← Chapters

အခန်း (၃၅၄)

Vol. 36 Ch. 354

အခန်း (၃၅၄)

Vol. 36 Ch. 354

တတိယဂိုဏ်းတူအစ်ကိုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အာရုံစူးစိုက်နိုင်ရန် မျက်လုံးများကို မှိတ်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်... ဒါ မိစ္ဆာတံတွေးအမွှေးတိုင်ပဲ။”

ထိုစဉ် ဒုတိယဂိုဏ်းတူအစ်ကိုက ရုတ်တရက် ဝင်ပြောသည်။

“ငါ့ကိုလည်း ပေးရှူစမ်းပါ။”

တုပိုင် အနည်းငယ် အံ့အားသင့်သွားမိသည်။ ဒုတိယဂိုဏ်းတူအစ်ကို ရှဲ့ဝူတောက်သည် သိုင်းပညာကိုသာ ရူးသွပ်သူတစ်ဦး ဖြစ်သည် မဟုတ်ပါလော။ သူကလည်း ဤအရာများကို နားလည်နေသည်လော။

ဒုတိယဂိုဏ်းတူအစ်ကိုက ရှင်းပြသည်။

“ငါ့ရဲ့သိုင်းပညာ အဆင့်တက်ဖို့ ပိတ်ဆို့နေပြီး စိတ်တွေ အရမ်းရှုပ်ထွေးနေခဲ့တုန်းက ကာလတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက စိတ်တည်ငြိမ်အောင် ကူညီပေးနိုင်မယ့် မိစ္ဆာတံတွေးအမွှေးတိုင် ရဖို့ ငါအများကြီး ကြိုးစားခဲ့ဖူးတယ်။”

တုပိုင်သည် ဝါးတုတ်ချောင်းကို ဒုတိယဂိုဏ်းတူအစ်ကို၏ နှာခေါင်းအောက်သို့ တေ့ပေးလိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို မှိတ်ပြီး ခံစားကြည့်လိုက်သည်။

ထို့နောက် ဒုတိယဂိုဏ်းတူအစ်ကို ရှဲ့ဝူတောက်က အတည်ပြု ပြောဆိုလိုက်သည်။

“ဟုတ်တယ်... ဒါ မိစ္ဆာတံတွေးအမွှေးတိုင် အစစ်ပဲ။”

တတိယဂိုဏ်းတူအစ်ကိုက မေးခွန်းထုတ်လိုက်သည်။

“ရိုင်းပျတယ်လို့ မထင်ရင် မေးခွန်းတစ်ခုလောက် မေးပါရစေ။ ဒီလောက် ပြင်းထန်တဲ့ အဆိပ်မိထားတာတောင် ဆရာသခင်က ဘာလို့ မသေဆုံးသေးတာလဲ။”

တုပိုင်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ မဟာဆရာသခင်ကြီးကျီကို လျှော့တွက်လွန်းနေပြီ။ သူက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တစ်ယောက်လေ။ အဆိပ်မိမှန်း သိလိုက်ရတာနဲ့ နှလုံးသွေးကြော လည်ပတ်မှုကို ချက်ချင်းပဲ အတင်းအကျပ် ပိတ်ဆို့လိုက်ပြီး အဆိပ်တွေ ဦးနှောက်ထဲ မဝင်ရောက်နိုင်အောင် တားဆီးကာကွယ်လိုက်တာပဲ။ အဲဒါကြောင့် ယာယီသေဆုံးခြင်း အခြေအနေကို ရောက်ရှိသွားခဲ့တာပေါ့။”

ထို့နောက် တုပိုင်သည် ကျီပြောင်ပြောင်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူက ဆက်ပြောလိုက်သည်။

