အခန်း (၃၅၂)
Vol. 36 Ch. 352
ကျီပြောင်ပြောင်၏ နေ့စဉ်ဘဝကို ပြုစုစောင့်ရှောက်ရန် အထိန်းတော်များနှင့် အစေခံများ ရှိပြီးသား ဖြစ်ပေသည်။ ယင်းရှောင်ထန်သည် ကျီပြောင်ပြောင်ထံသို့ ပစ္စည်းအမျိုးမျိုး၊ ကစားစရာအရုပ် အမျိုးမျိုးတို့ကို အသည်းအသန် ပို့ပေးရုံသာ တတ်နိုင်ခဲ့သည်။
သို့သော် ကျီပြောင်ပြောင်သည် ငယ်စဉ်ကတည်းက အရုပ်များကို မနှစ်သက်ခဲ့ဘဲ တိုက်ခိုက်ခြင်းကိုသာ နှစ်သက်ခုံမင်ခဲ့လေသည်။
“အခု ငါ့ရှေ့မှာ အပြာရောင်နဂါးဂိုဏ်း သခင်မလေး ပုံစံ လာမဖမ်းနဲ့။ အရင်တုန်းက မင်း ငါ့ကို လျစ်လျူရှုခဲ့တယ်။ အခုတော့ မင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ငါ့လက်ထဲမှာ လုံးလုံးလျားလျား ရှိနေပြီ” ယင်းရှောင်ထန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “အပြာရောင်နဂါးဂိုဏ်းရဲ့ သခင်မလေး ဖြစ်နေရုံနဲ့ ငါက မင်းကို ဘာမှမလုပ်ရဲဘူးလို့ မထင်နဲ့”
ယင်းရှောင်ထန်သည် ကြာပွတ်တစ်ခုကို ကောက်ယူလိုက်ပြီး ရေစိမ်လိုက်ကာ ကျီပြောင်ပြောင်အား အေးစက်စွာ မေးလိုက်လေသည်။ “ပြောစမ်း.. ဆရာသခင်ကို အဆိပ်ခတ်ဖို့ မင်းကို ဘယ်သူက မြှောက်ပင့်ပေးတာလဲ”
ကျီပြောင်ပြောင်က မဲ့ပြုံးပြုံးလိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။
ယင်းရှောင်ထန်၏ မျက်နှာထား ရှုံ့မဲ့သွားပြီး ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“ရွှမ်း...” ကျီပြောင်ပြောင်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်လွှမ်းသော အရာတစ်ခု ပေါ်လာခဲ့သည်။
မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်မှလွဲ၍ ကျီပြောင်ပြောင်သည် အခြားမည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ချေ။
“ရွှမ်း.. ရွှမ်း.. ရွှမ်း..” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်သည် သူမကို အကြိမ်ကြိမ် ထပ်မံရိုက်နှက်ခဲ့သော်လည်း ကျီပြောင်ပြောင်က သူ့ကို လျစ်လျူရှုထားဆဲပင် ဖြစ်သည်။
“မင်းရဲ့ သိုင်းပညာက အရမ်းမြင့်နေတော့ ကြာပွတ်နဲ့ရိုက်တာ ဘာမှမခံစားရဘူးပေါ့လေ” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ဒါဆို မင်း ခံစားရမယ့်အရာတစ်ခုကို စမ်းကြည့်ကြတာပေါ့”
သူသည် နီရဲနေသော သံပူကပ်တုံး ပါဝင်သည့် မီးဖိုတစ်ခုကို ယူဆောင်လာခဲ့သည်။
ယင်းရှောင်ထန်သည် သစ်သားလက်ကိုင်ကို ဆုပ်ကိုင်ကာ သံပူကပ်တုံးကို မချလိုက်သည်။ သူသည် ဦးစွာပထမ ဘေးနားရှိ သစ်သားတုံးတစ်ခုနှင့် ဖိကပ်လိုက်ရာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားလေသည်။
ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က ပြောလိုက်သည်။ “ညီမလေး.. မင်းရဲ့ အသားအရေက အရမ်းနူးညံ့တယ်။ ဒီနီရဲနေတဲ့ သံပူကပ်တုံးနဲ့ တစ်ချက်လောက် ကပ်လိုက်ရင် ဘာဖြစ်သွားမလဲ”
ထိုစကားထွက်လာသည်နှင့် ကျီပြောင်ပြောင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ဟားဟား.. ကြောက်သွားပြီလား” ယင်းရှောင်ထန်က ပြောလိုက်သည်။ “ကြောက်ရင် မင်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဝန်ခံလိုက်”
ကျီပြောင်ပြောင်သည် အံကြိတ်ကာ နှုတ်ဆိတ်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ်တစ်ခုလုံးမှာ အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူ လုံးဝမရှိပေ။ မဟုတ်သေးချေ။ အရာအားလုံးကို ကြိုးကိုင်သူရှိနေသူရှိလေ၏။
သို့သော် နောက်ကွယ်မှ ကြိုးကိုင်သူသည် ကျီပြောင်ပြောင်ဘက်တွင် မဟုတ်ချေ။
ယင်းရှောင်ထန်က အေးစက်စွာ ပြောလိုက်သည်။ “မင်းမပြောပေမဲ့ ငါသိတယ်။ ဆရာသခင်ကို သတ်ဖို့ မင်းကို မြှောက်ပင့်ပေးတဲ့ ကြိုးကိုင်သူက တုပိုင်ပဲ။ ဆရာသခင် သေဆုံးပြီးနောက် သမီးဖြစ်သူအနေနဲ့ မင်းက အပြာရောင်နဂါးဂိုဏ်းသခင် ဖြစ်လာနိုင်မယ်လို့ တွေးခဲ့တာပေါ့။ ပြီးတော့ မင်းလို အမိုက်မလေးက အဲ့ဒီ ကုန်းကုန်းခွေးကောင် တုပိုင်ရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီ။”
“အဲ့ဒီအချိန်ကျရင် အပြာရောင်နဂါးဂိုဏ်းက သူ့လက်ထဲ ရောက်သွားမှာပေါ့။ အဲ့ဒါကြောင့် သူက မင်းနားကို စောစောစီးစီး ကပ်ခဲ့တာ မဟုတ်လား။ ဒီအတွက် သူက အလှမယ်လေးကို ကယ်တင်တဲ့ သူရဲကောင်းပုံစံ ဟန်ဆောင်ခဲ့သလို မင်းကို အဆိပ်ခတ်ပြီး မင်းတို့နှစ်ယောက်ကြားမှာ သာယာတဲ့ညတစ်ည ဖြစ်အောင်တောင် ဖန်တီးခဲ့သေးတယ်။ ဒါပေမဲ့ ငါ တကယ်သိချင်တာက သူက ကုန်းကုန်းခွေးကောင်လေ ၊ အောက်ပိုင်းမှာ ဘာမှမရှိဘဲနဲ့ မင်းနဲ့ ဘယ်လိုလုပ် သာယာတဲ့ညတစ်ည ဖြစ်ခဲ့တာလဲ”
ကျီပြောင်ပြောင်သည် ယင်းရှောင်ထန်အား အေးစက်တည်ငြိမ်သော အကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။
ယင်းရှောင်ထန်က ပြောလိုက်သည်။ “မင်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက တုပိုင် မဟုတ်လား။ ဟုတ်တယ်လို့ ဖြေရင် ငါ မင်းကို လောလောဆယ် လွှတ်ပေးမယ်။ မပြောဘူးဆိုရင် ၊ ဒါမှမဟုတ် မဟုတ်ဘူးလို့ ငြင်းမယ်ဆိုရင် ဒီသံပူကပ်တုံးကို မင်းခန္ဓာကိုယ်ပေါ် ကပ်လိုက်ပြီး တစ်သက်လုံး မပျောက်နိုင်တဲ့ အမှတ်အသား ကျန်ရစ်စေရမယ်”
