ရီချန်း
Vol. 43 Ch. 586
“ဒီမှာနေအုံး ”
ရှန်းထျန်းနွီရှန်း တည်းခိုဆောင်၏ ဆဌမမြောက်ခြံဝန်းထဲတွင် ကျန်းရီနှင့် ကျန်သည့်နှစ်ယောက်က အထဲသို့ ဝင်သွားလိုက်လေ၏။ ကျူးဆွေ့က ကျန်းရီနှင့် ချီလောင် နှစ်ယောက်တို့ကို ခေါ်ချင်သော်ငြား အစောင့်များတားတာ ခံလိုက်ရသည်။ သူကတင်းမာစွာ ပြောလာသည်။
“သခင်လေး ကျူးဆွေ့ပဲ ဝင်ခွင့်ရှိတယ်၊ ခင်ဗျားတို့နှစ်ယောက်က အပြင်ဘက်မှာ စောင့်နေရမယ် ”
“ဒါက ”
ချီလောင်၏ အမူအရာက ပြောင်းလဲသွားသည်။ ကျန်းရီမဝင်လျှင် ယခုအခေါက် ခရီးစဉ်က အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ကျူးဆွေ့က ရီတတိယသခင်မလေးကို မသိပေ။ တစ်ချက်ထဲဖြင့် လင်းသခင်မလေး၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
“ဂုဏ်သရေရှိ အစောင့်နှစ်ယောက် ”
ကျန်းရီက ယဉ်ကျေးသည့် အနေအထားဖြင့် လက်နှစ်ဖက်ကိုဆုပ်လျက် ကပ်တိုးလေး ပြောလိုက်တော့သည်။
“ဂုဏ်သရေရှိ အစောင့်နှစ်ဦးကို မကွယ်ဝှက်ထားတော့ပါဘူး၊ ကျူပ်လည်းပဲ ရီတတိယသခင်မလေးနဲ့ ရင်းနှီးမှုတချို့ရှိတယ် ချီလောင်မဝင်လည်း ကိစ္စမရှိဘူး ကျူပ်နဲ့သခင်လေးကိုတော့ ဝင်ခွင့်ပေးပါ လိမ်ပြောရင် လင်းသခင်မလေးက ကျူပ်တို့ကို ခွင့်ပြုမှာ မဟုတ်ဘူးမလား ”
“အမ် ”
အစောင့်နှစ်ဦးက သံသယဖြစ်ကောင်း ဖြစ်နိုင်၏။ သို့သော် လင်းသခင်မလေး၏ လျှို့ဝှက်သက်တော်စောင့် ခွန်အားက သူတို့နှစ်ဦး၏ ခွန်အားနှင့်ယှဉ်လျှင် ယှဉ်နိုင်ကြောင်း တွေးမိသည့်အချိန်တွင် စိတ်အေးသွားတော့သည်။ ကျူးဆွေ့က အဆင်အခြင်မဲ့စွာ ပြုမူရဲလျှင် သူတို့က မြှုပ်စရာမြေ မရှိဘဲ သေမှာသေချာနေပြီး ကျူးမျိုးနွယ်စုလည်း သုတ်သင်ရှင်းလင်း ခံရပေမည်။
ကျူးဆွေ့က ကျန်းရီကို ဦးဆောင်ပြီး အထဲသို့ဝင်သွားလိုက်၏။ အထဲသို့ရောက်သည်နှင့် သူကချက်ချင်းပင် လေသံလျော့လျက် လေးစားသော မျက်နှာထားဖြင့် ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူကလည်ချောင်းရှင်းကာ လက်သီးနှစ်ဖက်ကို ဆုပ်မိုးလျက် အရိုအသေ ပေးလိုက်၏။
“ပန်းရဉ်အင်ပါယာရဲ့ ၁၆ယောက်မြောက် တော်ဝင်မင်းသား ကျူးဆွေ့က လင်းသခင်မလေးနဲ့ တွေ့ဆုံချင်ပါတယ် ”
“ဝင်လာခဲ့ ”
အစောင့်က အသံတစ်သံဖြင့် ပဲ့တင်သံ ထပ်လာလျက် ထိုအသံက ခရမ်းရောင် ဘူးသီးခြောက်ပေါ်၌ ရပ်နေသော မိန်းမလှလေး၏ အသံဖြစ်သည်။ ထိုနေ့က လင်းသခင်မလေး၏ ရယ်သံသည် ကြားရသူ၏နားကို နားဝင်ပီယံဖြစ်စေပြီး သူမ၏လေသံက ယခုအချိန်တွင် ထောင်လွှားအေးစက်မှုတို့ ရှိနေ၏။ ထိုအကြောင်းကို ကျန်းရီတွေးမိသောအခါ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ မဟာမျိုးနွယ်စု၏ သခင်မလေးက လိုအပ်လာလျှင် ကိန်းကြီးကိုင်းကြီး နိုင်ရပေမည်။ မဟုတ်လျှင် သူမက ကျန်သည့်သူများ အထင်သေးတာ ခံရနိုင်သည်။