“ကျွန်တော် အခုလေးတင် ကြားခဲ့ရတာက မဟာဆရာသခင်ကြီး ကျီချင်းကျူက နောက်ဆုံးအချိန်မှာ ကျီပြောင်ပြောင်ကို ကျွန်တော့်ဆီ အမြန်ဆုံး လာရှာဖို့ မှာခဲ့တယ်တဲ့။ အကြောင်းရင်းတစ်ခုကတော့ ကျီပြောင်ပြောင် ဒီမှာဆက်နေရင် အန္တရာယ်ရှိမယ်လို့ သူခံစားမိလို့ဖြစ်ပြီး ၊ ဒုတိယအချက်ကတော့ ကျွန်တော့်ဆီ လာပြီး အကူအညီတောင်းခိုင်းတာပဲ။ ကျွန်တော့်မှာ လှည့်ကွက်တွေ အများကြီးရှိတယ်လို့ သူထင်ခဲ့ပုံရတယ်။ ဒါပေမဲ့ အစ်မကျီပြောင်ပြောင်က ခေါင်းမာလွန်းတယ်။ ကျွန်တော်ဆီကိူသာ ထွက်ပြေးလာလိုက်ရင် အဖေကိုသတ်တဲ့ လူသတ်သမားဆိုတဲ့ စွပ်စွဲချက်က အမှန်ဖြစ်သွားတော့မှာပေါ့ဆိုပြီး တွေးနေခဲ့တာ။ ဒါကြောင့် သူက မထွက်ပြေးဘဲ သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ဒီမှာပဲ ဆက်နေခဲ့တာပေါ့။”

တုပိုင်၏ လေသံတွင် လက်လျော့လိုက်ရသည့်ပုံစံများ ပြည့်နှက်နေသည်။ ကျီပြောင်ပြောင်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားသည်။ သူမ အမှန်တကယ်ပင် ထိုသို့ တွေးတောခဲ့မိသည် မဟုတ်ပါလော။ ပို၍အရေးကြီးသည်မှာ ဖခင်ဖြစ်သူ ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကာ ရုတ်တရက် လဲကျသွားချိန်တွင် သမီးဖြစ်သူက ထွက်ပြေးသွားမည်ဆိုပါက တိရစ္ဆာန်ထက်ပင် ဆိုးရွားရာ မကျပေဘူးလား။

အတိုချုပ်ပြောရလျှင် ဤကဲ့သို့ အဖြစ်အပျက်မျိုး နောက်ထပ် ဆယ်ကြိမ် ၊ အကြိမ်နှစ်ဆယ်လောက် ထပ်ဖြစ်လျှင်တောင်မှ သူမ ထွက်ပြေးမည် မဟုတ်ပေ။ တတိယဂိုဏ်းတူအစ်ကိုသည် စိတ်ထဲတွင် ယေဘုယျ အဖြေတစ်ခု ရရှိနေပြီဖြစ်၍ မေးလိုက်သည်။

“တုပိုင်.. ငါတို့ကို ပြောပါတော့။ တရားခံက ဘယ်သူလဲ။”

တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။

“တရားခံနဲ့ ပတ်သက်ပြီး ဒီမှာရှိနေတဲ့ ခင်ဗျားတို့အားလုံးလည်း ရိပ်မိလောက်ပါပြီ။ မဟာဆရာသခင်ကြီး ကျီချင်းကျူရဲ့ လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ဘယ်သူက ပြင်ဆင်ပေးခဲ့တာလဲ။ အပြာရောင်နဂါးဂိုဏ်းက သမားတော်ကြီးကို လာဖိတ်ဖို့ ဘယ်သူ တာဝန်ယူခဲ့တာလဲ။ မဟာဆရာသခင်ကြီးရဲ့ ဖယောင်းတိုင်တွေထဲမှာ မိစ္ဆာတံတွေးအမွှေးတိုင် ထည့်ဖို့ အခွင့်အရေးရှိတာ ဘယ်သူလဲ။”

လူတိုင်း၏ အကြည့်များက ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်ထံသို့ ရောက်ရှိသွားကြသည်။ ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်၏ မျက်နှာထား ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်း ဘာကိုဆိုလိုတာလဲ။ မင်း ငါ့ကို သံသယဝင်နေတာလား။ မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလား။ ငါက ဂိုဏ်းတူအစ်ကိုကြီးပဲ။ ဆရာသခင် မရှိတော့ရင် အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံးမှာ ငါက အာဏာအရှိဆုံးပဲ။”

ထိုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ရှောင်မူကျစ်က ဝင်ပြောလိုက်သည်။

“ဘယ်တုန်းက ခင်ဗျားအလှည့် ရောက်သွားတာလဲ။ အမကျီပြောင်ပြောင် ရှိနေသလို ၊ ကျုပ်လည်း ရှိနေသေးတယ်။”