“ငရဲကိုသာ သွားလိုက်တော့ ၊ ညစ်ပတ်တဲ့ကောင် ၊ ငါ ဒီနှစ်တွေတစ်လျှောက်လုံး မျက်ကန်းဖြစ်ခဲ့တာပဲ” ကျီပြောင်ပြောင်က အေးစက်စွာ ပြောလိုက်သည်။
ယင်းရှောင်ထန်က မဲ့ပြုံးပြုံးလိုက်ပြီး “မှန်တာပေါ့.. မင်း မျက်ကန်းဖြစ်ခဲ့တာပဲ”
ထို့နောက် သူ၏ လက်ထဲမှ နီရဲနေသော သံပူကပ်တုံးသည် ကျီပြောင်ပြောင်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဖိကပ်လာပြီး သူ၏ မျက်နှာထားမှာလည်း အလွန်အမင်း ရှုံ့မဲ့နေတော့သည်။
“နေဦး” အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
**--**--**--**--**--**--**--**
အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အတွင်း၌ ဖြစ်သည်။ တုပိုင်၏ ဦးနှောက်ထဲရှိ ကောင်းကင်မျက်လုံးသည် အပြည့်အဝ ပြန်လည်ဖွဲ့စည်းပြီး ဖြစ်လေသည်။
“လက်တွေ့ဘဝက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် ၊ ငါတို့ စီစဉ်ထားတာထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသေးတယ်။”
“မစ်ရှင်အသစ် စတင်ပါပြီ - မဟာဆရာသခင်ကြီး ကျီချင်းကျူ အား ကယ်တင်ခြင်း။”
“ရည်ရွယ်ချက် - သေလုမြောပါး ဖြစ်နေသော ကျီချင်းကျူအား အသက်ပြန်ရှင်အောင် လုပ်ဆောင်ရန်၊ ကျီပြောင်ပြောင်၏ အမည်ကို ရှင်းလင်းရန်နှင့် မဟာဆရာသခင်ကြီး ကျီချင်းကျူအား အဆိပ်ခတ်ခဲ့သည့် တရားခံအစစ်အမှန်ကို ရှာဖွေဖော်ထုတ်ရန်။”
“မစ်ရှင်ဆုလာဘ် ၁ - မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ အကြွင်းမဲ့ မျက်နှာသာပေးမှုနှင့် အပြာရောင်နဂါးဂိုဏ်း၏ အကြွင်းမဲ့ ထောက်ခံအားပေးမှုကို ရရှိမည်။”
“မစ်ရှင်ဆုလာဘ် ၂ - ပိုင်ဆယ်စီရင်စု တွင် အခြေကုပ်စခန်း အပြည့်အဝ တည်ဆောက်နိုင်မည်။”
“မစ်ရှင်ဆုလာဘ် ၃ - သွေးကြောခြောက်သွယ်နတ်ဓားသိုင်းကျမ်းကို ရရှိမည်။”
ဤသတင်းကို ရရှိလိုက်သောအခါ တုပိုင်သည် ချက်ချင်းပင် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။ အခြေအနေများက မည်သို့ပင် ဖြစ်ပျက်ကုန်ရသနည်း။ သိုင်းပညာအရာတွင် အလွန်မြင့်မားလှသော မဟာဆရာသခင်ကြီး ကျီချင်းကျူသည်ပင်လျှင် တစ်စုံတစ်ယောက်၏ အဆိပ်ခတ်လုပ်ကြံခြင်းကို ခံလိုက်ရသည်တဲ့လား။
ယခုဆိုလျှင် သူသည် သေလုမြောပါးအခြေအနေသို့ပင် ရောက်ရှိနေ၏။ ထိုမျှမကသေးဘဲ ထိုအဆိပ်ခတ်မှုအတွက် ကျီပြောင်ပြောင်ကိုပါ လက်သည်တရားခံအဖြစ် ပုံချစွပ်စွဲနေကြလေသည်။ အပြာရောင်နဂါးဂိုဏ်းသားများအားလုံး ရူးသွပ်ကုန်ကြပြီလော။
