးမိလိုက်သည်နှင့် ရှန်းချန်ကော၏ စိတ်နှလုံး နက်ရှိုင်းသော နေရာတွင် ဖော်ပြ၍ မရနိုင်သော ဖိအားတစ်ခု မြင့်တက်လာလေသည်။
သူသည် မြင့်မြတ်မင်းဆက်၏ အမြင့်မြတ်ဆုံး အုပ်စိုးသူဖြစ်သော သူတော်စင်ဘုရင်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။