← Chapters

အခန်း (၃၅၁)

Vol. 36 Ch. 351

အခန်း (၃၅၁)

Vol. 36 Ch. 351

(အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ။ ၃၆ ၃၇ Free ချပေးလိုက်ပါတယ်ဗျာ။ နောက်ကျနေလို့ တောင်းပန်ပါတယ်ဗျ။)

ကျီပြောင်ပြောင်သည် ထိုမြင်ကွင်းကြောင့် လုံးဝမှင်သက်သွားခဲ့ရပြီး ချက်ချင်းပင် မည်သို့မျှ မတုံ့ပြန်နိုင်တော့ချေ။

အတော်ကြာပြီးမှသာ သူမသည် အော်ဟစ်ငိုကြွေးလိုက်လေသည်။ “အဖေ”

ထို့နောက် သူမသည် ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ နိုးလာစေလိုသည့်အလား အားကုန်သုံး၍ လှုပ်နှိုးနေမိတော့သည်။ သွေးမအန်ထုတ်မီ ဖခင်ဖြစ်သူ မှာကြားခဲ့သည့် နောက်ဆုံးစကားများက သူမ၏ နှလုံးသားကို အထိခိုက်စေဆုံးဖြစ်ပြီး တုပိုင် ထံသို့ အမြန်သွားရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပထမအချက်မှာ သူမသည် အဆိပ်ခတ်သူ မဟုတ်ကြောင်း ဖခင်ဖြစ်သူက လုံးဝသေချာနေခဲ့သည်။ သူတို့၏ ဆက်ဆံရေး တင်းမာနေသော်လည်း သမီးဖြစ်သူအပေါ် လုံးဝယုံကြည်မှုရှိခဲ့သည်။ ဒုတိယအချက်မှာ သမီးဖြစ်သူ၏ ဘေးကင်းရေးအတွက် သူ၏ခေါင်းမာမှုများကို ချက်ချင်းစွန့်လွှတ်ကာ အလုံခြုံဆုံးနေရာသို့ သွားခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ့စိတ်ရင်းထဲတွင် တုပိုင် ကို ယုံကြည်နေဆဲဖြစ်ကြောင်းလည်း ရှင်းလင်းနေပေသည်။

သို့သော် ယခုအချိန်တွင်တော့ ကျီပြောင်ပြောင်သည် မည်သည့်နေရာသို့မျှ သွားလိမ့်မည် မဟုတ်ချေ။ သူမသည် တဖြည်းဖြည်း အေးစက်လာသော ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကိုသာ ဖက်ထားပြီး ပြန်လည်နိုးထလာစေချင်သကဲ့သို့ အမည်နာမကို တမ်းတအော်ဟစ်ကာ အားကုန် လှုပ်နှိုးနေမိလေသည်။

ထိုအချိန်၌ ဂိုဏ်းတူအစ်ကိုအများအပြား အပြေးအလွှား ရောက်ရှိလာကြသည်။ ကနဦးတွင် သူတို့သည် အရာအားလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီးနောက် ညီတူညီမျှပင် ရှေ့သို့တိုးဝင်ကာ ကုတင်ဘေးတွင် ဒူးထောက်လိုက်ကြလေသည်။

“ဆရာသခင်.. ဘာဖြစ်သွားတာလဲ”

“ဆရာသခင်.. ကျွန်တော်တို့ကို မခြောက်ပါနဲ့ဗျာ”

“ဆရာသခင်.. ဆရာသခင် တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ ဘယ်သူမှ အသက်ဆက်ရှင်ချင်တော့မှာ မဟုတ်ဘူး”

“ဆရာသခင်.. အဆိပ်ခတ်တာ ဘယ်သူလဲဆိုတာ ပြောပြပါ ၊ အဲ့ဒီ ရက်စက်ယုတ်မာတဲ့ကောင်က ဘယ်သူလဲ။ အဲ့ဒီလူက လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ကျွန်တော်တို့ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ်”

ရုတ်တရက် ဂိုဏ်းတူအစ်ကိုကြီးက ကျီပြောင်ပြောင်အား စူးရဲစွာ ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ “ဂိုဏ်းတူညီမလေး.. ကျေးဇူးပြုပြီး ရှင်းပြပါဦး။ အကိုတို့ ထွက်သွားတုန်းက ဆရာသခင်က ကောင်းကောင်းကြီး ရှိနေတာလေ။ အကိုတို့ အပြင်ထွက်သွားပြီးမှ ဆရာသခင်က ဘာလို့ တစ်ခုခု ဖြစ်သွားရတာလဲ”