ကျူးဆွေ့က အဝတ်အစားကို သေသပ်အောင် ပြုပြင်ပြီး ဝင်သွားလိုက်၏။ တော်ဝင်မျိုးနွယ်စုထဲတွင် ကြီးပြင်းလာသူ တစ်ဦးအနေဖြင့် သူ့၌ခမ်းနားမှုတချို့ ရှိသေးသည်။ သူယခုအချိန်တွင် သတိအနေအထား ရှိရပေမည်။ သူ၏သွက်လက်သော အသွင်အပြင်နှင့် ပေါင်းလိုက်ကာ ထူးကဲပြီး ရဲတင်းသော အငွေ့အသက်မျိုး ပေးစွမ်းနေသည်။ သူကသန်မာသည့် သွင်ပြင်မျိုး ဖြစ်နေသော်ငြား ကျန်းရီက ကျူးဆွေ့၏ ဝတ်ရုံထဲရှိ လက်အနည်းငယ် တုန်ယင်နေတာကို သိသိသာသာ မြင်နေသည်။
ပင်မခန်းဆောင်က ဖယောင်းတိုင်များစွာဖြင့် လင်းထိန်နေလေရာ တစ်ခန်းလုံး ထွန်းလင်းတောက်ပနေ၏။ ပန်းရောင်ဝတ်ရုံရှည်ကို ဝတ်လျက် အေးအေးလူလူ ထိုင်နေသော မိန်းမပျိုလေးတစ်ဦး ရှိသည်။ သူမက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း အရသာခံလျက် သူတို့နှစ်ယောက် ဝင်လာသည့်အချိန်တွင် ကြည့်တောင်မကြည့်ချေ။ သူမ၏ ဟန်ပန်အမူအရာက အားတင်းပြီး နေနေရသော ကျူးဆွေ့ထက် အဆပေါင်းများစွာ ပိုမြင့်သည်။ သန်မာသည့် နှလုံးသားရှိသော ကျန်းရီတောင် အထင်မကြီးဘဲ မနေနိုင်တော့ချေ။
“နှုတ်ခွန်းဆက်ပါတယ် လင်းသခင်မလေး ”
ကျူးဆွေ့က အထဲသို့ဝင်သွားပြီး တလေးတစား အရိုအသေ ပေးလိုက်ပြန်၏။ လင်းသခင်မလေးက လှည့်မကြည့်။ သူမသည် မည်သည်ကိုမှမကြား။ မည်သူ့ကိုမှ မမြင်သည့်အလား လှည့်မကြည့်ခဲ့ပေ။ နှုတ်ခမ်းတင်းတင်းစေ့လျက် နောက်တစ်ငုံသောက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။
“ဒါဆိုထိုင်ကြလေ ”
သူသည် အတိတ်တုန်းက ဤလင်းသခင်မလေးကို မြင်ဖူးကောင်း မြင်ဖူးမည်။ သို့သော် ကျန်းရီသည် အံ့သြသည့်ခံစားချက် ရှိနေသေးဆဲဖြစ်၏။ သူမ၏ ဂန္နဝင်ဆန်ဆန် သစ်အယ်စေ့ပုံစံ မျက်နှာ၊ စူးရှသော မျက်ခုံးတို့ ချွန်မြသော နှာခေါင်း၊ နုနယ်ပြီး ညို့ငင်နိုင်စွမ်းရှိသော နှုတ်ခမ်းပါးပါးတို့သည် သူမ၏ မျက်ဝန်းများက အေးစက်နေသော်ငြား ထိုအေးစက်မှုကြောင့် ဖယောင်းတိုင်မှ အလင်းဖြာထွက်နေမှုသည် သူမ၏မျက်ဝန်းများကို နှိုင်းယှဉ်မရအောင် လှပနေစေတော့သည်။
ကျန်းရီ၏ မျက်ဝန်းထဲ၌ ရစ်မူးသည့် အရိပ်အယောင် ပေါ်နေစဉ် ကျူးဆွေ့ကမူ မှင်သက်နေလျက် လင်းရှီယာ့ကို စိုက်ကြည့်နေသည်။ ကျူးဆွေ့က သွားရည်ကျလူနီးပါး ဖြစ်နေစဉ် ကျန်းရီက ချောင်းအသာဟန့်လျက် ဆက်ပြောလိုက်တော့သည်။