တုပိုင်က ထပ်ဆင့် ပြောလိုက်သည်။

“ယင်းရှောင်ထန်.. ခင်ဗျား ရေတွေ ဘယ်လောက်ချိုးချိုး ၊ လက်ပေါ်က အရေပြားတစ်လွှာလောက် ကွာကျသွားအောင် ပွတ်တိုက်ဆေးကြောချင်နေပါစေဦး ၊ ခင်ဗျားက မိစ္ဆာတံတွေးအမွှေးတိုင်ကို မကြာခဏ ကိုင်တွယ်ထိတွေ့နေခဲ့ရတော့ ခင်ဗျားဆီမှာ ဖျောက်ဖျက်မရတဲ့ အမှတ်အသား ကျန်ရစ်နေခဲ့ပြီ။ တတိယဂိုဏ်းတူအစ်ကို.. အပြာရောင်နဂါးဂိုဏ်းထဲမှာ ညလင်းလိပ်ပြာတွေ ရှိလား။ ဒီသတ္တဝါက မိစ္ဆာတံတွေးအမွှေးတိုင်ကို အာရုံခံစားနိုင်ဆုံးပဲ။ အဝေးကြီးကနေတောင် အနံ့ခံပြီး ပျံသန်းလာနိုင်တယ်။”

တတိယဂိုဏ်းတူအစ်ကိုက နေရခ​က်စွာဖြင့် တုံ့ပြန်သည်။

“ရှိတယ်။ ငါ အခုပဲ သွားယူလိုက်မယ်။”

တုပိုင် ပြောလိုက်၏။ “အပြင်ထွက်ပြီး စမ်းသပ်ကြည့်ကြတာပေါ့”

ထို့နောက် လူအုပ်ကြီးသည် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ဤအချိန်တွင် ဂိုဏ်းတူအစ်ကိုကြီး ယင်းရှောင်ထန်၏ မျက်နှာမှာ ခန့်မှန်းရခက်သော အခြေအနေသို့ ရောက်နေပြီး သူ့ပုံစံ ပျက်ယွင်းနေသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။

သူသည် တံခါးပေါက်မှ အပြင်သို့ ပထမဆုံး ပြေးထွက်သွားပြီး အပြင်ရောက်သည်နှင့် လျှပ်စီးလက်သကဲ့သို့ ထွက်ပြေးတော့သည်။

သူ့အဖြစ်မှန် မပေါ်ပေါက်ခင်ကတည်းက ပြစ်ဒဏ်မှ လွတ်ကင်းအောင် ထွက်ပြေးရန် ကြိုးစားခြင်း ဖြစ်သည်။

ကျီပြောင်ပြောင် ဟိန်းဟောက်လိုက်သည်။

“ရှင် ဘယ်သွားမလို့လဲ။”

သူမ၏ ကျော့ရှင်းသော ကိုယ်ခန္ဓာက ရိပ်ခနဲ လှုပ်ရှားသွားပြီး ယင်းရှောင်ထန်၏ နောက်ကျောသို့ ချက်ချင်း ရောက်ရှိသွားကာ ပြင်းထန်သော လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ယင်းရှောင်ထန် အလွန်တုန်လှုပ်သွားပြီး လက်ဝါးချင်း ပြန်လည် တိုက်ခိုက်လိုက်သည်။

“ဘုန်းးးး”

ချက်ချင်းပင် ယင်းရှောင်ထန်၏ ခန္ဓာကိုယ်သည် သွေးများ အန်ထွက်လျက် နောက်သို့ လွင့်စင်သွားလေ၏။

“အားးး”

ဂိုဏ်းတူအစ်ကိုကြီး ဖြစ်သော်လည်း သူ၏ သိုင်းပညာမှာ ကျီပြောင်ပြောင်ထက် များစွာ နိမ့်ကျနေသည်မှာ အမှန်ပင်။ အပြာရောင်နဂါးဂိုဏ်း၏ အထွေထွေကိစ္စရပ်များကိုသာ တာဝန်ယူရခြင်းမှာ မဆန်းပေ။ ကျီပြောင်ပြောင်သည် ယင်းရှောင်ထန်၏ ရင်ဘတ်ကို ပြင်းထန်စွာ နင်းချလိုက်ပြီး သူမ၏ တိုက်ပွဲဝင်ဓားကို လည်ပင်းပေါ် တင်ကာ အေးစက်စွာ မေးလိုက်သည်။