ကျီပြောင်ပြောင် လန့်ဖျပ်သွားပြီး ဂိုဏ်းတူအစ်ကိုကြီးအား မယုံနိုင်စွာ ကြည့်လိုက်မိသည်။ ဤသည်က ပုံမှန်အားဖြင့် ကြင်နာတတ်ပြီး ရိုးသားသော ဂိုဏ်းတူအစ်ကိုကြီးဖြစ်သည်လော။

ဂိုဏ်းတူအစ်ကိုကြီး၏ နာမည်မှာ ယင်းရှောင်ထန်ဖြစ်သည်။ သူသည် ယခုနှစ်တွင် အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်သည်။ သူသည် အသက်သုံးဆယ်အရွယ်တွင် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏ သိုင်းပညာပါရမီမှာ သင့်တင့်သော အဆင့်ရှိသော်လည်း ဂိုဏ်းတူညီအစ်ကိုများကြားတွင် သိုင်းပညာအနိမ့်ဆုံး ဖြစ်လေသည်။

သို့သော် သူသည် ပုံမှန်အားဖြင့် အပြာရောင်နဂါးဂိုဏ်း၏ ကိစ္စရပ်များကို စီမံခန့်ခွဲရသဖြင့် ဂိုဏ်းအတွင်းရှိ သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။

မဟာဆရာသခင်ကြီးကျီချင်းကျူ တံခါးပိတ်ကျင့်ကြံနေစဉ်တွင် အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံး၏ ကိစ္စရပ်များကို ယေဘုယျအားဖြင့် ယင်းရှောင်ထန်က ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။ ထို့ကြောင့် ဂိုဏ်းတူညီငယ်များမှာ သိုင်းပညာ ပိုမိုမြင့်မားကြသော်လည်း အခြေခံအားဖြင့် သူ့ဦးဆောင်မှုကို လိုက်နာကြရသည်။

ကျီပြောင်ပြောင်၏ ရင်ထဲတွင် ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်သည် သူမ၏ အဖေအရင်းထက်ပင် ဖခင်တစ်ယောက်နှင့် ပိုတူပေသည်။ မဟာဆရာသခင်ကြီးကျီချင်းကျူသည် အသေးအဖွဲကိစ္စများကို ဂရုစိုက်ခဲသည်။ ငယ်စဉ်ကတည်းက ကျီပြောင်ပြောင်၏ ဘဝကို ယင်းရှောင်ထန်၏ ဂရုစိုက်စောင့်ရှောက်မှုက မဟာဆရာသခင်ကြီး ကျီချင်းကျူထက်ပင် သာလွန်ခဲ့သည်။ သူသည် ဖခင်သဖွယ်၊ အစ်ကိုသဖွယ် ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ယခုအခါတွင်မူ လုံးဝယုံကြည်ရပြီး လုံးဝရင်းနှီးကျွမ်းဝင်သော ဂိုဏ်းတူအစ်ကိုကြီးက ဆရာသခင်အပေါ် သူမဘာလုပ်ခဲ့သနည်းဟု မေးခွန်းထုတ်နေလေ၏။ ကျီချင်းကျူသည် ကျီပြောင်ပြောင်၏ ဖခင်အရင်းဖြစ်သည်။ သူမက မည်သည်ကို လုပ်ရမည်န​ည်း။

ချက်ချင်းပင် ကျီပြောင်ပြောင်က အေးစက်စွာ မေးလိုက်သည်။ “ဂိုဏ်းတူအစ်ကိုကြီး.. အစ်ကို ဘာကိုဆိုလိုတာလဲ”

ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ညီမလေး.. အစ်ကို့အနေနဲ့ အတိုင်းအတာတစ်ခုထိ ညီမလေးကို ပြုစုပျိုးထောင်ပေးခဲ့ပြီး အချစ်ဆုံးဆိုတာ ညီမလေး သိသင့်ပါတယ်။ ဒါပေမဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပဲ အစ်ကို အခုလို မုန်းတီးမိနေရတာပါ။ ပြောစမ်းပါ.. ဆရာသခင်က ဘာလို့ ရုတ်တရက်ကြီး မတော်တဆမှု ဖြစ်သွားရတာလဲ။ အဲ့ဒီဆေးရည်ပန်းကန်လုံးကို အကိုတို့အားလုံး မြည်းစမ်းကြည့်ခဲ့ပြီး အဆိပ်မရှိကြောင်း အတည်ပြုခဲ့ကြတယ်လေ။ ပြီးတော့ ညီမလေးနဲ့ ဆရာသခင် နှစ်ယောက်တည်းရှိဖို့ အကိုတို့ ထွက်သွားပေးခဲ့ပြီး ညီမလေးကိုယ်တိုင် ဆေးတိုက်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒီလိုဖြစ်ခဲ့တယ် မဟုတ်လား”

ကျီပြောင်ပြောင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်.. အဲ့ဒီလို ဖြစ်ခဲ့ပါတယ်”

ယင်းရှောင်ထန်က ပြောလိုက်သည်။ “အဲ့ဒီကြားထဲမှာ ညီမလေးတို့နှစ်ယောက် အကြိမ်ကြိမ် စကားများခဲ့ကြသေးတယ်။ ဆရာသခင်က မိဘစကားနားမထောင်တဲ့သမီး၊ အမိုက်မလေး ၊ မင်းက ငါ့ကို သေစေချင်နေတာပဲ ၊ မင်းက ငါ့ကို သေဖို့ ဆုတောင်းနေတာပဲ လို့တောင် အော်ဟစ်ခဲ့သေးတယ်။ ညီမလေးကလည်း စိတ်လိုက်မာန်ပါဖြစ်ပြီး ဆရာသခင်နဲ့ အော်ကြီးဟစ်ကျယ် ငြင်းခုံခဲ့တယ် မဟုတ်လား”

ကျီပြောင်ပြောင်သည် ဤမေးခွန်းထုတ်မှုပုံစံက တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားမိသော်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မှန်ပါတယ်”

ယင်းရှောင်ထန်က ဆက်ပြောသည်။ “သားအဖချင်း စကားများတာက ရိုးရှင်းပါတယ်။ ညီမလေးက ဘာလို့ ဆရာသခင်ကို အဆိပ်ခတ်ရတာလဲ။ ကျားဆိုတာ သူ့ကလေးကို ပြန်မစားဘူးလို့ ဆိုကြပေမဲ့ ကျားကလေးကတလည်း သူ့အဖေကျားကို ပြန်မစားသင့်ဘူးလေ”

ထိုစကားထွက်လာသည်နှင့် ကျီပြောင်ပြောင်သည် ချက်ချင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။ “ကျွန်မ မလုပ်ဘူး။ ရှင် ကျွန်မကို စွပ်စွဲနေတာ။ ကျွန်မ ကျီပြောင်ပြောင်က ကိုယ့်အဖေရင်းကို ဒုက္ခပေးမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ သတ်သေလိုက်မယ်”

ချက်ချင်းပင် သူမဘေးရှိ အခြားဂိုဏ်းတူအစ်ကိုများကလည်း ပြောလိုက်ကြသည်။ “ဂိုဏ်းတူအစ်ကိုကြီး.. ညီမလေးရဲ့ စိတ်သဘောထားက နည်းနည်းခေါင်းမာပေမဲ့ ဆရာသခင်အပေါ် အရမ်းသိတတ်ရှာပါတယ်။ ဒီလို ကိစ္စမျိုးကို သူ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး”

“ဟုတ်တယ်.. ဟုတ်တယ်။ သက်သေမရှိဘဲနဲ့ ဂိုဏ်းတူအစ်ကိုကြီး ပေါက်ကရတွေ မပြောပါနဲ့”

အခြား ဂိုဏ်းတူအစ်ကို လေးယောက်လုံးက ကျီပြောင်ပြောင် ဘက်မှ ကာကွယ်ပြောဆိုပေးကြသည်။

“ညီလေးတို့.. မင်းတို့က သိပ်သဘောထားပြည့်ဝလွန်းနေလို့ မိန်းမတွေက ယောကျာ်းနောက်လိုက်ပြီးရင် ပြောင်းလဲသွားတတ်တယ်ဆိုတာကို မသိကြတာပါ” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ဒါ့အပြင် ဆရာသခင်က သူ့ကို ဂိုဏ်းထုတ်လိုက်ပြီး သခင်လေးရှောင်မူကျစ်ကို အပြာရောင်နဂါးဂိုဏ်း ရဲ့ ဆက်ခံသူအဖြစ် လူသိရှင်ကြား ကြေညာခဲ့တယ်လေ။ သူ အငြိုးအတေး မထားဘဲ နေပါ့မလား”