“သခင်လေး လင်းသခင်မလေးက ထိုင်ခိုင်းနေပြီလေ ”
“အာ... ကျေးဇူးတင်ပါတယ် သခင်မလေး ”
ကျူးဆွေ့က သတိပြန်ဝင်လာသည့် အချိန်တွင် သူကလက်ကို အရိုအသေ ပေးထားသည့်ပုံဖြင့် အနေခက်နေပြီး မြေခွေးသားမွှေး ခင်းထားသော ကုလားထိုင်ကြီးပေါ်၌ ထိုင်ချလိုက်သည်။ ကျန်းရီက အစေခံတစ်ယောက်၏ အဆင့်အတန်း ရှိသောကြောင့် မထိုင်ရဲချေ။ သူကကျူးဆွေ့ ဘေးနား၌ ခပ်မတ်မတ်သာ ရပ်နေသည်။
“ငါကအေးအေးဆေးဆေး နေရတာ သဘောကျတယ် ဒီတစ်ခေါက် ဘယ်အစေခံမှ ခေါ်မလာခဲ့ဘူး သခင်လေးကျူးအတွက် ဘာလက်ဖက်ရည်မှ မဧည့်ခံတော့ဘူးနော် ”
လင်းရှီယာ့က ကျူးဆွေ့၏ မလေးမစား အပြုအမူကို အမှတ်မထားပေ။ ဒါမှမဟုတ် သူမက အသားကျနေတာ ဖြစ်နိုင်၏။ သူမက သမန်ကာလျှံကာ ပြောလိုက်တော့သည်။
“ကျူးသခင်လေးက ရှီယာ့ကို ဘာကြောင့်များ ရှာနေတာလဲ အစ်မကြီးချန်းနဲ့ ရင်းနှီးမှုတချို့ ရှိတယ်လို့ ကြားထားတယ် ”
“အစ်မကြီးချန်းလား ”
ကျူးဆွေ့က ထိတ်လန့်သွားသော်ငြား မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်သွားသည်။ ရီတတိယသခင်မလေး၌ ချန်းဟူသော အမည်တစ်လုံးသာရှိသည်။ လင်းသခင်မလေးက ရီတတိယသခင်မလေးကို အစ်မကြီးချန်းဟူ၍ အမည်တပ် ခေါ်ဝေါ်ရလောက်သည်အထိ ရင်းနှီးပုံရသည်။
ကျန်းရီညွှန်ကြားသည့်အတိုင်း ကျူးဆွေ့က တည်ကြည်သော လေသံဖြင့် ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ လပေါင်းများစွာတုန်းက ကျွန်တော်ဘာသာ စိတ်လိုက်မာန်ပါနဲ့ အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲကို သွားခဲ့ချိန် နတ်ဆိုးဧကရာဇ်တစ်ပါးလိုက်တာ ခံခဲ့ရတယ်၊ ရီသခင်မလေး ကျွန်တော့်ကို ကယ်ခဲ့တာကြောင့် အသက်ရှင်ရတာပါ၊ ရီသခင်မလေးက အဲဒီတုန်းကလည်း လောနေတာနဲ့ ကျေးဇူးတင်ဖို့ အချိန်တောင် မရလိုက်ဘူး၊ ဒီတစ်ခေါက် ရှားထူမြို့ကို လာရောက်လည်ပတ်တာက ရီသခင်မလေးနဲ့ တွေ့ဆုံခွင့်ရပြီး ကျေးဇူးတရားကို ဖော်ပြပြီး လျှို့ဝှက်ချက်တစ်ခု ပြောပြဖို့ပါ ”
“ကံဆိုးတာက သူ့ကိုအချိန်တချို့ ရှာပြီးတာတောင်မှ ရှာမတွေ့ခဲ့ဘူးလေ ရီသခင်မလေး ရှိတဲ့နေရာအကြောင်း ရှာမတွေ့နိုင်ဘူးလေ လင်းသခင်မလေးနဲ့ ရီသခင်မလေးတို့က မိတ်ဆွေကောင်းတွေလို့ ကြားထားတာကြောင့် အခုရီသခင်မလေး ဘယ်နေရာမှာများ ရှိနေလဲဆိုတာ သိချင်လို့ လင်းသခင်မလေးဆီ လာရတာပါပဲ ပြောပြပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ။ ”
“အော် ”