“ကျွန်မအဖေက ရှင့်အပေါ် မိုးကောင်းကင်လောက် ကြီးမားတဲ့ ကျေးဇူးတရားတွေ ထားခဲ့တာ။ အပြာရောင်နဂါးဂိုဏ်းရဲ့ အတွင်းရေးကိစ္စ အားလုံးကိုတောင် ရှင့်ကို လွှဲအပ်ပေးထားပြီး ယုံကြည်စိတ်ချရတဲ့ လက်ရုံးတစ်ဆူအဖြစ် သတ်မှတ်ထားခဲ့တာလေ။ ရှင်က ဘာလို့ သူ့ကို လုပ်ကြံရတာလဲ။ ရှင် ဘာလို့ သစ္စာဖောက်ရတာလဲ။”

ယင်းရှောင်ထန်သည် ဝမ်းနည်းပက်လက် ရယ်မောလိုက်ပြီး ပြောသည်။

“အနိုင်ရသူက ဘုရင် ၊ ရှုံးနိမ့်သူက သူပုန်ပဲ။ ငါရှုံးသွားပြီဆိုတော့ ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ငါပြောနိုင်တာကတော့ ငါဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး ဆိုတာပါပဲ။ ငါက ဘယ်လိုလုပ် သစ္စာဖောက်ရမှာလဲ.. ဟားဟားဟား။”

ထိုစကားကို ကြားသောအခါ ကျီပြောင်ပြောင် ကြောင်အသွားသည်။ တုပိုင် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“ခင်ဗျားက... ပေမင်ဓားဂိုဏ်းရဲ့ သူလျှိုပဲ။”

ယင်းရှောင်ထန်က မဲ့ပြုံးပြုံးကာ တုပိုင်ကို စိုက်ကြည့်ရင်း ပြောသည်။

“ကုန်းကုန်းခွေးကောင်... အရင်တုန်းက မင်း သိပ်မထူးချွန်သေးတုန်းကတော့ ကိစ္စမရှိခဲ့ပေမဲ့ အခု မင်းက ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသလိုက်ပြီဆိုတော့ ငါတို့ ပေမင်ဓားဂိုဏ်းက မင်းကို မကြာခင် ပစ်မှတ်ထားတော့မှာ။ မင်း မကြာခင် သွားရတော့မယ်။”

ကျီပြောင်ပြောင် ဒေါသတကြီး အော်ပြောလိုက်သည်။

“သေခါနီးနေတာတောင် ပေါက်ကရတွေ ပြောရဲသေးတယ်ပေါ့။ ရှင် သေချင်နေတာပဲ။”

ယင်းရှောင်ထန်က ပြောလိုက်သည်။

“တုပိုင်.. မင်း တော်တော်စွမ်းတာပဲ။ မင်း ငါ့ကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ့ကို ရှင်းထုတ်လိုက်ရုံနဲ့ အပြာရောင်နဂါးဂိုဏ်း တည်ငြိမ်သွားမယ်လို့ မင်းထင်နေတာလား။ ဟားဟားဟား.. အိမ်မက်သာ မက်နေလိုက်။ မိစ္ဆာတံတွေးအမွှေးတိုင်နဲ့ ဂျင်ဆင်းနဂါးစွပ်ပြုတ် ပေါင်းစပ်ထားတဲ့ ပြင်းထန်တဲ့အဆိပ်က ဘယ်လိုမှ ကုစားလို့ မရဘူး။ သူခိုးအိုကြီး ကျီချင်းကျူ သေဖို့ ကံပါလာပြီးသား ၊ သေကိုသေရမှာ.. ဟားဟားဟား။”

တုပိုင် ရုတ်တရက် အော်ပြောလိုက်သည်။

“သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်။ အဆိပ်က သူ့သွားကြားထဲမှာ ရှိတယ်။”

ဒုတိယဂိုဏ်းတူအစ်ကို ရှဲ့ဝူတောက်သည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး သူ့မေးရိုးကို အမြန် ဖြုတ်ချလိုက်သည်။ သို့သော် ယင်းရှောင်ထန်သည် ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ဝမ်းဗိုက်ကို အမြင့်ဆုံး ဖောင်းကားလာအောင် လုပ်ကာ ချက်ချင်း ပြန်ချုံ့ပစ်လိုက်သည်။

ရုတ်တရက်ဆိုသလို တခြားနေရာတွင် ဝှက်ထားသော အဆိပ်အိတ် ပေါက်ကွဲထွက်သွားလေသည်။ သူသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ချက်ချင်းပင် သေဆုံးသွားသည်။