“သက်သေ.. ကျွန်တော်တို့ သက်သေပဲ လိုတယ်” ဒုတိယဂိုဏ်းတူအစ်ကိုက လေးနက်စွာ ပြောလိုက်သည်။

“သက်သေ ဟုတ်လား” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ငါ မင်းတို့ကို သက်သေ ချက်ချင်းပြမယ်”

“ဒါက လက်ကျန်ဆေးတွေပဲ။ ငါတို့ဘယ်သူမှ ဒီဆေးထဲ ဘာမှမထည့်ခဲ့ဘူး မဟုတ်လား” ယင်းရှောင်ထန်က မေးလိုက်သည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ယင်းရှောင်ထန်က ဆက်ပြောသည်။ “ဒါက ဆရာသခင်ကို ဆေးတိုက်တုန်းက သုံးခဲ့တဲ့ ဇွန်းပဲ မဟုတ်လား”

လူတိုင်းထပ်မံ ခေါင်းညိတ်လိုက်ကြပြန်သည်။

“ခွေး၊ ဝက်၊ ကြက်၊ ဘဲ အနည်းငယ်နဲ့ မြည်းတစ်ကောင် ဆွဲလာခဲ့စမ်း”

အပြာရောင်နဂါးဂိုဏ်းက မြည်းများကို ပစ္စည်းသယ်ရန် မွေးမြူထားခြင်းမဟုတ်ဘဲ သတ်ဖြတ်စားသောက်ရန် သီးသန့်မွေးမြူထားခြင်း ဖြစ်သည်။ မဟာဆရာသခင်ကြီး ကျီချင်းကျူသည် မြည်းသားကို အထူးနှစ်သက်လေသည်။ ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်သည် ဤဆေးရည်ပန်းကန်လုံးကို ဝက် ၊ ခွေး ၊ ကြက် ၊ ဘဲနှင့် မြည်းတို့အား သီးခြားစီ တိုက်ကျွေးလိုက်သည်။

စက္ကန့်သုံးဆယ်အတွင်းမှာပင် ထိုတိရစ္ဆာန်အားလုံးသည် နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးများမှ သွေးမည်းများ စီးကျလာကာ အဆိပ်သင့် သေဆုံးသွားကြလေသည်။ မသေဆုံးမီတွင် သူတို့သည် ရုတ်တရက် ခုန်တက်သွားပြီးနောက် တွန့်လိမ်ကာ အလွန်ဆိုးရွားစွာ သေဆုံးသွားခဲ့ကြသည်။

ချက်ချင်းပင် ကျီပြောင်ပြောင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို သူမ အမှန်တကယ် နားမလည်တော့ချေ။ အဘယ်ကြောင့် ယခုလိုဖြစ်နေရသလဲဆိုတာကို သူမ လုံးဝမသိတော့ပေ။

ထိုအချိန်တွင် ကျီပြောင်ပြောင်ကို အမြဲကာကွယ်ပေးခဲ့ကြသော ဂိုဏ်းတူအစ်ကိုလေးယောက်၏ မျက်နှာထားများလည်း လုံးဝပြောင်းလဲသွားကြသည်။ ယခုအခါ သက်သေအထောက်အထား ခိုင်လုံနေပြီဖြစ်သည်။ ထိုဆေးရည်ပန်းကန်လုံးမှာ မူလက အကောင်းပကတိဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုတည်းမှာ ကျီပြောင်ပြောင်က အဆိပ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။

လူအများ၏ ကျီပြောင်ပြောင် အပေါ် ကြည့်သော အကြည့်များမှာ ကြီးမားသော နာကျင်မှုနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။

“ဂိုဏ်းတူညီမလေး... ညီမလေးက ဘယ်လိုလုပ် ဒီလောက်ယုတ်မာတဲ့ကိစ္စကို လုပ်ရက်ရတာလဲ”