လင်းသခင်မလေးက ခေါင်းညိတ်ပြီး စိတ်မပါလက်မပါ ပြောလိုက်လေ၏။
“အစ်မကြီးချန်က လွန်ခဲ့တဲ့ လပေါင်းများစွာတုန်းက အရှေ့ပိုင်း ပင်လယ်ကနေ ပြန်ရောက်လာတာပဲ ဒါပေမဲ့ ရှားထူးမြို့မှာ မရှိဘူးလေ သူဘယ်မှာရှိလဲ ကျွန်မတော့ မသိဘူး ကျူးသခင်လေး ဘာကိစ္စမှ မရှိတော့ရင် ရှီယာ့အနားယူပါတော့မယ် ”
“... ”
ကျန်းရီက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။ ဒီလင်းသခင်မလေးက ရီသခင်မလေး ဘယ်မှာရှိမှန်း မသိတာလား။ ဒါမှမဟုတ် သူတို့ကို မပြောပြချင်တာလား။
ယင်းက အပြန်အလှန် ပြောဆိုမှုတောင် မဟုတ်ပေ။ သူမက ဧည့်နှင်နေပြီဖြစ်သည်။ ကျန်းရီနှင့် ကျူးဆွေ့က ဂုဏ်သရေရှိ မျိုးနွယ်၏ သခင်မလေးကို ရန်စမိပြီး အရွဲ့မတိုက်မိ။ သေမှာစိုးရိမ်သောကြောင့် ဆက်မမေးရဲတော့ချေ။
ကျူးဆွေ့ကလည်း အလွန်သိလွယ်သူဖြစ်သည်။ သူကထရပ်လိုက်ပြီးနောက် အရိုအသေ ပေးလိုက်၏။
“ဒါဆိုကျွန်တော် သခင်မလေးလင်း အနားယူတာကို မနှောင့်ယှက်သင့်တော့ပါဘူး သခင်မလေးနဲ့ သိကျွမ်းခွင့်ရတာ ကျူးဆွေ့ရဲ့ ဂုဏ်တက်စရာပါပဲ သွားလိုက်ပါအုံးမယ် ”
ကျန်းရီက လက်နှစ်ဖက်ကိုဆုပ်လျက် အရိုအသေ ပေးပြီးနောက် ခေါင်းတစ်ချက်မော့ကာ လင်းသခင်မလေးကို ဖျတ်ခနဲကြည့်လိုက်လေ၏။ သူမ၏ မျက်ဝန်းတို့က သူ့ကိုတန်းတန်းမတ်မတ် ကြည့်နေတာကို ချက်ချင်းတွေ့လိုက်ရသည်။ အဖြူနှင့်အနက် ရောနေသော မျက်စံတို့က အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်ပမာ ဖြစ်နေ၏။ ကျန်းရီက တောင်းပန်သည့်အနေဖြင့် အမြန်အရိုအသေပေးပြီး ကျူးဆွေ့နောက် လိုက်သွားသည်။ သူကထပ်မကြည့်ရဲတော့ချေ။
“ဟူး ”
ခန်းမထဲမှ ထွက်လာပြီးနောက် ကျန်းရီသည် ကြယ်စုံသောကောင်းကင်ကို ကြည့်ပြီးနောက် သက်ပြင်းထပ်ချလိုက်ကာ ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ သူကရီသခင်မလေးကို မရှာနိုင်။ ရီဝန်က မည်သူမှန်းမသိ။ မည်သည့်နေရာကို သူသွားရတော့မည်နည်း။
“အစ်မကြီးချန်း ဘယ်နေရာမှာရှိလဲဆိုတာ ကျွန်မတကယ် မသိဘူး ဒါပေမဲ့ မနက်ဖြန်ကျ ဆန်းကြယ်နတ်ဘုရားနန်းတော် ဖွင့်မှာပဲ အစ်မကြီး သေချာပေါက် ပေါ်လာလိမ့်မယ် သူ့ကိုရှာချင်တယ်ဆိုရင် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်မှာ သွားစောင့်နေနိုင်တယ် ”
ရုတ်တရက် ကျန်းရီနားထဲသို့ အသံကူးပြောင်းမှုတစ်ခု ပဲ့တင်သံ ထပ်လာတော့သည်။ ယင်းက ဂုဏ်ဝံ့ပြီး အေးစက်တဲ့အသံ ဖြစ်နေသေးရာ ကျန်းရီ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေတော့၏။ လှည့်ပတ်ကြည့်လိုက်ရာ အခန်းထဲသို့ ပြန်သွားပြီဖြစ်သော မိန်းမလှလေးဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူကကျက်သရေရှိသည့် ပုံပန်းသွင်ပြင်ကို ချန်ထားရစ်သည်။