ဆုလာဘ်များက အမှန်တကယ်ပင် အလွန်များပြားလှသည်။ လက်ရှိတွင် ဂုဏ်ယူဖွယ်ရာ အောင်ပွဲတစ်ခု ရရှိထားသော်လည်း အခြေကုပ်စခန်းကို အမှန်တကယ် မတည်ဆောက်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ထျန်တောက်အဖွဲ့ နှင့် ဟုန်ဟယ်အဖွဲ့ တို့၏ အင်အားများမှာ အလွန်တောင့်တင်းနေဆဲဖြစ်ပြီး တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးထက် များစွာသာလွန်နေကာ အုပ်စုသုံးခု အားပြိုင်မှုကို လုံးဝ မဖန်တီးနိုင်သေးသောကြောင့် ဖြစ်သည်။
သို့သော် အပြာရောင်နဂါးဂိုဏ်းသာ ပါဝင်လာပါက တုပိုင်သည် ချက်ချင်း တည်ငြိမ်သွားမည်ဖြစ်ပြီး လီမိသားစု နှင့်အတူ ပိုင်ဆယ်စီရင်စု တွင် အုပ်စုသုံးခု အားပြိုင်မှုကို ချက်ချင်း ပြန်လည်အသက်သွင်းနိုင်မည် ဖြစ်သည်။
သို့သော် တုပိုင်တွင် ထိုအရာအားလုံးကို စဉ်းစားရန် အချိန်မရှိပေ။ အစ်မပြောင်ပြောင် မတရားစွပ်စွဲခံနေရပြီဖြစ်ရာ သူ အမြန်ဆုံး သွားရောက်ဖြေရှင်းပေးရမည်။ မဟာဆရာသခင်ကြီး ကျီချင်းကျူမှာ အတော်လေး မုန်းစရာကောင်းသော်လည်း တုပိုင်အနေဖြင့် သူ့ကို အမှန်တကယ် ကယ်တင်ရပေမည်။
ထို့ကြောင့် တုပိုင်သည် မျက်လုံးဖွင့်လိုက်ပြီး အပြာရောင်နဂါးဂိုဏ်း သို့ အမြန်သွားရောက်လိုက်တော့သည်။
**--**--**--**--**--**--**--**
ဤတစ်ကြိမ်တွင် သူသည် အကြောင်းကြားပြီးသည်နှင့် အပြာရောင်နဂါးဂိုဏ်း အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးသည် ချက်ချင်းပင် ဝိုင်းဝန်းဖမ်းဆီးခြင်း ခံလိုက်ရသည်။
“လက်ဝဲမဟာတပ်မှူးရဲ့ အမိန့်အရ ခင်ဗျားကို ဖမ်းဆီးရလိမ့်မယ်” စစ်သည်တစ်ဦးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို အဆိပ်ခတ်တဲ့ နောက်ကွယ်က ကြိုးကိုင်သူအဖြစ် ခင်ဗျားကို သံသယရှိတယ်”
တုပိုင်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူသည် ဒုတိယဂိုဏ်းတူအစ်ကိုနှင့် တတိယဂိုဏ်းတူအစ်ကိုတို့ကို မြင်လိုက်ရသည်။
ယောက္ခမလောင်းနှင့် တွေ့ဆုံရန် စမ်းသပ်မှုများကို ဖြတ်ကျော်စဉ်က တုပိုင်သည် သူတို့နှစ်ဦးနှင့် ဆက်ဆံခဲ့ဖူးပြီး အပြန်အလှန် လေးစားမှု ရှိခဲ့ကြသည်။
“ဒုတိယဂိုဏ်းတူအစ်ကို ၊ တတိယဂိုဏ်းတူအစ်ကို.. ကျွန်တော် မဟာဆရာသခင်ကြီး ကျီ ကို ကယ်နိုင်တယ်” တုပိုင်က ကျယ်လောင်စွာ ပြောလိုက်သည်။