“ကျီပြောင်ပြောင်.. မင်း ကောင်းကင်ဘုံရဲ့ အပြစ်ပေး မိုးကြိုးငါးချက် ပစ်ခတ်တာ ခံရလိမ့်မယ်”

“ကျီပြောင်ပြောင်.. ငါ မင်းကို တကယ်အထင်လွဲခဲ့တာပဲ။ မင်း တုပိုင် နဲ့ အိမ်က ထွက်ပြေးတုန်းကတောင် မင်းကို သတ္တိရှိပြီး ဖြောင့်မတ်တဲ့ မိန်းမတစ်ယောက်လို့ ငါ ထင်ခဲ့သေးတာ။ အခုတော့ မင်းက မြွေပွေးမြွေဟောက်လို အဆိပ်ပြင်းပြီး ဝက်တွေခွေးတွေထက်တောင် နိမ့်ကျနေပါလား”

ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “အရင်ဆုံး သူ့ကို သံကြိုးခတ် ၊ ငွေအပ်တွေနဲ့ သွေးကြောပိတ်ပြီး ထောင်ထဲမှာ ချထားလိုက်”

ထို့နောက် ကျီပြောင်ပြောင်၏ သွေးကြောများအားလုံးကို ငွေအပ်များဖြင့် ပိတ်လိုက်သဖြင့် သူမ၏ ဆရာသခင်အဆင့် သိုင်းပညာများ အသုံးမဝင်တော့ချေ။ ထို့နောက် သူမကို သံကြိုးများဖြင့် တုပ်နှောင်ကာ မြေတိုက်ထောင်ထဲတွင် ချုပ်နှောင်ထားလိုက်လေသည်။

ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ညီလေးတို့.. ကျီပြောင်ပြောင်ရဲ့ လုပ်ရပ်တွေက အရမ်းကို ဖောက်ပြန်လွန်းတယ်။ သူ့ကို မြှောက်ပင့်ပေးတဲ့သူ ရှိကိုရှိရမယ်။ မဟုတ်ရင် သူက သူ့အဖေအရင်းကို သတ်မှာမဟုတ်ဘူး။ ဒါကြောင့် အကိုတို့ သူ့ရဲ့နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်သင့်တယ် မဟုတ်လား”

ဂိုဏ်းတူအစ်ကိုများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။ “ဒါပေမဲ့ ကျီပြောင်ပြောင်အတွက် နောက်ဆုံးပြစ်ဒဏ်ကိုတော့ သခင်လေးကပဲ ဆုံးဖြတ်ရမှာပါ”

ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “အဲ့ဒါက သဘာဝကျပါတယ်”

**--**--**--**--**--**--**--**

ထို့ကြောင့် မြေတိုက်ထောင်ထဲတွင် ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်သည် ကျီပြောင်ပြောင်ကို စစ်ဆေးမေးမြန်းလေတော့သည်။

“ပြောစမ်း.. ဆရာသခင်ကို အဆိပ်ခတ်ဖို့ ဘယ်သူက မင်းကို မြှောက်ပင့်ပေးတာလဲ” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။

ကျီပြောင်ပြောင်က သူ့ကို လုံးဝလျစ်လျူရှုထားလိုက်သည်။ သူမသည် မြေတိုက်ထောင်၏ မျက်နှာကြက်ကိုသာ ငေးငိုင်စွာ စိုက်ကြည့်နေပြီး ဖခင်အတွက် ရင်ကွဲပက်လက်ဖြစ်နေကာ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်နိုင်ဖြစ်နေ၏။

“ပြောစမ်း” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က တင်းမာစွာ ပြောလိုက်သည်။ “မင်း ငါ့စကားကို လျစ်လျူရှုနေတာလား။ မင်း ငယ်ငယ်ကတည်းက ငါ့ကို အထင်သေးခဲ့တယ်ဆိုတာ ငါသိတာပေါ့၊ ဟုတ်တယ်မလား။ မင်းဘဝကို ငယ်ငယ်ကတည်းက ငါပဲ ဂရုစိုက်ပေးခဲ့တာ ၊ ဒါပေမဲ့ မင်းက ငါ့ကို မျက်လုံးထဲ တစ်ခါမှမထည့်ခဲ့ဘူး”

အပိုင်း ၃၅၁ ပြီး။

All Chapters