“ကျေးဇူးတင်ပါတယ် လင်းသခင်မလေး ”
သူမကြားနိုင် မကြားနိုင် ကိစ္စမရှိပေ။ ကျန်းရီက တလေးတစား အရိုအသေပေးပြီး ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်လာ၏။ ဤသခင်မလေးက လင်းသခင်မလေးနှင့် သက်တူရွယ်တူ ရှိလောက်သည်။ သူသည်သူမကို ပထမဆုံးမြင်ချိန်၌ သူမကို အပြစ်ကင်းပြီး အတွေ့အကြုံနည်းသော မိန်းမပျိုလေးတစ်ယောက်ဟု ယူဆခဲ့သည်။ သွင်ပြင်အရ ထိုမဟာမျိုးနွယ်များမှ မျိုးဆက်များသည် ဖြေရှင်းရလွယ်ကူပုံမပေါ်ပေ။
သူဘယ်လိုများ မြင်နိုင်တာပါလိမ့်။ ကျန်းရီ၏စိတ်ထဲ၌ မေးခွန်းအမှတ်အသားကြီးတစ်ခု ပေါ်လာတော့သည်။ ထိုသခင်မလေးလင်းက သူ့ကိုထိခိုက်လိုစိတ် မရှိကြောင်း သူအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ မဟုတ်လျှင်သူက သတင်းပါးမှာ မဟုတ်ပေ။
ရှပ် ရှပ် ရှပ်
ကျူးဆွေ့က ခြံဝန်းအပြင်ဘက်သို့ လျှောက်သွားပြီး ကျန်းရီက သိပ်မတွေးရဲတော့ချေ။ နောက်မှ သွက်သွက်လေး လိုက်ပါပြီး ချီလောင်နှင့် တွေ့လိုက်၏။ သုံးယောက်သားက ရှန်းထျန်းနွီရှန်း တည်းခိုဆောင်မှ ထွက်လာပြီးနောက် ရထားလုံးပျံကိုစီးကာ သူတို့တည်းခိုသည့် တည်းခိုဆောင်သို့ သွားလိုက်၏။
“သခင်လေး ဘယ်လိုလဲ ”
ခြံဝန်းထဲသို့ ရောက်သည်နှင့် ချီလောင်က ကျန်းရီ၏ကိစ္စများ ချောချောမွေ့မွေ့ ဖြစ်မဖြစ်ကို အမြန်မေးလိုက်တော့သည်။ ယင်းကသူတို့အသက် လွတ်လပ်ခွင့်တို့နှင့် သက်ဆိုင်နေသည်။ ကျန်းရီက ရီတတိယသခင်မလေးကို သူရှာတွေ့သည်နှင့် သူတို့ကို ချက်ချင်းလွှတ်ပေးပြီး ဝိညာဉ်စည်း တံဆိပ်များ ပြန်ပေးမည်ဟု ဆိုခဲ့သည်။
ကျန်းရီက ပြန်မပြောဘဲ ထိုင်ချလိုက်၏။ သူ့စိတ်ထဲတွင် နားမလည်နိုင်သည့် ကိစ္စရပ်များစွာ ရှိသည်။ လင်းသခင်မလေးသည် သူမည်သည့်ဟာကွက်မှ ထုတ်မပြသည့် အချိန်၌ သူ့ကိုမည်ကဲ့သို့ မြင်နိုင်သနည်း။ လင်းသခင်မလေး၌ စိတ်ဖတ်သည့် ကျင့်စဉ်တချို့ ပိုင်ဆိုင်နေသည်လော။
“ဘာမှမဟုတ်ဘူး အားလုံးစောစော အနားယူကြ ”
ခဏအကြာတွင် ကျန်းရီက ရုတ်တရက် ထရပ်ပြီးနောက် လေးနက်စွာ ပြောလိုက်တော့သည်။
“မနက်ဖြန် မနက်ကျရင် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ကိုသွားပြီး ရီသခင်မလေး ပေါ်လာတာကို စောင့်ကြမယ် ပြီးတော့မှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ် ”
***