ဒုတိယဂိုဏ်းတူအစ်ကိုနှင့် တတိယဂိုဏ်းတူအစ်ကိုတို့က ဝမ်းနည်းစွာဖြင့် ပြောလိုက်ကြသည်။ “အခွင့်အရေး မရှိတော့ပါဘူး။ ဆရာသခင်က ဆုံးပါးသွားခဲ့ပါပြီ”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် စစ်ဆေးမကြည့်ရသေးဘဲနဲ့ သူတကယ်သေပြီဆိုတာ အစ်ကိုတို့ ဘယ်လိုလုပ်သိလဲ”
တတိယဂိုဏ်းတူအစ်ကိုက ပြောလိုက်သည်။ “မင်းက ဆေးပညာကိုလည်း နားလည်တယ်လို့ ပြောချင်တာလား”
တုပိုင်က ပြောလိုက်သည်။ “သေနေတဲ့မြင်းကို ရှင်နေသလို သဘောထားပြီး ကုသကြည့်ရမှာပေါ့။ မကြိုးစားကြည့်ရင် ဘယ်လိုလုပ် သိနိုင်မလဲ”
ထိုအချိန်တွင် ပဉ္စမဂိုဏ်းတူအစ်ကိုကလည်း လျှောက်လာပြီး ပြောလိုက်သည်။ “တုပိုင်.. မင်းက ငါ့ဆရာသခင်ကို တကယ်ကုသပေးနိုင်ပြီး သေမင်းလက်ထဲကနေ ပြန်ဆွဲခေါ်ပေးနိုင်လို့လား”
တုပိုင်က ပြောလိုက်သည်။ “မကြိုးစားကြည့်ရင် ဘယ်လိုလုပ်သိမလဲ။ ဒါပေမဲ့ ခင်ဗျားတို့ ကျီပြောင်ပြောင်ကို ချက်ချင်းလွှတ်ပေးရမယ်။ ပြီးတော့ သူနဲ့ကျွန်တော် မဟာဆရာသခင်ကြီး ကျီချင်းကျူကို အတူတူ ကုသခွင့်ပြုရမယ်။ ဟုတ်ပါတယ် ၊ ခင်ဗျားတို့ ဘေးကနေ ကြည့်နေလို့လည်း ရပါတယ်”
ဂိုဏ်းတူအစ်ကိုသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ သူတို့အနေဖြင့် တုပိုင်အပေါ် မျှော်လင့်ချက်မထားရဲသော်လည်း တကယ်လို့များ ၊ တကယ်လို့များသာ သူ ပြန်လည်အသက်သွင်းပေးနိုင်ခဲ့ရင် ထိုသည်က အတိုင်းထက်အလွန် ဝမ်းသာစရာ ဖြစ်လာမည် မဟုတ်ပါလော။ ထို့နောက် ဂိုဏ်းတူအစ်ကိုသုံးယောက်သည် တုပိုင်ကို ဦးဆောင်၍ မျှော်စင်မြင့်ဆီသို့ ခေါ်ဆောင်သွားကြသည်။
“မဖြစ်ဘူး” ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က တင်းမာစွာ ပြောလိုက်သည်။ “သူ့ကို ဆရာသခင်နား အကပ်ခံလို့ မဖြစ်ဘူး။ သူက ဆရာသခင်ကို သတ်တဲ့ နောက်ကွယ်က တရားခံပဲ။ မင်းတို့က သူ့ကို ဆရာသခင်ရဲ့ ခန္ဓာကိုယ်ကို ထိခွင့်ပေးချင်သေးတာလား။ ဆရာသခင်ရဲ့ ခန္ဓာကိုယ်ကို လူသတ်သမားက မလေးမစား လုပ်တာကို ခံစေချင်နေတာလား”
ဂိုဏ်းတူအစ်ကိုသုံးယောက်သည် ဂိုဏ်းတူအစ်ကိုကြီး၏ စကားကို ကိုင်တွယ်ရ အနည်းငယ် ခက်ခဲသွားကြသည်။
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားက ဂိုဏ်းတူအစ်ကိုကြီးလား။ ကျွန်တော် မဟာဆရာသခင်ကြီး ကျီချင်းကျူကို ကယ်နိုင်တယ်လို့ ပြောနေတယ်။ သောင်းဂဏန်းမှာ တစ်ခု ၊ ဒါမှမဟုတ် သန်းပေါင်းများစွာမှာ တစ်ခုလောက်ပဲ အခွင့်အရေးရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ လောင်းကြေးထပ်သင့်တယ် မဟုတ်လား”
ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်က တင်းမာစွာ ပြောလိုက်သည်။ “မင်းက ဆရာသခင်ကို ကယ်ချင်တာ မဟုတ်ဘူး။ မင်းက ဆရာသခင် မသေမှာကို ကြောက်နေလို့ သေချာပေါက် သေသွားအောင် လာလုပ်တာဆိုတာ သိသာတယ်။ ပြီးရင် မင်းက ကျီပြောင်ပြောင်ကို အပြာရောင်နဂါးဂိုဏ်းချုပ် ဖြစ်လာအောင် ထောက်ပံ့ပေးပြီး အပြာရောင်နဂါးဂိုဏ်းကို ထိန်းချုပ်တော့မှာ။ မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ငါမသိဘူး မထင်နဲ့”
ထိုသို့ဖြင့် နှစ်ဖက်စလုံး အဆုံးအစမရှိ ငြင်းခုံနေကြတော့သည်။
ထိုအချိန်တွင် ရှောင်မူကျစ် ပေါ်လာပြီး တုပိုင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “အစ်ကိုတု.. ကြွပါ”
သူသည် ယခုအခါ အပြာရောင်နဂါးဂိုဏ်း၏ သခင်လေးဖြစ်ပြီး သူ၏စကားမှာ အရာထင်လှသည်။ သူပြောလိုက်ပြီးနောက် ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်သည် ချက်ချင်းပင် ငြင်းခုံမှုကို ရပ်တန့်လိုက်ရသည်။
ထို့ကြောင့် ကျီပြောင်ပြောင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ တုပိုင်သည် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ကြာပွတ်ရာ အများအပြားကို မြင်လိုက်ရပြီး ချက်ချင်းပင် ပေါက်ကွဲလုမတတ် ခံစားလိုက်ရသည်။
ကျီပြောင်ပြောင်သည် တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးရင်း ပြောလိုက်လေသည်။ “မောင်လေးတုပိုင်.. မောင်လေးက အရမ်းစွမ်းဆောင်နိုင်တယ်ဆိုတာ အမ သိပါတယ်။ ဒီတစ်ခါတော့ အမအဖေကို ကယ်ပေးပါနော်.. မောင်လေး ကယ်ပေးမှ ဖြစ်မှာပါ”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျနော် ကယ်ပေးမယ်”
ထို့နောက် လူတစ်စုသည် တုပိုင်နှင့် ကျီပြောင်ပြောင်ကို ဝန်းရံလျက် မျှော်စင်မြင့်ထဲသို့ ဝင်ရောက်သွားကြသည်။
**--**--**--**--**--**--**--**
မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ အခန်းထဲတွင် တုပိုင်သည် လုံးဝသေဆုံးနေပြီဖြစ်သော မဟာဆရာသခင်ကြီး ကျီချင်းကျူကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူ၏ ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျနေပြီး အသက်ရှူခြင်း မရှိတော့သလို နှလုံးခုန်သံလည်း မရှိတော့ပေ။ မြင်တွေ့ရသူတိုင်းနီးပါးက သူ သေဆုံးပြီဟု ထင်မှတ်ကြမည် ဖြစ်သည်။
တုပိုင် မျက်လုံးမှိတ်လိုက်ပြီး သူ၏ စိတ်စွမ်းအင်အားလုံးကို ထင်းရှူးသီးပုံဂလင်း ဆီသို့ စုစည်းလိုက်ရာ အနီရောင်အလင်းတန်းသည်လည်း လင်းလက်လာပြီး ပြင်းထန်စွာ ဖြာထွက်လာတော့သည်။
အပိုင်း ၃၅၂ ပြီး။