သူ သစ္စာမဖောက်ခဲ့ဘူးဟု ပြောခဲ့သည်မှာ မဆန်းပေ။ ပေမင်ဓားဂိုဏ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူလျှိုတစ်ယောက်က အပြာရောင်နဂါးဂိုဏ်း၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်အထိ စိမ့်ဝင်နေခဲ့သည်။ ထို့နောက် သူက သစ္စာဖောက်မည့် အရိပ်အယောင် လုံးဝမပြခဲ့ဘဲ အဖမ်းခံရသည့်အခါတွင်လည်း တိုက်ရိုက် အဆုံးစီရင်သွားခဲ့သည်။

လူတိုင်းသည် မုန်းတီးမှုကို ခံစားရသော်လည်း ပေမင်ဓားဂိုဏ်းအပေါ် ကြောက်ရွံ့ထိတ်လန့်မှုကိုလည်း ခံစားလိုက်ရသည်။ ဤအချိန်တွင် ဒုတိယ ၊ တတိယ ၊ စတုတ္ထနှင့် ပဉ္စမ ဂိုဏ်းတူအစ်ကိုများသည် ကျီပြောင်ပြောင်အား ဦးညွှတ်လိုက်ကြပြီး ပြောလိုက်သည်။

“ဂိုဏ်းတူညီမလေး.. ငါတို့ကို ခွင့်လွှတ်ပါ။ ငါတို့ မျက်ကန်းတွေ ဖြစ်ခဲ့လို့ သစ္စာဖောက်ရဲ့ အကွက်ထဲ ဝင်မိပြီး ညီမလေးကိုတောင် ဖမ်းချုပ်ခဲ့မိတယ်။ ငါတို့က တကယ်ကို ကုစားမရအောင် မိုက်မဲလွန်းပါတယ်။”

ကျီပြောင်ပြောင်သည် ခေါင်းခါလိုက်ပြီး ဘာမှ မပြောပေ။ သူမအနေဖြင့် ကိစ္စမရှိပါဘူးဟု သဘောထားကြီးစွာ မပြောနိုင်သော်လည်း သူတို့ကို အပြစ်တင်မည် မဟုတ်ပေ။ အခြေအနေအရ ကြည့်လျှင် မည်သူမဆို သူမ ကျီပြောင်ပြောင်က အဆိပ်ခတ်သည်ဟု ထင်မြင်နိုင်စရာ ရှိပြီး ၊ သူမကလည်း အစောပိုင်းတွင် ကျီချင်းကျူနှင့် ပြင်းထန်စွာ စကားများရန်ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။

ထို့နောက် ရှောင်မူကျစ် အပါအဝင် ကျီချင်းကျူ၏ တပည့်လေးဦးစလုံးသည် သခင်လေးတုပိုင်အား ဦးညွှတ်လိုက်ကြပြီး တောင်းပန်လိုက်ကြသည်။

“ကျေးဇူးပြုပြီး သခင်လေးတု.. အတိတ်က အထင်လွဲမှုတွေကို ဘေးဖယ်ထားပြီး ကျွန်တော်တို့ရဲ့ ဆရာသခင် (မွေးစားအဖေ) ကို ကယ်တင်ပေးပါ။”

ကျီပြောင်ပြောင် ရောက်လာပြီး မေးလိုက်သည်။

“တုပိုင်.. အဖေက ဒီလိုဖြစ်နေတာ ၊ ကုလို့ ရပါ့မလား။ ခုနက သစ္စာဖောက် ယင်းရှောင်ထန်က ကုလို့မရဘူးလို့ ပြောသွားတယ်။”

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကုလို့ ရပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဂိုဏ်းတူအစ်ကို လေးဦးစလုံး သက်ပြင်းချနိုင်သွားကြသည်။ သူတို့လေးဦးစလုံး ဒူးထောက်ချလိုက်ပြီး ကတိပြုလိုက်ကြသည်။

“တကယ်လို့ သခင်လေးတုသာ ဆရာသခင်ကို ကယ်တင်ပေးမယ်ဆိုရင် နောင်တစ်ချိန် ခိုင်းစေသမျှ တာဝန်တွေကို ရေမြေဆုံးတိုင် ထမ်းဆောင်ပါ့မယ်။”

တုပိုင်သည် ပြန်လည် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကိုတို့.. ကျေးဇူးပြုပြီး ထကြပါ။ ပြောင်ပြောင်အတွက်မဟုတ်ရက်တောင် ၊ ကျွန်တော် ဒီတာဝန်ကနေ ခေါင်းရှောင်မာ မဟုတ်ပါဘူး။”

အပိုင်း ၃၅၄ ပြီး။

All Chapters